အခန်း (၄၁၅) လူသားတွေက အင်မော်တယ်တွေထက် ပိုမြင့်မြတ်သင့်တယ်
ဟန်ကျွယ်ဟာ ကျောက်စိမ်းဧကရာဇ်က ဖန်းလျန်ဆီ ရောက်နေတာကို မသိဘဲ အင်တိုက်အားတိုက် ကျိန်စာတိုက်ပါတယ်။ ဟန်ကျွယ်ဟာ ကျောက်စိမ်းဧကရာဇ်ကို ပြင်းပြင်းထန်ထန် ဒဏ်ရာရတဲ့အထိ ကျိန်စာတိုက်ဖို့ စီစဉ်ထားတာပါ။ အကြောင်းကတော့ ကျောက်စိမ်းဧကရာဇ်က ဖန်းလျန်ကို ဒုက္ခပေးမှာစိုးလို့ပါ။
ဟန်ကျွယ်ဟာ ကျိန်စာတိုက်ရင်း ကိုယယ်ရေးအကျဉ်းကို စိုက်ကြည့်ပါတယ်။ ဟန်ကျွယ်ရဲ့ သက်တမ်းဟာ ၈၀ ဘီလီယံယံ လျော့ကျပြီးပါပြီ။ တချို့ကြယ်တွေတောင် ဒီလောက်နှစ်အများကြီး မတည်ရှိနိုင်ကြပါဘူး။
ဟန်ကျွယ်ဟာ ဆက်ပြီးတော့ ကျိန်စာတိုက်ပါတယ်။
၉၀ ဘီလီယံ။
၁၀၀ ဘီလီယံ။
၁၁၀ ဘီလီယံ။
၁၄၀ ဘီလီယံ။
ဟန်ကျွယ်ဟာ လျော့ကျသွားတဲ့ သက်တမ်းတွေကို ကြည့်ပြီး ကျိန်စာဆက်တိုက်ဖို့ တုံ့ဆိုင်းသွားပါတယ် ‘ခွီးတဲ့မှပဲ… အခုထိ ဘာမှမဖြစ်သေးဘူးလား၊ ဘာပဲဖြစ်ဖြစ် ငါ ဒီလောက်တောင် စတေးပြီးမှတော့ ဘာလို့လက်လျှော့ရမှာလဲ’
‘နည်းနည်းလောက် ဆက်ကြိုးစားလိုက်ရင် ငါ အောင်မြင်လောက်တယ်၊ မဟုတ်ရင် ငါ ကြိုးစားထားသမျှ သဲထဲရေသွန် ဖြစ်ကုန်မယ်’
ဟန်ကျွယ်ဟာ ကျိန်စာဆက်တိုက်တဲ့အတွက် ဟန်ကျွယ်ခန္ဓာကိုယ်မှာ ထူးဆန်းတဲ့ ရောင်ဝါနက်တစ်ခု ရစ်ပတ်လာပါတယ်။ မကြာခင်မှာပဲ ဟန်ကျွယ်ရဲ့ သက်တမ်းက ၁၅၀ ဘီလီယံထိ လျော့ကျသွားပေမဲ့ ကျောက်စိမ်းဧကရာဇ် ကျိုးရန်ကတော့ ဘာမှမဖြစ်သေးတဲ့အတွက် ဟန်ကျွယ်ဟာ ဒေါသ အတော်ထွက်သွားပါတယ်။
ဒါပေမဲ့ ဟန်ကျွယ်ဟာ အံကြိတ်ပြီးတော့ ကျိန်စာဆက်တိုက်ပါတယ်။ ဒီလိုနဲ့ ဟန်ကျွယ်ရဲ့ သက်တမ်း ၁၇၀ ဘီလီယံနီးပါး လျော့ကျသွားတဲ့ အခါမှာတော့ ဟန်ကျွယ်ဟာ သူမျှော်လင့်စောင့်စားနေတဲ့ စာတစ်စောင်ကို မြင်လိုက်ရပါတယ်။
[သင့်ကျိန်စာကြောင့် သင့်ရန်သူ ကျောက်စိမ်းဧကရာဇ် ကျိုးရန်၏ တာအိုအသီး အက်ကွဲပြီး အတွင်းနတ်ဆိုး ခြောက်လှန့်သဖြင့် ဓမ္မစွမ်းအား ဖရိုဖရဲဖြစ်ကာ စိတ်လွတ်သွား၏။]
ချက်ချင်းပဲ ဟန်ကျွယ်ဟာ ကျိန်စာတိုက်တာ ရပ်လိုက်ပါတယ်။
