Switch Mode

Chapter – 386

အခန်း (၃၈၆) ဘိုးဘေး ဧကရာဇ်ခေါင်းလောင်း၊ ကောင်းကင်ရုံးတော်၏ ပြိုင်ဘက်ကင်း ပါရမီရှင်
‘စုချီနဲ့ ဂျိရှင်းရှန်တောင် အင်မော်တယ်ဧကရာဇ်တွေ ဖြစ်လာကြပါပြီလား… ဟင်း…’ မကြာသေးခင်တုန်းက အင်မော်တယ်ဧကရာဇ်အဆင့်ဆိုတာ ဟန်ကျွယ်နဲ့ တော်တော်လေး အလှမ်းဝေးနေခဲ့ပါတယ်။ အခုတော့ သူ့တပည့်တောင် အင်မော်တယ်ဧကရာဇ် ဖြစ်လာပါပြီ။
‘အချိန်ကုန်တာ အရမ်းမြန်တာပဲ’
စာအိတ်တွေထဲမှာ ဟန်ကျွယ်ရဲ့ အာရုံကို ဆွဲဆောင်နိုင်တဲ့ စာ‌စောင်တွေ သိပ်မရှိပါဘူး။ ဟန်ကျွယ် စိတ်အဝင်စားဆုံး ကိစ္စကတော့ လီတောက်ခုံးနဲ့ ကျန်းတုကူး တိုက်ခိုက်တာပါ။
တာအိုပညာရှိအတု ကျန်းတုကူးရဲ့ တိုက်ခိုက်မှုကို ခံရတာတောင် လီတောက်ခုံးက ဒဏ်ရာပြင်းပြင်း မရပါဘူး။ ကြည့်ရတာ ရွမ်လိန့်ကျောင်းတော်သား အချင်းချင်း လက်ရည်စမ်းနေကြပုံပါပဲ။
‘လီတောက်ခုံးက ငါ့ကို တပည့်အဖြစ် ဒီလောက်လက်ခံချင်နေတာကိုး ငါက သူ ဒဏ်ရာရာဖို့ မျှော်လင့်နေပါ့လား..’ ဟန်ကျွယ်ဟာ သူ့အတွေးက မဟုတ်သေးဘူးလို့ ခံစားလိုက်ရပါတယ်။
လက်တလောမှာ အင်မော်တယ်ကမ္ဘာတစ်ခုလုံး အင်အားစုမျိုးစုံ လူမျိုးစုံ ဖြစ်နေပြီး တစ်စုနဲ့တစ်စု တစ်ယောက်နဲ့ တစ်ယောက် ဆက်စပ်နေတာကြောင့် ဘယ်သူက နောက်ဆုံးမှာ ရယ်နိုင်မလဲဆိုတာ ခန့်မှန်းဖို့ ခက်ပါတယ်။
စာစောင်တွေ ဖတ်ပြီးနောက် ဟန်ကျွယ်ဟာ ဘူးသီးညီနောင်ရှစ်ဖော်ကို ခေါ်ယူလိုက်ပါတယ်။
ဟန်တစ်ကနေ ဟန်ခုနစ်ထိက မြေအင်မော်တယ် ဘူးသီးစိတ်ဝိညဉ်တွေ ဖြစ်ပြီး ဟန်ရှစ်ကတော့ ပဋိပက္ခ ဘူးသီးစိတ်ဝိညာဉ်ပါ။ ဟန်ညီနောင်ရှစ်ဖော်ဟာ တိတ်ဆိတ်ကျွန်းမှာ ဂူအောင်းကျင့်ကြံတာ ကြာပြီဆိုပေမဲ့ ကျင့်ကြံချိန် နည်းလွန်းတာကြောင့် တိတ်ဆိတ်ဂိုဏ်းရဲ့ နှစ်တစ်ရာပြိုင်ပွဲမှာ ထိပ်ဆုံးဆယ်နေရာစာရင်း မဝင်ပါဘူး။ ဒီအထဲမှာ ဟန်ရှစ်လည်း ပါပါတယ်။
