Switch Mode

Chapter – 405

အခန်း (၄၀၅) အသက် ၆,၀၀၀ ပြည့်ခြင်း၊ တကျို့တျန်
[လျှို့ဝှက်ဆန်းကြယ် တည်ရှိမှုတစ်ခု၏ ကံကြမ္မာ လွှမ်းမိုးမှုအား စတင် ခုခံပါပြီ။]
[အောင်မြင်စွာ ခုခံနိုင်လိုက်ပါသည်။]
ဟန်ကျွယ်ဟာ ဒီစာကြောင်းနှစ်ကြောင်းကို မြင်လိုက်ရတဲ့အခါမှာတော့ လေပူတစ်ချက် မှုတ်လိုက်ပါတယ်။
တစ်ဖက်လူက ဘာစိတ်ရှိမှန်း မသိတာကြောင့် ခုခံလိုက်တာက အကောင်းဆုံးပါ။ ဟန်ကျွယ်ဟာ အခုလက်ရှိ အခြေအနေကို ကျေနပ်နေပါပြီ။ ပြောင်းလဲလိုစိတ် မရှိပါဘူး။
“ဘယ်သူက ငါ့ကတရားကို လွှမ်းမိုးဖို့ ကြိုးစားတာလဲ” ဟန်ကျွယ်က စနစ်ကို မေးလိုက်ပါတယ်။ ရန်သူသာဆိုရင် ဟန်ကျွယ်ဟာ အလွတ်ပေးမှာ မဟုတ်ပါဘူး။
[သက်တမ်း ၂ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
ဟန်ကျွယ်စိတ်ထဲမှာ လူတစ်ယောက် ပေါ်လာပါတယ်။
‘ဖန်းလျန်လား..’ ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ်။
ဟန်ကျွယ်ဟာ ဖန်းလျန်ကိုပဲ မြင်ရပြီး ဖန်းလျန် ဘာလုပ်နေမှန်း မသိတာကြောင့် ဖန်းလျန်မှာ ဘာအကြံရှိတယ်ဆိုတာကို မခန့်မှန်းနိုင်ပါဘူး ‘ဒီကောင်စုတ်လေးက လောကဦးကမ္ဘာမှာ တစ်ခုခု ကြံစည်နေတာ ကျိန်းသေတယ်’
ဟန်ကျွယ်ဟာ မေးခွန်းပြောင်းမေးလိုက်ပါတယ် “ဖန်းလျန်က ငါ့ကို ဒုက္ခပေးမှာလား”
[သက်တမ်း ၁ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
[လောလောဆယ် ဒုက္ခမပေးပါ။]
ဟန်ကျွယ်ဟာ သက်ပြင်းတစ်ချက် ချလိုက်ပါတယ်။ အဲဒီနောက် ခေါင်းထဲက အတွေးတွေကို ရှင်းထုတ်ပြီး တာအိုကို ဆက်သုံးသပ်ပါတယ်။
တစ်နှစ်ကျော်တဲ့အခါမှာတော့ ဟန်ကျွယ်ရှေ့မှာ စာကြောင်းသုံးကြောင်း ပေါ်လာပါတယ်။
[သင့်အသက် ၆,၀၀၀ ရှိပါပြီ။ ကျင့်ကြံမှုလမ်းစဉ်၌ နောက်ထပ် ခြေတစ်လှမ်း ထပ်လှမ်းလိုက်သောကြောင့် အောက်ပါရွေးချယ်မှုများ ပြုလုပ်နိုင်သည်။]
