Switch Mode

Chapter – 418

အခန်း (၄၁၈) တိတ်ဆိတ်ဂိုဏ်း၏ အင်အား၊ ပန်ကူး
နဂါးရုံးတော် ကောင်းကင်ရုံးတော်ထဲ ဝင်ရောက်ပြီးနောက် ကောင်းကင်ရုံးတော်ဟာ အင်မော်တယ်ကမ္ဘာရဲ့ နံပါတ်တစ် အင်အားစု ဖြစ်လာပါတယ်။
ကောင်းကင်ရုံးတော်ဟာ အမှောင်ဂိုဏ်း၊ အသူရား မျိုးနွယ်စု၊ နဂါးရုံးတော်၊ ရွမ်လိန့်ကျောင်းတော်၊ ချန်ကျောင်းတော်နဲ့ တခြားအင်အားစုတွေကို စုစည်းထားတဲ့အတွက် ကောင်းကင်ရုံးတော်ရဲ့ သမိုင်းမှာ ရွှေခေတ်လို့ ပြောလို့ရပါတယ်။ အခုအချိန်မှာ ကောင်းကင်ရုံးတော်ဟာ အင်မော်တယ်ကမ္ဘာကို တိုက်ခိုက်လွှမ်းမိုးခဲ့တဲ့ နတ်ဆိုးရုံးတော်ထက်တောင် အင်အားကြီးနေပါသေးတယ်။
ဟန်ကျွယ်ဟာ တာအိုပညာရှိတွေရဲ့ အင်အားကို ကြည့်ပြီး စိတ်ထဲမှာ လန့်သွားပါတယ်။ ဒါပေမဲ့ ဟန်ကျွယ် စိတ်ထဲမှာ ကောင်းကင်ရုံးတော်က အင်အားကြီးလေလေ ရှုံးနိမ့်ဖို့ ရာခိုင်နှုန်းများလေလေလို့ ခံစားနေရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အနန္တကပ်ဘေးရဲ့ စစ်ပွဲတွေက ဘယ်တော့မှ တစ်ဖက်သတ်အနိုင်မရလို့ပါပဲ။ နှစ်ဖက်စလုံး ပြင်းပြင်းထန်ထန် ထိခိုက်ရင်ထိခိုက် မဟုတ်ရင် အင်အားနည်းတဲ့သူက အင်အားကြီးတဲ့သူကို အနိုင်ယူသွားတာပါ။
ကောင်းကင်တာအို လိုချင်တာကလည်း သက်ရှိနည်းနည်းပဲ ရှင်သန်စေချင်တာ မဟုတ်ပါလား။
‘ငါက ဒီအနန္တကပ်ဘေးမှာ ပွဲကြည့်ပရိသတ်ပဲ’
အရင်ကောင်းကင်ဧကရာဇ်က ပျောက်ဆုံးနေပြီး အခု ကောင်းကင်ရုံးတော်ကလည်း အင်အားကြီးမားနေပြီဖြစ်တဲ့အတွက် ဟန်ကျွယ်ဟာ သူ့အကြွေးကျေပြီလို့ ယူဆလိုက်ပါတယ်။ မှန်ပါတယ်။ ဟန်ကျွယ်ရဲ့ ကူညီမှုကြောင့်သာ မဟုတ်ရင် ကောင်းကင်ရုံးတော် ပြိုကွဲသွားတာ ကြာပါပြီ။
ဟန်ကျွယ်ဟာ နောက်ထပ် ရည်မှန်းချက်တစ်ခု ချလိုက်ပါတယ်။ အဲဒါကတော့ ကျောက်စိမ်းဧကရာဇ် ကျိုးရန့်ကို ကျိန်စာတိုက်ပြီး ကောင်းကင်ဧကရာဇ်ဟောင်းကို ကယ်တင်ဖို့ပါ။
ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို ထုတ်ယူပြီး ကျောက်စိမ်းဧကရာဇ် ကျိုးရန်ကို ကျိန်စာတိုက်ပါတယ်။
ကျိန်စာတိုက်လို့ လေးငါးဆယ်ရက် အကြာမှာတော့ ဟန်ကျွယ်ဟာ ဆက်ပြီးတော့ ကျင့်ကြံ အားထုတ်ပါတယ်။
ကောင်းကင်ဘဝဂ် အဆင့်က ကျင့်ကြံဖို့ တော်တော်လေးခက်တာပါ။ ခက်တာမှ မိုးပေါ် လှေကား ထောင်တက်နေရသလိုပါပဲ။ ဟန်ကျွယ်ရဲ ကောင်းကင်ဘဝဂ် တာအိုသီးဟာ တွင်းနက်ကြီးလိုပါပဲ။ ကမ္ဘာဖျက်ကြာက်နက်ထဲက အကုသိုလ်ကံတွေကို ဘယ်လောက်ပဲ စုပ်ယူပြီး ဖြည့်ဖြည့် မပြည့်နိုင်သေးပါဘူး။
ဒီအခြေအနေကြောင့် ဟန်ကျွယ်ဟာ ဘယ်အချိန်မှာ ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ် အလယ်အဆင့်ကို ရောက်မယ်လို့ မှန်းတောင် မမှန်းနိုင်ပါဘူး။
မဟာတာအိုရဲ့ လမ်းစဉ်က အမြဲတမ်းက ရှည်လျားကြာမြင့်တယ် မဟုတ်ပါလား။
အချိန်တွေ ကုန်ဆုံးသွားပြီး တိတ်ဆိတ်ဂိုဏ်း ဂူအောင်းကျင့်ကြံနေစဉ်မှာပဲ လူသားမျိုးနွယ်စုနဲ့ အင်မော်တယ် နတ်ဘုရားတွေရဲ့ နောက်ဆုံးအဆုံးသတ် စစ်ပွဲကြီး စတင်ဖြစ်ပွားပါတော့တယ်။
လူသားမျိုးနွယ်စုဟာ မျိုးပွားနိုင်စွမ်း မြင့်မားတဲ့အတွက် နှစ်အနည်းငယ်အတွင်း ဘီလီယီချီတဲ့ လူသားတွေ ပေါ်ပေါက်လာပါတယ်။ ဒါတောင် အဆက်မပြတ် တိုက်ခိုက်နေတဲ့ စစ်ပွဲအတွင်းမှာပါ။ အင်မော်တယ်ကမ္ဘာမှာရှိတဲ့ လူသားမျိုးနွယ်စုက နည်းနည်းနောနော မဟုတ်ပါဘူး။ ဒါကို အနန္တကမ္ဘာမှာရှိတဲ့ လူသားမျိုးနွယ်စုဆိုပါ ထပ်ပေါင်းလိုက်ရင် အသေင်္ချ ဖြစ်သွားပါပြီ။
ကောင်းကင်ရုံးတော်နဲ့ စစ်ပွဲမှာ လူသားမျိုးနွယ်စုဟာ ပထမဦးဆုံး အတိုက်ခိုက်ခံရပြီး ရှုံးနိမ့်သွားပေမဲ့ လူသားတွေရဲ့ လှေခွက်ချည်းကျန် အလံမလှဲတဲ့ဇွဲဟာလည်း ထင်ထင်ရှားရှား ပေါ်ပေါက်လာပါတယ်။
လူသားမျိုးနွယ်စုဟာ ကောင်းကင်ရုံးတော်ကို လုံးဝအလျှော့မပေးပါဘူး။ ဆုံးရှုံးမှုများလေလေ ပိုမိုစည်းလုံးလာလေလေပါပဲ။ တခြားအင်မော်တယ်ကမ္ဘာတွေက လူသားတွေဟာလည်း အင်မော်တယ်ကမ္ဘာဆီ ချီတက်ပြီး ကူညီထောက်ပံ့တဲ့အတွက် ကမ္ဘာပျက်မတက် စစ်ပွဲကြီးဆီကို ဦးတည်လာပါတယ်။
