အခန်း (၃၈၀) ပဋိပက္ခကောင်းကင်ခွေး စွမ်းအားကြီးမားလာခြင်း၊ သိကျွင်း
ဟန်ကျွယ်ဟာ ကောင်းကင်တာအို ကုသိုလ်ကံကို လောကဦးကမ္ဘာထဲမှာ သိမ်းထားခဲ့တာ ကြာပါပြီ။ ဧကရီဟုတ်ထိုက ကောင်းကင်တာအို ကုသိုလ်ကံကို သိမ်းဆည်းလို့ရတဲ့ ကုသိုလ်ကံ ဝိညာဉ်ရတနာ အနန္တဓားကို ပေးသွားပေမဲ့လည်း ဒီဓားက ဟွမ်သွမ့်ဓားကို မယှဉ်နိုင်တာကြောင့် ဟန်ကျွယ်လည်း မသုံးဖြစ်ပါဘူး။
ဒီတစ်ကြိမ်မှာတော့ ဟန်ကျွယ်ဟာ ရုတ်တရက်ဆိုသလို ပဋိပက္ခကောင်းကင်ခွေးကို သတိထားမိသွားပါတယ်။ ပဋိပက္ခ ကောင်းကင်ခွေးဟာ မျက်လုံး ဖောက်ထုတ်ခံရပြီးကတည်းက အပြောင်းလဲကြီး ပြောင်းလဲကာ အမြဲတမ်း တိတ်ဆိတ်နေပါတယ်။ ကြည့်ရတာတော့ သူ ဘယ်သူလဲဆိုတာ ပျောက်ဆုံးသွားပုံပါပဲ။ ဟန်ကျွယ်တောင် ပဋိပက္ခ ကောင်းကင်ခွေးရဲ့ တည်ရှိမှုကို မေ့တေ့တေ့ ဖြစ်နေပါပြီ။
ဒါကြောင့် ဟန်ကျွယ်ဟာ ရုတ်တရက် အကြံတစ်ခု ရသွားပါတယ်။ အဲဒါကတော့ ကောင်းကင်တာအို ကုသိုလ်ကံကို အသုံးပြုပြီး ပဋိပက္ခ ကောင်းကင်ခွေးကို ကူညီဖို့ပါ။ ပဋိပက္ခ ကောင်းကင်ခွေးက ကံတရား အထောက်အပံ့ရှိတဲ့ နတ်သားရဲ ဖြစ်တဲ့အတွက် ကောင်းကင်တာအိုကနေ လွတ်မြောက်ဖို့ ခက်ခဲလှပါတယ်။ ဒါကြောင့် ကောင်းကင်တာအို ကုသိုလ်ကံကို ပဋိပက္ခ ကောင်းကင်ခွေးဆီမှာ အသုံးပြုလိုက်တာက ပိုကောင်းပါတယ်။
ပဋိပက္ခ ကောင်းကင်ခွေးရဲ့ သဘောတူညီမှုကို ရတာနဲ့ ဟန်ကျွယ်ဟာ ပဋိပက္ခကောင်းကင်ခွေးရဲ့ ဦးခေါင်းကို လက်နဲ့ထိပြီး ကောင်းကင်တာအို ကုသိုလ်ကံကို ပို့လွှတ်လိုက်ပါတယ်။
ရှကျဲ့မျိုးနွယ်စုကို နာမည်ပေးလို့ရထားတဲ့ ကောင်းကင်တာအို ကုသိုလ်ကံက အလွန်တရာ များပြားပါတယ်။ ဟန်ကျွယ်ဟာ အနန္တဓားထဲကို ကုသိုလ်ကံနည်းနည်း ထည့်ခဲ့ပေမဲ့ သူ ရထားတဲ့ ကောင်းကင်တာအို ကုသိုလ်ကံ ပမာဏနဲ့ နှိုင်းယှဉ်ရင် ဘာမှ မပြောပလောက်ပါဘူး။
ကောင်းကင်တာအို ကုသိုလ်ကံကြောင့် ပဋိပက္ခ ကောင်းကင်ခွေးရဲ့ ခန္ဓာကိုယ်ကနေ ရွှေရောင်အလင်းတွေ ဖြာထွက်လာပါတယ်။ ဟန်ကျွယ်ဟာ ဝိညာဉ်စွမ်းအားကို အသုံးပြုပြီး ကောင်းကင်တာအို ကုသိုလ်ကံကို ပဋိပက္ခ ကောင်းကင်ခွေး စုပ်ယူနိုင်အောင် ကူညီပေးပါတယ်။
