အခန်း (၄၁၆) နောက်ဆုံးစစ်ပွဲကြီးသို့ ဦးတည်ခြင်း
အင်မော်တယ် နတ်ဘုရားတွေက မျိုးနွယ်စု အစုံကနေ လာတာပါ။ အင်မော်တယ် နတ်ဘုရား ဖြစ်လာပြီးနောက်ပိုင်း ရှုံးလည်းအတူတူ နိုင်လည်းအတူတူမို့ ကောင်းကင်ရုံးတော် ပျက်ဆီးသွားရင် သူတို့ရဲ့ ကံကြမ္မာနဲ့ ကံတရား အထောက်အပံ့ကလည်း အားနည်းလျော့ကျသွားမှာပါ။
ဒါကြောင့် လူသား အင်မော်တယ်တွေတောင် လူသားမျိုးနွယ်စုက အင်မော်တယ်နတ်ဘုရားတွေကို တော်လှန်ချင်တယ်လို့ ကြားရတဲ့အခါမှာ အကြီးအကျယ် ဒေါသထွက်ကြပါတယ်။ သူတို့တွေဟာ အင်မော်တယ်ဖြစ်လာဖို့ နှစ်ပေါင်းများစွာ ကြိုးစားခဲ့ရတာမို့ အခုလို စံစားရမဲ့အချိန်မှာ ပျက်ဆီးသွားမှာမျိုး လုံးဝ မမြင်ချင်ကြပါဘူး။
“လူသားတွေက မောက်မာလွန်းတယ်၊ ကျွန်တော်တို့ ကောင်းကင်ရုံးတော်က သူတို့ကို ကာကွယ်ပြီး သူတို့အတွက် နတ်ဆိုးနဲ့ မိစ္ဆာတွေကို နှိမ်နင်းပေးခဲ့တယ်၊ ရာသီဥတုကောင်းပြီး ကပ်ဘေးတွေ မကျရောက်အောင်လည်း ကာကွယ်ပေးခဲ့တယ်၊ အခုကျတော့ သူတို့က အစာကျွေးတဲ့လက်ကို ပြန်ကိုက်နေပြီ”
“ဟုတ်တယ်၊ နတ်ဆိုးရုံးတော် လူသားတွေကို တိုက်ခိုက်တုန်းက ကျွန်တော်တို့ ကောင်းကင်ရုံးတော်ပဲ သူတို့ကို ကယ်တင်ပေးခဲ့တာလေ”
“ဘဝလေဟပ်နေတဲ့လူတွေ၊ တာအိုပညာရှိတစ်ပါးရဲ့ ထောက်ပံ့မှုနဲ့ အင်မော်တယ် နတ်ဘုရားတွေကို ဆန့်ကျင်နိုင်မယ်လို့ ထင်နေတာလား”
“ကျွန်တော်တို့ ကောင်းကင်ရုံးတော်က အမှန်တရားဘက်တော်သားပဲ၊ ဘာလို့ တာအိုပညာရှိတစ်ပါးကို ကြောက်နေရမှာလဲ”
“ဟုတ်တယ်၊ ကျွန်တော်တို့တွေလည်း တာအိုပညာရှိရဲ့ အကူအညီကို တောင်းခံလို့ရတာပဲ”
အင်မော်တယ်တွေဟာ အပြင်းရန်သူကို ရင်ဆိုင်ရမှာမို့ စည်းလုံးညီညွတ်သွားကြပြီး အချင်းချင်း ဆွေးနွေးကြပါတယ်။ ဖန်းလျန်ဟာ လူသားဘဝကနေလာသူမို့ လူသားတွေနဲ့ အင်မော်တယ်တွေ ကမ္ဘာမကျေရန်သူဖြစ်မှာကို မလိုလားပါဘူး။ ဒါပေမဲ့ အခုအချိန်မှာတော့ ဖန်းလျန်ဟာ ရွေးချယ်မှုတစ်ခုကို လုပ်ရတော့မှာပါ။