[၁။ ကပ်ဘေးထဲ ချက်ချင်းဝင်၍ ကံတရား အထောက်အပံ့အတွက် တိုက်ခိုက်ပါ။ ဆုလာဘ်အဖြစ် မဟာတာအို အပိုင်းအစ တစ်စနှင့် ကောင်းကင်တာအို စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံးကို ရရှိမည်။]
[၂။ ကပ်ဘေးထဲ မဝင်ဘဲ သိုသိုသိပ်သိပ် ဆက်ကျင့်ကြံပါ။ ဆုလာဘ်အဖြစ် မဟာတာအို အပိုင်းအစ တစ်စနှင့် ဆန်းကြယ်စွမ်းအား တစ်ပါးအား ဆက်ခံရရှိမည်။]
ဒီတစ်ခါမှာတော့ ဟန်ကျွယ်ဟာ ချက်ချင်း ရွေးချယ်မှု မလုပ်ဘဲ စနစ်ကို မေးလိုက်ပါတယ် “ငါက အခုအချိန်ထိ ကပ်ဘေးထဲ မဝင်သေးဘူးပေါ့”
[သင်သည် ကပ်ဘေးထဲ ရောက်နေသော်လည်း ကံတရား အထောက်အပံ့အတွက် တိုက်ခိုက်ခြင်း မရှိပေ။ သင့်တည်ရှိမှုအား လူတိုင်းသိရှိရန် လိုအပ်သည်]
ဟန်ကျွယ်ဟာ ဆက်မစဉ်းစားတော့ဘဲ နံပါတ်နှစ်ကို ရွေးလိုက်ပါတယ်။
[သင့်သည် ကပ်ဘေးအား ယာယီရှောင်ရှားရန် ရွေးချယ်ခဲ့၍ မဟာတာအို အပိုင်းအစ တစ်စနှင့် ဆန်းကြယ်စွမ်းအား တစ်ပါးအား ဆုလာဘ်အဖြစ် ရရှိပါသည်။]
[မဟာတာအို ဆန်းကြယ်စွမ်းအား မဟာညီညွတ်မှု ရုပ်သွင်ကို ရရှိခြင်းအတွက် ဂုဏ်ယူပါသည်။]
[မဟာညီညွတ်မှု ရုပ်သွင်: မဟာတာအိုမှ ဖြစ်ပေါ်လာသော ဆန်းကြယ်စွမ်းအားဖြစ်ပြီး ပဋိပက္ခနတ်ဘီလူး သုံးထောင်၏ ဓမ္မရုပ်တုများအသွင် ဖန်တီးနိုင်သည်။]
‘မဟာတာအို ဆန်းကြယ်စွမ်းအားလား’ ဟန်ကျွယ်ဟာ မှင်သက်သွားပြီး ချက်ချင်းပဲ ဆက်ခံလိုက်ပါတယ်။ ရုတ်ခြည်းဆိုသလိုပဲ ဟန်ကျွယ် ခေါင်းထဲကို မှတ်ဉာဏ်တွေ တိုးဝင်လာပါတယ်။
ပဋိပက္ခနတ်ဘီလူး သုံးထောင်ရဲ့ ဓမ္မရုပ်တုတွေက သူတို့ရဲ့ ခန္ဓာကိုယ်တွေ မဟုတ်ဘဲ သူတို့ရဲ့ တာအိုတွေပါ။ ဒီဓမ္မရုပ်တုတွေရဲ့ ပုံစံအစစ်အမှန်ကို ဆန်းကြယ်စွမ်းအား ကျင့်ကြံတာ အောင်မြင်မှပဲ ဟန်ကျွယ် သိနိုင်မှာပါ။
ခုနစ်ရက်ရှစ်ရက် ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ မှတ်ဉာဏ်အကုန်လုံးကို စုပ်ယူလိုက်ပြီး ပထမဆုံး ပဋိပက္ခနတ်ဘီလူး ဓမ္မရုပ်တုကို ကျားကုတ်ကျားခဲ ဖန်တီးပါတယ်။ ဟန်ကျွယ်ဟာ တစ်ဆင့်ချင်း ကျင့်ကြံပေမဲ့ မဟာတာအို ဆန်းကြယ်စွမ်းအားမို့ တစ်လကြာတာတောင် မအောင်မြင်ပါဘူး။
