အခန်း (၃၈၄) ကျန်းတုကူး၊ ရှင်းတောက်ရုံ
သူ့နောက်လိုက်တွေကချည်းပဲ အင်မော်တယ်ကမ္ဘာရဲ့ ထိပ်သီးအင်အားစုလေးစု ခေါင်းဆောင်တွေထက် အစွမ်းထက်နေတဲ့အတွက် ကျောက်စိမ်းဧကရာဇ် ကျိုးရန်ရဲ့ အစွမ်းက ဘယ်လောက်ထိ ကြောက်ဖို့ကောင်းမလဲဆိုတာ ခန့်မှန်းနိုင်ပါတယ်။
ဟန်ကျွယ်ဟာ ဒီလိုလူမျိုးကို အဆောတလျင် ရန်စလို့ မဖြစ်ပါဘူး။ အနည်းဆုံး ကျိန်စာတိုက်လို့ မရပါဘူး။ ကျောက်စိမ်းဧကရာဇ် ကျိုးရန်က ကောင်းကင်ဘဝဂ်အဆင့်ထက် စွမ်းအားကြီးပြီး တာအိုပညာရှိတောင် ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။
ဒီလိုတည်ရှိမှုမျိုးကို သေအောင် ကျိန်စာတိုက်ဖို့ဆိုတာ ဟန်ကျွယ်ရဲ့ လက်ရှိအစွမ်းနဲ့ လုံးဝ မဖြစ်နိုင်ပါဘူး။ ဒါ့အပြင် ကျောက်စိမ်းဧကရာဇ်ရဲ့ အာရုံစိုက်မှုကို စောစောစီးစီး ခံရနိုင်ပါတယ်။
‘ငါ သူ့အကြောင်းကို လူတွေသိအောင် လုပ်ရမယ်၊ ဒီလိုတည်ရှိမှုမျိုးက လူတွေကို အထိတ်တလန့် ဖြစ်စေမှာပဲ၊ အင်မော်တယ်ကမ္ဘာရှိတဲ့ အင်အားစုအကုန်လုံးက သူ့လူတွေတော့ မဖြစ်နိုင်ဘူး’
ဒီလိုမဟုတ်ဘူးဆိုရင်တော့ ဟန်ကျွယ်မှာ ထွက်ပြေးတာလွဲပြီး တခြားရွေးချယ်စရာရှိမှာ မဟုတ်ပါဘူး။ အများဆုံး အမှောင်တားမြစ်နယ်မြေကို ထွက်ပြေးရုံပေါ့။ မနိုင်ရင် ထွက်ပြေးတာက ဟန်ကျွယ်ရဲ့ စည်းမျဉ်းမဟုတ်ပါလား။
ဟန်ကျွယ်ဟာ တွေးလေလေ သက်သာရာ ရလေလေ ဖြစ်သွားပါတယ်။ လက်လျှော့လိုက်မယ်ဆိုရင် လောကမှာ ခက်ခဲတဲ့အရာ တစ်ခုမှ မရှိပါဘူး။ ပုန်းတက်မယ်ဆိုရင်လည်း စွမ်းအားကြီးရန်သူဆိုတာ မရှိပါဘူး။ နောက်ပြီး ဟန်ကျွယ်ဟာ ကပ်ဘေးပြီးမှ ဝိုင်းတိုက်ခံရတာပါ။ အခုလောလောဆယ်မှာ ကပ်ဘေးပြီးဆုံးဖို့က အရိပ်အယောင်တောင် မရှိသေးပါဘူး။
ဟန်ကျွယ်ဟာ အတွေးတွေကို ရှင်းထုတ်ပြီး ဆက်လက် ကျင့်ကြံပါတယ်။
ဒီလိုနဲ့ တစ်နှစ်ပြီးတစ်နှစ် ကုန်ဆုံးသွားပါတယ်။
ကျို့ယိုငရဲဟာ ပြန်လည်ငြိမ်သက်သွားပါတယ်။ ပြဒါးငှက်မျိုးနွယ်စုနဲ့ ကျယ်ကျောင်းတော်ဟာ သဘောတူညီချက် ရသွားတဲ့အတွက် ဆက်ပြီး တိုက်ခိုက်ခြင်း မရှိတော့ပါဘူး။ ဟန်ကျွယ် စိုးရိမ်တဲ့ တတိယအင်အားစုကလည်း ကျို့ယိုငရဲထဲကို ဝင်မလာခဲ့ပါဘူး။