ဒီလိုရွေးချယ်ရတာကလည်း အနန္တကပ်ဘေး ဖြစ်နိုင်ပါတယ်။ တိုက်ပွဲတစ်ပွဲ မဟုတ်ဘဲ သေဆုံးခြင်း၊ ရှင်သန်ခြင်း၊ တာအိုနဲ့ အမှန်တရားတွေထဲက တစ်ခုခုကို မဖြစ်မနေ ရွေးချယ်ရတာပါ။
ဖန်းလျန်ရဲ့ မျက်လုံးတွေဟာ ပြတ်သွားပြီး အသံတိတ်ဖို့ လမ်မြှောက်လိုက်ပါတယ်။ အင်မော်တယ်တွေလည်း မီးကို ရေဖြန်းလိုက်သလို ငြိမ်ကျသွားပြီး ဖန်းလျန်ဆီ အကြည့်ရောက်သွားကြပါတယ်။
ဖန်းလျန်က ပြောလိုက်ပါတယ် “လူသားတွေကို စစ်ကြော်ငြာဖို့ ပြင်ဆင်တော့၊ အနန္တကပ်ဘေးက လူသားတွေကို အင်မော်တယ် နတ်ဘုရားတွေနဲ့ တိုက်ခိုက်စေချင်မှတော့ ကောင်းကင်ရုံးတော်က နောက်ဆုတ်လို့မဖြစ်ဘူး၊ တိုက်ခိုက်ရလိမ့်မယ်” အင်မော်တယ်တွေဟာ ဖန်းလျန်ရဲ့စကားကို ချက်ချင်းပဲ သဘောတူလက်ခံကြပါတယ်။
ကောင်းကင်ရုံးတော်က အားနည်းသွားတယ်ဆိုရင်တောင် ဆင်ပိန်ကျွဲလောက်ဆိုတဲ့ စကားပုံရှိတယ် မဟုတ်ပါလား။
၁၅ နှစ် ကြာပြီးနောက်။
ဟန်ကျွယ်ဟာ ကမ္ဘာဖျက်ကြာနက်ထဲက အကုသိုလ်ကံတွေကို စုပ်ယူနေတုန်း မြင်ကွင်းထဲမှာ ရုတ်တရက်ပေါ်လာတဲ့ စာကြောင်းတွေကို တွေ့လိုက်ရပါတယ်။
[အနန္တကပ်ဘေး၏ ကံတရား အထောက်အပံ့တိုက်ပွဲ(ဝါ) နောက်ဆုံးစစ်ပွဲကြီး စတင်တော့မည်ဖြစ်၍ အောက်ပါရွေးချယ်မှုများ ပြုလုပ်နိုင်သည်။]
[၁။ လူသားမျိုးနွယ်စုထဲ ဝင်ရောက်၍ အင်မော်တယ် နတ်ဘုရားများကို သတ်ဖြတ်ပါ။ ဆုလာဘ်အဖြစ် မဟာတာအို အပိုင်းအစ တစ်စနှင့် ဆန်းကြယ်စွမ်းအားတစ်ပါးအား ရရှိမည်။]
[၂။ ကောင်းကင်ရုံးတော်သို့ ဝင်ရောက်၍ အစွမ်းပြပါ။ ဆုလာဘ်အဖြစ် မဟာတာအို အပိုင်းအစ တစ်စနှင့် ကျပမ်း သဘာဝရတနာတစ်ပါးအား ရရှိမည်။]
[၃။ သိုသိုသိပ်သိပ် ကျင့်ကြံ၍ ပြဿနာမျာနှင့် ဝေးဝေးနေပါ။ ဆုလာဘ်အဖြစ် မဟာာတာအို အပိုင်းအစ တစ်စနှင့် အကောင်းစား ရတနာတစ်ပါးအား ရရှိမည်။]
