အခန်း (၄၀၉) ကောင်းကင်နက္ခတ် နတ်ဘီလူး၊ လူသားမျိုးနွယ်စု အင်အားကြီးမားလာခြင်း
ဆက်တွက်မယ်။
ဟန်ကျွယ်ဟာ အနာဂတ်က ဘယ်လိုပြောင်းလဲသွားလဲဆိုတာကို မြင်ချင်ပါသေးတယ် ‘ကျောက်စိမ်းဧကရာဇ် ကျိုးရန် သေသွားရင် နောက်ထပ်စွမ်းအားကြီးပုဂ္ဂိုလ် တစ်ကောင်တော့ ပေါ်မလာလောက်ပါဘူးနော်’
ဟန်ကျွယ်ဟာ ပုံရိယောင်ထဲ ရောက်ရှိသွားပါတယ်။
ဟန်ကျွယ်ဟာ သာယာလှတဲ့ ရှုခင်းတစ်ခုကို ရောက်ရှိသွားပါတယ်။ မက်မွန်ပင်တွေက နေရာတိုင်းမှာ ရှိနေပြီး မက်မွန်ပန်းတွေရဲ့ ရနံ့ဟာ လေထဲမှာ သင်းကြိုင်နေပါတယ်။ တောအုပ်ထဲက လမ်းအတိုင်းလိုက်ရင်း တောင်ခါးပန်းကို တာအိုဘုံကျောင်းတစ်ကျောင်းကို ဟန်ကျွယ် တွေ့လိုက်ရပါတယ်။
အကြောင်းတချို့ကြောင့် ဟန်ကျွယ်ဟာ ဒီတောအုပ်ကို ရင်းနှီးနေတယ်လို့ ခံစားလိုက်ရပါတယ်။
‘ဒါက ဝီရိယတောင်လား… ဒါဆို ငါက အနန္တကပ်ဘေးမှာ နောက်ဆုံးအနိုင်ရသူလား’
ဟန်ကျွယ်ဟာ ရှေ့ဆက်လျှောက်ဖို့ ပြင်လိုက်ပေမဲ့ တာအိုဘုံကျောင်းကနေ လူနှစ်ယောက် ထွက်လာတာကို တွေ့လိုက်ရပါတယ်။ ဒီလူနှစ်ယောက်မှာ တစ်ယောက်က ဟန်ကျွယ်ဖြစ်ပြီး ကျန်တစ်ယောက်ကတော့ လီတောက်ခုံးပါ။
ဟန်ကျွယ်ဟာ သက်ပြင်းရှည်ကြီး ချလိုက်ပါတယ် ‘ဒီရလဒ်က မဆိုးဘူးပဲ’
အနာဂတ်ဟန်ကျွယ်ဟာ လမ်းလျှောက်နေတာ ရပ်ပြီး ပြောလိုက်ပါတယ် “ဒီနေရာထိပဲ လိုက်ပို့တော့မယ်”
လီတောက်ခုံးက အနာဂတ်ဟန်ကျွယ်ကို လှည့်ကြည့်ပြီး ပြောလိုက်ပါတယ် “မင်က ကိုယ့်ဆရာသခင်ကိုတောင် လိုက်မပို့ချင်တော့ဘူးလား၊ မင်းက ရွမ်လိန့်ကျောင်းတော် မျိုးဆက်သစ်ရဲ့ အကြီးဆုံးတပည့်နော်၊ ယဉ်ယဉ်ကျေးကျေး ရှိသင့်တယ်”
ဒီစကားကို ကြားလိုက်ရတဲ့ ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ် ‘ဘာလဲဟ… ငါက ဘယ်လိုလုပ်ပြီး ရွမ်လိန့်ကျောင်းတော်ရဲ့ အကြီးဆုံးတပည့် ဖြစ်သွားရတာလဲ’
အနာဂတ်ဟန်ကျွယ်ဟာ မတက်နိုင်တဲ့လေသံနဲ့ ပြောလိုက်ပါတယ် “ကျွန်တော် နားလည်ပါပြီ ဆရာသခင်”
