အခန်း (၄၀၂) မူလဆန်းကြယ် နတ်စွမ်းအားခြောက်ပါး၊ ကျောက်စိမ်းဧကရာဇ် ကျိုးရန်
“မင်းတို့ဘာသာ တိုက်ခိုက်ခံချင်ရင်လည်း ကိုယ်ဘာသာခံ၊ ငါ့ကို ဆွဲမထည့်နဲ့၊ ဒီနှစ်တွေမှာ မင်းတို့တွေ တကယ်ရော ကောင်းကောင်းမွန်မွန် နေခဲ့ရလို့လား” ဟန်ကျွယ်ဟာ တာအိုအရှင်သခင်နဲ့ ကျောက်ရွှမ်ယွမ်ရဲ့ ခံစားချက်ကို ဂရုမစိုက်ဘဲ ပွင့်ပွင့်လင်းလင်း ပြောလိုက်ပါတယ်။
ဟန်ကျွယ်ဟာ ထွက်သွားဖို့ ပြင်လိုက်ပါတယ်။
တာအိုအရှင်သခင်က ရုတ်တရက် ပြောလိုက်ပါတယ် “မင်း ငါ့ကိုနိုင်ရင် မင်းနောက်လိုက်လုပ်မယ်”
ဟန်ကျွယ်ဟာ တာအိုအရှင်သခင်ကို တစ်ချက်ကြည့်လိုက်ပါတယ် “မင်း ငါ့ကို ရှာနိုင်ရင် မင်းနိုင်တယ်”
စကားဆုံးတဲ့ဆိုရင်ပဲ ဟန်ကျွယ်ဟာ နတ်ထူးဆန်းနဲ့ ပဋိပက္ခနယ်မြေကနေ ထွက်ခွာသွားပါတယ်။ ဟန်ကျွယ်ဟာ နတ်ထူးဆန်းကို သူ့ဘေးမှာ ဆက်နေခိုင်းပြီး ဆက်လက် ကျင့်ကြံပါတယ်။
ဟန်ကျွယ် နောက်ထပ် လုပ်ရမှာက မူလဆန်းကြယ် နတ်စွမ်းအား ခြောက်ပါးကို ထိုးဖောက်ဖို့ပါ။ ပြီးရင် ကောင်းကင်ဘဝဂ်အဆင့် ရောက်အောင် ကျားကုတ်ကျားခဲ ကြိုးစားရမှာပါ။
နှစ် ၂၀ ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ အဆင့်တက်ဖို့ အခွင့်အရေး ရသွားပါတယ်။ ဟန်ကျွယ်ဟာ စိတ်ခံစားချက်ကို သင့်လျော်အောင် ပြင်ဆင်ပြီး လောကကြီး ဘာဖြစ်နေတယ်ဆိုတာ သဘောပေါက်ဖို့အတွက် စာအိတ်ကို ဖွင့်လိုက်ပါတယ်။
[သင့်မိတ်ဆွေ ကျိုးဖန်သည် နေမီးလျှံစစ်အား ပိုင်နိုင်ပြီး ကောင်းကင်တာအို နတ်စိတ်ဝိညာဉ်အဖြစ်သို့ အသွင်ပြောင်းလဲသွား၏။]
[သင့်မိတ်ဆွေ ဂျိရှင်းရှန်သည် နတ်ဆိုးများ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၁၄၀၀၉
[သင့်မိတ်ဆွေ ဟွမ်ဇွမ်တျန်သည် သင့်မိတ်ဆွေ သိလန်တျန်၏ တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်။]
[သင့်တာအိုလက်တွဲဖော် ရွှမ်ချင်းကျွင်းသည် အကောင်းစား ရတနာတစ်ပါးအား ကံအားလျော်စွာ ရရှိပြီး ကံတရား အထောက်အပံ့ များစွာ တိုးတက်သွား၏။]
