Chapter – 23 အခြားသူများ
ချက်ကောင်းထိသွား၍ သေလောက်အောင် နာနေသောကြောင့် ကျွောကျွင်း၏မျက်နှာ ပုံပျက်နေသည်။ သူသည် သူ၏ဗိုက်အောက်ပိုင်းကို ဆွဲဖြဲခံရပြီး အစာအိမ်နှင့် အတွင်းအူကလီစာများ ပျက်စီးသွားသလို ခံစားလိုက်ရသည်။
ထိုထိုးနှက်ချက်သည် သူ့ကို လွင့်ထွက်သွားစေပြီး ဘုန်းကနဲ နံရံဖြင့် သွားဆောင့်မိလေ၏။ သူ၏ အခန်းပင် တုန်ခါသွားသည်။
ချူဖုန်း၏ခွန်အားမှာ သာမန်လူတစ်ယောက်၏ ၁၀ဆ ရှိသည်။ သာမန်လူတစ်ယောက်သာ အထိုးခံခဲ့ရလျှင် ထိုလူ၏ အတွင်းကလီစာများ ကွဲထွက်ကာ ပျက်စီးသွားမည်ဖြစ်သည်။ ဤသည်မှာ ပြုတ်ကျလာသည့် ကျောက်တုံးအကြီးကြီး ပိမိနေသလို ခံစားနေရမည်ပင်။ မည်သူမှ နလန်ပြန်ထူနိုင်မည် မဟုတ်။
ကျွောကျွင်း၏ ခန္ဓာကိုယ်သည် ပုစွန်ခြောက်တစ်ကောင်ကဲ့သို့ ကွေးနေသည်။ နာကျင်မှုမှာ အလွန်ပြင်းထန်လှ၍ ဘေးတစ်စောင်း လှဲနေရသည်။ သို့သော် သူ့ကိုကြည့်ရသည်မှာ ခံနိုင်ရည်ရှိသေးပုံ ရသည်။ ပြင်းထန်လှသည့်နာကျင်မှုကို တောင့်ခံကာ လက်ထောက်ပြီး တဖြည်းဖြည်း ထနေလေသည်။ ထို့နောက် သူသည် ပြန်လည်တိုက်ခိုက်ရန် အဆင့်သင့်ဖြစ်နေလေပြီ။
ချူဖုန်းမျက်နှာထက်၌ ထူးဆန်းသည့် အကြည့်ဖြစ်ပေါ်လာသည်။ သူ့လက်သီး မည်မျှအားကြီးကြောင်း သူသိသည်။ သူသာ ဤထက်အားနည်းနည်းပိုထည့်ပြီး ထိုးလိုက်လျှင် တစ်ဖက်လူ၏ ခန္ဓာကိုယ်ကို ထိုးဖောက်နိုင်လောက်ပြီ ဖြစ်သည်။
သို့သော် သူမထင်မိသည်မှာ ကျွောကျွင်းသည် အဆင်ပြေနေသေးပုံပေါ်ပြီး သူသည် ပြန်လည်တိုက်ခိုက်ရန်ပင် လုပ်နေသည်။
ချူဖုန်းသည် စိတ်ဆုံးဖြတ်ချက်ပြတ်သားသူပင်။ ဒဏ်ရာရနေသောလူထံသို့ လျှပ်စီးအရှိန်ဖြင့် သွားလိုက်သည်။ မီတာ ၁၀၀ ကို ၂စက္ကန့်ခွဲဖြင့်ရောက်သော မှတ်တမ်းရှိသောကြောင့် ကျွောကျွင်း မထလာခင်မှာပင် သူ၏ခန္ဓာကိုယ်ဘေးကို ရောက်သွားပြီဖြစ်သည်။ ထို့နောက် တုန့်ဆိုင်းခြင်းမရှိပဲ ကျွောကျွင်းကို တက်နင်းလိုက်လေ၏။
ဘုန်း… နောက်ထပ် ရိုက်ချက်တစ်ချက်ပင်။ ကျွောကျွင်းသည် အနင်းခံလိုက်ရသည်နှင့် ချက်ချင်း အော်ဟစ်လာသည်။ သူ့မျက်နှာမှာ ပို၍ပင် ဖရိုဖရဲဖြစ်လာပြီး အကျည်းတန်လာသည်။
သူသည် ကြမ်းပြင်ပေါ်တွင် ပြားချပ်စွာ ဝပ်နေပြီး နောက်ထပ် မလှုပ်ရှားနိုင်တော့။
သူ ရှက်ရာမှ ဒေါသထွက်လာသည်။ ဘယ်လိုလုပ် သာမန်လူတစ်ယောက်က ခုလိုအင်အားမျိုး ရှိနေနိုင်တာလဲ.. အစောပိုင်းကပင် သူသည် ဤလူကို မထီမဲ့မြင်ကြည့်ပြီး သူ့ကို အထင်အမြင်သေးစွာ ပြောနေခဲ့သေးသည်။
ယခုတော့ သူသည် ဒဏ်ရာပြင်းထန်စွာ ရရှိသွားပြီး အသက်ပင် ကောင်းကောင်းမရှူနိုင်တော့။
“မင်း သေတော့မယ်…” သူ အသံတိုးတိုးဖြင့် ပြောလိုက်သည်။ သူ့အသွေးအသားအောက်ရှိ အရိုးများမှ အသံများထွက်လာပြီး သူ့ခန္ဓာကိုယ်လည်း ဖောယောင်ကာ အရွယ်အစားကြီးလာသည်။
ချူဖုန်းသည် သူ၏အိပ်ခန်းကို ဒီတိုက်ပွဲကြောင့် ညစ်ပတ်ပေရေသွားမည်ကို မလိုလား၍ သူ့ကို မ သွားကာ ဝရန်တာမှ အောက်ကွန်ကရစ်မြေကြီးပေါ်သို့ ပစ်ချလိုက်သည်။
