Switch Mode

Chapter – 412

အခန်း (၄၁၂) ကျို့ယင်နတ်ဘီလူး၊ ကံကြမ္မာအား ပြောင်းလဲခြင်း
နှစ် ၃၀ ကြာပြီးနောက်…
ဟန်ကျွယ်ရဲ့ သိစိတ်ဟာ ကျင့်ကြံခြင်းလိုဏ်ဂူထဲ ပြန်ရောက်လာပါတယ်။ ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်ချင်းချင်းပဲ မျက်မှောင်ကြုတ်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ်ရဲ့ ကျင့်ကြံမှုက သူထင်ထားတာထက် ပိုခက်ခဲနေလို့ပါပဲ။
ဟန်ကျွယ်ရဲ့ အကုသိုလ်ကံ စုပ်ယူနှုန်းက မြန်တယ်ဆိုပေမဲ့လည်း သိပ်ပြီးတော့ ကျင့်ကြံမှု မဖြစ်စေပါဘူး။ ဒီနည်းနဲ့ ကောင်းကင်ဘဝဂ် အလယ်အဆင့်ကို ရောက်ဖို့ဆိုရင် နှစ်ထောင်သောင်းချီတောင် ကြာနိုင်ပါတယ်။
ဒါကြောင့် ဟန်ကျွယ်ဟာ မဟာညီညွတ်မှုရုပ်သွင်ဘက် လှည့်လိုက်ပါတယ်။ အခုအချိန်မှာ မဟာညီညွတ်မှု ရုပ်သွင်ကသာ ဟန်ကျွယ်ရဲ့ စွမ်းအားကို တိုးတက်စေနိုင်တဲ့ အလွယ်ကူနိုင်ဆုံး နည်းလမ်းပါ။
တာအိုစက်ကွင်းထဲမှာ လုံခြုံတယ်ဆိုပေမဲ့ အနန္တကပ်ဘေးက ပြီးဆုံးသေးတာ မဟုတ်တဲ့အတွက် ဟန်ကျွယ်ဟာ ရတဲ့နည်းနဲ့ စွမ်းအားကြီးမားလာအောင် ကျင့်ကြံအားထုတ်ဖို့ လိုအပ်ပါတယ်။
ဟန်ကျွယ်ဟာ ဒုတိယဓမ္မရုပ်တုကို စတင်ကျင့်ကြံပါတယ်။ ဒီဒုတိယဓမ္မရုပ်တုက ကောင်းကင်နက္ခ နတ်ဘီလူးလိုမျိုး ခွန်အားကြီးတာ မဟုတ်ဘဲ မိစ္ဆာစွမ်းအားလိုမျိုး အလွန်တရာ ပြင်းထန်ရက်စက်တဲ့ စွမ်းအားကို ပိုင်ဆိုင်ထားပါတယ်။
ဒါကြောင့် ဟန်ကျွယ်ဟာ ဒီဓမ္မရုပ်တုကို ကျင့်ကြံရာမှာ တန်ပြန်ထိခိုက်မှာ စိုးတဲ့အတွက် သတိကြီးကြီးထားပြီး ကျင့်ကြံအားထုတ်ပါတယ်။
ဟန်ကျွယ်ဟာ ဒီဓမ္မရုပ်တုကို အောင်မြင်ဖို့ နှစ် ၂၀ နီပါး ကျင့်ကြံလိုက်ရပါတယ်။
ကျို့ယင် နတ်ဘီလူးလို့ခေါ်တဲ့ ဒီဒုတိယဓမ္မရုပ်တုက ယင်စွမ်းအားကို နိုင်နင်းပြီး ဝိညာဉ်နဲ့ ပညာရပ်တွေကို ဝါးမြိုနိုင်စွမ်း ရှိတဲ့အတွက် အလွန်တရာမှ အစွမ်းထက်ပါတယ်။ အဆုံးစွန်ထိ တက်မြောက်မယ်ဆိုရင် မဟာတာအိုကိုတောင် ဝါးမြိုနိုင်မှာပါ။