မျက်စိတစ်မှိတ်အတွင်း နောက်ထပ် နှစ် ၃၀ ကုန်ဆုံးသွားပါတယ်။
စာစောင်တွေကနေ အင်မော်တယ်ကမ္ဘာမှာ နောက်ထပ် သွေးချောင်းစီးသွားမှန်း ဟန်ကျွယ် သိလိုက်ပါတယ်။ ဟန်ကျွယ်ရဲ့ မိတ်ဆွေတွေဟာ ဆက်တိုက်လျော့ကျနေပြီး တိုးမလာတာ အတော်ကြာပါပြီ။ မိတ်ဆွေသစ်ဆိုလို့ ရွှယ်မင်းဟယ်နဲ့ ကျင်းတျန်ကုန်းပဲ ရှိပါတယ်။
ဒီလိုသာဆက်သွားမယ်ဆိုရင် မကြာတော့တဲ့အချိန်အတွင်းမှာ အင်မော်တယ်ကမ္ဘာ ဘာဖြစ်နေလဲ ဟန်ကျွယ် သိနိုင်တော့မှာ မဟုတ်ပါဘူး။ ဒါပေမဲ့လည်း ဟန်ကျွယ်မှာ ရွေးချယ်စရာ မရှိပါဘူး။ အနန္တကပ်ဘေးအတွင်းမှာ မိတ်ဆွေဖွဲ့ဖို့က မသင့်လျော်ဘူး မဟုတ်ပါလား။
ဟန်ကျွယ်ဟာ မူလဆန်းကြယ် နတ်စွမ်းအားလေးပါးနဲ့ တဖြည်းဖြည်း နီးကပ်လာတဲ့အတွက် နောက်ထပ် နှစ်ငါးဆယ်အတွင်း အဆင့်ထိုးဖောက်ဖို့ သေချာသလောက် ရှိနေပါပြီ။
ဒီလိုဖြစ်ရတာက ကျို့ယိုငရဲဟာ အတွင်းပိုင်း ရောက်လေလေ အကုသိုလ်ကံ သိပ်သည်းမှု ထူထပ်လေလေ မို့လို့ပါ။ ဟန်ကျွယ်ရဲ့ အကုသိုလ်ကံ စုပ်ယူမှုက ဘယ်လောက်ပဲ မြန်ဆန်ပါစေ အကုသိုလ်ကံစွမ်းအားက ပါးသွားတယ်လို့ မရှိပါဘူး။
ဟန်ကျွယ် နေ့စဉ်စုပ်ယူတဲ့ အကုသိုလ်ကံ ပမာဏက အလွန်များပြားပေမဲ့ ကျို့ယိုငရဲကို သက်ရောက်မှု မရှိပါဘူး။
ဒီနေ့မှာတော့ ဟန်ကျွယ် ကျင့်ကြံအားထုတ်နေတုန်း ကျယ်လောင်တဲ့ ပေါက်ကွဲသံကို ကြားလိုက်ရတာကြောင့် မျက်စိဖွင့်ကြည့်မိလိုက်ပါတယ်။
ဟန်ကျွယ် တစ်ယောက်တည်း မဟုတ်ပါဘူး။ တိတ်ဆိတ်ကျွန်းက လူတိုင်းလည်း ထိတ်လန့်သွားပြီး အလန့်တကြား မတ်တတ်ရပ်လိုက်ကြပါတယ်။
ကျို့ယိုငရဲထက်မှာ အနီရောင်တွင်းကြီးတစ်တွင်း ပေါ်လာပြီး ကြောက်မက်ဖွယ် ရုပ်သွင်တစ်ခု ဖြည်းညင်းစွာ ဆင်းသက်လာပါတယ်။ ဒီရုပ်သွင်ဟာ ကီလိုမီတာ ၃၀ ကျော် မြင့်မားပြီး ခေါင်းသုံးလုံး လက်ခြောက်ဖက် ရှိပါတယ်။ ဒါ့အပြင် အရိုးနဲ့ပြုလုပ်ထားတဲ့ ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားပြီး သူ့ဘေးမှာလည်း သူ့ခန္ဓာကိုယ်ထက် ကြီးမားတဲ့ တိုင်ကြီးတစ်တိုင် လေပေါမျောပြီး ပါလာပါတယ်။
