Switch Mode

Chapter – 421

အခန်း (၄၂၁) ဖန်းလျန်အား ပြန်ခေါ်ခြင်း
အမှောင်သခင်ကြီးရဲ့ ကျိန်စာတိုက်မှုကို ရင်ဆိုင်ရတဲ့ တကျို့တျန်ဟာ ကျောက်စိမ်းဧကရာဇ်လိုမျိုး အလန့်တကြား မဖြစ်ဘဲ အစိမ်းရောင် ကြာပလ္လင်ကို ထုတ်ယူလိုက်ပါတယ်။
ကောင်းကင်ဧကရာဇ်ကတော့ တကျို့တျန်ဘေးမှာ တရားထိုင်ပြီး ကျင့်ကြံအားထုတ်နေပါတယ်။ ကောင်းကင်ဧကရာဇ်ရဲ့ ခန္ဓာကိုယ် ပတ်လည်မှာ အနက်ရောင် ထူးဆန်းတဲ့ အငွေ့အသက်တွေက မိစ္ဆာစိတ်ဝိညာဉ်သဖွယ် လွှမ်းမိုးနေတဲ့အတွက် ကျောချမ်းဖို့ ကောင်းလှပါတယ်။
ငါးရက်ကြာတဲ့အခါမှာတော့ ကျိန်စာစွမ်းအားက တိုးလာတဲ့အတွက် တကျို့တျန်ဟာ မျက်မှောင်ကြုတ်သွားပါတယ် ‘ကျိန်စာစွမ်းအားက ဘာဖြစ်လို့ ငါးရက်ကြာမှ တိုးလာတာလဲ’
တကျို့တျန်ဟာ ကျောက်စိမ်းဧကရာဇ် ကျိုးရန်ကို ကူညီပြီး ကျိန်စာစွမ်းအားကို ခုခံတာမို့ အမှောင်သခင်ကြီးရဲ့ ကျိန်စာစွမ်းအားနဲ့ ရင်းနှီးနေပါပြီ။ တကျို့တျန်ဟာ ခေါင်းထဲမှာ စဉ်းစားရင်း ကျိန်စာကို ခုခံပါတယ်။
ကျင့်ကြံခြင်းလိုဏ်ဂူထဲက ဟန်ကျွယ်ကတော့ ကိုယ်ရေးအကျဉ်းကို စိုက်ကြည့်ပြီး ကျိန်စာတိုက်ပါတယ်။
၁၁၀ ဘီလီယံ။
၁၅၀ ဘီလီယံ။
၂၀၀ ဘီလီယံ။
၂၅၀ ဘီလီယံ။
တကျို့တျန်ဟာ ဟန်ကျွယ်အပေါ်မှာ ဘာခံစားချက်မရှိတဲ့အတွက် ဟန်ကျွယ်ဟာ တကျို့တျန်ရဲ့ အခြေအနေကို မသိနိုင်ပါဘူး။ ဒါပေမဲ့လည်း ဟန်ကျွယ်ဟာ ဂရုမစိုက်ဘဲ ကျိန်စာဆက်တိုက်ပါတယ်။ သက်တမ်း ၃၀၀ ဘီလီယံ လျော့ကျသွားမှပဲ ဟန်ကျွယ်ဟာ ကျိန်စာတိုက်တာ ရပ်လိုက်ပါတယ်။
ဟန်ကျွယ်ဟာ သက်တမ်း ၆၀၀ ဘီလီယံ သုံးပြီး ကျိန်စာတိုက်လိုက်ပေမဲ့ ဘာမှမဖြစ်ပါဘူး။ ဒါပေမဲ့ ဟန်ကျွယ်စိတ်ထဲမှာတော့ အတော်လေး ကြောက်လန့်သွားပြီး အပြစ်ရှိသလို ခံစားလိုက်ရပါတယ်။ တိတိကျကျပြောရရင် ဒီလိုသက်တမ်း အများကြီးသုံးပြီး ကျိန်စာတိုက်တာက ဟန်ကျွယ်ရဲ့ တာအိုနှလုံးသားနဲ့ ဆန့်ကျင်နေပါတယ်။ ဒါပေမဲ့ ကောင်းကင်ဧကရာဇ် ဒုက္ခရောက်နေတာ ဖြစ်တဲ့အတွက် ဟန်ကျွယ်မှာ ‌ရွေးချယ်စရာ မရှိပါဘူး။