ဟန်ကျွယ်ဟာ ဘူးသီးညီနောင်ရှစ်ဖောက်ကို လမ်းညွှန်သင်ကြားပေးဖို့ ဆုံးဖြတ်ထားပါတယ်။ ဘူးသီးညီနောင်ရှစ်ဖော်ရဲ့ မျိုးရိုးနာမည်က ဟန် ဖြစ်တဲ့အတွက် ဟန်ကျွယ်ရဲ့ သားတွေလည်း ပြောမယ်ဆိုရင် မှားမယ်မထင်ပါဘူး။
ဟန်ညီနောင်ရှစ်ဖော်ဟာ ရင်တဒိတ်ဒိတ် ခုန်နေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဟန်ကျွယ်က သူတို့ကို မတွေ့တာ အတော်ကြာပြီမို့လို့ပါ။
“ဘယ်လို ဆန်းကြယ်စွမ်းအားမျိုးကို မင်းတို့ သင်ချင်လဲ” ဟန်ကျွယ်က မေးလိုက်ပါတယ်။
အခုအချိန် ဟန်ကျွယ်ဆီမှာ ဆန်းကြယ်စွမ်းအား ဒါဇင်ကျော်နဲ့ မန္တန်များစွာ ရှိပါတယ်။ ဒါကလည်း ဟန်ကျွယ်ကပျင်းပြီး မတီထွင်လို့ပါ။ မဟုတ်ရင် ဒီထက်များမှာပါ။ ဒါပေမဲ့ ဒီနည်းနည်းလေးကလည်း တိတ်ဆိတ်ဂိုဏ်းသားတွေကို သင်ပေးဖို့ လုံလောက်ပါတယ်။
ဟန်ရှစ်က အရင်ဆုံး စပြောပါတယ် “ကျွန်တော် အစွမ်းအထက်ဆုံး ဆန်းကြယ်စွမ်းအားကို သင်ချင်တယ်” စကားပြောပြီးပြီးချင်း ဟန်တစ်ရဲ့ ဝါးစားမတက် အကြည့်‌ကြောင့် ဟန်ရှစ်ဟာ လန့်ဖျပ်သွားပြီး အမြန်ခေါင်းငုံ့လိုက်ပါတယ်။
တခြားညီအစ်ကိုတွေကလည်း ဟန်ကျွယ် ‌ဒေါသထွက်မှာကို စိုးရိမ်ကြောင့်ကြလာပါတယ်။
ဟန်ကျွယ်ဟာ အပြင်ပန်းမှာ မျက်နှာသေဆိုပေမဲ့ စိတ်ထဲမှာတော့ ကြိတ်ရယ်လိုက်ပါတယ် ‘ကြည့်ရတာ တိတ်ဆိတ်ဂိုဏ်းရဲ့ နှစ်တစ်ရာပြိုင်ပွဲက သူတို့ကို ဖိအာနည်းနည်း ပေးနေပုံပဲ၊ ဒါကလည်း ကောင်းပါတယ်လေ၊ မဟုတ်ရင် သူတို့မှာ ကျင့်ကြံလိုစိတ်တွေ ပျောက်ဆုံးကုန်မှာ..’