[သင့်မိတ်ဆွေ လီတောက်ခုံးသည် လျှို့ဝှက်ဆန်းကြယ် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး၏ တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်။]
[သင့်မိတ်ဆွေ ကောင်းကင်ဧကရာဇ်သည် သင့်မိတ်ဆွေ လီတောက်ခုံး၏ တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်။]
[သင့်မိတ်ဆွေ ရှန်စစ်သူကြီးသည် လျှို့ဝှက်ဆန်းကြယ် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး၏ တိုက်ခိုက်မှုကြောင့် သေဆုံးသွားသည်။]
‘ကောင်းကင်တာအို နတ်စိတ်ဝိညာဉ်… တော်တော် အထင်ကြီးဖို့ကောင်းတာပဲ၊ တာအိုပညာရှိလို့ မပြောရဘူး’
ဟန်ကျွယ်ဟာ ကျိုးဖန်က ဒီအနန္တကပ်ဘေးမှာ မြင်းနက် ဖြစ်လာလိမ့်မယ်လို့ ခံစားနေရပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ လီတောက်ခုံး ပြင်းပြင်းထန်ထန် ဒဏ်ရာရတာကို သတိထားမိသွားပါတယ်။
‘လီတောက်ခုံးက ဘယ်လိုဖြစ်ပြီး ကောင်းကင်ဧကရာဇ်နဲ့ တခြားစွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး တိုက်ခိုက်တာကို ခံရတာလဲ’
‘ရှန်စစ်သူကြီးက သေဆုံးသွားပြီလား’
ဟန်ကျွယ်ဟာ ရှန်စစ်သူကြီးကို သတ်လိုက်တဲ့လူက လီတောက်ခုံးကို ပြင်းပြင်းထန်ထန် ဒဏ်ရာရအောင် လုပ်လိုက်တဲ့ လျှို့ဝှက်ဆန်းကြယ် စွမ်းအားကြီးပုဂ္ဂိုလ်ပဲ ဖြစ်ရမယ်လို့ သံသယဝင်သွားပါတယ်။
ဟန်ကျွယ်ဟာ ရှန်စစ်သူကြီးအတွက် သက်ပြင်းမချဘဲ မနေနိုင်ပါဘူး။ တကယ်ဆိုရင် ရှန်စစ်သူကြီးက ကောင်းကင်ရုံးတော်အတွက် အကြိုးစားဆုံး အမှုထမ်းခဲ့တဲ့ ကောင်းကင်စစ်သူကြီးပါ။ ဒါပေမဲ့ အခုတော့ အရာအားလုံး ဇာတ်သိမ်းသွားခဲ့ပါပြီ။
ဟန်ကျွယ်ဟာ စနစ်ကို မေးလိုက်ပါတယ် “ရှန်စစ်သူကြီးနဲ့ လီတောက်ခုံးကို ပြင်းပြင်းထန်ထန် ဒဏ်ရာရအောင် လုပ်လိုက်တဲ့ လျှို့ဝှက်ဆန်းကြယ် စွမ်းအားကြီးပုဂ္ဂိုလ်က ဘယ်သူလဲ”
[သက်တမ်း ၃ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
ဟန်ကျွယ်ဟာ ဒီကိစ္စက သူ့ကို ခြိမ်းခြောက်နိုင်တဲ့အတွက် တွက်ချက်လိုက်တာပါ။
[ကျောက်စိမ်းဧကရာဇ် ကျိုးရန်]
‘လက်စသက်တော့ ဒီကောင်ကိုး’
ဟန်ကျွယ်ဟာ ဆက်မေးလိုက်ပါတယ် “ကျောက်စိမ်းဧကရာဇ် ကျိးရန်က ကောင်းကင်ဧကရာဇ်ကို ဒုက္ခပေးဖို့ စိတ်ကူးရှိလား”
