အခန်း (၃၈၇) ကပ်ဘေးသခင်၏ အတွင်းနတ်ဆိုး
[သိလန်တျန်သည် သင့်အပေါ် မျက်နှာသာပေးမှု ရှိသွားပါပြီ။ လက်ရှိ မျက်နှာသာပေးမှု: ကြယ်သုံးပွင့်။]
ရုတ်တရက် ပေါ်လာတဲ့ အသိပေးချက်ကို ကြည့်ပြီး ဟန်ကျွယ်ဟာ ဝေခွဲမရ ဖြစ်သွားပါတယ်။ ဒါပေမဲ့ မျက်နှာသာပေးမှုမို့ ဘာကိစ္စမှ မရှိပါဘူး။ ဒီလိုမဟုတ်ဘဲ မုန်းတီးမှုဆိုရင်တော့ သိလန်တျန်ကို စားမဝင်အိပ်မပျော်အောင် လက်ဆောင်ပေးပစ်မှာပါ။
ဟန်ကျွယ်ဟာ ဆက်ပြီးတော့ ကျင့်ကြံအားထုတ်ပါတယ်။
ဘာလိုလိုနဲ့ မျက်တောင်တစ်ခတ်အတွင်း ၁၀ နှစ် ကုန်ဆုံးသွားပါတယ်။
ဟန်ကျွယ်ဟာ မတ်တတ်ရပ်လိုက်ပြီး ကျင့်ကြံခြင်းလိုဏ်ဂူ အပြင်ဘက်ထွက်ကာ တိတ်ဆိတ်ဂိုဏ်းသားတွေကို တာအိုဟောကြားဖို့ ပြင်ဆင်ပါတယ်။
ဖန်းလျန်နဲ့ စုချီတောင် လျှပ်စီးအလျင်လို ကျင့်ကြံအားထုတ်ပြီး အင်မော်တယ်ဧကရာဇ် ဖြစ်သွားတာကြောင့် ဟန်ကျွယ်ဟာ တိတ်ဆိတ်ကျွန်းမှာ ကျင့်ကြံတဲ့သူတွေကို ပစ်ထားလို့ မရပါဘူး။ မတော်လို့ စုချီနဲ့ တခြားသူတွေ ပြန်လာပြီး သူတို့ရဲ့ကျင့်ကြံမှုက တိတ်ဆိတ်ကျွန်းမှာ နေတဲ့သူတွေထက် သာနေရင် တိတ်ဆိတ်ကျွန်းမှာ ကြိုးကြိုးစားစား ကျင့်ကြံနေတဲ့တပည့်တွေကို တော်တော်လေး စိတ်ဓာတ်ကျသွားစေမှာပါ။ ဒါ့အပြင် ဟန်ကျွယ်ရဲ့ အယူအဆကိုလည်း တော်တော်လေး ထိခိုက်နိုင်ပါတယ်။ ဟန်ကျွယ်ဟာ ဒီလိုအဖြစ်မျိုး လုံးဝ အဖြစ်မခံနိုင်ပါဘူ’။
“အားလုံးပဲ တာအိုနားထောင်ဖို့ ပြင်ဆင်ကြတော့”
ဟန်ကျွယ်ရဲ့ အသံဟာ တိတ်ဆိတ်ကျွန်းတစ်ကျွန်းလုံးကို ပဲ့တင်ထပ်သွားပါတယ်။ ဟန်ကျွယ်ရဲ့ အသံကြောင့် တိတ်ဆိတ်ကျွန်းမှာ ပျံ့နှံ့တည်ရှိနေတဲ့ ရှကျဲ့မျိုးနွယ်စုဝင်တွေဟာ စိတ်လှုပ်ရှားသွားကြပါတယ်။
ရှကျဲ့မျိုးနွယ်စုဟာ ဟန်ကျွယ် တာအိုဟောကြားတာကို အမြဲတမ်း သိရနေကြတာပါ။ တာအို အသိဉာဏ်ပွင့်လင်းတဲ့ ခံစားချက်ဟာ ရှကျဲ့မျိုးနွယ်စုအတွက် လုံးဝ မေ့ပစ်လို့မရတဲ့ အရာတစ်ခုပါ။
လူတိုင်းဟာ ချက်ချင်းပဲ ထိုင်ချလိုက်ပါတယ်။ နတ်မိမယ်ရှီရွှမ်နဲ့ ချန်ယွီအာတောင် သူတို့ရဲ့ ကျင့်ကြံခြင်းလိုဏ်ဂူထဲကနေ ထွက်လာကြပါတယ်။
