အခန်း (၄၁၁) တာအိုနှလုံးသား အက်ခြင်း၊ တာအိုပညာရှိ ကျင်းအန်း
၁၁၀ ဘီလီယံ။
၁၂၀ ဘီလီယံ။
ဟန်ကျွယ်ရဲ့ သက်တမ်း ဆုံးရှုံးမှုက အရင်ကထက် ပိုပိုများလာတဲ့အတွက် ဟန်ကျွယ်ရဲ့ တာအိုနှလုံးသားဟာ တုန်လှုပ်လာပါတယ်။
‘ဒါ တကယ်ပဲ လိုအပ်လို့လား… လိုအပ်တယ်၊ ငါ ကျောက်စိမ်းဧကရာဇ်ကို သတ်ပစ်ဖို့ လိုအပ်တယ်၊ ဒီတစ်ခါပဲ၊ နောက်ကျရင် ငါ ဒီလို ထပ်မလုပ်တော့ဘူး’
ဟန်ကျွယ်ဟာ အံကြိတ်ပြီး ကျိန်စာဆက်တိုက်ပါတယ်။
၁၅၀ ဘီလီယံ အရောက်မှာတော့ ဟန်ကျွယ် မျှော်လင့်နေတဲ့ စာတစ်စောင်ကို တွေ့လိုက်ရပါတယ်။
[သင့်ကျိန်စာကြောင့် သင့်ရန်သူ ကျောက်စိမ်းဧကရာဇ် ကျိုးရန်သည် တာအိုနှလုံးသား အက်ကွဲပြီး ဓမ္မစွမ်းအား ဖရိုဖရဲဖြစ်ကာ ကြမ္မာဆိုးဝင်သဖြင့် အဆုံးမသတ်နိုင်သော အကုသိုလ်ကံများ၏ တိုက်ခိုက်မှုကို ခံလိုက်ရသည်။]
ဟန်ကျွယ်ဟာ ကျိန်စာတိုက်တာ ရပ်လိုက်ပါတယ်။ သက်တမ်းအများကြီးသုံးပြီး ကျိန်စာတိုက်ထားပေမဲ့ ဟန်ကျွယ်ဟာ မသက်မသာ မခံစားရပါဘူး။ ဒါပေမဲ့ ဟန်ကျွယ် အသက်ရှူသံက နည်းနည်း မူမမှန်ပါဘူး။
‘ကောင်းကင်ဘဝဂ်အဆင့်က တကယ်ကို ကျောက်စိုင်ကျောက်ခဲလို တည်မြဲတာပဲ’
ဟန်ကျွယ်ဟာ တစ်ခါတည်းနဲ့ သက်တမ်းဘယ်လောက်ထိ အများဆုံးသုံးပြီး ကျိန်စာတိုက်နိုင်လဲဆိုတာ သိချင်သွားပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ဟာ မစမ်းသပ်ရဲပါဘူး။ ကျိန်စာတိုက်တာကကို စွဲသွားမှာစိုးလို့ပါ။
ဟန်ကျွယ်ရဲ့ သက်တမ်းက ဘယ်လောက်ပဲများများ အကြိမ်တိုင်းမှာ ဘီလီယံရာချီ ကျိန်စာတိုက်နေရင် ကြာကြာခံမှာ မဟုတ်ပါဘူး။ ဟန်ကျွယ်ဟာ သူ့စိတ်ကိုလည်း သတိထားပြီး စောင့်ကြည့်လာပါတယ်။ ဘာပဲဖြစ်ဖြစ် မဖြစ်ခင် ကြိုတင်ကာကွယ်တာ အကောင်းဆုံး မဟုတ်ပါလား။
ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို ပြန်သိမ်းပြီး နတ်ထူးဆန်းကို လွှတ်ပေးလိုက်ပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ စတင်ကျင့်ကြံပါတယ်။ မကျင့်ကြံတာ နှစ်နည်းနည်းပဲ ရှိသေးပေမဲ့ ဟန်ကျွယ်ဟာ အချိန်အကြာကြီး ရှိသွားပြီလို့ ခံစားနေရပါတယ်။
