အခန်း (၄၁၀) တာအိုစက်ကွင်း အဆင့်မြှင့်ခြင်း၊ မာချောင်
ဟန်ကျွယ်ဟာ ကောင်းကင်ဘဝဂ်အဆင့်ကို လေ့လာသုံးသပ်နေတာမို့ အင်မော်တယ်ကမ္ဘာမှာ ဘာဖြစ်နေတယ်ဆိုတာကို မသိပါဘူး။ ဘာလိုလိုနဲ့ နှစ် ၃၀ ကုန်ဆုံးသွားပြီး စနစ်ကလည်း အဆင့်မြှင့်တင်လို့ ပြီးသွားပါတယ်။
[စနစ် အဆင့်မြှင့်တင်မှု အောင်မြင်စွာ ပြီးဆုံပါပြီ။]
[တာအိုစက်ကွင်းကို အဆင့်မြှင့်ပြီးပါပြီ။ တာအိုစက်ကွင်း အစီအရင်သည် တာအိုပညာရှိအတုအဆင့်သို့ တိုးမြှင့်သွားပြီး တာအိုစက်ကွင်းထဲရှိ အတွင်းအာကာသသည်လည်း ကျယ်ပြန့်သွားပါပြီ။]
[တာအိုစက်ကွင်းထဲရှိ အင်မော်တယ်ချီသည် ဆယ်ဆတိုးသွားပြီး ရှန်တျန်ချီသည် ငါးဆတိုးသွားပါသည်။]
[တာအိုစက်ကွင်းသည် ကောင်းကင်တာအို အဆင့်ရှိ နတ်အာရုံကို ဟန့်တားနိုင်သည်။]
[နောက်ထပ် တာအိုစက်ကွင်းအစောင့် ထပ်ထား၍ ရပါပြီ။ အသွင်တူလက်ရည်စမ်းပွဲထဲရှိ ကောင်းကင်ဘဝဂ် ကျင့်ကြံသူအား ပုံတူပွား၍ အစောင့်အဖြစ် သတ်မှတ်နိုင်သည်။ တာအိုစက်ကွင်းအစောင့်သည် သင့်စကားအား လုံးဝနားထောင်ပြီး တာအိုစက်ကွင်းထဲမှာ တစ်နာရီကြာ ထွက်ခွာ၍ မရပါ။ တစ်နာရီကြာ ထွက်ခွာမိလျှင် အရည်ပျော်ကျသွားလိမ့်မည်။]
ဒီတစ်ခါ စနစ်အဆင့်မြှင့်တာက နှစ်ဆယ်ချီကြာပေမဲ့ ရလာတဲ့ အကျိုးအမြတ်ကလည်း မဆိုးလှပါဘူး။ တာအိုစက်ကွင်းရဲ့ အကာအကွယ် အစီအရင်က တာအိုပညာရှိအတုအဆင့်ထိ တိုးတက်သွားပြီး ကောင်းကင်တာအိုလိုမျိုး တည်ရှိမှုရဲ့ နတ်အာရုံကိုလည်း ဟန့်တားနိုင်သွားပါတယ်။
ဟန်ကျွယ်ဟာ အလွန်တရာ လုံခြုံတယ်လို့ ခံစားလိုက်ရပါတယ်။ ဒီလိုအနေအထားမျိုးမှာ ဟန်ကျွယ်သာ အပြင်မထွက်ဘူးဆိုရင် ကပ်ဘေးထဲမှာ သေစရာအကြောင်း လုံးဝမရှိပါဘူး။
ဟန်ကျွယ်ဟာ ဒုတိယ တာအိုစက်ကွင်း အစောင့်အတွက် ဘယ်သူကို ပုံတူပွားရမလဲဆိုတာ စရွေးချယ်ပါတယ်။ အတန်ကြာအောင် ရွေးချယ်ပြီးတဲ့နောက်မှာတော့ ဟန်ကျွယ်ဟာ ဇုထူကိုပဲ ဒုတိယအစောင့်အဖြစ်ထားဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဇုထူက အနန္တကပ်ဘေးမှာ နံပါတ်တစ် ကျင့်ကြံသူ ဖြစ်တဲ့အတွက် ကောင်းကင်ဘဝဂ် ကျင့်ကြံသူတွေထဲမှာ အစွမ်းအထက်ဆုံး ကျင့်ကြံသူ မဟုတ်ပါလား။
