အခန်း (၃၈၅) ရွှေကျီးကန်းဘိုးဘေး၊ မူလဆန်းကြယ် နတ်စွမ်းအားလေးပါး
ကျန်းတုကူးနဲ့ မိတ်ဆွေ ဖြစ်သွားတဲ့အချိန်ကစပြီး ဟန်ကျွယ်ရဲ့ စာအိတ်ဟာ စည်စည်ကားကား ဖြစ်လာပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျန်းတုကူးဟာ နှစ်တိုင်းလိုလို တိုက်ခိုက်ခံရပြီး မကြာခဏဆိုသလိုလည်း ကျိန်စာတိုက်ခံရလို့ပါပဲ။ ဒါပေမဲ့ ဘယ်လောက်ပဲ ပြဿနာတက်တက် ကျန်းတုကူးဟာ ပုံစံမပျက် ဆက်ပြီးတော့ လျှောက်သွားနေတုန်းပါ။
‘ဒီလောက် စိတ်ထင်တိုင်း လျှောက်လုပ်တဲ့ ကျန်းတုကူးက ငါ့ရဲ့ အတွေးအခေါ်ကို တကယ် လေးစားတာရော ဟုတ်ရဲ့လား..’ ဟန်ကျွယ်ဟာ ယုတ္တိမရှိဘူးလို့ ခံစားလိုက်ရပါတယ်။
ဟန်ကျွယ်ဟာ ကျန်းတုကူးနဲ့ တွေ့ပြီးနောက် ကျို့ယိုငရဲက တဖြည်းဖြည်း မလုံခြုံတော့ဘူးလို့ ခံစားလာရပါတယ်။ ဒါပေမဲ့ ဒီနေရာ ကျင့်ကြံဖို့ သင့်လျော်တဲ့အတွက် ဟန်ကျွယ်ဟာ နေနိုင်သလောက်တော့ ဆက်နေအုန်းမှာပါ။
ဟန်ကျွယ်ဟာာ မူလဆန်းကြယ် နတ်စွမ်းအား ခြောက်ပါးကို ရောက်ရင်တော့ ကျို့ယိုငရဲကနေ ကျိန်းသေပေါက် ထွက်သွားဖို့ ဆုံးဖြတ်ထားပါတယ်။
ဘာလိုလိုနဲ့ ၂၇ နှစ် ကုန်ဆုံးသွားပါတယ်။
ဒီနေ့မှာတော့ ဟန်ကျွယ်ဟာ ကျင့်ကြံအားထုတ်နေရင်း ရုတ်တရက်ဆိုသလို စိတ်လေးလာပြီး ကိစ္စကြီးတစ်ခုခု ဖြစ်ပျက်တော့မယ်လို့ ခံစားလိုက်ရပါတယ်။
ဟန်ကျွယ်ဟာ မျက်လုံးဖွင့်ပြီး စနစ်ကို မေးလိုက်ပါတယ် “ငါ ဘာလို့ စိတ်လေးနေတာလဲ”
[သက်တမ်း ၁ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
‘၁ ဘီလီယံတောင်… တစ်ခုခုတော့ မှားနေပြီ’
ဟန်ကျွယ်ဟာ အံကြိတ်ပြီး ဆက်တွက်ဖို့ ရွေးချယ်လိုက်ပါတယ်။ ချက်ချင်းဆိုသလိုပဲ ဟန်ကျွယ်ဟာ ပုံရိပ်ယောင်ထဲ ဝင်သွားပါတယ်။ ခန်းမတစ်ခုထဲမှာ မီးလျှံတောက်လောင်နေတဲ့ ရုပ်သွင်တွေ အများကြီး စုရုံးပြီး ကြောက်မက်ဖွယ်ကောင်းတဲ့ ခြေသုံးချောင်း ရွှေကျီးကန်းတစ်ကောင်ကို ကြည့်နေပါတယ်။
ဒီခြေသုံးချောင်း ရွှေကျီးကန်းဟာ လဲလျောင်းနေတယ်ဆိုပေမဲ့ ပေသောင်းချီ မြင့်မားပြီး ခေါင်းထက်မှာလည်း အလွန်ကြီးမားတဲ့ ရွှေခေါင်းလောင်းတစ်လုံး ရှိနေပါတယ်။