ဒီလိုနဲ့ နှစ် ၃၀ ကုန်ဆုံးသွားပြီး ဟန်ကျွယ်ဟာ တာအိုဟောကြားဖို့ ကျင့်ကြံခြင်းလိုဏ်ဂူထဲကနေ ထွက်လာပါတယ်။
လွီဟွာရွှီဟာ ဟန်ကျွယ်ရှေ့ကို ရုတ်တရက် လျှောက်သွားပြီး ခါးညွှတ်လိုက်ပါတယ် “ဆရာဘိုးဘိုး… နတ်ဘုရားရွေးချယ်ခုံက ကျွန်တော့်ကို ဆင့်ခေါ်နေတယ်၊ ကျွန်တော် ဘာလုပ်သင့်လဲ”
“မသွားနဲ့၊ သွားရင် သေလိမ့်မယ်”
ဟန်ကျွယ်ရဲ့ ခပ်ပြတ်ပြတ်စကားကြောင့် လွီဟွာရွှီဟာ မျက်ခုံးလှုပ်သွားပါတယ်။ လွီဟွာရွှီဟာ ခရမ်းရောင်ကြယ်ဧကရာဇ် ဘဝက မှတ်ဉာဏ်တွေ နိုးထလာပြီဆိုပေမဲ့ ဟန်ကျွယ်ကို လေးစားမှုမပျက်ဘဲ ပို့လိုတောင် ကြည်ညိုလေးစားလာပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တခြားလူတွေလိုပဲ ဟန်ကျွယ်ကို တာအိုဘိုးဘေး ဝင်စားသူလို့ ထင်နေတာကြောင့်ပါ။
တကယ်တော့ တိတ်ဆိတ်ဂိုဏ်းဟာ အင်အားစုကြီးတစ်ခု တည်ထောင်လို့ ရနေပါပြီ။ အရင်တုန်းက ကောင်းကင်ရုံးတော်မှာ ကောင်းကင်ဘဝဂ်ကျင့်ကြံသူ ငါးဦးပဲ ရှိခဲ့တာပါ။ ဒါတောင် အစွန်းရောက် ဧကရာဇ်လေးပါးက ကောင်းကင်ရုံးတော်မှာ မရှိတာကြာပါပြီ။ ဒါပေမဲ့ တိတ်ဆိတ်ဂိုဏ်းမှာတော့ ကောင်းကင်ဘဝဂ် ကျင့်ကြံသူသုံးဦး ရှိနေပါတယ်။ ဟန်ကျွယ်မဆိုထားနဲ့ ကျန်တဲ့ လွီပုနဲ့ မာချောင်ကလည်း အစွန်းရောက်ဧကရာဇ်လေးပါးကို ယှဉ်တိုက်နိုင်တဲ့ ဇုထူကို ပွားယူထားတာပါ။
“အားလုံးပဲ… ထိုင်ပြီး နားထောင်ကြ”
ဟန်ကျွယ်ဟာ လွီဟွာရွှီကို ကွေ့သွားပြီး ဖူစန်းသစ်ပင်ရှေ့မှာ ထိုင်လိုက်ပါတယ်။ အဲဒီနောက် အားလုံး အဆင်သင့်ဖြစ်တဲ့အခါ တာအိုစတင် ဟောကြားပါတယ်။
