အခန်း (၄၀၈) ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ်၊ ကျောက်စိမ်းဧကရာဇ်၏ အတွင်းနတ်ဆိုး
ဟန်ကျွယ်ဟာ ကောင်းကင်ဘဝဂ် တာအိုသီးကို ခဲပြီးတဲ့အခါမှာ အကြောင်းအရာ တော်တော်များများကို နားလည်သွားပါတယ်။ ကောင်းကင်ဘဝဂ်အဆင့်မှာ အတွေးတစ်ချက်နဲ့ ကောင်းကင်၊ အာကာသ၊ အချိန်နဲ့ ကံကြမ္မာကိုတောင် ထိန်းချုပ်နိုင်ကြပါတယ်။ ဒီအဆင့်ကိုရောက်တဲ့ ကျင့်ကြံသူတွေဟာ ကောင်းကင်တာအိုအောက်မှာ ထာဝရရှင်သန်နိုင်ကြပါတယ်။
ထာဝရှင်သန်တယ်ဆိုတဲ့အတွက် မသေနိုင်တာ မဟုတ်ပါဘူး။ သူ့ထက် ပိုမိုကြီးမားတဲ့ စွမ်းအားနဲ့ တိုက်ခိုက်ခံရရင် ကောင်းကင်ဘဝဂ် ကျင့်ကြံသူလည်း သေမင်းလက်ကနေ မလွတ်နိုင်ပါဘူး။ ဒါပေမဲ့ သေချာတာတစ်ခုကတော့ ကောင်းကင်ဘဝဂ် ကျင့်ကြံသူကို ကောင်းကင်ဘဝဂ် ကျင့်ကြံသူနဲ့ ကောင်းကင်ဘဝဂ် အဆင့်ကို ကျော်တက်သွားတဲ့ ကျင့်ကြံသူတွေသာ အနိုင်ယူနိုင်မှာပါ။ ကောင်းကင်တာအိုကတောင် ကောင်းကင်ဘဝဂ် ကျင့်ကြံသူကို တိုက်ရိုက်သတ်လို့ မရပါဘူး။
လေးငါးဆယ်ရက် အကြာမှာတော့ ဟန်ကျွယ်ရဲ့ ဓမ္မစွမ်းအားဟာ ကောင်းကင်ဘဝဂ် တာအိုသီးနဲ့ ပေါင်းစပ်သွားပြီး မဟာတာအိုစွမ်းအားဟာ ဟန်ကျွယ်ရဲ့ ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံသွားပါတယ်။ ဒီအချိန်မှာ ဟန်ကျွယ်ဟာ ကောင်းကင်ဘဝဂ်အဆင့်ကို လုံးဝ ရောက်ရှိသွားပါပြီ။
ဟန်ကျွယ်ဟာ ခန္ဓာကိုယ် ပြောင်းလဲမှုကို ခံစားရင် အသားကုန် အော်ဟစ်ပစ်ချင်စိတ်သွားပါတယ်။ ဒီလို လုံးဝကျေနပ်အားရတဲ့ ခံစားချက်ကို သေမျိုးကနေ အင်မော်တယ် ဖြစ်လာတုန်းကလည်း ဟန်ကျွယ် ခံစားခဲ့ရပါတယ်။
မူလဆန်းကြယ် နတ်စွမ်းအား ခြောက်ပါးကနေ ကောင်းကင်ဘဝဂ်အဆင့်ကို ကူးပြောင်းတာက ပိုးတုံးလုံးကနေ လိပ်ပြောတစ်ကောင် ဖြစ်သွားတာထက် ပိုဆန်းကြယ်ပါတယ်။
စွမ်းအားချင်းယှဉ်ရင်တောင် ဟန်ကျွယ်ဟာ အရင်ကထက် အဆတစ်ထောင်လောက် ပိုစွမ်းလာတယ်လို့ ခံစားလိုက်ရပါတယ်။ နတ်အာရုံကတော့ အမှောင်တားမြစ်နယ်မြေမှာ ဖြန့်ကျက်လို့မရတဲ့အတွက် ပိုအားကောင်းလာလားဆိုတာ ဟန်ကျွယ် မသိပါဘူး။
ဟန်ကျွယ်ဟာ ကျင့်ကြံမှုကို ခိုင်ခံ့အောင်လုပ်ရင်း ကိုယ်ရေးအကျဉ်းချုပ်ကို ဖွင့်လိုက်ပါတယ်။
[အမည်: ဟန်ကျွယ်]
