Switch Mode

Chapter – 403

အခန်း (၄၀၃) ကျောက်စိမ်းဧကရာဇ် လူရှေ့ထွက်ခြင်း
[ကျောက်စိမ်းဧကရာဇ် ကျိုးရန်သည် သင့်အား မုန်းတီမှု တိုးသွားပါပြီ။ လက်ရှိ မုန်တီးမှု: ကြယ်လေးပွင့်။]
ဒီအသိပေးချက်ကို မြင်လိုက်ရတဲ့အခါမှာတော့ ဟန်ကျွယ်ရဲ့ စိတ်ဓာတ်ကျမှုဟာ လုံးဝ ပျောက်ကွယ်သွားပါတယ်။ ကျိန်စာက ကျောက်စိမ်းဧကရာဇ်ကို မသက်ရောက်ရင် မုန်တီးမှု တိုးလာစရာ အကြောင်းမရှိဘူး မဟုတ်ပါလား။
သက်တမ်းပေါင်း ဘီလီယံ ၄၀ က တစ်ဖက်လူရဲ့ စိတ်ကိုမှ ငြစ်နွမ်းအောင် မလုပ်နိုင်ဘူးဆိုရင် ဟန်ကျွယ်အတွက် အတော်ကြီးမားတဲ့ ဆုံးရှုံးမှုကြီး ဖြစ်မှာပါ။
ဟန်ကျွယ်ဟာ စိတ်အခြေအနေကို ပြင်ဆင်လိုက်ပါတယ်။ အမှောင်တားမြစ်နယ်မြေမှာ ပုန်းအောင်းနေတာ ဖြစ်တဲ့အတွက် ကျောက်စိမ်းဧကရာဇ်က သူ့ကို ရှာတွေ့စရာအကြောင်း မရှိလောက်ပါဘူး။
ဒါပေမဲ့ ဟန်ကျွယ်ဟာ အမှောင်သခင်ကြီးဆိုတာ ပေါ်သွားလို့ မဖြစ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျောက်စိမ်းဧကရာဇ်က သူ့မိတ်ဆွေတွေနဲ့ ခြိမ်းခြောက်မှာကို သိနေလို့ပါပဲ။
လေးငါးခြောက်ရက် အကြာမှာတော့ ဟန်ကျွယ်ဟာ အကောင်းပကတိ ပြန်ဖြစ်သွားပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ ဆန်းကြယ်စွမ်းအားတွေကို ကန့်သတ်စည်းထိရောက်အောင် အဆင့်မြှင့်တင်ပါတယ်။
နှစ်အနည်းငယ် အကြာမှာတော့ ဟန်ကျွယ်ဟာ အသွင်တူ လက်ရည်စမ်းပွဲထဲဝင်ပြီး လီရွှမ်အောက်နဲ့ တိုက်ခိုက်ပါတယ်။
တစ်ချက်တည်း သတ်ဖြတ်ခြင်း။
ဟန်ကျွယ်ဟာ လီတောက်ခုံးကို အသက်ရှူကြိမ် ဆယ်ကြိမ်အတွင်း သတ်နိုင်ပြီး ကောင်းကင်ဧကရာဇ်ကိုတောင် တစ်နာရီအတွင်း သတ်နိုင်လာပါတယ်။
ရွှယ်မင်းဟယ်ကို သတ်ဖို့ကတော့ ငါးမိနစ်ပဲ ကြာပါတယ်။
ဟန်ကျွယ်ဟာ မဟာအန္တိမခန်းမမှာ တာအိုလာနားထောင်တဲ့လူ အကုန်လုံးကို စိန်ခေါ်တိုက်ခိုက်ပါတယ်။ နတ်မင်းအဆင့် ကျင့်ကြံသူ ဘယ်သူမှ ဟန်ကျွယ်ကို မယှဉ်နိုင်ပါဘူး။ အားနည်းတဲ့ ကောင်းကင်ဘဝဂ်ကျင့်ကြံသူတွေတောင် ဟန်ကျွယ်လက်က လွတ်အောင် မပြေးနိုင်ပါဘူး။
ကောင်းကင်ဘဝဂ် ဆန်းကြယ်စွမ်းအား၊ လောကဦး ကြယ်တာရာခန္ဓာကိုယ်၊ ကမ္ဘာဖျက်ကြာနက်။