ဟန်ကျွယ်ဟာ အမှောင်တားမြစ်နယ်မြေမှာ အမြဲတမ်း မနေချင်ပါဘူး။ အနန္တကပ်ဘေး ပြီးတာနဲ့ အင်မော်တယ်ကမ္ဘာကို ပြန်သွားမှာပါ။ ဒါပေမဲ့ အဲဒီမတိုင်ခင် တိတ်ဆိတ်ဂိုဏ်းရဲ့ အင်အားက အလွန်တရာ ကြီးမားနေဖို့ လိုအပ်နေပါတယ်။ ဒီလိုမှသာ ဟန်ကျွယ်ဟာ အေးအေးဆေးဆေး ကျင့်ကြံနိုင်ပြီး တိတ်ဆိတ်ဂိုဏ်းကို ကာကွယ်ဖို့ သူ့တပည့်တွေလက်ထဲ စိတ်ချက်လက်ချ အပ်နိုင်မှာပါ။
တိတ်ဆိတ်ဂိုဏ်းအပြင် ထုန်ကျန့်ကမ္ဘာကလည်း တစ်နေ့တစ်ခြား အင်အားကြီးမားလာပါတယ်။
တစ်နေ့မှာ ထုန်ကျန့်ကမ္ဘာက သေမျိုးကမ္ဘာရဲ့အဆင့်ကို ကျော်လွန်ပြီး အင်မော်တယ်ကမ္ဘာမျိုး ကြီးမားတဲ့ကမ္ဘာတစ်ခု ဖြစ်လာနိုင်ပါတယ်။ ဟန်ကျွယ်ကလည်း ဒီလို့နေမျိုးကို မျှော်လင့်နေတာပါ။
ဝတ်ရုံဖြူဗုဒ္ဓရဲ့ ကျင့်ကြံမှုကလည်း ရပ်တန့်မနေပါဘူး။ အင်မော်တယ်ဧကရာဇ် တတိယအဆင့်ကို ရောက်နေပါပြီ။ ဒီလိုတိုးတက်လာတာကလည်း ထုန်ကျန့်ကမ္ဘာရဲ့ ကံတရား အထောက်အပံ့ကြောင့်ပါ။ မဟုတ်ရင် ဒီအဆင့်ရောက်ဖို့ နှစ်ဘယ်လောက်ကြာမလဲ မပြောတက်ပါဘူး။
၇ နှစ်ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ တာအိုဟောကြားတာကို အဆုံးသတ်လိုက်ပါတယ်။ ဒီတစ်ခါမှာတော့ ဟန်ကျွယ်ဟာ ကျင့်ကြံခြင်းလိုဏ်ဂူကို တန်းမပြန်ဘဲ တပည့်တွေ နိုးထလာတာကို စောင့်ဆိုင်းပါတယ်။
တစ်နှစ်ကြာတဲ့အခါမှာတော့ တပည့်အားလုံး နိုးထလာပြီး ဟန်ကျွယ် ရှိနေသေးတာကို တွေ့လိုက်ရတဲ့အတွက် ဟန်ကျွယ် စကားပြောလာမှာကို စောင့်နေကြပါတယ်။
“အနန္တကပ်ဘေးရဲ့ အမြင့်ဆုံးအချိန်ကို ‌ရောက်ပြီ၊ လူသားမျိုးနွယ်စုနဲ့ ကောင်းကင်ရုံးတော်ရဲ့ နောက်ဆုံးစစ်ပွဲ စတော့မယ်”
လူတိုင်း ကြက်သေသေသွားပြီး မုရုံချီက တအံတဩ မေးလိုက်ပါတယ် “ရှန်နန်းတော်က ဘယ်မှာလဲ၊ ဗုဒ္ဓဂိုဏ်းနဲ့ နတ်ဆိုးရုံးတော်ကရော ဘယ်ရောက်သွားလဲ…”
“နတ်ရွှေကျီးကန်း မိသားစုကရော…” ထူလင်းအားက မုရုံချီစကားကို ထပ်ပေါင်းပြီး မေးလိုက်ပါတယ်။
နတ်ရွှေကျီးကန်း မိသားစုအသံကို ကြားလိုက်ရတဲ့အတွက် ကျန်းယီဟာ နည်းနည်း စိုးရိမ်သွားပါတယ် ‘နတ်ရွှေကျီးကန်း မိသားစု မရှိတော့ဘူးလား…’
