Switch Mode

Chapter – 379

အခန်း (၃၇၉) ပြဒါးငှက်အား စားသုံးခြင်း
ဟန်ကျွယ်ဟာ ပြဒါးငှက်ရဲ့ တိုက်ခိုက်မှုကို သည်းမခံနိုင်တော့တာကြောင့် အသံလွှင့်ပြီး အော်ပြောလိုက်ပါတယ် “ထွက်သွားစမ်း”
နတ်မင်းအဆင့် ပြဒါးငှက်ဟာ လန့်သွားပါတယ် “မင်းက ဘယ်သူလဲ၊ ဘာဖြစ်လို့ ဒီနေရာမှာ ပုန်းနေတာလဲ” ပြောပြောဆိုဆို ပြဒါးငှက်ဟာ မီးလှံကို ထုတ်ယူပြီး တိတ်ဆိတ်ကျွန်းကို ဆက်လက် တိုက်ခိုက်ပါတယ်။
ဟန်ကျွယ်ဟာ ဆွံအသွားပါတယ် ‘ဒီကောင်က ရူးနေတာလား’
‘တာအိုစက်ကွင်းကို မထိုးဖောက်နိုင်တာ သိသိကြီးနဲ့ ဆက်တိုက်ရဲသေးတယ်၊ ဒီလောက်တုံးအတဲ့ကောင်က နတ်မင်းအဆင့်ကို ဘယ်လိုလုပ်ပြီး ရောက်လာတာလဲ၊ မင်းက ကိုယ့်သေတွင်း ကိုယ်တူးမှတော့ ငါကလည်း ဖြည့်ဆည်းပေးရတာပေါ့’
ဟန်ကျွယ်ဟာ တာအိုစက်ကွင်း အပြင်ကို ခုန်ထွက်လိုက်ပြီး ဟွမ့်သွမ့်ဓားကို ဆင့်ဆိုကာ ပြဒါးငှက်ကို ခုတ်ပိုင်းလိုက်ပါတယ်။
ပြိုင်ဘက်ကင်းဓားချီ။
အလွန်ကြောက်မက်ဖွယ်ကောင်းတဲ့ ဓားချီဟာ ဘက်ပေါင်းစုံကနေ နတ်မင်းအဆင့် ပြဒါးငှက်ဆီ ပျံသန်းသွားပါတယ်။
နတ်မင်းအဆင့် ပြဒါးငှက်ဟာ ဟန်ကျွယ် ပေါ်လာတဲ့အတွက် ကြောက်လန့်ခြင်းမရှိဘဲ မီးလှံကို ဝှေ့ယမ်းလိုက်ပါတယ်။ ပြဒါးငှက်ရဲ့ နတ်စွမ်းအားဟာ ပြန့်ကျဲသွားပြီး ဟန်ကျွယ်ရဲ့ ဓားချီကိုခုခံဖို့ ကြီးမားလှတဲ့ အကာအကွယ်ဒိုင်းတစ်ခု ဖြစ်ပေါ်လာပါတယ်။
“ဝုန်း…”
နတ်မင်းအဆင့် ပြဒါးငှက်ရဲ့ခန္ဓာကိုယ်ဟာ တစ်ချက်တည်း ပျက်သုဉ်းသွားပါတယ်။ ဒီပြဒါးငှက်ဟာ မူလဆန်းကြယ် နတ်စွမ်းအားနှစ်ပါးပဲ ရှိတာမို့ မူလဆန်းကြယ် နတ်စွမ်းအားသုံးပါးရှိတဲ့ ဟန်ကျွယ်ရဲ့ တိုက်ချက်ကို ဘယ်လိုမှ မခံနိုင်ပါဘူး။ ဟန်ကျွယ်ရဲ့ မူလဆန်းကြယ် နတ်စွမ်းအားသုံးပါးက မူလဆန်းကြယ် နတ်စွမ်းအား ခြောက်ပါးရှိတဲ့ ကျင့်ကြံသူနဲ့ ယှဉ်တိုက်နိုင်တယ် မဟုတ်ပါလား။
ဟန်ကျွယ်ဟာ ဒြပ်စင်ငါးပါ နတ်အလင်းတန်းကို သုံးပြီး နတ်မင်းအဆင့် ပြဒါးငှက်ရဲ့ ဝိညာဉ်ကို ဖမ်းချုပ်ကာ ကမ္ဘာဖျက်ကြာနက်ထဲ ကောက်ထည့်လိုက်ပါတယ်။ ပြီးတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ ကျင့်ကြံခြင်းလိုဏ်ဂူထဲ ပြန်ခုန်ဝင်လိုက်ပါတယ်။