ဟန်ကျွယ်ဟာ ကြက်သေသေသွားပါတယ် ‘အနန္တကပ်ဘေးရဲ့ ကံတရား အထောက်အပံ့တိုက်ပွဲ စတင်ပြီလား… ဒီလိုဆို နောက်ဆုံးတိုက်ပွဲက လူသားမျိုးနွယ်စုနဲ့ ကောင်းကင်ရုံးတော် တိုက်ခိုက်ရမှာလား…’
‘ဒါက ရှောင်လွှဲလို့မရတဲ့ ကံကြမ္မာလား’
ဟန်ကျွယ်ဟာ တွေးလေလေ ကျောချမ်းလေလေပါပဲ။ ဒီတိုက်ပွဲကသာ ကံကြမ္မာအတိုင်း ဖြစ်လာတယ်ဆိုရင် နတ်ဆိုးရုံးတော်၊ ရှန်နန်းတော်၊ ဗုဒ္ဓဂိုဏ်း၊ နတ်ရွှေကျီးကန်း မိသားစု၊ နဂါးရုံးတော်နဲ့ အောက်ပိုင်းကမ္ဘာ အကုန်လုံးကို နယ်ရုပ်ဆိုတာ သိသာထင်ရှားလှပါတယ်။
ဟန်ကျွယ်ဟာ ချက်ချင်းပဲ နံပါတ်သုံးကို ရွေးချယ်လိုက်ပါတယ်။
[မဟာတာအို အပိုင်းအစ တစ်စနှင့် အကောင်းစား ရတနာတစ်ပါး ရရှိခြင်းအတွက် ဂုဏ်ယူပါသည်။]
[ရှန့်ဖာဖိနပ်: ကောင်းကင်ဘဝဂ် အကောင်းစား ရတနာ၊ ပဋိပက္ခချီမှ ထွက်ပေါ်လာသော အကောင်းစား ရတနာဖြစ်ပြီး နိယာမစွမ်းအားကို လျစ်လျူရှုကာ လွတ်လွတ်လပ်လပ် ရွှေ့လျားနိုင်၏။ ထို့အပြင် ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ်၏ နတ်အာရုံတိုက်ခိုက်မှုအား လျစ်လျူရှုနိုင်သော အရံအတားရှိသည်။]
‘ဒီရတနာက မဆိုးဘူးပဲ… ဒီတစ်ခါ တာအိုအပိုင်းအစနဲ့ဆိုရင် ငါ့မှာ တာအိုအပိုင်းအစ ခြောက်စ ရှိသွားပြီ’
ဟန်ကျွယ်ဟာ ရှန့်ဖာဖိနပ်ကို ထုတ်ယူလိုက်ပြီး စတင်သန့်စင်ကာ ကိုယ်ပိုင်ပစ္စည်း ပြုပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ရဲ့ အတွေးကတော့ တခြားရောက်သွားပါတယ်။
‘ကောင်းကင်ရုံးတော်ရဲ့ အရှင်သခင်က ငါ့မြေးတပည့် ဖန်းလျန်၊ လူသားမျိုးနွယ်စုရဲ့ အနာဂတ်ဧကရာဇ်က ရှင်းဟုန်ရွှမ်…. ဘာလိုလိုနဲ့ ငါက တော်တော်လေး အင်အားကြီးလာပြီပဲ’
ဟန်ကျွယ်ဟာ အတိတ်ကို ပြည်ကြည့်မိတဲ့အခါ အရာအားလုံးက မနေ့တစ်နေ့က ဖြစ်ပျက်ခဲ့သလိုမျိုး အိပ်မက်တစ်ခုကို မက်နေသလိုမျိုး ခံစားလိုက်ရပါတယ်။ အတိတ်မှာတုန်းက ဟန်ကျွယ်ဟာ ရှင်သန်ဖို့လမ်း ပိုများဖို့အတွက် တပည့်တွေ လက်ခံခဲ့တာပါ။ ဒီနေ့လိုမျိုး အခြေအနေကို တစ်ဖြည်းဖြည်း ရောက်လာလိမ့်မယ်လို့ ထင်မထားခဲ့ပါဘူး။