အချိန်ဟာ တရွေ့ရွေ့ ကုန်ဆုံးသွားပြီး တစ်နှစ်ကြာသွားပါတယ်။
ပဋိပက္ခ ကောင်းကင်ခွေးဟာ ကောင်းကင်တာအို ကုသိုလ်ကံကို စုပ်ယူလို့ မပြီးသေးပေမဲ့ ဟန်ကျွယ်ရဲ့ အကူအညီကို မလိုတော့ပါဘူး။ ပဋိပက္ခ ကောင်းကင်ခွေးရဲ့ ကျင့်ကြံမှုဟာ မဟာညီညွတ်မှု အင်မော်တယ်စစ်ကို ထိုးတက်သွားပြီး ဒီနေရာမှာတင် မရပ်ဘဲ ဆက်တိုးပါတယ်။
ဒါကိုကြည့်ခြင်းအားဖြင့် ကောင်းကင်တာအို ကုသိုလ်ကံက ဘယ်လောက်ထိ စွမ်းအားကြီးလဲဆိုတာ သိနိုင်ပါတယ်။
ဟန်ကျွယ်ဟာ တစ်စုံတစ်ခုဖြစ်မှာကို စိုးရိမ်တဲ့အတွက် ပဋိပက္ခ ကောင်းကင်ခွေးကို ကျင့်ကြံခြင်းလိုဏ်ဂူထဲမှာပဲ နေခိုင်းပြီး ကောင်းကင်တာအို ကုသိုလ်ကံကို ဆက်စုပ်ယူစေပါတယ်။ ဟန်ကျွယ်ကတော့ ဆက်လက်ကျင့်ကြံပါတယ်။
‘ကောင်းကင်တာအို ကုသိုလ်ကံက တော်တော်စွမ်းအားကြီးတာပဲ၊ ဒါပေမဲ့ အကျိုးအမြတ် များရင် များသလောက် ပြန်ပေးဆပ်ရမဲ့ တန်ဖိုးကလည်း မြင့်မှာပဲ၊ ဒါ ကောင်းကင်တာအိုရဲ့ ငါးစာပဲ ဖြစ်ရမယ်…’
ဟန်ကျွယ်ဟာ ခေါင်းခါပြီး ပြုံးလိုက်ပါတယ်။
ပဋိပက္ခ ကောင်းကင်ခွေးက ဟန်ကျွယ် မဟုတ်ပါဘူး။ ကောင်းကင်တာအို ကုသိုလ်ကံရဲ့ ကန့်သတ်စည်းက ကောင်းကင်တာအို ပညာရှိဆိုရင်တောင် ပဋိပက္ခ ကောင်းကင်ခွေးအတွက် တော်တော်လေး အထင်ကြီးဖို့ ကောင်းနေပါပြီ။ ပြောရမယ်ဆိုရင် ပဋိပက္ခ ကောင်းကင်ခွေးက တာအိုပညာရှိ ဖြစ်ဖို့ကို အိပ်မက်ထဲတောင် ထည့်မက်ဖူးမှာ မဟုတ်ပါဘူး။
ကျို့ယိုငရဲ၊ ပြဒါးငှက် မျိုးနွယ်စု။
ပြဒါးငှက်မျိုးနွယ်စုဟာ တောင်ထိပ်တစ်ခုမှ စုရုံးနေကြပါတယ်။ တောင်ထိပ်မှာ တည်ရှိနေတဲ့ နန်းတော်တစ်ဆောင်ရဲ့ ခန်းမတစ်ခုမှာ အနီရောင်ဝတ်ရုံကို ဝတ်ဆင်ထားတဲ့ အမျိုးသားတစ်ယောက်က အော်မေးလိုက်ပါတယ်။
“ငါတို့တွေ အခုထိ မီးလျှံနီ အကြီးအကဲကို ရှာမတွေ့သေးဘူးလား”
ဒီအနီရောင်ဝတ်ရုံကို ဝတ်ဆင်ထားတဲ့ အမျိုးသားဟာ ပြဒါးငှက်မျိုးနွယ်စုရဲ့ ခေါင်းဆောင် ပြဒါးငှက်ဧကရာဇ်ပဲ ဖြစ်ပါတယ်။