ခြေသုံးချောင်း ရွှေကျီးကန်းဟာ အမျိုးအမည် မသိရတဲ့ မန္တန်တစ်ပုဒ်ကို တတွတ်တွက် ရွတ်နေပါတယ်။ တစ်ချိန်တည်းမှာပဲ ရွှေခေါင်းလောင်းဟာ သာမန်မျက်စိနဲ့ မြင်နိုင်လောက်တဲ့အထိ တုန်ခါလာပြီး ထူးဆန်းတဲ့စာလုံးတွေ ပေါ်လာကာ ခြေသုံးချောင်း ရွှေကျီးကန်းကို လှည့်ပတ်ပါတော့တယ်။
“ဘိုးဘေး… ဘိုးဘေးရဲ့ အစွမ်းကို စေလွှတ်ပြီး ကျွန်တော်တို့ နတ်ရွှေကျီးကန်းမိသားစုက သက်ရှိအားလုံးကို ဖိနှိပ်နိုင်အောင် ကူညီပေးပါ”
ခြေသုံးချောင်း ရွှေကျီးကန်းဟာ ဆက်တိုက်ပြောဆိုပြီး အသံကလည်း တဖြည်းဖြည်း ကျယ်လာကာ ခန်းမထဲမှာ ပဲ့တင်ထွက်လာပါတယ်။
ဟန်ကျွယ်ဟာ မျက်ခုံးပင့်တက်သွားပါတယ် ‘ဒါက ဘာလဲဟ… ပဋိပက္ခခေါင်းလောင်းလား’
ဝတ္ထုတချို့မှာ ရွှေကျီးကန်းတွေရဲ့ ဘိုးဘေး အရှေ့ဧကရာဇ် ထိုက်ယီဟာ အရှေ့ဧကရာဇ်ခေါင်းလောင်းလို့ လူသိများတဲ့ ပဋိပက္ခခေါင်းလောင်းကို ကိုင်စွဲကြောင်း ဖော်ပြရေးသားကြပါတယ်။ ဒါပေမဲ့ ဒဏ္ဍာရီထဲမှာ အရှေ့ဧကရာဇ်ထိုက်ယီက တခြားနာမည်မျိုးစုံလည်း ရှိပါတယ်။ ဒါပေမဲ့ သေချာတာတစ်ခုကတော့ ကျိန်းသေပေါက် ရှေးကျတဲ့ တည်ရှိမှုဖြစ်ပြီး စွမ်းအားကလည်း သေးမှာ မဟုတ်ပါဘူး။
ဒီအချိန်မှာပဲ ရွှေခေါင်းလောင်းကနေ တုန်ခါသံထွက်ပေါ်လာပါတယ်။ ဟန်ကျွယ်ဟာ ခေါင်းလောင်းသံကို ကြားလိုက်ရတဲ့အခါမှာ ကျောချမ်းပြီး ဇောချွေးပျံသွားပါတယ်။
အဲဒီနောက် မြင်ကွင်းတစ်ခုလုံး ကွဲကျေပြီး ဟန်ကျွယ်ရဲ့ သိစိတ်ဟာ အစစ်အမှန်ကို ပြန်ရောက်သွားပါတယ်။
ဟန်ကျွယ်ဟာ သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရှန်နန်းတော်နဲ့ နတ်ဆိုးရုံးတော် ပြိုလဲပြီးနောက်ပိုင်း အင်အားစုတွေ ပိုပိုထွက်ပေါ်လာလို့ပါပဲ။
ဟန်ကျွယ်ဟာ အင်မော်တယ်ကမ္ဘာမှာ မနေမိတာကို ဝမ်းသာသွားပါတယ်။ မဟုတ်ရင် ပဲလှော်ကြား ဆားညှပ်မဲ့ကိန်း ဆိုက်မှာပါ။
ဒီအချိန်မှာပဲ…။
ဟန်ကျွယ်ဟာ ကောင်းကင်တာအိုတိုကင်ကနေ ကောင်းကင်ဧကရာဇ်နဲ့ နတ်အာရုံကို ခံစားမိလိုက်ပါတယ် ‘ကောင်းကင်ဧကရာဇ်က သူ့ကို မဆက်သွယ်ဖို့ ပြောခဲ့တာမလား၊ ဘယ်လိုဖြစ်ပြီး သူက ငါ့ကို အရင်ဆုံး ဆက်သွယ်လာရတာလဲ၊ မဟုတ်မှလွဲရော နတ်ရွှေကျီးကန်း မိသားစု ပြဿနာရှာတော့မဲ့ အကြောင်းကို ခံစားမိလို့လား’