“ငါက အမှောင်သခင်ကြီး တကယ် ဖြစ်လာတာပဲ” ဟန်ကျွယ်ဟာ အသာရေရွတ်လိုက်ပြီး မတက်နိုင်တဲ့အပြုံး ပြုံးလိုက်ပါတယ်။
ဒါပေမဲ့ ဟန်ကျွယ်ဟာ ဒီကိစ္စကို နောင်တမရပါဘူး။ အမှောင်သခင်ကြီး ဖြစ်လဲ ကိစ္စမရှိပါဘူး။ အသက်ဆက်ရှင်ပြီး မဟာတာအိုနောက်ကိုသာ လိုက်နိုင်မယ်ဆိုရင် အမှောင်သခင်ကြီးဖြစ်လဲ ဟန်ကျွယ်အတွက် ကိစ္စမရှိပါဘူး။ ဒါပေမဲ့ တခြားသူတွေကိုတော့ အမှောင်သခင်ကြီးဆိုတာ လုံးဝ ဝန်ခံမှာ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အမှောင်သခင်ကြီးက မကောင်းမှုအားလုံး ပုံချရာ ဖြစ်နေလို့ပါပဲ။
ဒီနေ့ထိအောင် အင်မော်တယ်ကမ္ဘာမှာ အမှောင်သခင်ကြီးနာမည်ကိုသုံးပြီး ကျိန်စာတိုက်နေတဲ့လူတွေ ရှိနေပါသေးတယ်။ ဟန်ကျွယ်ရဲ့ မိတ်ဆွေ အများကြီးဟာလည်း အမြဲတမ်းလိုလို ကျိန်စာတိုက်ခံရပါတယ်။ ဒီထဲမှာ ဖန်းလျန်၊ ဂျိရှင်းရှန်၊ ကျိုးဖန်နဲ့ တခြားသူတွေလည်း ပါပါတယ်။
အဲဒါကြောင့် ဟန်ကျွယ်အနေနဲ့ အမှောင်သခင်ကြီးဆိုတာ လူသိရှင်ကြား ထုတ်မပြောခင် ဒီအနန္တကပ်ဘေးကို အရင်ဆုံး ကျော်ဖြတ်နိုင်ဖို့ လိုပါတယ်။
နောက်နေ့ မနက်ခင်း….
ဟန်ကျွယ်ဟာ ရှန့်ဖာဖိနပ်ကို ဝတ်ဆင်ပြီး အမှောင်ထုရဲ့ အိပ်မက်ဆိုးကို အသုံးပြုကာ ရှင်းဟုန်ရွှမ်ရဲ့ အိပ်မက်ထဲ သွားလည်ပတ်ပါတယ်။
အိပ်မက်ထဲက တောအုပ်တစ်အုပ်မှာ ဟန်ကျွယ်နဲ့ ရှင်းဟုန်ရွှမ်တို့ တွေ့ဆုံကြပါတယ်။
ဟန်ကျွယ်ဟာ ရှင်းဟုန်ရွှမ်ဟာဘေးမှာ ထိုင်ပြီး ညင်သာစွာ ပြောလိုက်ပါတယ် “တကယ့်ကပ်ဘေး ရောက်လာပြီ၊ ဒီအနန္တကပ်ဘေးရဲ့ ဇာတ်လိုက်တွေက လူသားမျိုးနွယ်စုနဲ့ ကောင်းကင်ရုံးတော်ပဲ၊ တစ်ဦးပဲနိုင်မှာဆိုတော့ မင်းဂရုစိုက်ရလိမ့်မယ်”
ရှင်းဟုန်ရွှမ်ဟာ ခေါင်းညိတ်လိုက်ပါတယ် “ယောက်ျား မစိုးရိမ်ပါနဲ့၊ တက်နိုင်ရင် မိန်းမ ကပ်ဘေးထဲ မဝင်ပါဘူး”