“ချူဖုန်း မင်း ငါ့စိတ်ကိုဆွလိုက်တာပဲ…မင်းကို သေတာထက် ပိုဆိုးတဲ့ ဘဝဖြစ်အောင် လုပ်ပြမယ် ကြည့်နေ” ကျွောကျွင်းသည် ခြံဝင်းထဲသို့ ပြုတ်ကျသွားသည့်အချိန်၌ ကြွေးကြော်နေလေသည်။
သို့သော် သူ ချူဖုန်း၏ အရှိန်ကို အထင်သေးမိသွားသည်။ ချူဖုန်းသည် မျက်စိတစ်မှတ်အတွင်းမှာပင် ဝရန်တာမှ ခုန်ဆင်းလာပြီး ကျွောကျွင်း၏ ကျောပေါ် တည့်တည့်ရောက်လာလေသည်။
ဘုန်း…
နှစ်ယောက်လုံး မြေပြင်ပေါ်သို့ ကျသွားသည်နှင့် ခြံဝင်းပင် တုန်ခါသွားသည်။ ဤသည်ကို ကြည့်ခြင်းအားဖြင့် သူတို့အင်အား မည်မျှကြီးမားကြောင်း သိနိုင်သည်ပင်။
ကျွောကျွင်း မြေကြီးပေါ်၌ ပြားပြားဝပ်နေသည်။ သူ ချူဖုန်းအောက်၌ တက်နင်းခံထားရသောကြောင့် သူ့ခန္ဓာကိုယ်အတွင်းရှိ အရိုးတစ်ခုတိုင်း ကျိုးသွားပြီး သူ့ကျောက်ကပ်လည်း နောက်ထပ် ဒဏ်ရာရသွားသည်။
“ဖူး…”
ကျွောကျွင်း၏ ပါးစပ်မှ သွေးများ အန်ထွက်လာသည်။ သူ့အနီးနားရှိ မြေပြင်မှာ သွေးများဖြင့် နီရဲနေလေပြီ။ ဤတစ်ခါတော့ သူတကယ်ကို ဒဏ်ရာ ပြင်းထန်စွာ ရသွားသည်။
ချူဖုန်း ထိတ်လန့်သွားရသည်။ ကျွောကျွင်းကို အခန့်မသင့် သတ်မိသွားမည်စိုးသောကြောင့် သူ့အားကို အမြဲ ထိန်းထားခဲ့သည်။ သို့သော် ကြည့်ရသည်မှာ သူအလကား စိုးရိမ်မိခြင်း ဖြစ်သည်ထင်သည်။ ကျွောကျွင်းသည် မည်မျှပင် ဒဏ်ရာပြင်းထန်နေပါစေ သူ့ကို မသေစေနိုင်။
ဘုန်း…
ချူဖုန်းသည် သူ၏အားပျော့နေသော ခန္ဓာကိုယ်ပေါ်တွင် ရပ်ကာ အလွန်ပြင်းထန်သည့် အားဖြင့် ထပ်ပြီး တက်နင်းလိုက်သည်။ အစောပိုင်းထိုးချက်များတွင် သူ အလွန်အားထိန်းထားမိကြောင်း သူသိလိုက်သည်။ သူ၏ရန်သူမှာ သူထင်ထားတာထက် ပို၍ ခံနိုင်ရည်ရှိနေသည်။
ကျွောကျွင်း ဆို့နင်စွာ အော်ကြွေးလာသည်။ တစ်ချိန်တည်းမှာပင် သူ၏ခန္ဓာကိုယ်လည်း သိသိသာသာ ဖောင်းမို့လာသည်။ ချူဖုန်း၏ သေစေလောက်သည့် ထိုးချက်များ ကျရောက်လာသည်နှင့် သူ့ခန္ဓာကိုယ်သည် လုံးဝပုံစံ ပြောင်းသွားကာ ခန္ဓာကိုယ်၏ အရေးကြီးသည့်အင်္ဂါများကို ထိုထိုးချက်မှ ကာကွယ်ပေးလာသည်။
သို့သော်လည်း သူ့ခန္ဓာကိုယ်အနှံ့တွင် ချူဖုန်း၏ ထိုးချက်များ ရှိနေသည်။ သူ၏ကျောမှာ နင်းချေထားသလို ဖြစ်နေပြီး သူ့ကျောပေါ်တွင်လည်း ခရမ်းရင့်ရောင်ခြေရာများစွာ ရှိနေသည်။ သူ့ပါးစပ်မှလည်း သွေးများ စီးကျနေသည်။
မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော အသံနှင့်အတူ ကျွောကျွင်းသည် သူ၏ခန္ဓာကိုယ်ကို လှည့်လိုက်ကာ ချူဖုန်းအောက်မှ လွတ်မြောက်အောင် လုပ်လိုက်သည်။ ထို့နောက် သူ မြေကြီးပေါ် မတ်တပ်ရပ်လိုက်သည်။ သူ၏လှုပ်ရှားမှုကြောင့် ကမ္ဘာကြီးတုန်လှုပ်သွားပြီး တောင်တန်းများလည်း တုန်ခါသွားသည်။
ကျွောကျွင်း၏ အကြမ်းခံနိုင်မှုကို ချူဖုန်း အံ့သြသွားရသည်။ သူက လူရော ဟုတ်ရဲ့လား.. ဘယ်လိုလုပ်ပြီး သူ့ခန္ဓာကိုယ်က အချိန်တိုအတွင်း ဒီလိုမျိုး ပြောင်းသွားနိုင်တာလဲ..