ဟန်ကျွယ်ဟာ တစ်ခဏတွေးပြီး ပြောလိုက်ပါတယ် “ဒါဆိုရင် ငါ မင်းတို့ကို ဒြပ်စင်ငါးပါး နတ်ရောင်ခြည် ဆန်းကြယ်စွမ်းအား သင်ပေးမယ်၊ ဒီဆန်းကြယ်စွမ်းအားကို အဆုံးစွန်ထိ လေ့ကျင့်နိုင်ရင် မလုပ်နိုင်တာ ဘာမှမရှိဘူး၊ ပညာရပ်အားလုံး အစွမ်းအားလုံးကို ချိုးဖျက်နိုင်တယ်၊ မင်း ဒီဆန်းကြယ်စွမ်းအားကို ဒီထက်မြင့်မားတဲ့ အမြင့်ကို ဆောင်ယူနိုင်လိမ့်မယ်လို့ ငါ မျှော်လင့်တယ်”
ဟန်ညီနောင်ရှစ်ဖော်ဟာ ဟန်ကျွယ်စကားကြောင့် စိတ်လှုပ်ရှားသွားကြပြီး ဟန်ကျွယ်ကို ချက်ချင်းရှိခိုးကာ ကျေးဇူးတင်စကား ဆိုကြပါတယ်။
နှစ်ဝက်ကြာတဲ့အခါမှာတော့ ကျင့်ကြံခြင်းလိုဏ်ဂူထဲက ထွက်လာတဲ့ ဟန်ညီနောင်ရှစ်ဖော်ဟာ တခြားလူတွေ ဝန်းရံတာကို ခံလိုက်ရပါတယ်။ တိတ်ဆိတ်ဂိုဏ်းက တခြားလူတွေဟာ ဟန်ညီနောင်ရှစ်ဖော် ဘာသင်လာလဲဆိုတာ စိတ်ဝင်စားနေကြပါတယ်။
ဒါပေမဲ့ ဟန်ညီနောင်ရှစ်ဖော်ဟာ လီယောင်လို ဘာမှမပြောဘဲ နောင်ပြိုင်ပွဲကျမှ သိလိမ့်မယ်လို့ပဲ အဖြေပြန်ပေးကြပါတယ်။ ဟန်ရှစ်ကလွဲရင် ကျန်တဲ့ဟန်ညီအစ်ကို ခုနစ်ယောက်လုံးဟာ ဘဝင်ခိုက်နေကြတာပါ။
ငရဲကြက်နက်က ဒေါသတကြီး‌ အော်ပြောလိုက်ပါတယ် “ငါ့အလှည့်က ဘယ်‌တော့မှ ရောက်မှာလဲ၊ ငါက သခင့်စကားကို နားအထောင်ဆုံးပဲ”
ဒါကိုကြားတဲ့ ရွှင်ချန်အန်းဟာ မခံနိုင်ဘဲ ပြန်အော်ပြောပါတယ် “ပြီးခဲ့တဲ့ ပြဒါးငှက်က ဆုမဟုတ်ဘူးလား”
ကောင်းကင်နဲ့ညီမျှတဲ့ တန်ခိုးရှင် ပြန်ဝင်စားတဲ့ ကျိုးမင်းယွဲ့နဲ့ ခရမ်းရောင်ကြယ်ဧကရာဇ် ပြန်ဝင်စားတဲ့ လွီဟွာရွှီတို့က ရွှင်ချန်အန်းစကားကို ခေါင်းညိတ်ပြီး ထောက်ခံကြပါတယ်။ တပည့်တွေအထဲမှာ သူတို့နှစ်ယောက်ပဲ ဟန်ကျွယ်ဆီက ဘာမှမရသေးတာပါ။ ဒါပေမဲ့ သူတို့ရဲ့ဝါစဉ်က ငယ်လွန်းတဲ့အတွက် ဟန်ကျွယ်ကို သွားမရှာရဲကြပါဘူး။
ဖူစန်းသစ်ပင်အောက်က ပဋိပက္ခ ကောင်းကင်ခွေးဟာ အမြီးနန့်ပြီး ပျင်းရိစွာ ပြောလိုက်ပါတယ် “သခင်က မျိုးဆက်အတိုင်း ပေးမှာပေါ့၊ နောက်ပြီး အဲဒီဘူးသီးညီနောင်ရှစ်ဖော်ရဲ့ မျိုးရိုးနာမည်က ဟန်၊ မင်းတို့ မျိုးရိုးနာမည်က ဟန် ဟုတ်လို့လား”
