အခန်း (၃၉၀) သိလန်တျန်နှင့် မိစ္ဆာဘိုးဘေး
ကျန်းယီရဲ့ အလိုက်တသိစကားကြောင့် ဟန်ကျွယ်ဟာ ဘာမှထပ်ပြီး မပြောနိုင်တော့ပါဘူး။ ဟန်ကျွယ်ဟာ တစ်ဖက်လူက သူ့ကို အမှောင်သခင်ကြီးမှန်း မသိရင်တောင် သူ့တည်နေရာ သိသွားမှာကို မလိုလားပါဘူး။
ဟန်ကျွယ်က မေးလိုက်ပါတယ် “နတ်ရွှေကျီးကန်း မိသားစုကို မင်းကို ပြန်ခေါ်ရင် မင်း ပြန်မှာလား”
ကျန်းယီက တစ်စက္ကန့်တောင် မတုံ့ဆိုင်းဘဲ ပြန်ဖြေပါတယ် “မပြန်ပါဘူး၊ ကျုပ်က ကျင့်ကြံဖို့အတွက် အသက်ရှင်တာ၊ နတ်ရွှေကျီးကန်း မိသားစုအတွက် အသက်ရှင်တာ မဟုတ်ဘူး”
ကျန်းယီဟာ တိတ်ဆိတ်ကျွန်းမှာ အချိန်တစ်ခုအထိ နေပြီးပြီမို့ တိတ်ဆိတ်ကျွန်းမှာရှိတဲ့ အခွင့်အရေးကောင်းတွေကို ရှာတွေ့ပြီးပါပြီ။ ဖူစန်းသစ်ပင်နဲ့ တစ်သောင်းဗောဓိပင်ဟာ ကျင့်ကြံခြင်းအတွက် မြင့်မြတ်ပစ္စည်းတွေပါ။ နောက်ပြီး ဘာတန်ကြေးမှ မပေးဆပ်ရဘဲ တိုက်ရည်ခိုက်ရည်ကို တိုးမြှင့်နိုင်တဲ့ အသွင်တူလက်ရည်စမ်းပွဲလည်း ရှိနေပါတယ်။
ဒါ့အပြင် ဘာတာဝန်မှာလည်း ထမ်းဆောင်စရာမလိုသလို ဘာမှလည်း အကျိုးဆောင်စရာ မလိုပါဘူး။ ဒီထက်ပိုပြီး အရေးကြီးတာကတော့ တာအိုဟောကြားတာကို မကြာခဏ နားထောင်ရတာပါ။ ဒါကြောင့် ကျန်းယီဟာ တိတ်ဆိတ်ကျွန်းမှာ ပျော်နေပါပြီ။ မောင်းထုတ်ရင်တောင် ပေကပ်နေမှာပါ။
ဘာပဲဖြစ်ဖြစ် ကျန်းယီဟာ လုံးဝမပြန်ချင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ နတ်ရွှေကျီးကန်း မိသားစုရဲ့ ရွယ်တူတွေကြားမှာ ဘာဖိအားမှ မခံစားရလို့ပါပဲ။ ဒါပေမဲ့ တိတ်ဆိတ်ကျွန်းမှာတော့ ကျန်းယီဟာ ဖိအားကို တော်တော်လေး ခံစားရပါတယ်။ ဒီအကြောင်းကြောင့် ကျန်းယီဟာ တိုက်ခိုက်လိုစိတ် အပြည့်ဖြစ်နေပြီး တခြားသူတွေထက် အားမနည်းသွားချင်ပါဘူး။
ဟန်ကျွယ်ဟာ ကျေနပ်အားရစွာ ပြုံးလိုက်ပါတယ် “မင်းတောင် အမြင်မှန် ရလာပြီပဲ”
ကျန်းယီဟာ နှုတ်ခမ်းတွန့်လိုက်ပါတယ် ‘ဘယ်လိုဖြစ်ပြီး ငါက သူ့ဂျူနီယာ ဖြစ်လာတယ်လို့ ခံစားနေရတာလဲ’