အသွင်ပြောင်းထားတဲ့ ပြဒါးငှက်တစ်ကောင်က ဂရုတစိုက် ပြန်ဖြေပါတယ် “ကျွန်တော် အကြီးအကဲကို ရှာမတွေ့ဘူး၊ အကြီးအကဲရဲ့ ရောင်ဝါက လုံးဝ ပျောက်ကွယ်သွားပြီး သူ့အသက်တိုကင်ကလည်း ကွဲကျေသွားပြီ၊ ကျွန်တော် အထင်… ကျို့ယိုငရဲထဲမှာ လောကဦးယွမ်ဖီးနစ်ကို ဖိနှိပ်ထားတာဆိုတော့ အကြီးအကဲ မီးလျှံနီက အဲဒီကိုများ…”
ပြဒါးငှက်ဧကရာဇ်ဟာ ဒေါသကြောင့် တစ်ကိုယ်လုံး ဆက်ဆက်တုန်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အကြီးအကဲ မီးလျှံနီက နတ်မင်းအဆင့် ကျင့်ကြံသူမို့လို့ပါ။
ပြဒါးငှက်မျိုးနွယ်စု တစ်စုလုံးမှာ နတ်မင်းအဆင့် ကျင့်ကြံသူက လက်ချိုးရေလိုရပါတယ်။ ဒါ့အပြင် နတ်မင်းအဆင့် ကျင့်ကြံသူတစ်ဦးအတွက် ကုန်ကျခဲ့တဲ့ ရင်းမြစ်တွေကလည်း နည်းနည်းနောနော မဟုတ်ပါဘူး။ ဒီလို ကုန်ကျခဲ့ရတဲ့အတွက်လည်း ပြဒါးငှက်ဧကရာဇ်ဟာ အကြီးအကဲ မီးလျှံနီ ဒီလိုသေဆုံးသွားတာကို ခံရခက်နေတာပါ။ ဒါပေမဲ့ လောကဦးယွမ်ဖီးနစ်ကို တွေးမိတဲ့အခါမှာတော့ ပြဒါးငှက်ဧကရာဇ်ရဲ့ မျက်နှာဟာ ကူကယ်ရာမဲ့ ဖြစ်သွားပါတယ်။
လောကဦးယွမ်ဖီးနစ်ဟာ ငှက်အားလုံးရဲ့ ဘိုးဘေး ဖြစ်ပါတယ်။ တစ်ချိန်တုန်းက လောကဦးယွမ်ဖီးနစ်ဟာ ကောင်းကင်တာအိုအောက်မှာရှိတဲ့ ငှက်အားလုံးကို စုစည်းခဲ့ပါတယ်။ ဒီလိုတည်ရှိမှုမျိုးကို ရင်ဆိုင်ရမယ်လို့ တွေးမိလိုက်တဲ့ ပြဒါးငှက်ဧကရာဇ်ဟာ ခေါင်းကျိန်းသွားပါတယ်။
“မင်း လောကဦးယွမ်ဖီးနစ်ကို ကိုယ်တိုင် တွေ့ခဲ့လို့လား” ပြဒါးငှက်ဧကရာဇ်က မေးလိုက်ပါတယ်။
“တွေ့ခဲ့ပါတယ်၊ ဒါပေမဲ့ ကျွန်တော် သူ့နားကို ချဉ်းကပ်တယ်ဆိုရင်ပဲ သတ်ဖြတ်ငွေ့ကို ခံစားမိလို့ ဆက်ပြီး မနှောင့်ယှက်ရဲတော့ဘူး…” အသွင်ပြောင်းထားတဲ့ ပြဒါးငှက်ဟာ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘာမှမတက်နိုင်ပါဘူး။
ပြဒါးငှက်ဧကရာဇ်ရဲ့ မျက်နှာဟာ မှောင်မည်းသွားပါတယ် “ကျယ်ကျောင်းတော်ရဲ့ သဘောထားကရော…”