ဟန်ကျွယ်က မေးလိုက်ပါတယ် “ဘယ်သူနိုင်မယ်လို့ ထင်လဲ”
“မိန်းမလည်း သေချာ မသိဘူး၊ ကောင်းကင်ရုံးတော်တော့ မပြောတက်ပေမဲ့ လူသားမျိုးနွယ်စုရဲ့ အကြီးအကဲတွေကတော့ ယုံကြည်ချက်အပြည့်ပဲ၊ အဲဒီတာအိုပညာရှိ ကိုယ်ပွားက တကယ်စွမ်းအားကြီးတာ၊ သူ့ကို ကြည့်ရုံနဲ့ မိန်းမ ရင်တွေ တုန်လာတယ်”
ရှင်းဟုန်ရွှမ်ဟာ ဖူရှီအကြောင်း ပြောမိတဲ့အခါ သက်ပြင်းချလိုက်ပါတယ်။
တာအိုပညာရှိတွေက ရှင်းဟုန်ရွှမ်နဲ့ အလှမ်းဝေးလွန်းပါတယ်။ အတိတ်မှာတုန်းက ရှင်းဟုန်ရွှမ်ဟာ တာအိုပညာရှိတွေက ဓမ္မစွမ်းအား ပိုအားကောင်းတဲ့ ကျင့်ကြံသူတွေလို့ပဲ ထင်ထားခဲ့တာပါ။ ဒါပေမ့ ဖူရှီကို မြင်တွေ့ပြီးတဲ့အခါမှာတော့ သူ့အတွေးက ဘယ်လောက်ထိ ကလေးဆန်ကြောင်း သိလိုက်ရပါတယ်။ တာအိုပညာရှိနဲ့ ရင်ဆိုင်ရတဲ့အခါမှာ တော်လှန်ပုန်ကန်ဖို့ မပြောနဲ့ စော်ကားလိုစိတ်တောင် မဖြစ်ဘဲ သူ့ဝိညာဉ်တစ်ခုလုံး တုန်လှုပ်သွားပါတယ်။
ဟန်ကျွယ်ဟာ ကောင်းကင်ရုံးတော်ကလည်း တာအိုပညာရှိတစ်ပါးပါးရဲ့ အကူအညီကို ရထားတယ်လို့ ကောက်ချက် ချလိုက်ပါတယ်။ မဟုတ်ရင် ဒီတိုက်ပွဲမှာ လုံးဝရှုံးနိမ့်ပြီး ကောင်းကင်တာအို မျှော်မှန်းထားသလို ဖြစ်လာမှာ မဟုတ်ပါဘူး။
ဟန်ကျွယ် အမြင်မှာတော့ ကပ်ဘေးဆိုတာက ကောင်းကင်ဘုံရဲ့ အင်အားစုတွေကို ပြောင်းလဲတာပါ။ သက်ရှိ အရေအတွက်က ကန့်သတ်စည်းကို ရောက်သွားတဲ့အခါမှာ ကောင်းကင်တာအိုရဲ့ ကံတရား အထောက်အပံ့က ပြောင်းလဲပြီး သက်ရှိအားလုံးကို တိုက်ခိုက်ဖို့ ဆွဲဆောင်ကာ ငြိမ်းချမ်းတဲ့ ကမ္ဘာဆီ ပြန်ရောက်စေတာပါ။
ရှင်းဟုန်ရွှမ်က စပ်စုလိုက်ပါတယ် “ယောက်ျား… ယောက်ျားက ကောင်းကင်ရုံးတော်က ထောက်ပံ့မှာလား”
ရှင်းဟုန်ရွှမ်ဟာ ကောင်းကင်ရုံးတော်ရဲ့ လက်ရှိသခင်က ဖန်းလျန်လို့ ကြားထားတဲ့အတွက် ဒီမေးခွန်းကို မေးလိုက်တာပါ။ ရှင်းဟုန်ရွှမ်ဟာ ဖန်းလျန်ရဲ့ အရည်အချင်းကိုလည်း မြင်ဖူးထားပါတယ်။ နာမည်တူနိုင်တဲ့အချက်ကိုတော့ ရှင်းဟုန်ရွှမ် ထည့်မစဉ်းစားထားပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ လောကမှာ ဒီလောက်တိုက်ဆိုင်မှုတွေ မများနိုင်လို့ပါပဲ။