အတိတ်မှာတုန်းက ကျန်းယီဟာ ဟန်ကျွယ်ကို ဂရုစိုက်ပေးရမဲ့ ညီငယ်လေး တစ်ယောက်တော့ သဘောထားခဲ့ပါတယ်။ ဒါပေမဲ့ အခုအချိန်မှာတော့ ကျန်းယီဟာ သူ့ကိုယ်သူ ညီငယ်ဖြစ်နေတယ်လို့ ခံစားလာရပါပြီ။ ဒါကိုကြည့်ခြင်းအားဖြင့် ဟန်ကျွယ်ရဲ့ လိမ္မာပါးနပ်မှုက ဘယ်လောက်ထိ ကြောက်မက်ဖွယ်ကောင်းလဲဆိုတာ သိနိုင်ပါတယ်။
တကယ်တော့ စွမ်းအားကြီးတာက ကြောက်ဖို့မကောင်းပါဘူး။ စွမ်းအားကြီးနေရဲ့သားနဲ့ သာမန်လူတစ်ယောက်လို နှိမ့်နှိမ့်ချချနေနိုင်တာ ကြောက်စရာကောင်းတာပါ။
ဟန်ကျွယ်က ပြောလိုက်ပါတယ် “နတ်ရွှေကျီးကန်း မိသားစုက ကပ်ဘေးထဲ ဝင်ပြီးပြီ၊ သူတို့တွေ မင်းကို ဘယ်လိုပဲ ဆက်သွယ် ဆက်သွယ် ဂရုမစိုက်နဲ့၊ အဆိုဆုံးအနေနဲ့ နတ်ရွှေကျီးကန်း မိသားစု တစ်ခုလုံး ပျက်သုဉ်းသွားရင်တောင် မင်းရယ် အာတရယ် ရှောင်အာရယ် အသက်ရှင်နေရင် နတ်ရွှေကျီးကန်း မိသားစုကို ပြန်ဖန်တီးနိုင်တယ်၊ မင်း ကပ်ဘေးကို ရှောင်ရှားတာက နတ်ရွှေကျီးကန်း မိသားစုရဲ့ အနာဂတ်အတွက် ကြိုးစားနေတာပဲ”
ကျန်းယီဟာ ခေါင်းညိတ်လိုက်ပါတယ်။
နတ်ရွှေကျီးကန်းမိသားစုက သူတွေသာ ဟန်ကျွယ်စကားကို ကြားရင် သွေးအန်သေမှာ ကျိန်းသေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူရဲဘောကြောင်တဲ့ စကားလုံးတွေက ဟန်ကျွယ်ပါးစပ်ထဲမှာ သူရသတ္တိအဖြစ် ပြောင်းလဲသွားလို့ပါပဲ။
ဟန်ကျွယ်ဟာ လက်ဝှေ့ယမ်းပြီး ကျန်းယီကို ထွက်သွားဖို့ အချက်ပြလိုက်ပါတယ်။
ကျန်းယီဟာ တုံ့ဆိုင်းသွားပေမဲ့ နောက်ဆုံးမှာတော့ ကျင့်ကြံခြင်းလိုဏ်ဂူထဲက ထွက်ခွာသွားပါတယ်။ ကျန်းယီဟာ ဟန်ကျွယ်ကို ပုံပြင်ပြောခိုင်းချင်သေးပေမဲ့ မတောင်းဆိုရဲတော့ပါဘူး။
နတ်ရွှေကျီးကန်း မိသားစု ရောက်လာတာကို ကျို့ယိုငရဲရဲ့ တိတ်ဆိတ်ငြိမ်သက်မှုကို ကျိုးပျက်သွားစေပါတယ်။ ရွှေကျီးကန်းတွေဟာ အငြိမ်မနေဘဲ ဘေးဘီဝန်းကျင်ကို လျှောက်သွားကြတဲ့အတွက် မကြာခဏဆိုသလို တိတ်ဆိတ်ကျွန်းအထက်က ကောင်းကင်ပြင်ကို ရောက်လာတက်ကြပါတယ်။
အာတနဲ့ ရှောင်အာဟာ ဒီရွှေကျီးကန်းတွေကို မြင်တိုင်း သူတို့ မျက်နှာအမူအရာဟာ ရှုပ်ထွေးကုန်ပါတယ်။ သူတို့နှစ်ယောက်ဟာ နတ်ရွှေကျီးကန်း မိသားစုကနေ မောင်းထုတ်ခံခဲ့ရတာမို့ နတ်ရွှေကျီးကန်း မိသားစုအပေါ် ထားရှိတဲ့ သူတို့ရဲ့ ခံစားချက်တွေက ချည်ခင်ရှုပ်လို့ ရှုပ်ထွေးလှပါတယ်။