‘တစ်လကို တစ်ရုပ်တောင် မလုပ်နိုင်ရင် သုံးထောင်လုံးပြီးဖို့ ဘယ်လောက်တောင် ကြာမှာလဲ’
ဟန်ကျွယ်လည်း ဆန်းကြယ်စွမ်းအားတစ်ပါးအတွက် အချိန်အများကြီး အကုန်မခံနိုင်တာမို့ လက်လျှော့လိုက်ပါတယ်။ အခုအချိန်မှာ ဟန်ကျွယ်အတွက် အရေးအကြီးဆုံးက ကောင်းကင်ဘဝဂ်အဆင့်ကို အမြန်ဆုံး ရောက်ရှိဖို့ပါ။ ဆန်းကြယ်စွမ်းအားက ဘယ်လောက်ပဲ စွမ်းအားကြီးကြီး ကျင့်ကြံမှုလောက်တောင် မကောင်းနိုင်ပါဘူး။
လျှပ်တပြက်အတွင်း‌ နောက်ထပ် ၁၀ ကုန်ဆုံးသွားပါတယ်။
ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို ထုတ်ယူပြီး ကျောက်စိမ်းဧကရာဇ် ကျိုးရန်ကို ကျိန်စာ စတိုက်ပါတယ်။ ကြမ္မာဆိုးစာအုပ်က ကောင်းကင်ဘဝဂ် စိတ်ဝိညာဉ်ရတနာဆိုပေမဲ့ ကျောက်စိမ်းဧကရာဇ် ကျိုးရန်ကို ထိခိုက်ဖို့ဆိုရင် ဟန်ကျွယ်ရဲ့ ကျင့်ကြံမှုကလည်း ကောင်းကင်ဘဝဂ်အဆင့်ကို ရောက်နေဖို့ လိုအပ်ပါတယ်။
ဟန်ကျွယ်ဟာ ထုံးစံအတိုင်း ကျိန်စာတိုက်ရင်း စာ‌စောင်တွေကို စစ်ဆေးလိုက်ပါတယ်။
[သင့်မိတ်ဆွေ လီတောက်ခုံးသည် လျှို့ဝှက်ဆန်းကြယ် တာအိုစာပေနှင့် ပေါင်းစပ်မိပြီး ကျင့်ကြံမှုများစွာ တိုးတက်သွား၏။]
[သင့်မိတ်ဆွေ လီတောက်ခုံးသည် ကောင်းကင်တာအို ဆန်းကြယ်စွမ်းအားကို သိမြင်နားလည်ပြီး လောကကြီအား တုန်လှုပ်သွားစေ၏။ ]
[သင့်မိတ်ဆွေ ဂျိရှင်းရှန်သည် အင်မော်တယ်ဧကရာဇ်တစ်ပါး တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။]
[သင့်မိတ်ဆွေ ကျိုးဖန်သည် သင့်ရန်သူ ကျောက်စိမ်းဧကရာဇ် ကျိုးရန်၏ တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်။]
[သင့်မိတ်ဆွေ လီတောက်ခုံးသည် သင့်ရန်သူ ကျောက်စိမ်းဧကရာဇ် ကျိုးရန်၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။]
