အခန်း (၃၉၂) အမှောင်တားမြစ်နယ်မြေ၊ ဝရုန်းသုန်းကားတိုက်ပွဲ
ဟန်ကျွယ်ဟာ နတ်ရွှေကျီးကန်း မိသားစုနဲ့ ကျယ်ကျောင်းတော်ရဲ့ အတွင်းရေးတွေကို မသိပါဘူး။ သိလည်း မသိချင်ပါဘူး။ ဒါကြောင့် တိတ်ဆိတ်ကျွန်းကို နေရာပြောင်းပြီးတာနောက် ထုံးစံအတိုင်း ဆက်ပြီးတော့ ကျင့်ကြံပါတယ်။ ဒါပေမဲ့ အရင်လိုမျိုး ထပ်ပြီး ရှာတွေ့ခံရမှာစိုးတဲ့အတွက် အပြင်က အကုသိုလ်ကံစွမ်းအားကို မစုပ်ယူတော့ပဲ ကမ္ဘာဖျက်ကြာနက်ထဲက အကုသိုလ်ကံကိုသာ စုပ်ယူပါတော့တယ်။
သိလန်တျန်နဲ့ လက်ရည်စမ်းပြီးနောက် ကျိန်စာတိုက်တာကလည်း သိပ်ပြီးအရာမရောက်တဲ့အတွက် ဟန်ကျွယ်မှာ ဖိအား တော်တော်လေး များသွားပါတယ်။ သိလန်တျန်က ကောင်းကင်ဘဝဂ်အဆင့်ပဲ ရှိတယ်ဆိုပေမဲ့ မိစ္ဆာဘိုးဘေးရဲ့ စွမ်းအားကို ရထားတာကြောင့် သတ်ဖို့မဖြစ်နိုင်ဘူးလို့တောင် ဟန်ကျွယ် ခံစားလိုက်ရပါတယ်။
ဟန်ကျွယ်ဟာ ရုတ်တရက်ဆိုသလို လီတောက်ခုံးကို သတိရလိုက်ပါတယ်။ လီတောက်ခုံဂဟာ ကောင်းကင်ဘဝဂ်အဆင့်ကို ရောက်ခါစပဲ ရှိသေးပေမဲ့ ဘယ်လိုဆရာကြီးနဲ့တိုက်တိုက် တစ်ခါမှ ပြင်းပြင်းထန်ထန် ဒဏ်ရာမရသေးပါဘူး။
‘မဖြစ်သေးဘူး… ငါ လီတောက်ခုံးထက် စွမ်းအားကြီးလာအောင် ကြိုးစားရမယ်’
ဟန်ကျွယ်ဟာ နောက်ထပ် ပန်းတိုင်တစ်ခု ချမှတ်လိုက်ပါတယ်။ အဲဒီပန်းတိုင်ကတော့ တိုက်ရည်ခိုက်ရည်အရာမှာ လီတောက်ခုံးကို ကျော်တက်ဖို့ပါပဲ။
ဟန်ကျွယ်ရဲ့ မိတ်ဆွေအများကြီးထဲမှာ လီတောက်ခုံး တစ်ဦးတည်းသာ တစ်ခါမှ ဒုက္ခမရောက်သေးတာပါ။ နောက်ပြီး လီတောက်ခုံးက စိတ်ထင်ရာ အလုပ်ဆုံးပါ။ ဒါက ဘာကိုပြနေလဲဆိုတော့ လီတောက်ခုံးက အလွန်တရာမှ စွမ်းအားကြီးပြီး ဟန်ကျွယ် မိတ်ဆွေတွေထဲမှာ အရည်အချင်း အရှိဆုံးတာကို ပြသနေပါတယ်။
‘ဒီတာအိုပညာရှိတွေရဲ့ မျက်လုံးက တော်တော်ထက်တာပဲ’
ပန်းတိုင် ရှိသွားတာကြောင့် ဟန်ကျွယ်ရဲ့ တိုက်ခိုက်လိုစိတ်ဟာ ပိုပိုအားကောင်းလာပါတယ်။
၇ နှစ်ကြာတဲ့အခါမှာတော့ ကျို့ယိုငရဲမှာ သက်ရှိတွေ ပိုပိုများလာတာကို ဟန်ကျွယ် ရှာတွေ့သွားပါတယ်။ ဟန်ကျွယ်ဟာ စာစောင်တစ်စောင်ကြောင့် ကျို့ယိုငရဲမှာ တစ်စုံတစ်ခု မှားယွင်းနေပြီဆိုတာကို သိလိုက်ပါတယ်။