ဟန်ကျွယ်ဟာ တာအိုစတင် ဟောကြားပါတယ်။
ဟန်ကျွယ်ဟာ ချန်ယွီအာကို တစ်ချက် ကြည့်လိုက်ပါတယ်။ ချန်ယွီအာဟာ အမြဲတမ်း ဂူအောင်းကျင့်ကြံနေတာပါ။ ဒီနှစ်ရာချီမှာ ဟန်ကျွယ် တာအိုဟောကြားတဲ့အချိန်ကလွဲရင် ချန်ယွီအာဟာ အပြင်ထွက်လာလေ့မရှိပါဘူး။ ဒါကြောင့် ချန်ယွီအာ ဘာတွေလေ့လာနေလဲဆိုတာ ဟန်ကျွယ် မသိပါဘူး။
ဒါပေမဲ့ ချန်ယွီအာရဲ့ ကျင့်ကြံမှုက မဟာညီညွတ်မှု ကောင်းကင်အင်မော်တယ် ဖြစ်တဲ့အတွက် နောက်ကောက်မကျန်ရုံပဲ ရှိပါတယ်။
ဟန်ကျွယ်ဟာ တစ်ဒင်္ဂပဲ ကြည့်လိုက်တာပါ။ ချန်ယွီအာကို အသေးစိတ် အကဲခတ် လေ့လာဖို့ ဟန်ကျွယ်မှာ အချိန်မရှိပါဘူး။
ဟန်ကျွယ်ရဲ့ တာအိုဟောကြားမှာ စတင်ပြီး တစ်ခဏအကြာမှာပဲ လူတိုင်းဟာ တာအိုသိမြင်နားလည်တဲ့ အခြေအနေကို ဝင်ရောက်သွားပါတယ်။
ဒီတာအိုဟောကြားမှာဟာ ငါးနှစ်ကြာပါတယ်။
တာအိုဟောကြားမှု ပြီးဆုံးတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ ကျင့်ကြံခြင်းလိုဏ်ဂူထဲ ချက်ချင်း ဝင်လိုက်ပါတယ်။ တိတ်ဆိတ်ဂိုဏ်းတပည့်တွေနဲ့ ရှကျဲ့မျိုးနွယ်စု နိုးလာတာကို မစောင့်တော့ပါဘူး။
ဟန်ကျွယ်ဟာ ကမ္ဘာဖျက်ကြာနက်ပေါ်မှာ ထိုင်ပြီး ငေးမောသွားပါတယ်။ ဟန်ကျွယ်ရဲ့ မျက်လုံးတွေဟာ ကျင့်ကြံခြင်းလိုဏ်ဂူရဲ့ နံရံကို ထိုးဖောက်ပြီး လူတိုင်းရဲ့ အခြေအနေကို ရှင်းရှင်းလင်းလင်းကြီး မြင်နိုင်နေပါတယ်။ တချို့က ပျော်ရွှင်လွန်းလို့ မျက်ရည်ကျနေပြီး တချို့ကတော့ စိုးရိမ်တဲ့မျက်နှာတွေ ရှိနေကြပါတယ်။ တချို့ကျတော့ စိတ်မရှည်တဲ့ပုံရှိပြီး တချို့ကျပြန်တော့ မျက်နှာတစ်ခုလုံး မည်းမှောင်နေပါတယ်။ သူတို့အကုန်လုံးဟာ သူတို့အတွက် တာအိုကို သိမြင်နားလည်အောင် ကြိုးစာနေကြတာပါ။
ဟန်ကျွယ်ဟာ သက်ရှိပုံစံမျိုးစုံကို မြင်တွေ့လိုက်ရပါတယ်။
‘အမြင့်ရောက်သွားတဲ့ အင်မော်တယ်တွေက သေမျိုးကမ္ဘာကို ငုံ့ကြည့်လို့ သေမျိုးတွေရဲ့ ဒုက္ခကို မြင်တွေ့ရရင် သူတို့တွေ သေမျိုးတွေကို ကရုဏာသက်ကြမှာလား’