[သင့်မိတ်ဆွေ လီတောက်ခုံးသည် လျှို့ဝှက်ဆန်းကြယ် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၆
[သင့်မိတ်ဆွေ ထိုက်စုတျန်သည် ကောင်းကင်တာအိုအား သိမြင်နားလည်ပြီး အင်မော်တယ်ဧကရာဇ် ဖြစ်သွား၏။]
[သင့်မိတ်ဆွေ ဟန်မင်သည် လျှို့ဝှက်ဆန်းကြယ် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး၏ အမွေအနှစ်ကို ဆက်ခံရရှိသွားသည်။]
ဟန်ကျွယ်ဟာ လီတောက်ခုံးနဲ့ ကျောက်စိမ်းဧကရာဇ် ကျိုးရန်တို့ တိုက်ပွဲကို စိတ်ထဲမှာ မြင်ယောင်ကြည့်ပြီး လီတောက်ခုံးအတွက် ကျောချမ်းသွားပါတယ်။ လီတောက်ခုံးက ကျောက်စိမ်းဧကရာဇ် ကျိုးရန်နဲ့ တိုက်ခိုက်တာ တစ်ခါတည်း မကပါဘူး။ ထပ်ခါ ထပ်ခါပါပဲ။
‘ရွမ်လိန့်ကျောင်းတော်ရဲ့ အကြီးဆုံ့းတပည့်လို့ မပြောရဘူး… တကယ်ကြမ်းတာပဲ’
‘အစ်ကိုလီ မကြောက်နဲ့၊ အစ်ကို တစ်ယောက်တည်း မဟုတ်ဘူး’ ဟန်ကျွယ်ဟာ ကျိန်စာစွမ်းအားကို တိုးမြှင့်လိုက်ပါတယ်။
အဲဒီနောက် ဟန်ကျွယ်ဟာ ဟန်မင်က လျှို့ဝှက်ဆန်းကြယ် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါးရဲ့ အမွေအနှစ်ကို ဆက်ခံရရှိသွားတာ သတိထားမိလိုက်ပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ဟာ ဟန်မင်ကို ဘာမှလုပ်ဖို့ မစီစဉ်ထားပါဘူး။
ငါးရက်ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ရဲ့ သက်တမ်းဟာ စတင်လျော့ကျလာပါတယ်။
၁၀ ဘီလီယံ။
၂၀ ဘီလီယံ။
၃၀ ဘီလီယံ။
၄၀ ဘီလီယံ။
ဟန်ကျွယ်ဟာ ခေါင်းမူးလာပြီး ဒွါရကိုးပါးကနေ သွေးတွေ ယိုစိမ့်ထွက်လာတဲ့အတွက် ကျိန်စာတိုက်တာ ရပ်လိုက်ရပါတယ်။ ဒါပေမဲ့ ဒီဒဏ်ရာတွေက အပြင်ဒဏ်ရာတွေမို့ ဟန်ကျွယ်ဟာ ခပ်မြန်မြန်ပဲ ပြန်ကောင်းသွားပါတယ်။
‘ကျိုးရန်… ကျိုးရန်… မင်း ဘယ်လိုနေမလဲ ငါ မြင်ချင်လိုက်တာ’
ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို ပြန်သိမ်းပြီး နတ်ထူးဆန်းကို ကမ္ဘာဖျက်ကြာနက်ထဲကနေ လွှတ်ပေးလိုက်ပါတယ်။ နတ်ထူးဆန်းဟာ လေထဲမှာ ခေါက်တုံ့ခေါက်ပြန် လျှောက်သွားပြီး သူမကျေနပ်တာကို ဖော်ပြပါတယ်။ ဟန်ကျွယ်နဲ့ အတူနေတာ ကြာလို့ထင်ပါတယ်၊ နတ်ထူးဆန်းရဲ့ အသိဉာဏ်ဟာ တဖြည်းဖြည်း တိုးတက်လာပါတယ်။