‘ဒီကောင် ဘယ်လိုများနေမလဲ မသိဘူး’
ဟန်ကျွယ်ဟာ တကျို့တျန်ရဲ့ အခြေအနေကို အရမ်းသိချင်နေပေမဲ့ မတွက်ချက်တော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ တကျို့တျန်က တာအိုပညာရှိအတု ဖြစ်တဲ့အတွက် တကျို့တျန်ကို တွက်ချက်ဖို့က သက်တမ်းအများကြီး ထပ်ကုန်မှာမို့လို့ပါပဲ။
ဟန်ကျွယ်ဟာ ခံစားချက်တွေကို ငြိမ်သက်စေပြီး ဆက်လက်ကျင့်ကြံ အားထုတ်ပါတယ်။
…..
တကျို့တျန်ဟာ ခန်းမထဲမှာ တရားထိုင်ပြီး ဒဏ်ရာတွေကို ကုသနေပါတယ်။ သူ့မျက်နှာကလည်း ဒေါသထွက်လာလိုက် ရူးသွပ်သွားလိုက် ကြောက်ရွံ့လာလိုက် မုန်းတီးသွားလိုက်နဲ့ ပုံစံမျိုးစုံ ဖြစ်နေပါတယ်။
ကောင်းကင်ဧကရာဇ်ဟာ ဘေးမှာရပ်ပြီး တကျို့တျန်ကို စိုက်ကြည့်နေပါတယ်။
အတန်ကြာတဲ့အခါမှာတော့ တကျို့တျန်ဟာ မျက်လုံးဖွင့်လိုက်ပါတယ်။ တကျို့တျန်ဟာ အလွန်တရာ ဆိုးရွားလှတဲ့ မျက်နှာနဲ့ ရေရွတ်လိုက်ပါတယ် “ခွီးတဲ့မှပဲ၊ ဒီကောင်ရဲ့ ကျိန်စာစွမ်းအားက ဘယ်လိုလုပ်ပြီး ဒီလောက်တောင် ကြောက်ဖို့ကောင်းရတာလဲ၊ ဒီကောင်က အသက်ဘယ်လောက်တောင် စတေးပြီး ကျိန်စာတိုက်နေတာလဲ”
တကျို့တျန်ဟာ အမှောင်သခင်ကြီးက သက်ရှိတွေကို စတေးပြီး ရန်သူကို ကျိန်စာတိုက်တာလို့ ယုံကြည်ထားပါတယ်။ ကိုယ့်သက်တမ်းကိုသုံးပြီး ကျိန်စာတိုက်တာက အပြင်းဆုံးဆိုပေမဲ့ ဘယ်သူမှ ကိုယ့်သက်တမ်းကိုသုံးပြီး ရန်သူကို ကျိန်စာတိုက်မှာ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ စွမ်းအားကြီးပါတယ်ဆိုတဲ့ ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ်တွေတောင် သူတို့သက်တမ်းက အကန့်အသတ် ရှိလို့ပါပဲ။
