Switch Mode

Chapter – 401

အခန်း (၄၀၁) နတ်ထူးဆန်း၏ ထူးဆန်းမှု
ဟန်ကျွယ်ဟာ ချက်ချင်း ထွက်ပြေးဖို့ ကြံလိုက်ပေမဲ့ အကြံကြီးတစ်ခုကို ရုတ်တရက် တွေးမိလိုက်ပါတယ် ‘ဒီနတ်ထူးဆန်းက အသိဉာဏ်မရှိဘူးဆိုတော့ ငါ့ကိုယ်ပိုင်အဖြစ် အသုံးချလို့ ရလောက်တယ်’
‘မဟုတ်သေးဘူး… ဒီလောက်သာ လွယ်ကူနေရင် တာအိုပညာရှိတွေက ဘာလို့ ဘာမှမလုပ်တာလဲ’
သတိကြီးလှတဲ့ ဟန်ကျွယ်ဟာ ပြဿနာကို ချက်ချင်းတွေ့သွားပြီး ကောင်းကင်လျှို့ဝှက်ချက် တွက်ချက်မှု လုပ်ဆောင်ချက်ကို ထပ်သုံးလိုက်ပါတယ် “ငါ ဒီနတ်ထူးဆန်းကို သိမ်သွင်းရင် ငါ့မှာ အန္တရာယ် ရှိနိုင်လား”
[သက်တမ်း ၂ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
[လောလောဆယ် အန္တရာယ်မရှိပါ။]
“ငါ နတ်ထူးဆန်းကို သိမ်းသွင်းရင် နတ်ထူးဆန်းကလွဲပြီး တခြားသူတွေနဲ့ ရေစက်ရှိလာမှာလား”
[သက်တမ်း ၂ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
ဟန်ကျွယ်ဟာ သူ့သက်တမ်းတွေကို နတ်ထူးဆန်းအတွက် ဒလဟောသုံးစွဲဖို့ ထိုက်တန်ရဲ့လားလို့တောင် သံသယဝင်သွားပါတယ်။ ဟန်ကျွယ်မှာ သက်တမ်း အများကြီးရှိတယ်ဆိုပေမဲ့ အကန့်အသတ်မဲ့နေတာ မဟုတ်ပါဘူး။
[လောလောဆယ် တခြားသူများနှင့် ရေစက်မရှိနိုင်ပါ။]
ဟန်ကျွယ်ဟာ သက်သာရာ ရသွားပြီး အသွင်တူ လက်ရည်စမ်းပွဲထဲဝင်ကာ နတ်ထူးဆန်းနဲ့ တိုက်ခိုက်ပါတယ်။
တစ်စက္က့န်ကြာသွားတယ်ဆိုရင်ပဲ ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဟန်ကျွယ်ဟာ နတ်ထူးဆန်းကို တစ်ချက်တည်း သတ်နိုင်လိုက်လို့ပါပဲ။ နတ်ထူးဆန်းမှာ ဘာတိုက်ခိုက်စွမ်းရည်မှ မရှိပါဘူး။
‘ဒီလိုဆို ငါ ဒီနတ်ထူးဆန်းကို ယဉ်ပါးအောင်လုပ်လို့ ရလောက်တယ်’
အဲဒီနောက် ဟန်ကျွယ်ဟာ နတ်ထူးဆန်းရဲ့ တည်နေရာကို တွက်ချက်ပြီး နတ်အာရုံနဲ့ ကျင့်ကြံခြင်းလိုဏ်ဂူထဲ တစ်ခါတည်း ဆွဲသွင်းလိုက်ပါတယ်။ နတ်ထူးဆန်းဟာ အနက်ရောင် ရောင်ဝါတွေ ဖြာထွက်နေတဲ့ အလုံးတစ်လုံးဖြစ်ပြီး ဟန်ကျွယ်ရှေ့မှာ လေပေါ်မျောနေပါတယ်။
နတ်ထူးဆန်း ဝင်ရောက်လာမှုကြောင့် ကျင့်ကြံခြင်းလိုဏ်ဂူရဲ့ အပူချိန်ဟာ ထိုးကျသွားပြီး ပြန်လည်မွေးဖွားခြင်း လီလီပန်းတွေဟာ အလွန်လျင်မြန်စွာ ညိုးကျသွားပါတယ်။
ဟန်ကျွယ်လည်း လန့်သွားပြီး နတ်ထူးဆန်းကို ကမ္ဘာဖျက်ကြာနက်နဲ့ ဖိနှိပ်လိုက်ပါတယ်။ မဟုတ်ရင် နှစ်ထောင်ချီ ပြုစုပြိုးထောင်ခဲ့ရတဲ့ ပြန်လည်မွေးဖွားခြင်း လီလီပန်းတွေ အကုန်လုံး သေဆုံးသွားမှာ ကျိန်းသေပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ နတ်ထူးဆန်က သူ့လိုပဲ အကုသိုလ်ကံကို စုပ်ယူနိုင်တာ တွေ့လိုက်ရပါတယ်။
‘တကယ့်အံဖွယ်ပဲ..’