နှစ်အတန်ကြာတဲ့အခါမှာတော့ နတ်ရွှေကျီကန်း မိသားစုဟာ အရင်လို အပြင်မထွက်တော့ပါဘူး။
ဒီလိုနဲ့ နောက်ထပ် ၃၂ ကုန်ဆုံးသွားပါတယ်။
ဟန်ကျွယ်ရဲ့ ကျင့်ကြံမှုကလည်း ထပ်မံ တိုးတက်လာပါတယ်။ တိတ်ဆိတ်ကျွန်းနားက အကုသိုလ်ကံ ဝဲကတော့ဟာလည်း ပိုမိုလျင်မြန်လာပါတယ်။ ဒါပေမဲ့ ကံကောင်းထောက်မစွာပဲ ဘယ်သက်ရှိမှ တိတ်ဆိတ်ကျွန်းကို မချဉ်းကပ်ကြပါဘူး။
ပြဒါးငှက်မျိုးနွယ်စု၊ နတ်ရွှေကျီးကန်း မိသားစုနဲ့ ကျယ်ကျောင်းတော်ဟာ ဒီအတောအတွင်း တော်တော်လေး သင့်မြတ်နေကြပါတယ်။ ဘာပဲဖြစ်ဖြစ် သူတို့အကုန်လုံး ကပ်ဘေး လာရှောင်ကြတာ မဟုတ်ပါလား။
ဒီနေ့မှာတော့ ဟန်ကျွယ်ဟာ ကျင့်ကြံအားထုတ်နေရင်း စာစောင်တွေကို စစ်ဆေးလိုက်တဲ့အခါမှာ ထူးဆန်းတဲ့ စာတစ်ခုကို သွားတွေ့သွားပါတယ်။
[သင့်မိတ်ဆွေ သိလန်တျန်သည် နတ်ဆိုးဖြစ်ပြီး ကံတရား အထောက်အပံ့ ပြောင်းလဲသွား၏။]
‘နတ်ဆိုးဖြစ်သွားတယ်… ဘာဖြစ်တာလဲ’
ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ်။ သိလန်တျန်က သေမျိုးမဟုတ်ဘဲ နတ်ရွှေကျီးကန်း ဖြစ်သွားတဲ့အတွက် ဒီလိုရုတ်တရက်ကြီး နတ်ဆိုးဖြစ်သွားတာက တော်တော်လေး ထူးဆန်းနေပါတယ်။
‘မိစ္ဆာမျိုးနွယ်စုနဲ့မျိုး ပတ်သက်နေတာလား’
ဟန်ကျွယ်ဟာ ချက်ချင်းပဲ စနစ်ကို မေးလိုက်ပါတယ် “သိလန်တျန်က ဘယ်လိုဖြစ်ပြီး နတ်ဆိုး ဖြစ်သွားတာလဲ”
သိလန်တျန်က ကျို့ယိုငရဲမှာ ရှိနေတာကြောင့် ဟန်ကျွယ် သတိမထားလို့ မရပါဘူး။
[သက်တမ်း ၁ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
ဟန်ကျွယ်ဟာ ကောင်းကင်လျှို့ဝှက်ချက် တွက်ချက်မှု လုပ်ဆောင်ချက်ကို အသုံးမပြုတာ ကြာပြီဖြစ်တဲ့အတွက် သက်တမ်း ၁ ဘီလီယံကို နှမြောတသမဖြစ်ပါဘူး။
ချက်ချင်းဆိုသလိုပဲ ဟန်ကျွယ်ရဲ့ သိစိတ်ဟာ ပုံရိပ်ယောင်ထဲ ရောက်သွားပါတယ်။
ဒီနေရာက နက်မှောင်ပြီး လျှို့ဝှက်ဆန်းကြယ်တဲ့ နေရာတစ်ခုပါ။ သိလန်တျန်ဟာ ခြေသုံးချောင်း ရွှေကျီးကန်းအသွင် ပြောင်းလဲထားပြီး အင်မော်တယ်တောင်ထက်တောင် ကြီးမားလှပါတယ်။ ဒါ့အပြင် အမှောင်ခွင်းတဲ့ နေမင်းလိုပဲ ဒီနက်မှောင်တဲ့ နေရာမှာ တစ်ခုတည်းသော အလင်းရောင် ထုတ်လွှတ်သူပါ။