ထိုအချိန်တွင် ကျွောကျွင်း၏ ခန္ဓာကိုယ် လျင်မြန်စွာ ပြောင်းလဲလာသည်။ သူ၏ခန္ဓာကိုယ်သည် မျက်စိတ်တစ်မှိတ်အတွင်းမှာပင် ၅’၁၁” မှ ၁၀’၂” သို့ ကြီးထွားလာသည်။ သူ၏အဝတ်အစားအားလုံးလည်း စုတ်ပြဲသွားကာ သူ့ကိုယ်ပေါ်၌ တွဲလောင်းကျနေသည်။
သူ၏ အဝတ်မရှိတော့သည့် ခန္ဓာကိုယ်မှာ ရွှံ့ရောင်ပြောင်းသွားပြီး သူ့ကို ဝိုင်းရံနေသော အဝါရောင်မြူခိုးလွှာတစ်လွှာကိုပင် မြင်နေရသည်။
သူ၏ခန္ဓာကိုယ်တွင် ကြွက်သားဗလအပြည့်ဖြစ်လာပြီး အသားပေါ်တွင် ကြွက်သားများ ပြူးထွက်နေသည်။
အခု သူသည် အနည်းဆုံး ဂျင် ၆၀၀ ခန့် ရှိမည်ပင်။ ကြွက်သားတစ်ခုနှင့်တစ်ခုကြားတွင် ရွှေရောင်သန်းနေပြီး သူသည် ယောကျ်ားပီသခြင်း၏ အကောင်းဆုံးသာဓကပင် ဖြစ်သည်။ သူသည် သန်မာထွားကျိုင်းကာ မြင်သူတိုင်းကို အံ့အားသင့်သွားစေနိုင်သည်။
သူ့ကို မြင်လျှင် သူ၏ခန္ဓာကိုယ်မှ အလွန်အားကြီးသည့် အားအင်ကို တွေ့နိုင်သည်။
လူတစ်ယောက်က ဘယ်လိုလုပ် မျက်စိတစ်မှိတ်အတွင်း ဒီလောက် ကြီးထွားလာနိုင်တာလဲ… ချူဖုန်းသည် ဤသည်ကို လုံးဝ လက်မခံနိုင်ဖြစ်နေသည်။
“ချူဖုန်း ငါ မင်းကို အထင်သေးမိတာကို ငါဝန်ခံတယ်.. ဒါပေမဲ့ မင်း ငါ့ကို စိန်မခေါ်ခဲ့သင့်ဘူး.. ငါက ‘အခြားသူ’တွေထဲက တစ်ယောက်ပဲ” ကျွောကျွင်း၏ တိုးလျသည့်အသံမှာ ခြံဝင်းထဲ၌ ပဲ့တင်ထပ်သွားသည်။
သူ ခြေတစ်လှမ်းလှမ်းလိုက်တိုင်း မြေကြီး တုန်ခါသွားကာ အသံကျယ်ကြီးလည်း ထွက်ပေါ်လာသည်။
ဘုန်း…
ခန္ဓာကိုယ် ကြီးမားသော်လည်း သူသည် ရွေ့လျားရခက်ခဲလေးလံခြင်း မရှိ။ သူ ပေါ့ပေါ့ပါးပါး ခုန်လိုက်သည်နှင့် မီတာအနည်းငယ် ကျော်ဖြတ်သွားကာ ချူဖုန်း မျက်နှာအရှေ့တည့်တည့်သို့ ရောက်လာလေသည်။ သူ၏လက်ဝါးမှာ ထန်းရွက်ပမာဏရှိနေသည်။ ထို့နောက် သူ၏ လက်ကြီးကို ရန်သူ၏ ခေါင်းနှင့် မျက်နှာ တည့်တည့်ကို ရွယ်ထားသည်။
သာမန်လူတစ်ယောက်သာ ဤလက်ဝါးဖြင့် ရိုက်ခံလိုက်ရလျှင် သေချာပေါက် ဦးခေါင်းကွဲသွားလိမ့်မည်။
ကျွောကျွင်းကို လုံးဝထိန်းချုပ်၍ မရတော့။ သူသည် အကျိုးဆက်များကို မစဉ်းစားတော့ပဲ ချူဖုန်းကို အနိုင်ပိုင်းချင်နေသည်။ သူ လက်စားချေပြီးမှသာ စိတ်သက်သာရာရလိမ့်မည်။
သို့သော် သူ ချူဖုန်း၏ အရှိန်ကို အထင်သေးမိပြန်လေပြီ။ ချူဖုန်းသည် ထိုရိုက်ချက်ကို အလွယ်လေးပင် ရှောင်လိုက်နိုင်သည်။ ထို့နောက် သူသည် အချိန်ဖြုန်းမနေပဲ ကျွောကျွင်း၏ ကျောက်ကပ်ကို ဒုတိယအကြိမ် ထပ်ထိုးလိုက်သည်။
သူ့ပြိုင်ဖက်လက်သီးမှာ မည်မျှအားပြင်းသည်ကို မသိသည့်အတွက် သူ့အတွက် အကောင်းဆုံးရွေးချယ်မှုမှာ ထိပ်တိုက်မတွေ့ပဲ ရှောင်လိုက်ရန်ပင်။