ဟန်ကျွယ်ရဲ့ အတွေးဟာ သေမျိုးကမ္ဘာမှာရှိတဲ့ ယွီဂျင်ဂိုဏ်း အပြင်စည်းက ဆေးဥယျာဉ်ဆီပြန်ရောက်သွားပါတယ်။ ဟန်ကျွယ်ဟာ အစေခံတွေနောက်လိုက်ပြီး ဆေးပင်တွေကို ပြုစုပါတယ်။
အဲဒီနောက် ဟန်ကျွယ်ဟာ အကြီးအကဲ သံမဏိကိုလည်း မြင်လိုက်ရပါတယ်။ အကြီးအကဲ သံမဏိရဲ့ မျက်နှာက အရင်လိုမျိုး အေးစက်နေတုန်းပါ။ ဟန်ကျွယ်ဟာ ဒီဘဝက သူ့မိဘတွေကိုလည်း မြင်လိုက်ရပါတယ်။ ဒါပေမဲ့ အကြောင်းရင်းတချို့ကြောင့် သူတို့မျက်နှာတွေဟာ ဝါးတားတား ဖြစ်နေပါတယ်။
ဟန်ကျွယ်မှာ နှစ်ဘဝစာ မှတ်ဉာဏ်တွေ ရှိပါတယ်။ ဟန်ကျွယ်ရဲ့ လက်ရှိအစွမ်းနဲ့ ဟန်ကျွယ်ရဲ့ မှတ်ဉာဏ်က သာမန်မှတ်ဉာဏ် မဟုတ်တာကြောင့် သူမြင်တွေ့ခဲ့သမျှ အရာအားလုံးကို ပြန်တွေး ပြန်မှတ်မိနိုင်ပါတယ်။ ဒါပေမဲ့ ဒီအထဲမှာ ဒီဘဝက သူ့မိဘတွေတော့ မပါပါဘူး။
ဟန်ကျွယ်ရဲ့ နက်ရှိုင်းတဲ့အတွင်းစိတ်က သူတို့ကို မိဘအဖြစ် အသိအမှတ် မပြုတာကြောင့် ဟန်ကျွယ် သူတို့ကို မမှတ်မိတာလည်း ဖြစ်နိုင်ပါတယ်။
အချိန်ဟာ လျင်မြန်စွာ ကုန်ဆုံးသွားပြီး ဒီဘဝမှာ ဟန်ကျွယ် တွေ့ခဲ့ရတဲ့ မျက်နှာတွေ အကုန်လုံး ပေါ်လာပါတယ်။ ဟန်ကွယ်ဟာ ဇာတ်ကား ထိုင်ကြည့်နေသလိုမျိုး အရာအားလုံးကို ထိုင်ကြည့်ပါတယ်။
တချို့က ပြုံးရယ်နေပြီး တချို့က ဒေါသထွက်ကာ တချို့ကျပြန်တော့ မနာလိုဝန်တိုတဲ့ မျက်လုံးတွေ ရှိနေကြပါတယ်။
ဘာပဲဖြစ် ဒါတွေ အကုန်လုံးက အတိတ်မှာ ကျန်ခဲ့ပါပြီ။
ဟန်ကျွယ်ဟာ စိတ်ထဲမှာ သက်ပြင်းချလိုက်ပြီး တဖြည်းဖြည်းနဲ့ ဟန်ကျွယ်ရဲ့ မျက်လုံးတွေဟာ လေးနက် ပြတ်သားလာပါတယ်။
‘ဒါက ငါလိုချင်တာ မဟုတ်ဘူးလား’
‘ငါက မပျက်စီးနိုင်သူ မသေဆုံးနိုင်သူ ဖြစ်ချင်တာမလား’
‘ငါက ကျင့်ကြံသူအားလုံးကို ဖိနှိပ်ပြီး အစွမ်းအထက်ဆုံး ဖြစ်ချင်တာမလား’
“ဒါက သေခြင်းရှင်ခြင်းပဲ၊ သေခြင်းရှင်ခြင်းက သက်ရှိအားလုံးကို ချည်နှောင်ထားတယ်၊ သက်ရှိအားလုံးက သေခြင်းရှင်ခြင်းကို ရင်ဆိုင်ရမှာပဲ” ဟန်ကျွယ်ဟာ သူ့ကိုယ်သူ ရေရွတ်လိုက်ပါတယ်။ တစ်ချိန်တည်းမှာပဲ ဟန်ကျွယ်ရဲ့ နတ်စွမ်းအားဟာ လှုံ့ဆော်ခံရပြီး ကျင့်ကြံမှုကလည်း စတင် တိုးတက်လာပါတယ်။