[သင့်မိတ်ဆွေ ကျန်းကူရှင်းသည် ကျို့ယိုငရဲသို့ ဝင်လာ၏။]
‘ရှန်နန်းတော်ကလူတွေ ကျို့ယိုငရဲကို ဆင်းလာတာလား’
ဟန်ကျွယ်ဟာ ဆက်တွေးလေလေ ဖြစ်နိုင်လေလေလို့ ခံစားရလေလေပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ သိလန်တျန်က လွီပုကို ဇုထူလို ထင်သွားလို့ပါပဲ။
ရှန်နန်းတော်က ခေါင်းဆောင်မဲ့ပြီး ကောင်းကင်ရုံးတော်ရဲ့ တိုက်ခိုက်မှုကြောင့် ပြန့်ကျဲနေတာပါ။ ဒီလိုအချိန်မျိုးမှာ ရှန်နန်းတော် ကျင့်ကြံသူတွေက ကျို့ယိုငရဲမှာ ဇုထူရှိနေတာကို ကြားရင် ကျို့ယိုငရဲကို ချက်ချင်းလာခိုလှုံမှာ ကျိန်းသေပါတယ်။
‘နေပါအုန်း… သိလန်တျန်က ကျို့ယိုငရဲကို မောင်ပိုင်စီးချင်တာမလား၊ ဘာဖြစ်လို့ ဒီသတင်းကို ဖြန့်လိုက်ရတာလဲ’
ဟန်ကျွယ်ဟာ တစ်ခုခုမှားနေပြီလို့ ခံစားလိုက်ရပါတယ်။
‘ထွက်ပြေးဖို့ အချိန်ရောက်ပြီ’
ဟန်ကျွယ်ဟာ တိတ်ဆိတ်ကျွန်းကို ထိန်းချုပ်ပြီး ကျို့ယိုငရဲ အရံအတားကို ထိုးဖောက်ကာ ငရဲပြည်ဆီ ပြန်ပါတယ်။ လက်ရှိ ကျို့ယိုငရဲ အရံအတားက အားနည်းလွန်းတဲ့အတွက် သာမန် အင်မော်တယ်ဧကရာဇ်တွေတောင် လိုသလို သွားလာနိုင်တဲ့အဆင့်ကို ရောက်နေပါပြီ။
တစ်ချိန်တည်းမှာပဲ ဟန်ကျွယ်ဟာ လျူပေ့ဆီ အသံလွှင်ပြီး တိတ်ဆိတ်ကျွန်းကို အမှောင်နယ်မြေဆီ သယ်သွားဖို့ အမိန့်ပေးလိုက်ပါတယ်။ လျူပေ့ဟာ ဟန်ကျွယ် ပြောတဲ့အတိုင်း ချက်ချင်း လုပ်ဆောင်ပါတယ်။ မကြာခင်မှာပဲ လျူပေ့ရဲ့ ဆုပ်ကိုင်မှုကြောင့် တိတ်ဆိတ်ကျွန်းတစ်ကျွန်းလုံး အမှောင်ကျသွားပါတယ်။
တိတ်ဆိတ်ဂိုဏ်းရဲ့ တပည့်တွေဟာလည်း တိတ်ဆိတ်ကျွန်းက လျင်မြန်စွာ ရွေ့လျားနေတာကို ခံစားမိလိုက်ပါတယ်။
“ဘာတွေ ဖြစ်နေတာလဲ၊ ငါတို့တွေ ကျို့ယိုငရဲကနေ ထွက်သွားပုံပဲ” ငရဲနက်နတ်ဆိုးသခင်က အံဩတကြီး ပြောလိုက်ပါတယ်။