‘အင်း… ဒီအတိုင်းဆို အနန္တကပ်ဘေးမှာ နောက်ဆုံးအနိုင်ရသူက ငါ မဟုတ်ဘဲ လီတောက်ခုံး ဖြစ်နေတာပဲ’ ဟန်ကျွယ်ဟာ ကြက်သေသေသွားပြီး တစ်ခုခုမှားနေပြီဆိုတာကို သိလိုက်ပါတယ်။
လီတောက်ခုံးဟာ မျက်ခုံးပင့်ပြီး ပြောလိုက်ပါတယ် “ဘာလဲ၊ မင်းက ငါ့တပည့်မလုပ်ချင်တာလား၊ ဒါပေမဲ့ ငါ မင်းကို ရွမ်လိန့်ကျောင်းတော်ထဲဝင်ဖို့ ဖိအားမပေးခဲ့ဘူးနော်၊ မင်းဘာသာ တာအိုပညာရှိကို သွားရန်စပြီးတော့”
အနာဂတ်ဟန်ကျွယ်က မေးလိုက်ပါတယ် “ အဲဒီတာအိုပညာရှိက တကယ် ဘာမှမလုပ်တော့တာလား”
“ရွမ်လိန့်ကျောင်းတော်ရဲ့ တာအိုပညာရှိ ရှိနေသမျှ ကာလပတ်လုံး သူက စိတ်ထင်တိုင်းကြဲရဲမှာ မဟုတ်ဘူး”
“တော်ပါသေးတယ်”
အဲဒီနောက် မြင်ကွင်းတစ်ခုလုံး ကွဲကျေသွားပါတယ်။
ဟန်ကျွယ်ဟာ အစစ်အမှန်ကို ပြန်ရောက်သွားပြီး မျက်မှောင် ပိုကြုတ်သွားပါတယ် ‘အနန္တကပ်ဘေး အဆုံးသတ်မှာ ငါက တာအိုပညာရှိကို ရန်စမိလို့ ရွမ်လိန့်ကျောင်းတော်ထဲ မဖြစ်မနေ ဝင်လိုက်ရတာလား’
‘ဒါ ငါ့အတွက် တကယ့် သတင်းဆိုးပဲ’
ဟန်ကျွယ်ဟာ ဘယ်တာအိုပညာရှိဂိုဏ်းကိုမှ မဝင်ချင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကြီးမားတဲ့ ကံတရားနဲ့ နှောင်ဖွဲ့ခံရပြီး လွတ်လပ်မှုကို ဆုံးရှုံးမှာမို့လို့ပါပဲ။ ဒီထက်ပိုပြီး အရေးကြီးတာက တာအိုပညာရှိရဲ့ မျက်စိအောက်မှာ ရှိနေတာပါ။
‘မဖြစ်ဘူး… ငါ ဒီထက် သတိပိုထားမှ ဖြစ်တော့မယ်’
‘ငါက ကောင်းကင်ဘဝဂ် တာအိုသီးကို ရသွားပြီး ဘဝမြင့်လာပြီး တာအိုပညာရှိကို ရန်စမိသွားတာလား’
ဟန်ကျွယ်ဟာ ဒီလိုမဖြစ်အောင် ကာကွယ်ချင်တဲ့အတွက် ကောင်းကင်လျှို့ဝှက်ချက် တွက်ချက်မှု လုပ်ဆောင်ချက်ကို ထပ်သုံးလိုက်ပါတယ် “ဘယ်တာအိုပညာရှိကို ငါ ရန်စမိလဲဆိုတာ သိချင်တယ်”
[တာအိုပညာရှိ၏ မဖြစ်သေးသော အနာဂတ်ကံတရားအား တွက်ချက်မရပါ။ ဤတွက်ချက်မှုသည် တာအိုပညာရှိအား သတိထားမိသွားစေနိုင်သည်။]
ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ် ‘တာအိုပညာရှိတွေက ဒီလောက်တောင် အစွမ်းထက်တာလား… ဒီလိုဆိုလည်း ထားလိုက်ပါတော့’