ဟန်ကျွယ်ဟာ နတ်အာရုံချင်း ချိတ်ဆက်မိတယ်ဆိုရင်ပဲ ကောင်းကင်ဧကရာဇ်အသံကို ကြားလိုက်ရပါတယ်။
“မင်း ရွှေကျီးကန်းတွေကို ဂရုစိုက်မှ ရလိမ့်မယ်၊ သိလန်တျန်က လောကဦး ရွှေကျီးကန်းကို ဆင့်ခေါ်ဖို့ ပြင်ဆင်နေတယ်၊ အဲဒီအချိန်ကျရင် ရွှေကျီးကန်းတွေရဲ့ သွေးစည်းက လောကဦး ရွှေကျီးကန်း သွေးစည်းရဲ့ လှုံ့ဆော်မှုကြောင့် ထိန်းမရသိမ်းမရ ဖြစ်လာလိမ့်မယ်”
‘ဟ… ဒီလိုမျိုး နည်းလမ်းလည်း ရှိတာပဲလား’
ဟန်ကျွယ်က ပြောလိုက်ပါတယ် “အရှင်မင်းကြီးရဲ့ သတိပေးမှုအတွက် ကျေးဇူးတင်ပါတယ်၊ နတ်ရွှေကျီးကန်း မိသားစုက ကောင်းကင်ရုံးတော်ကို ပစ်မှတ်ထားလာမှာလား”
ကောင်းကင်ဧကရာဇ်ရဲ့ အသံဟာ လေးနက်သွားပါတယ် “ဟုတ်တယ်၊ သူတို့က နတ်ဆိုးမျိုးနွယ်စု ကောင်းကင်ရုံးတော်ကို တည်ထောင်ထားတယ်လေ၊ လောကမှာ ကောင်းကင်ရုံးတော် တစ်ခုပဲ ရှိနိုင်တယ်၊ ဒီတော့ စစ်ပွဲက ဖြစ်လာမှာပဲ၊ ဒါပေမဲ့ ငါ မကြောက်ဘူး”
“အင်မော်တယ် ကောင်းကင်ရုံးတော် တည်ရှိခဲ့တာက နတ်ဆိုး ကောင်းကင်ရုံးတော်ထက် တည်ရှိခဲ့တာထက် အများကြီးကြာခဲ့ပြီ၊ ဘယ်လို ပြဿနာမျိုးကို မတွေ့ဖူး မရင်ဆိုင်ဖူးလို့လဲ”
ဟန်ကျွယ်ဟာ စိတ်သက်သာရာ ရသွားပါတယ်။ ဟန်ကျွယ်ဟာ ကောင်းကင်ဧကရာဇ်က လေလုံးထွားနေမှန်း သိပေမဲ့ ကောင်းကင်ဧကရာဇ်ရဲ့ ယုံကြည်ချက် မပျောက်ဆုံးရင် ဘာမှမဖြစ်ပါဘူး။
“အရှင်မင်းကြီး… ကျောက်စိမ်းဧကရာဇ် ကျိုးရန်ကို သိလား” ဟန်ကျွယ်ဟာ သာမန်ကာလျှံကာ သဘောမျိုးနဲ့ မေးလိုက်ပါတယ်။
“သိတယ်၊ သူက ကောင်းကင်ရုံးတော်ရဲ့ တတိယမြောက် ကောင်းကင်ဧကရာဇ်ပဲ၊ မင်း သူ့ကို ဘာလို့ မေးတာလဲ”
“ဘာမှမဟုတ်ပါဘူး၊ ကျောက်စိမ်းဧကရာဇ် ကျိုးရန်အကြောင်းကို တိထိုက်ပိုင်ဆီကနေ ကြားဖူးထားလို့ပါ၊ သူ့ကြည့်ရတာ ကျောက်စိမ်းဧကရာဇ်ကို တော်တော်လေးစားပုံပဲ၊ အခု ဟောင်တျန်လည်း ပြန်ပေါ်လာပြီဆိုတော့ ကျောက်စိမ်းဧကရာဇ် ကျိုးရန်က ပြန်လာလောက်လား”
“မစိုးရိမ်ပါနဲ့၊ ငါနဲ့ ကျောက်စိမ်းဧကရာဇ် ကျိုးရန်က ဆက်ဆံရေး ကောင်းပါတယ်၊ ငါ ကောင်းကင်ဧကရာဇ် ဖြစ်လာတာလည်း သူ့ကျေးဇူး မကင်းဘူး”
‘ဘာလဲဟ… မဟာမိတ်လား’ ဟန်ကျွယ်ဟာ ကြက်သေသေသွားပါတယ်။