“သူတို့က ရန်ဖြစ်နေတာကို ရပ်ချင်ပြီ၊ သူတို့ရဲ့ မူလရည်ရွယ်ချက်က ကပ်ဘေးလာရှောင်တာဆိုတော့ ကျွန်တော်နဲ့ ကျို့ယိုငရဲကို မျှနေပြီး တစ်ဖက်နဲ့တစ်ဖက် မနှောင့်ယှက်ဖို့ မျှော်လင့်နေကြတယ်၊ ကျွန်တော်တို့ အင်အားစုနှစ်စု ပူးပေါင်းပြီး ကျို့ယိုငရဲထဲကို နောက်ထပ်အင်အားစုတွေ ရောက်မလာအောင် ဟန့်တားရင် အကောင်းဆုံးပဲတဲ့”
ပြဒါးငှက်ဧကရာဇ်ဟာ ဒီသတင်းကြောင့် နေသာထိုင်သာ ရှိသွားပါတယ်။ ပြဒါးငှက်ဧကရာဇ်လည်း ကျို့ယိုငရဲထဲကို တခြားအင်အားစုတွေ ထပ်ဝင်လာမှာ စိုးရိမ်နေတာပါ။ ကျို့ယိုငရဲမှာ အင်အားစုတွေ များလာတာနဲ့ အနန္တကပ်ဘေးကလည်း အလိုလိုကပ်ပါလာမှာပါ။
“ငါ့ကို ကျင်းတျန်ကုန်းနဲ့ ဆက်သွယ်ပေး၊ ငါ သူနဲ့ ကိုယ်တိုင်စကားပြောမယ်”
“ဟုတ်ကဲ့ပါ”
ပြဒါးငှက်မျိုးနွယ်စုဟာ သူတို့ရဲ့ အကြီးအကဲ မီးလျှံနီကို လောကဦးယွမ်ဖီးနစ်က သတ်လိုက်တယ်လို ထင်နေကြပါတယ်။ ဒီအကြောင်းကို ဟန်ကျွယ် မသိပါဘူး။ သိရင်လည်း ဂရုစိုက်မှာ မဟုတ်ပါဘူး။ အခုအချိန်မှာ ဟန်ကျွယ်က နတ်မင်းအဆင့် ကျင့်ကြံသူကို မျက်စိထဲ မထည့်တော့ပါဘူး။
မျက်တောင်တစ်ခတ်အတွင်း ၁၀ နှစ် ကုန်ဆုံးသွားပါတယ်။
ပဋိပက္ခ ကောင်းကင်ခွေးဟာ ကောင်းကင်တာအို ကုသိုလ်ကံကို ကုန်စင်အောင် စုပ်ယူလို့ ပြီးသွားပြီး ကံတရား အထောက်အပံ့ရော ကျင့်ကြံမှုရော ထိုးတက်ကာ မဟာညီညွတ်မှု ရွှေအင်မော်တယ် နောက်ဆုံးအဆင့်ကို ရောက်ရှိသွားပါတယ်။ ဒီရလဒ်ကြောင့် ပဋိပက္ခ ကောင်းကင်ခွေးဟာ အတော့်ကို စိတ်လှုပ်ရှားသွားပါတယ်။ ဟန်ကျွယ်ဟာ ပဋိပက္ခ ကောင်းကင်ခွေးကို ဒီအတိုင်း ပြန်မလွှတ်ဘဲ ဒြပ်စင်ငါးပါး နတ်ရောင်ခြည် ဆန်းကြယ်စွမ်းအားကို သင်ပေးလိုက်ပါသေးတယ်။
ဒါကြောင့် ကျင့်ကြံခြင်းလိုဏ်ဂူထဲက ထွက်သွားတဲ့ ပဋိပက္ခ ကောင်းကင်ခွေးဟာ ဝင်လာတုန်းကလိုမျိုး သိမ်သိမ်ငယ်ငယ် မဟုတ်တော့ဘဲ ခေါင်းမော့ရင်ကော့ နေပါတယ်။
ဟန်ကျွယ်ဟာ ပဋိပက္ခ ကောင်းကင်ခွေးရဲ့ အမူအရာကို ဟန့်တားခြင်းမရှိဘဲ တိတ်ဆိတ်ဂိုဏ်းဝင်တွေကိုသာ မပျင်းမရိဘဲ ကြိုးကြိုးစားစား ကျင့်ကြံကြဖို့ မိန့်ခွန်းခြွေလိုက်ပါတယ်။