ဟန်ကျွယ်ဟာ ကျင့်ကြံအားထုတ်ရင်း စာစောင်တွေကို စစ်ဆေးလိုက်ပါတယ်။
[သင့်တပည့် လုံဟောင်သည် ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ်နှင့် စတင်ပေါင်းစပ်နေ၏။]
[သင့်တပည့်စုချီသည် နတ်ဘီလူးဝဲကတော့ထဲသို့ မတော်တဆ ဝင်ရောက်မိသွားသည်။]
[သင့်မိတ်ဆွေ ဟွမ်ဂျိဟောင်သည် လူသားကျင့်ကြံသူများ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၁၀၉၂
[သင့်မိတ်ဆွေ လီတောက်ခုံးသည် သင့်ရန်သူ ကျောက်စိမ်းဧကရာဇ် ကျိုးရန် တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။]
[သင့်မိတ်ဆွေ လီတောက်ခုံးသည် လျှို့ဝှက်ဆန်းကြယ် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး၏ တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်။]
[သင့်မြေးတပည့် ဖန်းလျန်သည် ကျင့်ကြံအားထုတ်ရင်း တာအိုဘိုးဘေးကို အိပ်မက်မြင်မက်ပြီး ကျင့်ကြံမှုများစွာ တိုးတက်သွား၏။]
[သင့်မိတ်ဆွေ ကျိုးဖန်သည် နေမီးလျှံစစ်အား ဝါးမြိုပြီး ဘိုးဘေး ဧကရာဇ်ခေါင်းလောင်း၏ အသိအမှတ်ပြုမှုကို ရရှိသွားသည်။]
[သင့်မိတ်ဆွေ ဟွမ်ဇွမ်တျန်သည် တာအိုပညာရှိ၏ တာအိုဟောကြားမှုကို နားထောင်ပြီး ကျင့်ကြံမှုများစွာ တိုးတက်သွား၏။]
‘လုံဟောင်နဲ့ ဟောင်တျန်က ပေါင်းစပ်နေပြီလား… ဒီနှစ်ကောင်က နောက်ထပ် ဘာပြဿနာတွေ ဖြစ်စေအုန်းမှာလဲ’
လုံဟောင် ကောင်းကင်ဧကရာဇ်ကို ဆန့်ကျင်လိုက်ကတည်းက ဟန်ကျွယ်ဟာ လုံဟောင်ရဲ့ သေရေးရှင်ရေးကို ဂရုမစိုက်တော့ပါဘူး။
ပြောင်းလဲတက်တာ လူတွေရဲ့ သဘာဝပဲ မဟုတ်ပါလား။
ဟန်ကျွယ်ဟာ လီတောက်ခုံးကို လျှို့ဝှက်ဆန်းကြယ် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး တိုက်ခိုက်တာကို သတိထားမိလိုက်ပါတယ်။ ဟန်ကျွယ်က ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ် ဖြစ်နေပြီမို့ ဒီလျှို့ဝှက်ဆန်းကြယ် စွမ်းအားကြီးပုဂ္ဂိုလ်က ကျိန်းသေပေါက် ကောင်းကင်ဘဝဂ်အဆင့်ထက် စွမ်းအားကြီးမှာပါ။ အနည်းဆုံး တာအိုပညာရှိအတု အဆင့်တော့ ရှိလောက်ပါတယ်။
