အခန်း (၃၉၁) သိလန်တျန် ကျိန်စာတိုက်ခံရခြင်း
“ကောင်းကင်ရုံးတော်ကို ဘယ်လိုသဘောထားလဲ” ကောင်းကင်ဧကရာဇ်က မျက်နှာသေနဲ့ မေးလိုက်ပါတယ်။ ကောင်းကင်ဧကရာဇ်ဟာ ဒီအိပ်မက်ထဲကို ရုတ်တရက် ရောက်လာရပေမဲ့ ဒီအိပ်မက်က သူ့ကို မဖမ်းဆီးထားနိုင်ဘူးဆိုတာ ယုံကြည်တာကြောင့် ဒီမေးခွန်းကို မေးလိုက်တာပါ။
အမှောင်သခင်ကြီး တစ်ဖြစ်လဲ ဟန်ကျွယ်က ပြန်ဖြေလိုက်ပါတယ် “ကောင်းကင်ရုံးတော်က ငါ့အတွက် ဘာမှမဟုတ်ဘူး၊ ကောင်းကင်ရုံးတော်ရဲ့ အုတ်မြစ်က အားနည်းလွန်းတယ်၊ ငါ မင်းကို လာသတိပေးတာက ဒီကိစ္စအတွက် ကြိုတင်ပြင်ဆင်နိုင်အောင်၊ ငါ ကောင်းကင်ရုံးတော် အစောကြီး ပြိုလဲတာကို မမြင်ချင်ဘူး”
ဟန်ကျွယ်ဟာ ဒီစကားကို ရည်ရွယ်ချက်ရှိရှိ ပြောလိုက်တာပါ။ ဟန်ကျွယ်ရဲ့ အဓိကရည်ရွယ်ချက်က ကောင်းကင်ဧကရာဇ် ရင်ထဲမှာရှိတဲ့ သံသယကို ပြေပျောက်စေချင်တာပါ။
ကောင်းကင်ဧကရာဇ်ဟာ မျက်မှောင်ထပ်ကြုတ်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီစကားက အဓိပ္ပာယ်မျိုးစုံ ရှိနေလို့ပါ။ ဒါပေမဲ့ ကျိန်းသေတာတစ်ခုကတော့ အမှောင်သခင်ကြီးက ကောင်ကင်ရုံးတော်ကို အနာဂတ်မှာ မတိုက်ခိုက်ဘူးလို့ မပြောနိုင်ပါဘူး။
ဟန်ကျွယ်ဟာ အိပ်မက်ကို တစ်ခါတည်း ဖျက်ဆီးလိုက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ စကားများများပြောရင် အမှားပါမှာစိုးလို့ပါ။
အစစ်အမှန်ကို ပြန်ရောက်ပြီးနောက် ဟန်ကျွယ်ဟာ ကောင်းကင်ဧကရာဇ်ဆီကနေ မျက်နှာသာပေးမှုနဲ့ ပတ်သက်ပြီး ဘာအသိပေးချက်မှ တက်မလာပါဘူး။ ဒါကိုကြည့်ခြင်းအားဖြင့် စနစ်က ဟန်ကျွယ်အဓိကခန္ဓာကိုယ်ရဲ့ မျက်နှာသာပေးမှုကိုပဲ ထည့်တွက်တာ ထင်ရှားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကောင်းကင်ဧကရာဇ်က အမှောင်သခင်ကြီးကို မမုန်းရင်တောင် မျက်နှာသာပေးမှုကတော့ လုံးဝရှိမှာ မဟုတ်လို့ပါပဲ။
ဟန်ကျွယ်ဟာ ကောင်းကင်လျှို့ဝှက်ချက် တွက်ချက်မှု လုပ်ဆောင်ချက်ကို ထပ်သုံးလိုက်ပါတယ် “ကောင်းကင်ဧကရာဇ် ဒီကပ်ဘေးမှာ ရှင်သန်နိုင်မလား ငါ သိချင်တယ်”
[သက်တမ်း ၂ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
[လောလောဆယ်တွင် ရှင်သန်နိုင်ချေ ရှိသည်။]