ဒီအကြောင်းတွေကြောင့် ဟန်ကျွယ်ဟာ ရန်သူတွေကို အဆင့်ကျော်ပြီး သတ်ဖြတ်နိုင်တာပါ။ မူလဆန်းကြယ် နတ်စွမ်းအားငါးပါးနဲ့ မူလဆန်းကြယ် နတ်စွမ်းအား ခြောက်ပါးက တော်တော်လေး ကွာပါတယ်။ ဝိညာဉ်စွမ်းအား ပမာဏတင် မကဘဲ အရည်အသွေးပါ တော်တော်လေး ကွာခြားတာပါ။
ဟန်ကျွယ်ဟာ ကောင်းကင်ဘဝဂ်အဆင့်နဲ့ ဝိုးတိုးဝါးတား ထိတွေ့မိနေပါပြီ။ ဒီအဆင့်က အင်မော်တယ်ချီတွေ ရှန်တျန်ချီတွေကို စုပ်ယူရတာ မဟုတ်တော့ပါဘူး။ မဟာတာအိုကို သိမြင်နားလည်အောင် သုံးသပ်ရတာပါ။
ဘိုးဘေးမှော်ဆရာ ၁၂ ပါးက ပဓာနဝိညာဉ်မရှိပေမဲ့ သူတို့ရဲ့ ခန္ဓာကိုယ်တွေက မဟာတာအိုမူလကို ကျင့်ကြံထားပါတယ်။ ဒါကြောင့် သူတို့တွေဟာ ကောင်းကင်ဘဝဂ်အဆင့်နဲ့ ဒီထက်မြင့်မားတဲ့ အဆင့်တွေကိုတောင် ရောက်ရှိနိုင်တာပါ။
ဟန်ကျွယ်ဟာ သေခြင်းရှင်ခြင်း မဟာတာအိုကို သုံးသပ်ပြီး ကောင်းကင်ဘဝဂ်အဆင့်ကို ထိုးဖောက်ဖို့ ပြင်ဆင်ပါတယ်။ ကံတရား မဟာတာအိုက သေခြင်းရှင်ခြင်း မဟာတာအိုထက် စွမ်းအားကြီးတယ်ဆိုပေမဲ့ သူများဟာပါ။ ကိုယ်ပိုင်မဟုတ်တော့ စိတ်မချရပါဘူး။
‘နေပါအုန်း… ငါ့ဘာသာ မဟာတာအိုအသစ်ကို ဖန်တီးလို့ရတာပဲ’
ဟန်ကျွယ်ခေါင်းထဲကို အကြံကြီးတစ်ခု ဝင်လာပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ဟာ ဒီအကြံကြီးကို ချက်ချင်းပဲ စွန့်ပစ်လိုက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မဟာတာအိုအပိုင်းအစ ကိုးစရဲ့ အကူအညီမပါဘဲ မဟာတာအိုအသစ်ကို ဖန်တီးဖို့က မဖြစ်နိုင်လို့ပါပဲ။ မဟာတာအိုအပိုင်းအစကိုးစကို ဖန်တီးဖို့ကလည်း ဘယ်လောက်ကြာအုန်းမလဲ မသိနိုင်ပါဘူး။ လောလောဆယ် ဟန်ကျွယ်မှာ မဟာတာအို အပိုင်းအစ တစ်စပဲ ရှိပါတယ်။
ဟန်ကျွယ်ဟာ မဟာတာအို အပိုင်းအစ ကိုးစလုံး စုစည်းမိမှာ မဟာတာအိုအသစ်ကို ဖန်တီးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒီမတိုင်ခင်တော့ ဟန်ကျွယ်ဟာ သေခြင်းရှင်ခြင်း မဟာတာအိုကိုပဲ မှီခိုနေရအုန်းမှာပါ။
အဲဒါကြောင့် ဟန်ကျွယ်ဟာ သေခြင်းရှင်ခြင်း မဟာတာအိုကို စတင်သုံးသပ်ပြီး ကောင်းကင်ဘဝဂ်အဆင့်ကို ချဉ်းကပ်ပါတယ်။ ဟန်ကျွယ် ဂူအောင်း ကျင့်ကြံနေတုန်း အင်မော်တယ်ကမ္ဘာကတော့ ပိုပြီးတော့ ဖရိုဖရဲ ဖြစ်လာပါတယ်။
ကျောက်စိမ်းဧကရာဇ် ကျိုးရန်လည်း လူရှေ့ထွက်လာပြီး ကောင်းကင်ရုံးတော်ကို ဖိနှိပ်ကာ ကောင်းကင်ဘုံကိုးဘုံကို ထိန်းချုပ်ပါတယ်။
နဂါးရုံးတော်။
နဂါးစစ်မျိုးနွယ်စု။
အမှောင်ဂိုဏ်း။