ချူရှီရန်ဟာ လက်ချောင်းတွေသုံးပြီး တွက်ချက်ကြည့်တဲ့အခါ မျက်နှာ အကြီးအကျယ် ပျက်သွားပါတယ်။ ရွှင်ချန်အန်းဟာ ချူရှီရန်ရဲ့ ပြောင်းလဲသွားတဲ့ မျက်နှာအမူအရာကို သတိထားမိတာကြောင့် မေးလိုက်ပါတယ် “ဘာတွက်မိလို့လဲ”
ရွှင်ချန်းအန်းဟာ ချူရှီရန်ကို တပည့်လို ဆက်ဆံတုန်းပါပဲ။ ကျင့်ကြံမှု ဒီလာက်ကွာတာတောင် ချူရှီရန်ကို အမြဲဂရုစိုက်ပါတယ်။
“အဓိက အင်အားစုတွေ အကုန်လုံး ကောင်းကင်ရုံးတော်ထဲဝင်ပြီး လူသားမျိုးနွယ်စုကို တိုက်ခိုက်ကြတယ်၊ တစ်စုံတစ်ယောက်က လူသားတွေရဲ့ ကောင်းကင်တာအို အချစ်တော် အခြေအနေကို ပြောင်းလဲချင်ပုံပဲ၊ အကွက်ကတော့ ပြောင်မြောက်ပါပေတယ်”
ချူရှီရန်ဟာ သက်ရှိအားလုံး ငြိမ်းချမ်းဖို့ အတွေးအခေါ်ကို စွဲကိုင်သူမို့ ဒီအကြောင်းကို သိလိုက်ရတဲ့အခါမှာ မျက်နှာတစ်ခုလုံး မည်းမှောင်သွားတာ ဖြစ်ပါတယ်။ ချူရှီရန်ရဲ့ လမ်းက လူသားတွေကို အဓိကထားတာ ဖြစ်တဲ့အတွက် လူသားတွေ မျိုးတုံးခံရမှာကို မမြင်ချင်ပါဘူး။
ကျန်တဲ့လူတွေဟာ ချူရှီရန်ရဲ့ စကားကို ကြားပြီး ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြပါတယ် ‘ကောင်းကင်ရုံးတော်က ဘယ်လိုလုပ်ပြီး ဒီလောက်ထိ စွမ်းအားကြီးလာတာလဲ’
ဟန်ကျွယ်က ပြောလိုက်ပါတယ် “မင်းတို့ မြင်ပြီလား၊ ဒါက အနန္တကပ်ဘေးရဲ့ ရှောင်လွှဲလို့မရတဲ့ ကံကြမ္မာပဲ၊ တစ်ချိန်တုန်းက စွမ်းအားကြီးပြီး မောက်မာခဲ့တဲ့ လူတွေအားလုံး ခြေနင်းကျောက်ပြားတွေ ဖြစ်ကုန်ပြီ၊ ငါတို့ တိတ်ဆိတ်ဂိုဏ်းက ကံတရား အထောက်အပံ့နဲ့ အာဏာအတွက် တိုက်ခိုက်နေတာ မဟုတ်ဘူး၊ မဟာတာအိုအတွက် တိုက်ခိုက်နေတာ၊ အဲဒါကြောင့် ကျင့်ကြံဖို့ကလွဲပြီး ကျန်တာ အာရုံမစိုက်နဲ့၊ အပြင်ထွက်ဖို့ကတော့ စိတ်တောင်မကူးနဲ့၊ အနန္တကပ်ဘေး ပြီးတာနဲ့ ငါ အင်မော်တယ်ကမ္ဘာကို ပြန်သွားမှာ”
ပဋိပက္ခကောင်းကင်ခွေးက အော်ပြောလိုက်ပါတယ် “ကျွန်တော်တို့ ပြန်သွားအုန်းမှာလား၊ ဘာလို့ ဒီမှာမနေတာလဲ”