ဒါ့အပြင် ကိုယ့်သက်တမ်းကိုသုံးပြီး ကျိန်စာတိုက်မယ်ဆိုရင် ကျိန်းသေပေါက် ကံတရားချင်း ဆက်စပ်ကုန်မှာပါ။ ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ်တွေအတွက် ဒီလိုကံတရားချင်း အများကြီး ဆက်စပ်တာက အကြီးမားဆုံး မလုပ်ရမဲ့အရာပါ။ တာအိုပညာရှိအတုဆိုရင်တောင် ဒီနိယာမကနေ မလွတ်မြောက်နိုင်ပါဘူး။ ဟန်ကျွယ်ကတော့ ခြွင်းချက်ပေါ့။
တကျို့တျန်ဟာ တွေးလေလေ အမှောင်သခင်ကြီးက တကယ့်အန္တရာယ်လို့ ခံစားရလေလေပါပဲ။
‘မဖြစ်ဘူး… ငါ အမှောင်သခင်ကြီးကို ဆက်အင်အားကြီးလာခွင့်ပြုလို့ မဖြစ်ဘူး၊ ဒီကိစ္စကို တာအိုပညာရှိတွေဆီ သတင်းပို့ရမယ်’
တကျို့တျန် အတွေးများနေတုန်းမှာပဲ အတွင်းနတ်ဆိုးကို စသောင်းကျန်းပါတယ်။ တကျို့တျန်လည်း မျက်လုံးပြူးသွားပြီး ဓမ္မစွမ်းအားကို အသားကုန်ထုတ်ကာ အတွင်းနတ်ဆိုးကို ဖိနှိပ်ပါတယ်။ ဒါပေမဲ့ အတွင်းနတ်ဆိုးက အားကောင်းလွန်းတဲ့အတွက် တကျို့တျန်ရဲ့ ဓမ္မစွမ်းအားဟာ ထိန်းမရသိမ်းမရဖြစ်ပြီး တာအိုသီးကို ထိခိုက်မိတဲ့အတွက် ကျင့်ကြံမှုနည်းနည်း လျော့ကျသွားပါတယ်။
‘ခွေးမသား အမှောင်သခင်ကြီး… ငါ မင်းကို လက်စားမချေရရင် တာအိုပညာရှိအတု မဟုတ်တော့ဘူး’
ရုတ်တရက်ဆိုသလိုပဲ ဘေးမှာရပ်နေတဲ့ ကောင်းကင်ဧကရာဇ်က တကျို့တျန်ကို လျှပ်တပြက် တိုက်ခိုက်လိုက်ပါတယ်။ ကောင်းကင်ဧကရာဇ်ရဲ့ လက်ဝါးချက်ကြောင့် တကျို့တျန်ဟာ အနက်ရောင်ချီတွေ ဝန်းရံတာကို ခံလိုက်ရပါတယ်။
တကျို့တျန်ဟာ ကောင်းကင်ဧကရာဇ်ကို လှည့်ကြည့်ပြီး ယမ်းပုံမီးကျ ဖြစ်သွားပါတယ် “မင်းကများ…”
ကောင်းကင်ဧကရာဇ်က ထပ်မံတိုက်ခိုက်လိုက်တဲ့အတွက် မရေမတွက်နိုင်တဲ့ အနက်ရောင်ချီတွေဟာ တကျို့တျန်ရဲ့ ခန္ဓာကိုယ်ကို အပိုင်းပိုင်းဖြတ်ပစ်လိုက်ပါတယ်။
“ဟင်း… မိစ္ဆာကောင်ကများ ပုန်ကန်ချင်နေတယ်၊ ကိုယ့်ကိုကိုယ် အထင်ကြီးနေတာပဲ” တကျို့တျန်ရဲ့ အသံဟာ ဒေါသတွေ အပြည့်ပါပဲ။
ဆယ်နှစ်ကြာပြီးနောက်….
