အခန်း (၃၈၁) သိကျွင်း၏ အကြံအစည်၊ လီယောင် အမွေအနှစ် ရရှိခြင်း
သိကျွင်းက အိပ်မက်ထဲဝင်ဖို့ မကြိုးစားတော့ပေမဲ့ ဟန်ကျွယ်ဟာ စိတ်မချနိုင်သေးပါဘူး ‘သိကျွင်းက ဘာကိစ္စနဲ့ ငါ့ကို လာရှာတာလဲ’
ဟန်ကျွယ်ဟာ ကောင်းကင်လျှို့ဝှက်ချက် တွက်ချက်မှု လုပ်ဆောင်ချက်ကို အသုံးပြုဖို့ ဆုံးဖြတ်လိုက်ပါတယ် “သိကျွင်း ငါ့ကို လာရှာရတဲ့ အကြောင်းရင်းကို သိချင်တယ်”
[သက်တမ်း ၃ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
‘များလှချည်လား… ဒါက အနန္တကပ်ဘေး ရလဒ်ကို တွက်ချက်တာထက်တောင် ပိုများနေပါလား..’
ဟန်ကျွယ်ဟာ အံကြိတ်လိုက်ပြီး ဆက်တွက်ဖို့ ရွေးချယ်လိုက်ပါတယ်။ ချက်ချင်းဆိုသလိုပဲ ဟန်ကျွယ်ရဲ့ သိစိတ်ဟာ မြင်ကွင်းတစ်ခုဆီ ရောက်သွားပါတယ်။
ဒီနေရာဟာ မှောင်မိုက်ပြီး ပဋိပက္ခချီတွေဟာ တိမ်စိုင်တိမ်ခဲတွေလို ရွေ့လျားနေပါတယ်။ တိမ်တွေပေါ်မှာ လူတစ်ယောက် ရုပ်နေပြီး သူ့ဘေးနားမှာတော့ ဖယောင်းတိုင်မီးနဲ့တူတဲ့ အရိပ်တစ်ခု ရှိနေပါတယ်။
ဒီလူက သိကျွင်းပါ။
သိကျွင်းဟာ ဟန်ကျွယ် ထင်ထားတာနဲ့ တခြားစီပါ။ သိကျွင်းဟာ ခက်ထန်ပုံ မရှိဘဲ ညင်သာပျော့ပျောင်းပုံ ပေါ်နေပါတယ်။ သိကျွင်းဟာ တစ်စုံတစ်ခုကို တွေးတောနေတာကြောင့် ငေးမောနေပါတယ်။
ဖယောင်းတိုင်မီးနဲ့တူတဲ့ အရိပ်က ရုတ်တရက် ပြောလိုက်ပါတယ် “တခြား တာအိုပညာရှိတွေက လှုပ်ရှားနေကြပြီ၊ မင်းကရော ဘာလို့ မလှုပ်ရှားသေးတာလဲ”
သိကျွင်းက လေသံအေးနဲ့ ပြန်ပြောလိုက်ပါတယ် “ဘာလို့ လှုပ်ရှားရမှာလဲ၊ ငါက အင်မော်တယ်ပဲ၊ မဟာတာအိုကပ်ဘေး ရောက်လာရင်တောင် ငါက မကြောက်ဘူး”
“ဒါပေမဲ့ မင်းကိုယုံကြည်တဲ့လူတွေ မရှိတော့ရင် မင်းကျင့်ကြံမှုကိုလည်း ထိခိုက်မှာပဲ၊ တခြား တာအိုပညာရှိတွေက မင်းကို ဘာမှမလုပ်ဘူးလို့ ထင်နေတာလား”
ဒီစကားကြောင့် သိကျွင်းဟာ မျက်မှောင်ကြုတ်သွားပြီး အတန်ကြာမှ ပြန်ပြောလိုက်ပါတယ် “ငါ ကောင်းကင်ရုံးတော်က ရှန်စစ်သူကြီးကို ရှာထားပြီးပြီ၊ အဲဒါ မလုံလောက်သေးဘူးလား..”