ဟန်ကျွယ်ဟာ မျက်နှာသေနဲ့ ပြောလိုက်ပါတယ် “ငါ ဘယ်သူ့ကိုမှ မထောက်ပံ့ဘူး”
ရှင်းဟုန်ရွှမ်က ပြောလိုက်ပါတယ် “ယောက်ျားရဲ့ အကျင့်အတိုင်းပဲ”
‘ဟင်… ဒါ ဘာသဘောလဲဟ..’
ရှင်းဟုန်ရွှမ်ဟာ ဒီအကြောင်းကို ဆက်မပြောတော့ဘဲ ဒီအတောအတွင်း သူတွေ့ကြုံခဲ့ရတဲ့ အကြောင်းအရာတွေကို စပြောပါတယ်။
ကျင့်ကြံတာကလွဲရင် ရှင်းဟုန်ရွှမ်ဟာ လူသားတွေနောက်လိုက်ပြီး နေရာစုံမှာ တိုက်ခိုက်ခဲ့ပါတယ်။ လူသားတွေ တိုက်ခိုက်တဲ့ ရှေးဟောင်းမျိုးနွယ်စုတွေက တဖြည်းဖြည်း တိုးလာသလို တိုက်ပွဲအတွင်းမှာ လူသားမျိုးနွယ်စု ပါရမီရှင်တွေရဲ့ ကျင့်ကြံမှုကလည်း ဒီရေအလား တိုးတက်လာပါတယ်။ ဒီဖြစ်ရပ်က ကိုယ်တိုင်မကြုံရရင် ယုံနိုင်ဖွယ်ကို မရှိတာပါ။
ရှင်းဟုန်ရွှမ်ဟာ ဒီကိစ္စက တာအိုပညာရှိရဲ့ လက်ချက်လို့ ခန့်မှန်းပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ကတော့ အနန္တကပ်ဘေးကြောင့်ဆိုတာ သိပါတယ်။
အနန္တကပ်ဘေးအတွင်းမှာ အဆင့်ထိုးဖောက်ရတာက သာမန်အချိန်တွေထက် ပိုပြီးတော့ မြန်ဆန်ပါတယ်။ ဒီလိုဖြစ်ရတာက ကပ်ဘေး နောက်ကွယ်မှာရှိတဲ့ ကောင်းကင်တာအိုက အရာအားလုံးကို ရှေ့တွန်းတင်နေလို့ပါပဲ။ ရှင်းဟုန်ရွှမ်ဟာ သူ့အကြောင်းကို ဆက်ပြောပါတယ်။ ဟန်ကျွယ်ကလည်း တစ်ချိန်လုံးနီးပါး ထိုင်နားထောင်ပါတယ်။
ဒီအိပ်မက်က အတော်ကို ကြာသွားပါတယ်။
အစစ်အမှန်ကို ပြန်ရောက်တဲ့အခါ ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို ထုတ်ယူပြီး ကျောက်စိမ်းဧကရာဇ် ကျိုးရန်ကို ကျိန်စာတိုက်ပါတယ်။ ကျောက်စိမ်းဧကရာဇ် ကျိုးရန်က စိတ်လွတ်သွားပြီဆိုပေမဲ့ ဒီနှစ်ထဲ ဘာမှမလှုပ်ရှားဘဲ ငြိမ်ချက်သား ကောင်းနေတဲ့အတွက် ဟန်ကျွယ်ဟာ သတိလွတ် မခံနိုင်ပါဘူး။