ကမ္ဘာဖျက်ကြာနက်ထဲက ပြဒါးငှက်ဟာ သူ့ခန္ဓာကိုယ်ကို တစ်ဖန်ပြန်တီးလိုက်ပေမဲ့ အကုသိုလ်ကံကြားထဲမှာ နှစ်မြုပ်သွားပါတယ်။
“အကုသိုလ်ကံ… ဒါ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ”
နတ်မင်းအဆင့် ပြဒါးငှက်ဟာ လန့်ဖျပ်သွားပြီး အကုသိုလ်ကံတွေကို ချက်ချင်း ခုခံလိုက်ပါတယ်။ ဒါပေမဲ့ ကံဆိုးစွာ အသုံးဝင်ခြင်း မရှိပါဘူး။ နတ်မင်းအဆင့် ပြဒါးငှက်ဟာ ကမ္ဘာဖျက်ကြာနက်ထဲကနေ ခုန်ထွက်ချင်ပေမဲ့ ဟန်ကျွယ်စွမ်းအားရဲ့ ဖိနှိပ်မှုကြောင့် ထွက်မရပါဘူး။
‘မဟုတ်ဘူး..’
[အနီရောင်ပြဒါးငှက်သည် သင့်အား မုန်းတီးသွားပါပြီ။ လက်ရှိ မုန်းတီးမှု: ကြယ်ခြောက်ပွင့်။]
ဟန်ကျွယ်ဟာ ဒီအသိပေးချက်ကို မြင်လိုက်ရတဲ့အခါမှာ ခေါင်းခါပြီး ရယ်လိုက်ပါတယ် ‘ဒီကောင်က သေမင်းခံတွင်းထဲ ခုန်ချတဲ့လူပါလား..’
ဟန်ကျွယ်ဟာ ပြဒါးငှက်မျိုးနွယ်စု ရှာတွေ့သွားမှာကို ကာကွယ်တဲ့အနေနဲ့ တိတ်ဆိတ်ကျွန်းကို ထိန်းချုပ်ပြီး အဝေးတစ်နေရာ ရွှေ့လိုက်ပါတယ်။ ဟန်ကျွယ်က ပြဒါးငှက်မျိုးနွယ်စုကို ကြောက်တာ မဟုတ်ပါဘူး။ ပြဿနာတက်မှာကို ကြောက်တာပါ။
ဖူစန်းသစ်ပင်အောက်က ငရဲကြက်နက်က သိချင်စိတ်နဲ့ မေးလိုက်ပါတယ် “ဟိုကောင်က သခင်လက်ချက်နဲ့ ကားသွားပြီလား၊ မြန်လိုက်တာ”
စန့်ရှီက ရယ်မောလိုက်ပါတယ် “မြန်တာပေါ့၊ ဂိုဏ်းချုပ်က ဘယ်လောက် စွမ်းအားကြီးလဲဆိုတာ မင်း မသိတာလဲ မဟုတ်ဘဲနဲ့… ဒီပြဒါးငှက်က အစွမ်းထက်တယ်ဆိုပေမဲ့ ပြဒါးငှက်က ပြဒါးငှက်ပဲလေ”
မုရုံချီက ခေါင်းညိတ်လိုက်ပါတယ် “ပြဒါးငှက်မျိုးနွယ်စုမှာ ကောင်းကင်ဘဝဂ် ကျင့်ကြံသူ မရှိသေးဘူး”
ဘာလိုလိုနဲ့ တိတ်ဆိတ်ဂိုဏ်းသားတွေဟာ ဟန်ကျွယ်က အနည်းဆုံး ကောင်းကင်ဘဝဂ်အဆင့်ကို ‌ရောက်နေပြီလို့ သဘောတူ လက်ခံလာကြပါတယ်။
ကျန်းယီက အထင်အမြင်သေးစွာ ပြောလိုက်ပါတယ် “ပြဒါးငှက်မျိုးနွယ်စုက မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် ပိုပိုဆိုးလာတယ်၊ သူတို့က ကျုပ်တို့ နတ်ရွှေကျီးကန်းမိသားစုနဲ့ နှိုင်းယှဉ်ရင် မိုးနဲ့မြေပဲ၊ ကျုပ်တို့ နတ်ရွှေကျီးကန်း မိသားစုက နဂါးအသားကိုစားပြီး ကြီးပြင်းလာကြတာ၊ ကုန်ကုန်ပြောရရင် နတ်သားရဲတွေက ကျုပ်တို့အစာပဲ”