“မလုံလောက်ဘူး… ဘာဖြစ်လို့လဲဆိုတော့ သူက ကောင်းကင်ရုံးတော်က ဖြစ်နေလို့ပဲ၊ ကောင်းကင်ဧကရာဇ် ကိုယ်တိုင်က နယ်ရုပ်လေ”
“ဒါဆို ငါ့မှာ နောက်ထပ်လူတစ်ယောက် ရှိတယ်”
သိကျွင်းဟာ ပြုံးလိုက်ပြီး ညာလက်ချောင်းတွေနဲ့ တွက်ချက်ကာ ဆန်းကြယ်စွမ်းအား တစ်မျိုးကို အသုံးပြုလိုက်ပါတယ်။ ဒါပေမဲ့ မကြာခင်မှာပဲ သိကျွင်းရဲ့ မျက်နှာတစ်ခုလုံး မည်းမှောင်သွားပြီး လက်ချောင်းတွေနဲ့ ဆက်တွက်ချက်ပါတယ်။
မြင်ကွင်းတစ်ခုလုံး ကွဲကျေသွားပြီး ဟန်ကျွယ်ရဲ့ သိစိတ်ဟာ အစစ်အမှန်ကို ပြန်ရောက်သွားပါတယ်။
‘သိကျွင်းက ငါ့ကို နယ်ရုပ်အဖြစ် အသုံးချချင်တာလား.. တော်သေးတယ်… ငါ သူ့အိပ်မက်ကို လက်မခံလိုက်လို့၊ ဒီသိကျွင်းရဲ့လက်က ကောင်းကင်ရုံးတော်ထိတောင် ရောက်နေပြီ… ကောင်းကင်ဧကရာဇ်က တကယ်ကို အတွင်းပြဿနာရော အပြင်ပြဿနာရော ရင်ဆိုင်နေရတာပဲ’
ဟန်ကျွယ်ဟာ တွေးနေတာကို ရပ်လိုက်ပါတယ်။ သိကျွင်းဘာပဲလုပ်လုပ် ဟန်ကျွယ်ကို ပြဿနာ မတက်စေဘူးဆိုရင် အရာအားလုံး အဆင်ပြေပါတယ်။
ဒီအချိန်မှာ ဟန်ကျွယ်က တာအိုပညာရှိကို ရန်စနိုင်ခွင့် မရှိပါဘူး။ ဟန်ကျွယ်ဟာ သိကျွင်းကို ရန်မစမိအောင် အတက်နိုင်ဆုံး ကြိုးစားမှာပါ။ တကယ်လို့ ရန်စခဲ့မယ်ဆိုရင်တောင် တစ်ဖက်လူကို သူဘယ်မှာ ရှိနေလဲဆိုတာ သိခွင့်ပြုမှာ မဟုတ်ပါဘူး။
အကြောင်းရင်းကို နားလည်ပြီးနောက် ဟန်ကျွယ်ဟာ ခေါင်းထဲက အတွေးတွေကို ရှင်းထုတ်ပြီး ကျင့်ကြံမှုကိုပဲ အာရုံစိုက်ပါတယ်။
ပဋိပက္ခ ကောင်းကင်ခွေး စွမ်းအားကြီးလာကတည်းက တခြားတိတ်ဆိတ်ကျွန်း တပည့်တွေလည်း နောက်ကျ မကျန်ချင်တာကြောင့် ကြိုးကြိုးစား ကျင့်ကြံကြပါတယ်။ ဒီထဲမှာ ချူရှီရန်လည်း ပါပါတယ်။ တာအိုစက်ကွင်းရဲ့ ကာကွယ်မှုကြောင့် ဘာမှပူပန်စရာမရှိတဲ့ တိတ်ဆိတ်ဂိုဏ်းသားတွေဟာ အချိန်တစ်ခုရောက်တိုင်း အနားယူလေ့ ရှိကြပါတယ်။
၇ နှစ်ကြာပြီးနောက်။
လီယောင်ဟာ ဟန်ကျွယ်ဆီ လာလည်ပါတယ်။ လီယောင်ဟာ ဟန်ကျွယ်ဆီ လာလည်တာ ရှားတဲ့အတွက် ဟန်ကျွယ်ဟာ အံအားသင့်သွားပါတယ်။
ကျင့်ကြံခြင်းလိုဏ်ဂူထဲကို ဝင်လာပြီးနောက် လီယောင်ဟာ ဟန်ကျွယ်ရှေ့ ဒူးထောက်ပြီး လေးလေးနက်နက် ပြောလိုက်ပါတယ် “ဂိုဏ်းချုပ်… ကျွန်မ စွမ်းအားပိုကြီးချင်တယ်၊ ကျွန်မ ဂိုဏ်းချုပ်လိုမျိုး အစွမ်းထက်ချင်တယ်၊ ကျွန်မက ဂိုဏ်းချုပ်ရဲ့ တာအိုကျင့်စဉ် သင်ပေးပါ၊ ကျွန်မ တိတ်ဆိတ်ဂိုဏ်းကို ဘယ်တော့မှ သစ္စာမဖောက်ပါဘူး”
လီယောင်ဟာ မဟာညီညွတ်မှု ရွှေအင်မော်တယ် ထိပ်ဆုံးအဆင့်ကို ရောက်နေပြီဆိုပေမဲ့ ဧကရာဇ်အဆင့်နဲ့တော့ အလှမ်းဝေးနေပါသေးတယ်။ နားလည်လွယ်အောင်ပြောရရင် လီယောင်ရဲ့ ကျင့်ကြံမှုက ကန့်သတ်စည်းကို ရောက်နေပြီဖြစ်တဲ့အတွက် ထပ်မတိုးနိုင်တော့ပါဘူး။
ဟန်ကျွယ်က မေးလိုက်ပါတယ် “မင်းက ကျင့်စဉ်လိုချင်တာလား..”