ဟန်ကျွယ်ဟာ ဆက်တွေးနေတာ ရပ်လိုက်ပြီး စနစ်အဆင့်မြှင့်တင်တာကို စောင့်ပါတယ်။ ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို ပြန်သိမ်းလိုက်ပြီး နတ်ထူးဆန်းကို ကမ္ဘာဖျက်ကြာနက်ထဲက လွှတ်ပေးလိုက်ပါတယ်။ ပြီးတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ သူ့ရဲ့ ဆန်းကြယ်စွမ်းအား အသီးသီးကို အဆင့်မြှင့်တင်ပါတယ်။ တစ်နှစ်ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ရဲ့ ဆန်းကြယ်စွမ်းအား အကုန်လုံးဟာ ကန့်သတ်စည်းကို ရောက်ရှိသွားကြပါတယ်။
ဟန်ကျွယ်ဟာ အသွင်တူလက်ရည်စမ်းပွဲထဲကို ချက်ချင်းမဝင်ဘဲ မဟာညီညွတ်မှုရုပ်သွင်ကို ဆက်ကျင့်ကြံပါတယ်။ ကောင်းကင်ဘဝဂ်အဆင့်ကို ရောက်နေပြီဖြစ်တဲ့အတွက် ဓမ္မရုပ်တု တစ်ခုလောက်တော့ ကျင့်ကြံကောင်း ကျင့်ကြံနိုင်မှာပါ။
ဓမ္မရုပ်တုတစ်ခုပဲ ဆိုရင်တောင် ဟန်ကျွယ်ရဲ့ တိုက်ခိုက်နိုင်စွမ်းကို အတော်လေး တိုးတက်စေမှာပါ။
မဟာညီညွတ်မှု ရုပ်သွင်က အလွန်တရာမှာ သိမ်မွေ့နက်နဲပေမဲ့ ကံကောင်းထောက်မစွာပဲ ဟန်ကျွယ်ဟာ ပထမ ဓမ္မရုပ်တုကို ဘယ်လိုကျင့်ကြံရမလဲဆိုတာ အပြည့်အစုံ နားလည်နေပါပြီ။
ဒီလိုနဲ့ ဆယ်နှစ်ကုန်ဆုံးသွားတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ ပထမဦးဆုံး ပဋိပက္ခနတ်ဘီလူး ဓမ္မရုပ်တုကို ကျင့်ကြံအောင်မြင်သွားပါတယ်။ ဒီဓမ္မရုပ်တုနာမည်က ကောင်းကင်နက္ခတ် နတ်ဘီလူးဖြစ်ပြီး လက်သီးနဲ့ မဟာတာအိုကို ချိုးဖျက်နိုင်တဲ့အထိ ခွန်အားကြီးမားပါတယ်။
ဒီခွန်အားက ကောင်းကင်နက္ခတ် နတ်ဘီလူး ဓမ္မရုပ်တုရဲ့ ကန့်သတ်စည်းပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ရဲ့ ကျင့်ကြံမှုက ကောင်းကင်ဘဝဂ်အဆင့်မှာပဲ ရှိနေသေးတဲ့အတွက် ဟန်ကျွယ်ရဲ့ ကောင်းကင်နက္ခတ် နတ်ဘီလူး ဓမ္မရုပ်တုကလည်း ဒီလောက်ထိ ခွန်အားကြီးမှာ မဟုတ်ပါဘူး။
ကျင့်ကြံမှု အောင်မြင်ပြီးတာနဲ့ ဟန်ကျွယ်ဟာ အသွင်တူ လက်ရည်စမ်းပွဲထဲဝင်ပြီး လီတောက်ခုံးကို စိန်ခေါ်ပါတယ်။ တိုက်ပွဲထဲရောက်တာနဲ့ ဟန်ကျွယ်ဟာ ကောင်းကင်နက္ခတ် နတ်ဘီလူး ဓမ္မရုပ်တုကို တစ်ခါတည်း အသုံးပြုလိုက်ပါတယ်။