ငရဲနက်နတ်ဆိုးသခင်ဟာ ကျန်းယီရဲ့စကားကို သဘောမတူတဲ့အတွက် ခေါင်းခါလိုက်ပါတယ်။
“တကယ်တော့ မျိုးနွယ်စုက နှောင်ကြိုးတစ်ခုပဲ၊ ကောင်းကင်ဧကရာဇ်က သူ့ကိုယ် နဂါးစစ်လို ဘယ်တော့မှ မခေါ်ဘူး၊ နတ်ဆိုးဧကရာဇ်ကလည်း သူ့ကိုယ်သူ နတ်ဆိုးမျိုးနွယ်စုဝင်လို ဘယ်တုန်းကမှ မယူဆခဲ့ဘူး၊ သွေးကနေ ဖြစ်ပေါ်လာတဲ့ ဆက်ဆံရေးတွေက တစ်ခါတစ်လေမှာ ခြိမ်းခြောက်မှုလည်း ဖြစ်နိုင်သလို အားနည်းချက်လည်း ဖြစ်နိုင်တယ်” ချူရှီရန် ရုတ်တရက် ပြောလိုက်ပါတယ်။
ချူရှီရန်ရဲ့ စကားကြောင့် ကျန်းယီနဲ့ ငရဲနက်နတ်ဆိုးသခင်ဟာ အတွေးနက်သွားကြပါတယ်။
မြွေနဂါးဘုရင်က ရယ်မောလိုက်ပါတယ် “ဟုတ်တယ်… ဟုတ်တယ်၊ မြွေနဂါးမျိုးနွယ်စုက ကျွန်တော်နဲ့ ဘာမှ မပတ်သက်တော့ဘူး၊ ကျွန်တော်က အခု တိတ်ဆိတ်ဂိုဏ်းဝင်ပဲ”
တခြားသူတွေကလည်း ဟန်ကျွယ် ကြားလိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ မြွေနဂါးနည်းတူ တိတ်ဆိတ်ဂိုဏ်းကို သစ္စာရှိကြောင်း အသီးသီး ထုတ်ဖော်ပြောကြပါတယ်။
ဒီအချိန်မှာပဲ…။
ဟန်ကျွယ်ဟာ ကျင့်ကြံခြင်းလိုဏ်ဂူထဲကနေ ရုတ်တရက် ထွက်လာပါတယ်။
တိတ်ဆိတ်ဂိုဏ်းဝင်တွေဟာ ဟန်ကျွယ်ကို တွေ့တာနဲ့ ချက်ချင်း ပါးစပ်ပိတ်ပြီး မတ်တတ်ရပ်လိုက်ကြပါတယ်။ မသိမသာနဲ့ ဟန်ကျွယ်ရဲ့ ဩဇာဟာ ကြီးမားလာတာမို့ ဘယ်သူမှ ပေါ့ပေါ့တန်တန် သဘောမထားရဲတော့ပါဘူး။
ဟန်ကျွယ်ဟာ ညာလက်ကို ဝှေ့ယမ်းလိုက်တဲ့အခါ တောင်ပေါ်မှာ အလွန်ကြီးမားတဲ့ အလောင်းတစ်လောင်း ပေါ်လာပါတယ်။
“ငရဲကြက်နက်၊ အာတ၊ ရှောင်အာ၊ ကောင်းကင်ခွေး၊ မြွေနဂါး… မင်းတို့တွေ သွားစားကြ”
ဟန်ကျွယ်ရဲ့ စကားအဆုံးမှာပဲ ငရဲကြက်နက်တို့ ငါးဦးဟာ အလောင်းကောင်ဆီကို ပြေးထွက်သွားကြပါတယ်။ ငရဲနက်နတ်ဆိုးသခင်နဲ့ တခြားငရဲဖီးနစ်တွေဟာ ငရဲကြက်နက်တို့ ငါးဦးကို ကြည့်ပြီး မနာလိုဖြစ်သွားပေမဲ့ ဘာမှမပြောရဲပါဘူး။
ကျန်းယီဟာ တံတွေးကို မျိုချလိုက်ပါတယ် “ငါရော စားလို့ရမလား…”
“မရဘူး”