ဟန်ကျွယ်ဟာ ကျင့်ကြံမှု အောင်မြင်တာနဲ့ အသွင်တူလက်ရည်စမ်းပွဲထဲကို ချက်ချင်းဝင်ပြီး ဓမ္မရုပ်တုနှစ်ပါးကို တစ်ပြိုင်တည်း ထုတ်သုံးကာ တိုက်ခိုက်ပါတယ်။ ကောင်းကင်ဘဝဂ် အလယ်အဆင့်အောက်မှာရှိတဲ့ ကျင့်ကြံသူမှန်သမျှ ဟန်ကျွယ် ပြိုင်ဘက် မဟုတ်တော့ပါဘူး။ ကောင်းကင်ဘဝဂ် နောက်ဆုံးအဆင့် ကျင့်ကြံသူတောင် ဟန်ကျွယ်ဟာ ယှဉ်တိုက်နိုင်ပါတယ်။
ကောင်းကင်ဘဝဂ်အဆင့်ကို ရောက်ပြီးနောက်ပိုင်း ဓမ္မစွမ်းအားအပြင် ဆန်းကြယ်စွမ်းအားနဲ့ ဓမ္မရတနာတွေကလည်း အလွန်အရေးပါလာပါတယ်။ ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ်တိုင်းမှာ စွမ်းအားကြီးမားတဲ့ ကိုယ်ပိုင်ဓမ္မရတနာတွေ ရှိကြပါတယ်။ ဒါပေမဲ့ ကောင်းကင်တာအို ရတနာကတော့ ဟန်ကျွယ်လိုမျိုး မရှိကြပါဘူး။
‘စွမ်းလှချည်လား… ဒါတောင် ဓမ္မရုပ်တုနှစ်ခုပဲ ရှိသေးတာ၊ ဓမ္မရုပ်တုတစ်ရာဆိုရင် ငါ ကောင်းကင်ဘဝဂ်အဆင့်မှာ ပြိုင်ဘက်ကင်းသွားလောက်တယ်’
ဟန်ကျွယ်ဟာ အလွန်တရာမှ စိတ်လှုပ်ရှားသွားပြီး တတိယဓမ္မရုပ်တုကို ဆက်ကျင့်ကြံပါတယ်။ ဒါပေမဲ့ ထူးဆန်းစွာပဲ ဟန်ကျွယ်ဟာ တတိယဓမ္မရုပ်တုကို ဆက်ကျင့်ကြံလို့ မရတော့ပါဘူး။ မဟာညီညွတ်မှုရုပ်သွင်က ဟန်ကျွယ်ကို တံခါးပိတ်လိုက်သလိုမျိုး ဟန်ကျွယ်ဆီမှာ ရှိခဲ့တဲ့ မှတ်ဉဏ်အများကြီးဟာ ကြက်ပျောက်ငှက်ပျောက် ဖြစ်ကုန်ပါတယ်။
‘ဘာဖြစ်တာလဲ… ငါက မဟာညီညွတ်မှုရုပ်သွင်မှာ ဓမ္မရုပ်တုနှစ်ခုပဲ ကျင့်ကြံလို့ရတာလား’
ဟန်ကျွယ်ဟာ သေချာအာရုံခံ ကြည့်လိုက်တဲ့အခါမှာ သူဆက်ခံထားတဲ့ မဟာညီညွတ်မှုရုပ်သွင်ရဲ့ မှတ်ဉာဏ်တွေက ရှိနေတုန်းဖြစ်ပြီး နက်ရှိုင်းတဲ့ ဝိညာဉ်တစ်နေရာမှာ သူတို့ဘာသာ ချိပ်ပိတ်ထားတာကို တွေ့လိုက်ရပါတယ်။ ထူးဆန်းတဲ့အင်အားတစ်ခုက ဟန့်တားနေတာကြောင့် ဟန်ကျွယ်ဟာ ဒီမှတ်ဉာဏ်တွေကို အားသုံးပြီး ဖွင့်လို့မရပါဘူး။