‘ဒီအတိုင်းဆို ငါ့ဆီမှာ ဇုထူစစ်တပ် ဖြစ်လာမှာပဲ’
အစောင့်ပုံတူပွားတာက အချိန်ကြာမြင့်တဲ့ လုပ်ဆောင်ချက် ဖြစ်တာကြောင့် ဟန်ကျွယ်ဟာ ကောင်းကင်ဘဝဂ်တာအိုကို ဆက်ပြီးတော့ သုံးသပ်ပါတယ်။
တစ်ချိန်တည်းမှာပဲ တာအိုစက်ကွင်းထဲက အင်မော်တယ်ချီနဲ့ ရှန်တျန်ချီဟာ စတိုးလာပါတယ်။ တိတ်ဆိတ်ဂိုဏ်းသားတွေဟာ ဟန်ကျွယ်က ဆန်းကြယ်စွမ်းအား သုံးနေတယ်လို့ အထင်ရှိတာကြောင့် အံအားသင့်ခြင်း မရှိပါဘူး။ နောက်ပြီး ဒီလို ချီတိုးတက်တာကလည်း ပထမဆုံးအကြိမ် မဟုတ်တော့ပါဘူး။
ဟန်ကျွယ်ဟာ ကောင်းကင်ဘဝဂ်အဆင့်ကို ရောက်ပြီးကတည်းက တစ်ခါမှ မကျင့်ကြံဘဲ ကောင်းကင်ဘဝဂ် တာအိုသီးကိုသာ အာရုံခံပါတယ်။ ကောင်းကင်ဘဝဂ် တာအိုသီးမှာက လောကကြီးရဲ့ မရေမတွက်နိုင်တဲ့ အမှန်တရားတွေနဲ့ ကောင်းကင်တာအို နိယာမတွေ ပါဝင်နေတာကြောင့် အချိန်တိုအတွင်း အလုံးစုံသိမြင်ဖို့ မလွယ်ပါဘူး။
ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ်က ဓမ္မစွမ်းအားပဲ ကြီးမားတာ မဟုတ်ပါဘူး။ တခြား လျှို့ဝှက်ဆန်းကြယ်တဲ့ အားသာချက်တွေလည်း ရှိပါတယ်။ ဟန်ကျွယ်သာ ကောင်းကင်ဘဝဂ် တာအိုသီးကို အလုံးစုံ သိမြင်မယ်ဆိုရင် အတိုင်းအတာတစ်ခုအထိ တန်ခိုးကြီးလာမှာပါ။
ငါးနှစ်ကြာတဲ့အခါမှာတော့ ဒုတိယအစောင့်ကို ပုံတူပွားလို့ ပြီးသွားပါတယ်။ ဟန်ကျွယ်ဟာ ဒီအစောင့်ကို မာချောင်လို့ နာမည်ပေးလိုက်ပါတယ်။
[ဒီစာရေးဆရာက သုံးပြည်ထောင်ဖန်ထင်တယ်။ ပါးစပ်ကထွက်လာတဲ့ နာမည်မှန်သမျှ သုံးပြည်ထောင်ကနေ မလွတ်ဘူး။ အစောင့်နာမည်တွေကလည်း လွီပု၊ မာချောင်တဲ့။ နောက်ကျရင် သုံးပြည်ထောင် သူရဲကောင်းအကုန်လုံးရဲ့ နာမည်ပေးဖို့ စဉ်းစားထားလားမသိဘူး]
ကျင့်ကြံခြင်းလိုဏ်ဂူထဲက ထွက်လာတဲ့ မာချောင်ကို တွေ့လိုက်ရတဲ့အခါမှာ တိတ်ဆိတ်ဂိုဏ်းသားအားလုံး မှင်သက်သွားကြပြီး လွီပုက ဇုထူအစစ် မဟုတ်ဘဲ ဇုထူအစစ်က သေသွားပြီဆိုတာကို သဘောပေါက်သွားကြပါတယ်။ ဒါ့အပြင် ဟန်ကျွယ်က ဆန်းကြယ်စွမ်းအား တစ်မျိုးမျိုးကိုသုံးပြီး ဇုထူနဲ့ တစ်ပုံစံတည်းတူတဲ့ ကိုယ်ပွားတွေကို ဖန်တီးနေမှန်း သိလိုက်ပါတယ်။