ငရဲကြက်နက်ဟာ မျက်လုံးပင့်တက်သွားပြီး စိတ်ဆိုးမာန်ဆိုး ပြောလိုက်ပါတယ် “အစ်ကို… အစ်ကိုခေါင်းက ခွေးဦးနှောက်လား၊ ဒီအတောအတွင်း ကျွန်တော်တို့ဆီကို လူတွေ ပိုပိုပြီး ပြဿနာလာရှာတာကို သိရဲ့သားနဲ့၊ ဒီမေးခွန်းကို ဘာလို့ မေးနေရသေးတာလဲ၊ သခင် ကျို့ယိုငရဲကနေ ထွက်ပြေးတာကလွဲပြီး ဘာဖြစ်နိုင်အုန်းမှာလဲ၊ လျူပေ့က အပြင်ထွက်သွားတယ်ဆိုတော့ သူက လမ်းပြနေတာ ဖြစ်ရမယ်”
ငရဲနက်နတ်ဆိုးသခင်ဟာ ငရဲကြက်နက်စကားကြောင့် ရှက်သွားပါတယ်။ ငရဲကြက်နက်စကားကို အဓိပ္ပာယ်ရှိပေမဲ့ ငရဲနက်နတ်ဆိုးသခင်ရဲ့ပါးကို ဖြတ်ရိုက်လိုက်သလိုပါပဲ။
ပဋိပက္ခ ကောင်းကင်ခွေးက ဒေါသတကြီး ပြောလိုက်ပါတယ် “မင်း ခွေးတွေကို မစော်ကားနဲ့”
လီယောင်ကတော့ သက်ပြင်းရှည်ကြီး ချလိုက်ပါတယ်။ လီယောင်ဟာ ကျို့ယိုငရဲဟာ မလုံခြုံတော့ဘူးဆိုတာကို ခံစားရတာကြာပါပြီ။
ကျန်းယီက သိချင်စိတ်နဲ့ မေးလိုက်ပါတယ် “ငါတို့တွေ နောက်ဘယ်နေရာကို သွားကြမယ်လို့ ထင်လဲ”
‘ကျို့ယိုငရဲထဲ ပိုအေးချမ်းတဲ့ နေရာ ရှိသေးတာလား’ တခြားသူတွေလည်း တွေးဆလိုက်ကြပါတယ်။
ဟန်ကျွယ်ဟာ သူ့တပည့်တွေ စကားပြောသံကို ကြားပေမဲ့ ဘာမှ မပြောပါဘူး။ အဲဒီအစား ဟန်ကျွယ်ရဲ့ နတ်အာရုံဟာ တိတ်ဆိတ်ကျွန်း အပြင်ဘက်ကိုသာ အာရုံစိုက်နေပါတယ်။
ကျို့ယိုငရဲကနေ တိတ်ဆိတ်ကျွန်း ထွက်သွားပြီး မကြာခင်မှာပဲ နောက်ထပ် အင်အားစုကြီးတစ်စု ကျို့ယိုငရဲဆီ ဆင်းလာတဲ့အတွက် ကျို့ယိုငရဲတစ်ခုလုံး ဝရုန်းသုန်းကား ဖြစ်သွားပါတယ်။
ငါးနှစ်ကြာတဲ့အခါမှာတော့ လျူပေ့ဟာ တိတ်ဆိတ်ကျွန်းနဲ့အတူ လျှို့ဝှက်ဆန်းကြယ်တဲ့ အာကာသတစ်ခုကို ရောက်ရှိသွားပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ လျူပေ့ကို တိတ်ဆိတ်ကျွန်းထဲ ပြန်ဝင်ခိုင်းလိုက်ပါတယ်။
တိတ်ဆိတ်ကျွန်းထဲ ရောက်တဲ့အခါမှာတော့ လျူပေ့ဟာ သက်ပြင်းရှည်ကြီး ချလိုက်ပြီး စိတ်လက် ပေါ့ပါးသွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လျူပေ့ဟာ လွန်ခဲ့တဲ့ ငါးနှစ်လုံးလုံး စွမ်းအားကြီး ရန်သူပေါ်လာမှာကို တစ်ချိန်လုံး စိုးရိမ်နေခဲ့ရလို့ပါ။