တစ်နေရာရာမှာ ဒဏ်ရာတွေကို ပြန်ကုသနေတာလည်း ဖြစ်နိုင်ပါတယ်။ ဒီအချိန်က ဟန်ကျွယ်အတွက် ကျောက်စိမ်းဧကရာဇ်ရဲ့ အသက်ကို နှုတ်ယူဖို့ အခွင့်ကောင်းပါ။ ဒီတစ်ကြိမ်မှာတော့ ဟန်ကျွယ်ဟာ ၅၀ ဘီလီယံသုံးပြီး ကျိန်စာတိုက်ဖို့ စီစဉ်ထားပါတယ်။ ဟန်ကျွယ်ရဲ့ အစီအစဉ်က ကျောက်စိမ်းဧကရာဇ် ကျိုးရန်ကို တဖြည်းဖြည်း ညှင်းသတ်မှာပါ။
လေးငါးဆယ်ရက် အကြာမှာတော့ ဟန်ကျွယ်ဟာ နတ်ထူးဆန်းကို လွတ်ပေးလိုက်ပြီး အကုသိုလ်ကံကို ဆက်စုပ်ယူပါတယ်။
တစ်ချိန်တည်းမှာပဲ ဖူစန်းသစ်ပင်အောက်မှာ လွီဟွာရွှီကို လူတိုင်း ဝန်းရံနေကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လွီဟွာရွှီရဲ့ ခန္ဓာကိုယ်ကနေ ခရမ်းရောင် အမျှင်အတန်း ရောင်ဝါတွေ ထွက်ပေါ်လာပြီး သူ့ဆံရှည်တွေက လေထဲမှာ ဝဲပျံကာ ကြောက်ဖို့ကောင်းတဲ့ ရောင်ဝါတစ်ခု ထွက်ပေါ်ဖို့ အားပြင်လာပါတယ်။
“ဒီကောင် ဘာဖြစ်နောလဲ” ရွှင်ချန်းအန်းက သိချင်စိတ်နဲ့ မေးလိုက်ပါတယ်။
မုရုံချီက မျက်စိမှေးပြီး ပြောလိုက်ပါတယ် “သူ့ဘဝဟောင်းက စွမ်းအားတွေ နိုးထနေတာ ဖြစ်ရမယ်၊ ဒီရောင်ဝါက…”
ချူရှီရန်က ကောက်ကာငင်ကာ ပြောလိုက်ပါတယ် “သူက ကောင်းကင်ရုံးတော်ရဲ့ အစွန်းရောက် ဧကရာဇ်လေးပါးထဲက ခရမ်းရောင်ကြယ်ဧကရာဇ်ပဲ”
မုရုံချီဟာ ရွှင်ချန်အန်းကို လှမ်းကြည့်ပြီး စိတ်ထဲမှာ မကျေမနပ် ဖြစ်သွားပါတယ် ‘ဒီကောင်က ဘာလို့အမြဲတမ်း စကားများနေရတာလဲ… သူတစ်ယောက်တည်း သိတာ ကျနေတာပဲ’
ဝူတောက်ကျန့်က စပ်စုလိုက်ပါတယ် “ခရမ်းရောင် ကြယ်ဧကရာဇ်က အရမ်းစွမ်းအားကြီးလို့လား”
“သူက ကောင်းကင်ဧကရာဇ်နဲ့ ယှဉ်တိုက်နိုင်တယ်၊ စွမ်းအားကြီးလား မကြီးလား ပြောကြည့်လေ” ချူရှီရန်က ဖြေလိုက်ပါတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။
Chapter – 416
? Views, Released on December 7, 2024