ချီလင်မျိုးနွယ်စု။
လူသားမျိုးနွယ်စုရဲ့ အဂ္ဂပြည်။
အင်အားစုအကုန်လုံး ကျောက်စိမ်းဧကရာဇ် ကျိုးရန်ကို ရှုံးနိမ့်သွားပါတယ်။ ဒီအဖြစ်ကြောင့် လောကတစ်ခုလုံး အုတ်အော်သောင်းနင်း ဖြစ်သွားပါတယ်။
ကျောက်စိမ်းဧကရာဇ်ကျိုးရန်ဟာ သူ့ရဲ့ပြိုင်ဘက်ကင်းစွမ်းအားနဲ့ သက်ရှိအားလုံးကို ဘေးဒုက္ခတွေ ဆောင်ယူလာပါတယ်။ ကျိုးပဲ့နေတဲ့ ကောင်းကင်ဧကရာဇ် နန်းတော်မှာ ဖန်းလျန်ဟာ ကော်ဇောပေါ်ထိုင်နေပါတယ်။ ဖန်းလျန်ရှေ့မှာတော့ လူနှစ်ယောက် ဒူးထောက်နေပါတယ်။
ဒီနှစ်ယောက်က ကောင်းကင်နတ်ဘုရား စစ်သူကြီးနဲ့ သိုင်းနတ်ဘုရား စစ်သူကြီးတို့ပါ။
ဖန်းလျန်ဟာ ကောင်းကင်စစ်သူကြီးနှစ်ဦးကို စိုက်ကြည့်ပြီး မေးလိုက်ပါတယ် “မင်းတို့နှစ်ယောက် ငါ့ကို ကောင်းကင်ဧကရာဇ်အဖြစ် အသိအမှတ်ပြုသေးတာလား”
သိုင်းနတ်ဘုရား စစ်သူကြီးက တိုးညင်းစွာ ပြောလိုက်ပါတယ် “အရှင်မင်းကြီးက ကောင်းကင်ဧကရာဇ်ပါ၊ အရှင်မင်းကြီးကို အရင် ကောင်းကင်ဧကရာဇ်ကိုယ်တိုင် ရွေးချယ်ခဲ့တာပါ၊ အရှင်မင်းကြီးကမှ ကောင်းကင်ဧကရာဇ်စစ်စစ်ပါ”
ကောင်းကင်နတ်ဘုရား စစ်သူကြီးက ထပ်ပြောလိုက်ပါတယ် “ဟုတ်ပါတယ်၊ အရှင်မင်းကြီးက ကောင်းကင်ဧကရာဇ် စစ်စစ်ပါ”
ဖန်းလျန်ဟာ ကောင်းကင်စစ်သူကြီးနှစ်ဦးကို ကြည့်ပြီး သက်ပြင်းချလိုက်ပါတယ်။ အဲဒီနောက် ရှန်စစ်သူကြီးကို တွေးမိပြီး နှလုံးသားထဲ နာကျင်သွားပါတယ်။
“ငါက ကျောက်စိမ်းဧကရာဇ်ရဲ့ အကျဉ်းသား ဖြစ်နေပြီ၊ မင်းတို့ပဲ ငါ့ကို ကောင်းကင်ဧကရာဇ်လို့ သဘောထားသေးတာ” ဖန်းလျန်ဟာ မဲ့ပြုံး ပြုံးလိုက်ပါတယ်။ ဖန်းလျန်ရဲ့ မျက်လုံးထဲမှာ မခံချင်မှုတွေ အပြည့်ပါပဲ။
သိုင်းနတ်ဘုရား စစ်သူကြီးက ခပ်တိုးတိုး ပြောလိုက်ပါတယ် “ကျောက်စိမ်းဧကရာဇ် ကျိုးရန်က များလွန်းတယ်၊ သူက ကောင်းကင်ရုံးတော်ကို စော်ကားနေတာ”
ကောင်းကင်နတ်ဘုရား စစ်သူကြီးကတော့ မျက်နှာသေနဲ့ ဘာမှမပြောပါဘူး။
ဖန်းလျန်ဟာ အသက်ပြင်းပြင်း ရှူသွင်းပြီး ပြောလိုက်ပါတယ် “ငါ မင်းတို့ကို ခိုင်းစရာရှိတယ်”
သိုင်းနတ်ဘုရား စစ်သူကြီးက မေးလိုက်ပါတယ် “ဘာကိစ္စပါလဲ အရှင်မင်းကြီး”
“ခွန်လွန်ကိုသွားပြီး တာအိုပညာရှိတွေကို ကောင်းကင်ရုံးတော်အကြောင်း သတင်သွားပေးချည်”
“ကောင်းပါပြီ”
သိုင်းနတ်ဘုရား စစ်သူကြီးက သဘောတူလိုက်ပါတယ်။
…..