‘၁၇၀ ဘီလီယံက စိတ်ပဲလွတ်စေတာလား… တာအိုပညာရှိအတုက တော်တော်မာတာပဲ၊ ဒီအတိုင်းဆို ကျောက်စိမ်းဧကရာဇ် ကျိုးရန်ကို သေအောင် ကျိန်စာတိုက်ဖို့က လွယ်မှာ မဟုတ်ဘူး’
ကြမ္မာဆိုးစာအုပ်ကို ပြန်သိမ်းပြီးနောက် ဟန်ကျွယ်ဟာ ကျောက်စိမ်းဧကရာဇ်ကို ဘယ်လိုရှင်းပစ်ရမလဲဆိုတာ စဉ်းစားပါတယ် ‘ငါ ကျောက်စိမ်းဧကရာဇ်ကို သတ်ဖို့ ဘာလုပ်သင့်လဲ’
ရုတ်တရက်ဆိုသလို ဟန်ကျွယ်ဟာ ရွှယ်မင်းဟယ်ကို တွေးမိပြီး အကြံတစ်ခု ရသွားတာကြောင့် အမှောင်ထုရဲ့ အိပ်မက်ဆိုးကို အသုံးပြုပြီး ရွှယ်မင်းဟယ်ဆီ သွားလည်ပါတယ်။ အိပ်မက်ထဲကို ဝင်လိုက်တယ်ဆိုရင်ပဲ တောင်ထိပ်ပေါ်မှာ တရားထိုင်နေတဲ့ ရွှယ်မင်းဟယ်ကို ဟန်ကျွယ် တွေ့လိုက်ရပါတယ်။
ရွှယ်မင်းဟယ်ဟာ မျက်လုံးဖွင့်ကြည့်လိုက်တဲ့အခါ အမှောင်သခင်ကြီးကို တွေ့လိုက်ရတဲ့အတွက် ကျေနပ်အံအားသင့်သွားပါတယ်။ ရွှယ်မင်းဟယ်ဟာ ချက်ချင်းပဲ မတ်တတ်ရပ်ပြီး ဒူးထောက်လိုက်ပါတယ် “အမှောင်သခင်ကြီးကို ဂါရဝပြုပါတယ်။
ဟန်ကျွယ်ဟာ အမှောင်သခင်ကြီးအသံနဲ့ ပြောလိုက်ပါတယ် “ငါ ကျောက်စိမ်းဧကရာဇ်ကို သေစေချင်တယ်”
ရွှယ်မင်းဟယ် ခေါင်းမော့လာပြီး တုံ့ဆိုင်းခြင်းမရှိ ပြောလိုက်ပါတယ် “ကျွန်တော် ဘာလုပ်ပေးရမှာလဲ၊ အမိန့်သာပေးပါ”
အရင်တစ်ခေါက် လီတောက်ခုံးဟာ ကျောက်စိမ်းဧကရာဇ် ကျိုးရန်ကို ကောင်းကင်ရုံးတော်ကနေ ဖယ်ရှားခဲ့ပါတယ်။ အဲဒီတုန်းက ကျောက်စိမ်းဧကရာဇ် နောက်ဆုတ်သွားတာက ကျိန်စာတိုက်ခံနေရလို့ဆိုတာ လူတော်တော်များများ သိပါတယ်။ အဲဒီအချိန်ကစပြီး ရွှယ်မင်းဟယ်ဟာ ကျောက်စိမ်းဧကရာဇ်က အမှောင်သခင်ကြီးရဲ့ ပြိုင်ဘက်မဟုတ်ဘူးလို့ စွဲမြဲစွာ ယုံကြည်လာခဲ့ပါတယ်။
အနိုင်ကျင့် စော်ကားခံရပြီးကတည်းက ရွှယ်မင်းဟယ်ဟာ ကျောက်စိမ်းဧကရာဇ်ကို လက်စားချေဖို့ အခွင့်အရေးကောင်း စောင့်နေတာပါ။ နောက်ဆုံးတော့ လက်စားချေဖို့ အခွင့်ကောင်းက ရွှယ်မင်းဟယ်ဆီကို ဆိုက်ဆိုက်မြိုက်မြိုက်ကြီး ရောက်လာခဲ့ပါပြီ။