‘ကျောက်စိမ်းဧကရာဇ် ကျိုးရန်က ဘေးနားမှာ တာအိုပညာရှိအတု ရှိနေသေးတာလား’ ဟန်ကျွယ်ဟာ ကျောက်စိမ်းဧကရာဇ်ကို လျှော့တွက်မိပြီလို့ သဘောပေါက်လိုက်ပါတယ်။
‘ကျိုးဖန်က ဘိုးဘေးဧကရာဇ်ခေါင်းလောင်းရဲ့ အသိအမှတ်ပြုမှုကို ရသွားပြီဆိုတော့ နတ်ရွှေကျီးကန်းမျိုးနွယ်စုကို ထိန်းချုပ်တော့မဲ့ သဘောလား၊ တာအိုပညာရှိရဲ့ ကိုယ်ပွားလို့ မပြောရဘဲ၊ တကယ်ကို ကောင်းကင်တာအိုရဲ့ အချစ်တော်ပဲ’
အတိုချုပ်ရရင် အင်မော်တယ်ကမ္ဘာမှာ တိုက်ပွဲတွေ တော်တော်လေး နည်းသွားပါတယ်။ အနည်းဆုံး ဟန်ကျွယ် မိတ်ဆွေတွေထဲမှာ တိုက်ခိုက်ခံရတာ သိပ်မရှိပါဘူး။
ဟန်ကျွယ်ဟာ စာစောင်တွေ ဖတ်ပြီးတဲ့နောက် ကျင့်ကြံမှုကို အာရုံစိုက်ပါတယ်။ ဟန်ကျွယ်ဟာ ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ် ဖြစ်လာပေမဲ့ အကုသိုလ်ကံကို စုပ်ယူပြီး ကျင့်ကြံလို့ရပါသေးတယ်။ ကမ္ဘာဖျက်ကြာနက်ထဲမှာရှိတဲ့ အကုသိုလ်ကံ အနန္တကပ်ဘေးများစွာ စုဆောင်းတာမို့ ဟန်ကျွယ် စုပ်ယူလို့ မကုန်ပါဘူး။
ဟန်ကျွယ်က ကြိုးကြိုးစားစား ကျင့်ကြံနေပေမဲ့ အင်မော်တယ်ကမ္ဘာကတော့ အနန္တကပ်ဘေးကြောင့် အပြောင်းလဲကြီး ပြောင်းလဲကာ တန်ခိုးကြီး အင်မော်တယ်တွေ အများကြီး ထွက်ပေါ်လာပါတယ်။
ဒီထဲမှာ လူသားတွေရဲ့ အရှိန်အဟုန်က ပိုပို အားကောင်းလာပြီး ပုန်းအောင်းနေတဲ့ ထိပ်သီးကျင့်ကြံသူတွေပါ ထွက်ပေါ်လာပါတယ်။ အဲဒီတော့မှ ကောင်းကင်တာအိုရဲ့ အချစ်တော် လူသားမျိုးနွယ်စုက တာအိုဂိုဏ်းနဲ့ အင်မော်တယ်တွေရဲ့ ကာကွယ်မှုကို လိုအပ်တဲ့ သေမျိုးတွေ မဟုတ်တော့ဘူးဆိုတာကို လူတိုင်း သဘောပေါက်သွားကြပါတယ်။
သေမျိုးတွေက အင်မော်တယ်တွေနဲ့ ယှဉ်နိုင်လာပြီး တချို့နေရာမှာ အင်မော်တယ်တွေထက်တောင် ပိုစွမ်းနေပါသေးတယ်။
တစ်နှစ်ပြီး တစ်နှစ်ကုန်ဆုံးကာ ၁၇ နှစ်နီးပါး ကြာသွားပါတယ်။
