အခန်း (၄၀၆) တာအိုပညာရှိ လောကထဲဝင်ခြင်း
နတ်ထူးဆန်းဟာ ဟန်ကျွယ်နဲ့ ပေါင်းစပ်ချင်သလိုမျိုး ဟန်ကျွယ်ရဲ့ ကျောကုန်းမှာ တွယ်ကပ်နေပါတယ်။ ပထမတော့ ဟန်ကျွယ်ဟာ နတ်ထူးဆန်းက သူ့ကို ဝါးမြိုချင်နေတာလို့ တွေးမိလိုက်တဲ့အတွက် တော်တော်လေး လန့်သွားပေမဲ့ ဒီလိုမဟုတ်ဘူးဆိုတာက ခပ်မြန်မြန်ပဲ ရှာတွေ့သွားပါတယ်။
နတ်ထူးဆန်းက ဟန်ကျွယ်ရဲ့ ဝိညာဉ်စွမ်းအားကို တို့ထိလိုက်တဲ့အခါမှာ ဟန်ကျွယ် ခန္ဓာကိုယ်ထဲမှာရှိတဲ့ ဝိညာဉ်စွမ်းအားဟာ ဆူထလာပြီး စတင် အားကောင်းလာပါတယ်။ ဒါတင် မကသေးဘဲ ဟန်ကျွယ်ရဲ့ ခန္ဓာကိုယ်ထဲမှာရှိတဲ့ သေခြင်းရှင်ခြင်း မဟာတာအိုကလည်း လှုံ့ဆော်ခံရပြီး ဟန်ကျွယ်ရဲ့ ဝိညာဉ်စွမ်းအားနဲ့ ပေါင်းစပ်နှုန်း ပိုမြန်လာပါတယ်။
“ဒါ…”
ဟန်ကျွယ်ဟာ ဒီအဖြစ်အပျက်ကြောင့် အံအားသင့်သွားပြီး ကျေနပ်အားရသွားပါတယ်။ နတ်ထူးဆန်းက ဒီလောက်ထိ အသုံးဝင်လိုက်မယ်လို့ ဟန်ကျွယ် ထင်မထားခဲ့ပါဘူး။
ဟန်ကျွယ်ဟာ နတ်ထူးဆန်းကို လုပ်ကြံရေးသမားလို့ တွေးထားခဲ့တာပါ။ အခုလိုမျိုး ထောက်ပံ့ရေးသမား ဖြစ်နေလိမ့်မယ်လို့ ထင်မထားခဲ့ပါဘူး။ ဒါပေမဲ့ ဟန်ကျွယ်ဟာ သတိကြီးသူမို့ နတ်ထူးဆန်းကို ဆက်ပြီးတော့ အကဲခတ်ပါတယ်။
နတ်ထူးဆန်းဟာ ဟန်ကျွယ်ရဲ့ ဝိညာဉ်စွမ်းအား တိုးအောင်၊ သေခြင်းရှင်ခြင်း မဟာတာအိုနဲ့ ပေါင်းစပ်မှု မြန်ဆန်လာအောင် ကူညီနေတာ ဖြစ်တဲ့အတွက် ဟန်ကျွယ်ကို ကောင်းကင်ဘဝဂ်အဆင့် ရောက်အောင် ကူညီပေးနေသလိုပါပဲ။ အလွယ်ပြောရရင် ဟန်ကျွယ်ဆိုတဲ့ ကျားကို တောင်ပံ့တပ်ပေးနေတာပါ။
‘နတ်ထူးဆန်းက ဒီလောက်တောင် အသုံးဝင်တာလား’
ဟန်ကျွယ်ဟာ မယုံသင်္ကာဖြစ်သွာပြီး စနစ်ကို မေးလိုက်ပါတယ် “နတ်ထူးဆန်း ဒီလိုလုပ်တာက ငါ့ကို အန္တရာဖြစ်စေနိုင်လား”
[သက်တမ်း ၁ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
[မဖြစ်စေပါ။]
ဟန်ကျွယ်ဟာ သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ စနစ်ရဲ့ အဖြေထဲမှာ ‘လောလောဆယ်’ ဆိုတဲ့ စကားလို့ မပါလို့ပါပဲ။ ဒါကြောင့် အနာဂတ်မှာပဲ ဟန်ကျွယ်အတွက် အန္တရာယ် လုံးဝ မရှိနိုင်ပါဘူး။