[သက်တမ်း: ၆,၀၆၂/၁၀,၉၉၉,၉၉၉,၉၉၉,၉၉၉,၉၉၉,၉၉၉]
[မျိုးနွယ်စု: လောကဦး နတ်ဘီလူး။]
[ကျင့်ကြံမှု: ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ် ကနဦးအဆင့်။]
[ကျင့်စဉ်: လောကဦးပဋိပက္ခ ပြန်လည်မွေးဖွားခြင်း မဟာတာအို၊ ကောင်းကင်စက်ဝန်း ခန္ဓာကိုယ်ကျင့်စဉ်]
[မဟာတာအို: သေခြင်းရှင်ခြင်း မဟာတာအို၊ ကံတရား မဟာတာအို။]
ကောင်းကင်ဘဝဂ်အဆင့်ကို ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ်လို့ ခေါ်ပြီး အဆင့်ကြီးတစ်ဆင့်ပဲရှိကာ ကနဦးအဆင့်၊ အလယ်အဆင့်၊ နောက်ဆုံးအဆင့်နဲ့ ထိပ်ဆုံးအဆင့်ဆိုပြီး ခွဲခြားထားပါတယ်။ ဟန်ကျွယ်ဟာ ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ်ဆိုတဲ့ စကားလုံးကို မြင်လိုက်ရတဲ့အခါမှာ အလွန်တရာမှ သက်သောင့်သက်သာ ဖြစ်သွားပါတယ်။
‘ဝိုး… ငါ့သက်တမ်းက နောက်ထပ် နှစ်လုံး ထပ်တိုးသွားပြီ၊ ၁၀ ကွင့်ထေးလီယံတောင်ဆိုတော့ ထာဝရအသက်ပဲ’
‘ကောင်းကင်တာအိုတောင် ငါ့သက်တမ်းလောက် တည်ရှိနိုင်ပါ့မလား’
[ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ်အဆင့်သို့ ရောက်ရှိသွားပါသဖြင့် စတင်၍ စနစ် အဆင့်မြှင့်ပါပြီ။]
ဟန်ကျွယ်ဟာ ဒီစာကြောင်းကို မြင်လိုက်ရတဲ့အခါမှာ အံအားသင့်ပြီး ဝမ်းသာသွားပါတယ်။ မဟာတာအိုအပိုင်းအစနဲ့ ကောင်းကင်တာအို စိတ်ဝိညာဉ်ကျောက်တုံးကို မရပေမဲ့ ဟန်ကျွယ်ဟာ စိတ်ပျက်ခြင်းမရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ စနစ်နဲ့အတူ တာအိုစက်ကွင်းကလည်း အဆင့်လိုက်မြှင့်လို့ပါပဲ။ တာအိုစက်ကွင်း အားကောင်းလေလေ ဟန်ကျွယ် လုံခြုံလေလေ မဟုတ်ပါလား။
ကောင်းကင်ဘဝဂ် ကျင့်ကြံသူ ဖြစ်လာပြီးနောက် ဟန်ကျွယ်ဟာ သူ့ကိုယ်သူ ကာကွယ်နိုင်သွားပါပြီ။ အရင်လိုမျိုး သူများထိန်းချုပ်တာကို ခံရတော့မှာ မဟုတ်ပါဘူး။
ဟန်ကျွယ်ဟာ ကျင့်ကြံမှုကို ခိုင်ခံ့အောင်လုပ်ဖို့အတွက် ၇ နှစ် အချိန်ယူလိုက်ရပါတယ်။ ပြီးတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ နတ်ထူးဆန်းကို ကမ္ဘာဖျက်ကြာနက်ထဲ ဆွဲထည့်လိုက်ပါတယ်။