ဟန်ကျွယ်ဟာ သိလန်တျန်ရှေ့မှာရပ်ပြီး မော့ကြည့်လိုက်ပါတယ် ‘ဒီကောင် ဘာလုပ်နေတာလဲ’
ဟန်ကျွယ်ဟာ သိလန်တျန်ရဲ့ အကြည့်ကို သတိထားမိတာကြောင့် နောက်လှည့်ကြည့်လိုက်တဲ့အခါ အမှောင်ထုထဲကို မျက်လုံးတစ်စုံကို ရှာတွေ့သွားပါတယ်။ ဒီမျက်လုံးတွေက သိလန်တျန်ရဲ့ ခန္ဓာကိုယ်တောင် ကြီးမားနေပြီး အေးစက် ကြောက်မက်ဖွယ် ကောင်းလှပါတယ်။
အကြောင်းရင်းတချို့ကြောင့် ဟန်ကျွယ်ဟာ နာမည်တစ်ခုကို တွေးမိသွားပါတယ်။
‘မိစ္ဆာဘိုးဘေးလား’
ဟန်ကျွယ် ဒီဘော့စ်ကြီးကို အစောကြီးကတည်းက သိခဲ့တာပါ။ အရင် ထုန်ကျန့်ကမ္ဘာမှာတုန်းက မိစ္ဆာဘိုးဘေးရဲ့ အစီအစဉ်တချို့ကြောင့် ကောင်းကင်ရုံးတော်က ထုန်ကျန့်ကမ္ဘာမှာရှိတဲ့ သက်ရှိတွေကို သတ်ဖြတ်ဖို့ ဆင်းသက်လာခဲ့ပါသေးတယ်။ အဲဒီနောက်ပိုင်း မိစ္ဆာဘိုးဘေးနဲ့ မိစ္ဆာမျိုးနွယ်စုက ခြေငြိမ်သွားပြီး မလှုပ်ရှားတာ အခုအချိန်ထိပါပဲ။
သိလန်တျန်က ဖြည်းညင်းစွာ ပြောလိုက်ပါတယ် “ကျွန်တော်က ခင်ဗျားနဲ့ ပူးပေါင်းရမှာလား”
“ဟုတ်တယ်၊ မင်းက ဟောင်တျန်နဲ့ ပူးပေါင်းတာတောင် အကြီးအကျယ် ရှုံးနိမ့်ခဲ့သေးတာပဲ၊ မင်းက ရွမ်လိန့်ကျောင်းတော်ရဲ့ အကြီးဆုံးတပည့်ကိုတောင် အနိုင်မယူနိုင်ဘဲနဲ့ ဘယ်လိုလုပ်ပြီး ကပ်ဘေးမှာ အနိုင်ရမှာလဲ၊ ဘိုးဘေး ဧကရာဇ်ခေါင်းလောင်းက အစွမ်းထက်တယ်ဆိုပေမဲ့ မင်းရဲ့ ကျင့်ကြံမှုက မလုံလောက်တော့ သူ့အစွမ်းအကို အပြည့်အစုံ မထုတ်ဖော်နိုင်သေးဘူး”
သိလန်တျန်ဟာ တိတ်ဆိတ်သွားပါတယ်။
ကောင်းကင်ရုံးတော်နဲ့ တိုက်ပွဲမှာ နတ်ရွှေကျီးကန်း မိသားစုက အကြီးအကျယ် ဆုံးရှုံးခဲ့ရတာ အမှန်ပါပဲ။
အေးစက်တဲ့မျက်လုံးတွေက ထပ်ပြောပါတယ် “အနန္တကပ်ဘေးက နှစ်ထောင်ကျော်သွားပြီ၊ အင်မော်တယ်ကမ္ဘာရှိတဲ့ အကုသိုလ်ကံကလည်း ပမာဏတစ်ခုကို ရောက်နေပြီ၊ နောက်တစ်ဆင့်က ပြိုင်ဆိုင်ရမဲ့အချိန်ပဲ၊ သာမန်ကောင်းကင်ဘဝဂ်ကျင့်ကြံသူတွေက ဒီအဆင့်မှာ ဝင်ပြိုင်ဖို့ အရည်အချင်း မရှိဘး၊ ကောင်းကင်ရုံးတော်နောက်က ကျောက်စိမ်းဧကရာဇ် ကျိုးရန်လည်း ပေါ်လာလိမ့်မယ်၊ လူသားမျိုးနွယ်စု နောက်ကွယ်မှာရှိတဲ့ နွီဝါနန်းတော်လည်း လှုပ်ရှားလာလိမ့်မယ်၊ မင်းလည်း နောက်ခံကို ရွေးချယ်သင့်ပြီ၊ ငါက ကောင်းကင်တာအိုရဲ့ နှင်ထုတ်မှုကို ခံထားရတယ်ဆိုပေမဲ့ တာအိုဘိုးဘေးနဲ့ ယှဉ်ပြိုင်နိုင်တဲ့ တည်ရှိမှုပဲ”
သိလန်တျန်ဟာ မျက်လုံးတစ်စုံကို စိုက်ကြည့်ပြီး ခပ်တိုးတိုး မေးလိုက်ပါတယ် “ဒါဆို နတ်ရွှေကျီးကန်း မိသားစုက မိစ္ဆာမျိုးနွယ်စုရဲ့ ရုပ်သေးရုပ် ဖြစ်မလာဘူးလို့ ဘယ်လို ဘာမခံမှာလဲ”
‘တကယ်ကို မိစ္ဆာဘိုးဘေးပဲ’ ဟန်ကျွယ်ဟာ ထိတ်လန့်သွားပါတယ် ‘ဒီအတိုင်းဆို မိစ္ဆာမျိုးနွယ်စုကလည်း ကပ်ဘေးထဲ ဝင်တော့မယ်ပေါ့’
မိစ္ဆာဘိုးဘေးဟာ နှာခေါင်းရှုံ့လိုက်ပါတယ် “ကောင်းကင်တာအို အနန္တကပ်ဘေးကို ဒီလောက် နှစ်အများကြီး ကြုံတွေ့ပြီးတာတောင် နားမလည်သေးဘူးလား၊ ဘယ်မျိုးနွယ်စုမှ ကောင်းကင်တာအိုအောက်မှာ တစ်ဦး တစ်ယောက်တည်း လုံးဝ မအုပ်ချုပ်နိုင်ဘူး၊ ဒီထဲမှာ လူသားမျိုးနွယ်စုလည်း ပါတယ်၊ လူသားမျိုးနွယ်စုက ကောင်းကင်တာအိုရဲ့ ဇာတ်လိုက်ပုံ ပေါ်နေပေမဲ့ တကယ်တော့ တာအိုပညာရှိတွေရဲ့ ကျွန်ပဲ၊ တာအိုပညာရှိတွေက လူသားမျိုးနွယ်စုကနေ ယုံကြည်မှုအစွမ်းကို ရယူနေကြတာ၊ လူသားမျိုးနွယ်စုက အင်မော်တယ်တွေ မွေးထားတဲ့ တိရစ္ဆာန်ပဲ၊ ကောင်းကင်တာအို တကယ်လိုချင်တာက သက်ရှိအားလုံး သင့်မြတ်တာ၊ မိစ္ဆာမျိုးနွယ်စုနဲ့ နတ်ရွှေကျီးကန်း မိသားစုက အင်မော်တယ်ကမ္ဘာကို အတူတူ ထိန်းချုပ်ပြီး အဆုံးသတ် အပျက်အစီးကို နတ်ဘုံကို တိုက်ခိုက်နိုင်တယ်၊ အချင်းချင်း တိုက်ခိုက်ကြမဲ့အစား အမှောင်တားမြစ်နယ်မြေကို နယ်ချဲ့သင့်တယ်၊ ဒီလိုမှ ထာဝရတည်တံ့တဲ့ မဟာမိတ်တွေ ဖြစ်လာမှာ”
“မင်း သဘောတူမယ်ဆိုရင် ငါ့စွမ်းအားကို မင်းဆီငှားမယ်၊ ငါ့စွမ်းအားနဲ့ဆိုရင် မင်းက တာအိုပညာရှိအောက်မှာ ပြိုင်ဘက်ကင်းသွားပြီ”
သိလန်တျန်ရဲ့ မျက်နှာအမူအရာဟာ ပြောင်းလဲသွားပါတယ်။
မြင်ကွင်းတစ်ခုလုံးလည်း ကွဲကျေသွားပါတယ်။