ဒီရုပ်သွင်ဟာ မျက်လုံးဖွင့်လိုက်ပြီး အရပ်မျက်နှာတစ်ခုကို ကြောက်မက်ဖွယ်ကောင်းတဲ့ အပြုံးနဲ့ ကြည့်လိုက်ပါတယ်။ အဲဒီနောက် ညာလက်မြောက်လိုက်တဲ့အခါ သူ့ဘေးနားက တိုင်ကြီးဟာ လက်ထဲ ရောက်လာပါတယ်။
“ပွင့်စမ်း…”
ကြီးမားတဲ့တိုင်ကြီးရဲ့ တိုက်ခိုက်မှုကြောင့် ပတ်ဝန်းကျင်မှာရှိတဲ့ အကုသိုလ်ကံတွေဟာ ပြင်းထန်စွာ တုန်ခါသွားပါတယ်။
တိတ်ဆိတ်ကျွန်းလည်း ဒီတုန်ခါမှုဒဏ်ကို ခံရပါတယ်။ ဒါပေမဲ့ တာအိုစက်ကွင်းထဲမှာရှိတဲ့ အာကာသ အစီအရင်က ခိုင်မြဲတာကြောင့် အထဲမှာရှိတဲ့လူတွေဟာ တိတ်ဆိတ်ကျွန်းရဲ့ တုန်ခါမှုကို မခံစားနိုင်ကြပါဘူး။
ဟန်ကျွယ်ဟာ အံအားသင့်သွားပါတယ် ‘ဘယ်သူလဲဟ…’
အကွာအဝေးက ဝေးကွာလွန်းတဲ့အတွက် ဟန်ကျွယ်ဟာ တစ်ဖက်လူရဲ့ ကျင့်ကြံမှုနဲ့ ဘယ်သူဘယ်ဝါ ဆိုတာကို စစ်ဆေးလို့ မရပါဘူး။ ဒါပေမဲ့ ကျိန်းသေတာ တစ်ခုကတော့ ခုနက တိုက်ခိုက်မှုဟာ လောကဦးယွမ်ဖီးနစ်ကို ပစ်မှတ်ထားလိုက်တာပါ။
ဒါပေမဲ့ ဟန်ကျွယ်ဟာ ဂရုမစိုက်ပါဘူး။ သူ့ကို မသက်ရောက်ရင် ကမ္ဘာပျက်လည်း ဂရုမစိုက်ပါဘူး။ ဟန်ကျွယ်ဟာ တိတ်ဆိတ်ဂိုဏ်းသားတွေကို အသံလွှင့်ပြီး မစိုးရိမ်ဖို့ ပြောလိုက်ပါတယ်။ မကြာခင်မှာပဲ တိုက်ပွဲဖိအားက တိတ်ဆိတ်ကျွန်းဆီ ပျံ့နှံ့လာတဲ့အတွက် ဟန်ကျွယ်ဟာ တိတ်ဆိတ်ကျွန်းကို ထိန်းချုပ်ပြီး တိုက်ပွဲနဲ့ဝေးရာကို ထွက်ခွာပါတယ်။
ဒီတိုက်ပွဲက ရက်တော်တော် ကြာပါတယ်။ တိုက်ပွဲပြီးဆုံးသွားတဲ့အခါ ဟန်ကျွယ်ဟာ စာအိတ်တွေကို စစ်ဆေးလိုက်ပါတယ်။
[သင့်မိတ်ဆွေ လောကဦးယွမ်ဖီးနစ်သည် လျှို့ဝှက်ဆန်းကြယ် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး၏ တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်။]
“ဂလု…”
‘လောကဦးယွမ်ဖီးနစ်လိုမျိုး တည်ရှိမှုကိုတောင် ဒဏ်ရာရစေနိုင်တယ်ဆိုတော့ ဒီကောင်က ဘယ်လောက်ထိတောင် စွမ်းအားကြီးနေတာလဲ’