“ကျောက်စိမ်းဧကရာဇ် ကျိုးရန်က သက်ရှိအကုန်လုံးကို သတ်ဖြတ်ပြီး ကောင်းကင်တာအိုကို တစ်ယောက်တည်း ထိန်းချုပ်ချင်နေတယ်၊ ဒီသတင်းကို လူတိုင်းသိအောင် ဖြန့်လိုက်” ဟန်ကျွယ်ရဲ့ လေသံက တည်ငြိမ်လွန်းတဲ့အတွက် ဘာခံစားချက်ရှိလဲဆိုတာ ခန့်မှန်းဖို့ ခက်ပါတယ်။
ရွှယ်မင်းဟယ်ဟာ ချက်ချင်းပဲ ပြောလိုက်ပါတယ် “ကျွန်တော် အမှောင်ဂိုဏ်းနဲ့ အသူရာမျိုးနွယ်စုကို ချက်ချင်း သတင်းဖြန့်ခိုင်းလိုက်ပါ့မယ်”
ရွှယ်မင်းဟယ်ဟာ ဟန်ကျွယ်စကားက မှန်လားမှားလားဆိုတာ ဂရုမစိုက်ပါဘူး။ မှားတယ်ဆိုရင်တောင် အမှန်ဖြစ်အောင် လုပ်မှာပါ။
“အင်း…” ဟန်ကျွယ်ဟာ ဘာမှဆက်မပြောတော့ဘဲ ရွှယ်မင်းဟယ်ကို စိုက်ကြည့်လိုက်ပါတယ်။
ဟန်ကျွယ်ရဲ့ အကြည့်ကြောင့် ရွှယ်မင်းဟယ်ဟာ ဇောချွေးစို့လာပါတယ်။ အတန်ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ရဲ့ အကြည့်ကြောင့် ရွှယ်မင်းဟယ်ဟာ ပြိုလဲလုနီး ဖြစ်လာပါတယ်။ ဒီတော့မှ ဟန်ကျွယ်ဟာ အိပ်မက်ကို ရုတ်သိမ်းလိုက်ပါတယ်။
ကျင့်ကြံခြင်းလိုဏ်ဂူကို ပြန်ရောက်သွားတဲ့ ဟန်ကျွယ်ဟာ သိပ်တော့ မပျော်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ရွှယ်မင်းဟယ်က ဘာမှ မတောင်းဆိုလို့ပါ ‘ဒီကောင်က ဘာဖြစ်လို့ ဒီလောက်တောင် စကားနားထောင်နေရတာလဲ၊ ငါ တွက်ကြည့်သင့်လား… ထားလိုက်ပါတော့၊ ဘာပဲဖြစ်ဖြစ် ဒီကောင့်ကိစ္စက ငါ့ကို ဘာမှသက်ရောက်စေမှာ မဟုတ်ဘူး’
ဟန်ကျွယ်ဟာ သက်တမ်းဖြုန်းတာကို မစွဲချင်ပါဘူး။ ဘဝဟောင်းမှာတုန်းက လောင်းကစားစွဲပြီး သူဋ္ဌေးကနေ ခွေးဖြစ်သွားတဲ့ လူအများကြီးကို ဟန်ကျွယ် မြင်ဖူးပါတယ်။
ကောင်းကင်ဘဝဂ်အဆင့်ကို ရောက်ပြီးနောက်ပိုင်း အဆင့်ထိုးဖောက်ဖို့က အချိန်တော်တော်လေး ယူရပါတယ်။ ဒါကြောင့် ဟန်ကျွယ်ဟာ အဆင့်မထိုးဖောက်ခင် သက်တမ်းကုန်သွားမှာကို မမြင်ချင်ပါဘူး။ တစ်ဝက်ကုန်သွားရင်တောင် ဟန်ကျွယ်ရဲ့ တာအိုနှလုံးသားကို ထိခိုက်နိုင်ပါတယ်။
အကျင့်တွေက အရမ်းကြောက်ဖို့ကောင်းပြီး ပြောင်းလဲဖို့ ခက်ပါတယ်။