လီယောင်ဟာ ခေါင်းညိတ်လိုက်ပြီး ဟန်ကျွယ်ကို စိုးရိမ်ကြောင့်ကြစွာ ကြည့်လိုက်ပါတယ်။ လီယောင်ဟာ ဟန်ကျွယ် ငြင်းမှာကို ကြောက်နေတာပါ။
“ကောင်းပြီလေ”
[လီယောင်သည် သင့်အပေါ် မျက်နှာသာပေးမှု တိုးသွားပါပြီ။ လက်ရှိ မျက်နှာသာပေးမှု: ကြယ်ခြောက်ပွင့်။]
ဟန်ကျွယ်ဟာ ဒီအသိပေးချက်ကြောင့် ကျေနပ်အားရသွားပါတယ် ‘သူက စိတ်ရင်းအမှန်နဲ့ တောင်းဆိုနေတာကိုး..’
‘ဒီလောက် မျက်နှာသာပေးမှု မြင့်မာတော့ ငါလုပ်ချင်တာ ငါလုပ်လို့ရပြီပေါ့… ဟီးဟီး’
ဟန်ကျွယ်ဟာ မဟုတ်တဲ့အတွေးကို ခေါင်းထဲက မောင်းထုတ်ပြီး လီယောင်ကို ပြောလိုက်ပါတယ် “ဒီလိုဆိုရင် ငါမင်းကို ငါ့ရဲ့ကျင့်စဉ် သင်ပေးမယ်၊ ဒီတာအိုက လောကဦးပဋိပက္ခ ပြန်လည်မွေးဖွားခြင်း မဟာတာအိုပဲ၊ မင်းဒီကျင့်စဉ်ကို ဘယ်သူ့ကိုမှ မပြောရဘူး၊ ဒီထဲမှာ တိတ်ဆိတ်ဂိုဏ်းက လူတွေလည်း ပါတယ်”
ကျေနပ်အံအားသင့်သွားတဲ့ လီယောင်ဟာ ချက်ချင်းပဲ ကတိပေးပါတယ်။ ဘယ်သူပဲဖြစ်ဖြစ် ကိုယ်ယုံကြည်လေးစားရတဲ့ လူတစ်ယောက်ဆီကနေ ဒီလိုမျိုး ဆက်ဆံခံရရင် ကျိန်းသပေါက် စိတ်လှုပ်ရှားကြမှာပါ။
ဟန်ကျွယ်ဟာ လီယောင်ကို လောကဦးပဋိပက္ခ ပြန်လည်မွေးဖွားခြင်း မဟာတာအိုရဲ့ ဧကရာဇ်အခန်းကို သင်ကြားပေးလိုက်ပါတယ်။ ဒီဟာနဲ့တင် လီယောင်ဟာ အင်မော်တယ်ဧကရာဇ် နဝမအဆင့်ရောက်အောင် ကျင့်ကြံနိုင်ပါပြီ။
တိတ်ဆိတ်ဂိုဏ်းက အင်အားကြီးချင်တယ်ဆိုရင် ကိုယ်ပိုင်တပည့်တွေကို ပြုစုပြိုးထောင်ပေးဖို့ လိုအပ်ပါတယ်။ အမြဲတမ်း အပြင်ကျင့်ကြံသူတွေကိုချည်း အားကိုးနေလို့ မရပါဘူး။
ဟန်ကျွယ်ဟာ ငရဲနက်နတ်ဆိုးသခင်၊ စန့်ရှီ၊ သွမ့်ဟုန်ချန်နဲ့ ကျန်းယီတို့ကို ၁၀၀ ရာခိုင်နှုန်း မယုံကြည်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့မှာ နောက်ကြောင်းကိုယ်စီ ရှိနေကြလို့ပါပဲ။ ဒါပေမဲ့ လီယောင်ကတော့ သူတို့နဲ့ မတူပါဘူး။ လီယောင်ဟာ အတိတ်က ကိစ္စတွေကို ဖြတ်တောက်ထားတာ ကြာပြီဖြစ်တဲ့အတွက် အတိတ်ကလူတွေနဲ့ ဘာကံတရားမှ မရှိတော့ပါဘူး။