‘ဒါက လောကကြီးရဲ့ အမှောင်အခြမ်းလား၊ ကြည့်ရတာ ငါ့လိုမျိုး အမှောင်ထဲမှာ ပုန်းအောင်းနေတဲ့သူတွေက နည်းနည်းနောနော မဟုတ်ဘူးနဲ့ တူတယ်’
“ဟ… အာကာသ အစီအရင်ပါလား၊ ဘယ်တာအိုရောင်းရောင်း ဒီကျွန်းပေါ်မှာ ရှိနေတာလဲ” အံဩသံတစ်သံဟာ တိတ်ဆိတ်ကျွန်းထဲကို ဝင်ရောက်လာပါတယ်။
ဟန်ကျွယ်ဟာ လန့်သွားပြီး ပတ်ဝန်းကျင်က ကျင့်ကြံသူတွေကို ချက်ချင်း စစ်ဆေးလိုက်ပါတယ်။
[ကျန်းတုကူး: ကျင့်ကြံမှုမသိ။ အနန္တဧကရာဇ်၊ ရှန်တျန်လူသားမျိုးနွယ်စု။]
‘ကျင့်ကြံမှုမသိဆိုတော့ အနည်းဆုံး ကောင်းကင်ဘဝဂ်အဆင့်ပဲ’
ဟန်ကျွယ် ပုန်းနေလို့မရမှန်း သိတာကြောင့် ပြန်ဖြေလိုက်ပါတယ် “ကျုပ်က ဘယ်သူမှ မဟုတ်ပါဘူး၊ တာအိုရောင်းရင်းက ကျုပ်ကို မနှောင့်ယှက်ဖို့ မျှော်လင့်ပါတယ်”
တပည့်တွေက စောင့်ကြည့်နေတဲ့အတွက် ဟန်ကျွယ်ဟာ တစ်ပြားသားမှ မလျော့ပါဘူး။ ဒါ့အပြင် တာအိုစက်ကွင်းစောင့် ရှိနေတာကြောင့်လည်း ဟန်ကျွယ်ဟာ တစ်ဖက်လူကို မကြောက်ပါဘူး။ ဘာပဲဖြစ်ဖြစ် ဇုထူကို ပုံတူပွားထားတဲ့ လွီပုက ကောင်းကင်ဘဝဂ်အဆင့် ထိပ်သီးကျင့်ကြံသူ မဟုတ်ပါလား။
ကျန်းတုကူးရဲ့အသံ ထပ်မံထွက်ပေါ်လာပါတယ် “ကျုပ် သိချင်ရုံပါ၊ ခင်ဗျားကို မနှောင့်ယှက်ပါဘူး၊ ခင်ဗျားရဲ့ နာမည်ကို သိလို့ရမလား”
“ရှင်းတောက်ရုံ”
“ရှင်းတောက်ရုံ… ခင်ဗျားက ဘယ်ကလာတာလဲ၊ ကျုပ်က လူသားမျိုးနွယ်စု ကျန်းတုကူးပဲ၊ ကျုပ်ကတော့ အခုလောလောဆယ် ရွမ်လိန့်ကျောင်းတော်မှာ နေနေတယ်၊ ဒီကို ကပ်ဘေးရှောင်ဖို့ ရောက်လာတာ”
“ကျုပ်က အမှောင်ထဲမှာ ပုန်းအောင်းနေတဲ့ သေမျိုးကမ္ဘာတစ်ခုရဲ့ မဟာဝေ့ရှန်မင်းဆက်ကပဲ၊ ဘာနာမည်မှ မရှိတဲ့လူတစ်ယောက်ပါ”
“ခင်ဗျားလည်း ကပ်ဘေး လာရှောင်တာလား၊ ကျုပ် ခင်ဗျားနာမည်ကို တစ်ခါမှ မကြားဖူးဘူးဆိုတော့ ခင်ဗျားက ကပ်ဘေးထဲ တစ်ခါမှ မဝင်ဖူးပုံပဲ”
“ကျုပ်က ကျုပ်အတွက်ပဲ ကျင့်ကြံအားထုတ်တာ၊ ကံတရား အထောက်အပံ့အတွက် သူများကို တိုက်ခိုက်တာက ကျုပ်ရဲ့တာအို မဟုတ်ဘူး”