တိတ်ဆိတ်ဂိုဏ်းဟာ ထပ်ပြီးတော့ လှုပ်ခါသွားပါတယ်။ ဒီတစ်ခါမှာတော့ လူတိုင်းဟာ တည်တည်ငြိမ်ငြိမ်ပါပဲ။ ဟန်ကျွယ်ဟာ အမှောင်ထုစွမ်းအား လိမ့်တက်သွားတာကို အာရုံခံမိလိုက်ပါတယ်။ ကံကောင်းထောက်မစွာပဲ တာအိုစက်ကွင်းက အရင်ကထက် ပိုအားကောင်းနေပြီ ဖြစ်တဲ့အတွက် စိုးရိမ်စရာ မလိုတော့ပါဘူး။
ဆယ်မိနစ်ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ တရင်းတနှီးရှိတဲ့ ရောင်ဝါတစ်ခု ဖြတ်သန်းသွားတာကို ခံစားလိုက်ရပါတယ်။
‘အင်း.. စုချီပါလား၊ တိုက်ဆိုင်လိုက်တာ’
ဟန်ကျွယ်ဟာ စုချီက အမှောင်တားမြစ်နယ်မြေမှာ ရှိနေမှန်း သိပါတယ်။ ဒါပေမဲ့ ဒီလောက်ကျယ်တဲ့ နယ်မြေမှာ ရုတ်တရက်ကြီး လာတိုးတာကတော့ သိပ်ပြီးတော့ မူမမှန်ပါဘူး။ ဟန်ကျွယ်ဟာ မသင်္ကာတာနဲ့ စနစ်ကို မေးလိုက်ပါတယ်။
“စုချီကို ငါနဲ့ ဒီနေရာမှာ တွေ့ဖို့ ဘယ်သူ စီစဉ်နေတာလဲ”
[သက်တမ်း ၃ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
‘များလှချည်လား… ဒါ ကျိန်းသေပေါက် ထောင်ချောက်ပဲ ဖြစ်ရမယ်’
ဆက်တွက်မယ်။
ဟန်ကျွယ်စိတ်ထဲမှာ ရုပ်သွင်တစ်ခု ပေါ်လာပြီး မြင်ကွင်းထဲမှာလည်း စာကြောင်းတွေ ပေါ်လာပါတယ်။
[ကျင်းအန်း: ကျင့်ကြံမှုမသိ၊ ကောင်းကင်တာအိုပညာရှိ၊ အနန္တဧကရာဇ်၊ ကျယ်ကျောင်းတော်၏ ရွှေအင်မော်တယ်များထဲတွင် တစ်ပါးအပါအဝင် ဖြစ်သည်။ ကျင်းအန်းသည် စုချီနှင့် သင့်ကံတရား ဆက်စပ်နေသည်ကို တွက်ချက်မိသဖြင့် စုချီကို အမှောင်တားမြစ်နယ်မြေ၌ လျှောက်သွားကာ သင့်နှင့် မတော်တဆ တိုးစေချင်သည်။]
‘အင်း… ကောင်းကင်တာအိုပညာရှိလား’
ဟန်ကျွယ်ဟာ မှင်သက်သွားပါတယ် ‘ကျယ်ကျောင်းတော်မှာ တာအိုပညာရှိတစ်ပါးပဲ ရှိတာ မဟုတ်ဘူးလား’
‘တပည့်လေး… အခုတော့ သည်းခံလိုက်အုန်း’
ဟန်ကျွယ်ဟာ စုချီ ထွက်သွားတာကို စောင့်ရင်း ဆက်ပြီးတော့ ကျင့်ကြံပါတယ်။ ဘာပဲဖြစ်ဖြစ် တာအိုပညာရှိ ကျင်းအန်းက တာအိုစက်ကွင်းကို ချောင်းကြည့်နိုင်မှာ မဟုတ်တဲ့အတွက် ဟန်ကျွယ်ဟာ မကြောက်ပါဘူး။