ပြန်လည်မွေးဖွားသလို အစစ အရာရာ ပြောင်းလဲသွားတဲ့ ပဋိပက္ခ ကောင်းကင်ခွေးဟာ လူတိုင်းကို ပါးစပ်အဟောင်းသား ဖြစ်သွားစေပါတယ်။ ငရဲကြက်နက်ကလည်း ဟန်ကျွယ်ရဲ့ ဘက်လိုက်မှုကြောင့် အော်ကြီးဟစ်ကျယ် ဖြစ်သွားပါတယ် ‘သခင်က ငါ့ကိုကျ ဘာလို့ ဒီလိုအခွင့်အရေး မပေးတာလဲ’
ဒီအချိန်ကစပြီး ပဋိပက္ခ ကောင်းကင်ခွေးဟာ ဘိတ်ချီး မဟုတ်တော့ပါဘူး။ ဒါပေမဲ့ ပဋိပက္ခ ကောင်းကင်ခွေးဟာ တခြားသူတွေကို ချက်ချင်း စိန်မခေါ်ဘဲ ဒြပ်စင်ငါးပါး နတ်ရောင်ခြည်ကို အရင်ဆုံး ကျင့်ကြံပါတယ်။ ဒြပ်စင်ငါးပါး နတ်ရောင်ခြည်ကို တတ်မြောက်သွားမှ တခြားသူတွေကို တစ်ယောက်ပြီး တစ်ယောက် လိုက်စိန်ခေါ်မယ်လို့ ပဋိပက္ခ ကောင်းကင်ခွေးက ဆုံးဖြတ်ထားပုံပါပဲ။
ကျင့်ကြံခြင်းလိုဏ်ဂူထဲက ဟန်ကျွယ်ကတော့ ကြမ္မာဆိုးစာအုပ်ကို ထုတ်ယူပြီး ရန်သူတွေကို ကျိန်စာ စတိုက်ပါတယ်။ ဒီနှစ်တွေမှာ ဟန်ကျွယ်ဟာ သူ့ဘေးနားက လူတွေကိုပဲ အာရုံစိုက်တဲ့အတွက် အင်မော်တယ်ကမ္ဘာရဲ့ အခြေအနေကို သိပ်မသိတော့ပါဘူး။ ဒါကြောင့် ဟန်ကျွယ်ဟာ စာအိတ်ကို ဖွင့်လှစ်လိုက်ပါတယ်။
[သင့်မိတ်ဆွေ ဂျိရှင်းရှန်သည် အင်မော်တယ်ကမ္ဘာမှ ထွက်ခွာသွားသည်။]
[သင့်မြေးတပည့် ဖန်းလျန်သည် သေမျိုးကမ္ဘာမှ ထွက်ခွာသွားသည်။]
[သင့်မိတ်ဆွေ ဟွမ်ဂျိဟောင်သည် သင့်မိတ်ဆွေ ကျန်းကူရှင်း၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။]
[သင့်မိတ်ဆွေ ကျန်းကူရှင်းသည် လျှို့ဝှက်ဆန်းကြယ် စွမ်းအားကြီး ပုဂ္ဂိုလ်တစ်ပါး၏ တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်။]
[သင့်မိတ်ဆွေ လီတောက်ခုံးသည် ကျိန်စာတိုက်ခံရသော်လည်း အကောင်းစား ရတနာ ရှိနေသောကြောင့် ဘာမှမဖြစ်ပေ။]
[သင့်မိတ်ဆွေ ကောင်းကင်ဧကရာဇ်သည် ကျိန်စာတိုက်ခံခဲ့ရ၏။]
[သင့်မိတ်ဆွေ ကျင်းတျန်ကုန်းသည် ကျိန်စာတိုက်ခံခဲ့ရ၏။]
[သင့်တပည့် လုံဟောင်သည် ကောင်းကင်တာအိုသို့ ဝင်ရောက်ပြီး ကံကြမ္မာမြစ်အား သုံးသပ်ခဲ့သည်။]
[သင့်တပည့်စုချီ၏ ကြမ္မာဆိုးသည် ကန့်သတ်စည်းသို့ ရောက်ရှိသွားသဖြင့် အင်မော်တယ်ဧကရာဇ် ဖြစ်သွားပြီး ကံတရား အထောက်အပံ့ ပြောင်းလဲသွား၏။]