ဟန်ကျွယ်ရဲ့ ခေါင်းထက်မှာ မည်းနက်တဲ့ စွမ်းအားကြီးပုဂ္ဂိုလ် ဖြစ်တည်လာပြီး လက်သီးထိုးထုတ်လိုက်ပါတယ်။ လီတောက်ခုံးဟာ တစ်ချက်တည်းနဲ့ ဘဝပြောင်းသွားရရှာပါတယ်။
‘ဝိုး… အံဖွယ်ပဲ’
ဟန်ကျွယ်ဟာ ပညာရပ်အကုန်လုံးကို တစ်ချက်တည်းနဲ့ ဖျက်ဆီးနိုင်တဲ့ ကျေနပ်မှုကို ခံစားလိုက်ရပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ တခြားသူတွေနဲ့ ဆက်ပြီးတော့ တိုက်ခိုက်တဲ့အခါ နတ်မင်းအဆင့် ကျင့်ကြံသူ ဘယ်သူမှ ကောင်းကင်နက္ခတ် နတ်ဘီလူးရဲ့ လက်သီးတစ်ချက်ကို မခုခံနိုင်ကြပါဘူး။ လီတောက်ခုံးတောင် မခုခံနိုင်တာ နတ်မင်းအဆင့် ကျင့်ကြံသူတွေက ဘယ်လိုလုပ်ပြီး ခုခံနိုင်မှာလဲ။
အကောင်းစားရတနာရဲ့ ကာကွယ်မှု မရှိရင် ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ် နောက်ဆုံးအဆင့်အောက်မှာ ဘယ်သူမှ ကောင်းကင်နက္ခတ် နတ်ဘီလူးရဲ့ လက်သီးတစ်ချက်ကို တောင့်မခံနိုင်ပါဘူး။
ကောင်းကင်ဧကရာဇ်ဟာ ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ် အလယ်အဆင့်ဖြစ်ပြီး အကောင်းစားရတနာရှိတာကြောင့် ကောင်းကင်နက္ခတ် နတ်ဘီလူးရဲ့ လက်သီးဆယ်ချက်ကို ခုခံပြီးမှ သေသွားပါတယ်။ ကနဦးအဆင့်ပဲ ရှိသေးတဲ့ ရွယ်မင်းဟယ်ကတော့ တစ်ချက်တည်း ပွဲပြီးသွားပါတယ်။
လေးငါးရက် တိုက်ခိုက်ပြီးတဲ့နောက်မှာတော့ ဟန်ကျွယ်ဟာ ကောင်းကင်နက္ခတ် နတ်ဘီလူးရဲ့ တိုက်ခိုက်နည်း တိုက်ခိုက်ဟန်နဲ့ အကျွမ်းတဝင် ရှိသွားပါတယ်။ ဒီရလဒ်ကြောင့်လည်း ဟန်ကျွယ်ဟာ တော်တော်လေးကို အံအားသင့်သွားရပါတယ်။
မဟာညီညွတ်မှုရုပ်သွင်က စွမ်းတာထက်ကို လွန်ပါတယ်။ ဓမ္မရုပ်တုတစ်ခုတောင် ဒီလောက် အစွမ်းထက်နေရင် ဓမ္မရုပ်တု သုံးထောင်လို့ ပေါ်လာလို့ကတော့ ဘယ်လောက်ထိ ကြောက်ဖို့ကောင်းမလဲဆိုတာ မှန်းသာကြည့်ကြပေတော့…။
‘မဟာတာအိုကိုတောင် ဖျက်ဆီးနိုင်မလား မသိဘူး’