မာချောင်က ဇုထူနဲ့ တစ်ပုံစံတည်းတူတဲ့အပြင် သူ့ရောင်ဝါက ပိုလို့တောင် ကြောက်ဖို့ကောင်းနေပါသေးတယ်။
ချူရှီရန်၊ မုရုံချီ၊ လီယောင်၊ ထူလင်းအာနဲ့ တခြားတပည့်တွေ အကုန်လုံး ကြက်သေသေသွားကြပြီး သူတို့က ဟန်ကျွယ်အတွက် သိပ်အရေးမကြီးလောက်ဘူးလို့ ခံစားလိုက်ရပါတယ်။ သူတို့တွေးလည်း တွေးချင်စရာပါ။ အဖြစ်မှန်မှ မသိတာကိုး။
‘ဒီလိုစွမ်းအားကြီးတဲ့ နောက်လိုက်တွေကို ဖန်တီးနိုင်ရဲ့သားနဲ့ ငါတို့ကို ဘာလို့ ပြုစုပြိုးထောင်နေရတာလဲ… ဆရာသခင်က ငါတို့ကို တကယ့်စိတ်ရင်းအမှန်နဲ့ ဆက်ဆံတာ ဖြစ်ရမယ်’ ဒီအတွေးကြောင့် တိတ်ဆိတ်ဂိုဏ်းသားတွေဟာ ဟန်ကျွယ်ကို ပိုပြီးတော့ ကျေးဇူးတင်သွားကြပါတယ်။
ကျင့်ကြံခြင်းလိုဏ်ဂူထဲကနေ မာချောင် ထွက်သွားတဲ့အခါ ဟန်ကျွယ်ဟာ မျက်နှာသာပေးမှု တိုးလာတဲ့ အသိပေးချက်တွေကို လက်ခံရရှိလိုက်တာကြောင့် ပါးစပ်အဟောင်းသား ဖြစ်သွားရပါတယ်။
‘ဘာလဲဟ… ဘာမှလည်း မဆိုင်ဘဲနဲ့’
ဟန်ကျွယ်ဟာ ဒီကိစ္စကို ဆက်ပြီးတော့ မတွေးတောဘဲ ကောင်းကင်ဘဝဂ် တာအိုသီးကိုသာ ဆက်ပြီးတော့ လေ့လာသုံးသပ်ပါတယ်။
ဟန်ကျွယ်ဟာ ရှင်းဟုန်ရွှမ်က ဖိတ်ခေါ်ပညာရပ် အသုံးပြုနေတာကို အာရုံခံမိတဲ့အတွက် မျက်လုံး ပြန်ဖွင့်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ ကိုယ်ရေးအကျဉ်းကို စစ်ဆေးကြည့်လိုက်တဲ့အခါမှာ ၄၃ နှစ် ကုန်ဆုံးသွားပြီဆိုတာကို တွေ့လိုက်ရတဲ့အတွက် သက်ပြင်းမချဘဲ မနေနိုင်ပါဘူး။
ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ်တွေအတွက် ခဏတာက သေမျိုးကမ္ဘာရဲ့ မင်းဆက် လေးငါးဆက်စာလောက် ရှိပါတယ်။
ဟန်ကျွယ်ဟာ ဝဲကတော့နက်ထဲ ဝင်ပြီး ရှင်းဟုန်ရွှမ်ရဲ့ အိပ်ဆောင်ကို ရောက်ရှိသွားတဲ့အခါ ရှင်းဟုန်ရွှမ်ရဲ့ အိပ်ဆောင်ထဲမှာ တော်တော်သိပ်သည်းတဲ့ ရှန်တျန်ချီ ရှိနေတာကို တွေ့လိုက်ရပါတယ်။ ဟန်ကျွယ် ပေါ်လာတာကို တွေ့တာနဲ့ ရှင်းဟုန်ရွှမ်ဟာ ချက်ချင်း ဟန်ကျွယ်နား တိုးသွားပြီး အပြုံးနဲ့ ပြောလိုက်ပါတယ် “ယောက်ျား… နောက်ဆုံးတော့ ရောက်လာပြီပဲ”