ဟန်ကျွယ် ဖတ်မိသလောက် တော်တော်များများက ကျိန်စာတိုက်ခံရတာချည်းပါပဲ။ တိုက်ခိုက်ခံရတာက မရှိမဟုတ်ပေမဲ့ ကျိန်စာတိုက်ခံရတာလောက်တော့ မများပါဘူး။ ကျင်းတျန်ကုန်းတောင် ကျိန်စာတိုက်ခံရတယ်ဆိုတော့ စဉ်းသာစဉ်းစားကြည့်ကြပါတော့။
‘ရွယ်မင်းဟယ်ကို ကျင်းတျန်ကုန်းကို ကျိန်စာတိုက်နေတာများလား..’
‘ငါ့အစ်ကိုတော် ကျန်းကူရှင်းကို တိုက်ခိုက်တဲ့ လျှို့ဝှက်ဆန်းကြယ် စွမ်းအားကြီးပုဂ္ဂိုလ်က ကျိန်းသေပေါက် လီရွှမ်အောက်ပဲ ဖြစ်ရမယ်’
လီရွှမ်အောက်ဟာ ဓားတာအိုမြစ်ကို လိုချင်နေတာ ကြာပါပြီ။ ဟန်ကျွယ်တုန်းက ကောင်းကင်ဧကရာဇ်ကြောင့် ငြိမ်နေတာပါ။ အခုဟန်ကျွယ် မရှိတော့ လီရွှမ်အောက်ဟာ ဒီအခွင့်အရေးကို လက်လွှတ်ခံမှာ မဟုတ်ပါဘူး။
‘သနားစရာ ကောင်းလိုက်တဲ့ ငါ့ရဲ့အစ်ကိုတော်… ရှန်နန်းတော်ကနေ ထွက်လာတာတောင် ထပ်ပြီးတော့ အစော်ခံနေရတုန်းပဲ’
ဟန်ကျွယ်ဟာ ကျန်းကူရှင်းကို ကူညီဖို့ လုံးဝ စိတ်ကူးမရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူနဲ့ ကျန်းကူရှင်းရဲ့ ဆက်ဆံရေးက အရင်လိုမျိုး မနီးစပ်တော့လို့ပါပဲ။
ကျန်းကူရှင်း ပြောတဲ့ အခွင့်အရေးကို ဟန်ကျွယ် ငြင်းလိုက်ကတည်းက ကျန်းကူရှင်းက သူ့အပေါ် အရင်လို သဘောမကျတော့တာကို ဟန်ကျွယ် ခံစားမိပါတယ်။ ဒါပေမဲ့ ကျန်ကူရှင်းရဲ့ မျက်နှာသာပေးမှုကတော့ လျော့မသွားသေးပါဘူး။ ဘာပဲဖြစ်ဖြစ် ကျန်းကူရှင်း မသေရင် ပြီးတာပဲ မဟုတ်ပါလား။
ဟန်ကျွယ်ဟာ စာအိတ်တွေကို ဆက်ဖတ်ပါတယ်။ ဟန်ကျွယ်ဟာ လူမှုဆက်ဆံရေးကို စစ်ဆေးလိုက်တဲ့အခါ သူ့မိတ်ဆွေတွေရဲ့ ကျင့်ကြံမှုက တော်တော်လေး တိုးတက်လာတာကို တွေ့ရှိလိုက်ရပါတယ်။ ဒီလိုတိုးတက်မှုမျိုးက သာမန်အခြေအနေမှာဆိုရင် လုံးဝဖြစ်နိုင်ချေ မရှိပါဘူး။ အနန္တကပ်ဘေးအတွင်းမို့ ဖြစ်နိုင်တာပါ။
တစ်လကြာတဲ့ အခါမှာတော့ ဟန်ကျွယ်ဟာ ရန်သူတွေကို ကျိန်စာတိုက်ပြီးသွားပါတယ် ‘ငါ အနန္တကပ်ဘေးရဲ့ ရလဒ်ကို ထပ်တွက်သင့်လား’ အနန္တကပ်ဘေးရဲ့ ရလဒ်ကို ဟန်ကျွယ် မတွက်ချက်ခဲ့တာ နှစ်အတော်ကြာခဲ့ပါပြီ။