‘လောလောဆယ်… ဒါဆို ဒီအတိုင်း ဆက်သွားရင် ကောင်းကင်ဧကရာဇ် အသက်ရှင်နိုင်ချေ ရှိတယ်ပေါ့’ ဟန်ကျွယ်ဟာ သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပြီး ကောင်းကင်ဧကရာဇ်က သူ့အပေါ် တော်တော်လေး အကြွေးတင်နေတယ်လို့ ခံစားလိုက်ရပါတယ်။
ဟန်ကျွယ် အတွေးက မမှားပါဘူး။ အရင်တွက်ချက်မှုတွေမှာ ကောင်းကင်ဧကရာဇ်က သေဆုံးတာချည်းပဲ မဟုတ်ပါလား။
‘ကောင်းကင်ဧကရာဇ်ကို ကယ်တင်ဖို့အတွက် ငါ့ သက်တမ်းတွေကို ဘယ်လောက်တောင် စတေးခဲ့ပြီးပြီလဲ’
ဟန်ကျွယ်ဟာ ခေါင်းထဲက အတွေးတွေကို ရှင်းထုတ်လိုက်ပြီး ဆက်လက် ကျင့်ကြံပါတယ်။ အဲဒီနောက်ပိုင်း ဟန်ကျွယ်ဟာ အနာဂတ်က ထပ်ပြီး ပြောင်းလဲမှာစိုးတဲ့အတွက် တွက်ချက်မှုတွေကို အတက်နိုင်ဆုံး လျှော့ချဖို့ ဆုံးဖြတ်လိုက်ပါတယ်။
ဒါပေမဲ့ သူ့လုံခြုံရေးနဲ့ ပက်သတ်လာရင်တော့ ဟန်ကျွယ်က ဘာကိုမှ ဂရုစိုက်နေမှာ မဟုတ်ပါဘူး။
နှစ် ၂၀ ကြာပြီးနောက်။
“ဝုန်း…”
တိတ်ဆိတ်ကျွန်းဟာ ကြီးမားတဲ့ အရာဝတ္ထုနဲ့ ဝင်တိုက်မိသလို ရုတ်တရက် ပြင်းထထန်စွာ လှုပ်ခါသွားပါတယ်။
ဟန်ကျွယ်လည်း ကျင့်ကြံရာက နိုးလာပြီး အပြင်ကို ကြည့်လိုက်တဲ့အခါမှာ အနက်ရောင်ရောင်ဝါတွေ ဝန်းရံနေတဲ့ ရွှေခေါင်းလောင်းကြီးတစ်လုံးကို တွေ့လိုက်ရပါတယ်။ ရွှေခေါင်းလောင်းကြီး ပေါ်မှာတော့ လူတစ်ယောက် မတ်တတ်ရပ်နေပါတယ်။
တခြားသူ မဟုတ်ပါဘူး။ သိလန်တျန်ပါ။
‘ဒီကောင်က ဘယ်လိုဖြစ်ပြီး ဒီရောက်လာတာလဲ’
သိလန်တျန်ဟာ အပေါ်ကနေ ငုံ့ကြည်ပြီး ရေရွတ်လိုက်ပါတယ် “ပတ်ဝန်းကျင်မှာရှိတဲ့ အကုသိုလ်ကံတွေက ဒီနေရာကို စီးဝင်နေတာပဲ၊ နောက်ပြီး ဒီနေရာမှာ ကောင်းကင်ဘဝဂ် ကျင့်ကြံသူကို ခုခံနိုင်တဲ့ အစီအရင်ရှိနေတယ်၊ မဟုတ်မှလွဲရော တစ်ယောက်ယောက်ရဲ့ တာအိုစက်ကွင်းများလား၊ ဒါမှမဟုတ် လျှို့ဝှက်ဆန်းကြယ် နယ်မြေလား”
ဒီအချိန်မှာပဲ ဟန်ကျွယ်ရဲ့ အသံ ထွက်ပေါ်လာပါတယ် “တာအိုရောင်းရင်း… ဒါ ဘာလုပ်တာလဲ” ဟန်ကျွယ်လေသံက သာမန်ထက် အများကြီး ခက်ထန်နေပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ကိုယ့်ကိုကိုယ် နှိမ့်ချတာက ရန်သူရှေ့ လည်စင်းပေးသလိုပါပဲ။