ဟန်ကျွယ်ဟာ ဘယ်သူကိုမှ စောဒကတက်ခွင့် မပြုပါဘူး။ အရာအားလုံးက ဝါစဉ်အတိုင်းပါပဲ။ သူ့နောက် အစောဦးဆုံးလိုက်ခဲ့တဲ့လူတွေကို ဟန်ကျွယ်ဟာ ဘယ်တော့မှ စွန့်လွှတ်မှာ မဟုတ်ပါဘူး။
ကျန်းယီက အစွမ်းထက်တယ်ဆိုပေမဲ့ တိတ်ဆိတ်ဂိုဏ်းအတွက် ဘာမှ မလုပ်ပေးရသေးပါဘူး။ ဒါကြောင့် ဟန်ကျွယ်ကသာ ကျန်းယီကို အကျိုးအမြတ် ခွဲဝေပေးလိုက်မယ်ဆိုရင် တခြားသူတွေက ကျေနပ်မှာ မဟုတ်ပါဘူး။
ကျန်းယီဟာ နှုတ်ခမ်းတွန့်လိုက်ပါတယ် ‘မစားရဘူးဆိုလည်း မစားဘူးပေါ့… လေသံကလည်း မာလိုက်တာ…’ ကျန်းယီဟာ ဟန်ကျွယ်ကို မနိုင်မှန်း သိတာကြောင့် သည်းခံရုံကလွဲပြီး ဘာမှမတက်နိုင်ပါဘူး။
ငရဲကြက်နက်တို့ ငါးဦးဟာ သူတို့ရဲ့ ပုံစံအစစ်အမှန်ကို ပြောင်းလဲပြီး ပြဒါးငှက်အလောင်းကို စားသုံးကြပါတယ်။ ဟန်ကျွယ်ရဲ့ ဝိညာဉ်စွမ်းအးက ပြဒါးငှက်ရဲ့ခန္ဓာကိုယ်ထဲမှာ ရှိနေသေးတာကြောင့် သူတို့တွေ အလွယ်တကူ ကိုက်စားနိုင်တာပါ။ မဟုတ်ရင် သူတို့သွားတွေ ဘယ်လောက်ထက်ထက် နတ်မင်းအဆင့် ကျင့်ကြံသူရဲ့ ခန္ဓာကိုယ်ကို အစင်းကြောင်းတောင် ထင်စေမှာ မဟုတ်ပါဘူး။
နတ်မင်းအဆင့် ကျင့်ကြံသူက သေဆုံးသွားတယ်ဆိုရင် သူတို့ခန္ဓာကိုယ်က အလွန်တရာကြောက်ဖို့ ကောင်းနေတုန်းပါပဲ။
ဟန်ကျွယ်ဟာ ငရဲကြက်နက်တို့ ငါးဦး စားသောက်တာကို စောင့်ကြည့်ပါတယ်။ ဒီမြင်ကွင်းက သွေးသံရဲရဲနဲ့ တော်တော်လေး မနှစ်မြို့ဖွယ်ကောင်းတဲ့အတွက် လီယောင်နဲ့ ဝူတောက်ကျန့်ဟာ မျက်မှောင်ကြုတ်သွားကြပါတယ်။ ရှကျဲမျိုးနွယ်စုဝင် တစ်သောင်းကလည်း ဒီမြင်ကွင်းကိုကြည့်ပြီး တုန်လှုပ်ချောက်ချားသွားကြပါတယ်။
ကျန်းယီဟာ ဟန်ကျွယ်ဘေးနားကို လျှောက်သွားပြီး ပြောလိုက်ပါတယ် “နတ်ရွှေကျီးကန်း မိသားစုဝင် တစ်ယောက်ယောက် မင်းကို ပြဿနာလာရှာရင် သူတို့ကို ငါ့နာမည် အရင်ပြောလိုက်၊ အရင်ဆုံး မသတ်လိုက်နဲ့”
ကျန်းယီဟာ ဟန်ကျွယ်က အလွန်တရာ ရက်စက်တဲ့လူမှန်း ရှာတွေ့သွားတဲ့အတွက် ဒီစကားကို ပြောလိုက်တာပါ။ ပြောမဲ့သာ ပြောရတာပါ။ ကျန်းယီကလည်း အတူတူပါပဲ။ ဒါပေမဲ့ ကျန်းယီဟာ နတ်ရွှေကျီးကန်း မိသားစုဝင်တွေ ငရဲကြက်နက်တို့ငါးဦးရဲ့ အစားအစာ ဖြစ်လာမှာကို မမြင်လိုပါဘူး။
ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် “ရပါတယ်၊ ဘာပဲဖြစ်ဖြစ် သူတို့က အာတနဲ့ ရှောင်အာရဲ့ မျိုးနွယ်တွေပဲ”
ဒီတော့မှ ကျန်းယီဟာ စိတ်သက်သာရာ ရသွားပြီး သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပါတယ်။
ဟန်ကျွယ်ဟာ ချူရှီရန်ကို လက်ယပ်ပြီး ခေါ်လိုက်တဲ့အတွက် ချူရှီရန်ဟာ ဟန်ကျွယ်နား ချက်ချင်းရောက်လာပြီး ဦးညွှတ်လိုက်ပါတယ်။
“ဗုဒ္ဓဂိုဏ်း ကျို့ယိုငရဲကို ရောက်လာရင် မင်း တိတ်ဆိတ်ကျွန်းကနေ ထွက်သွားမှာလား..” ဟန်ကျွယ်က မေးလိုက်ပါတယ်။
ချူရှီရန်ဟာ တစ်စက္ကန့်တောင် မတုံ့ဆိုင်းဘဲ ပြန်ဖြေပါတယ် “မသွားပါဘူး၊ ကျွန်တော်က အစကတည်းက ဗုဒ္ဓဂိုဏ်းရဲ့ အစိတ်အပိုင်း မဟုတ်ဘူး၊ တကယ်တော့ မဟာဗုဒ္ဓငါးပါးက နောက်ခံကိုယ်စီ ရှိကြတယ်၊ ဗုဒ္ဓဂိုဏ်းရဲ့ ဖိနှိပ်မှုနဲ့ ဗုဒ္ဓဂိုဏ်းထဲမှာ နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့တဲ့အတွက် ဗုဒ္ဓအိုကြီးတွေ ဂူအောင်းကျင့်ကြံတဲ့အခါ သူတို့တွေ ရှေ့ထွက်လာရပြီး မဟာဗုဒ္ဓတွေ ဖြစ်လာကြတာ”
ဟန်ကျွယ်က သိချင်စိတ်နဲ့ မေးလိုက်ပါတယ် “မင်းစကားအရ ဗုဒ္ဓဂိုဏ်းမှာလည်း တာအိုပညာရှိတွေ ရှိတယ်ပေါ့”
“ရှိတယ်၊ တစ်ပါးတည်း မကဘူး၊ ဒါပေမဲ့ သူတို့တွေ တာအိုပညာရှိ ဖြစ်သွားတော့ ဗုဒ္ဓဂိုဏ်းကို ထပ်ပြီးတော့ ဂရုမစိုက်ကြတော့ဘူး၊ လွန်ခဲ့တဲ့နှစ်‌ပေါင်းများစွာက ဗုဒ္ဓဂိုဏ်းရဲ့ တာအိုပညာရှိနှစ်ပါးက ကပ်ဘေးထဲ ဝင်ပါလို့ တာအိုဘိုးဘေး ဖိနှိပ်တာကို ခံခဲ့ရတယ်၊ အဲဒီအချိန်ကစပြီး တာအိုပညာရှိတွေက အင်မော်တယ်ကမ္ဘာရဲ့ အရေးကိစ္စတွေမှာ ဝင်မပါတော့တာ”
ချူရှီရန်ရဲ့ စကားကြောင့် ဟန်ကျွယ်ဟာ ရင်ထိတ်သွားပါတယ် ‘ဒီအတိုင်းဆို ဗုဒ္ဓဂိုဏ်းက အထင်သေးလို့ မရဘူးပဲ၊ နောက်ကျလို့ သူတို့နဲ့ ရင်ဆိုင်ရရင် ငါ သတိကြီးကြီးထားမှ ဖြစ်မယ်’
လေးငါးခြောက်ရက် ကြာတဲ့အခါမှာတော့ ပြဒါးငှက်အလောင်းဟာ စားလို့ ကုန်သွားပါတယ်။ ငရဲကြက်နက်တို့ ငါးဦးလည်း ဗိုက်တင်းကားသွားတဲ့အတွက် သူတို့စွမ်းအားကို လှည့်ပတ်ပြီး အစာချက်ပါတယ်။ သူတို့ငါးဦးရဲ့ ရောင်ဝါကလည် တဟုန်ထိုး အားကောင်းလာပါတယ်။