ဟန်ကျွယ် ပထမဆုံး ကျိန်စာတိုက်မဲ့လူကတော့ ကျောက်စိမ်းဧကရာဇ် ကျိုးရန်ပါ ‘မင်းက ငါ့ကျိန်စာကို အားနည်းတယ်လို့ ပြောရဲတယ်၊ ပြီးတော့ ငါ့ကို ကောင်းကင်ဘဝဂ်အဆင့် မရောက်သေးဖူးလို့တောင် ပြောလိုက်သေးတယ်၊ အခု ငါ ကောင်းကင်ဘဝဂ်အဆင့် ရောက်ပြီဆိုတော့ ဘီလီယံ ၁၀၀ ရဲ့ ဒေါသကို ခံစားဖို့ ပြင်ပေတော့’
ဟန်ကျွယ်ရဲ့ မျက်နှာဟာ ပြုံးဖြဲဖြဲ ဖြစ်သွားပါတယ်။ နှစ်ခြောက်ထောင်တည်းနဲ့ ကောင်းကင်ဘဝဂ် ကျင့်ကြံသူ ဖြစ်လာတဲ့အတွက် ဟန်ကျွယ်မှာ မာနကြီးခွင့် ရှိပါတယ်။
ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ထဲကို ဓမ္မစွမ်းအား လောင်းထည့်လိုက်တဲ့အခါမှာ ကြမ္မာဆိုးစာအုပ်ကနေ အနက်ရောင် အလင်းတန်း ဖြာထွက်လာပါတယ်။ ဒီတစ်ခါ အနက်ရောင် အလင်းတန်းဟာ အရင်ကထက် အဆများစွာ ပိုအားကောင်းတဲ့အတွက် ကျင့်ကြံခြင်းလိုဏ်ဂူတစ်ခုလုံးကို မိစ္ဆာလိုဏ်ဂူလို့ ချောက်ချားဖွယ် ကောင်းသွားပါတယ်။
ငါးရက်အကြာမှာတော့ ဟန်ကျွယ်ရဲ့ သက်တမ်းဟာ စတင်လျော့ကျလာပါတယ်။ ဟန်ကျွယ်ဟာ ကိုယ်ရေးအကျဉ်းကိုဖွင့်ပြီး သူ့သက်တမ်းကို ဂရုတစိုက် စောင့်ကြည့်တဲ့အခါ အလွန်လျင်မြန်တဲ့နှုန်းနဲ့ လျော့ကျနေတာကို တွေ့လိုက်ရပါတယ်။
ငါးမိနစ်အတွင်း ဟန်ကျွယ်ဟာ သက်တမ်း ၁၀ ဘီလီယံကို ဆုံးရှုံးသွားပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ဟာ ကောင်းကင်ဘဝဂ်အဆင့်ကို ရောက်နေတာကြောင့် တစ်စက်ကလေးတောင် မသက်မသာ မခံစားရပါဘူး။ ဒါကြောင့် ဟန်ကျွယ်ဟာ ဆက်ပြီးတော့ ကျိန်စာတိုက်ပါတယ်။
နန်းတော်တစ်ခုမှာ ကျောက်စိမ်းဧကရာဇ် ကျိုးရန်ဟာ ခေါင်းဆောင်နေရာမှာ ထိုင်နေပါတယ်။ ဒီနေရာမှာ အင်အားစုတွေ အကုန်လုံး စုစည်းနေကြပါတယ်။ ဖန်းလျန်၊ လုံဟောင်၊ ရွှယ်မင်းဟယ်၊ သိလန်တျန်၊ ငရဲမင်းနဲ့ တခြားအင်အားစုတွေရဲ့ ခေါင်းဆောင်တွေ စုဝေးပြီး အင်မော်တယ်ကမ္ဘာကို ဘယ်လိုခွဲဝေယူမလဲဆိုတာ တိုင်ပင်နေတာ ဖြစ်ပါတယ်။ ဒါပေမဲ့ လူသားတွေကတော့ ဒီဆွေးနွေးပွဲကို မတက်ပါဘူး။
ကျောက်စိမ်းဧကရာဇ် ကျိုးရန်ဟာ တခြားသူတွေ ဆွေးနွေးနေတာကို ဘာမှ ဝင်မပြောပေမဲ့ မျက်နှာတစ်ခုလုံး မည်းမှောင်သွားပါတယ်။
ရွှယ်မင်းဟယ်ဟန် ကျောက်စိမ်းဧကရာဇ်ရဲ့ မျက်နှာအမူအရာကို သတိထားမိတာကြောင့် မနေနိုင်ဘဲ မေးလိုက်ပါတယ် “အရှင်မင်းကြီး… ဘာဖြစ်လို့ပါလဲ”