မှောင်မည်းတဲ့ လိုဏ်ဂူတစ်ဂူမှာ ရွှယ်မင်းဟယ်ဟာ ကျောက်စိမ်းဓား ခုနစ်ချောင်းနဲ့ မြေကြီးပေါ် ထိုးစိုက်ခံထားရတာကြောင့် တစ်လက်မတောင် မလှုပ်နိုင်ပါဘူး။ မရေမတွက်နိုင်တဲ့ အမှောင်ဂိုဏ်းသားတွေဟာ မလှမ်းမကမ်းမှာ စုစည်းနေကြပါတယ်။ ဒီထဲမှာ သွမ့်ဟုန်ချန်၊ ရွှမ်ချင်းကျွင်းနဲ့ မော့ဖူချိုတို့လည်း ပါပါတယ်။
လူတိုင်းဟာ လူတစ်ယောက်ကို ကြည့်နေပါတယ်။ ဒီလူက တိမ်တွေဝန်းရံထားတဲ့ နဂါးပလ္လင်ပေါ်မှာ ထိုင်နေပါတယ်။ ထိုင်နေပုံက မောက်မာလွန်းပြီး မျက်လုံးတွေကလည်း သက်ရှိအားလုံးကို အထင်သေးပုံ ပေါ်နေပါတယ်။
ဒီလူကတော့ ကျောက်စိမ်းဧကရာဇ် ကျိုးရန်ပါ။ ကျောက်စိမ်းဧကရာဇ် ကျိုးရန်ဟာ မျက်မှောင်ကြုတ်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အချိန်အတော်ကြာတဲ့အထိ တွက်ချက်တာတောင် ရွှယ်မင်းဟယ်နဲ့ အမှောင်သခင်ကြီးကြားက ဆက်ဆံရေးကို တွက်ချက်လို့ မရလို့ပါပဲ။
“အမှောင်သခင်ကြီးက ဘယ်သူလဲ” ကျောက်စိမ်းဧကရာဇ်ရဲ့ အကြည့်ဟာ ရွှယ်မင်းဟယ်ဆီ ရောက်သွားပါတယ်။
ရွှယ်မင်းဟယ်ဟာ အံကြိတ်လိုက်ပေမဲ့ မျက်လုံးတွေထဲမှာ ကြောက်ရွံ့မှုအပြည့်ပါပဲ။ ရွှယ်မင်းဟယ်ဟာ အမှောင်သခင်ကြီး ယုံကြည်လေးစားတယ်ဆိုပေမဲ့ သေရမှာကို ပိုကြောက်ပါတယ်။
“ကျွန်တော် အမှောင်သခင်ကြီး ဘယ်မှာရှိနေလဲဆိုတာကို တကယ်မသိတာပါ”
“မင်း အသက်ရှင်ချင်လား”
“ရှင်ချင်ပါတယ်”
“ဒါဆို လူသားမျိုးနွယ်စုကို ကျိန်စာတိုက်ဖို့ မင်းတပည့်တွေကို ပြောလိုက်”
“ခင်ဗျာ…”
ရွှယ်မင်းဟယ်ဟာ ထိတ်လန့်သွားပါတယ်။ လူသားမျိုးနွယ်စုက ကောင်းကင်တာအိုရဲ့ အချစ်တော်ပါ။ လူတချို့ကို ကျိန်စာတိုက်တာက ကိစ္စမရှိပေမဲ့ လူသားမျိုးနွယ်စု တစ်စုလုံးကို ကျိန်စာတိုက်တာကတော့ ကိုယ့်သေတွင်း ကိုယ်တူးတာနဲ့ ဘာမှမခြားပါဘူး။
ကျောက်စိမ်းဧကရာဇ် ကျိုးရန်ရဲ့ မျက်လုံးတွေဟာ အေးစက်သွားပါတယ်။ ချက်ချင်းဆိုသလိုပဲ လိုဏ်ဂူထဲက အပူချိန်ဟာ ရေခဲမှတ်ထိ လျော့ကျသွားတာကြောင့် လူတိုင်း ခိုက်ခိုက်တုန်သွားပါတယ်။ ရွှယ်မင်းဟယ်လည်း ရွေးချယ်စရာမရှိတာကြောင့် သဘောတူလိုက်ရပါတယ်။
‌ကျောက်စိမ်းဧကရာဇ် ကျိုးရန်ဟာ နောက်ဆုံးစကားပြောပြီး လေထဲမှာ ပျောက်ကွယ်သွားပါတယ် “လောကမှာ မဟာတာအိုသုံးထောင်ရှိတယ်၊ ဒါပေမဲ့ ရှင်သန်ဖို့ အခွင့်အရေးက တစ်ခုတည်း၊ မင်း ဆုပ်ကိုင်နိုင်မလား လက်လွှတ်ရမလားဆိုတာကတော့ မင်းအပေါ်ပဲ မူတည်တယ်”