ဟန်ကျွယ်ဟာ နတ်ထူးဆန်း စိတ်ဝိညာဉ်ဖြစ်လာရင် အရည်အချင်း ဘယ်လောက်ရှိမလဲဆိုတာ မျှော်ကြည့်လိုက်ပါတယ်။ ဒါပေမဲ့ အဲဒီမတိုင်ခင် ဟန်ကျွယ်ဟာ နတ်ထူးဆန်းကို လမ်းခြောက်သွယ် အမှတ်အသားနဲ့ ထိန်းချုပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။
အခုအချိန်မှာ နတ်ထူးဆန်းက အသိဉာဏ်မရှိတဲ့အတွက် ဟန်ကျွယ်ရဲ့ လမ်းခြောက်သွယ် အမှတ်အသားကို လုံးဝမခုခံပါဘူး။
‘ဘာလို့ ဘယ်သူမှ နတ်ထူးဆန်းကို ရှာမတွေ့ရတာလဲ’ ဒီတစ်ခါမှာတော့ ထူးထူးဆန်းဆန်းပဲ စနစ်က ဟန်ကျွယ်အတွေးကို အလကား ပြန်ဖြေပေးပါတယ်။
[နတ်ထူးဆန်းကို မည်သူမျှ ရှာမတွေ့နိုင်ပါ။]
‘နတ်ထူးဆန်းက ဒီလောက်တောင် စွမ်းတာလား’
ဟန်ကျွယ်ဟာ အံအားသင့်သွားပြီး လက်တွေ့စမ်းသပ်ချင်တဲ့အတွက် ဝူတောက်ကျန့်ကို လှမ်းခေါ်လိုက်ပါတယ်။
“ငါ့ရှေ့မှာ ရှိနေတာကို မြင်လား” ဟန်ကျွယ်ဟာ ကျင့်ကြံခြင်းလိုဏ်ဂူထဲ ဝင်လာတဲ့ ဝူတောက်ကျန့်ကို မေးလိုက်ပါတယ်။ နတ်ထူးဆန်းဟာ ကမ္ဘာဖျက်ကြာနက်နဲ့ ဝူတောက်ကျန့်ကြားမှာ ရှိနေတာပါ။
ဝူတောက်ကျန့်က ပြန်ဖြေပါတယ် “သခင်ရဲ့ကြာပွင့်က အရောင်တောက်နေတာလေ”
“အဲဒါပဲလား… တခြားဘာမှ မရှိဘူးလား”
“မရှိပါဘူး”
ဝူတောက်ကျန့်ဟာ နည်းနည်း‌ ခေါင်းရှုပ်သွားပြီး ဟန်ကျွယ် ဘာလို့ ဒီလိုမေးတာလဲဆိုတာကို နားမလည်နိုင် ဖြစ်သွားပါတယ်။ ဟန်ကျွယ်ဟာ ဝူတောက်ကျန့်ကို အပြင်မောင်းထုတ်ပြီး တခြားတပည့်တွေကို ဆင့်ခေါ်ကာ တစ်ယောက်ပြီးတစ်ယောက် စမ်းသပ်ပါတယ်။
မကြာခင်မှာပဲ အကုန်လုံးနဲ့ စမ်းသပ်ပြီးသွားပါတယ်။ ဟန်ကျွယ်ကလွဲရင် တခြားဘယ်သူမှ နတ်ထူးဆန်းကို မမြင်ရပါဘူး။ နတ်ထူးဆန်းရဲ့ ရောင်ဝါကိုလည်း အာရုံမခံနိုင်ပါဘူး။
တိတ်ဆိတ်ဂိုဏ်းက လူတွေအတွက်တော့ နတ်ထူးဆန်းက တကယ်မတည်ရှိတဲ့ အရာတစ်ခုပါ။ အင်မော်တယ် ဧကရာဇ်တွေတောင် နတ်ထူးဆန်းရဲ့ တည်ရှိမှုကို မသိနိုင်ကြပါဘူး။
ဒါက တော်တော် အံဩဖို့ကောင်းတဲ့အချက်ပါ။
ဟန်ကျွယ်ဟာ မေးစေ့ပွတ်ပြီး စဉ်းစားလိုက်ပါတယ် ‘ဒီလိုဖြစ်ရတာ ငါ့မှာ လောကဦး ကြယ်တာရာခန္ဓာကိုယ် ရှိနေလို့လား၊ ဒါမှမဟုတ် စနစ်ကြောင့်လား..’