ဒီနှစ်တွေမှာ အင်မော်တယ်ကမ္ဘာဟာ တဟုန်ထိုး တိုးတက်လာပြီး အင်အားစုတွေ တစ်ခုပြီးတစ်ခု ပေါ်ပေါက်လာပါတယ်။ ဒါကြောင့် ဟန်ကျွယ်ဟာ ဘယ်သူက ရန်သူဖြစ်လာမလဲဆိုတာကို ကြိုသိထားဖို့ လိုအပ်ပါတယ်။
ဒီအချိန်မှာပဲ…။
ဟန်ကျွယ်ရှေ့မှာ စာကြောင်းတစ်ကြောင်း ပေါ်လာပါတယ်။
[သိကျွင်းသည် သင့်အိပ်မက်သို့ ဝင်ရောက်ချင်၏။ လက်ခံလိုပါသလား။]
‘သိကျွင်း…’ ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ်။ သိကျွင်းက ဟန်ကျွယ်အပေါ် မျက်နှာသာပေးမှုရှိတယ်ဆိုပေမဲ့ နည်းလွန်းတဲ့အတွက် စွန့်စားဖို့ မတန်ပါဘူး။ ဒါကြောင့် ဟန်ကျွယ်ဟာ ငြင်းလည်း မငြင်း လက်လည်း မခံဘဲ အသိပေးချက် သူ့ဘာသာ ပျောက်သွားတာကို စောင့်ဆိုင်းပါတယ်။
ဟန်ကျွယ်ရဲ့ ရည်ရွယ်ချက်က တစ်စုံတစ်ခုသော အကြောင်းကြောင့် အိပ်မက်ကို လက်မခံနိုင်ဘူးလို့ သိကျွင်းကို ထင်မြင်စေချင်တာပါ။
ခုနစ်ရက် ရှစ်ရက် ကြာသွားတဲ့အခါ သိကျွင်း ထပ်ရောက်လာပြန်ပါတယ်။
[သိကျွင်းသည် သင့်အိပ်မက်သို့ ဝင်ရောက်ချင်၏။ လက်ခံလိုပါသလား။]
ဒီတစ်ခါလည်း အရင်အတိုင်းပဲ ဟန်ကျွယ်ဟာ လက်လည်းမခံသလို ငြင်းလည်း မငြင်းပါဘူး။ သိကျွင်းက တာအိုစက်ကွင်းကို ချောင်းမကြည့်နိုင်တဲ့အတွက် ဟန်ကျွယ် ဘာလုပ်နေလဲ ဘာဖြစ်နေလဲဆိုတာကို သိစရာအကြောင်း လုံးဝမရှိပါဘူး။
သိကျွင်းက သူ့ကို အနန္တရာယ် မပြုဘူးဆိုရင်တောင် အနည်းဆုံး ပြဿနာပေးမှာကတော့ ကျိန်းသေပါတယ်။
အဲဒီနောက် ငါးရက်ကြား ခြောက်ရက်ကြား သိကျွင်းဟာ ဟန်ကျွယ် အိပ်မက်ထဲကို လာလည်ဖို့ အားထုတ်ပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်က အကြိမ်တိုင်း လက်လည်းမခံ ငြင်းလည်းမငြင်းပါဘူး။
ဒီအခြေအနေက နှစ်နှစ်ကျော် ကြာသွားပြီး ဟန်ကျွယ် အိပ်မက်ထဲ သိကျွင်း လာလည်ချင်တဲ့ အကြိမ်အရေအတွက်က ရာချီသွားပါတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။
Chapter – 380
? Views, Released on December 6, 2024