ကျောက်စိမ်းဓား ခုနစ်ချောင်းလည်း ရွှယ်မင်းဟယ်ရဲ့ ခန္ဓာကိုယ်ကနေ ပျောက်ကွယ်သွားပါတယ်။
ရွှယ်မင်းဟယ်ဟာ စိတ်ထဲမှာ ကျိန်ဆဲလိုက်ပါတယ် ‘ခွေးမသား… မင်းကို မနိုင်လို့ပေါ့ကွာ၊ မဟုတ်လို့ကတော့…’ ရွှယ်မင်းဟယ်ဟာ သူ့အတွက် လက်စားချေပေးဖို့ အမှောင်သခင်ကြီးကို ဆုတောင်းရုံသာ တက်နိုင်ပါတော့တယ်။
ဟန်ကျွယ် သေခြင်းရှင်ခြင်း မဟာတာအိုကို စတင်သုံးသပ်တာကနေ ၁၉ နှစ် ကုန်ဆုံးသွားပါတယ်။ မဟာတာအိုကို လေ့လာသုံးသပ်နေတဲ့ ဟန်ကျွယ်ဟာ စနစ်ရဲ့ အသိပေးချက်ကြောင့် ရုတ်တရက် နိုးလာပါတယ်။
[ကျောက်စိမ်းဧကရာဇ် ကျိုးရန်သည် အနန္တကပ်ဘေးအား အားသုံးပြီး အထွတ်အထပ်သို့ ဆွဲတင်ကာ ကောင်းကင်တာအို ကံတရား အထောက်အပံ့အား ထိခိုက်စေခဲ့၏။ ထို့ကြောင့် သင့်တွင် အောက်ပါရွေးချယ်မှုများ ရှိသည်။]
[၁။ ချက်ချင်းဘုံပျံတက်၍ ကျောက်စိမ်းဧကရာဇ်နှင့် ယှဉ်ပြိုင်တိုက်ခိုက်ကာ သက်ရှိအားလုံးအတွက် မျှော်လင့်ချက်ရောင်ခြည် ယူဆောင်ပါ။ ဆုလာဘ်အဖြစ် မဟာတာအို အပိုင်းအစ တစ်စ၊ ဆန်းကြယ်စွမ်းအား တစ်ပါး၊ တာအိုစက်ကွင်း အဆင့်မြှင့်တင်ရန် အခွင့်အရေးတစ်ခု၊ အကောင်းစား ရတနာတစ်ပါး၊ ကျပမ်း သဘာဝ ရတနာတစ်ပါးနှင့် ကောင်းကင်တာအို စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံးအား ရရှိမည်။]
[၂။ ပြဿနှင့် ဝေးဝေးနေ၍ သိုသိုသိပ်သိပ် ဆက်ကျင့်ကြံပါ။ ဆုလာဘ်အဖြစ် မဟာတာအို အပိုင်းအစ တစ်စနှင့် ကောင်းကင်တာအို စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံအား ရရှိမည်။]
ဟန်ကျွယ်ဟာ စိတ်ထဲမှာ ကျိန်ဆဲလိုက်ပါတယ် ‘ဒါ ငါ့ကို ကပ်ဘေးထဲဝင်အောင် အကြံကုန်ထုတ်နေတာ’
ဟန်ကျွယ်ဟာ ဆုလာဘ်တွေအများကြီးကို လိုချင်ပေမဲ့ ကျောက်စိမ်းဧကရာဇ်ကျိုးရန်နဲ့ မတိုက်ခိုက်ရဲပါဘူး။ အခုအချိန်မှာ ကျောက်စိမ်းဧကရာဇ်နဲ့ တိုက်ခိုက်တာ ကိုယ့်သေတွင်း ကိုယ်တူးတာပါ။
ဟန်ကျွယ်ဟာ နံပါတ်နှစ်ကိုပဲ ‌ရွေးချယ်လိုက်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဟန်ကျွယ်လိုနေတဲ့ ရတနာနှစ်ခု ရလိုက်တာပဲ မဟုတ်ပါလား။
[သိုသိုသိပ်သိပ် ဆက်ကျင့်ကြံမည်ကို ရွေးချယ်ခဲ့သောကြောင့် မဟာတာအို အပိုင်းအစ တစ်စနှင့် ကောင်းကင်တာအို စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံးအား ဆုလာဘ်အဖြစ် ရရှိပါသည်။]