သေမျိုးတွေအတွက် အချိန်ဆယ်နှစ်က တော်တော်များများ ပြောင်းလဲဖို့ လုံလောက်ပေမဲ့ ဟန်ကျွယ်အတွက်တော့ မနေ့ကလိုပါပဲ။ ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို ထုတ်ယူပြီး ကျောက်စိမ်းဧကရာဇ်ကို ကျိန်စာတိုက်ရင်း စာစောင်တွေကို စစ်ဆေးလိုက်ပါတယ်။
ကောင်းကင်ရုံးတော်နဲ့ လူသားမျိုးနွယ်စုက အကြီးအကျယ် တိုက်ခိုက်နေကြပြီဖြစ်တဲ့အတွက် စာစောင်အများစုက တိုက်ခိုက်တာ မဟုတ်ရင် ဒဏ်ရာရတဲ့ အကြောင်းတွေချည်းပါပဲ။
တော်တော်လေးကို ကြေကွဲဝမ်းနည်းဖို့ကောင်းတာပါ။
လူသားတွေဟာ ခြေတစ်လှမ်းတောင် နောက်မဆုတ်ပါဘူး။ နိုင်ရင်နိုင် မနိုင်ရင် တစ်တပ်လုံး ပြုတ်ပါတယ်။ ဒါပေမဲ့ ဘယ်လောက်ပဲ ဆုံးရှုံးပါစေ ဆက်တိုက်ပါတယ်။
ဟန်ကျွယ်ဟာ ရှင်းဟုန်ရွှမ် ပြန်လာတာကို စောင့်နေပါတယ်။ ဟင်းလင်းပြင်ကို ‌ရောက်တာနဲ့ ရှင်းဟုန်ရွှမ်ဟာ ဖိတ်ခေါ်ပညာရပ်ကို အသုံးပြုပြီး ဟန်ကျွယ်ကို ဆင့်ခေါ်နိုင်မှာပါ။ ဟန်ကျွယ်ဟာ ရှင်းဟုန်ရွှမ်အတွက် စိုးရိမ်ပေမဲ့ စိတ်ရှည်လက်ရှည် စောင့်ဆိုင်းပါတယ်။
ဒီအတောအတွင်း ရှင်းဟုန်ရွှမ်ဟာ ဒုက္ခရောက်တဲ့ စာစောင်တွေကို မမြင်ရတဲ့အပြင် ရှင်းဟုန်ရွှမ်ရဲ့ ပုံရိပ်ကလည်း ရှိနေသေးတာကြောင့် ထွက်လာဖို့ အခွင့်အရေးကို စောင့်ဆိုင်းနေတာ ဖြစ်ပါလိမ့်မယ်။
ဟန်ကျွယ်ဟာ စာစောင်တွေကို ဖတ်ပြီး ကပ်ဘေးထဲ မဝင်ဖို့ ပိုသေချာသွားပါတယ်။ အခုအချိန်ကစပြီး ဘယ်သူကလာရှာရှာ ဟန်ကျွယ်ဟာ အပြင်ထွက်မှာ မဟုတ်ပါဘူး။ အနန္တကပ်ဘေးမှာ အရေးကြီးဆုံးက ရှင်ကျန်ရစ်ခဲ့ဖို့ပါ။
ဆယ်ရက်ကြာလို့ ကျိန်စာတိုက်ပြီးတဲ့အခါ ဟန်ကျွယ်ဟာ အိပ်မက်ကနေတစ်ဆင့် ဖန်းလျန်ဆီ သွားလည်ပါတယ်။ အိပ်မက်ထဲ မဝင်ခင် ဟန်ကျွယ်ဟာ ပထမဆုံး တွက်ချက်လိုက်ပါတယ် “ငါ့အိပ်မက်က တခြားသူတွေ အာရုံစိုက်တာကို ခံရမှာလား”
[သက်တမ်း သန်း ၁၀၀ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
[လောလောဆယ် အာရုံစိုက်မခံရပါ။]