ဟန်ကျွယ်ဟာ သတိပြန်ဝင်လာပြီးနောက် မျက်မှောင်ကြုတ်သွားပါတယ် ‘သိလန်တျန်က နတ်ဆိုးဖြစ်သွားပြီဆိုတော့ မိစ္ဆာဘိုးဘေးရဲ့ အဆိုပြုချက်ကို သဘောတူလိုက်တာပဲ၊ မိစ္ဆာဘိုးဘေးရဲ့ စကားအရဆိုရင် အနန္တကပ်ဘေးရဲ့ ထိပ်ဆုံးကို မကြာခင် ရောက်တော့မှာပဲ’
ဟန်ကျွယ်ဟာ ကောင်းကင်ရုံးတော်အတွက် ဆုပဲ တောင်းပေးနိုင်ပါတယ်။
ဟန်ကျွယ်ဟာ တစ်ခဏတွေးတောလိုက်ပြီးနောက် အမှောင်ထုရဲ့ အိပ်မက်ဆိုးကို အသုံးပြုကာ ကောင်းကင်ဧကရာဇ်ရဲ့ အိပ်မက်ဆီ သွားလည်ပါတယ်။ ဟန်ကျွယ်ဟာ အမှောင်သခင်ကြီးပုံရိပ်နဲ့ ကောင်းကင်ဧကရာဇ်ရဲ့ အိပ်မက်ထဲကို ဝင်လိုက်တာပါ။
အိပ်မက်တစ်ခုလုံးက တိမ်ပင်လယ်ဖြစ်ပြီး ဟန်ကျွယ်နဲ့ ကောင်းကင်ဧကရာဇ်ဟာ မျက်နှာချင်းဆိုင် ရပ်နေကြပါတယ်။
ကောင်းကင်ဧကရာဇ်ဟာ ခဏတာ မှင်သက်သွားပြီးနောက် ဟန်ကျွယ်ပေါ်ကို အကြည့်ရောက်သွားပါတယ်။ ကောင်းကင်ဧကရာဇ်ဟာ မျက်စိမှေးပြီး မေးလိုက်ပါတယ် “ခင်ဗျားက အမှောင်သခင်ကြီးလား”
ကောင်းကင်ဧကရာဇ်ဟာ အံအားသင့်ပုံ မပေါ်ပါဘူး။
ဟန်ကျွယ်ဟာ ကောင်းကင်ဧကရာဇ်ရဲ့ မေးခွန်းကို ငြင်းဆန်ခြင်းလည်းမပြု ဝန်ခံခြင်းလည်းမပြုဘဲ ပြန်ပြောလိုက်ပါတယ် “သိလန်တျန်က မိစ္ဆာဘိုးဘေးရဲ့ စွမ်းအားကို ရသွားပြီ”
ကောင်းကင်ဧကရာဇ်ဟာ မျက်မှောင်ကြုတ်သွားပြီး ကြောက်ရွံ့သွားပါတယ်။ ကောင်းကင်ဧကရာဇ်ဟာ သိလန်တျန်နဲ့ မိစ္ဆာဘိုးဘေးကို ကြောက်ရွံ့တာ မဟုတ်ပါဘူး။ အမှောင်သခင်ကြီးလို သူယူဆထားတဲ့ လျှို့ဝှက်ဆန်းကြယ် တည်ရှိမှုကိုပါ။
အမှောင်သခင်ကြီးက သူ့ကို အိပ်မက်ထဲ ဆွဲသွင်းနိုင်တဲ့အတွက် ဒီနည်းလမ်းက တကယ်ကို အထင်ကြီးလေးစားဖို့ ကောင်းလောက်ပါတယ်။ ဆန်းကြယ်စွမ်းအားက အလွန်တရာ သိမ်မွေ့ရင်မွေ့ မဟုတ်ရင် ကျင့်ကြံမှုက အလွန်တရာ မြင့်မားနေမှ ကာယကံရှင်ရဲ့ ခွင့်ပြုချက်မလိုဘဲ အိပ်မက်ထဲ ဆွဲသွင်းနိုင်မှာပါ။
ဘာအကြောင်းကြောင့်ဖြစ်ဖြစ် ကောင်းကင်ဧကရာဇ်ဟာ အမှောင်သခင်ကြီးကို သတိကြီးကြီးထားပြီး ဆက်ဆံဖို့ ဆုံးဖြတ်ုလိုက်ပါတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။
Chapter – 390
? Views, Released on December 6, 2024