ဟန်ကျွယ်ဟာ ကျောက်စိမ်းဧကရာဇ် ကျိုးရန်က အမှောင်ထဲကနေ အခြေအနေတွေကို ထိန်းချုပ်နေတဲ့ လျှို့ဝှက်ဆန်းကြယ် ပုဂ္ဂိုလ်တစ်ယောက်လို့ ထင်ထားခဲ့တာပါ။ အခုလိုမျိုး ကောင်းကင်ရုံးတော်ကို ထောက်ပံ့ပေးထားလိမ့်မယ်လို့ ထင်မထားခဲ့ပါဘူး။
ကောင်းကင်ဧကရာဇ်က ပြုံးလိုက်ပါတယ် “သူက အရမ်းစွမ်းအားကြီးတာ၊ သူကြောင့်လည်း ကောင်းကင်ရုံးတော်က ထာဝရတည်ရှိနိုင်မှာ”
“ဒီလိုလား… ဒါဆို ကျွန်တော် စိတ်ချပါပြီ”
“အင်း..”
နတ်အာရုံ ချိတ်ဆက်တာကို ဖြတ်တောက်ပြီးနောက် ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ်။
‘လွမ်ဟွေ အင်မော်တယ်ဧကရာဇ်နဲ့ ကောင်းကင်ဧကရာဇ်က ကျောက်စိမ်းဧကရာဇ် ကျိုးရန်ရဲ့ နောက်လိုက်တွေဆိုရင် သူတို့နှစ်ယောက် ဘယ်လိုဖြစ်ပြီး တစ်ယောက်ကို တစ်ယောက် မကောင်းကြံစည်နေကြတာလဲ… အတွင်းတိုက်ပွဲလား’
ဟန်ကျွယ်ဟာ သူ့အတွေးက ယုတ္တိမရှိဘူးလို့ ခံစားရတဲ့အတွက် စနစ်ကိုပဲ မေးလိုက်ပါတယ် “လွမ်ဟွေ အင်မော်တယ်ဧကရာဇ်နဲ့ ကျောက်စိမ်းဧကရာဇ် ကျိုးရန်က အကြံတူတွေလား”
[သက်တမ်း ၁ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
[လောလောဆယ် မဟုတ်ပါ။]
‘ဒီလိုဆို လွမ်ဟွေ အင်မော်တယ်ဧကရာဇ်က သစ္စာဖောက်ပေါ့’
ဟန်ကျွယ်ဟာ ဆက်ပြီးတော့ တွက်ချက်ပါတယ် “ကျောက်စိမ်းဧကရာဇ် ကျိုးရန်က ကောင်းကင်ဧကရာဇ်ကို ဒုက္ခပေးဖို့ စိတ်ကူးရှိလား”
[သက်တမ်း ၃ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
ဟန်ကျွယ်ဟာ သက်တမ်း ၃ ဘီလီယံ ကုန်သွားတာကိုကြည့်ပြီး နှလုံးသားထဲက သွေးယိုစိမ့်ထွက်သလို ခံစားလိုက်ရပါတယ်။
[လောလောဆယ် ရည်ရွယ်ချက် မရှိပါ။]
ကျောက်စိမ်းဧကရာဇ် ကျိုးရန်က သူ့တည်နေရာကို တွက်ချက်မိမှာဆိုပေမဲ့ ဒီကိစ္စက အနာဂတ်မှာ ဖြစ်မှာပါ။ အခုလောလောဆယ် ဟန်ကျွယ်အတွက် ကောင်းကင်ဧကရာဇ်ကို ကာကွယ်ပေးနိုင်ဖို့က ပိုပြီးတော အရေးကြီးပါတယ်။
ဒါပေမဲ့ ဟန်ကျွယ်ဟာ တစ်စုံတစ်ခုကို ရုတ်တရက် တွေးမိသွားပါတယ် ‘အရင်တွက်ချက်မှုတွေတုန်းက ကောင်းကင်ဧကရာဇ်သေတာ တစ်ခါမကဘူး၊ ဒါကို ကြည့်ခြင်းအားဖြင့် ကျောက်စိမ်းဧကရာဇ် ကျိုးရန်က ကောင်းကင်ဧကရာဇ်ကို မကူညီတာ ထင်ရှားတယ်၊ ဒါမှမဟုတ် ကျောက်စိမ်းဧကရာဇ် ကျိုးရန်ရော သေသွားလို့လား’