အခုလက်ရှိ ငရဲပြည်ဟာ တော်တော်လေး ဖရိုဖရဲ ဖြစ်နေပါပြီ။ သရဲတွေအပြင် ကပ်ဘေးလာရှောင်တဲ့ အင်မော်တယ်ကမ္ဘာက သက်ရှိတွေလည်း ရှိနေပါတယ်။ ငရဲမင်းကလည်း ငရဲပြည်တစ်ခုလုံးကို အာဏာစက် မလွှမ်းမိုးနိုင်တော့ပုံပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ဒီကိုလာတဲ့ လမ်းတစ်လျှောက်မှာ လျူပေ့ဟာ တိုက်ပွဲအများကြီးကို တွေ့ခဲ့ရလို့ပါပဲ။
ဟန်ကျွယ်ဟာ တိတ်ဆိတ်ကျွန်းကို ထိန်းချုပ်ပြီး ရှေ့ဆက်သွားပါတယ်။ တစ်ချိန်တည်းမှာပဲ ဟန်ကျွယ်ဟာ စနစ်ကို မေးလိုက်ပါတယ် “အမှောင်တားမြစ်နယ်မြေမှာ ငါ့တာအိုစက်ကွင်းကို ထားရင် လုံခြုံမှာလား”
ဒါက ငှက်နှစ်ကောင်ကို မြားတစ်စင်းနဲ့ ပစ်တဲ့ မေးခွန်းပါ။
[လောလောဆယ် လုံခြုံ၏]
ဒီတစ်ခါမှာတော့ စနစ်က ဟန်ကျွယ် သက်တမ်းကို မနှုတ်ယူပါဘူး။ ကြည့်ရတာ ဘာမှ မတွက်ချက်ရဘူး ထင်ပါတယ်။
ဟန်ကျွယ်ဟာ စနစ်ရဲ့ အဖြေကြောင့် လျူပေ့ ရှာတွေ့ထားတဲ့ လျှို့ဝှက်ဆန်းကြယ် အာကာသက အမှောင်တားမြစ်နယ်မြေမှန်း သိလိုက်ပြီး လောလောဆယ် လုံခြုံသေးတယ်ဆိုတဲ့အတွက် ရင်ထဲက အလုံးကြီး ကျသွားပါတယ်။
‘နောက်ဆုံးတော့ ငါ ထပ်ပုန်းနိုင်ပြီပဲ’
ဟန်ကျွယ်ဟာ လျူပေ့ ရှာတွေ့ထားတဲ့ တံခါးပေါက်ကနေ တခြားလူတွေ ဝင်လာပြီး တိတ်ဆိတ်ကျွန်းကို ရှာတွေ့သွားမှာစိုးတဲ့အတွက် ပတ်ဝန်းကျင်ကို စစ်ဆေးရင်း အမှောင်တားမြစ်နယ်ထဲကို ဆက်ဝင်ပါတယ်။
ဒါပေမဲ့ အမှောင်တားမြစ်နယ်မြေထဲမှာ စွမ်းအားကြီး ရန်သူမပြောနဲ့၊ သက်ရှိတစ်ကောင်တောင် မရှိပါဘူး။
ဟန်ကျွယ်ဟာ အမှောင်တားမြစ်နယ်မြေမှာ ဘာလို့ သက်ရှိတွေ ရှိမနေလဲဆိုတာကို သိချင်သွားပါတယ်။ ဒါကြောင့် နတ်အာရုံကို ဖြန့်ကျက်လိုက်ပါတယ်။ ဒါပေမဲ့ ဟန်ကျွယ် နတ်အာရုံဟာ တိတ်ဆိတ်ကျွန်းက ထွက်ခွာတာနဲ့ လွှင့်ပါးပျောက်ကွယ် ကုန်တာကြောင့် အမှောင်တားမြစ်နယ်မြေကို ဘယ်လိုမှ ချောင်းကြည့်လို့ မရပါဘူး။
ဒါက တော်တော်လေးကို ကြောက်ဖို့ ကောင်းတာပါ။
ဟန်ကျွယ်ဟာ အမှောင်တားမြစ်နယ်မြေထဲကို ဆက်မဝင်ရဲတော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အနာဂတ်မှာ ပြန်ထွက်ဖို့လမ်း မရှာနိုင်မှာစိုးလို့ပါ။
‘မဟုတ်ဘူး… ငါ့မှာ ကောင်းကင်လျှို့ဝှက်ချက် တွက်ချက်မှု လုပ်ဆောင်ချက် ရှိတာပဲ၊ ဘာလို့ အပြန်လမ်းကို ရှာမတွေ့နိုင်ရမှာလဲ’