ကျိုးမင်ယွဲ့ ချက်ချင်း ကျယ်လောင်စွာ ပြောလိုက်ပါတယ် “အခုအချိန်ကစပြီး ကျွန်တော့်နာမည်က ဟန်မင်ယွဲ့ပဲ”
လွီဟွာရွှီကတော့ ကျိုးမင်ယွဲ့လောက် အရှက်မရှိတဲ့လူ မဟုတ်တဲ့အတွက် ဘာမှမပြောနိုင်ပါဘူး။
ထူလင်းအာက နှုတ်ခမ်းတွန့်လိုက်ပါတယ် “ငါ့အလှည့်လည်း မကြာခင်‌ ရောက်လာတော့မှာ”
ရွှေကျီးကန်း အာတဟာ ဆက်ပြီးတော့ သည်းမခံနိုင်တော့ဘဲ ပြောလိုက်ပါတယ် “ဘာဖြစ်လို့ မင်းအလှည့် ဖြစ်ရမှာလဲ၊ မင်း ကျင့်ကြံခြင်းလိုဏ်ဂူထဲဝင်တာ ဘယ်နှခါ ရှိနေပြီလဲ”
တိတ်ဆိတ်ဂိုဏ်းသားတွေဟာ တစ်ယောက်နဲ့ တစ်ယောက် အချေအတင် ပြောကြပါတော့တယ်။ အများစုကတော့ အနိုင်ရလိုတဲ့အတွက် လျှောက်ပြောတာပါ။ တကယ်တော့ အဲဒီလောက်ကြီး မနာလို မဖြစ်ကြပါဘူး။ ဘာပဲဖြစ်ဖြစ် သူတို့အားလုံးက ဟန်ကျွယ်ရဲ့ ကာကွယ်မှုအောက်မှာ ရှိနေကြတာ မဟုတ်ပါလား။
သွမ့်ဟုန်ချန်ကတော့ ထောင့်တစ်နေရာမှာထိုင်ပြီး မျက်မှောင်ကြုတ်နေပါတယ်။ သူ ဘာတွေးနေလဲဆိုတာ သူကိုယ်တိုင်ပဲ သိပါလိမ့်မယ်။
…..
ကြက်သွေးရောင် ခန်းမထဲမှာ လူသားအသွင် ပြောင်းလဲထားတဲ့ သိလန်တျန်ဟာ ဧကရာဇ်ပလ္လင်ပေါ်မှာ ထိုင်နေပါတယ်။ လုံဟောင်ဟာ နဂါးစစ်မျိုးနွယ်စုက စွမ်းအားကြီးပုဂ္ဂိုလ် ခုနစ်ပါးကို ခေါ်ဆောင်ပြီး ခန်းမထဲ ဝင်လာပါတယ်။ ခန်းမရဲ့ ဘေးနှစ်ဖက်မှာတော့ နတ်ရွှေကျီးကန်း မိသားစုရဲ့ အကြီးအကဲတွေ ရှိနေကြပါတယ်။ ပလ္လင်ပေါ်က သိလန်တျန်ဟာ လုံဟောင်ကို ဟိတ်ဟန်ပါပါ စိုက်ကြည့်ပြီး အနည်းငယ် အံဩသွားဟန် ရှိပါတယ်။
လုံဟောင် လက်သီးဆုပ်ပြီး အပြုံးနဲ့ ပြောလိုက်ပါတယ် “ကျုပ်က နဂါးရုံးတော်ရဲ့ နဂါးဧကရာဇ်ပဲ၊ နတ်ရွှေကျီးကန်းမိသားစုရဲ့ ခေါင်းဆောင်ကို ဂါရဝပြုပါတယ်”
သိလန်တျန်ဟာ လုံဟောင်နောက်က လူခုနစ်ယောက်ကို တစ်ချက်ကြည့်ပြီး သာမန်ကာလျှံကာ ပြောလိုက်ပါတယ် “မင်းက နဂါးစစ်မျိုးနွယ်စုရဲ့ ကူညီမှုကို ရထားပြီးပြီပဲ၊ ဘာလို့ ငါ့ကို လာရှာတာလဲ၊ ဘာလဲ… မင်းက ငါနဲ့ ပူးပေါင်းချင်သေးတာလား”