ဟန်ကျွယ်ဟာ စိတ်ထဲမှာ တင်းကြပ်သွားပြီး စနစ်ကို မေးလိုက်ပါတယ် “မဟာညီညွတ်မှုရုပ်သွင်က တာအိုပညာရှိတွေရဲ့ ထောင်ချောက်လား”
[စနစ်ပေးသော အရာအားလုံးသည် ၁၀၀ ရာခိုင်နှုန်း စိတ်ချရပါသည်။]
ဟန်ကျွယ်ဟာ သူ့အဖြစ်ကို ရယ်မောမိလိုက်ပါတယ် ‘ငါက တော်တော်လေး သတိကြီးနေတာပဲ’
“ဒါဆိုရင် ငါ ဘာလို့ ဆက်ကျင့်ကြံလို့ မရတာလဲဆိုတာကို သိချင်တယ်” ဟန်ကျွယ်ဟာ ကောင်းကင်လျှို့ဝှက်ချက် တွက်ချက်မှု လုပ်ဆောင်ချက်ကို မေးလိုက်ပါတယ်။
[ကျင့်ကြံမှု မလုံလောက်ပါ။ ဤဆန်းကြယ်စွမ်းအားသည် မဟာတာအို၏ ကန့်သတ်ချက် ပါဝင်သည်။]
‘ဒီလိုကိုး… ဒီအတိုင်းဆို ငါ့ကျင့်ကြံမှုကို အရင်ဆုံး တိုးတက်အောင် လုပ်ရမှာပဲ’
ဟန်ကျွယ်ဟာ သက်ပြင်းချလိုက်ပြီး ပျင်းရိစရာကောင်းလွန်းတဲ့ အကုသိုလ်ကံစုပ်ယူမှု လုပ်ငန်းစဉ်ကို စတင်လိုက်ပါတယ်။ ဒီအချိန်မှာ ဟန်ကျွယ်ဟာ ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ်တွေက ဘာလို့ တစ်ယောက်နဲ့တစ်ယောက် သိပ်မကွာလဲဆိုတာ နားလည်သွားပါတယ်။
ဟန်ကျွယ်လို လောကဦး ကြယ်တာရာခန္ဓာကိုယ် ရှိတဲ့သူတောင် ကျင့်ကြံဖို့ ဒီလောက်ခက်နေရင် ကျန်တဲ့လူတွေကတော့ ပြောစရာမလိုပါဘူး။
နောက်ထပ် ၁၀ နှစ် ကုန်ဆုံးသွားတဲ့အခါ ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို ထုတ်ယူပြီး ကျောက်စိမ်းဧကရာဇ် ကျိုးရန်ကို ကျိန်စာတိုက်ကာ စာစောင်တွေကို စစ်ဆေးလိုက်ပါတယ်။
[သင့်မိတ်ဆွေ ကောင်းကင်ဧကရာဇ်သည် ကျိန်စာတိုက်ခံခဲ့ရ၏။]
[သင့်တပည့် စုချီသည် အမင်္ဂလာ မကောင်းဆိုးဝါးအား ဝါးမြိုပြီး ကြမ္မာဆိုးစွမ်းအား ပြောင်းလဲသွား၏။]
[သင့်မြေးတပည့် ဖန်းလျန်သည် ကောင်းကင်ရုံးတော်၏ ကံကြမ္မာအား ပြောင်းလဲပြီး သင့်မိတ်ဆွေ ရှန်စစ်သူကြီးအား အသက်ပြန်သွင်းခဲ့၏။ ကောင်းကင်ရုံးတော်၏ ကံတရား အထောက်အပံ့သည်လည်း ပြန်လည် အားကောင်းစ ပြုလာ၏။]