ဟန်ကျွယ်ဟာ ဒီအတွေးနဲ့တင် အလွန့်အလွန် စိတ်လှုပ်ရှားသွားပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ ကောင်းကင်ဘဝဂ်အဆင့်ကို စတင်သုံးသပ်ပါတယ်။ ကောင်းကင်ဘဝဂ်အဆင့်ကို ရောက်ပြီးနောက်ပိုင်း ဟန်ကျွယ်ဟာ အရင်ကမမြင်ခဲ့ရတဲ့ အချိန်နဲ့ အာကာသလိုမျိုး နိယာမတွေ ရှင်းရှင်းလင်းလင်းကြီး သိမြင်လာပါတယ်။
အခုအချိန်မှာ ဟန်ကျွယ်ဟာ အချိန်-အာကာသကို အလွယ်တကူ ဝင်ရောက်ပြီး အတိတ်နဲ့ အနာဂတ်ကို ခရီးနှင်နေပါပြီ။ ဒါပေမဲ့ ဒီလိုလုပ်မယ်ဆိုရင် ကြီးမားတဲ့ ကံတရားနဲ့ နှောင်ဖွဲ့ခံရမယ်ဆိုတာကို ဆဋ္ဌမအာရုံကနေ ဟန်ကျွယ် သိနေပါတယ်။ ဒါကြောင့် ဟန်ကျွယ်ဟာ အချိန်ခရီးသွားလုပ်မှာ မဟုတ်ပါဘူး။
ဟန်ကျွယ်ဟာ အချိန်ကိုပဲ ဖြတ်သန်းပြီး သွားနိုင်တာ မဟုတ်ပါဘူး၊ သက်ရှိအားလုံးရဲ့ အထက်မှာရှိနေတဲ့ ကံတရားမြစ်ကိုလည်း မြင်နိုင်နေပါပြီ။ ကံတရားမြစ်က အနန္တကမ္ဘာမှာ မတည်ရှိပါဘူး၊ ဂိမ်းစကားနဲ့ ပြောရရင် နောက်တစ်ဆင့်မှာ တည်ရှိနေတာပါ။ ဒါပေမဲ့ ကောင်းကင်ဘဝဂ် ကျင့်ကြံသူရဲ့ အကြည့်ကနေတော့ မလွတ်မြောက်နိုင်ပါဘူး။
ဒီကံတရားမြစ် ရှိနေတဲ့နေရာက အလွန်တရာမှာ လျှို့ဝှက်ဆန်းကြယ်ပြီး သာမန်နည်းနဲ့ တွက်ချက်မရပါဘူး။ ကောင်းကင်ဘဝဂ်အဆင့် အောက်ကတော့ ကံတရားမြစ်ကို ချောင်းတောင် မကြည့်နိုင်ပါဘူး။
ဟန်ကျွယ်ဟာ ကောင်းကင်ဘဝဂ်အဆင့်ကို မရောက်သေးတဲ့ လူတွေက ကံတရားမြစ်ထဲ ဘယ်လိုဝင်လဲဆိုတာ တော်တော်လေး သိချင်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကံတရားမြစ်က ဝင်ချင်တိုင်းဝင်လို့ရတဲ့အထိ အားမနည်းလို့ပါပဲ။
ဟန်ကျွယ်ဟာ ကောင်းကင်ဘဝဂ်အဆင့်ကို သုံးသပ်နေတုန်း အင်မော်တယ်ကမ္ဘာမှာ ထပ်ပြီးတော့ အုတ်အော်သောင်းနင်း ဖြစ်လာပါတယ်။
ဒီတစ်ခါကတော့ လူသားမျိုးနွယ်စု အင်အားကြီးမားလာတာပါ။
ဘာလိုလိုနဲ့ လူသားမျိုးနွယ်စုရဲ့ ပါရမီရှင်တွေဟာ တစ်ယောက်ပြီး တစ်ယောက် အဆင့်ထိုးဖောက် ကုန်တာကြောင့် လူသားမျိုးနွယ်စု တစ်စုလုံးရဲ့ ကံတရား အထောက်အပံ့ဟာ ဆက်တိုက် တိုးတက်လာပြီး အနန္တကမ္ဘာကို တုန်လှုပ်စေတဲ့အထိ ဖြစ်လာပါတယ်။