သို့သော် ကျွောကျွင်းကတော့ ကိုယ့်ကိုကိုယ် အတော်လေး အထင်ကြီးနေသည်။ သူသည် ချူဖုန်း၏ ထိုးချက်ကို မရှောင် သူ၏ဗိုက်ကြွက်သားကို တင်းလိုက်ကာ ထိုးချက်ကို ထိပ်တိုက်ရင်ဆိုင်ရန် ပြင်ဆင်လိုက်သည်။ တစ်ချိန်တည်းမှာပင် သူ၏ဧရာမလက်ကို ဆန့်လာကာ ချူဖုန်းထံ လွှဲရမ်းလိုက်လေ၏။ သူ ချူဖုန်းကို လက်ဖြင့် ဖမ်းဆုပ်ချင်သည်။
ဖုန်း… ဤသည်မှာ ချူဖုန်းလက်သီးချက် ကျွောကျွင်း၏ ဗိုက်ကို ထိသွား၍ ထွက်ပေါ်လာသည့် အသံပင်။ ချူဖုန်းသည် သူ့လက်သီး ထုံထိုင်းသွားသည်ကို ခံစားလိုက်ရပြီး ကျွောကျွင်းလည်း ထိုထိုးချက်ကြောင့် ယိမ်းယိုင်သွားကာ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားလေ၏။
ကျွောကျွင်း၏မျက်နှာထက်တွင် နာကျင်သည့် အမူအရာ ထွက်ပေါ်လာသည်။ သူ ပုံစံပြောင်းပြီးသွားပြီဖြစ်သောကြောင့် သူ့ဗိုက်တွင် ယခုကဲ့သို့ နာကျင်ရလိမ့်ဦးမည်ဟု သူ မထင်ထားခဲ့။ သူ ဘယ်လောက်တောင် အားကြီးတာလဲ…
သူ၏ လက်ရှိအားအင်မှာ ထူးခြားသည်ဟု ဆိုနိုင်သည်။ ဤအတွင်းအားမှာ ဂန္တဝင်အဆင့်မျှ ရှားပါးသည်။ ဤသည်သာ ယခင်ရှေးခေတ်ဆိုလျှင် သူ့ကို အတော်တကာ့အတော်ဆုံး တိုက်ခိုက်သူဟု သတ်မှတ်နိုင်သည်။
ထို့အပြင် သူ့အတွင်းအားမှာ ထပ်ပြီး တိုးတက်နိုင်ချေရှိသေး၍ သူ ပြိုင်စံရှားနတ်ဘုရား ဖြစ်လာနိုင်သည်။
လွန်ခဲ့သော ရက်အနည်းငယ်အတွင်း သူ တဖြည်းဖြည်းပို၍ ဂုဏ်မောက်လာခဲ့သည်။ သူသည် လူသားကမ္ဘာကို ကျော်လွန်ကာ သူတော်စင်နတ်မြေကို ဝင်ရောက်သွားသလို ခံစားခဲ့ရသည်။ သာမန်လူသားများဟု သူသတ်မှတ်ထားသူများနှင့် သူ ကွဲပြားသည်ဟု သူ့ကိုယ်သူ သတ်မှတ်ထားခဲ့သည်။
အမှန်တကယ် လတ်တလော၌ သူအောင်မြင်မှုများကိုသာ ကြုံတွေ့ခဲ့ရသည်။ သူသည် အလွန်ဆာလောင်နေသော ကျားကို အနိုင်ပိုင်းနိုင်ခဲ့ပြီး လက်တစ်ဖက်တည်းဖြင့် တောရိုင်းကောင်အုပ်စုလိုက်နှင့် ငှက်များကို သတ်ဖြတ်နိုင်ခဲ့သည်။ သူ သွားချင်သည့်နေရာတိုင်းကို သူ သွားလာနိုင်ခဲ့သည်။
ယခုအချိန်တွင် ပြောင်းလဲခြင်းမရှိသည့် သာမန်လူသားတစ်ယောက်က သူ့ကို အနိုင်ပိုင်းနိုင်တော့မည်ကို တွေ့လိုက်ရသည့်အခါ သူ ဘယ်လိုလုပ် မအံ့သြပဲ နေနိုင်မည်နည်း…
ကျွောကျွင်း၏ သူငယ်အိမ်ကျဥ်းသွားပြီး သူ့သွေးများလည်း အေးစက်သွားသည်။ သူရှေ့၌ရှိနေသည့် ဤလူသားကို အသက်ရှင်ခွင့် မပေးနိုင်။ နောက်ပိုင်း ပြစ်တင်ရှုံ့ချ ခံရမည်ဆိုလျှင်ပင် သူ ဤလူကို သေစေချင်သည်။