ဟန်ကျွယ်ဟာ စဉ်းစားမရတဲ့အတွက် ဆက်မစဉ်းစားတော့ဘဲ အဆင့်ထိုးဖောက်ဖို့အတွက် ကြိုးကြိုးစားစား ကျင့်ကြံပါတယ်။
၁၅ နှစ် ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ အဆင့်တက်ဖို့ အခွင့်အရေး ရသွားပါတယ်။ ဒီလိုနဲ့ လေးနှစ်အကြာမှာတော့ ဟန်ကျွယ်ဟာ မူလဆန်းကြယ် နတ်စွမ်းအားလေးပါးကို ရရှိသွားပါတယ်။
ဟန်ကျွယ်ရဲ့ နတ်စွမ်းအားဟာ များစွာတိုးတက်သွားပြီး အရင်ကထက် ပိုမိုသန့်စင်သွားပါတယ်။ ဟန်ကျွယ်ဟာ ကျင့်ကြံမှုကို ခိုင်ခံ့အောင်လုပ်ရင်း ကိုယ်ရေးအကျဉ်းကို ဖွင့်ကြည့်လိုက်ပါတယ်။
[အမည်: ဟန်ကျွယ်]
[သက်တမ်း: ၅,၄၁၀/၄၃၉,၉၉၉,၉၉၉,၉၉၉,၉၉၉,၉၉၉]
[မျိုးနွယ်စု: လောကဦး နတ်ဘီလူး။]
[ကျင့်ကြံမှု: မူလဆန်းကြယ် နတ်စွမ်းအား လေးပါး။]
[ကျင့်စဉ်: လောကဦးပဋိပက္ခ ပြန်လည်မွေးဖွားခြင်း မဟာတာအို၊ ကောင်းကင်စက်ဝန်း ခန္ဓာကိုယ်ကျင့်စဉ်]
[မဟာတာအို: သေခြင်းရှင်ခြင်း မဟာတာအို၊ ကံတရား မဟာတာအို။]
ဒီအဆင့်ထိုးဖောက်မှုကြောင့် ဟန်ကျွယ်ဟာ ကောင်းကင်ဘဝဂ်အဆင့်ကို နှစ်တစ်သောင်းအတွင်း ရောက်ရှိဖို့ မျှော်လင့်ချက် ရှိသွားပါပြီ။ ဒါပေမဲ့ ဒါက ဟန်ကျွယ်ရဲ့ ဆန္ဒသက်သက်ပါ။ ကောင်းကင်ဘဝဂ်အဆင့်ကို ရောက်ဖို့က ဒီထက်ပိုပြီးတော့ ကျင့်ကြံအားထုတ်ရနိုင်ပါတယ်။
သုံးနှစ်ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ရဲ့ ကျင့်ကြံမှုဟာ ခိုင်မြဲသွားပါတယ်။ ဟန်ကျွယ်ဟာ အောင်ပွဲခံဖို့ ဆုံးဖြတ်လိုက်ပေမဲ့ ကျိန်စာတိုက်ဖို့ ထိုက်တန်တဲ့ ရန်သူမရှိတော့တာကို ရှာတွေ့သွားပါတယ်။
လီရွှမ်အောက်က ဟန်ကျွယ်ကို မုန်းတီးတယ်ဆိုပေမဲ့ လီတောက်ခုံးက ဟန်ကျွယ်ကို တော်တော်လေး သဘောကျပါတယ်။ ဒါကြောင့် ဟန်ကျွယ်ဟာ လီတောက်ခုံး ဒုက္ခရောက်စေမဲ့ကိစ္စမျိုးကို မလုပ်ချင်ပါဘူး။
ဟောင်တျန်ကို သေအောင်ကျိန်စာတိုက်ချင်ပေမဲ့လည်း လုံဟောင်နဲ့ ခန္ဓာကိုယ်တစ်ခုတည်းမှာ ရှိနေတာကြောင့် ကျိန်စာတိုက်ဖို့ မသင့်တော်ပါဘူး။ ထိုက်စုတျန် ကျပြန်တော့လည်း လောလောဆယ်မှာ သူ့အပေါ် မကောင်းကြံစိတ် မရှိသေးပါဘူး။