ဒါက တာအိုသိမြင်နားလည်ခြင်းရဲ့ အကျိုးကျေးဇူးပါ။
တစ်ခါတစ်ရံမှာ မိုးမြေ အဓိပ္ပာယ်စစ်နဲ့ မဟာတာအို အမှန်တရားကို ရုတ်တရက် သိမြင်နားလည်သွားတာက ကျင်ကြံမှုကို တိုးတက်စေနိုင်ပါတယ်။ ဟန်ကျွယ်ဟာ ဒီလို အဖြစ်အပျက်မျိုးကို စာစောင်တွေထဲမှာ တွေ့ရပေါင်း များပါပြီ။
ကံမကောင်းချင်တော ဒီကျင့်ကြံမှု တိုးတက်တာက သိပ်မကြာပါဘူး။ ဒါကြောင့် ဟန်ကျွယ်ဟာ မူလဆန်းကြယ် နတ်စွမ်းအား ငါးပါးကို ရောက်ဖို့ဆိုရင် ကျားကုတ်ကျားခဲ ကြိုးစားရအုန်းမှာပါ။
ဟန်ကျွယ်ဟာ စိတ်အခြေအနေကို ပြုပြင်လိုက်ပြီး ဆက်လက်ကျင့်ကြံပါတယ်။
ဆယ်နှစ်ကြာပြီးနောက်။
ဟန်ကျွယ်ဟာ ကျင့်ကြံအားထုတ်ရင်း စာအိတ်တွေကို စစ်ဆေးလိုက်ပါတယ်။
[သင့်တပည့် လုံဟောင်သည် သင့်မိတ်ဆွေ ရှန်စစ်သူကြီး၏ တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်။]
[သင့်မိတ်ဆွေ သိလန်တျန်သည် သင့်မိတ်ဆွေ လီတောက်ခုံး၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။]
[သင့်မိတ်ဆွေ ဟွမ်ဂျိဟောင်သည် နဂါးစစ်မျိုးနွယ်စု တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၁၀၈၂၇
[သင့်မိတ်ဆွေ ဂျိရှင်းရှန်သည် သင့်တပည့် လုံဟောင် တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။]
[သင့်မိတ်ဆွေ ကောင်းကင်ဧကရာဇ်သည် သင့်မိတ်ဆွေ သိလန်တျန် တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။]
[သင့်မိတ်ဆွေ သိလန်တျန်သည် သူ့ဝိညာဉ်ကို စတေးပြီး ရွှေကျီးကန်းဘိုးဘေးအား ဆင့်ခေါ်ခဲ့သည်။]
[သင့်မိတ်ဆွေ သိလန်တျန်သည် ကောင်းကင်တာအို အကောင်းစားရတနာ ဘိုးဘေး ဧကရာဇ်ခေါင်းလောင်းအား တီးခတ်လိုက်သောကြောင့် ကောင်းကင်ရုံးတော်၏ ကံတရား အထောက်အပံ့အား ထိခိုက်သွားစေသည်။]
[သင့်မိတ်ဆွေ ကျင်းတျန်ကုန်းသည် အကြိမ်များစွာ ကျိန်စာတိုက်ခံရပြီး ကံဆိုးသွား၏။]