[စနစ်သည် အကူသာဖြစ်သည်။ ဆန်းကြယ်စွမ်းအား မဟုတ်ပါ။]
‘မင်းက ဆန်းကြယ်စွမ်းအား အကုန်လုံးထက် ပိုအထင်ကြီးဖို့ကောင်းတယ်’ ဟန်ကျွယ်ဟာ စိတ်ထဲမှာ ကျိန်ဆဲလိုက်ပါတယ်။ ဒါပေမဲ့ စနစ်ရဲ့ အဖြေကနေ နတ်ထူးဆန်းကို မြင်ရတာက လောကဦးခန္ဓာကိုယ်ကြောင့်မှန်း သိလိုက်ပါတယ်။
‘လောကဦး နတ်ဘီလူးက နတ်ထူးဆန်းထက် အဆင့်ပိုမြင့်ပုံပါပဲ၊ ဒီလိုဆိုရင် ငါ့စနစ်ကရော ဘယ်လိုတည်ရှိမှုမျိုးလဲ..’
ဟန်ကျွယ်ဟာ စနစ်ကို မေးလိုက်ပါတယ် “ငါ့စနစ်က တာအိုဘိုးဘေးထက် စွမ်းအားပိုကြီးလား…”
[စနစ်၏ စွမ်းအားသည် သင့်အပေါ်တွင် မူတည်သည်။ သင် စွမ်းအားကြီးလေ စနစ်ကလည်း စွမ်းအားကြီးလေ ဖြစ်သည်။ လက်ရှိစနစ်သည် တာအိုဘိုးဘေး၏ စွမ်းအားကို မခုခံနိုင်သေးပါ။]
ဟန်ကျွယ်ဟာ ဒီအဖြေကြောင့် ပိုပြီးတော့ သိချင်သွားပါတယ် ‘စနစ်က မဟာတာအိုတချို့ ပေါင်းစပ်ပြီး ဖြစ်ပေါ်လာတာများလား’
ဒီတစ်ခါမှာတော့ စနစ်က ဘာမှပြန်မဖြေပါဘူး။ ဟန်ကျွယ်ဟာ ဒီမေးခွန်းရဲ့ အဖြေကို လိုချင်ရင်တော့ စွမ်းအားကြီးလာအောင် ကြိုးစားရမှာပါ။ ဟန်ကျွယ်ဟာ နတ်ထူးဆန်းကို ပြန်ပြီးတော့ အာရုံစိုက်ပါတယ်။
ဆယ်နှစ်ကြာပြီးနောက်…
ဟန်ကျွယ်ရဲ့ လမ်းခြောက်သွယ် အမှတ်အသားဟာ နတ်ထူးဆန်းဆီကနေ လုံးဝဖျက်လို့မရတဲ့အထိ နက်ရှိုင်းစွာ အမြစ်တွယ်သွားပါတယ်။
ဟန်ကျွယ်ဟာ ဆက်ပြီးတော့ ကျင့်ကြံအားထုတ်ပါတယ်။ နတ်ထူးဆန်းကိုတော့ နတ်စွမ်းအားနဲ့ ရစ်ပတ်ထားတဲ့အတွက် ပြန်လည်မွေးဖွားခြင်း လီလီပန်းတွေကို မသက်ရောက်စေတော့ပါဘူး။
ပထမတော့ နတ်ထူးဆန်းဟာ ငြိမ်ငြိမ်လေး နေပါတယ်။ ဒါပေမဲ့ အချိန်ကြာလာတဲ့ အခါမှာတော့ လျှောက်သွားပါတော့တယ်။
ပထမဆုံး နတ်ထူးဆန်းဟာ ဟန်ကျွယ်ကို ချဉ်းကပ်ပြီး လျှောက်ကြည့်ပါတယ်။ ပြီးတဲ့အခါမှတော့ ကောင်းကင်ကိုးလွှာရေင်စင်ဆီ ရောက်သွားပြီး သိချင်စိတ် ပြင်းပြတဲ့ ကလေးငယ်လိုမျိုး လျှောက်စူးစမ်းပါတော့တယ်။