ဒါပေမဲ့လည်း ဟန်ကျွယ်ဟာ နတ်ထူးဆန်းကို ဆက်ပြီးတော့ စောင်ကြည့်ပါတယ်။
အချိန်ဟာ ပုံမှန်ကုန်ဆုံးသွားပြီး နှစ်ဝက်ကျော်တဲ့အခါမှာတော့ နတ်ထူးဆန်းဟာ ဟန်ကျွယ်ရဲ့ ခန္ဓာကိုယ်နဲ့ လုံးဝပေါင်းစပ်သွားပါတယ်။ သူတို့နှစ်ယောက် အတူပေါင်းစပ်သွားပြီ ဆိုပေမဲ့ ဟန်ကျွယ်ဟာ နတ်ထူးဆန်းရဲ့ တည်ရှိမှုကို ခံစားနိုင်ပြီး အချိန်မရွေး ခန္ဓာကိုယ်ထဲကနေ မောင်းထုတ်လို့ရပါတယ်။
နတ်ထူးဆန်းဟာ ဟန်ကျွယ်ရဲ့ ဝိညာဉ်စွမ်းအားနဲ့ သေခြင်းရှင်ခြင်း မဟာတာအိုကြားမှာ တံတားတစ်စင်း ဖြစ်သွားတဲ့အတွက် ဟန်ကျွယ်ရဲ့ မဟာတာအိုနဲ့ ပေါင်းစပ်နှုန်းက လျင်မြန်စွာ တိုးတက်လာပါတယ်။ ဒီနှုန်းအတိုင်းသာ ဆက်သွားမယ်ဆိုရင် ဟန်ကျွယ်ဟာ ကောင်းကင်ဘဝဂ်အဆင့်ကို မကြာခင် ရောက်ရှိသွားတော့မှာပါ။
ဟန်ကျွယ်ဟာ အလွန်တရာ စိတ်လှုပ်ရှားသွားပြီး နတ်ထူးဆန်းကို ကြယ်ငါးပွင့်စာ ချစ်သွားပါတယ်။
‘ဟားဟား… ဒီကောင်ကို ယဉ်ပါးအောင်လုပ်တဲ့ ငါ့ဆုံးဖြတ်ချက်က ၁၀၀ ရာခိုင်နှုန်း မှန်ကန်တာပဲ’
အဲဒီနောက် ဟန်ကျွယ်ဟာ ကောင်းကင်ဘဝဂ် အဆင့်ကို ရောက်ရှိဖို့သာ အာရုံစိုက်ပြီး အပြင်က အဖြစ်အပျက်တွေကို လျစ်လျူရှုထားလိုက်ပါတယ်။
ကျောက်တုံးတွေနဲ့ ဆောက်လုပ်ထားတဲ့ အင်မော်တယ်ကမ္ဘာက ခန်းမတစ်ခုမှာ လီတောက်ခုံး၊ လီရွှမ်အောက်နဲ့ ဟွမ်ဂျိဟောင်တို့ဟာ ရှေ့ကို ဖြည်းဖြည်းချင်း လျှောက်နေကြပါတယ်။ ဘေးနှစ်ဖက်မှာတော့ လွန်လေပြီး လူသားဧကရာဇ်တွေရဲ့ ကျောက်သားရုပ်တုတွေ ရှိနေကြပါတယ်။
ဟွမ်ဂျိဟောင်ဟာ နောက်ဆုံးကနေ လမ်းလျှောက်ရင်း ကလေးငယ် တစ်ယောက်လို ပတ်ဝန်းကျင်ကို လျှောက်ကြည့်ပါတယ်။
လီရွှမ်အောက်က အသံတိုးတိုးနဲ့ မေးလိုက်ပါတယ် “သူတို့က ကျွန်တော်တို့ကို လေးစားပုံ မပေါ်ဘူး”
လီတောက်ခုံးက မျက်နှာအမူအရာ မပြောင်းဘဲ ပြောလိုက်ပါတယ် “ဘာမှမဖြစ်ဘူး၊ ငါတို့အစွမ်းကို သူတိုမြင်အောင် ပြလိုက်ရုံပေါ့”
မကြာခင်မှာပဲ လီတောက်ခုံးတို့ သုံးယောက်ဟာ အလွန်ကြီးမားတဲ့ ကျောက်ပြားကြီးဆီ ရောက်သွားပါတယ်။