တခြားသူတွေလည်း ကျောက်စိမ်းဧကရာဇ်ကို ကြည့်လိုက်ကြပါတယ်။ သူတို့တွေအကုန်လုံး ကျောက်စိမ်းဧကရာဇ်မျက်နှာ ဒီလိုဖြစ်တာကို ပထမဆုံးအကြိမ် တွေ့ဖူးတာပါ။
“ဘာမှမဖြစ်ဘူး၊ ဆက်ဆွေးနွေးကြ” ကျောက်စိမ်းဧကရာဇ်ဟာ စွမ်းအားကို လှည့်ပတ်ပြီး ကျိန်စာကို ခုခံပါတယ်။ ကျောက်စိမ်းဧကရာဇ်ဟာ ကျိန်စာစွမ်းအားက အရင်ကထက် အများကြီး ပိုပြင်းလာတာကြောင့် အမှောင်သခင်ကြီး စလှုပ်ရှားပြီဆိုတာကို သိလိုက်ပါတယ်။
ဒါပေမဲ့ ကျောက်စိမ်းဧကရာဇ်ဟာ ဆွေးနွေးပွဲကို မဖျက်သိမ်းရဲပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အမှောင်သခင်ကြီးရဲ့ ကျိန်စာစွမ်းအားကို မခုခံနိုင်တာ ပေါ်သွားမှာစိုးလို့ပါ။
“အရှင်မင်းကြီးကို အမှောင်သခင်ကြီးက ကျိန်စာတိုက်နေလို့လား” ရွှယ်မင်းဟန်ဟာ ချောက်ချားတဲ့ မျက်နှာနဲ့ မေးလိုက်ပါတယ်။ မျက်နှာက ကြောက်ရွံ့ပုံပေါ်နေပေမဲ့ စိတ်ထဲမှာတော့ ရွှယ်မင်းဟယ် ကြိတ်ဝမ်းသာနေတာပါ ‘နောက်ဆုံးတော့ အမှောင်သခင်ကြီး လှုပ်ရှားပြီပဲ’
တခြားသူတွေ့ရဲ့ မျက်နှာလည်း ထူးထူးဆန်းဆန်း ဖြစ်သွားကြပါတယ်။ ရွှယ်မင်းဟယ်ရဲ့ စကားသာ အမှန်ဆိုရင် သူတို့တွေ အကုန်လုံးအတွက် သတင်းကောင်းပါ။ ဒါပေမဲ့ ဘယ်သူမှ ဝမ်းသာတဲ့မျက်နှာ မပြရဲပါဘူး။
ကျောက်စိမ်းဧကရာဇ်ဟာ အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပါတယ် “အမှောင်သခင်ကြီးက အမှောင်ထဲမှာ ပုန်းနေတဲ့ ပိုးကောင်သာသာပါ၊ သူ့ကျိန်စာက ငါ့ကို မထိခိုက်နိုင်ပါဘူး”
ကျောက်စိမ်းဧကရာဇ်ရဲ့ တစ်ဖက်လှည့်ဝန်ခံစကားကြောင့် ရွှယ်မင်းဟယ်ဟာ ထခုန်မတက် ဝမ်းသာသွားပေမဲ့ သူ့စိတ်ကို အမြန်ထိန်းချုပ်လိုက်ပါတယ်။ ရွှယ်မင်းဟယ်တင် မဟုတ်ပါဘူး။ ကျယ်ကျောင်းတော်ကို ကိုယ်စားပြုလာတဲ့ ကျင်းတျန်ကုန်းလည်း ဝမ်းသာသွားပါတယ်။ လက်ရှိ အင်မော်တယ်ကမ္ဘာမှာ ကျောက်စိမ်းဧကရာဇ်ကို ယှဉ်နိုင်တဲ့လူက တာအိုပညာရှိအောက်မှာ အမှောင်သခင်ကြီးကလွဲရင် နောက်ထပ် ဘယ်သူများ ရှိအုန်းမှာလဲ။
“ဝုန်း…”