ဟန်ကျွယ်ဟာ အမှောင်ထုရဲ့ အိပ်မက်ဆိုးကို ထပ်သုံးပြီး ကျင်းတျန်ကုန်းဆီ သွားလည်ကာ ရွှယ်မင်းဟယ်ကို ပြောတဲ့အတိုင်း ပြောလိုက်ပါတယ်။ ကျင်းတျန်ကုန်းဟာ ချက်ချင်း သဘောတူပေမဲ့ ရွှယ်မင်းဟယ်လိုမျိုး ဘာမှမမေးတာတော့ မဟုတ်ပါဘူး။ ကျယ်ကျောင်းတော်အပေါ် ဘယ်လိုသဘောထားလဲဆိုပြီး ဟန်ကျွယ်ကို မေးပါတယ်။ ဟန်ကျွယ်လည်း ကျယ်ကျောင်းတော်က သူ့ရန်သူ ဖြစ်မလာရင် ပစ်မှတ်မထားဘူးလို့ မရေရာတဲ့ ကတိတစ်ခု ပေးလိုက်ပါတယ်။
ကျင်းတျန်ကုန်းဟာ ဟန်ကျွယ်ရဲ့ ကတိပေးစကားကြောင့် သက်သာရာ ရသွားပြီး ကျောက်စိမ်းဧကရာဇ် ကျိုးရန်ကို ကျိန်းသေပေါက် နာမည်ဖျက်မယ်လို့ အာမခံပါတယ်။
ဒါကြောင့် ဟန်ကျွယ်ခဗျာ မပျော်နိုင်တော့ပါဘူး ‘ဘာနာမည်ပျက်တာလဲ၊ ဒါက အမှန်တရားဟာကိုး’
အဲဒီနောက် ဟန်ကျွယ်ဟာ ကောင်းကင်ဧကရာဇ်ဆီကိုတော့ အတန်ကြာမှ သွားလည်မယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒီနှစ်တွေမှာ ကောင်းကင်ဧကရာဇ်က အေးချမ်းနေပါတယ်။ ဘယ်သူ့ကိုမှ ပြဿနာသွားမရှာတဲ့အတွက် ကျိန်စာလည်း တိုက်မခံရတော့ပါဘူး။ ဒါကလည်း အဓိပ္ပာယ်မရှိတာတော့ မဟုတ်ပါဘူး။ လူတိုင်းက ကောင်းကင်ဧကရာဇ် သေသွားပြီလို့ ထင်နေကြတာပဲ မဟုတ်လား။
‘ကောင်းကင်ဧကရာဇ် နည်းနည်း ထပ်စောင့်အုန်း၊ ကျွန်တော် ကျောက်စိမ်းဧကရာဇ် ကျိုးရန်ကို သတ်ပြီး အရှင်မင်းကြီးကို ကယ်တင်ပေးမယ်’
ဟန်ကျွယ်ဟာ တာအိုပညာရှိအတု အဆင့်ကို မရောက်သေးတဲ့အတွက် တာအိုပညာရှိအတုကို သတ်ချင်ရင် အချိန်တော့ယူရမှာပါ။
နတ်ဘုရားခန်းမမှာ အင်မော်တယ် နတ်ဘုရားတွေ စုစည်းနေကြပါတယ်။
အင်မော်တယ်အိုကြီးတစ်ပါးက တုန်ယင်စွာ ပြောလိုက်ပါတယ် “အရှင်မင်းကြီး… ကျောက်စိမ်းဧကရာဇ် ကျိုးရန်က သက်ရှိအကုန်လုံးကို သတ်ဖြတ်ပြီး ကောင်းကင်တာအိုကို အစားထိုးချင်တဲ့လူပါ၊ ဒီကိစ္စက လောကတစ်ခုလုံး သိနေပြီဖြစ်တဲ့အတွက် ကျွန်တော်တို့ ကောင်းကင်ရုံးတော်က သူနဲ့ ပူးပေါင်းဖို့ မဖြစ်နိုင်ပါဘူး၊ အဲဒီအစား ကျွန်တော်တို့တွေ ကျောက်စိမ်းဧကရာဇ် ကျိုးရန်ကို စစ်ကြော်ငြာရပါ့မယ်”