[သင့်မိတ်ဆွေ ဂျိရှင်းရှန်သည် လူသား ကျင့်ကြံသူများ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၁၂၂၂၂၈၇
[သင့်မိတ်ဆွေ လီတောက်ခုံးသည် ကျောက်စိမ်းဧကရာဇ် ကျိုးရန် တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။]
[သင့်မိတ်ဆွေ လီတောက်ခုံးသည် လျှို့ဝှက်ဆန်းကြယ် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး၏ တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်။]
[သင့်တာအိုလက်တွဲဖော် ရွှမ်ချင်းကျွင်းသည် အဆုံးသတ် အပျက်အစီးမှ နတ်ဘုံသို့ ဝင်ရောက်သွားသည်။]
[သင့်တပည့် လုံဟောင်သည် ကောင်းကင်တာအို ဆန်းကြယ်စွမ်းအားကို ဖန်းတီပြီး လောကကြီးအား တုန်လှုပ်စေကာ နတ်ဘုရားနှင့် မိစ္ဆများအား ငိုကြွေးစေခဲ့၏။]
ဟန်ကျွယ်ဟာ စုချီက အမင်္ဂလာ မကောင်းဆိုးဝါးကို ဝါးမြိုလိုက်တဲ့ တွေ့လိုက်ရတဲ့အတွက် ပါးစပ်အဟောင်းသား ဖြစ်သွားပါတယ် ‘ဒီကောင်လေးက မကောင်းဆိုးဝါးလမ်းစဉ်လိုက်ပြီး တဖြည်းဖြည်း စွမ်းအားကြီးလာပါ့လား’
ဟန်ကျွယ်ဟာ ဘယ်လိုပဲကြည့်ကြည့် စုချီကို မိစ္ဆာတစ်ကောင်လို မြင်နေပါတယ် ‘ဒီကောင်က အမှောင်သခင်ကြီးရဲ့ အမွေဆက်ခံသူပဲ’
အဲဒီနောက် ဟန်ကျွယ်ဟာ ဖန်းလျန်က ကောင်းကင်ရုံးတော် ကံကြမ္မာ ပြောင်းလဲတာကို တွေ့သွားပါတယ် ‘ကောင်းကင်ရုံးတော်ရဲ့ ကံကြမ္မာကိုတောင် ပြောင်းလဲစေနိုင်တယ်ဆိုတော့ ဒါက ဘယ်လိုပညာမျိုးလဲ’ ဘာပဲပြောပြော ဟန်ကျွယ် ရှန်စစ်သူကြီးကို အသက်ပြန်သွင်းလိုက်တဲ့အတွက် ဟန်ကျွယ် လန့်သွားတာ အမှန်ပါ။
‘ဒီကောင်လေးက တာအိုဘိုးဘေး ဝင်စားတာလား’ ဟန်ကျွယ်ဟာ ဆက်တွေးလေလေ သံသယဝင်လေလေပါပဲ။
“ဖန်းလျန်ရဲ့ သရုပ်မှန်ကို ငါ သိချင်တယ်” ဟန်ကျွယ်ဟာ စနစ်ကို မေးလိုက်ပါတယ်။
[သက်တမ်း ၅ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
‘များလှချည်လား’ ဟန်ကျွယ်ဟာ စိတ်ထဲမှာ ကျိန်ဆဲလိုက်ပါတယ် ‘ဘယ်လိုဖြစ်ပြီး ငါ့ဘေးနားမှာရှိတဲ့ လူတိုင်းက အင်အားကြီး နောက်ခံတွေ ရှိနေရတာလဲ၊ ဒါတွေ အကုန်လုံးကို တစ်ယောက်ယောက်က စီစဉ်ထားတာများလား’