စုချီအတွက်ကတော့ သူ့ကို တိတ်ဆိတ်ကျွန်းကနေ ထွက်သွားဖို့ ဘယ်သူမှ မခိုင်းပါဘူး။ သူ့ဘာသာ ထွက်သွားတာပေါ့။ ဒီတော့ ဒီအကျိုးရလဒ်ကို တောင့်ခံသင့်ပါတယ်။
အတန်ကြာတဲ့အခါမှာတော့ စုချီရဲ့ ရောင်ဝါဟာ ပျောက်ကွယ်သွားပါတယ်။ ဟန်ကျွယ်ဟာ အမှောင်တားမြစ်နယ်မြေမှာ အာရုံမခံနိုင်ပါဘူး။ ဒါပေမဲ့ စုချီကလည်း အမှောင်တားမြစ်နယ်မြေကလူ မဟုတ်တဲ့အတွက် အမှောင်ထုထဲမှာ ထွန်းထားတဲ့ မီးအိမ်လို အထင်အရှားကြီး တွေ့နိုင်ပါတယ်။
ဒါပေမဲ့ စုချီကတော့ အာရုံအကုန်လုံး အသုံးမဝင်တဲ့အတွက် သူ့ပတ်ဝန်းကျင်မှာ ဘာတွေ ရှိနေလဲဆိုတာကို မသိပါဘူး။ ဒီနှစ်တွေမှာ စုချီ ဘယ်လိုနေခဲ့လဲဆိုတာ ဟန်ကျွယ် တကယ်ကို မခန့်မှန်းတက်ပါဘူး။
စုချီ ထွက်သွားတဲ့အခါမှာ တိတ်ဆိတ်ကျွန်းက ပုံမှန် ပြန်ဖြစ်သွားပါတယ်။
ဟန်ကျွယ်လည်း ကျင့်ကြံမှုထဲ စိတ်နှစ်လိုက်ပါတယ်။
သုံးနှစ်ကြာတဲ့အခါမှာတော့ တိတ်ဆိတ်ကျွန်းရဲ့ နှစ်တစ်ရာပြိုင်ပွဲကို ရောက်ရှိလာပါတယ်။ လီယောင်က တပည့်တွေထဲမှာ အစွမ်းအထက်ဆုံး ဆိုပေမဲ့ တခြားအင်မော်တယ်ဧကရာဇ်တွေနဲ့တော့ မယှဉ်နိုင်သေးပါဘူး။
ကျန်းယီကလည်း မဆိုးပါဘူး။ ငရဲနက်နတ်ဆိုးသခင်ကို အနိုင်ယူလိုက်ပါတယ်။ ဒီရလဒ်ကြောင့် ကျန်းယီဟာ အတော်လေး စိတ်လှုပ်ရှားသွားပြီး သူ့ကိုယ်သူ အထင်ကြီးကာ ဟန်ကျွယ်ကို စိန်ခေါ်ပါတော့တယ်။ ဟန်ကျွယ်ကလည်း မငြင်းဘဲ လက်သီးတစ်ချက်တည်းနဲ့ သတ်ပေးလိုက်ပါတယ်။
အသွင်တူလက်ရည်စမ်းပွဲ ပြီးတဲ့အခါ ကျန်းယီဟာ ချက်ချင်းဆိုသလို မှိုင်ကျသွားပါတယ်။
တခြားသူတွေကလည်း ကျန်းယီ ဘာတွေကြုံတွေ့ခဲ့ရလဲဆိုတာ သိချင်သွားကြပါတယ်။
“ဟားဟား…. သခင် စော်တာခံလိုက်ရပြီမလား” ငရဲကြက်နက်က ကျယ်လောင်စွာ ရယ်မောလိုက်ပါတယ်။ တခြားသူတွေလည်း မရယ်ဘဲ မနေနိုင်ကြပါဘူး။
“တိတ်ကြစမ်း” ကျန်းယီဟာ ဒေါသတကြီး ထအော်ပါတော့တယ်။
ကျန်းယီရဲ့ မျက်နှာက ဒေါသကြောင့် နီရဲလာတကို တွေ့လိုက်ရတဲ့အတွက် လူတိုင်း ကြက်သေသေသွားကြပါတယ် ‘ကြက်စုတ်ပြောတာ မှန်နေတာလား’
…..