မျက်တောင်တစ်ခတ်အတွင်း နှစ် ၄၀ ကုန်ဆုံးသွားပါတယ်။ ဟန်ကျွယ်ဟာ မူလဆန်းကြယ် နတ်စွမ်းအား ခြောက်ပါးနဲ့ အတော်လေး နီးကပ်နေပါပြီ။ ဟန်ကျွယ်သာ မူလဆန်းကြယ် နတ်စွမ်းအား ခြောက်ပါး အဆင့်ကို ရောက်သွားရင် ကောင်းကင်ဘဝဂ်အဆင့်နဲ့ ခြေတစ်လှမ်းပဲ လိုတော့မှာပါ။
ဒါကြောင့် ဟန်ကျွယ်ဟာ အလွန်တရာ စိတ်လှုပ်ရှားသွားပါတယ်။
နတ်ထူးဆန်းဟာ ဟန်ကျွယ်ရဲ့ ခံစားချက်ကို ခံစားမိပုံပေါ်ပါတယ်။ ဟန်ကျွယ်ကို ချဉ်းကပ်ပြီး ဟန်ကျွယ်ကျောကို ပွတ်တိုက်ပါတယ်။
ဟန်ကျွယ်ဟာ အံအားသင့်သွားပါတယ် ‘ဒီကောင်က ငါ့ကို နှိပ်ပေးနေတာလား… တော်တော်လေး ခံစားလို့ကောင်းတယ်’
‘ဟုတ်တယ်၊ ငါသူ့ကို ဒီဘက်မှာ ပြိုးထောင်ပေးရမယ်၊ ဒါမှ နောက်ကျရင် ကျင့်ကြံအားထုတ်ရင်းနဲ့ ငါ့ကို ပြုစုပေးနိုင်မှာ’ ဟန်ကျွယ်ဟာ တွေးလေလေ သူ့အတွေးက ကောင်းမွန်တယ်လို့ ခံစားရလေလေပါပဲ။
ဒီအချိန်မှာပဲ…
ဟန်ကျွယ်ဟာ တစ်စုံတစ်ယောက်က ပဋိပက္ခနယ်မြေကနေ ဆင့်ခေါ်နေတာကို ခံစားမိလိုက်ပါတယ်။ တာအိုအရှင်သခင်ကလွဲရင် ဘယ်သူများ ဖြစ်နိုင်အုန်းမှာလဲ။
ဟန်ကျွယ်ဟာ ခေါင်းခါလိုက်ပြီး ပဋိပက္ခနယ်မြေထဲ ဝင်လိုက်ပါတယ်။ ပဋိပက္ခနယ်မြေကို ရောက်သွားတဲ့အခါမှာတော့ နတ်ထူးဆန်းကလည်း နောက်ကနေ လိုက်လာတာကို တွေ့လိုက်ရတာကြောင့် ဟန်ကျွယ် မျက်လုံးပြူးသွားပါတယ်။
‘အား… ဒီကောင်မှာလည်း ပဋိပက္ခရုပ်ခန္ဓာနဲ့ ဆင်တူတဲ့ ခန္ဓာကိုယ် ရှိနေတာလား၊ မဟုတ်ဘူး… ဒီကောင်ရဲ့ ရုပ်ခန္ဓာက ပဋိပက္ခရုပ်ခန္ဓာထက် ပိုမြင့်တယ်၊ ဒါကြောင့်မို့လို့ ပဋိပက္ခနယ်မြေထဲကို ဝင်နိုင်တာ ဖြစ်ရမယ်’
ဟန်ကျွယ်ဟာ တာအိုအရှင်သခင်နဲ့ ကျောက်ရွှမ်ယွမ်က နတ်ထူးဆန်းကို မြင်နိုင်မလား သိချင်သွားပါတယ်။