ဟန်ကျွယ်ဟာ အံကြိတ်ပြီး ဆက်တွက်ဖို့ ရွေးချယ်လိုက်ပါတယ်။
[ဖန်းလျန်: တတိယအဆင့် အင်မော်တယ်ဧကရာဇ်၊ တာအိုဘိုးဘေး၏ အမွေဆက်ခံသူ၊ ကောင်းကင်ရုံးတော်၏ အရှင်သခင်။ တာအိုဘိုးဘေးသည် ကောင်းကင်ဘုံတွင် တာအိုဟောကြားပြီး ကမ္ဘာ့ကလေးငယ်များအား ကံတရား အထောက်အပံ့ ခွဲဝေပေးခဲ့သည်။ ဖန်းလျန်သည် ဆက်တိုက် မြင့်တက်လာပြီး သင်နှင့် ကြီးမားသော ရေစက်ရှိသောကြောင့် အမွေဆက်ခံသူအဖြစ် တာအိုဘိုးဘေး၏ ရွေးချယ်ခြင်းကို ခံလိုက်ရသည်။]
‘တာအိုဘိုးဘေးရဲ့ အမွေဆက်ခံသူလား… တော်တော် အထင်ကြီးဖို့ကောင်းတာပဲ’
‘ဒါက ငါနဲ့ ဆက်စပ်နေသေးတာလား’ ဟန်ကျွယ်ဟာ မျက်လုံးပြူးသွားပါတယ် ‘တာအိုဘိုးဘေးက ငါ့ကို ဂရုစိုက်နေတာလား’
တာအိုဘိုးဘေးတစ်ယောက်တည်း ဟန်ကျွယ်ကို ဂရုစိုက်နေတာ မဟုတ်ပါဘူး။ နွီဝါ၊ ဧကရီဟုတ်ထို၊ တာအိုပညာရှိကျင်းအန်း၊ ဘိုးဘေးရှီတျန်နဲ့ တခြားတွေကလည်း ဟန်ကျွယ်ကို ဂရုစိုက်နေတာပါ။
ဟန်ကျွယ်ဟာ တာအိုပညာရှိတွေက သူ့ကို ပစ်မှတ်ထားနေတာကို သတိပြုမိသွားပါတယ်။ ဒီထက်ပိုပြီး အရေးကြီးတာက တာအိုပညာရှိတွေဟာ ဟန်ကျွယ်ကို တိုက်ရိုက်ပစ်မှတ်မထားဘဲ ဟန်ကျွယ်ဘေးနားကလူတွေကို ချဉ်းကပ်ပြီး ဟန်ကျွယ်နားကပ်ဖို့ ကြိုးစားနေကြတာပါ။
‘ဘာဖြစ်လို့လဲ… ငါက လောကဦးပဋိပက္ခကို ဖြတ်သန်းပြီး ပြန်မွေးဖွားလာလို့လား’
ဟန်ကျွယ်ဟာ တွေးလေလေ သူ့အတွေးက ဖြစ်နိုင်လေလေလို့ ခံစားလိုက်ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တာအိုပညာရှိတွေသာ ဟန်ကျွယ်ကို တကယ်ဒုက္ခပေးချင်တယ်ဆိုရင် မုန်းတီးမှုက အရင်ဆုံးလာမှာပါ။ ဒါပေမဲ့ အခုအချိန်ထိ ဟန်ကျွယ်ကို တာအိုပညာရှိတွေက နည်းနည်လေးပဲ အာရုံစိုက်ပါသေးတယ်။