[သင့်မိတ်ဆွေ ကျန်းတုကူးသည် လျှို့ဝှက်ဆန်းကြယ် ပုဂ္ဂိုလ်တစ်ပါး၏ တိုက်ခိုက်မှုကြောင့် အန္တရာယ် နယ်မြေတစ်ခု၌ ဖိနှိပ်ခံလိုက်ရ၏။]
‘နောက်ဆုံးတော့ လုံဟောင်က ကောင်းကင်ဧကရာဇ်နဲ့ တိုက်ခိုက်ပြီပဲ’ ဟန်ကျွယ်ဟာ သက်ပြင်းချလိုက်ပါတယ်။
အဖေနဲ့သား တိုက်ခိုက်တာက တကယ်ကို ဝမ်းနည်းစရာပါ။ နတ်ရွှေကျီးကန်း မိသားစုကလည်း နှစ်ပေါင်းများစွာ တည်ရှိလာတဲ့ ကောင်းကင်ရုံးတော်ကို ယှဉ်တိုက်နိုင်တဲ့အတွက် အထင်တော့သေးလို့ မရပါဘူး။ အထူးသဖြင့် သိလန်တျန်က အကောင်းစားရတနာကို အသုံးပြုပြီး ကောင်းကင်ရုံးတော်ရဲ့ ကံတရား အထောက်အပံ့ကိုတောင် ဒုက္ခပေးလိုက်ပါသေးတယ်။
ဟန်ကျွယ်ဟာ ကျန်းတုကူးရဲ့ အခြေအနေကို သတိထားမိလိုက်ပါတယ်။
‘နောက်ဆုံးတော့ ဒီကောင် ရှုံးသွားပြီပဲ… ဒါပေမဲ့ ကျန်းတုကူးလို လူမျိုးကိုတောင် အနိုင်ယူနိုင်တဲ့လူက ဘယ်လို တည်ရှိမှုမျိုးပါလိမ့်…’
ဒါပေမဲ့ ကျိန်းသေတာ တစ်ခုကတော့ တာအိုပညာရှိ မဟုတ်ပါဘူး။ တာအိုပညာရှိဆိုရင် ဟန်ကျွယ်ရဲ့ စာစောင်ထဲမှာ တာအိုပညာရှိဆိုပြီး ပါလာမှာပါ။ ဒါကို ကြည့်ခြင်းအားဖြင့် တာအိုပညာရှိအောက်မှာ ကျန်းတုကူးက အစွမ်းအထက်ဆုံး မဟုတ်ဘူးဆိုတာကို သိနိုင်ပါတယ်။
ဟန်ကျွယ်ဟာ စာစောင်တွေ ဆက်ဖတ်လေ သွေးဆူလေပါပဲ။
‘ဒါက အနန္တကပ်ဘေးလား… တော်တော် စိတ်လှုပ်ရှားဖို့ ကောင်းတာပဲ၊ တိုက်ရိုက်ကြည့်လိုရရင် သိပ်ကောင်းမှာပဲ’
ဟန်ကျွယ်ဟာ တွေးရုံသာ တွေးလိုက်တာပါ။ အပြင်ထွက်ဖို့ စိတ်ကူး လုံးဝ မရှိပါဘူး။ ဒီအနန္တကပ်ဘေးက ဟန်ကျွယ် အုပ်ချုပ်နိုင်မဲ့ခေတ် မဟုတ်တဲ့အတွက် ကိုယ်ပျောက်လူသားလိုပဲ တစ်ချိန်လုံး ပျောက်ကွယ်နေမှာပါ။
ရက်အနည်းငယ် အနားယူပြီးနောက် ဟန်ကျွယ်ဟာ ဆက်ပြီးတော့ ကျင့်ကြံ အားထုတ်ပါတယ်။
တာအိုဟောကြားမှု ပြီးဆုံးကတည်းက တိတ်ဆိတ်ဂိုဏ်းဟာ တစ်ဖန် ပြန်ပြီးတော့ ဂူအောင်း ကျင့်ကြံလာကြပါတယ်။ ဒီလိုဖြစ်ရတဲ့ အဓိက အကြောင်းရင်းကတော့ လီယောင်ဟာ ဧကရာဇ်အဆင့်ကို တက်လှမ်းဖို့ ပြင်ဆင်နေလို့ပါပဲ။