သူသည် လက်သီးကို တင်းတင်းဆုပ်လိုက်ကာ သူ၏ရွှံ့ရောင်ခန္ဓာကိုယ်မှ အဝါရောင်မြူခိုးများ ထွက်လာသည်။ ဤသည်မှာ အမုန်းတရား၏ အငွေ့အသက်ပင် ဖြစ်သည်။
လက်သီးချင်းဖလှယ်ပြီးနောက် သူသည် တစ်ဖက်လူ၏ထိုးချက်ကို ခုခံနိုင်ကြောင်း ချူဖုန်း သေချာသွားသည်။ သူ၏ ရန်သူမှာ အရွယ်အစားအရ သိသိသာသာ အားသာမှုရှိနေသော်လည်း သူတို့၏ ခွန်အားမှာ အတူတူလောက်ပင် ဖြစ်သည်။ ထို့ကြောင့် ချူဖုန်း ပို၍ယုံကြည်မှုရှိလာပြီး ရဲတင်းလာသည်။
ကျွောကျွင်း နောက်ထပ်အော်ဟစ် လိုက်သည်။ သူ့ခန္ဓာကိုယ်မှာ ထပ်ပြီး ကြီးမားလာသည့်ပုံပင်။ သူသည် လက်တွင် အရှိန်နှင့်အားတို့ကို စုတည်းပေါင်းပြီး ချူဖုန်းရှိရာဘက်သို့ လွှဲရမ်းလိုက်သည်။
ချူဖုန်း ထိုလက်သီးချက်ကို မရှောင်။ သူ အားကုန်ထုတ်ကာ အရှိန်ဖြင့် ထိုးချလိုက်သည်။ သူ၏လက်သီးမှာ ကျောက်တုံးကြီးကိုပင် လွယ်လွယ်နှင့် အစိတ်စိတ်အမွှာမွှာဖြစ်အောင် လုပ်နိုင်သည်။
ဖုန်း.. ဖုန်း… ဖုန်း…
နှစ်ယောက်လုံး ထိပ်တိုက်တိုက်ခိုက်နေကြသည်။ ချူဖုန်းသည် လက်သီးဖြင့် မကြောက်မရွံ့ ထိုးရုံသာမက ကျွောကျွင်း၏ အနောက်ဘက်နှင့် ဘေးဘက်ကို သွားကာ သူ၏အားနည်းသည့်နေရာများကိုလည်း ပြင်းထန်စွာ တိုက်ခိုက်သေးသည်။
ယခုချိန်တွင် ချူဖုန်းသည် ဘာကိုမှ ထိမ်ချန်မထားတော့ပဲ အစွမ်းကုန် တိုက်ခိုက်နေလေ၏။
ဖုန်း… အကြိမ်ပေါင်းများစွာ ထိုးချက်များ ဖလှယ်ပြီးနောက် ချူဖုန်းသည် ရုတ်တရက် ပြိုင်ဖက်၏နောက်ကျောသို့ ရောက်သွားကာ ကျွောကျွင်း၏ ဧရာမခန္ဓာကိုယ်ကို လေထဲသို့ လွင့်ထွက်သွားအောင် လုပ်လိုက်လေသည်။ ထို့နောက် ကျွောကျွင်းသည် အဝေးမှ ပန်းခြံထဲသို့ ကျသွားကာ တစ်ကိုယ်လုံး ရွှံ့ဗွက်များ ပေပွသွားလေသည်။
“သေလိုက်တော့…”
ကျွောကျွင်းသည် အရှက်ကွဲမှုကြောင့် ပို၍ ဒေါသထွက်လာသည်။ သူ၏ သူငယ်အိမ် အေးခဲလာပြီးနောက် သူ့မျက်လုံးသည်လည်း ခန္ဓာကိုယ်အရောင်ကဲ့သို့ ရွှံ့ရောင် ဖြစ်လာသည်။ သူ၏ခန္ဓာကိုယ်မှ အရိုးများ စတင်ကျိုးအက်လာလာ တဖြည်းဖြည်း ကြီးထွားလာပြန်သည်။
တစ်ချိန်တည်းမှာပင် သူ၏ညာလက်မောင်း ပတ်လည်၌ အဝါရောင်မြူခိုးများ ထွက်ပေါ်လာကာ သူ၏ညာလက်လည်း ရုတ်တရက် ကြီးမားလာသည်။
ဘုန်း…
သူ၏လက်ကို ချူဖုန်းထံသို့ လွှဲရမ်းလိုက်သည်။ သူ၏ညာလက်မှာ တကယ်ကို ထူးခြားလှသည်။ ထိုလက်သည် ဘယ်လက်ထက် ပိုကြီးမားကာ ပယင်းကြိတ်ဆုံကျောက် အရွယ်မျှ ကြီးလာသည်။
ထိုလက်သည် ချူဖုန်းကို ဖိချေပစ်လိုသော ရည်ရွယ်ချက်ဖြင့် ချူဖုန်းပေါ်သို့ ကျရောက်လာသည်။