“ဟားဟား… မဆိုးဘူး၊ ကျုပ် မင်းကို မနှောင့်ယှက်တော့ဘူး”
[ကျန်းတုကူးသည် သင့်အား မျက်နှာသာပေးမှု ရှိလာပါပြီ။ လက်ရှိ မျက်နှာသာပေးမှု: ကြယ်တစ်ပွင့်ခွဲ။]
ကျန်းတုကူးရဲ့ ရောင်ဝါ ပျောက်ကွယ်သွားတော့မှပဲ ဟန်ကျွယ်ဟာ သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပါတယ်။ ပြီးတဲ့အခါမှာတော့ ကျန်းတုကူးရဲ့ အချက်အလက်ကို စစ်ဆေးလိုက်ပါတယ်။
[ကျန်းတုကူး: ကျင့်ကြံမှုမသိ။ အနန္တဧကရာဇ်၊ ရှန်တျန် လူသားမျိုးနွယ်စု၊ တာအိုပညာရှိ နွီဝါ ဖန်တီးခဲ့သော ပထမဦးဆုံး ရှန်တျန် လူသားအုပ်စုမှ ဖြစ်ပြီး လူသားမျိုးနွယ်စု၏ ဘိုးဘေးတစ်ပါး ဖြစ်သည်။ လက်ရှိ၌ ရွမ်လိန့်ကျောင်းတော်တွင် ကျင့်ကြံအားထုတ်နေသည်။ သင်၏ ရှားပါးလှသော ကျင့်ကြံမှု သဘောထားကြောင့် ကျန်းတုကူးသည် သင့်အပေါ် မျက်နှာသာပေးမှု ရှိသွားခြင်းတည်း။ လက်ရှိ မျက်နှာသာပေးမှု: ကြယ်တစ်ပွင့်ခွဲ။]
ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရွမ်လိန့်ကျောင်းတော်ကို တွေ့လိုက်ရလို့ပါပဲ။
‘ဒီအတိုင်းဆို ရွမ်လိန့်ကျောင်းတော်မှာ လီတောက်ခုံးနဲ့ လီရွှမ်အောက်ပဲ ရှိတာ မဟုတ်ဘူးဘဲ၊ ရှန်တျန်လူသားတွေလည်း ရှိနေတာပဲ’
အခုလက်ရှိ လူသားတွေက ရှန်တျန်လူသားတွေ မဟုတ်တော့ပါဘူး။ ရှန်တျန်လူသားတွေက တာအိုပညာရှိရဲ့ ဖန်တီးမှုမို့ အလွန်တရာမှ အရည်အချင်း ရှိကြပါတယ်။
အခုအချိန်အထိ လူသားမျိုးနွယ်စု အင်အားကောင်းနေတာက တာအိုပညာရှိတွေရဲ့ မျက်နှာသာပေးမှုကြောင့်ချည်း မဟုတ်ပါဘူး။ ရှန်တျန်လူသားမျိုးနွယ်စုရဲ့ သွေးတွေချွေးတွေလည်း ပါပါတယ်။ မျက်ရည်ချောင်းစီးပြီး သွေးပင်လယ်ဝေတဲ့ တိုက်ပွဲတွေပြီးမှ လူသားမျိုးနွယ်စုဟာ ကောင်းကင်တာအိုရဲ့ မျက်နှာသာပေးမှုကို ရရှိခဲ့တာပါ။
ဒါကြောင့်လည်း ကောင်းကင်တာအိုအောက်မှာ လူသားတွေကို သတ်တာက မကောင်းမှုဖြစ်ပြီး လူသားတွေကို ကယ်တင်မယ်ဆိုရင် ကောင်းမှုဖြစ်တာပါ။ ကျန်းတုကူးလိုမျိုး ရှန်တျန်လူသားတွေ လူသားမျိုးနွယ်စုထဲမှာ ဘယ်လောက်ရှိနေမလဲဆိုတာ ဘယ်သူသိနိုင်မှာလဲ။