ဒီကျောက်ပြားဟာ ပေတစ်သောင်း မြင့်မာပြီး လူသားမျိုးနွယ်စုရဲ့ သမိုင်းကြောင်းကို အနီရောင်သင်္ကေတမျိုးစုံနဲ့ ရေးထိုးထားပါတယ်။ ဒါ့အပြင် တစ်ချက်ကြည့်လိုက်ရုံနဲ့ ဘယ်လောက်ထိ ကြီးကျယ်ခမ်းနားထည်ဝါတယ် ဆိုတာကို ခံစားသိရှိနိုင်ပါတယ်။
လီတောက်ခုံးဟာ ရပ်လိုက်တဲ့အတွက် လီရွှမ်အောက်နဲ့ ဟွမ်ဂျိဟောင်လည်း ရပ်လိုက်ပါတယ်။
ကျောက်ပြားဟာ အလင်းရောင် တောက်ပလာပြီး ရုပ်သွင်တွေ ထွက်ပေါ်လာပါတယ်။ ဒီရုပ်သွင်တွေရဲ့ ခေါင်းဆောင်က ရှိသမျှအမွေး အကုန်ဖြူနေတဲ့ အဘိုးအိုတစ်ဦးပါ။ အဘိုးအိုဟာ ရယ်မောပြီး နှုတ်ဆက်လိုက်ပါတယ် “ရွမ်လိန့်ကျောင်းတော်ရဲ့ အင်မော်တယ်နှစ်ပါးကို ကြိုဆိုပါတယ်”
လီရွှမ်အောက်က နှာခေါင်းရှုံ့လိုက်ပါတယ် “ကျုပ်တို့ကို ကြိုဆိုရမဲ့အစား ချောင်းကြည့်နေတယ်၊ ကျုပ်တို့ မသိဘူးလို့ ထင်နေတာလား၊ ဒါမှမဟုတ် ကျုပ်တို့ကို ကြောက်နေတာလား”
“ကြောက်တာပေါ့၊ အင်မော်တယ်နှစ်ပါးက အနန္တကမ္ဘာကို တုန်လှုပ်စေခဲ့တာ၊ ကျွန်တော်တို့လို့ သေမျိုးတွေက ဘယ်လိုလုပ် မကြောက်ဘဲ နေမှာလဲ”
“ဟမ်..” လီရွှမ်အောက်ဟာ မျက်နှာပျော့သွားပါတယ်။
လီတောက်ခုံးက ပြောလိုက်ပါတယ် “ကျောက်စိမ်းဧကရာဇ် ကျိုးရန်ကို ဆန့်ကျင် တိုက်ခိုက်ဖို့ လူသားမျိုးနွယ်စုက ရွမ်လိန့်ကျောင်းတော်နဲ့ ပူးပေါင်းလို့ရတယ်”
အကုန်ဖြူ အဘိုးဘိုက မေးလိုက်ပါတယ် “ချန်ကျောင်းတော်နဲ့ ကျယ်ကျောင်းတော်ကရော…”
အကုန်ဖြူ အဘိုးအိုဟာ ရွမ်လိန့်ကျောင်းတော်ရဲ့ အင်အားကို မယုံကြည်လို ဒီမေးခွန်းကို မေးလိုက်တာပါ။ နောက်ပြီး သူတို့ရင်ဆိုင်ရမဲ့ ကျောက်စိမ်းဧကရာဇ် ကျိုးရန်က အင်မော်တယ်ကမ္ဘာ တစ်ခုလုံးကို တစ်ယောက်တည်း အစွမ်းနဲ့ ဖိနှိပ်ထားသူ မဟုတ်ပါလား။
လီတောက်ခုံးဟာ ညခြေကို ဆောင့်လိုက်တဲ့အခါ သူ့နောက်မှာ ဓားတစ်ချောင်း ထွက်ပေါ်လာပါတယ်။ ဒီဓားကနေ မျက်စိကျိန်းလောက်တဲ့ ခရမ်းရောင် အလင်းတန်တွေ ဖြာထွက်လာပြီး ကြောက်မက်ဖွယ် ဓားရောင်ဝါလည်း ထွက်ပေါ်လာပါတယ်။ ခန်းမထဲမှာရှိနေတဲ့ ဧကရာဇ်ရုပ်တုတွေကလည်း ပြင်းထန်စွာ တုန်လှုပ်လာပါတယ်။ ဒီထဲမှာ ပေတစ်သောင်း မြင့်မားတဲ့ ကျောက်ပြားကြီးလည်း ပါဝင်ပါတယ်။