ဒါကလည်း အဓိပ္ပာယ်မရှိတာတော့ မဟုတ်ပါဘူး။ တာအိုပညာရှိတွေက အနန္တကမ္ဘာကိုတောင် အထင်သေးတဲ့အတွက် သက်ရှိတစ်ကောင်အပေါ်မှာ လွယ်လင့်တကူ စိတ်ခံစားချက်တွေ ရှိလာမှာ မဟုတ်ပါဘူး။ ဒီထက်ပိုပြီး အရေးကြီးတာက တာအိုပညာရှိတွေဟာ ဟန်ကျွယ် ပုန်းနေတဲ့နေရာကို မသိတာပါ။ ဒါကြောင့် ဟန်ကျွယ်ဟာ သိပ်ပြီးတော့ မစိုးရိမ်ပါဘူး။
ဘာပဲဖြစ်ဖြစ် ဖန်းလျန်ရဲ့ သရုပ်မှန်က တာအိုဘိုးဘေး ဆက်ခံသူ ဖြစ်တဲ့အတွက် အနာဂတ်မှာ ရှင်ကျန်ရစ်မှာ ကျိန်းသေပါတယ်။
‘ဒီကပ်ဘေးက တဖြည်းဖြည်း စိတ်ဝင်စားဖို့ ပိုကောင်းလာပြီ၊ တာအိုဘိုးဘေးတောင် ပါလာတယ်’
အခုပြန်တွေးကြည့်မယ်ဆိုရင် ကျောက်စိမ်းဧကရာဇ် ကျိုးရန်က တာအိုဘိုးဘေးကို ရှင်းပစ်ချက်တာ ပြက်လုံးတစ်လုံးလိုပါပဲ။ ဇုထူ နွီဝါကို စိန်ခေါ်တာထက် ပိုပြီးတော့ ယုတ္တိမဲ့ပါတယ်။
‘နေအုန်း… ဒီလိုပြောင်းလဲကုန်တာက ငါနဲ့ ဆက်စပ်နေတာလား’ ဒီအတွေးကြောင့် ဟန်ကျွယ်ဟာ ထိတ်လန့်ပြီး ဆွံအသွားပါတယ်။ ဒါပေမဲ့ ဒီကိစ္စမှာ ဟန်ကျွယ်ကိုလည်း အပြစ်ဆိုလို့ မရပါဘူး။ ဟန်ကျွယ်လည်း လောကသားတွေကို ကယ်တင်ဖို့ အနာဂတ်ကို ပြောင်းလဲရတာ မဟုတ်ပါလား။
‘ဒါက တာအိုပညာရှိတွေတောင် မလွတ်မြောက်နိုင်တဲ့ ကံကြမ္မာများလား’
ကောင်းကင်ရုံးတော်၊ ဧကရာဇ်ပန်းခြံ။
ဖန်းလျန်ဟာ ရှန်စစ်သူကြီးနဲ့အတူ ဝင်းခြံထဲမှာထိုင်ပြီး အရက်သောက်နေပါတယ်။ ဖန်းလျန်က အပြုံးနဲ့ မေးလိုက်ပါတယ် “ဘယ်လိုခံစားရလဲ”
ရှန်စစ်သူကြီးဟာ သက်ပြင်းချလိုက်ပါတယ် “အရှင်မင်းကြီးကို ကျေးဇူးတင်ပါတယ်၊ ဒီလို ဆန်းကြယ်စွမ်းအားမျိုး ရှိတယ်လို့ ကျွန်တော် တစ်ခါမှ မကြားဖူးဘူး”
ရှန်စစ်သူကြီးက ဖန်းလျန်ကို မြှောက်ပြောနေတာ မဟုတ်ပါဘူး။ ရှန်စစ်သူကြီးရဲ့ ဝိညာဉ် ပြန်မွေးဖွားလာတာကိုက မဖြစ်နိုင်တဲ့အရာတစ်ခု မဟုတ်ပါလား။
မျက်နှာ အနည်းငယ်ဖျော့နေတဲ့ ဖန်းလျန်က ပြုံးလိုက်ပါတယ် “မဟာစစ်သူကြီးသုံးပါးထဲမှာ ငါက မင်းကို အယုံကြည်ဆုံးပဲ၊ ကောင်းကင်နတ်ဘုရား စစ်သူကြီးက ဘာတွေးနေလဲဆိုတာ မသိနိုင်ဘူး၊ သိုင်းနတ်ဘုရား စစ်သူကြီးကျတော့ အောင်မြင်ဖို့အတွက် စိတ်လောလွန်းတယ်၊ အနာဂတ်မှာ စိတ်ထင်တိုင်း လျှောက်မလုပ်နဲ့၊ ငါ မင်းအတွက် သရုပ်သစ်တစ်ခု စီစဉ်ပေးမယ်”