ရှင်းဟုန်ရွှမ်ဟာ ဟန်ကျွယ်ကို စားပွဲခုံဆီ ခေါ်သွားပြီး ထိုင်ခိုင်းပါတယ်။ အဲဒီနောက် ဟန်ကျွယ်ရဲ့ ခရမ်းရောင်မျက်ဆံတွေကို သတိထားမိတာကြောင့် တအံတဩ ဖြစ်သွားပါတယ် ‘ယောက်ျား… နောက်တစ်ဆင့် တက်ပြန်ပြီလား’
ဒါပေမဲ့ ရှင်းဟုန်ရွှမ်ဟာ ဒီအကြောင်းကို မမေးဘဲ ဒီအတောအတွင်း သူ့ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံတွေကိုသာ စပြောပါတယ်။
လွန်ခဲ့နှစ်တစ်ရာက လူသားမျိုးနွယ်စုဟာ အဂ္ဂဘိုးဘေးတစ်ပါးကို ကြိုဆိုခဲ့ပါတယ်။ ဒီအဂ္ဂဘိုးဘေးရဲ့ ဆန်းကြယ်စွမ်းအားအောက်မှာ လူသားမျိုးနွယ်စုရဲ့ ကံတရား အထောက်အပံ့က တဟုန်ထိုး တိုးတက်လာခဲ့ပြီး အင်မော်တယ်ချီကလည်း ဆက်တိုက် သိပ်သည်းလာတာကြောင့် လူသားမျိုးနွယ်စုက ကျင့်ကြံသူတွေဟာ တစ်ယောက်ပြီး တစ်ယောက် အဆင့်တွေ ထိုးဖောက်ကုန်ကြပါတယ်။ ဒါကြောင့် အခုဆိုရင် လူသားတွေက ရည်မှန်းချက် ပိုကြီးလာပါပြီ။
လူသားမျိုးနွယ်စုဟာ ကံတရားအထောက်အပံ့ရှိတဲ့ မျိုးနွယ်စုတွေ ဂိုဏ်းကို အမြစ်ပြတ်ချေမှုန်းပြီး ကောင်းကင်တာအိုကို တစ်ကိုယ်တည်း ထိန်းချုပ်ချင်လာပါတယ်။
ဟန်ကျွယ်ဟာ ဘာပြောရမှန်း မသိတော့ပါဘူး ‘လူသားတွေက ဒီလောက်တောင် မောက်မာလာတာလား’
ဟန်ကျွယ်ဟာ ပြီးခဲ့တဲ့ နတ်ဆိုးရုံးတော်၊ ကောင်းကင်ရုံးတော်၊ ရှန်နန်းတော်နဲ့ နဂါးရုံးတော်ကို ပြန်တွေးမိလိုက်ပါတယ် ‘ဒီပုံအတိုင်းဆိုင် အနန္တကပ်ဘေးက ဘယ်တော့မှ အဆုံးသတ်မှာလဲ’
ရှင်းဟုန်ရွှမ်က မေးလိုက်ပါတယ် “ယောက်ျား… မိန်းမ အခွင့်အာဏာကို ယူသင့်တယ်လို့ ထင်လား”
“ဘယ်အခွင့်အာဏာလဲ”
ရှင်းဟုန်ရွှမ်ဟာ အသက်ပြင်းပြင်း ရှူသွင်းပြီး ဖြေလိုက်ပါတယ် “လူသားဧကရာဇ်ရဲ့ အခွင့်အာဏာ”
ရှင်းဟုန်ရွှမ်ဟာ ဟန်ကျွယ်ကို ရင်တထိတ်ထိတ်နဲ့ ကြည့်နေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့အတွေးက အလွန်တရာမှ ရဲတင်းလွန်းပြီး ဘယ်သူမှ ယုံကြည်မှာမဟုတ်လို့ပါပဲ။ ဒါ့အပြင် ဟန်ကျွယ်လို ပြဿနာကြောက်တဲ့လူက ဒီကိစ္စအတွက် ဆက်ဆံရေးတွေ အကုန်လုံးကို ဖြတ်တောက်နိုင်ပါတယ်။
ဒါပေမဲ့ ဟန်ကျွယ်ဟာ ရှင်းဟုန်ရွှမ်စကားကြောင့် မအံဩပါဘူး “မင်းစိတ်တိုင်းကျလုပ်”
“ဟင်.. ယောက်ျားက မိန်းမကို မစိုးရိမ်ဘူးလား”