[သက်တမ်း ၁ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
[ရှိသည်]
ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ် ‘မဖြစ်ဘူး… ဒီကောင်ကို ရှင်းပစ်ရမယ်’
လီတောက်ခုံးက ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားပြီ ဖြစ်တဲ့အတွက် ကျောက်စိမ်းဧကရာဇ် ကျိုးရန်ရဲ့ နောက်ထပ်ပစ်မှတ်က ဖန်းလျန် ဖြစ်လောက်ပါတယ်။ နောက်ပြီး ကျောက်စိမ်းဧကရာဇ်က သက်ရှိအားလုံးကို သတ်ဖြတ်ပြီး ကိုယ်ပိုင် ကောင်းကင်တာအိုကို ဖန်တီးချင်သူပါ။
‘ဟုတ်တယ်၊ ငါ သူ့အကြံကို ဖျက်ဆီးရမယ်’
ဟန်ကျွယ်ဟာ စိတ်ပိုင်းဖြတ်ပြီးတာနဲ့ အဆင့်စတက်ပါတယ်။ လေးနှစ်ကြာသွားတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ မူလဆန်းကြယ် နတ်စွမ်းအား ခြောက်ပါးအဆင့်ကို ရောက်ရှိသွားပါတယ်။ ဟန်ကျွယ်ရဲ့ ဝိညာဉ်စွမ်းအားကလည်း အသွင်ပြောင်းလဲပြီး ပြီးပြည့်စုံတဲ့အဆင့်ကို ရောက်ရှိသွားပါတယ်။
ဟန်ကျွယ်ဟာ ကျင့်ကြံမှုကို ခိုင်မြဲအောင်လုပ်ရင်း ကိုယ်ရေးအကျဉ်းကို စစ်ဆေးလိုက်ပါတယ်။
[အမည်: ဟန်ကျွယ်]
[သက်တမ်း: ၅,၉၃၂/၉၉၉,၉၉၉,၉၉၉,၉၉၉,၉၉၉,၉၉၉]
[မျိုးနွယ်စု: လောကဦး နတ်ဘီလူး။]
[ကျင့်ကြံမှု: မူလဆန်းကြယ် နတ်စွမ်းအား ခြောက်ပါး။]
[ကျင့်စဉ်: လောကဦးပဋိပက္ခ ပြန်လည်မွေးဖွားခြင်း မဟာတာအို၊ ကောင်းကင်စက်ဝန်း ခန္ဓာကိုယ်ကျင့်စဉ်]
[မဟာတာအို: သေခြင်းရှင်ခြင်း မဟာတာအို၊ ကံတရား မဟာတာအို။]
‘ဝိုး… ငါ့သက်တမ်းက ၉၉၉ ကွာဒလီယံ ဖြစ်သွားပြီ၊ ဘယ်သူကများ ငါ့ကို ယှဉ်နိုင်အုန်းမှာလဲ’ ဟန်ကျွယ်ဟာ သူ့ကိုယ်သူ ဂုဏ်ယူသွားပါတယ်။
ဟန်ကျွယ် နောက်ထပ် လုပ်ရမှာက ကောင်းကင်ဘဝဂ်အဆင့်ကို ထိုးဖောက်ဖို့ပါ။
ငါးနှစ်အကြာမှာတော့ ဟန်ကျွယ်ဟာ ကျင့်ကြံမှုကို ခိုင်ခံအောင် လုပ်ပြီးသွားပါတယ်။ ဟန်ကျွယ်ဟာ အရင်လို ဆန်းကြယ်စွမ်းအားကို အဆင့်မမြှင့်ဘဲ ကောင်းကင်ဧကရာဇ်ရဲ့ အိပ်မက်ထဲကို သွားလည်ပါတယ်။
အိပ်မက်ထဲကို ရောက်လာပြီးနောက် ဟန်ကျွယ်ဟာ ကောင်းကင်ဧကရာဇ်ဟာ ဖိုသီဖတ်သီ ဖြစ်နေပြီး နဂါးဝတ်ရုံကလည်း လက်နှီးစုတ် ဖြစ်နေတာကို တွေ့လိုက်ရပါတယ်။