ဟန်ကျွယ်နဲ့ နတ်ထူးဆန်းဟာ ဆက်သွယ်လို့ မရသေးဘူးဆိုပေမဲ့ ဟန်ကျွယ်ဟာ နတ်ထူးဆန်းရဲ့ ခံစားချက်ကို ခံစားလို့ရလာပါပြီ။
“ဝေးဝေးမှာနေ ငါ့ကို လာမနှောင့်ယှက်နဲ့”
ဟန်ကျွယ်ဟာ လက်ဝှေ့ယမ်းပြီး နတ်ထူးဆန်းကို တွန်းထုတ်ကာ သေခြင်းရှင်ခြင်း မဟာတာအိုကို ဆက်သုံးသပ်ပါတယ်။ နတ်ထူးဆန်းဟာ လေထဲမှာ ရပ်ပြီး ဟန်ကျွယ်ကို စိုက်ကြည့်ကာ တစ်စုံတစ်ခုကို အလေးအနက် စဉ်းစားလိုက်ပါတယ်။
မှောင်မိုက်တဲ့ စကြဝဠာရဲ့ တိမ်ပင်လက်ထက်မှာ သစ်ပင်အိုကြီးတစ်ပင် ရှိနေပါတယ်။ သစ်ပင်အောက်မှာ တရားထိုင်နေတဲ့ ကျောက်စိမ်းဧကရာဇ်ဟာ စွမ်းအားကို လှည့်ပတ်ရင်းက ရုတ်တရက် မျက်နှာပျက်သွားပါတယ် ‘ခွီးတဲ့မှပဲ… ဒီခွေးမသားက ဘယ်တော့မှ ရပ်မှာလဲ’
ကျောက်စိမ်းဧကရာဇ် ကျိုးရန်ဟာ အမှောင်သခင်ကြီးကို တွေးမိတဲ့အခါမှာ အမျက်ချောင်းချောင်း ထွက်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လီတောက်ခုံးနဲ့ တိုက်ခိုက်နေတုန်းမှာ အမှောင်သခင်ကြီးက ရုတ်တရက် ကျိန်စာ ထတိုက်တာကြောင့် ကျောက်စိမ်းဧကရာဇ်ဟာ လီတောက်ခုံးကို ရှုံးလုနီး ဖြစ်ခဲ့လို့ပါပဲ။
ဒါတင်မကသေးပါဘူး။ အမှောင်သခင်ကြီးက ငါးနှစ်တိုင်း ကျိန်စာတိုက်တဲ့အတွက် ကျောက်စိမ်းဧကရာဇ် ကျိုးရန်ဟာ အေးအေးချမ်းချမ်း မနေရပါဘူး။ ကျောက်စိမ်းဧကရာဇ် ကျိုးရန်ဟာ ကျိန်စာကို မကြောက်ဘူးဆိုပေမဲ့ ဒီအတိုင်းသာ ဆက်ပြီး စိတ်အနှောင့်အယှက် ပေးခံရရင် သည်းခံနိုင်မှာ မဟုတ်ပါဘူး။
ကျောက်စိမ်းဧကရာဇ် ကျိုးရန်ဟာ အမှောင်သခင်ကြီးကို ဆက်သွယ်ဖို့ တွေးမိပါတယ်။ ဒါပေမဲ့ ဆက်သွယ်ဖို့ နည်းလမ်းက တစ်လမ်းမှ ရှိမနေပါဘူး။ ကောင်းကင်ဧကရာဇ်ကလည်း အမှောင်သခင်ကြီးကို စပြီး မဆက်သွယ်နိုင်ပါဘူး။
ဒီအချိန်မှာပဲ….