လီယောင်ဟာ ဟန်ကျွယ် ပေးလိုက်တဲ့ ကျင့်စဉ်မှတ်ဉာဏ်တွေကို စပြီးတော့ လေ့လာသုံးသပ်ပါတယ်။ ဟန်ကျွယ်ကလည်း လီယောင်ကို မနှောင့်ယှက်ဘဲ ကိုယ့်ဘာသာ ဆက်ကျင့်ကြံပါတယ်။
ငါးနှစ်ကြာတဲ့ အခါမှာတော့ လီယောင်ဟာ ကျင့်စဉ်မှတ်ဉာဏ်တွေကို လေ့လာသုံးသပ်ရာကနေ နိုးထလာပါတယ်။ လီယောင်ဟာ မျက်စိဖွင့်ဖွင့်ချင်း ဟန်ကျွယ်ရဲ့ ပြီးပြည့်စုံလှတဲ့ မျက်နှာကို အရင်ဆုံး မြင်တွေ့လိုက်ရပါတယ်။ အကောင်းစား ရတနာတွေရဲ့ အလင်းရောင်အောက်မှာ ဟန်ကျွယ်ဟာ ဘယ်သူမှ မစော်ကားရဲတဲ့ နတ်ဘုရားတစ်ပါးလိုပါပဲ။
အဲဒီနောက် လီယောင်ဟာ ဟန်ကျွယ် သင်ပေးတဲ့ ကျင့်စဉ်ကို တွေးမိသွားပြီး အံဩတကြီး ဖြစ်သွားရပါတယ်။ လောကဦးပဋိပက္ခ ပြန်လည်မွေးဖွားခြင်း မဟာတာအိုနဲ့ နှိုင်းယှဉ်ရင် လီယောင်ရဲ့ အရင်ကျင့်စဉ်က သေမျိုးကမ္ဘာမှာရှိတဲ့ သိုင်းကျမ်းလိုမျိုး ကမ္ဘာခြားနေတာပါ။
လီယောင်ဟာ နှုတ်ခမ်းကို အသာကိုက်လိုက်ပါတယ် “ဂိုဏ်းချုပ်ရဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်၊ ကျွန်မ တာအိုကျင့်စဉ်ကို သိမြင်နားလည်သွားပြီ၊ ဂိုဏ်းချုပ် ကျွန်မကို လုပ်ခိုင်းချင်တာများ ရှိသေးလား”
ဟန်ကျွယ်ဟာ မျက်စိမဖွင့်ဘဲ ပြောလိုက်ပါတယ် “အပြင်ထွက်ပြီး သွားလေ့ကျင့်တော့၊ ဧကရာဇ်အဆင့်ကို အမြန်ဆုံးရောက်အောင်လုပ်”
လီယောင်ဟာ ခေါင်းညိတ်ပြီး ထွက်ခွာသွားပါတယ်။
လီယောက်မျက်နှာက ကသိကအောက် ဖြစ်နေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီတစ်ကြိမ်မှာ လီယောင်က သူ့အပျိုစင်ဘဝကို ဆုံးပြီလို့ တွက်ထားလို့ပါပဲ။ လီယောင်က ဟန်ကျွယ်ကို ကြိုက်ပါတယ်။ ဘယ်မိန်းမကများ ဟန်ကျွယ်လို ယောက်ျားကို မကြိုက်ဘဲနေနိုင်မှာလဲ။
ဘယ်လိုပဲဖြစ်ဖြစ် ဟန်ကျွယ်က ဘာမှမလုပ်တဲ့အတွက် လီယောင် နှလုံးသားထဲက ဟန်ကျွယ်ပုံရိပ်ဟာ တစ်ဆင့်မြင့်သွားပါတယ်။