ဟန်ကျွယ်ဟာ တိတ်ဆိတ်ကျွန်းက လူတိုင်းကို အသံလွှင့်ပြီး ပြောလိုက်ပါတယ် “ငါတို့တွေ အမှောင်တားမြစ်နယ်မြေကို ရောက်နေပြီ၊ ပုံမှန်အတိုင်း ဆက်ကျင့်ကြံကြ”
တပည့်အများစုဟာ အမှောင်းတားမြစ်နယ်မြေဆိုတာကို မကြားဖူးတဲ့အတွက် အမှောင်တားမြစ်နယ်မြေက ဘာကြီးလဲဆိုတာကို သိချင်သွားပါတယ်။
မုရုံချီဟာ သက်ပြင်းချလိုက်ပါတယ် “ငါတို့တွေက ကပ်ဘေးရှောင်လွှဲဖို့ အမှောင်တားမြစ်နယ်မြေကို ရောက်လာတာလား၊ ဆရာဘိုးဘိုးက တကယ်ကို သတ္တိရှိတာပဲ”
လွီဟွာရွှီက စပ်စုလိုက်ပါတယ် “အမှောင်တားမြစ်နယ်မြေက တော်တော် အန္တရာယ်များလို့လား”
“အန္တရာယ်မများပါဘူး၊ ဒီနေရာမှာ ရန်သူ မပြောနဲ့ တစ်ယောက်မှကို မရှိတာ၊ အမှောင်တားမြစ်နယ်ဆိုလို့ ပိန်းပိန်းပိတ်အောင် မှောင်နေတာ မဟုတ်ဘူး၊ နတ်အာရုံ ဖြန့်ကျက်လို့ မရရုံတင်ပဲ၊ နောက်ပြီး ဒီနေရာမှာ အင်မော်တယ်ချီ မရှိတော့ ကျင့်ကြံဖို့အတွက် မသင့်လျော်ဘူး၊ ဒါပေမဲ့ ငါတို့ကျွန်းက အင်မော်တယ်ချီကို ထုတ်လွှတ်နေတော့ ဘာမှစိုးရိမ်စရာ မလိုပါဘူး” မုရုံချီဟာ ခေါင်းခါလိုက်ပါတယ်။
စန့်ရှီက ပြောလိုက်ပါတယ် “ငါလည်း အမှောင်တားမြစ်နယ်မြေကို ကြားဖူးတယ်၊ ဒီနေရာက ကောင်းကင်တာအိုရဲ့ အပြင်ဘက်မှာတဲ့၊ ပြောကြတာတော့ အမှောင်တားမြစ်နယ်မြေမှာ အကြာကြီးနေရင် ကောင်းကင်တာအိုထဲ ပြန်ဝင်လို့ မရဘူး၊ ကောင်းကင်တာအို နှင်ထုတ်တာကို ခံရတယ်တဲ့”
ဟန်ကျွယ်ဟာ စန့်ရှီရဲ့ စကားကြောင့် မနေနိုင်ဘဲ စနစ်ကို မေးလိုက်ပါတယ် “ငါ အမှောင်တားမြစ်နယ်မြေမှာ အကြာကြီး နေရင် ကောင်းကင်တာအို နှင်ထုတ်တာကို ခံရမှာလား”
[သက်တမ်း ၁ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဟန်ကျွယ်ဟာ အံကြိတ်ပြီး ဆက်တွက်ဖို့ ရွေးချယ်လိုက်ပါတယ်။
[မဖြစ်ပါ။ တာအိုစက်ကွင်းသည် အမှောင်ထုစွမ်းအား၏ တိုက်စားမှုအား ကာကွယ်နိုင်သည်။]
‘အမှောင်ထုစွမ်းအား… ဒါ ဘယ်လိုစွမ်းအားမျိုးလဲ’
[သက်တမ်း ၅ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
‘၅ ဘီလီယံတောင်လား..’