ကျောက်စိမ်းဧကရာဇ် ရှေ့မှာ နတ်အလင်း‌ရောင် တောက်ပနေတဲ့ ရုပ်သွင်တစ်ခု ပေါ်လာပါတယ်။ ဒါပေမဲ့ ဒီလူက သူ့မျက်နှာကိုတော့ မပြပါဘူး။
“ကျောက်စိမ်းဧကရာဇ်… မင်းက တော်တော် ရိုင်းစိုင်းတာပဲ၊ မင်းကို တချို့ တာအိုပညာရှိတွေက သဘောမကျတော့ဘူး” အလင်းရောင် တောက်ပနေတဲ့ ရုပ်သွင်က တဲ့တိုး ပြောလိုက်ပါတယ်။
ကျောက်စိမ်းဧကရာဇ် ကျိုးရန်ဟာ မျက်လုံးဖွင့်ပြီး ပြောလိုက်ပါတယ် “တကျို့တျန်… မင်းက ငါ့ကို လာတားတာလား”
တကျို့တျန်က နှာခေါင်းရှုံ့လိုက်ပါတယ် “ဂိုဏ်းချုပ်က မင်းကို ထောက်ပံ့ရင် ငါကလည်း မင်းကို ထောက်ပံ့မှာပဲ၊ ဒါပေမဲ့ မင်းက ဂိုဏ်းချုပ်အတွက် ဒီထက် ပြဿနာတွေ ပိုမဖြစ်အောင်နေရင် ပိုကောင်းလိမ့်မယ်၊ တာအိုပညာရှိတွေက ခန့်မှန်းလို့မရဘူး၊ သူတို့ရဲ့ ခံစားချက်က ပိုတောင်ဆိုးသေးတယ်”
“ဘယ်တာအိုပညာရှိက လူသားမျိုးနွယ်စုကို ထောက်ပံ့ပေးနေတာလဲဆိုတာ ငါ သိချင်တယ်”
တကျို့တျန်က ခေါင်းခါလိုက်ပါတယ် “ငါတို့မှာ အဲဒါကိုသိဖို့ အရည်အချင်း မရှိဘူး၊ အနာဂတ်မှာ ကိုယ့်ကိုကိုယ် ဂရုစိုက်၊ ကိုယ့်ဘက်က မပိုင်ဘဲ ကောင်းကင်တာအို စိတ်ဆန္ဒကို ရန်သွားမစနဲ့”
စကားဆုံးတာနဲ့ တကျို့တျန်ဟာ ပျောက်ကွယ်သွားပါတယ်။
ကျောက်စိမ်းဧကရာဇ် ကျိုးရန်ဟာ မျက်မှောင်ကြုတ်သွားပြီး စိတ်ထဲမှာ ကြိမ်းမောင်းလိုက်ပါတယ် “ကပ်ဘေးပြီးရင် ငါက ကောင်းကင်တာအို စိတ်ဆန္ဒ ဖြစ်လာမှာ”
[ကျောက်စိမ်းဧကရာဇ် ကျိုးရန်သည့် သင့်အပေါ် မုန်းတီးမှု တိုးသွားပါပြီ။ လက်ရှိ မုန်းတီးမှု: ကြယ်ငါးပွင့်။]
ကျင့်ကြံအားထုတ်နေတဲ့ ဟန်ကျွယ်ဟာ ဒီအသိပေးချက်ကို မြင်ပေမဲ့ ဂရုမစိုက်ပါဘူး။ ဘာပဲဖြစ်ဖြစ် သူနဲ့ ကျောက်စိမ်းဧကရာဇ် ကျိုးရန်က ကမ္ဘာမကျေ ရန်သူဖြစ်ဖို့ ရေစက်ပါလာပြီးသား မဟုတ်ပါလား။
ကျိန်စာတိုက်တာ လေးနှစ်ကြာသွားပြီ ဖြစ်တဲ့အတွက် နောက်တစ်နှစ်ကြာတာနဲ့ ဟန်ကျွယ်ဟာ ကျောက်စိမ်းဧကရာဇ် ကျိုးရန်ကို လက်ဆောင်ကောင်းကောင်း ပေးအုန်းမှာပါ။
ဒီအချိန်မှာ ဟန်ကျွယ်ဟာ နတ်ထူးဆန်းက ကျောဘက်ကနေ သူ့ဝိညာဉ်စွမ်းအားကို တို့ထိနေတာ ခံစားလိုက်ရတဲ့အတွက် မျက်လုံးပြူးသွားပါတယ် ‘ဒီကောင် ဘာလုပ်နေတာလဲ’
မြန်မာပြည် ငြိမ်းချမ်းပါစေ။

Comment

Leave a Reply

Options

not work with dark mode
Reset