ကောင်းကင်ရုံးတော်၊ နတ်ဘုရားခန်းမ။
ဖန်းလျန်ဟာ ပလ္လင်ပေါ်မှာ ထိုင်နေပါတယ်။ ခန်းမထဲမှာ ရှိနေတဲ့ အင်မော်တယ်တွေကလည်း အရင်ကလောက် မများတော့ပါဘူး။ ရှေ့ဆုံးမှာတော့ ကောင်းကင်နတ်ဘုရား စစ်သူကြီး၊ သိုင်းနတ်ဘုရား စစ်သူကြီး၊ ဂျိရှင်းရှန်၊ လီတောက်ခုံးနဲ့ တခြားနာမည်ကြီးပုဂ္ဂိုလ်တွေ ရပ်နေကြပါတယ်။
ဆံဖြူအင်မော်တယ်တစ်ပါးက ဖန်းလျန်ကို ဦးညွှတ်ပြီး လျှောက်တင်ပါတယ် “အရှင်မင်းကြီး… လူသားမျိုးနွယ်စုက အင်အားကြီးမားလာပြီ၊ ကျောက်စိမ်းဧကရာဇ် ကျိုးရန်ကလည်း ဂူအောင်းနေတာဆိုတော့ ကျွန်တော်တို့ ဒီအခွင့်အရေးကို အမိအရအသုံးချပြီး ကောင်းကင်ရုံးတော်လည်း အနားပေးသင့်တယ်၊ အနန္တကပ်ဘေးထဲ ထပ်မဝင်သင့်တော့ဘူး”
တခြားအင်မော်တယ်တွေကလည်း ဆံဖြူအင်မော်တယ်ရဲ့အဆိုကို ထောက်ခံကြပါတယ်။
ကျောက်စိမ်းဧကရာဇ် ကျိုးရန်ကြောင့် ကောင်းကင်ရုံးတော်ဟာ ကြီးကြီးမားမား ဆုံးရှုံးခဲ့တာကြောင့် အင်မော်တယ်အကုန်လုံး ကြောက်လန့်နေကြပါပြီ။
ဖန်းလျန်က တည်တည်ငြိမ်ငြိမ်နဲ့ ပြောလိုက်ပါတယ် “ဘာလုပ်ရမလဲဆိုတာ ငါ သိတယ်၊ ဒါပေမဲ့ ငါတို့တွေ လုံးဝအနားယူလို့ မဖြစ်ဘူး၊ အနန္တကပ်ဘေးအတွင်းမှာ အခွင့်အရေးတွေက အချိန်နဲ့အမျှ ပေါ်လိုက်ပျောက်လိုက် ဖြစ်နေတာ”
“ငါ ပင်လယ်ရပ်ခြားကို အင်မော်တယ် နတ်ဘုရားတွေကို သိမ်းသွင်းဖို့ ဆုံးဖြတ်ထားတယ်၊ မင်းတို့ရော ဘယ်လိုထင်လဲ…”
‘ပင်လယ်ရပ်ခြား…’ အင်မော်တယ်တွေဟာ ရုတ်ရုတ်သဲသဲ ဖြစ်သွားကြပါတယ်။
ကောင်းကင်နတ်ဘုရား စစ်သူကြီးက ထောက်ခံလိုက်ပါတယ် “အရင်တုန်းက ပင်လယ်တွေကို ကျယ်ကျောင်းတော်နဲ့ နဂါးစစ်မျိုးနွယ်စုက စိုးမိုးထားတာ၊ အခု ကျယ်ကျောင်းတော်ကလည်း ကျို့ယိုငရဲမှာ ပုန်းနေပြီး နဂါးစစ်မျိုးနွယ်စုကလည်း နဂါးရုံးတော်ထဲ ဝင်သွားတာဆိုတော့ ပင်လယ်ရပ်ခြားမှာ ထိပ်သီးအင်အားစု မရှိတော့ဘူး၊ ရှေးကတည်းက ပင်လယ်ရပ်ခြားမှာ ပုန်းအောင်းနေတဲ့ တန်ခိုးကြီး ကျင့်ကြံသူတွေ အများကြီးပဲ”