ဒီအချိန်မှာပဲ ကြောက်မက်ဖွယ်ဖိအားရဲ့ တိုက်ခိုက်မှုကြောင့် ခန်းမရဲ့ တံခါးဟာ လွင့်စဉ်ထွက်ပြီး အမှုန့်ဖြစ်သွားပါတယ်။ အဲဒီနောက် ရုပ်သွင်တစ်ခုဟာ ဓားတစ်ချောင်းကိုင်ပြီး ခန်းမထဲ ဝင်လာပါတယ်။ ဒီရုပ်သွင်ဟာ ဝတ်ရုံဖြူကို ဝတ်ဆင်ထားပြီး ချောမောတဲ့မျက်နှာထားရှိကာ ခြေထောက်အောက်မှာလည်း ဓားရိပ်တွေ ပေါ်နေပါတယ်။ ဒီရုပ်သွင်က လီတောက်ခုံးကလွဲပြီး ဘယ်သူ ဖြစ်နိုင်အုန်းမှာလဲ။
“ကျောက်စိမ်းဧကရာဇ်… ကျုပ်တို့ရဲ့ တိုက်ပွဲက မပြီးသေးဘူး”
လီတောက်ခုံးရဲ့ မျက်လုံးတွေဟာ အေးစက်လှပြီး လေသံကလည်း သတ်ဖြတ်ငွေ့ အပြည့်ပါပဲ။ လီတောက်ခုံးကိုကြည့်ပြီး အင်အားစုအသီးသီးရဲ့ ခေါင်းဆောင်တွေဟာ နှလုံးလှုပ်သွားကြပါတယ်။
‘တော်တော် စွမ်းအားကြီးတဲ့ ရောင်ဝါပါလား’
သူတို့တွေဟာ လီတောက်ခုံးနဲ့ ကျောက်စိမ်းဧကရာဇ် တိုက်ခိုက်တာကို ကြားထားပါတယ်။ ဒါပေမဲ့ ဒီနေ့မှာ လီတောက်ခုံးကို ကျောက်စိမ်းဧကရာဇ်ကို လာစိန်ခေါ်လိမ့်မယ်လို့ မမျှော်လင့်ထားကြပါဘူး။
“အော့မီတော်ဖော… ရွမ်လိန့်ကျောင်းတော်က ပြိုင်ဘက်ကင်းတဲ့တပည့်ကို ပြုစုပြိုးထောင်နိုင်ခဲ့တာပဲ” ရှန်ဝေဗုဒ္ဓဟာ သက်ပြင်းချလိုက်ပါတယ်။
လူတိုင်းဟာ လီတောက်ခုံးရဲ့ ရောင်ဝါကြောင့် ကြက်သေသေကုန်ကြပါတယ်။
ကျောက်စိမ်းဧကရာဇ်ကတော့ နှာခေါင်းရှုံ့လိုက်ပါတယ် “လီတောက်ခုံး… မင်းက ငါ့ပြိုင်ဘက် မဟုတ်ဘူး၊ တာအိုပညာရှိရဲ့ ကာကွယ်မှုကြောင့်သာ မဟုတ်ရင် မင်း သေတာကြာပြီ”
လီတောက်ခုံးဟာ ကျောက်စိမ်းဧကရာဇ်ရဲ့ စကားကို ဂရုမစိုက်ဘဲ ရှေ့ကိုတစ်လှမ်းချင်း တိုးလာပါတယ်။ ဒီလိုနဲ့ တိုက်ပွဲကြီးတစ်ပွဲ ဖြစ်ပွားပါတော့တယ်။
ကျင့်ကြံခြင်းလိုဏ်ဂူထဲက ဟန်ကျွယ်ဟာ ကိုယ်ရေးအကျဉ်းကို စိုက်ကြည့်ရင်း ကျိန်စာတိုက်နေပါတယ်။ ဟန်ကျွယ်ဟာ ၅၀ ဘီလီယံ ဆုံးရှုံးသွားပေမဲ့ မသက်မသာ မဖြစ်တာကြောင့် ဆက်ပြီးတော့ ကျိန်စာတိုက်ပါတယ်။
၆၀ ဘီလီယံ။
၇၀ ဘီလီယံ။
၈၀ ဘီလီယံ။
ဟန်ကျွယ်ရဲ့ အသက်ရှူနှုန်း မြန်လာပါတယ်။ ကျိန်စာရဲ့ တန်ပြန်သက်ရောက်မှုကြောင့် မဟုတ်ပါဘူး။ ဒီလို သက်တမ်းအများကြီး သုံးစွဲတာ ပထမဆုံးအကြိမ် ဖြစ်တဲ့အပြင် ကျောက်စိမ်းဧကရာဇ်ကလည်း ဘာမှမဖြစ်သေးလို့ ဟန်ကျွယ်နှလုံးသား ကိုက်လာတာပါ။
‘ဆက်တိုက်မယ်… မင်း ဘာမှမဖြစ်ဘူးဆိုတာ ငါ မယုံဘူး’
ဟန်ကျွယ်ဟာ အံကြိတ်ပြီး ကျိန်စာဆက်တိုက်ပါတယ်။
၉၀ ဘီလီယံ။
၁၀၀ ဘီလီယံ။