ဟန်ကျွယ်ဟာ ကျန်းယီနာမည်ကို အသုံးမပြုချင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတာ့ ကျန်းယီနာမည်ကို သုံးလိုက်ရင် သူ့သရုပ်မှန်နဲ့ ကျင့်ကြံမှု ပေါ်သွားမှာစိုးလို့ပါ။
သိလန်တျန်က တအံတဩ ပြန်မေးပါတယ် “ခင်ဗျားက ဘယ်သူလဲ၊ ကျို့ယိုငရဲမှာ တစ်ယောက်တည်း လာပုန်းနေတာလား၊ ကျုပ်က နတ်ရွှေကျီးကန်း မိသားစုဦးစီး သိလန်တျန်ပဲ၊ အခု ကျုပ်က ကျို့ယိုငရဲတစ်ခုလုံးကို သိမ်းပိုက်နေတာ၊ ခင်ဗျားသာ ကျုပ်တို့နဲ့ ပူးပေါင်းမယ်ဆိုရင် ကြိုဆိုပါတယ်၊ မပူးချင်ဘူးဆိုရင်တော့ ဒီကနေ ကျေးဇူးပြုပြီး ထွက်သွားပေးပါ”
ဟန်ကျွယ်ဟာ ပြုံးပြီး တန်းမေးလိုက်ပါတယ် “မင်းတို့နဲ့ ပူးပေါင်းရင် ငါ ဆက်ကျင့်ကြံနိုင်မှာလား”
သိလန်တျန်ကလည်း ပြုံးလိုက်ပါတယ် “ရတာပေါ့…”
ဒီအချိန်မှာပဲ တိတ်ဆိတ်ကျွန်းထဲကနေ ရုပ်သွင်တစ်ခု ရုတ်တရက် ထွက်ပေါ်လာပါတယ်။ ဒီရုပ်သွင်ကတော့ တာအိုစက်ကွင်းစောင့် လွီပုပါ။ လွီပုဟာ ဘိုဘေး ဧကရာဇ်ခေါင်းလောင်းကို လက်ဝါးနဲ့ ပုတ်ထုတ်လိုက်ပါတယ်။
သိလန်တျန်ဟာ ဝိညာဉ်စွမ်းအားကို အသုံးပြုပြီး ဘိုးဘေး ဧကရာဇ်ခေါင်းလောင်းကို တည်ငြိမ်အောင် ထိန်းလိုက်ပါတယ်။ ပြီးတဲ့အခါမှာတော့ လွီပုကိုကြည့်ပြီး မျက်လုံးပြူးသွားပါတယ် “ဇုထူ… ဘယ်လိုလုပ်ပြီး မင်း ဖြစ်နေတာလဲ”
လွီပုက ဘာမှပြန်မဖြေဘဲ မျက်နှာသေနဲ့ ရပ်နေပါတယ်။
သိလန်တျန်က အပြုံးနဲ့ ပြောလိုက်ပါတယ် “မင်းက ဒီနေရာမှာ ပုန်းနေတာလား… ရတယ်၊ ငါ ဒီကို ရောက်မလာခဲ့သလို ဆက်ပြီးတော့ပဲ ကျင့်ကြံအားထုတ်ပါ”
စကားဆုံးတာနဲ့ သိလန်တျန်နဲ့ လှည့်ထွက်သွားပါတယ်။ လွီပုလည်း တိတ်ဆိတ်ကျွန်းထဲ ပြန်ဝင်လိုက်ပါတယ်။
ငရဲကြက်နက်ဟာ ကျန်းယီကို ကြည့်ပြီး ကြိမ်းမောင်းလိုက်ပါတယ် “မင်းတို့ နတ်ရွှေကျီးကန်း မိသားစုက တကယ်ကို ကျိုးကြောင်းမဆီလျော်တာပဲ”
တခြားလူတွေလည်း မကျေမနပ် ဖြစ်သွားကြပါတယ်။
ကျန်းယီက ကသိကအောက်နဲ့ ပြန်ဖြေပါတယ် “အဲဒါ သူလေ၊ ငါမှာ မဟုတ်တာ”
ကျန်းယီဟာ တစ်ချိန်တုန်းက သူလည်း အဲဒီလို အကြောက်အရွံ့မရှိ မောက်မာခဲ့တာကို မေ့သွားပုံပါပဲ။