ကောင်းကင်နတ်ဘုရား စစ်သူကြီး စကားဆုံးတာနဲ့ တခြားကောင်းကင်စစ်သူကြီးတွေကလည်း ဖန်းလျန်စကားကို ထောက်ခံကြပါတယ်။ ပညာရှင် အင်မော်တယ်တွေဟာ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်ရုံသာ တက်နိုင်ကြပြီး ဘယ်သူမှ ရှေ့ထွက် ငြင်းရဲတဲ့သတ္တိမရှိပါဘူး။ ကပ်ဘေးအတွင်းမှာ ကောင်းကင်စစ်သူကြီးတွေက ပိုပြီးတော့ အာဏာရှိတယ် မဟုတ်ပါလား။
ဖန်းလျန်ဟာ လီတောက်ခုံးကို ကြည့်ပြီး မေးလိုက်ပါတယ် “တာအိုရောင်းရင်းလီကရော ဒီကိစ္စကို ဘယ်လိုထင်လဲ”
လီတောက်ုခုံးဟာ ပြုံးလိုက်ပါတယ် “ရွမ်လိန့်ကျောင်းတော်က ဘာပဲဖြစ်ဖြစ် ကောင်းကင်ရုံးတော်ကို ထောက်ပံ့မှာပါ၊ အရှင်မင်းကြီး သင့်လျော်တယ်လို့ထင်ရင် ကျွန်တော်ကိုယ်တိုင် ပင်လယ်ရပ်ခြားကိုသွားပြီး ကျွန်တော့်ဓားနဲ့ အင်မော်တယ်တွေကို သိမ်းသွင်းပေးပါ့မယ်”
လီတောက်ခုံးက သာမန်လေသံနဲ့ ပြောလိုက်ပေမဲ့ အင်မော်တယ် နတ်ဘုရားတွေဟာ ဒီစကားထဲကနေ လီတောက်ခုံးရဲ့ ဩဇာကို ခံစားမိလိုက်ပါတယ်။ ဘယ်သူမှ လီတောက်ခုံးရဲ့ စကားကို သံသယမဝင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ လီတောက်ခုံးက ကျောက်စိမ်းဧကရာဇ် ကျိုးရန်ကို အနိုင်ယူလိုက်တဲ့သူ မို့လို့ပါပဲ။
ဟုတ်ပါတယ်။ ကျောက်စိမ်းဧကရာဇ် ကျိုးရန် ဂူအောင်းသွားတာက လီတောက်ခုံးလက်ချက်နဲ့ပါ။
ရွှယ်မင်းဟယ်ဟာ လီတောက်ခုံးကို ကျောက်စိမ်းဧကရာဇ် ရှုံးနိမ့်သွားတာက အမှောင်သခင်ကြီးကြောင့်လို့ ပြောပေမဲ့ ဒီတိုက်ပွဲအပြီးမှာ လီတောက်ခုံးနာမည်က အင်မော်တယ်ကမ္ဘာတစ်ခုလုံးကို တုန်လှုပ်စေပြီး အင်မော်တယ်ကမ္ဘာမှာ နံပါတစ် ဓားအင်မော်တယ် ဖြစ်လာပါတယ်။
“ဒီလိုဆိုရင် ငါကိုယ်တော်က တာအိုရောင်းရင်းလီကို ဒုက္ခမပေးတော့ပါဘူး၊ သိုင်းနတ်ဘုရား စစ်သူကြီး၊ ဂျိရှင်းရှန်… မင်းတို့နှစ်ယောက် ကောင်းကင်စစ်သား ငါးထောင်နဲ့ ပညာရှင်အင်မော်တယ်တစ်ပါးကို အကူအဖြစ် ခေါ်သွားချည်”
မြန်မာပြည် ငြိမ်းချမ်းပါစေ။
Chapter – 409
? Views, Released on December 7, 2024