နတ်ရွှေကျီးကန်း မိသားစုနဲ့ နဂါးစစ်မျိုးနွယ်စုက ဆက်ဆံရေး သိပ်မကောင်းပါဘူး။ ရွှေကျီးကန်းတွေက နဂါးတွေကို စားသောက်ပြီး ကြီးပြင်လာတာ ဖြစ်တဲ့အတွက် နဂါးစစ်မျိုးနွယ်စုနဲ့ တည့်စရာအကြောင်းက လုံးဝကို မရှိတာပါ။ မကြာခဏဆိုသလိုလည်း အပြင်းအထန် တိုက်ခိုက်ကြတဲ့အတွက် ကမ္ဘာမကျေရန်သူတွေလို့ ပြောရင် မှားမယ် မထင်ပါဘူး။
လုံဟောင်ဟာ သိလန်တျန်ကို စိုက်ကြည့်ပြီး ပြောလိုက်ပါတယ် “အင်မော်တယ်ကမ္ဘာက ကောင်းကင်တာအိုရဲ့ အဓိကကျားခုံပဲ၊ ခင်ဗျားနဲ့ ကျုပ်က နယ်ရုပ်တွေပဲ၊ ဒါပေမဲ့ ကျုပ်တို့တွေ ပူးပေါင်းမယ်ဆိုရင် ကျားကစားသူ ဖြစ်လာနိုင်တယ်၊ ကျုပ် ကြားတာ‌တော့ နတ်ရွှေကျီးကန်း မိသားစုက ဘိုးဘေးဧကရာဇ်ရဲ့ ခေါင်းလောင်းကို နိုးထားတယ်ဆို၊ ခင်ဗျားတို့လည်း နယ်ရုပ်မဖြစ်ချင်ဘူး ဟုတ်တယ်မလား…”
သိလန်တျန်က အထင်အမြင်သေးစွာ ပြောလိုက်ပါတယ် “မင်းက ဘိုးဘေးဧကရာဇ်ခေါင်းလောင်း အကြောင်းကို သိနေမှတော့ ငါ့ဆီကို ဘယ်လိုလုပ်ပြီး လာရဲတာလဲ”
သိလန်တျန်ဟာ ညာလက်မြှောက်ပြီး အသာဝှေ့ယမ်းလိုက်တဲ့အခါ ခမ်းနားထည်ဝါပြီး ကြောက်မက်ဖွယ် ကောင်းလှတဲ့ ဘိုးဘေးဧကရာဇ်ခေါင်းလောင်းဟာ ကောင်းကင်မှာ ရုတ်တရက် ပေါ်လာပါတယ်။ ဘိုးဘေးဧကရာဇ် ခေါင်းလောင်းဟာ မဟာတောင်ကြီး လေပေါ်မှာ ပေါလောမျောနေဟန်ရှိပြီး အချိန်မရွေး ပြုတ်ကျလာနိုင်ပုံ ရှိနေပါတယ်။
လုံဟောင်ဟာ သူ့ခေါင်းထက်က ဘိုးဘေးဧကရာဇ် ခေါင်းလောင်းကို မမြင်ဟန်နဲ့ ပြောလိုက်ပါတယ် “ဘိုးဘေးဧကရာဇ် ခေါင်းလောင်းက တာအိုပညာရှိကို ဖိနှိပ်နိုင်လို့လား”
ချက်ချင်းဆိုသလိုပဲ သိလန်တျန်ရဲ့ မျက်နှာတစ်ခုလုံး မည်းမှောင်သွားပါတယ်။
“ကျုပ်က ကောင်းကင်ရုံးတော်ကို တော်လှန်ပြီး ကောင်းကင်ဧကရာဇ် ဖြစ်ချင်တာ၊ ခင်ဗျားနဲ့အတူ ကောင်းကင်ရုံးတော်ရဲ့ ဧကရာဇ်နှစ်ပါးထဲက တစ်ပါးဖြစ်ဖို့ ကျုပ်မှာ ဆန္ဒရှိတယ်၊ ကောင်းကင်ရုံးတော်ရဲ့ အစွန်းရောက်ဧကရာဇ်လေးပါးလိုမျိုးပေါ့၊ ခင်ဗျားက ကောင်းကင်ကို ထိန်းချုပ် ကျုပ်က မြေကြီးကို ထိန်းချုပ်မယ်၊ ဘယ်လိုသဘောရလဲ” လုံဟောင်ဟာ ပြင်းပြတဲ့အကြည့်နဲ့ ပြောလိုက်ပါတယ်။