စွမ်းအားကြီးပုဂ္ဂိုလ်တွေ အကုန်လုံး နှလုံးလှုပ်သွားကြပါတယ်။
“တော်တော် ကြောက်ဖို့ကောင်းတဲ့ ဓားချီပဲ”
“ရွမ်လိန့်ကျောင်းတော်ရဲ့ အကြီးဆုံးတပည့် ဖြစ်လာတာ အံဩစရာ မရှိတော့ပါဘူး”
“ကြည့်ရတာ ကောလဟာလတွေက အမှန်ထင်တယ်၊ ကျောက်စိမ်းဧကရာဇ် ကျိုးရန်တောင် သူကို ဘာမှမလုပ်နိုင်ဘူး”
“အဲဒီဓားက ဘယ်ကနေ လာတာလဲ၊ ငါ့စွမ်းအားတောင် ဆွဲဆောင်ခံရတယ်”
“ဒီရောင်ဝါ… သူက တကယ်ကြီး ကောင်းကင်ဘဝဂ်အဆင့်ကို ရောက်ခါစလား”
လူသားမျိုးနွယ်စုရဲ့ စွမ်းအားကြီးပုဂ္ဂိုလ်တွေဟာ အချင်းချင်း နတ်အာရုံနဲ့ ဆက်သွယ်ကြပါတယ်။ အများစုကတော့ လီတောက်ခုံးကို လန့်သွားကြပါတယ်။
အကုန်ဖြူ အဘိုးအိုက အပြုံးနဲ့ ပြောလိုက်ပါတယ် “လူသားမျိုးနွယ်စုက ရွမ်လိန့်ကျောင်းတော်နဲ့ ပူးပေါင်းဖို့ ဆန္ဒရှိပါတယ်”
လီရွှမ်အောက်ဟာ နှာခေါင်းရှုံ့ပြီး အထင်အမြင်သေးစွာ ပြုံးလိုက်ပါတယ် ‘ဒီအဘိုးကြီးတွေက အပြောင်းအလဲ တော်တော်မြန်တာပဲ’
ဟွမ်ဂျိဟောင်ကတော့ လီတောက်ခုံးကို တလေးတစား ကြည့်လိုက်ပါတယ် ‘ဆရာဦးလေးက ငါ့ဆရာသခင့်ထက် အများကြီး ပိုစွမ်းတာပဲ’ ဟွမ်ဂျိဟောင်ဟာ လီတောက်ခုံးနဲ့ ကြာကြာနေရလေ လီတောက်ခုံးလို ကျင့်ကြံသူမျိုး ဖြစ်ချင်လေလေပါပဲ။
လီရွှမ်အောက်က အားနည်းသူကို အနိုင်ကျင့်ပြီး စကားများတဲ့အတွက် လီတောက်ခုံးကြောင့် မဟုတ်ရင် အကြိမ်တစ်သိန်းလောက် သေနေလောက်ပါပြီ။ ဒါကြောင့် ဟွမ်ဂျိဟောင်ဟာ သူ့ဆရာသခင်ကို လီတောက်ခုံးလောက် မလေးစားပါဘူး။
“ကျောက်စိမ်းဧကရာဇ် ကျိုးရန်က သက်ရှိအားလုံးကို မျိုးတုံး သတ်ဖြတ်ချင်နေတာ၊ ဒီသတင်းက ဖြန့်ကျက်ရမယ်”
လီတောက်ခုံးရဲ့စကားကြောင့် အကုန်ဖြူ အဘိုးအိုဟာ အံအားသင့်သွားပါတယ် “ဒီသတင်းက အမှန်ပဲလား”
လီတောက်ခုံးက မျက်တောင်တစ်ချက် မခတ်ဘဲ ပြောလိုက်ပါတယ် “အမှန်အမှားကို ဘယ်သူ ဂရုစိုက်မှာလဲ”
အကုန်ဖြူအဘိုးအိုဟာ တိတ်ဆိတ်သွားပါတယ်။
ဆယ်နှစ်ကြာပြီးနောက်…
ဟန်ကျွယ်ရဲ့ ဝိညာဉ်စွမ်းအားဟာ သေခြင်းရှင်ခြင်း မဟာတာအိုနဲ့ လုံးဝ ပေါင်းစပ်သွားပြီး ဝိညာဉ်စွမ်းအားအသစ် တစ်ဖြစ်လဲ ဓမ္မစွမ်းအား ဖြစ်တည်လာကာ ကောင်းကင်ဘဝဂ် တာအိုသီး စခဲလာပါတယ်။ ကောင်းကင်ဘဝဂ် တာအိုသီးကို ခဲနိုင်တာနဲ့ ဟန်ကျွယ်ဟာ ကောင်းကင်ဘဝဂ် ကျင့်ကြံသူ ဖြစ်ပါပြီ။