ဟန်ကျွယ်က မေးလိုက်ပါတယ် “မင်း ဘာဖြစ်နေတာလဲ”
အမှောင်သခင်ကြီးကို တွေ့လိုက်ရတဲ့အတွက် ကောင်းကင်ဧကရာဇ်ရဲ့ မျက်လုံးတွေဟာ တောက်ပသွားပါတယ် “ခင်ဗျားက သူ တာအိုဘိုးဘေးအပေါ် သစ္စာမရှိတာကို ကြိုသိနေခဲ့တာလား”
“ဟုတ်တယ်၊ သူ့မှသာ သစ္စာဖောက်လိုတဲ့ စိတ်မရှိဘူးဆိုရင် မင်းကိုကူပြီး ပြဿနာတွေ ဖြေရှင်းပေးတာ ကြာလှပြီ”
ကောင်းကင်ဧကရာဇ်ဟာ သက်ပြင်းချလိုက်ပါတယ်။ ကောင်းကင်ဧကရာဇ် အခုလိုမျိုး သူတောင်းစားရုပ် ပေါက်နေတာက ကျောက်စိမ်းဧကရာဇ် ကျိုးရန်ရဲ့ လက်ချက်ကြောင့်ပါ။
ဒီအချိန်မှာပဲ…
ကောင်းကင်ဧကရာဇ်ဘေးမှာ ရုပ်သွင်တစ်ခု ပေါ်လာပါတယ်။ ဒီရုပ်သွင်ဟာ မီးခိုးရောင်ရှိပြီး ဟန်ကျွယ်လိုမျိုး မူလရုပ်သွင်ကို မမြင်နိုင်ပါဘူး။
ကျောက်စိမ်းဧကရာဇ် ကျိုးရန်။
ဟန်ကျွယ်ဟာ တစ်ဖက်လူရဲ့ သရုပ်မှန်ကို ချက်ချင်း ခန့်မှန်းမိလိုက်သလို စိတ်ထဲမှာလည်း လန့်သွားပါတယ် ‘ဒီကောင်က ဘယ်လိုဖြစ်ပြီး အမှောင်ထုရဲ့ အိပ်မက်ဆိုးထဲကို ဝင်လာနိုင်ရတာလဲ’
‘ဒါမှမဟုတ် ဒီကောင်က ကောင်းကင်ဧကရာဇ်ကို ထိန်းချုပ်ထားလိုက်ပြီလား..’
“မင်းက အမှောင်သခင်ကြီးလား” ကျောက်စိမ်းဧကရာဇ် ကျိုးရန်ဟာ တည်ငြိမ်တဲ့အသံနဲ့ မေးလိုက်ပါတယ်။
ဟန်ကျွယ်က ပြန်မဖြေပါဘူး။
ကျောက်စိမ်းဧကရာဇ် ကျိုးရန်ဟာ ကောင်းကင်ဧကရာဇ်ကို လျစ်လျူရှုပြီး ဟန်ကျွယ်ကိုသာ စိုက်ကြည့်နေပါတယ် “ငါ့နဲ့ ပူးပေါင်းချည်၊ ငါ တာအိုဘိုးဘေးဖြစ်လာရင် မင်းက ကောင်းကင်ဧကရာဇ်ပဲ”
ဟန်ကျွယ်ဟာ ကျောက်စိမ်းဧကရာဇ်က ဘဝမြင့်လွန်းတယ်လို့ ခံစားလိုက်ရပါတယ် ‘ဒီကောင် တာအိုဘိုးဘေး မရှိတော့ဘူးလို့ တကယ်ထင်နေတာလား၊ အခုလောက်ဆို တစ်နေရာရာမှာရှိနေတဲ့ တာအိုဘိုးဘေးက ဒီကောင်ကို ကြယ်နှစ်ပွင့်စာ မုန်းတီးသွားလောက်ပြီ’
ဟန်ကျွယ်ဟာ နှာခေါင်းရှုံ့လိုက်ပါတယ် “ဘယ်အချက်ပေါ် မူတည်ပြီးတော့လဲ”
ကျောက်စိမ်းဧကရာဇ်က ပြောလိုက်ပါတယ် “မင်းငါ့ကို ငြင်းဆန်ရင် မင်းက ငါ့ရန်သူပဲ၊ တကယ်တော့ ငါလည်း ပြိုင်ဘက်လိုချင်နေတာ၊ ဒါပေမဲ့ ဒီလောကမှာ ငါ့ကို ယှဉ်နိုင်တဲ့လူ တစ်ယောက်မှ မရှိဘူး”