ဟန်ကျွယ်ဟာ သက်ပြင်းရှည်ကြီး ချလိုက်ပြီး အမှောင်ထုရဲ့ အိပ်မက်ဆိုးကို အသုံးပြုကာ ဖန်းလျန်ကို အိပ်မက်ထဲ ဆွဲထည့်လိုက်ပါတယ်။
ဟန်ကျွယ်နဲ့ ဖန်းလျန်ဟာ စိတ်ဝိညာဉ်နန်းတော်ဆီ ရောက်လာပါတယ်။ စိတ်ဝိညာဉ်နန်းတော်ဟာ ဟန်ကျွယ် မြင်ခဲ့တဲ့အတိုင်း ပျက်ဆီးယိုယွင်းပြီး တိတ်ဆိတ်ခြင်း ကြီးစိုးနေပါတယ်။
ဖန်းလျန်ဟာ ဟန်ကျွယ်ကို မြင်လိုက်ရတဲ့အခါမှာ ကြက်သေသေသွားပါတယ်။ တစ်ခဏကြာမှ သတိဝင်လာပြီး ဖန်းလျန်ဟာ ချက်ချင်း ခါးညွှတ်လိုက်ပါတယ် “ဆရာဘိုးဘိုးကို ဂါရဝပြုပါတယ်”
ကောင်းကင်ဧကရာဇ် ဖြစ်သွားပေမဲ့ ဖန်းလျန်ဟာ ဟန်ကျွယ်ရဲ့ ကျေးဇူးကို မမေ့ပါဘူး။
ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် “နေရထိုင်ရ အဆင်ပြေလား၊ ကောင်းကင်ဧကရာဇ်လုပ်ရတာ ဘယ်လိုနေလဲ”
ဖန်းလျန်ဟာ မချိပြုံး ပြုံးလိုက်ပါတယ် “ကျွန်တော်တို့က နယ်ရုပ်နဲ့ ရုပ်သေးရုပ်သာသာပါ”
ဟန်ကျွယ်ရှေ့မှာ ဖန်းလျန်ဟာ သန်မာချင်ယောင် မဆောင်ဘဲ ကောင်းကင်ရုံးတော်ရဲ့ အတွင်းပြဿနာ အပြင်ပြဿနာ ပြဿနာပေါင်း သောင်းခြောက်ထောင်ကို စပြောပါတော့တယ်။
ကောင်းကင်ရုံးတော်က အပြင်ပန်းကနေ ကြည့်ရင် စွမ်းအားကြီးပုံ ပေါ်ပေမဲ့ အင်အားစုတွေ ပိုပိုဝင်လာလေ အတွင်းပိုင်းမှာ ပိုပြီးတော့ ပြဿနာတက်လာလေလေပါပဲ။ ဒါ့အပြင် ဖန်းလျန်ရဲ့ ကျင့်ကြံမှုက လုံလောက်မှုမရှိတဲ့အတွက် ရည်မှန်းချက်ကြီးမားတဲ့လူတွေကို မဖိနှိပ်နိုင်ပါဘူး။ ဒါကြောင့် နတ်ဘုရားခန်းမမှာ ကိစ္စတစ်ခုဆွေးနွေးတိုင်း ရန်မဖြစ်တဲ့အကြိမ်ရယ်လို့ တစ်ခါမှ မရှိပါဘူး။ လီတောက်ခုံးကြောင့်သာ မဟုတ်ရင် အချင်းချင်းတိုက်ခိုက်ကြမှာ ကျိန်းသေပါတယ်။ ဒါကြောင့် ဖန်းလျန်အမြင်မှာ ကောင်းကင်ရုံးတော် တည်‌ဆောက်ထားတဲ့ မဟာမိတ်က အလွန်တရာမှ အားနည်းလှပြီး အချိန်မရွေး ပြိုလဲနိုင်ပါတယ်။
ဖန်းလျန်ရဲ့ စကားဆုံးတဲ့အခါ ဟန်ကျွယ်က မေးလိုက်ပါတယ် “မင်း ပြန်လာချင်လား”