ကျောက်စိမ်းဧကရာဇ် ကျိုးရန်ကျတော့ အစွမ်းထက်လွန်းတဲ့အတွက် ကျိန်စာမတိုက်ရဲပြန်ပါဘူး။
လွမ်ဟွေ အင်မော်တယ်ဧကရာဇ်က သူ့အပေါ် မျက်နှာသာပေးမှု ရှိနေသေးတဲ့အတွက် ဟန်ကျွယ်ဟာ မျက်နှာပြောင်တိုက်ပြီး မသတ်ချင်ပါဘူး။
တခြား ရန်သူတွေကျပြန်တော့လည်း မုန်းတီးမှုး နည်းတာကြောင့် ကျိန်စာတိုက်ဖို့ မဖြစ်နိုင်ပါဘူး။ ကိုယ့်ကို မကြိုက်တဲ့ မနှစ်သက်တဲ့ နည်းနည်းလေးမုန်းတဲ့ ရန်သူတွေကို လိုက်သတ်နေရင် ဟန်ကျွယ် တစ်သက်လုံး လူသတ်လို့ ကုန်မှာ မဟုတ်ပါဘူး။
‘ဟင်း… ငါ့ဘဝက ရုတ်တရက်ကြီး ပျင်းစရာ ကောင်းသွားပါလား’
ဟန်ကျွယ်ဟာ ကောင်းကင်တာအိုဗုဒ္ဓ နတ်ဆိုးဧကရာဇ်နဲ့ ဇုထူကိုတောင် သတိရသွားပါတယ်။
ဟန်ကျွယ်ဟာ သူ့အဖြစ်ကို ပြန်တွေးမိပြီး ခေါင်းခါကာ ရယ်မောလိုက်ပါတယ်။
‘ထားလိုက်ပါတော့… ဆက်ကျင့်ကြံတာပဲ ကောင်းပါတယ်လေ’
ဟန်ကျွယ်ဟာ စာအိတ်တွေ စစ်ဆေးရင်း ဆက်လက် ကျင့်ကြံပါတယ်။
[သင့်တပည့် စုချီသည် ကြမ္မာဆိုး အင်မော်တယ်ဧကရာဇ် ဖြစ်လာပြီး သူ့ခန္ဓာကိုယ်သည် ကံတရားအသွင် ပြောင်းလဲသွား၏။]
[သင့်မိတ်ဆွေ ဂျိရှင်းရှန်သည် စစ်နတ်ဘုရားအမွေအား ဆက်ခံရရှိပြီး ဧကရာဇ်အဆင့်သို့ တက်လမ်းကာ ပါ့ချွမ် အင်မော်တယ်ဧကရာဇ် ဖြစ်သွား၏။]
[သင့်မိတ်ဆွေ ဟွမ်ဇွမ်တျန်သည် ကျယ်ကျောင်းတော်တပည့်များ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၁၆
[သင့်မိတ်ဆွေ ရွှယ်မင်းဟယ်သည် လူသားမျိုးနွယ်စု စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး၏ တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်။]
[သင့်မိတ်ဆွေ ရှန်စစ်သူကြီးသည် နတ်မင်းအဆင့် နတ်ဆိုးတစ်ပါး၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၈
[သင့်မိတ်ဆွေ လီတောက်ခုံးသည် သင့်မိတ်ဆွေ ကျန်းတုကူး၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။]
[သင့်မိတ်ဆွေ ကောင်းကင်ဧကရာဇ်သည် ကျိန်စာတိုက်ခံခဲ့ရ၏။]
[သင့်မြေးတပည့် ဖန်းလျန်သည် ကျိန်စာတိုက်ခံခဲ့ရ၏။]
[သင့်မိတ်ဆွေ ကျိုးဖန်သည် ကျိန်စာတိုက်ခံခဲ့ရ၏။]
မြန်မာပြည် ငြိမ်းချမ်းပါစေ။
Chapter – 385
? Views, Released on December 6, 2024