‘လေလုံးထွားလှချည်လား’ ဟန်ကျွယ်ဟာ သည်းမခံနိုင်တော့ပါဘူး။
“မင်းက ကောင်းကင်ဧကရာဇ်ကို ဘယ်လိုလုပ်မှာလဲ”
“မင်းက သူ့ကို ဂရုစိုက်တာလား”
“မစိုက်ပါဘူး၊ ငါ ဂရုစိုက်တာက လီတောက်ခုံးပဲ၊ မင်း သူ့ကို ဒဏ်ရာရအောင် လုပ်လိုက်တဲ့အတွက် ငါ မင်းကို ခွင့်မလွှတ်ဘူး”
“လီတောက်ခုံးက မသေသေးဘူး၊ ဒါပေမဲ့ အနှေးနဲ့အမြန် ငါ့လက်ထဲမှာ သေမှာပဲ၊ ကောင်းကင်ဧကရာဇ်ကတော့ အသုံးချစရာ ရှိသေးတယ်”
ကျောက်စိမ်းဧကရာဇ် ကျိုးရန်နဲ့ ဟန်ကျွယ်ဟာ မတွေ့ရတာကြာပြီဖြစ်တဲ့ မိတ်ဆွေဟောင်း နှစ်ယောက်လို စကားပြောကြပါတယ်။ ကောင်းကင်ဧကရာဇ်ကတော့ ဘေးမှာရပ်နေပြီး စကားတစ်လုံးမှ ဝင်မပြောပါဘူး။
မကြာခင်မှာပဲ ဟန်ကျွယ်ရော ကျောက်စိမ်းဧကရာဇ်ရော တိတ်ဆိတ်သွားကြပါတယ်။ အဲဒီနောက် တစ်ယောက်ကိုတစ်ယောက် မျက်တောင်မခတ်တမ်း စိုက်ကြည့်လိုက်ပါတယ်။
ရုတ်တရက် ဟန်ကျွယ်ဟာ အမှောင်ထုရဲ့ အိပ်မက်ဆိုးထဲကနေ ထွက်လိုက်ပါတယ်။
[ကျောက်စိမ်းဧကရာဇ် ကျိုးရန်သည် သင့်အား မုန်းတီးသွားပါပြီ။ လက်ရှိ မုန်းတီးမှု: ကြယ်သုံးပွင့်။]
‘ကောင်းတယ်’
ဟန်ကျွယ်ဟာ ချက်ချင်းပဲ ကြမ္မာဆိုးစာအုပ်ကို ထုတ်ယူလိုက်ပါတယ်။ ဟန်ကျွယ်ဟာ ကျိန်စာတိုက်ဖို့ ပြင်လိုက်ပေမဲ့ တစ်စုံတစ်ခုကို တွေးမိလိုက်တာကြောင့် စနစ်ကို မေးလိုက်ပါတယ် “ကျောက်စိမ်းဧကရာဇ် ကျိုးရန့်က ငါ့သရုပ်မှန်ကို သိလား”
[မသိပါ]
ဒီတစ်ခါမှာတော့ စနစ်က ဟန်ကျွယ်သက်တမ်းကို နှုတ်မသွားပါဘူး။ ဟန်ကျွယ်ဟာ ဒီအဖြေကြောင့် စိတ်သက်သာရာ ရသွားပြီး ကျောက်စိမ်းဧကရာဇ် ကျိုးရန်ကို ကျိန်စာ စတိုက်ပါတော့တယ်။ ဟန်ကျွယ်ဟာ ကျောက်စိမ်းဧကရာဇ် ကျိုးရန်အတွက် သက်တမ်းပေါင်း ဘီလီယီ ၃၀ သုံးစွဲဖို့ စီစဉ်ထားပါတယ်။
ဟန်ကျွယ်ဟာ အရင်က ဟန်ကျွယ် မဟုတ်တော့တဲ့အတွက် တစ်ထိုင်တည်းနဲ့ သက်တမ်း ၃၀ ဘီလီယံကုန်အောင် ကျိန်စာတိုက်နိုင်မှာပါ။
ငါးရက်ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ရဲ့ သက်တမ်းဟာ စတင်လျော့ကျလာပါတယ်။ ဟန်ကျွယ်ဟာ ကိုယ်ရေးအကျဉ်းကို ဖွင့်ပြီး ဂရုတစိုက် စောင့်ကြည့်ပါတယ်။