“ဝုန်း…”
ကြမ္မာဆိုးစာအုပ်ဟာ ရှေးဟောင်းသားရဲ ဟိန်းဟောက်သလို ခပ်အုပ်အုပ် အသံထွက်လာပါတယ်။ တစ်ချိန်တည်းမှာပဲ မျက်စိနဲ့ မြင်နိုင်လောက်တဲ့ အနက်ရောင် ရောင်ဝါတွေ ထွက်ပေါ်လာပြီး ဟန်ကျွယ်ကို ရစ်ပတ်လိုက်ပါတယ်။
ဟန်ကျွယ်ဟာ ဒီအဖြစ်ကြောင့် အံအားသင့်သွားပါတယ် ‘ဘာလဲဟ… ဒီရောင်ဝါနက်ကို ငါ တရင်းတနှီး ရှိနေသလိုပဲ’
‘အင်း၊ သတိရပြီ… ဒါ နတ်ထူးဆန်းရဲ့ ရောင်ဝါပဲ’
‘နတ်ထူးဆန်းက ကျိန်စာနဲ့ ပတ်သက်နေတာများလား’
ဟန်ကျွယ်ရဲ့ သက်တမ်းလျော့ကျနှုန်းကလည်း အလွန်လျင်မြန်လာပါတယ်။
၁၁၀ ဘီလီယံ။
[သင့်ကျိန်စာကြောင့် သင့်ရန်သူ ကျောက်စိမ်းဧကရာဇ် ကျိုးရန်သည် ဓမ္မစွမ်းအား ထိန်းချုပ်မှု လွတ်ကင်းပြီး ကြမ္မာဆိုးဝန်းရံခံရကာ အတွင်းနတ်ဆိုး ဖြစ်ပေါ်သွား၏။]
‘ငါ ကျိန်စာတိုက်တာ နောက်ဆုံးတော့ အစွမ်းပြပြီပဲ’ ဟန်ကျွယ်ဟာ ကျိန်စာတိုက်တာကို ချက်ချင်း ရပ်လိုက်ပါတယ်။ ဟန်ကျွယ် ခန္ဓာကိုယ်ကို ရစ်ပတ်ထားတဲ့ ရောင်ဝါနက်ဟာလည်း ကြမ္မာဆိုးစာအုပ်ရဲ့ စုပ်ယူမှုကို ခံရပြီး အနက်ရောင်အလင်းတန်းနဲ့အတူ တစ်ပါတည်း ပျောက်ကွယ်သွားပါတယ်။
ဟန်ကျွယ်ဟာ သူ့အခြေအနေကို စစ်ဆေးလိုက်တဲ့အခါ ရောင်ဝါနက်က သူ့ကို ဘာမှမသက်ရောက်ဖူးစေတာ တွေ့လိုက်ရပါတယ်။ ဟန်ကျွယ် ကျိန်စာတိုက်တာကို အချိန်မီ ရပ်တန့်လိုက်တာကြောင့်လည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ်ရင်တော့ နတ်ထူးဆန်းနဲ့ ပေါင်းစပ်မှုကြောင့် ဘာမှမဖြစ်တာ ဖြစ်နိုင်ပါတယ်။
‘ကျောက်စိမ်းဧကရာဇ် ကျိုးရန်က အတွင်းနတ်ဆိုး ဖြစ်ပေါ်လာပြီဆိုတော့ သေဖို့ သိပ်မဝေးတော့ဘူး၊ ဒီလိုဆိုရင် အနန္တကပ်ဘေးရဲ့ နောက်ဆုံးရလဒ်ကလည်း ပြောင်းလဲသွားမှာပဲ’
ဟန်ကျွယ်ဟာ ချီတုံချတုံ ဖြစ်သွားပါတယ် ‘ငါ ထပ်ပြီးတော့ တွက်ချက်သင့်လား၊ အရင်လို ရလဒ်ဆိုးပဲ ထွက်လာအုန်းမှာလား… ဘာပဲဖြစ်ဖြစ် သိထားတာ အကျိုးမယုတ်ပါဘူးလေ’
“အနန္တကပ်ဘေးမှာ နောက်ဆုံး အနိုင်ရသူကို ငါ သိချင်တယ်” ဟန်ကျွယ်ဟာ စနစ်ကို မေးလိုက်ပါတယ်။
[သက်တမ်း ၃ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
မြန်မာပြည် ငြိမ်းချမ်းပါစေ။
Chapter – 408
? Views, Released on December 7, 2024