ကျင့်ကြံခြင်းလိုဏ်ဂူထဲမှာရှိတဲ့ ဟန်ကျွယ်ကတော့ သိလန်တျန်နဲ့ အသွင်တူ လက်ရည်စမ်းပွဲထဲမှာ တိုက်ခိုက်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ သိလန်တျန်ရဲ့ ဘိုးဘေး ဧကရာဇ်ခေါင်းလောင်းက ကမ္ဘာဖျက်ကြာနက်ရဲ့ ခံစစ်ကို ချိုးဖျက်နိုင်မလားဆိုတာ တော်တော်လေး သိချင်နေပါတယ်။
ငါးမိနစ်ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်ပါတယ်။
ဝိညာဉ်ရတနာချင်းယှဉ်ရင် ဘိုးဘေး ဧကရာဇ်ခေါင်းလောင်းက ကမ္ဘာဖျက်ကြာနက်ရဲ့ ခံစစ်ကို မထိုးဖောက်နိုင်ပါဘူး။ စွမ်းအင်းသိုလှောင်မှုကလည်း ဒီအတိုင်းပါပဲ။ ဒါပေမဲ့ သိလန်တျန်ရဲ့ ကျင့်ကြံမှုက အလွန်အားကောင်းတာကြောင့် ဟန်ကျွယ်ကို သတ်နိုင်လိုက်ပါတယ်။
ဟန်ကျွယ်ဟာ သိလန်တျန်ကို အနိုင်မယူနိုင်တဲ့အတွက် ကြီးမားတဲ့ အန္တရာယ်အငွေ့အသက်ကို ခံစားလိုက်ရပါတယ်။
‘မကောင်းတော့ဘူး… ကျို့ယိုငရဲက အရင်လို မလုံခြုံတော့ဘူး’
လွီပုက သိလန်တျန်ကို တားနိုင်ပေမဲ့ နတ်ရွှေကျီးကန်း မိသားစုတစ်ခုလုံးကိုတော့ တားဆီးနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ဟန်ကျွယ်ဟာ တိတ်ဆိတ်ကျွန်းကို ထိန်းချုပ်ပြီး ထွက်ပြေးပါတော့တယ်။
ဟန်ကျွယ်ဟာ လောလောဆယ်မှာတော့ ကျို့ယိုငရဲကနေ ထွက်သွားဖို့ စိတ်ကူးမရှိသေးပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျို့ယိုငရဲထက် စိတ်ချရတဲ့နေရာ မရှိသေးလို့ပါ။ တကယ်လို့ သိလန်တျန်ကသာ မရမက တွန်းအားပေးမယ်ဆိုရင် ဟန်ကျွယ်ဟာ ကျန်းယီကို ပြန်ပေးလိုက်မှာပါ။
လအနည်းငယ် အကြာမှာပဲ ကျို့ယိုငရဲမှာ နတ်ရွှေကျီးကန်း မိသားစုက ပြဒါးငှက်မျိုးနွယ်စုနဲ့ ကျယ်ကျောင်းတော်ကို တိုက်ခိုက်တဲ့ စစ်ပွဲတစ်ခု စတင်ပါတော့တယ်။ ဟန်ကျွယ်ဟာ စာစောင်တွေကနေ ကျင်းတျန်ကုန်းနဲ့ ဟွမ်ဇွမ်တျန်တို့ ဆက်တိုက်ဆိုသလို တိုက်ခိုက်ခံရတာကို တွေ့လိုက်ရပါတယ်။ ဒါကြောင့် ဒီစစ်ပွဲက အလွန်အန္တရာယ်များမှန်း ဟန်ကျွယ် သိလိုက်ပါတယ်။
သိလန်တျန်ကလည်း တော်တော်လေးကို ဘဝမြင့်တာပါ။ ကျို့ယိုငရဲတစ်ခုလုံးကို သူတစ်ယောက်တည်း မောင်ပိုင်စီးချင်နေပါတယ်။ ဒါကြောင့် ဟန်ကျွယ်ဟာ သိလန်တျန်ကို ကျိန်စာတိုက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ မဟုတ်လို့ သိလန်တျန်သာ ကျို့ယိုငရဲတစ်ခုလုံးကို သိမ်းပိုက်နိုင်သွားရင် ဟန်ကျွယ်ကို ကျိန်းသပေါက် ပြဿနာလာရှာမှာပါ။