ကျိန်စာစွမ်းအား ပြင်းထန်လာတာနဲ့အမျှ ဟန်ကျွယ်ရဲ့ သက်တမ်း လျော့ကျနှုန်းကလည်း ပိုပိုမြန်လာပါတယ်။
၅ ဘီလီယံ။
၁၀ ဘီလီယံ။
၂၀ ဘီလီယံ။
၃၀ ဘီလီယံ။
၄၀ ဘီလီယံ အရောက်မှာတော့ ဟန်ကျွယ်ဟာ ရွေးချယ်စရာမရှိဘဲ ကျိန်စာတိုက်တာ ရပ်လိုက်ရပါတယ်။ မရပ်လို့လည်း မရပါဘူး။ ဟန်ကျွယ်တစ်ကိုယ်လုံး သွေးတွေစိုရွှဲနေပြီး ဝိညာဉ်ကလည်း မတည်ငြိမ်တော့ပါဘူး။ ဟန်ကျွယ်ဟာ ဒီထက်မခံနိုင်တော့ပါဘူး။
ဟန်ကျွယ်ဟာ စာအိတ်ကို စစ်ဆေးလိုက်တဲ့အခါမှာ ကျောက်စိမ်းဧကရာဇ် ကျိုးရန် ကျိန်စာတိုက်ခံရတာနဲ့ ပတ်သက်ပြီး ဘာစာမှ မတွေ့ရပါဘူး။
ဟန်ကျွယ်ဟာ စိတ်ဓာတ်ကျသွားပါတယ် ‘ဒီကောင်စုတ်က တော်တော်မာတာပဲ’
…..
အလင်းရောင်မဲ့နေတဲ့ အာကာသတစ်ခုရဲ့ တိမ်ပင်လယ်ထက်မှာ လိမ်ကောက်နေတဲ့ သစ်ပင်တစ်ပင် ရှိနေပါတယ်။ သစ်ပင်အောက်မှာ လူတစ်ယောက် တရားထိုင်နေပါတယ်။ ဒီလူက ကျောက်စိမ်းဧကရာဇ် ကျိုးရန်ပါ။
ကျောက်စိမ်းဧကရာဇ် ကျိုးရန်ဟာ ဖြည်းညင်းစွာ မျက်လုံးဖွင့်ပြီး ရေရွတ်လိုက်ပါတယ် “ငါ မင်းကို လျှော့တွက်မိတာပဲ၊ ကောင်းကင်ဘဝဂ်ကျင့်ကြံသူတွေ မင်းလက်ချက်နဲ့ ကျဆုံးသွားရတာ မဆန်းတော့ပါဘူး”
ကျောက်စိမ်းဧကရာဇ် ကျိုးရန်ဟာ သူ့စွမ်းအားကို လှည့်ပတ်ပြီး ဒဏ်ရာတွေကို ကုသပါတယ်။ ကျောက်စိမ်းဧကရာဇ် ကျိုးရန်ဟာ အမှောင်သခင်ကြီးရဲ့ ကြောက်မက်ဖွယ် ကျိန်စာစွမ်းအားကြောင့် တည်ငြိမ်မှု ပျောက်ဆုံးလုနီး ဖြစ်သွားပါတယ်။ ကံကောင်းထောက်မစွာပဲ ဆန်းကြယ်စွမ်းအားက အလွန်အားကောင်းပြီး ဓမ္မစွမ်းအားကလည်း မကုန်ဆုံးနိုင်အောင်ရှိနေလို့သာ အမှောင်သခင်ကြီးရဲ့ ကျိန်စာကို ခံနိုင်တာပါ။
ကျောက်စိမ်းဧကရာဇ် ကျိုးရန်ဟာ အမှောင်သခင်ကြီးကို ပိုပြီးတော့ စိုးရိမ်သွားပါတယ် ‘ဒီကျိန်စာစွမ်းအားက အမှောင်သခင်ကြီးရဲ့ စွမ်းအားအပြည့်လား၊ ဒါမှမဟုတ် တချို့တဝက်လား’
ကျောက်စိမ်းဧကရာဇ်ဟာ တာအိုပညာရှိကလွဲရင် တွက်ချက်လို့မရတဲ့ တည်ရှိမှုကို ပထမဆုံးအကြိမ် ရင်ဆိုင်ရတာပါ။
မြန်မာပြည် ငြိမ်းချမ်းပါစေ။
Chapter – 402
? Views, Released on December 6, 2024