လီယောင်ဟာ နှောင့်ယှက်မခံချင်တဲ့အတွက် လူသူမရှိတဲ့ တောင်တစ်တောင်မှာ တစ်ဦးတည်း သွားနေထိုင်ပါတယ်။
လီယောင်က နောက်မှာ ရောက်လာတဲ့သူ ဖြစ်တဲ့အတွက် မုရုံချီ၊ ရွှင်ချန်အန်း၊ ငရဲကြက်နက်နဲ့ တခြားလူတွေဟာ လီယောင်နောက် မရောက်ချင်ပါဘူး။
ကျန်းယီတောင် လီယောင်ကြောင့် ဂူအောင်းကျင့်ကြံတာကို ပိုအာရုံစိုက်လာပါတယ်။
ဒီနှစ်တွေမှာ ဟန်ရှစ်ရဲ့ ကျင့်ကြံမှုကလည်း ထိုးတက်လာပါတယ်။ တာအိုဟောကြားမှုကို နားထောင်ပြီးကတည်းက ဟန်ရှစ်ဟာ အသိဉာဏ်လင်းလက်ပုံ ရသွားပြီး ချူရှီရန် သက်ပြင်းချရတဲ့အထိ ကျင့်ကြံမှုအဆင့်က တဟုန်ထိုး တက်လာပါတယ်။
မျက်တောင်တစ်ခတ်အတွင်း နောက်ထပ် ဆယ်နှစ်ကုန်ဆုံးသွားပါတယ်။
သွမ့်ဟုန်ချန်ဟာ ရုတ်တရက်ဆိုသလို ဟန်ကျွယ်ဆီ အလည် ရောက်လာပါတယ်။
ဟန်ကျွယ်ဟာ တစ်စုံတစ်ခုကို တွေးမိပြီး သွမ့်ဟုန်ချန်ကို ကျင့်ကြံခြင်းလိုဏ်ဂူထဲ ဝင်ခွင့် ပြုလိုက်ပါတယ်။
[သွမ့်ဟုန်ချန်: အင်မော်တယ်ဧကရာဇ် တတိယအဆင့်။ ကပ်ဘေးသခင်အဖြစ် မွေးဖွားလာသူဖြစ်ပြီး ရှေးဟောင်းနတ်ဘုရား ပြန်လည်ဝင်စားသူ ဖြစ်သည်။ သွမ့်ဟုန်ချန်သည် အနန္တကပ်ဘေး၌ ပါဝင်ခဲ့ပြီး သေဆုံးခဲ့၏။ သူ့လက်ကျန်ဝိညာဉ်သည် ငရဲပြည်ထဲ၌ အကုသိုလ်ကံနှင့်အတူ ဖိနှိပ်ခံရပြီး နှစ်ပေါင်းများစွာ ဆင့်ကဲပြောင်းလဲမှုကြောင့် သူ့ခန္ဓာကိုယ်သည် အကုသိုလ်ကံမှ မွေးဖွားလာခဲ့သည်။ ထို့ကြောင့် သူ့လက်ကျန်ဝိညာဉ်သည် အသိဉာဏ်ပွင့်လင်းလာပြီး စွမ်းအားကြီးမားလာရန်အတွက် အကုသိုလ်ကံအား စုပ်ယူနိုင်သည်။ သို့သော် သွမ့်ဟုန်ချန်သည် အကုသိုလ်ကံအား မချေဖျက်နိုင်ပေ။ လက်ရှိ မျက်နှာသာပေးမှု: ကြယ်ငါးပွင့်။]
တိတ်ဆိတ်ကျွန်းကို ရောက်လာပြီးနောက် သွမ့်ဟုန်ချန်ရဲ့ ကျင့်ကြံမှုက အဆင့်လေးနှစ်ဆင့် တက်လာပါတယ်။ ဒီကျင့်ကြံမှုအလျင်က တခြားသူတွေနဲ့ယှဉ်ရင် မြန်တယ်လို့ဆိုပေမဲ့ သွမ့်ဟုန်ချန်ဟာ ဒီရလဒ်ကို ကျေနပ်ပုံ မပေါ်ပါဘူး။ ဘာပဲဖြစ်ဖြစ် သူက ကပ်ဘေးသခင်ပဲ မဟုတ်ပါလား။