ဒါပေမဲ့ ကောင်းကင်ဘဝဂ် တာအိုသီးကို ခဲဖို့က အချိန်ယူရပါတယ်။ ကောင်းကင်ဘဝဂ် ကျင့်ကြံသူရဲ့ ဓမ္မစွမ်းအားက အလွန်တရာ ကျယ်ပြန့်တဲ့အတွက် တစ်ခဏအတွင်း အောင်မြင်နိုင်မှာ မဟုတ်ပါဘူး။
ကံကောင်းထောက်မစွာပဲ ဟန်ကျွယ်ဟာ ဒီကိစ္စကို ကိုယ်တိုင် ထိန်းချုပ်စရာ မလိုပါဘူး။ ကောင်းကင်ဘဝဂ် တာအိုသီးက သူ့ဘာသာ အလိုအလျောက် ခဲနေတာပါ။ ဒါကြောင့် ဟန်ကျွယ်ဟာ မတ်တတ်ရပ်ပြီး ကျင့်ကြံခြင်းလိုဏ်ဂူထဲက ထွက်လိုက်ပါတယ်။
“တာအိုနားထောင်ဖို့ ပြင်ဆင်ကြ”
ဟန်ကျွယ်ရဲ့ အသံဟာ တိတ်ဆိတ်ကျွန်းကို ပဲ့တင်ထပ်သွားတဲ့အတွက် တိတ်ဆိတ်ကျွန်းပေါ်မှာ ရှိတဲ့ လူတိုင်း စိတ်လှုပ်ရှားသွားကြပါတယ်။ ဒီထဲမှာ ရှကျဲ့မျိုးနွယ်စုလည်း ပါဝင်ပါတယ်။
ရှကျဲ့မျိုးနွယ်စုက မျိုးမပွားနိုင်တဲ့အတွက် သူတို့လူဦးရေက ပြောင်းလဲခြင်း မရှိပါဘူး။ ဒါပေမဲ့ သူတို့အရည်အချင်း သိပ်မဆိုးတဲ့အတွက် အားအနည်းဆုံးလူတောင် မဟာညီညွတ်မှု ကောင်းကင် အင်မော်တယ် ဖြစ်နေပါပြီ။
ဟန်ကျွယ်ဟာ ဖူစန်းသစ်ပင်အောက်မှာ ထိုင်လိုက်ပါတယ်။
ဝူတောက်ကျန့်ဟာ ဟန်ကျွယ်နား ရောက်လာပြီး စပ်စုပါတယ် “သခင်… သခင်မျက်လုံးတွေက…”
တခြားသူတွေကလည်း ဟန်ကျွယ်ကို တအံတဩ ကြည့်လိုက်ကြပါတယ်။
ဟန်ကျွယ်လည်း ဝူတောက်ကျန့်စကားကြောင့် သူ့မျက်လုံးတွေကို စစ်ဆေးကြည့်လိုက်တဲ့အခါ မျက်ဆံတွေက ခရမ်းရောင် ဖြစ်နေတာကို တွေ့လိုက်ရပါတယ်။ ဒီလိုပြောင်းလဲသွားတာက ယာယီမဟုတ်ဘဲ ထာဝရဖြစ်တာကြောင့် ဟန်ကျွယ်ကို ပိုပြီးတော့ ဆန်းကြယ်သွားစေပါတယ်။
မျက်ဆံတင် မဟုတ်ပါဘူး၊ ဟန်ကျွယ်ရဲ့ နဖူးမှာလည်း အနက်ရောင် သင်္ကေတတစ်ခု ရှိနေပါသေးတယ်။
“ဒါက အဆင့်တစ်ခု၊ ငါ ရှင်းပြလည်း မင်း နားလည်မှာ မဟုတ်ပါဘူး”
ဝူတောက်ကျန့်ဟာ ဘာမှ ထပ်မပြောတော့ပါဘူး။
ဟန်ကျွယ်ဟာ လီယောင်နဲ့ ထူလင်းအာက သူ့ကို ဝါးစားမတက် ကြည့်နေတာကို သတိထားမိလိုက်ပါတယ်။ ဒီနေရာမှာ ဝါးစားမတက်အကြည့်ကာ စိန်းစိန်းဝါးဝါး ကြည့်တာကို ပြောတာ မဟုတ်ပါဘူး။