ဆယ်ရက်ကြာတဲ့ အခါမှာတော့ ကျို့ယိုငရဲမှာ တိုက်ပွဲတွေ ပါးသွားပါတယ်။
ဟန်ကျွယ်ရဲ့ သက်တမ်းက ၂ ဘီလီယံ လျော့ကျသွားပေမဲ့ သိလန်တျန်ကတော့ အတွင်းနတ်ဆိုးတောင် မဖြစ်ပေါ်ပါဘူး။
‘မဟုတ်သေးပါဘူး… ဒီကောင်က နတ်ဆိုးတောင် ဖြစ်နေပြီပဲ၊ ဘာဖြစ်လို့ အတွင်းနတ်ဆိုးတောင် မပေါ်ရတာလဲ’
နတ်ရွှေကျီးကန်း မိသားစုရဲ့ မီးလျှံနန်းတော်တစ်ခုမှာ သိလန်တျန် တစ်ယောက်တည်း ရှိနေပါတယ်။ သိလန်တျန်ရဲ့ မျက်နှာဟာ မှောင်မည်းနေပြီး အရွယ်အစား ချုံ့ထားတဲ့ ဘိုးဘေး ဧကရာဇ်ခေါင်းလောင်းက သူ့ဘေးနားမှာ ရှိနေပါတယ်။
‘ကျိန်စာက ပြင်းလှချည်လား၊ ဒါ အမှောင်သခင်ကြီး လက်ချက်ပဲ ဖြစ်ရမယ်၊ သူ ဘာဖြစ်လို့ ငါ့ကို ပစ်မှတ်ထားရတာလဲ… ဒါမှမဟုတ် ကောလဟာလတွေက မှန်နေလို့လား၊ အမှောင်သခင်ကြီးက တကယ်ပဲ ကျို့ယိုငရဲမှာ ပုန်းနေတာလား၊ ဒါမှမဟုတ် သူက ကျယ်ကျောင်းတော်ကလား..’
သိလန်တျန်ဟာ တွေးလေလေ ဖြစ်နိုင်လေလေလို့ ခံစားရလေလေပါပဲ။ သိလန်တျန် သံသယဝင်လည်း ဝင်ချင်စရာပါ။ ကျို့ယိုငရဲကို သိလန်တျန် ရောက်နေတာ အချိန်တစ်ခုရှိပြီ ဖြစ်ပြီး အခုလို ကျယ်ကျောင်းတော်နဲ့ တိုက်ခိုက်ခါမှ ကျိန်စာတိုက်ခံရတာက ဘယ်းနည်းနဲ့မှ မရိုးသားနိုင်ဘူး မဟုတ်ပါလား။
သိလန်တျန်ဟာ ဇုထူကိုတော့ သံသယ မဝင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဇုထူက အမှောင်သခင်ကြီး လက်ချက်နဲ့ ကိုယ့်ကိုကိုယ် သတ်သေခဲ့ရပြီး ရှန်နန်းတော်ကလည်း ကောင်းကင်ရုံးတော် သိမ်းပိုက်တာကို ခံလိုက်ရလို့ပါပဲ။ ဒီလို အခြေအနေမျိုးမှာ ဇုထူက အမှောင်သခင်ကြီးယောင်ဆောင်ပြီး တခြားသူတွေကို ကျိန်စာတိုက်စရာအကြောင်း လုံးဝမရှိပါဘူး။ တကယ်လို့ ကျိန်စာတိုက်တယ်ဆိုရင်တော့ ဇုထူပေးဆပ်ရမဲ့ တန်ဖိုးက တော်တော်လေး ကြီးမှာပါ။
‘မဖြစ်ဘူး… ငါ မိစ္ဆာဘိုးဘေးရဲ့ တာအိုသီးနဲ့ အရင်းဆုံး ပေါင်းစပ်ရမယ်၊ ငါ စိတ်လိုက်မာန်ပါ လျှောက်လုပ်လို့ မဖြစ်ဘူး’ သိလန်တျန်ဟာ မျက်တောင်တစ်ချက် ခတ်လိုက်ပြီး တစ်စုံတစ်ခုကို တွေးမိကာ ပြုံးလိုက်ပါတယ်
…..