သိလန်တျန်က မေးလိုက်ပါတယ် “ကောင်းကင်ဧကရာဇ်က ပလ္လင်နေရာကို မင်းဆီ မလွှဲပြောင်းပေးလို့လား၊ မင်းက သူ့ရဲ့ အစွမ်းအထက်ဆုံး သားတော်ဖြစ်နေပြီပဲဟာကိုး”
“သူက ကျုပ်ကို ကြိုက်တာက သက်သက်၊ ကောင်းကင်ဧကရာဇ်နေရာကို လွှဲပြောင်းပေးတာက သက်သက်၊ သူက တာအိုပညာရှိစကားဆို မြေဝယ်မကျ နားထောင်တာ၊ နောက်ကောင်းကင်ဧကရာဇ်ကို သေမျိုးကမ္ဘာကနေ လာတဲ့လူဆီ လွှဲပြောင်းပေးဖို့ စီစဉ်ထားတယ်”
“အို… ဘယ်သူလဲ၊ မင်းတို့ရဲ့ မဟာစစ်သူကြီးသုံးပါးက လူသားမျိုးနွယ်စုကနေ လာတာမှတ်လား”
“ဟုတ်တယ်၊ ခင်ဗျား နားလည်တယ်ဆိုမှတော့ ကျုပ်ရည်ရွယ်ချက်ကို သံသယမဝင်တော့ဘူး မှတ်လား”
“ဒါပေမဲ့ မင်းမှာ အရည်အချင်းရှိလို့လား” သိလန်တျန်ဟာ ခေါင်းခါပြီး ပြောလိုက်ပါတယ်။ သိလန်တျန်ဟာ လုံဟောင်ကို မျက်စိထဲ မထည့်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ လုံဟောင်က ငယ်ရွယ်လွန်းလို့ပါ။ လုံဟောင်ရဲ့အသက် သက်တမ်းသုံးလေးထောင်က သိလန်တျန် တစ်ခါမှေးချိန်တောင် မရှိပါဘူး။
“သူ အရည်အချင်း မရှိဘူးဆိုရင် ငါကရော”
လုံဟောင်ရဲ့ ခန္ဓာကိုယ်ကနေ ခံ့ညားထည်ဝါတဲ့ အသံတစ်သံ ထွက်ပေါ်လာပြီး တစ်ချိန်တည်းမှာပဲ ရွှေနဂါးရောင်ဝါတွေ ထွက်ပေါ်လာကာ ရွှေရုပ်သွင်တစ်ခုအဖြစ် ခဲသွားပါတယ်။ ဒီရုပ်သွင်ကတော့ ဟောင်တျန်ပါ။
သိလန်တျန်ဟာ နှလုံးလှုပ်သွားပြီး မျက်စိမှေးကာ ပြောလိုက်ပါတယ် “ဟောင်တျန်… စီနီယာက အသက်ရှင်နေသေးတာလား”
“မင်းက ငါ့ကို စီနီယာလို့ ခေါ်တယ်ဆိုတော့ အတူပူးပေါင်းလိုတယ် သဘောလား၊ ငါက ကောင်းကင်ရုံးတော်နောက်မှာရှိတဲ့လူနဲ့ စာရင်းရှင်းချင်တာ”
“ကိစ္စမရှိပါဘူး” သိလန်တျန်ဟာ ချက်ချင်းပဲ သဘောတူလိုက်ပါတယ်။
ဟောင်တျန်ဟာ ပြုံးလိုက်ပါတယ် “ဒါဆို မင်းသူနဲ့ ပြောပေတော့” စကားအဆုံးမှာပဲ ဟောင်တျန်ဟာ မီးခိုးငွေ့အဖြစ် ပြောင်းလဲကာ ပျောက်ကွယ်သွားပါတယ်။