ဤမြင်ကွင်းမှာ အလွန်ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းပင် ဖြစ်သည်။ ဤမြင်ကွင်းမှာ အစိမ်းရောင်အခိုးအငွေ့နှင့် ကြံစိမ်းရောင်အခိုးအငွေ့များ ရောနှောနေသည်။ အခိုးအငွေ့များသည် လေထုထဲသို့ ပေါက်ထွက်လာကာ ပတ်ဝန်းကျင်လေထုကို ထိတ်လန့်မှုများဖြင့် အရောင်ခြယ်လိုက်သည်။
ချူဖုန်း ထိတ်လန့်သွားရသည်။ သူသည် လက်ဝါးကြီးကို ရှောင်ရန်ကြိုးစားနေစဥ် သူ၏ဦးနှောက်သည်လည်း ထိုးချက်အား ရင်ဆိုင်နိုင်မည့် နည်းလမ်းကို အမြန်စဥ်းစားနေရသည်။ နွားဝါသင်ပေးထားသော လက်ဝှေ့ထိုးနည်းပုံစံကို သေချာမတတ်မြောက်သေး၍ သူ ထိုအသက်ရှူစနစ်ကို အသုံးပြုနိုင်လိမ့်မည်။ ဤပညာကို အသုံးပြုပြီး သူ၏အတွင်းအားနှင့် အစွမ်းကို ထိန်းညှိနိုင်ဖို့ မျှော်လင့်မိသည်။
ရုတ်တရက် ချူဖုန်းသည် သူ့ခန္ဓာကိုယ်တွင် အားအင်နှင့် တက်ကြွမှုများ ပြည့်လာသည်ကို ခံစားရပြီး ထိုလက်ဝါးကြီးထံ လက်သီးကို လွှဲ၍ ထိုးလိုက်သည်။
ဖူး…
အရပ် ၄ မျက်နှာသို့ သွေးများ လွင့်စင်သွားသည်။ ချူဖုန်း၏ လက်သီးသည် ထိုကြိတ်ဆုံကျောက်အရွယ်ရှိ လက်ဝါးအတွင်းသို့ ထိုးဖောက်ဝင်သွားသည်ပင်။ ဤသည် အလွန်အံ့အားသင့်စရာကောင်းသည့် မြင်ကွင်းဖြစ်ပြီး သူ့ကိုယ်သူပင် အံ့အားသင့်နေရသည်။
“အား…”
ကျွောကျွင်းသည် နာကျင်စွာ အော်ဟစ်လိုက်သည်။ သူ့မျက်နှာသည် စာရွက်တစ်ရွက်ကဲ့သို့ ဖြူဖျော့နေပြီး သူ့လက်မှလည်း သွေးများ တစ်စက်စက် စီးကျနေသည်။ သူ၏အရိုးများ အသံထပ်မြည်လာပြန်သည်။ သို့သော် ယခုတစ်ခေါက်တွင်တော့ လေပူပေါင်းမှ လေများထွက်သွားသကဲ့သို့ သူ့ခန္ဓာကိုယ်လည်း အရွယ်အစားကျုံ့လာသည်။
ထို့နောက် သူ၏ ပုံမှန်ခန္ဓာကိုယ်အရွယ်အစားကို ပြန်ရောက်လာပြီး ရွှံ့ရောင်လည်း ပျောက်ကွယ်သွားသည်။ သူသည် မြေကြီးပေါ်၌ လူးလိမ့်ကာ နာကျင်စွာ အော်ဟစ်နေလေ၏။
“ဒါက မင်းအစွမ်း အကုန်ပဲလား .. ဒီစွမ်းအားကြောင့် မင်းက တခြားလူတွေအပေါ် အထင်သေးလို့ရတယ်လို့ ထင်နေတာလား…” ချူဖုန်း ကျွောကျွင်းကို ငုံကြည့်လိုက်သည်။
ကျွောကျွင်း အလွန်ကြောက်ရွံ့နေလေပြီ။ ချူဖုန်း၏အရည်အချင်းမှာ သူထင်ထားတာထက် ပို၍မြင့်ကြောင်း သူသိလိုက်သည်။ သူ့ရှေ့က လူက ဘယ်လိုလုပ် သာမန်လူဖြစ်နိုင်မှာလဲ… သူ့ထံတွင် “အခြားသူ”ကဲ့သို့သော ထူးခြားလက္ခဏာများ မရှိသော်လည်း ဤလူ ကြောက်စရာကောင်းသောသူပင်။
သူ့နှလုံး အခုန်မြန်နေသည်။ ချူဖုန်း သူ့ကို သတ်ပစ်မည်ကို သူ ကြောက်နေသည်။
“မင်းတို့က ဘယ်နှယောက်လာတာလဲ.. တိုင်ဟန်းတောင်တန်းကို ဘာရည်ရွယ်ချက်နဲ့ လာတာလဲ.. မင်းသိသမျှအကုန် ငါ့ကိုအကုန်ပြောပြ..”