“အရှင်မင်းကြီး ကြိုက်တဲ့အတိုင်း လုပ်ပါ” ရှန်စစ်သူကြီး အလေးအနက် ပြောလိုက်ပါတယ်။ ပြီးတဲ့အခါမှာတော့ စကားလမ်းကြောင်း ပြောင်းလိုက်ပါတယ် “ကောင်းကင်ဧကရာဇ်ဟောင်းရော ဘယ်လိုနေလဲ”
ဖန်းလျန်က ပြုံးလိုက်ပါတယ် “မစိုးရိမ်ပါနဲ့၊ သူ ဘာမှမဖြစ်ဘူး၊ ကြည့်ရတာ ကောင်းကင်ဧကရာဇ်က လူကဲခတ် မမှားခဲ့ဘူးပဲ၊ မင်းလို သစ္စာရှိတဲ့လူမျိုးသာ ကောင်းကင်ဧကရာဇ် ဖြစ်လာရင် ကောင်းကင်ရုံးတော်အတွက် ကံကောင်းမှုပဲ”
ရှန်စစ်သူကြီးဟာ ခေါင်းခါလိုက်ပါတယ် “ကျွန်‌တော် အကြောင်းကို ကျွန်တော် သိပါတယ်၊ ကျွန်တော်က ခေါင်းဆောင်တဲ့နေရာထက် တိုက်ပွဲအတွက် ပိုသင့်တော်တယ်”
ဖန်းလျန်ဟာ ပြုံးပြီး ဘာမှထပ်မပြောပါဘူး။
ဒီအချိန်မှာပဲ ကောင်းကင်ဟာ ရုတ်တရက် အရောင်ပြောင်းလဲပြီး ခရမ်းရောင် အလင်းတန်းတွေ ပြည့်နှက်ကာ ထူဆန်းအံဩဖွယ် ဖြစ်ရပ်တွေ ဖြစ်ပေါ်လာပါတယ်။ ကောင်းကင်ပန်းတွေ့ ပြန့်ကျဲသွားပြီး ထိပ်ဆုံးမှာ ပန်းသုံးပွင့် စုစည်းကာ တောက်ပလာပါတယ်။
ရှန်စစ်သူကြီးဟာ မျက်မှောင်ကြုတ်ပြီး ရေရွတ်ုလိက်ပါတယ် “နောက်ထပ် ကောင်းကင်ဘဝဂ် ကျင့်ကြံသူ ပေါ်လာပြီ”
“မင်း ကောင်းကင်ဘဝဂ်အဆင့်ကို ရောက်ချင်လား” ဖန်းလျန်က ရှန်စစ်သူကြီးကို မေးလိုက်ပါတယ်။
ဒီမေးခွန်းကြောင့် ရှန်စစ်သူကြီးဟာ ဖန်းလျန်ကို အံအားသင့်စွာ ကြည့်လိုက်ပါတယ်။
ဖန်းလျန်က တည်ငြိမ်စွာ ပြောလိုက်ပါတယ် “ငါက အင်မော်တယ်ဧကရာဇ်ဆိုပေမဲ့ မင်းကို ကောင်းကင်ဘဝဂ် ကျင့်ကြံသူ ဖြစ်လာအောင် ကူညီပေးနိုင်တယ်၊ ဒါပေမဲ့ တန်ဖိုးကြီးကြီးတစ်ခုကိုတော့ မင်း ပေးဆပ်ရလိမ့်မယ်”
မြန်မာပြည် ငြိမ်းချမ်းပါစေ။

Comment

Leave a Reply

Options

not work with dark mode
Reset