ဖန်းလျန်ဟာ မဲ့ပြုံးပြုံးလိုက်ပါတယ် “ကျွန်တော်လည်း ပြန်လာချင်ပါတယ်၊ ဒါပေမဲ့ ကျွန်တော့်မှာ ရွေးချယ်စရာ မရှိဘူး၊ ကျွန်တော် ကောင်းကင်ဧကရာဇ်ရာထူးကို စွန့်လွှတ်လိုက်တဲ့အချိန်က ကျွန်တော်သေမဲ့အချိန်ပဲ”
ဟန်ကျွယ်ဟာ တိတ်ဆိတ်သွားပါတယ်။
ဖန်းလျန်က ဟန်ကျွယ်ကို လိမ်ပြောနေတာ မဟုတ်ပါဘူး။ အနန္တကပ်ဘေးဟာ တာအိုပညာရှိတွေရဲ့ ကစားပွဲပါ။ ဒါကြောင့် ဘယ်နည်းနဲ့မှ ကစားပွဲပျက်ဆီးတာကို တာအိုပညာရှိတွေက ထိုင်ကြည့်နေမှာ မဟုတ်ပါဘူး။ တာအိုပညာရှိတွေအပြင် ကောင်းကင်ရုံးတော်ရဲ့ ရန်သူတွေကလည်း ဖန်းလျန်ကို ပစ်မှတ်ထားမှာ ကျိန်းသေပါတယ်။
ကောင်းကင်ဧကရာဇ် ဖြစ်လာပြီးနောက်ပိုင်း ဖန်းလျန်ဟာ လူအများကြီးကို ရန်စခဲ့ပါတယ်။ ရှင်းအောင်ပြောရရင် ဒီအတောအတွင်း ကောင်းကင်ရုံးတော် အပြစ်ပြုထားတဲ့ ရန်သူအကုန်လုံးက ဖန်းလျန်ရဲ့ ရန်သူတွေပါ။
“ဒါဆိုလည်း ကိုယ့်ကိုကိုယ် ဂရုစိုက်၊ အနန္တကပ်ဘေးကို ရှောင်ရှားဖို့အတွက် ငါ တိတ်ဆိတ်ဂိုဏ်းကို အပြင်လောကနဲ့ အဆက်အသွယ် ဖြတ်တော့မယ်”
ဖန်းလျန်ဟာ ဟန်ကျွယ်စကားကို အံအားသင့်ခြင်းမရှိဘဲ အပြုံးနဲ့ မေးလိုက်ပါတယ် “ဆရာဘိုးဘိုး… ကျင့်ကြံတာ ဘယ်ထိရောက်ပြီလဲ၊ ဆရာဘိုးဘိုးရဲ့ အရည်အချင်းနဲ့ဆိုရင် အနည်းဆုံး နတ်မင်းအဆင့်ကို ရောက်နေပြီမလား”
“ဟုတ်တယ်၊ ငါ မူလဆန်းကြယ် နတ်စွမ်းအားတစ်ပါးမှာ”
ဖန်းလျန်က ချီကျူးလိုက်ပါတယ် “ဆရာဘိုးဘိုးရဲ့ အရည်အချင်းက တကယ့်ကို အံမခန်းပါပဲ၊ လောကဦးခေတ်မှာတောင် ပါရမီရှင်လိုခေါ်ထိုက်တယ်၊ ဆရာဘိုးဘိုးက တာအိုဘိုးဘေးနဲ့ ယှဉ်နိုင်တဲ့သူပဲ’
ဟန်ကျွယ်ဟာ ပြုံးရုံသာပြုံးပြီး ဘာမှမပြောပါဘူး။ တခြားလူက ဒီစကား ပြောလာရင် ဟန်ကျွယ်ယုံမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဖန်းလျန်ဆိုရင်တော့ ဟန်ကျွယ်ယုံပါတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။

Comment

Leave a Reply

Options

not work with dark mode
Reset