တိတ်ဆိတ်ဂိုဏ်းက လူတိုင်းဟာ စပြီးတော့ ဆွေးနွေးကြပါတယ်။
“ကျန်းတုကူးက တာအိုပညာရှိအတုပဲ၊ သူ့က ဝါတော်တော်မြင့်တယ်” သွမ့်ဟုန်ချန်ဟာ သက်ပြင်းချလိုက်ပါတယ်။ သွမ့်ဟုန်ချန်ဟာ အင်မော်တယ်ဧကရာဇ်အဆင့်ပဲ ရှိပေမဲ့ ရှင်သန်ခဲ့တာ ကြာပြီမို့ ကျော်ကြားတဲ့ နာမည်တော်တော်များများကို ကြားဖူးပါတယ်။
ကျန်းယီကတော့ ဒေါသတကြီး ပြောလိုက်ပါတယ် “ဘာ ရှင်းတောက်ရုံလဲ၊ အရင်တုန်းကလည်း ငါ့ကို သူ့နာမည်ကို စီးမာယိဆိုပြီး လိမ်ခဲ့တာပဲ၊ အခုထိ ပြန်တွေးမိတိုင်း ဒေါသထွက်တုန်းပဲ”
ငရဲကြက်နက်က သိချင်စိတ်နဲ့ မေးလိုက်ပါတယ် “မင်းတို့နှစ်ယောက်လုံးက ကျန်းမျိုးနွယ်တွေ… ဒီထဲမှာ ဇာတ်လမ်းတစ်ခုခု ရှိနေတာလား”
ကျန်းယီက ခေါင်းညိတ်လိုက်ပါတယ် “ငါ့အမေရဲ့ ဘိုးဘေးကို လူသားမျိုးနွယ်စုရဲ့ ကျန်းမိသားစုက ကယ်တင်ပြီး ပြိုးထောင်ပေးခဲ့ဖူးတယ်၊ အဲဒီအချိန်ကစပြီး သူ့မျိုးရိုးနာမည်က ကျန်းဖြစ်သွားတာပဲ၊ ပြောရရင် ငါကလည်း ကျန်းတုကူးနဲ့ ဆွေမျိုးတော်စပ်တယ်၊ ဒါပေမဲ့ မျိုးဆက်ဝေးလွန်းတော့ သူက ငါ့ကို အသိအမှတ်ပြုမှာ မဟုတ်ဘူး၊ ငါကလည်း သူ့ကို အသိအမှတ် မပြုချင်ပါဘူး”
ငရဲနက်နတ်ဆိုးသခင်က မေးလိုက်ပါတယ် “ကျန်းတုကူးက ဇုထူထက် ပိုစွမ်းလား”
တစ်ခါမှ ပါးစပ်မဟတဲ့ လွီပုက ဝင်ပြောပါတယ် “စွမ်းအားပိုကြီးတယ်၊ ဇုထူက ဘယ်လောက်ပဲ စွမ်အားကြီးကြီး အနန္တကပ်ဘေးမှာ ကျရှုံးသွားပြီ၊ ကျန်းတုကူးက လူသားမျိုးနွယ် ကပ်ဘေးမှာ အနိုင်ရပြီး ကံတရား အထောက်အပံ့ အများကြီးရဖူးတယ်၊ နောက်ပြီး ရွမ်လိန့်ကျောင်းတော် တာအိုပညာရှိရဲ့ တာအိုဟောကြားတာကိုလည်း မကြာခဏ နားထောင်ရတယ်၊ သူနဲ့ နှိုင်းယှဉ်ရင် ဇုထူက ပမွှားလေးပဲ ရှိတယ်”
လူတိုင်းဟာ သက်ပြင်းမချဘဲ မနေနိုင်ပါဘူး။
‘အင်မော်တယ်ကမ္ဘာ ပုန်းအောင်းနေတဲ့ စွမ်းအားကြီးပုဂ္ဂိုလ်တွေက တော်တော်များတာပဲ’
မြန်မာပြည် ငြိမ်းချမ်းပါစေ။
Chapter – 384
? Views, Released on December 6, 2024