လုံဟောင်ရဲ့ တင်းကြပ်စွာ ဆုပ်ကိုင်ထားတဲ့ လက်သီးဟာလည်း ပြေလျော့သွားပါတယ်။ လုံဟောင်ဟာ ယုံကြည်ချက်မှုအပြည့် ရှိဟန် ဆောင်နေတာပါ။ တကယ်တော့ စိတ်ထဲမှာ ရင်တဒိတ်ဒိတ် ခုန်နေတာပါ။ ဘာဖြစ်လို့လဲဆိုတော့ သူ့ခေါင်းပေါ်မှာ ရှိနေတဲ့ ဘိုးဘေးဧကရာဇ် ခေါင်းလောင်းရဲ့ ဖိအားက ရယ်စာတစ်ခု မဟုတ်လို့ပါပဲ။
သိလန်တျန်ဟာ လုံဟောင်ကို တစ်ခဏစိုက်ကြည့်ပြီး အပြုံးနဲ့ မေးလိုက်ပါတယ် “ငါကြားတာတော့ မင်းရဲ့ဆရာသခင်က ကောင်းကင်ဧကရာဇ် အထူးပြိုးထောင်ထားတဲ့ ပါရမီရှင်ဆို၊ ငါ့မိသားစုက ကျန်းယီတောင် သူ့ကျေးဇူးနဲ့ သေဘေးက လွတ်လာတာ၊ မင်းဆရာသခင်ရဲ့ ကျင့်ကြံမှုက ဘယ်လိုရှိလဲ၊ အခုလောက်ဆို ဘယ်အဆင့်ကို ရောက်နေပြီထင်လဲ”
လုံဟောင်ဟာ ပြုံးလိုက်ပါတယ် “ကျုပ်လည်း သေချာမသိဘူး၊ ဒါပေမဲ့ ခမည်းတော်ဆီကနေ ကြားတာတော့ ဆရာသခင်က သက်တမ်းငါးထောင်ကျော်ရုံပဲ ရှိသေးတယ်တဲ့၊ ဆရာသခင်ရဲ့ အရည်အချင်းနဲ့ဆိုရင် အခုလောက်ဆို အနည်းဆုံး အင်မော်တယ်ဧကရာဇ် ပဥ္စမအဆင့်ကို ရောက်နေလောက်ပြီ”
သိလန်တျန်ရဲ့ မျက်ဆံဟာ ကျုံ့သွားပြီးနောက် သိလန်တျန်ဟာ သက်ပြင်းချလိုက်ပါတယ် “အင်မော်တယ်ဧကရာဇ် ပဥ္စမအဆင့်ကို နှစ်ငါးထောင်လောက်နဲ့ ရောက်နိုင်တယ်ဆိုတော့ သူ့အရည်အချင်းက ရှန်နန်းတော်ရဲ့ တာအိုအရှင်သခင်ထက်တောင် ပိုထက်မြက်တာပဲ၊ မဟုတ်ဘူး… အခု ကောင်းကင်ရုံးတော်ရဲ့ တာအိုအရှင်သခင် ဖြစ်သွားပြီ”
လုံဟောင်ရဲ့ မျက်လုံးတွေကနေ ကြည်ညိုလေးစားတဲ့ အရိပ်အယောင်တွေ ထွက်ပေါ်လာပါတယ် “ဆရာသခင်က ကပ်ဘေးထဲ မဝင်ဘူး၊ ဒါပေမဲ့ သူ့အရည်အချင်းက ထိပ်ဆုံးမှာရှိတယ်၊ အနာဂတ်မှာ ဆရာသခင်က အင်မော်တယ်ကမ္ဘာရဲ့ စွမ်းအားကြီးပုဂ္ဂိုလ်ဖြစ်လာမှာ၊ ကျုပ်တို့ ကောင်းကင်ရုံးတော် အသစ်ရဲ့ ထောက်တိုင်ကြီးလည်း ဖြစ်လာနိုင်တယ်”
မြန်မာပြည် ငြိမ်းချမ်းပါစေ။

Comment

Leave a Reply

Options

not work with dark mode
Reset