ငရဲကြက်နက်ဟာ တောင်ပံ တဖျတ်ဖျတ်ခတ်ပြီး ကြိမ်းမောင်းလိုက်ပါတယ် “မင်းက သခင်ရဲ့စကားကို ဘယ်လိုလုပ်ပြီး ဆန့်ကျင်ရဲတာလဲ”
တခြားသူတွေလည်း မျက်လုံး အရောင်တောက်သွားပါတယ်။ လောကကြီးရဲ့အဝေးမှာ လူတိုင်းနေချင်တာ မဟုတ်ပါဘူး။ ကျင့်ကြံတာကလည်း တစ်ခါတစ်ရံမှာ တခြားသူတွေထက် အဆင့်ပိုမြင့်ချင်လို့ပဲ မဟုတ်ပါလား။
“ကပ်ဘေးမပြီးခင် မင်းတို့တွေ အကုန်လုံး ဧကရာဇ်အဆင့်ကို တက်လှမ်းနိုင်ဖို့ ငါ မျှော်လင့်တယ်၊ မင်းတို့တွေ လုပ်နိုင်ကြပါ့မလား” ဟန်ကျွယ်က မေးလိုက်ပါတယ်။
‘အကုန်လုံး အင်မော်တယ်ဧကရာဇ်လား’ အင်မော်တယ်ဧကရာဇ် မဖြစ်သေးတဲ့ လူတိုင်း စိတ်လှုပ်ရှားသွားကြပါတယ်။
အင်မော်တယ်ကမ္ဘာမှာ အဓိကအင်အားစုဆိုရင်တောင် အင်မော်တယ်ဧကရာဇ်က များများစားစားရှိတာ မဟုတ်ပါဘူး။
“လုပ်နိုင်ပါတယ်” လွီဟွာရွှီက တက်ကြွစွာ ပြောလိုက်ပါတယ်။ ကျန်တဲ့လူတွေလည်း သဘောတူကြပါတယ်။
ငရဲနက်နတ်ဆိုးသခင်၊ စန့်ရှီနဲ့ ကျန်းယီဟာ တစ်ယောက်မျက်လုံး တစ်ယောက်ကြည့်ရင်း ပါးစပ်အဟောင်းသား ဖြစ်သွားကြပါတယ်။ သူတို့ဟာ ဟန်ကျွယ်ရဲ့ ရည်ရွယ်ချက်ကို ခံစားမိပါတယ် ‘နောက်ထပ် အနန္တကပ်ဘေးအတွက် ကြိုပြင်ဆင်နေတာလား’
‘ဟုတ်တယ်၊ ဒါအဖြစ်နိုင်ဆုံးပဲ၊ ဒါက ရှန်နန်းတော် လျှောက်ခဲ့တဲ့လမ်းပဲ’
ရှန်နန်းတော်ကလည်း ကပ်ဘေးပြီးမှ အင်အားကြီးထွားလာခဲ့တာပါ။ ရှန်နန်းတော်ဟာ လောကတစ်ခုလုံး ဖရိုဖရဲ ဖြစ်ပြီး အစီအစဉ်တကျ မဖြစ်သေးတဲ့အချိန်ကို အခွင့်ကောင်းယူပြီး လောကတစ်ခွင်မှာရှိတဲ့ အရည်အချင်းရှိသူတွေကို အများအပြာလက်ခံက တစ်ဆင့်ချင်း အင်အားကြီးမားလာခဲ့တာပါ။
ဟန်ကျွယ်ဟာ သူ့တပည့်တွေကိုကြည့်ကာ ကျေနပ်အားရစွာ ပြုံးလိုက်ပြီး ကျင့်ကြံခြင်းလိုဏ်ဂူထဲ ပြန်ပါတယ်။ နတ်ထူးဆန်းက သူ့ဆီ တဟုန်ထိုး ရောက်လာတဲ့အတွက် ဟန်ကျွယ်ဟာ နတ်ထူးဆန်းကို ထွက်သွားဖို့ အချက်ပြလိုက်ပေမဲ့ နတ်ထူးဆန်းဟာ ထွက်မသွားဘဲ ဟန်ကျွယ်နားကို အတင်းချဉ်းကပ်ပါတယ်။