ဟန်ကျွယ်ဟာ လီယောင် ဘာတွေးနေလဲဆိုတာကို သိပါတယ်။ ဒါပေမဲ့ ဂရုမစိုက်ပါဘူး။ အခုအချိန်မှာ ဟန်ကျွယ်က သေမျိုးမဟုတ်တော့တဲ့အတွက် သွေးသားဆန္ဒထက်စာရင် ဝိညာဉ်အသွင်ပြောင်းလဲမှုကို ပိုနှစ်ခြိုက်နေပါပြီ။ ဒါပေမဲ့ လီယောင်က ရှင်းဟုန်ရွှမ်လိုမျိုး အရင်စလုပ်မယ်ဆိုရင်တော့ ဟန်ကျွယ်က ငြင်းမှာ မဟုတ်ပါဘူး။
ကာမဟာ ဟန်ကျွယ် တကူးတက လိုချင်နေတဲ့အရာ မဟုတ်ပါဘူး။ ဟန်ကျွယ်ရဲ့ ပန်းတိုင်က ထာဝရအသက် မဟုတ်ပါလား။
ဟန်ကျွယ်ဟာ လီယောင်ကို အများကြီး မျှော်လင့်ထားပါတယ်။ လီယောင်ကို အမွေအနှစ်အစစ် ပေးလိုက်တာကလည်း လီယောင်က သူ့လိုမျိုးစရိုက်ရှိလို့ပါ။
ကျင့်ကြံခြင်းလိုဏ်ဂူထဲက ထွက်လာတဲ့ လီယောင်ကို တိတ်ဆိတ်ဂိုဏ်းသားတွေက ဝန်းရံပြီး မေးခွန်းတွေ တစ်ယောက်တစ်ပေါက် မေးမြန်းပါတော့တယ်။
“ဂိုဏ်းချုပ်က မင်းကို ဘာကိစ္စနဲ့ ရှာတာလဲ”
“ကျင့်ကြံခြင်းလိုဏ်ဂူထဲမှာ ဒီလောက်အကြာကြီး နေခဲ့တာဆိုတော့ တစ်ခုခု ရခဲ့တယ် မဟုတ်လား..”
“ဘယ်တော့မှ ငါ့အလှည့်ရောက်မလဲ မသိဘူး”
“မင်းက သခင်ကို စားလိုက်တယ်လို့တော့ မပြောနဲ့နော်၊ ဟုတ်တယ် မင်းက သခင်ကို စားလိုက်တာ ဖြစ်ရမယ်၊ တခြားမိန်းမတွေ ဒီလိုလုပ်တာကို ငါ မြင်ဖူးတယ်”
“တိုးတိုးပြော… မင်းပြောတာကို ဆရာဘိုးဘိုး ကြားသွားလိမ့်မယ်”
“လာနောက်နေတာလား… ဂိုဏ်းချုပ်က ငါတို့အတွေးတွေကိုတောင် ကြားနိုင်လောက်တယ်၊ အသံတိုးလို့ ဘာထူးမှာလဲ”
လီယောင်ဟာ လူတိုင်းရဲ့ မေးခွန်းတွေကို တည်တည်ငြိမ်ငြိမ်နဲ့ ပြန်ဖြေပါတယ် “ကျွန်မ ဂိုဏ်းချုပ်ဆီက ဓားတာအို လမ်းညွှန်မှုကို သွားခံယူတာ၊ ကျွန်မက ပိုပြီးတော့ အစွမ်းထက်လာတော့မယ်၊ ဒီက အင်မော်တယ်လေးပါး ကံကောင်းပါစေ”
ငရဲနက်နတ်ဆိုးသခင်၊ ကျန်းယီ၊ စန့်ရှီနဲ့ သွမ့်ဟုန်ချန်တို့ဟာ ပါးစပ်အဟောင်းသား ဖြစ်သွားပါတယ် ‘ဒီမိန်းမက ဧကရာဇ်အဆင့်ကို ရောက်တော့မှာလား..’