ကျယ်ကျောင်းတော်။
နန်းတော်တစ်ခုမှာ ကျယ်ကျောင်းတော်ရဲ့ အထက်ပိုင်း အကြီးအကဲတွေ စုစည်းနေကြပါတယ်။ သူတို့ထဲမှာ ဟွမ်ဇွမ်တျန်လည်း ပါပါတယ်။ ကျင်းတျန်ကုန်းက ရယ်မောပြီး ပြောလိုက်ပါတယ် “တိုက်ပွဲအတွင်းမှာ သိလန်တျန်ရဲ့ ရောင်ဝါက တော်တော်လေး ထူးဆန်းတယ်၊ အမှောင်သခင်ကြီး ကျိန်စာတိုက်တာကို ခံနေရတာပဲ ဖြစ်ရမယ်၊ အမှောင်သခင်ကြီးက ကျုပ်တို့ ကျယ်ကျောင်းတော်ကို အာရုံစိုက်နေတယ်လို့ ပြောသားပဲ၊ သူက ကျုပ်တို့ကို ပစ်မထားပါဘူး”
ကျယ်ကျောင်းတော် လူတိုင်းဟာ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြပါတယ်။ သူတို့ဟာ ကျင်းတျန်ကုန်းရဲ့ စကားကို အရင်တုန်းက မယုံကြည်ခဲ့ကြပါဘူး။ ဒါပေမဲ့ အခု မယုံလို့မရတော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ပြီးခဲ့တဲ့တိုက်ပွဲမှာ သူတို့တွေ သိလန်တျန်ကို အနိုင်ယူနိုင်ခဲ့တာက သိလန်တျန်ရဲ့ ဝိညာဉ်စွမ်းအား ရုတ်တရက် ရုန်းကန်ထွက်ပြီး ကြမ္မာဆိုးရောင်ဝါ ဝန်းရံခံလိုက်ရလို့ပါ။ ဒါက အမှောင်သခင်ကြီး လက်ချက် မဟုတ်ရင် ဘယ်သူ့လက်ချက် ဖြစ်နိုင်အုန်းမှာလဲ။
ဟွမ်ဇွမ်တျန်ဟာ မျက်မှောင်ကြုတ်သွားပြီး လန့်လည်း လန့်သွားပါတယ် ‘ဒုဂိုဏ်းချုပ်က တကယ်ကြီး အမှောင်သခင်ကြီးနဲ့ ပူးပေါင်းလိုက်တာလား၊ ကျယ်ကျောင်းတော်ရဲ့ တာအိုပညာရှိက ဒီကိစ္စကို ဘာလို့ ဒေါသမထွက်ရတာလဲ..’
ကျင်းတျန်ကုန်းက ပြောလိုက်ပါတယ် “သိလန်တျန်ရဲ့ ရည်မှန်းချက်က ကျို့ယိုငရဲတစ်ခုလုံးကို မောင်ပိုင်စီးဖို့ပဲ၊ ကျုပ်တို့တွေ ဒီလိုအဖြစ်ခံလို့မရဘူး၊ သူ့ကို ဖျက်ဆီးဖို့ ကျုပ်တို့တွေ နည်းလမ်းရှာရမယ်၊ ကျုပ်တို့နဲ့ ပြဒါးငှက်မျိုးနွယ်စုရဲ့ အင်အားက မလုံလောက်သေးဘူး၊ တခြားအင်အားစုတွေကိုပါ ထပ်ဖိတ်ခေါ်ဖို့လိုတယ်”
မြန်မာပြည် ငြိမ်းချမ်းပါစေ။
Chapter – 391
? Views, Released on December 6, 2024