ဟန်ကျွယ်ဟာ နတ်ထူးဆန်းကို ကမ္ဘာဖျက်ကြာနက်ထဲထည့်ပြီး ကြမ္မာဆိုးစာအုပ်နဲ့ ကောင်းကင်တာအို စိတ်ဝိညာဉ်ကျောက်တုံးကို ထုတ်ယူလိုက်ပါတယ်။ ဟန်ကျွယ်ဟာ မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်လာမှာစိုးတဲ့အတွက် ကျိန်စာတိုက်မယ်ဆိုတာနဲ့ နတ်ထူးဆန်းကို ကမ္ဘာဖျက်ကြာနက်ထဲ အရင်ထည့်ပါတယ်။
“မင်းက ဒီလောက်မောက်မာမှတော့ ငါကလည်း ဖြည့်ဆည်းပေးရမှာပေါ့”
ဟန်ကျွယ်ဟာ လောကကြီးကို ထပ်ကယ်တင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ရဲ့ ကြိုးစားအားထုတ်မှုတွေကို တစ်ယောက်မှ မသိပါဘူး။
‘သူရဲကောင်းက တကယ်ကို အထီးကျန်တာပဲ’
ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်နဲ့ ကောင်းကင်တာအို စိတ်ဝိညာဉ်ကျောက်တုံးကို စတင်ပေါင်းစပ်ပါတယ်။
ကြမ္မာဆိုးစာအုပ်က နတ်မင်းအဆင့် အကောင်းစား ရတနာ ဖြစ်နေပါပြီ။ ဒါကြောင့် ဒီတစ်ခါ အဆင့်မြှင့်တင်မှုမှာ ကျိန်းသေပေါက် ကောင်းကင်ဘဝဂ်အဆင့်ကို ရောက်မှာပါ။ ဒီလိုဆိုရင် ကျိန်စာစွမ်းအားကလည်း အရင်ထက် အဆမတန် ပိုပြင်းထန်လာမှာပါ။
တစ်ချိန်တည်းမှာပဲ ဟန်ကျွယ်ဟာ စာစောင်တွေကို စစ်ဆေးလိုက်ပါတယ်။
[သင့်မြေးတပည့် ဖန်းလျန်သည် သင့်ရန်သူ ကျောက်စိမ်းဧကရာဇ် ကျိုးရန်၏ တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်။]
[သင့်မိတ်ဆွေ ရွှယ်မင်းဟယ်သည် သင့်ရန်သူ ကျောက်စိမ်းဧကရာဇ် ကျိုးရန်၏ တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်။]
[သင့်မိတ်ဆွေ သိလန်တျန်သည် သင့်ရန်သူ ကျောက်စိမ်းဧကရာဇ် ကျိုးရန်၏ တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်။]
[သင့်မြေးတပည့် လုံဟောင်သည် သင့်ရန်သူ ကျောက်စိမ်းဧကရာဇ် ကျိုးရန်၏ တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်။]
[သင့်မိတ်ဆွေ လွမ်ဟွေ အင်မော်တယ်ဧကရာဇ်သည် သင့်ရန်သူ ကျောက်စိမ်းဧကရာဇ် ကျိုးရန်၏ တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်။]
ဟန်ကျွယ်ဟာ စာစောင်တွေကို ဆက်ဖတ်လေ မျက်မှောင်ကြုတ်လေပါပဲ ‘ဒီကောင်က ကပ်ဘေးကို ပိုပိုဆိုးအောင် လုပ်နေတာပဲ’
မြန်မာပြည် ငြိမ်းချမ်းပါစေ။

Comment

Leave a Reply

Options

not work with dark mode
Reset