ဟန်ကျွယ်ဟာ တစ်ခဏတွေးပြီးနောက် ဆက်မတွက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ သက်တမ်း ၅ ဘီလီယံက နည်းနည်းနောနော မဟုတ်ပါဘူး။ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် အခုအချိန်မှာ ဘာအန္တရာယ်မှ မရှိတော့တဲ့အတွက် ဟန်ကျွယ်ဟာ စိတ်အေးလက်အေး ဆက်ကျင့်ကြံပါတယ်။
လျှပ်တပြက်အတွင်း နှစ် ၂၀ ကုန်ဆုံးသွားပါတယ်။
ဟန်ကျွယ်ဟာ ကျင့်ကြံအားထုတ်ရင်း စာအိတ်တွေကို စစ်ဆေးလိုက်တဲ့အခါ တအံတဩ ဖြစ်သွားရပါတယ်။
[သင့်မိတ်ဆွေ သိလန်တျန်သည် လျှို့ဝှက်ဆန်းကြယ် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၁၄
[သင့်မိတ်ဆွေ ကျင်းတျန်ကုန်းသည် နတ်ရွှေကျီးကန်း မိသားစု၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၃၉၀၀
[သင့်မိတ်ဆွေ ဟွမ်ဇွမ်တျန်သည် နတ်ရွှေကျီးကန်း မိသားစု တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၄၇၈
[သင့်မိတ်ဆွေ ကျန်းကူရှင်းသည် ကျယ်ကျောင်းတော် ကျင့်ကြံသူများ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၈၇၆၆
[သင့်မိတ်ဆွေ ကျင်းတျန်ကုန်းသည် ဗုဒ္ဓကျင့်ကြံသူတစ်ဦး တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၇၄၄
[သင့်မိတ်ဆွေ သိလန်တျန်သည် သင့်မိတ်ဆွေ ကျန်းတုကူး၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။]
ကျို့ယိုငရဲတစ်ခုလုံး ဝရုန်းသုန်းကား ဖြစ်နေပါပြီ။
ဟန်ကျွယ်ဟာ အန္တရာယ်ကို ကြိုတင်ခံစားနိုင်တဲ့ သူ့ရဲ့ ဆဋ္ဌမအာရုံကို လေးစားသွားပါတယ်။ ဟန်ကျွယ်သာ နည်းနည်း ထပ်စောင့်ခဲ့ရင် ကျို့ယိုငရဲရဲ့ တိုက်ပွဲထဲမှာ ဝင်တိုက်ခိုက်ရဖို့က သေချာသလောက်ပါပဲ။
ရှန်နန်းတော်၊ ရွမ်လိန့်ကျောင်းတော်နဲ့ တခြားလျှို့ဝှက်အင်အားစုတွေပါ ပါဝင်လာတဲ့အတွက် ကျို့ယိုငရဲဟာ အင်မော်တယ်ကမ္ဘာလိုပဲ ဒုတိယစစ်မြေပြင် ဖြစ်လာခဲ့ပါပြီ။
ဟန်ကျွယ်ဟာ စာစောင်တွေကိုဖတ်ရင်း ကမ္ဘာဖျက်ကြာနက်ထဲက အကုသိုလ်ကံတွေကို ဝမ်းသာပျော်ရွှင်စွာ စုပ်ယူလိုက်ပါတယ်။ ဟန်ကျွယ်ဟာ ကျို့ယိုငရဲကနေ ထွက်ခွာလာခဲ့တယ်ဆိုပေမဲ့ ကမ္ဘာဖျက်ကြာနက်ထဲမှာ သိုလှောင်ထားတဲ့ အကုသိုလ်ကံတွေက နည်းနည်းနောနော မဟုတ်တဲ့အတွက် အချိန်အကြာကြီးအထိ ဆက်စုပ်ယူလို့ပါသေးတယ်။
“ဒေါင်..”
ဟန်ကျွယ်ဟာ ခေါင်းလောင်းသံကို မသဲမကွဲ ကြားလိုက်ရပါတယ်။ ဒီခေါင်းလောင်းသံက အားနည်းလွန်းတယ်ဆိုပေမဲ့ ဟန်ကျွယ်ဟာ ချက်ချင်းဆိုသလို သိလန်တျန်ရဲ့ ဘိုးဘေး ဧကရာဇ်ခေါင်းလောင်းကို တွေးမိလိုက်ပါတယ်။
‘ဒီခေါင်းလောင်းက ကောင်းကင်တာအို အကောင်းစား ရတနာ ဖြစ်ထိုက်ပါပေတယ်၊ သူ့အသံက အမှောင်ထုရဲ့စွမ်းအားကိုခွင်းပြီး အမှောင်တားမြစ်နယ်မြေထဲထိတောင် ရောက်လာနိုင်တယ်’
မြန်မာပြည် ငြိမ်းချမ်းပါစေ။
Chapter – 392
? Views, Released on December 6, 2024