ရှန်စစ်သူကြီးကလည်း မတ်တတ်ရပ်ပြီး ပြောလိုက်ပါတယ် “မှန်ပါတယ် အရှင်မင်းကြီး၊ ကျောက်စိမ်းဧကရာဇ် ကျိုးရန်က သေသင့်တဲ့လူပါ”
လီတောက်ခုံးရဲ့ မျက်လုံးတွေက အေးစက်ကနေပြီး ဖန်းလျန်ကို စိုက်ကြည့်နေပါတယ်။
ခန်းမတစ်ခုလုံးလည်း အလွန်တရာမှ ဆူညံနေပါတယ်။
ဖန်းလျန်က ကျောက်စိမ်းဧကရာဇ်ကို ဧကရာဇ်ဘွဲ့ ပေးချင်တယ်ဆိုတဲ့တွက် အင်မော်တယ်တွေ အကုန်လုံး အုတ်အော်သောင်းနင်း ဖြစ်နေတာပါ။ ကောင်းကင်ရုံးတော် ဒီလို အင်အားဆုတ်ယုတ်သွားတာက ကျောက်စိမ်းဧကရာဇ် ကျိုးရန်ကြောင့်ပါ။ ဒါကို ကျောက်စိမ်းဧကရာဇ် ကျိုးရန်နဲ့ ပြန်ပူးပေါင်းမယ်ဆိုရင် ကောင်းကင်ရုံးတော်မှာ မျက်နှာထားစရာရှိမှာ မဟုတ်တော့ပါဘူး။
ဖန်းလျန်က မျက်နှာသေနဲ့ ပြောလိုက်ပါတယ် “ငါ မင်းတို့ရဲ့ အမြင်ကို ကြားပြီးပြီ၊ ဒီတော့ အခုအချိန်ကစပြီး ကျောက်စိမ်းဧကရာဇ် ကျိုးရန်က ကောင်းကင်ရုံးတော်ရဲ့ ထာဝရရန်သူပဲ၊ တစ်ချိန်တည်းမှာ ကျောက်စိမ်းဧကရာဇ် ကျိုးရန်ရဲ့ ရာထူးကို ပြန်သိမ်းပြီး ကောင်းကင်ရုံးတော်နဲ့ ဘာဆက်စပ်မှုမှ မရှိအောင် ကံတရားနဲ့ ကံကြမ္မာကို ဘာမှမကျန်အောင် ဖြတ်တောက်ပစ်ရမယ်”
ဖန်းလျန်ရဲ့ စကားကြောင့် အင်မော်တယ်တွေ ဝမ်းသာသွားကြပါတယ်။
လီတောက်ခုံးလည်း ပြုံးလိုက်ပါတယ်။
လီရွှမ်အောက်ဟာ တအံတဩ ပြောလိုက်ပါတယ် “ကံတရားနဲ့ ကံကြမ္မာကို ဖြတ်တောက်မှာလား၊ တော်တော် ရက်စက်တာပဲ”
တစ်ခဏအကြာတုန်းက ဧကရာဇ်ဘွဲ့ပေးဖို့ ပြောနေပြီး နောက်တစ်ခဏလည်းကြာရော ကျောက်စိမ်းဧကရာဇ်ရဲ့ လွတ်မြောက်လမ်းကို ဖြတ်တောက်လိုက်တဲ့အတွက် လီရွှမ်အောက်က ဒီလိုမှတ်ချက် ပြုလိုက်တာပါ။ လီရွှမ်အောက်ဟာ ဖန်းလျန်က လေယူရာတိမ်းတာလား ဒါမှမဟုတ် ရက်စက်တာလားတော့ မသိပါဘူး။
ဘာပဲဖြစ်ဖြစ် အခုအချိန်ကစပြီး ကျောက်စိမ်းဧကရာဇ် ကျိုးရန်ဟာ ကောင်းကင်ရုံးတော်ထဲ ဝင်ပါလို့ရတော့မှာ မဟုတ်ပါဘူး။
ဖန်းလျန်က ဂျိရှင်းရှန်ကို ကြည့်လိုက်ပါတယ် “ပင်လယ်ရပ်ခြားရဲ့ အခြေအနေက ဘယ်လိုလဲ”
“ကျွန်တော်တို့တွေ အင်မော်တယ် ၁၀၀,၀၀၀ စုဆောင်းပြီးပါပြီ၊ ထက်ဝက်ကျော်က ကောင်းကင်အင်မော်တယ် အထက်မှာ ရှိပါတယ်”