ကျန်းယီတောင် ဖိအားခံစားလိုက်ရပါတယ်။ လီယောင်ရဲ့ အရည်အချင်းက တကယ်ကို ကြောက်ဖို့ကောင်းတာပါ။ ဒီထက်ပိုပြီး အရေးကြီးတာက လီယောင်ဟာ အမြဲတမ်း ကျင့်ကြံမှုကိုပါ အလိုရှိတာပါ။ အမြဲတမ်းလိုလို လီယောင်ဟာ ကျင့်ကြံအားထုတ်နေပြီး တခြားသူတွေနဲ့ စကားပြောဆိုခြင်း သိပ်မရှိပါဘူး။ ဝူတောက်ကျန့်ကလွဲရင်ပေါ့။
“ကြိုးကြိုးစားစား ကျင့်ကြံကြ၊ ငါ မင်းတို့ရဲ့ စွမ်းဆောင်ရည်ကိုကြည့်ပြီး လိုအပ်တဲ့ ပြိုးထောင်မှုတွေ လုပ်ပေးမယ်၊ တိတ်ဆိတ်ဂိုဏ်းက ပုန်းပဲပုန်းနေတာ ငပျင်းတွေ ငတုံးငအတွေနေတဲ့ဂိုဏ်း မဟုတ်ဘူး” ကျင့်ကြံခြင်းလိုဏ်ဂူထဲကနေ ထွက်ပေါ်လာတဲ့ ဟန်ကျွယ်ရဲ့ အသံက လူတိုင်းကို လန့်ဖျပ်သွားစေပါတယ်။ တစ်ချိန်တည်းမှာပဲ တိတ်ဆိတ်ဂိုဏ်းသားတိုင်းကိုလည်း မျှော်လင့်ချက်ရောင်ခြည် သမ်းသွားစေပါတယ်။
မျက်တောင်တစ်ခတ်အတွင်း နောက်ထပ် ၁၀ နှစ် ကုန်ဆုံးသွားပါတယ်။
ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို ထုတ်ယူပြီး ရန်သူတွေကို ကျိန်စာတိုက်ရင်းနဲ့ စာအိတ်တွေကို စစ်ဆေးလိုက်ပါတယ်။
ဒီအတောအတွင်း ကောင်းကင်ရုံးတော်ဟာ နောက်ထပ်စစ်ပွဲတစ်ပွဲကို ရင်ဆိုင်ရပါတယ်။ ဒီစစ်ပွဲမှာ အင်အားစုအများကြီးက ကောင်းကင်ရုံးတော်ကို ဝိုင်းတိုက်တာ ဖြစ်တဲ့အတွက် ဟန်ကျွယ်ဟာ ကောင်းကင်ဧကရာဇ်ကို မစိုးရိမ်ဘဲ မနေနိုင်ပါဘူး။
အထူးသဖြင့် လုံဟောင်က ဟန်ကျွယ်ကို တော်တော်လေး ခေါင်းကိုက်စေပါတယ်။ ဟန်ကျွယ်ဟာ ဟောင်တျန်ကို သတ်ချင်ပေမဲ့ လုံဟောင်ကို ထိခိုက်မှာစိုးတဲ့အတွက် ကျိန်စာမတိုက်ရဲပါဘူး။ လုံဟောင် ကောင်းကင်ဧကရာဇ်ကို သတ်တာက အနာဂတ်မှဖြစ်တဲ့အတွက် အခုအချိန်မှာ လုံဟောင်က ဘာအပြစ်မှမလုပ်ထားတဲ့ ဟန်ကျွယ်ရဲ့ တပည့်တစ်ယောက်ပါ။
‘မင်း စိတ်လိုက်မာန်ပါ မလုပ်ဖို့ မျှော်လင့်ရတာပဲ၊ မဟုတ်လို့ကတော့ အနာဂတ်မှာ မင်းကို ငါ့ကိုယ်တိုင် ပြန်သတ်ရလိမ့်မယ်’
ဟန်ကျွယ်ဟာ စိတ်ထဲမှာ သက်ပြင်းချလိုက်ပြီး မျက်လုံးတွေက တစ်ဖန်ပြတ်သားသွားပါတယ်။ လောကမှာ ပြီးပြည့်စုံတဲ့ အစီအစဉ်ဆိုတာ မရှိပါဘူး။ ဒါကြော်င့ ဟန်ကျွယ်ဟာ သူ့နှလုံးသားနောက်ကိုပဲ လိုက်မှာပါ။
ဒီအချိန်မှာပဲ ဟန်ကျွယ်ဟာ တစ်စုံတစ်ယောက်က ဖိတ်ခေါ်ပညာရပ် အသုံးပြုနေတာကို ခံစားမိလိုတာကြောင့် ရင်ထိတ်သွားပါတယ်။
‘လုံဟောင်များလား… သူက ငါ့ကို လှည့်ဖြားပြီး ဒုက္ခပေးချင်နေတာလား…’
မြန်မာပြည် ငြိမ်းချမ်းပါစေ။
Chapter – 381
? Views, Released on December 6, 2024