တာအိုအရှင်သခင်နဲ့ ကျောက်ရွှမ်ယွမ် နှစ်ယောက်စလုံး ပဋိပက္ခနယ်မြေမှာ ရှိနေကြပါတယ်။ သူတို့နှစ်ယောက်ဟာ ဟန်ကျွယ်ကို တွေ့တာနဲ့ ချက်ချင်း ဝန်းရံလိုက်ကြပါတယ်။
‘တာအိုရောင်းရင်းရဲ့ ကူညီမှုအတွက် ကျေးဇူးတင်ပါတယ်” ကျောက်ရွှမ်ယွမ်က ပထမဆုံး ပြောလိုက်ပါတယ်။ သူ့လေသံက အတော်လေး စိတ်လှုပ်ရှားနေပါတယ်။
ဟန်ကျွယ်ဟာ နိုးနိုးကြားကြား ဖြစ်သွားပါတယ် ‘မင်းတို့ အကယ်ခံရတာ ကြာပြီလေ၊ ဘာလို့ အခုလေးတင် အကယ်ခံရသလို လုပ်နေတာလဲ၊ ဒါ ကျိန်းသေပေါက် ထောင်ချောက်ပဲ ဖြစ်ရမယ်’
တာအိုအရှင်သခင်ဟာ ချောင်းဟန့်ပြီး ပြောလိုက်ပါတယ် “ငါ မင်းကို နောက်ထပ် အကြွေးတင်သွားပြီ၊ မင်းက ဒီလောက်ကြီးတာ ငါ မင်းကို အကြွေး ပြန်ဆပ်ဖို့ အခွင့်အရေးရမယ် မထင်ဘူး”
ဟန်ကျွယ်က ပြုံးလိုက်ပါတယ် “ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ၊ ငါ့ဆီမှာ တပည့်လာလုပ်ချည်”
တာအိုအရှင်သခင်ဟာ တိတ်ဆိတ်သွားပါတယ်။ တာအိုအရှင်သခင်ဟာ ကောင်းကင်ရုံးတော်ရဲ့ နောက်လိုက်ဖြစ်ဖို့ လက်ခံနိုင်ပေမဲ့ ဟန်ကျွယ်ရဲ့ နောက်လိုက်တော့ မလုပ်ချင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဝါတစ်ဆက် ငယ်သွားမှာစိုးလို့ပါ။ နောက်ပြီး တာအိုအရှင်သခင်ဟာ ဟန်ကျွယ်ကို ပြိုင်ဘက်အဖြစ် သဘောထားတာပါ။ ဘယ်လိုလုပ်ပြီး ဆရာတင်နိုင်မှာလဲ။
တာအိုအရှင်သခင်က ဘာမှပြန်မပြောတဲ့အတွက် ဟန်ကျွယ်ဟာ တာအိုအရှင်သခင်ကို ကြယ်နှစ်ပွင့်စာ မုန်းတီးသွားပါတယ် ‘စောက်သုံးကို မကျဘူး’
ကျောက်ရွှမ်ယွမ်က ပြောလိုက်ပါတယ် “တာအိုရောင်းရင်း… စီနီယာ လီတောက်ခုံးက တာအိုရောင်းရင်းကို တွေ့ချင်နေတယ်၊ တာအိုရောင်းရင်း အားလား”
“အဲဒါဆိုလည်း သူ့ကို ခေါ်လိုက်လေ”
ကျောက်ရွှမ်ယွမ် : “…..”