သွမ့်ဟုန်ချန်ဟာ ဟန်ကျွယ်ရှေ့မှာ ဒူးထောက်ပြီး အံကြိတ်ကာ ပြောလိုက်ပါတယ် “ဂိုဏ်းချုပ်… ကျွန်တော် ကပ်ဘေးထဲ ဝင်ချင်တယ်၊ ဒီအတောအတွင်း ကျွန်တော်ကျင့်ကြံမှုမှာ အတွင်းနတ်ဆိုးတွေ ပေါ်လာတယ်၊ ဒါ ကောင်းကင်တာအိုရဲ့ လက်ချက်ဆိုတာ သေချာတယ်၊ ကျွန်တော် ကပ်ဘေးထဲ မဝင်ရင် ကျွန်တော် တာအိုနှလုံးသားကို တည်မြဲအောင်လုပ်ဖို့ မလွယ်လောက်ဘူး”
“ကျွန်တော် ကျိန်ဆိုပါတယ်… ကျွန်တော် အသက်ရှင်နေသမျှ ကာလပတ်လုံဂ တိတ်ဆိတ်ဂိုဏ်းရဲ့ တပည့်ပါ၊ ကျွန်တော် တိတ်ဆိတ်ဂိုဏ်းနဲ့ ပတ်သက်တာ မှန်သမျှကို ဘယ်တော့မှ ထုတ်မပြောသလို တိတ်ဆိတ်ဂိုဏ်းကိုလည်း လုံးဝ ဒုက္ခ မပေးပါဘူး”
ဒီစကားတွေကို ပြောဖို့အတွက် သွမ့်ဟုန်ချန်ဟာ သူ့သတ္တိတွေကို တော်တော်လေး စုစည်းထားရတာပါ။ ဘာဖြစ်လို့လဲဆိုတော့ သုံ့ပန်းမှာ တောင်းဆိုဖို့ အခွင့်အရေး မရှိလို့ပါပဲ။
ဟန်ကျွယ်ဟာ သွမ့်ဟုန်ချန်ကို စိုက်ကြည့်ပြီး ချက်ချင်း အဖြေ ပြန်မပေးတာကြောင့် ကျင့်ကြံခြင်းလိုဏ်ဂူတစ်ဂူလည်း အပ်ကျသံ ကြားရလောက်တဲ့အထိ တိတ်ဆိတ်သွားပါတယ်။
တိတ်ဆိတ်လေလေ သွမ့်ဟုန်ချန်ဟာ ထိတ်လန့်လေလေပါပဲ ‘ဂိုဏ်းချုပ်က ဒေါသထွက်သွားတာလား’ သွမ့်ဟုန်ချန်ဟာ အံကြိတ်ထားပေမဲ့ ဟန်ကျွယ်ကို မကြည့်ရဲပါဘူး။ သွမ့်ဟုန်ချန်ဟာ ဟန်ကျွယ်ကို ကြောက်ပေမဲ့ ဒီအတိုင်းဆက်သွားရင် အတွင်းနတ်ဆိုးလက်ချက်နဲ့ သေဖို့များတာကြောင့် ဒီလိုအရဲစွန့်ပြီး တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။
“ငါ သိတယ်… သွားပါ”
ဟန်ကျွယ်ရဲ့ အသံကို ကြားလိုက်ရတဲ့ သွမ့်ဟုန်ချန်ဟာ ကြက်သေသေသွားပြီး နားကြားမှားတယ်လို့တောင် ထင်လိုက်ပါတယ်။
သွမ့်ဟုန်ချန် မော့ကြည့်လိုက်တဲ့အခါမှာ ဟန်ကျွယ်က တခြားလူတစ်ယောက်လိုမျိုး ပြုံးနေတာကို တွေ့လိုက်ရပါတယ်။
[သွမ့်ဟုန်ချန်သည် သင့်အပေါ် မျက်နှာသာပေးမှု တိုးသွားပါပြီ။ လက်ရှိ မျက်နှာသာပေးမှု: ကြယ်ခြောက်ပွင့်။]
မြန်မာပြည် ငြိမ်းချမ်းပါစေ။
Chapter – 387
? Views, Released on December 6, 2024