ဟန်ကျွယ်ဟာ မျက်လုံးကြုတ်သွားပြီး တာအိုစက်ကွင်း ပတ်လည်မှာရှိတဲ့ စွမ်းအားကြီးရန်သူတွေကို စစ်ဆေးလိုက်ပေမဲ့ ရန်သူတစ်ယောက်မှ မတွေ့ရပါဘူး။
‘ဘာတွေ ဖြစ်ကုန်တာလဲ’
ဒီအချိန်မှာပဲ နတ်ထူးဆန်းဟာ ဟန်ကျွယ်ခန္ဓာကိုယ်ထဲ ရုတ်တရက် တိုးဝင်သွားပြီး ကြီးမားလှတဲ့ မှတ်ဉာဏ်တစ်ခုဟာ ဟန်ကျွယ်ခေါင်းထဲမှာ ထွက်ပေါ်လာပါတယ်။ ဒီမှတ်ဉာဏ်က အလွန်တရာဝေးကွာလှတဲ့ ခေတ်တစ်ခေတ်က မှတ်ဉာဏ်ပါ။
ရှင်းရှင်းလင်းလင်း မမြင်နိုင်တဲ့ ဟင်းလင်ပြင်မှာ ပြင်းထန်တဲ့ လေလှိုင်းတွေ ဘက်ပေါင်းစုံမှာ တိုက်ခတ်နေပါတယ်။ ဟန်ကျွယ်ဟာ တိမ်တွေကြားထဲမှာ ထိုးထွက်နေတဲ့ ကြီးမားလှတဲ့ ခန္ဓာကိုယ်တစ်ခုကို တွေ့လိုက်ရပါတယ်။ ဒီခန္ဓာကိုယ်ဟာ ဟန်ကျွယ် မြင်ဖူးတဲ့ လောကဦးယွမ်ဖီးနစ်ထက်တောင် အဆများစွာ ပိုကြီးပါတယ်။
ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ်အဆင့်ရှိတဲ့ ဟန်ကျွယ်တောင် ဒီခန္ဓာကိုယ်ကို ကြည့်ပြီး မထိတ်လန့်ဘဲ မနေနိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီခန္ဓာကိုယ်က ကြီးတာထက် ပိုနေလို့ပါပဲ။
အကြောင်းအရင်းတချို့ကြောင့် ဟန်ကျွယ်ဟာ ကောင်းကင်ကို ပုဆိန်နဲ့ခွဲပြီး ဖွင့်လှစ်ခဲ့တဲ့ ဒဏ္ဍာရီထဲက ပန်ကူးကို တွေးမိလိုက်ပါတယ်။
‘နတ်ဘုရားပန်ကူးများလား… နတ်ထူးဆန်းက ငါ့ကို ဘာလို့ ဒီမှတ်ဉာဏ်ပြရတာလဲ’
ဒီအချိန်မှာပဲ ဟန်ကျွယ်ဟာ ကြောက်မက်ဖွယ်ကောင်းတဲ့ အကြည့်တစ်ခု သူ့ဆီ ကျရောက်လာတာကို ရုတ်တရက် ခံစားလိုက်ရပါတယ်။ ဟန်ကျွယ်ဟာ ဒီအကြည့်ကို မျက်စိနဲ့ မမြင်ရဖူးဆိုပေမဲ့ ဒီအကြည့်ကြောင့် သက်ရောက်လာတဲ့ ဖိအားကို ခံစားမိပါတယ်။ ဒီဖိအားက ဟန်ကျွယ်ရဲ့ ဝိညာဉ်ကိုတောင် တုန်လှုပ်စေပါတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။

Comment

Leave a Reply

Options

not work with dark mode
Reset