ကျင့်ကြံခြင်းလိုဏ်ဂူထဲက ထွက်လာတဲ့ နတ်မိမယ်ရှီရွှမ်နဲ့ ချန်ယွီအာဟာလည်း ဟန်ကျွယ်ကို မြင်တွေ့လိုက်ရတဲ့အခါမှာ မှင်သက်သွားကြပါတယ်။
ဟန်ကျွယ်ဟာ တခြားသူတွေ အကြည့်ကို ဂရုမစိုက်ဘဲ တာအို စတင်ဟောကြားပါတယ်။ ဟန်ကျွယ်ရဲ့ အသံထွက်ပေါ်လာတာနဲ့ လူတိုင်းရဲ့ ဝိညာဉ်ဟာ တုန်ခါသွားပြီး တာအို သိမြင်နားလည်တဲ့ အခြေအနေကို တစ်ယောက်ပြီး တစ်ယောက် ဝင်ရောက်သွားကြပါတယ်။
ဒါက ကောင်းကင်ဘဝဂ်အသံရဲ့ ထူးခြားမှုပါ။
ဟန်ကျွယ်ဟာ ကောင်းကင်ဘဝဂ်အဆင့်ကို ၁၀၀ ရာခိုင်နှုန်း မရောက်သေးဘူးဆိုပေမဲ့ ဟန်ကျွယ်ရဲ့ အသံထဲမှာ ကောင်းကင်ဘဝဂ် အဆင့်ရဲ့ တာအိုအသိဉာဏ်တွေ ပါဝင်နေပါပြီ။ ရှကျဲ့မျိုးနွယ်စုတောင် ညှို့ဓာတ် မိသွားပါတယ်။
အချိန်ဟာ လျင်မြန်စွာ ကုန်ဆုံးသွားပြီး မျက်စိတစ်မှိတ်အတွင်း ရှစ်နှစ်ကြာသွားပါတယ်။
ဟန်ကျွယ်ဟာ ကောင်းကင်ဘဝဂ် တာအိုသီးကို အပြည့်မခဲနိုင်သေးတာမို့ တာအိုဆက်ဟောကြားရင်း သူ့တာအိုကို စီစစ်ပါတယ်။
ဒီအချိန်မှာပဲ…
ဟန်ကျွယ်ရှေ့မှာ စာကြောင်းသုံးကြောင်း ရုတ်တရက် ပေါ်လာပါတယ်။
[တာအိုပညာရှိသည် လောကသို့ ဝင်ရောက်လာသဖြင့် သင့်တွင် အောက်ပါရွေးချယ်မှုများ ရှိသည်။]
[၁။ ကပ်ဘေးထဲ ချက်ချင်းဝင်၍ တာအိုပညာရှိအား စိန်ခေါ်ပါ။ ဆုလာဘ်အဖြစ် ကြီးမားကျယ်ပြန့်သော ကံတရား အထောက်အပံ့၊ ဆန်းကြယ်စွမ်းအား တစ်ပါးနှင့် မဟာတာအို အပိုင်းအစ တစ်စအား ရရှိမည်။]
[၂။ ကပ်ဘေးထဲ မဝင်ဘဲ သိုသိုသိပ်သိပ် ဆက်ကျင့်ကြံပါ။ ဆုလာဘ်အဖြစ် မဟာတာအို အပိုင်းအစ တစ်စအား ရရှိမည်။]
‘တာအိုပညာရှိက လောကထဲ ဝင်လာတာလား’
ဟန်ကျွယ်ဟာ နံပါတစ်နှစ်ကို ချက်ချင်း ရွေးချယ်ပြီး မဟာတာအို အပိုင်းအစ တစ်စကို ယူလိုက်ပါတယ်။ ပြီးတဲ့အခါမှာတော့ ကောင်းကင်လျှို့ဝှက်ချက် တွက်ချက်မှု လုပ်ဆောင်ချက်ကို မေးလိုက်ပါတယ်။
“လောကထဲ ဘယ်တာအိုပညာရှိ ဝင်လာလဲဆိုတာ ငါ သိချင်တယ်”
[သက်တမ်း ၅ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။
Chapter – 406
? Views, Released on December 7, 2024