လောကဦးခေတ်၊ တာအိုဘိုးဘေး တာအိုကို မသင်ကြားခင်တုန်းက သက်ရှိအားလုံးဟာ တစ်ဦးနဲ့တစ်ဦး ဝါးမြိုစားသောက်ပြီး အင်အားကြီးမားလာကြတာပါ။ ဒါကြောင့် လောကဦးခေတ်ကို သားရဲခေတ်ကြမ်းလို့လည်း ခေါ်ဝေါ်ကြပါတယ်။
“အစာချက်ပြီးရင် ကျင့်ကြံခြင်းလိုဏ်ဂူထဲ လာခဲ့ချည်”
ဟန်ကျွယ်ဟာ ပဋိပက္ခကောင်းကင်ခွေးကို အသံလွှင့်ပြီး စကားပြောလိုက်ပါတယ်။ ဒီစကားကို ကြားလိုက်ရတဲ့ ပဋိပက္ခကောင်းကင်ခွေးဟာ ကျေနပ်အံအားသင့်သွားပြီး သူ့သခင်က သူ့ကို ပြုစုပြိုးထောင်တော့မယ်မှန်း သိလိုက်ပါတယ်။
ငါးနှစ်ကြာတဲ့အခါမှာတော့ ပဋိပက္ခ ကောင်းကင်ခွေးဟာ ကျင့်ကြံခြင်းလိုဏ်ဂူထဲကို အရိပ်တကြည့်ကြည့်နဲ့ ဝင်လာပါတယ်။
“အရင်တုန်းက မင်းရဲ့ မျက်လုံးတွေ ဖောက်ထုတ်ခံခဲ့ရတယ်၊ အဲဒါကြောင့် မင်းရဲ့ ကံတရားက ပြန်ကောင်းမွန်လာပေမဲ့ ဒီထက် မတိုးနိုင်တော့ဘူး၊ အဲဒါကြောင့် ငါ မင်းကို ကောင်းကင်တာအို ကုသိုလ်ကံ ဆုချပြီး စွမ်းအားကြီးလာအောင် လုပ်ပေးမယ်၊ ဒါပေမဲ့ ဒီနေ့ကစပြီး မင်း တိတ်ဆိတ်ကျွန်း အပြင်ဘက်ကို ငါ့ဆန္ဒမပါဘဲ ခြေတစ်လှမ်းတောင် မထွက်ရဘူး၊ မင်း ဆန္ဒရှိရဲ့လား”
“အပြင်ကို ခိုးထွက်ရင် ငါက မင်းကို သတ်မှာ”
ဟန်ကျွယ်ဟာ လေသံအေးနဲ့ ပြောလိုက်ပေမဲ့ မျက်လုံးထဲက သတ်ဖြတ်ငွေ့ အရှိန်ကြောင့် ကျင့်ကြံခြင်းလိုဏ်ဂူတစ်ခုလုံး အပူချိန်လျော့ကျပြီး အေးသွားပါတယ်။
ပဋိပက္ခကောင်းကင်ခွေးဟာ စိတ်လှုပ်တရှား ပြောလိုက်ပါတယ် “ကျွန်တော် ဆန္ဒရှိပါတယ်၊ သခင်ရဲ့ ဆုချမှုအတွက် ကျေးဇူးတင်ပါတယ်၊ အခုအချိန်ကစပြီး သခင်ရဲ့ အမိန့်မပါဘဲ ကျွန်တော် အပြင်ဘက်ကို ခြေတစ်ဖဝါးတောင် မထွက်တော့ဘူး”
ပဋိပက္ခကောင်းကင်ခွေးဟာ ဘိတ်ချီးဖြစ်နေတာကို ဘယ်လိုမှ သည်းမခံနိုင်တော့ပါဘူး။ အရင်တုန်းက တက်ကြွတဲ့ နတ်သားရဲ ဖြစ်ခဲ့ပေမဲ့ အခုတော့ တိတ်ဆိတ်ဂိုဏ်းသားတိုင်း အနိုင်ကျင့်နိုင်တဲ့ ခွေးကလေးတစ်ကောင် ဖြစ်နေပါပြီ။
မြန်မာပြည် ငြိမ်းချမ်းပါစေ။

Comment

Leave a Reply

Options

not work with dark mode
Reset