“ဘာစိုးရိမ်စရာရှိလို့လဲ၊ မင်း အပြင်မှာ သေသွားရင်တောင် ငါက ဝမ်းနည်းမှာ မဟုတ်ဘူး”
“ဟွန်း… ယောက်ျားက ခေါင်းမာတုန်းပဲ”
“ငါ မင်းကို ပြန်လာခဲ့ဖို့ အစောကြီးကတည်းက ပြောသားပဲ၊ ဒါပေမဲ့ ကိစ္စမရှိပါဘူး၊ မင်းရွေးချယ်မှုကို ငါ လေးစားပါတယ်၊ ဒါပေမဲ့ ငါ့ကို မင်းနဲ့အတူသေဖို့တော့ မမျှော်လင့်နဲ့”
ဟန်ကျွယ်က အကြင်နာမဲ့စွာ ပြောလိုက်ပေမဲ့ ရှင်းဟုန်ရွှမ်က ဝမ်းမနည်းပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဟန်ကျွယ်အကြောင်းကို သူ အသိဆုံးမို့လို့ပါပဲ။
ရှင်းဟုန်ရွှမ်ဟာ ပြုံးပြီး ပြောလိုက်ပါတယ် “ယောက်ျား မစိုးရိမ်ပါနဲ့၊ မိန်းမ သေမယ်ဆိုရင် ယောက်ျားကို ဆွဲမထည့်ပါဘူး၊ ဒါပေမဲ့ မိန်းမ အောင်မြင်ခဲ့ရင်တော့ အနာဂတ်မှာ ယောက်ျားလိုချင်တာ မှန်သမျှကို မိန်းမလုပ်ပေးနိုင်တာဆိုရင် ကျိန်းသေပေါက် ရစေရမယ်၊ လူသားမျိုးနွယ်စုတစ်စုလုံးကိုတောင် ယောက်ျားအတွက် လိုတာမှန်သမျှ ခိုင်းလို့ရတယ်”
“ဟွန်း… ကိုယ့်ကိုကိုယ် အရင်ဂရုစိုက်အုန်း၊ လူသားဧကရာဇ် တိုက်ပွဲက အဲဒီလောက် မလွယ်ဘူး”
“ဟီးဟီး… မိန်းမ သိပါတယ်”
ယုံကြည်မှုအပြည့်ရှိတဲ့ ရှင်းဟုန်ရွှမ်ရဲ့ အပြုံးကြောင့် ဟန်ကျွယ်ဟာ ခန်းမှန်းလိုက်ပါတယ် ‘နွီဝါက သူ့ကို တစ်ခုခုများ ပြောထားလို့လား… ဟုတ်တယ်၊ ဒါဖြစ်နိုင်တယ်’
ရှင်းဟုန်ရွှမ်က ရဲတင်းတယ်ဆိုပေမဲ့ သူ ယုံကြည်မှုရှိတာကိုပဲ လုပ်တာပါ။ ဒါကြောင့် ဟန်ကျွယ်က ရှင်းဟုန်ရွှမ်ကို မတားတာပါ။ ဘာပဲဖြစ်ဖြစ် နွီဝါက သူနဲ့ ရှင်းဟုန်ရွှမ်အပေါ် မကောင်းတဲ့စိတ်ထား မရှိဘူးဆိုရင် နွီဝါက ဘာပေးပေး ဟန်ကျွယ်က လက်ခံမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ တာအိုပညာရှိတွေလည်း ကုသိုလ်လုပ်ဖို့ လိုလို့ပါပဲ။ အလှူခံမရှိဘဲ ဘယ်လိုလုပ် ကုသိုလ်ရမှာလဲ။
ဟန်ကျွယ်ဟာ ရှင်းဟုန်ရွှမ်ရဲ့ ကျင့်ကြံမှုကို လမ်းညွှန်ပေးပြီး သူ့အတွေ့အကြုံတွေကို မျှဝေပေးပါတယ်။
တစ်နှစ်ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ ကျင့်ကြံခြင်းလိုဏ်ဂူကို ပြန်ပါတယ်။ ဟန်ကျွယ်ဟာ ကျင့်ကြံခြင်းလိုဏ်ဂူထဲက ထွက်ပြီး တာအိုဟောကြားဖို့ ပြင်ဆင်ပါတယ်။ နတ်ထူးဆန်းကလည်း အရိပ်လိုပဲ ဟန်ကျွယ်နောက် လိုက်လာပါတယ်။