တိမ်ပင်လယ်ထက်က သစ်ပင်အိုကြီးအောက်မှာ ကျောက်စိမ်းဧကရာဇ် ကျိုးရန်ဟာ နတ်အလင်းရောင် ဖြာထွက်နေတဲ့ တကျို့တျန်ကို မျက်နှာချင်းရပ်နေပါတယ်။
“မင်း တွေးပြီးပြီလား” တကျို့တျန်က မေးလိုက်ပါတယ်။
မျက်နှာပျက်နေတဲ့ ကျောက်စိမ်းဧကရာဇ် ကျိုးရန်ဟာ အသံနှိမ့်ပြီး ပြောလိုက်ပါတယ် “ငါ အခုထိ မရှုံးသေးဘူး၊ လီတောက်ခုံးကို မနိုင်တာက နောက်ကွယ်ကနေ ကျိန်စာတိုက်နေတဲ့ အမှောင်သခင်ကြီးကြောင့်ပဲ၊ မဟုတ်ရင် လီတောက်ခုံး ကျိန်းသေပေါက် ငါ့ပြိုင်ဘက် မဟုတ်ဘူး”
တကျို့တျန်ဟာ ခေါင်းခါလိုက်ပါတယ် “ရှုံးတာက ရှုံးတာပဲ၊ မင်းက တာအိုပညာရှိအတု၊ ဒါတောင် ကောင်းကင်ဘဝဂ် ကျင့်ကြံသူကို မသတ်နိုင်ဘူးဆိုတော့ ယုတ္တိမဲ့လွန်းတယ် မဟုတ်ဘူးလား”
ကျောက်စိမ်းဧကရာဇ် ကျိုးရန်ဟာ မည်းပြာတဲ့မျက်နှာနဲ့ တိတ်ဆိတ်သွားပါတယ်။
တကျို့တျန်ဟာ သက်ပြင်းချလိုက်ပါတယ် “ဒါက တာအိုပညာရှိတွေရဲ့ ဆန္ဒပဲ၊ ဒါပေမဲ့ ငါ့မှာ အစီအစဉ်တစ်ခုတော့ ရှိတယ်”
“ဘာအစီအစဉ်လဲ”
“ရွမ်လိန့်ကျောင်းတော်က လီရွှမ်အောက်ကိုသတ်ပြီး သူ့နေရာဝင်ယူဖို့ပဲ”
ကျောက်စိမ်းဧကရာဇ်ဟာ ကျိန်ဆဲလုနီး ဖြစ်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရွမ်လိန့်ကျောင်းတော်ရဲ့ တပည့်ကို သတ်လိုက်ရင် ရွမ်လိန့်ကျောင်းတော်ရဲ့ တာအိုပညာရှိက သူ့ကို အလွတ်ပေးမှာ မဟုတ်လို့ပါပဲ။
တကျို့တျန်က အဓိပ္ပာယ်ပါပါ ပြောလိုက်ပါတယ် “ဒီအခွင့်အရေးကို ဆုံးရှုံးမယ်ဆိုရင် ဘာဖြစ်မယ်ဆိုတာကို မင်း အသိဆုံးပါ၊ ငါက မင်းကောင်းဖို့ အကြံပေးတာ”
“အခုကောင်းကင်တာအို အနန္တကပ်ဘေးက ဘာမှမဟုတ်သေးဘူး၊ တကယ် ကပ်ဘေးအစစ်က လာနေတုန်း ရှိသေးတယ်၊ အဲဒီအချိန်ကျရင် တာအိုပညာရှိအောက် ကျင့်ကြံသူတွေက ပုရွက်ဆိတ်သာသာပဲ ရှိမှာ”
မြန်မာပြည် ငြိမ်းချမ်းပါစေ။
Chapter – 411
? Views, Released on December 7, 2024