ဂျိရှင်းရှန်ရဲ့ အဖြေကြောင့် ပညာရှင်အင်မော်တယ်တွေ လန့်သွားကြပါတယ် ‘များလှချည်လား’
ဖန်းလျန်ဟာ ပြုံးသွားပါတယ် “ဆက်ပြီးတော့ စုဆောင်းလို့ ရသေးလား”
“ရပါတယ်၊ ဒါပေမဲ့ ကျွန်တော်တို့တွေ နတ်ဘုရားရွေးချယ်ခုံကို အသုံးပြုရလိမ့်မယ်၊ အဲဒီကျင့်ကြံသူတွေက အင်မော်တယ် ကံတရား အထောက်အပံ့မရမှာကို စိုးရိမ်နေကြပါတယ်”
နတ်ဘုရားခုံဟာ တချို့ အင်မော်တယ် နတ်ဘုရားတွေအတွက် အနှောင်အဖွဲ့တစ်ခု ဆိုပေမဲ့ လူအများစုအတွက်တော့ အင်မော်တယ်အဆင့်ကို ကျိန်းသေရောက်နိုင်တဲ့ နည်းလမ်းတစ်ခုပါ။
အင်မော်တယ်တွေက ကိုယ့်ဘာသာ အင်မော်တယ်လို့ခေါ်တိုင်း အင်မော်တယ်ဖြစ်တာ မဟုတ်ပါဘူး။ ကောင်းကင်တာအိုရဲ့ အသိအမှတ်ပြုမှုကို လိုအပ်ပါတယ်။ ကောင်းကင်တာအိုအောက်မှာ အင်မော်တယ်တွေက သက်ရှိအကုန်လုံးထက် ပိုပြီးတော့ ကောင်းကောင်းမွန်မွန် ဆက်ဆံရပါတယ်။ ဒါက ယုံမှားဖွယ်မရှိတဲ့အချက်ပါ။
ဒါကြောင့်လည်း အင်မော်တယ်တွေက အလွန်အကျွံ မသတ်ဖြတ်ရဲတာပါ။ မဟုတ်ရင် ကောင်းကင်နိယာမကို ချိုးဖောက်မိပြီး အလွန်များပြားတဲ့ အကုသိုလ်ကံကို ထမ်းဆောင်ရမှာပါ။
ဖန်းလျန်က မေးလိုက်ပါတယ် “လူသားတွေကရော ပင်လယ်ရပ်ခြားထိ တိုးချဲ့လာကြပြီလား”
ဂျိရှင်းရှန်ဟာ ခေါင်းခါလိုက်ပါတယ် “မတိုးချဲ့ပါဘူး၊ လူသားတွေက အခြေကျအောင် လုပ်နေပါတယ်”
ဒီအချိန်မှာပဲ ပညာရှင်အင်မော်တယ်တစ်ပါးက ရှေ့ထွက်ပြီး ပြောလိုက်ပါတယ် “အရှင်မင်းကြီး… လူသားတွေက စိတ်ဝိညာဉ်နန်းတော်ကို ဖျက်ဆီးပြီး ဖိနှိပ်မယ်လို့ ကြော်ငြာလိုက်ပါတယ်၊ လူသားတွေက အင်မော်တယ်နတ်ဘုရားတွေထက် ပိုမြင့်မြတ်သင့်တယ်ဆိုပြီး ကြွေးကြော်နေကြပါတယ်၊ ဒါက ကျွန်တော်အတွက် သတင်းဆိုးပဲ”
‘လူသားတွေက အင်မော်တယ်တွေထက် ပိုမြင့်မြတ်သင့်တယ်’ ဖန်းလျန်ဟာ မျက်မှောင်ကြုတ်သွားပါတယ် ‘အင်မော်တယ်တွေကလည်း ဒီလိုတွေးတာပဲ’
မြန်မာပြည် ငြိမ်းချမ်းပါစေ။
Chapter – 415
? Views, Released on December 7, 2024