ဟန်ကျွယ် တာအိုဟောကြားမယ်ဆိုတာကို ကြားတာနဲ့ တပည့်အကုန်လုံးဟာ ဖူစန်းသစ်ပင်အောက်မှာ စုစည်းပြီး မျှော်လင့်တကြီး စောင့်ဆိုင်းကြပါတယ်။
ဟန်ကျွယ်ဟာ တာအိုစတင် ဟောကြားပြီး လူတိုင်းကို တာအိုသိမြင်နားလည်တဲ့ အခြေအနေဆီ တစ်ခဏချင်း ဆွဲခေါ်လိုက်ပါတယ်။ ကိုးနှစ်ဆိုတဲ့ အချိန်ကာလဟာ လျှပ်တပြက်ပါပဲ။ ဟန်ကျွယ်ဟာ တပည့်တွေရဲ့ မေးခွန်းတွေကို ထပ်ပြီး မဖြေတော့ဘဲ ကျင့်ကြံခြင်းလိုဏ်ဂူကို တန်းပြန်ပါတယ်။
ပြီးတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ နတ်ထူးဆန်းကို ကမ္ဘာဖျက်ကြာနက်ထဲ ထည့်ပြီး ကြမ္မာဆိုးစာအုပ်ကို ထုတ်ယူလိုက်ပါတယ်။
‘ငါ မင်းကို ဂရုမစိုက်တာ ကြာပြီဆိုတော့ ဒီတစ်ခါ အရင်ထက်နှစ်ဆပိုပြီး ဂရုစိုက်ပေးမယ်’
ကျောက်စိမ်းဧကရာဇ် ကျိုးရန်ရဲ့ မုန်းတီးမှုက ကြယ်ခြောက်ပွင့်တောင် ရောက်နေပြီဖြစ်တဲ့အတွက် ဟန်ကျွယ်ဟာ ကျောက်စိမ်းဧကရာဇ် ကျိုးရန်ကို မသတ်လို့မရပါဘူး။ မဟုတ်ရင် ဟန်ကျွယ်ဆီကို အဆုံးမသတ်နိုင်တဲ့ ပြဿနာတွေ ဆောင်ယူလာမှာပါ။
ဟန်ကျွယ်ဟာ စာစောင်တွေကနေ ကျောက်စိမ်းဧကရာဇ် ကျိုးရန်က အချိန်တစ်ခုအထိ တိတ်ဆိတ်သွားတာကို သိထားပါတယ်။ ဒါပေမဲ့ ဒီနှစ်တွေမှာ ကျောက်စိမ်းဧကရာဇ်က ပြန်လှုပ်ရှားလာပြီး လီတောက်ခုံးနဲ့ ပြန်တိုက်ခိုက်လာပါပြီ။
ဟန်ကျွယ်ဟာ အမှောင်သခင်ကြီးအနေနဲ့ လီတောက်ခုံးကို ဂရုစိုက်တယ်လို့ ပြောထားခဲ့ပါတယ်။ ဒါကြောင့် ဟန်ကျွယ်ဟာ ဒီအကြောင်းပြချက်ကိုသုံးပြီး ကျောက်စိမ်းဧကရာဇ် ကျိုးရန်ကို သတ်ပစ်မှာပါ။
ငါးရက်ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ရဲ့ သက်တမ်းဟာ စတင်လျော့ကျလာပါတယ်။
၁၀ ဘီလီယံ။
၂၀ ဘီလီယံ။
၅၀ ဘီလီယံ။
၈၀ ဘီလီယံ။
၁၀၀ ဘီလီယံ။
ကျောက်စိမ်းဧကရာဇ် ကျိုးရန်က ဘာမှမဖြစ်သေးတဲ့အတွက် ဟန်ကျွယ်ဟာ ဆက်ပြီးတော့ ကျိန်စာတိုက်ပါတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။
Chapter – 410
? Views, Released on December 7, 2024