ချူဖုန်းသည် သူမေးလိုက်သော မေးခွန်းများအတွက် ခန့်မှန်းအဖြေကို တွေးထားပြီးဖြစ်သော်လည်း သူထင်ထားတာသည်မှာ မှန်ကန်ကြောင်း သူကြားလိုသည်။
ကျွောကျွင်းသည် အတော်လေး ထိတ်လန့်ကာ သေရမည်ကို ကြောက်နေသော်လည်း သူ၏စိတ်သဘောထားနှင့် သီလသမာဓိမှာ ပို၍ ပြင်းပြသည်။ မည်မျှပင် ခြိမ်းခြောက်ခံနေရပါစေ သူ့ပါးစပ်ဟမလာ။
ချူဖုန်းသည် တုန့်ဆိုင်းမှုမရှိပဲ သူ့၏ နှာခေါင်းကို ဆွဲထိုးလိုက်သည်။ မျက်နှာတွင် ဤနေရာသည် နာကျင်မှုကို အခံစားနိုင်ဆုံးသော နေရာဖြစ်သည်။ ဖြေးညှင်းသော ထိုးနက်ချက်ပင် ပြင်းထန်စွာ နာကျင်စေနိုင်သောကြောင့် အားပြင်းသည့် ထိုးချက်ဆိုလျှင် ပို၍နာကျင်မည်သာ။
ကျွောကျွင်းသည် နှုတ်ခမ်းကို မြဲမြံစွာ ကိုက်ထားပြီး ဆက်လက်တောင့်ခံနေသည်။
ထိုအချိန်တွင် ခိုးချောင်ခိုးဝှက်နေနေသော နွားဝါသည် အပြစ်ရှိသော အကြည့်ဖြင့် အခန်းတစ်ခုအတွင်းမှ ခေါင်းပြူထွက်လာပြီးနောက် ခြံဝင်းထဲသို့ ဖြေးဖြေး လျှောက်လာလေသည်။
လူစိမ်းတွေ့လျှင် ပုန်းနေမည်ဟု ကတိပေးထားသည့်အတိုင်း သူ တကယ်ပုန်းနေခဲ့သည်။
သို့သော် ချူဖုန်းသည် သံသယရှိနေသည်။ ဤအရိုင်းအစိုင်းကောင် အချိန်အကြာကြီး ပုန်းနေရသည့် အဓိကအကြောင်းအရင်းမှာ သူရဲဘောကြောင်ခြင်းကြောင့်ဖြစ်ပြီး နောက်အကြောင်းအရင်းတစ်ခုမှာ ဤအမိုက်စားရန်ပွဲကြောင့် သူ့ကို မထိခိုက်စေပဲ သက်သောင့်သက်သာ ရှိသောနေရာမှ ထိုင်ကြည့်လိုသောကြောင့် ဖြစ်သည်။ အရေးကြီးသည့်အချိန်များတွင်လည်း ဤနွားဝါသည် အသုံးမဝင်သည့် အမှိုက်သာ ဖြစ်နေလိမ့်မည်ဟု သူပြောရဲသည်။
ချူဖုန်း နွားဝါကို အပြင်လူထံ မဖော်ထုတ်လို၍ ထိုသနားစရာလူသား၏ နှာခေါင်းနှင့် မျက်နှာကို ၃ ၄ ချက် ခန့်ထပ်ထိုးလိုက်သည်။ သူသုံးလိုက်သည့် အားကို သူ ထိန်းချုပ်ထားသည်ပင်။ ထိုးချက်များမှာ ဒဏ်ရာရလောက်သည်အထိ မပြင်းထန်သော်လည်း နာကျင်၍ မျက်လုံးမှိတ်ကာ အော်မြည်နိုင်စေသည်။
“တော်တော်လုပ်ရကိုင်ရ ခက်တာပဲ..” အရာအားလုံးမှာ ခေါင်းကိုက်စရာကောင်းနေသည်ဟု သူခံစားနေရသည်။ အထူးသဖြင့် ဤလူသည် အလွန်ခေါင်းမာကာ လျှို့ဝှက်ချက်ကို ဖော်ထုတ်ရန် တွန့်ဆုတ်နေသည်။ သူ့ကိုကြည့်ရသည်မှာ လျှို့ဝှက်ချက်ကို ထုတ်ပြောမည့်အစား အသေခံမည့်အမျိုးအစားပင်။ သူ့ကို ဘယ်လို ကိုင်တွယ်မလဲ…
သတ်ပစ်ရမှာလား… သူ မလုပ်ရက်နိုင်။ ဤနေရာရှိ လူအားလုံးမှာ လူမှုအသိုင်းအဝိုင်းတွင် သာမန်နိုင်ငံသားအဖြစ် ပျော်ရွှင်စွာ နေထိုင်ကြသူများဖြစ်သည်။ သူသည် ဤအတိုင်းအကြောင်းမရှိပဲ လူတစ်ယောက်၏ အသက်ကို မနှုတ်ချင် ဖြစ်သည်။ ဤဒါမှာသိုင်းဝတ္ထုများထဲမှ လူတစ်ယောက်က နောက်လူတစ်ယောက်၏ လည်ပင်းကို လွယ်လွယ်နှင့် လှီးဖြတ်လိုက်ပြီး ဘာမှမဖြစ်သလို ဒီတိုင်း လှည့်ထွက်သွားလိုက်သော မြင်ကွင်းမျိုး မဟုတ်။