တာအိုအရှင်သခင်ဟာ မရယ်ဘဲ မနေနိုင်ပါဘူး “သူက ဘယ်လိုလုပ်ပြီး ပဋိပက္ခနယ်မြေထဲ ဝင်နိုင်မှာလဲ” တာအိုအရှင်သခင်ဟာ လီတောက်ခုံးကို အနိုင်မယူနိုင်သေးပေမဲ့ အရည်အချင်းချင်း ယှဉ်ရင်တော့ သာနေပါသေးတယ်။
ဟန်ကျွယ်ဟာ စိတ်ထဲမှာ ကြိတ်ပြုံးလိုက်ပါတယ် ‘လီတောက်ခုံးက မင်းကို ဒဏ်ရာ အပြင်းအထန်ရအောင် လုပ်လိုက်တာ အံဩစရာ မရှိတော့ပါဘူး၊ ဒီလိုပြောဆို ပြုမူမှတော့ ခံရတာ နည်းတောင် နည်းသေးတယ်’
“မင်းတို့တွေ ငါ့ကို ဒီကိစ္စနဲ့ လာရှာတာလား” ဟန်ကျွယ်ဟာ တာအိုအရှင်သခင်နဲ့ ကျောက်ရွှမ်ယွမ်ကို သေချာအကဲခတ်ပြီး မေးလိုက်ပါတယ် ‘သူတို့နှစ်ယောက်က နတ်ထူးဆန်းကို တကယ်ကြီး မမြင်နိုင်တာလား’
‘ဒီအတိုင်းဆို ငါ့နတ်ထူးဆန်းက လုပ်ကြံသူဖြစ်ဖို့ အလားအလာ အကောင်းဆုံးပဲ’
‘နတ်ထူးဆန်းကို ဘယ်သူမှ မမြင်နိုင်ဘူးဆိုတော့ ဘယ်သူမှ သူ တိုက်ခိုက်တာကို ခုခံကာကွယ်နိုင်မှာ မဟုတ်ဘူး၊ စွမ်းအားအများကြီး မကွာခြားရင် ငါ့နတ်ထူးဆန်းကို ဘယ်သူမှ ယှဉ်နိုင်မှာ မဟုတ်ဘူး’
‘အမှောင်သခင်ကြီးနဲ့ နတ်ထူးဆန်းကို တကယ်ကို လိုက်ဖက်ညီတဲ့ အတွဲပဲ’
ဟန်ကျွယ်ဟာ တွေးလေ စိတ်လှုပ်ရှားလေပါပဲ။
“မကြာခင်မှာ မင်းရဲ့ မြေးတပည့် ကောင်းကင်ဧကရာဇ်ဖန်က မက်မွန်းသီးပွဲတော်ကို ပထမဆုံးအကြိမ် ကျင်းပတော့မယ်၊ မင်း သွားမကူညီဘူးလား” တာအိုအရှင်သခင်က မေးလိုက်ပါတယ်။
ဟန်ကျွယ်က တိုတိုတုတ်တုတ် ပြန်ဖြေပါတယ် “မသွားဘူး”
“ဘာဖြစ်လို့လဲ”
“သွားရင် ကျိန်းသေပေါက် တိုက်ခိုက်ခံရမှာ”
မက်မွန်သီးပွဲတော်မှာ ဘာမှမဖြစ်ဘူးဆိုရင် ဟန်ကျွယ်ဟာ သူ့နာမည်ကို နောက်ပြန်ရေးလိုက်မှာပါ။
တာအိုအရှင်သခင်က မတက်နိုင်တဲ့ လေသံနဲ့ ပြောလိုက်ပါတယ် “မင်းက နတ်မင်းအဆင့် ကျင့်ကြံသူ ဖြစ်နေပြီလေ၊ ဘာကို ကြောက်နေသေးတာလဲ၊ ငါတို့သုံးယောက် ပူးပေါင်းလိုက်ရင် ကောင်းကင်ဘဝဂ်အဆင့်အောက်မှာ ငါတို့ကို ဘယ်သူယှဉ်နိုင်မှာလဲ”
‘ဒီကောင်က အဖွဲ့ဖွဲ့ချင်နေတာလား’
ဟန်ကျွယ်ဟာ ရိုးအလွန်းတဲ့ ကျိုးဖန်နဲ့ မော့ဖူချိုကို ပြန်မတွေးမိဘဲ မနေနိုင်ပါဘူး။
မြန်မာပြည် ငြိမ်းချမ်းပါစေ။

Comment

Leave a Reply

Options

not work with dark mode
Reset