သို့သော် သူ့ကိုသာ လွှတ်ပေးလိုက်လျှင် နောက်ဆက်တွဲ ပြဿနာများ သေချာပေါက် ထပ်လာမည် ဖြစ်သည်။
သို့သော် သူ့ကို ဖမ်းချုပ်ထားခြင်းမှာလည်း လုံခြုံသော လုပ်ရပ်မဟုတ်။ အကယ်၍ ကျွောကျွင်းသာ ပျောက်ဆုံးနေလျှင် သူ၏အဖော်များက သေချာပေါက် လာရှာကြလိမ့်မည်။
“ငါ ဒီအရှုပ်ထုပ်ကြီးကို ဘယ်လိုရှင်းရမလဲ… ဒီနေ့ဖြစ်တဲ့ ကိစ္စတွေအားလုံးကို သူ မေ့သွားရင် အကောင်းဆုံးပဲ” ချူဖုန်း တီးတိုးရေရွတ်လိုက်သည်။
ချူဖုန်း၏ တီးတိုးပြောဆိုသံကို ကြားသွားသော နွားဝါသည် ချူဖုန်းဆီ အေးဆေးလမ်းလျှောက်လာပြီး ညစ်ပတ်နေသည့် လမ်းပေါ်တွင် တွန့်လိမ်ကောက်ကွေးနေသော စာလုံးကို ရေးလိုက်သည် : လွယ်လွယ်လေး
“မင်းမှာ အကြံရှိလို့လား” ချူဖုန်း အံ့သြသွားရသည်။
နွားဝါသည် ခေါင်းငြိမ့်ပြလိုက်သည်။
“ဒါဆို အမြန်လုပ်” ချူဖုန်း အလွန်ဝမ်းသာပျော်ရွှင်စွာ ပြောလိုက်သည်။
နွားဝါသည် အလျင်မလိုပဲ ကျွောကျွင်းနား ချဥ်းကပ်သွားလိုက်သည်။ နွားဝါသည် ကျွောကျွင်းကို သေချာစမ်းသပ်ပြီးနောက် ရုတ်တရက် သူ၏ ခွာကို ထုတ်ကာ ကျွောကျွင်း ခေါင်းပေါ်ကို အားဖြင့် တက်နင်းလိုက်သည်။
“ခဏနေဦး… ရပ်… မင်းလုပ်တာနဲ့ ဒီကောင့်ခေါင်း ကြေမွသွားလိမ့်မယ်…” ချူဖုန်း ထိတ်လန့်သွားကာ အမြန်ရပ်ခိုင်းလိုက်သည်။ နွားပေါက် မည်မျှအားကြီးမှန်း သူသိသည်။ သို့သော်လည်း ဤနွားဝါ ကျွောကျွင်း၏ ခေါင်းကို ယခုကဲ့သို့ တက်နင်းလိမ့်မည်ဟု သူ မထင်ထားခဲ့။
ကျွောကျွင်းသည် ကျယ်လောင်စွာ အော်ပြီးနောက် မေ့မျောသွားလေသည်။ သို့သော် သူ သတိမေ့သွားသော်လည်း သူ၏ခန္ဓာကိုယ်မှာ အကြောကပ်ကာ အကြောဆွဲနေဆဲပင်။ ပါးစပ်မှ အဖြူရောင်အမြှုပ်များ ထွက်လာလေ၏။
“ဒါက ဘယ်လိုလုပ် ကောင်းတဲ့အကြံဖြစ်မှာလဲ..” ချူဖုန်း မေးခွန်းထုတ်လိုက်သည်။
နွားဝါသည် တစ်ဖန်ထပ်၍ ညစ်ပေနေသည့် မြေပြင်ပေါ်တွင် စာလုံးအနည်းငယ် ရေးပြလာသည်။ စာလုံးများမှာ တွန့်လိမ်ကောက်ကွေးဆဲ ဖြစ်သော်လည်း ဖတ်၍ရသေးသည် : မှတ်ဉာဏ်၊ ပျောက်သွားပြီ
“မင်း…”ချူဖုန်း ပြောစရာစကားမဲ့သွားသည်။ ဒီနွားနတ်ဆိုးက တကယ်ကို ကောင်းတဲ့ကောင် မဟုတ်ဘူးပဲ။ သူသည် ဤနည်းဖြင့် ကျွောကျွင်း အိပ်သွားအောင် လုပ်လိုက်သည်။
သူ နိုးလာရင် ဘာမှ သတိပြန်မရစေဖို့ မျှော်လင့်ကြတာပေါ့..
အပိုင်း ၂၃ ပြီး၏။