အခန်း (၃၇၈) နတ်မင်းအဆင့် ပြဒါးငှက်၏ တိုက်ခိုက်မှု
ချူရှီရန်ရဲ့ ဘဝဟောင်းက စွမ်းအားကို အသုံးပြုလို့ရတယ်ဆိုတဲ့ စကားကြောင့် စန့်ရှီအပါအဝင် တခြားသူတွေဟာ ပါးစပ်အဟောင်းသား ဖြစ်သွားကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဗုဒ္ဓဂိုဏ်းရဲ့ မဟာဗုဒ္ဓငါးပါးက ကောင်းကင်ဘဝဂ်ကျင့်ကြံသူတွေမို့လို့ပါပဲ။
ချူရှီရန်ဟာ လူတိုင်းရဲ့အကြည့်ကို ခံစားမိတာကြောင့် မတက်နိုင်တဲ့လေသံနဲ့ ပြောလိုက်ပါတယ် “ဒါပေမဲ့ ကျွန်တော်က ပြန်လည်မွေးဖွားပြီးပြီဆိုတော့ ဘဝဟောင်းက ကျင့်ကြံမှုကို ၁၀၀ ရာခိုင်နှုန်း အသုံးပြုနိုင်တာ မဟုတ်ဘူး၊ အစကနေ ပြန်ကျင့်ကြံဖို့လိုတယ်၊ ဒီလိုမဟုတ်ဘဲ ဘဝဟောင်းက ကျင့်ကြံမှုစွမ်းအားကို မကြာခဏသုံးမယ်ဆိုရင် ကျွန်တော် ဝိညာဉ်က တောင့်ခံနိုင်မှာ မဟုတ်ဘူး”
‘ဒီလိုကိုး…’
ဒီတော့မှာ လူတိုင်းဟာ သဘောပေါက် နားလည်သွားကြပြီး စိတ်ထဲမှာ နေလို့ထိုင်လို့ ကောင်းသွားကြပါတယ်။ ပြန်လည်မွေးဖွားတာတောင် ဘာတန်ကြေးမှ မပေးရဘဲ ဘဝဟောင်းက စွမ်းအားတွေကို လိုသလို အသုံးပြုလို့ရနေမယ်ဆိုရင် ဒါက တော်တော်လေး ယုတ္တိမဲ့သွားပြီ မဟုတ်ပါလား။
ချူရှီရန်မှာ ဘဝဟောင်းက ကျင့်ကြံမှုစွမ်းအားတွေ ရှိနေတာ သိလိုက်ရတဲ့အတွက် တိတ်ဆိတ်ဂိုဏ်းသားတိုင်းဟာ ချူရှီရန်ကို အရင်ကထက်ပိုပြီးတော့ လေးစားလာကြပါတယ်။
ဟန်ကျွယ်လည်း ချူရှီရန်ကို နည်းနည်းတော့ ကြောက်ပါတယ်။ ဒါပေမဲ့ ချူရှီရန်ရဲ့ မျက်နှာသာပေးမှုက ကြယ်ငါးပွင့်ခွဲတောင် ရောက်နေတဲ့အတွက် သစ္စာမဖောက်ဘူးဆိုတာ သေချာပါတယ်။ ဒါကြောင့်လည်း ဟန်ကျွယ်ဟာ ချူရှီရန်ကို တိတ်ဆိတ်ကျွန်းမှာ ဆက်ထားတာပါ။
တကယ်တော့ ဟန်ကျွယ်ဟာ ချူရှီရန် တိုက်ခိုက်လာမှာကို မစိုးရိမ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကမ္ဘာဖျက်ကြာနက်ရဲ့ ခံစစ်ကို ချူရှီရန် မထိုးဖောက်နိုင်မှန်း သိနေလို့ပါ။
ရှန်နန်းတော် ထပ်ရောက်လာတဲ့အတွက် ကျို့ယိုငရဲဟာ အရင်လို တိတ်ဆိတ်မနေတော့ပါဘူး။ ရှန်နန်းတော်နဲ့ ကျယ်ကျောင်းတော်ဟာ မကြာခဏဆိုသလို စကားများ ရန်ဖြစ်ကြပြီး တိုက်ပွဲသံတွေက မကြာခဏဆိုသလို တိတ်ဆိတ်ကျွန်းဆီ ရောက်လာပါတယ်။ ဟန်ကျွယ်ဟာ ဒီတိုက်ခိုက်သံတွေကို လုံးဝဂရုမစိုက်ဘဲ အေးအေးဆေးဆေးသာ ကျင့်ကြံအားထုတ်ပါတယ်။
နောက်ထပ် ဟန်ကျွယ်လုပ်ရမှာက မူလဆန်းကြယ် နတ်စွမ်းအားလေးပါးကို ရောက်ရှိဖို့ အင်တိုက်အားတိုက် ကျင့်ကြံရမှာပါ။ မူလဆန်းကြယ် နတ်စွမ်းလေးပါးကို ရောက်သွားရင် ကောင်းကင်ဘဝဂ်အဆင့်နဲ့ ပိုနီးစပ်သွားပြီ မဟုတ်ပါလား။
အချိန်ဟာ လျင်မြန်စွာကုန်ဆုံးသွားပြီး ဘာလိုလိုနဲ့ နှစ် ၃၀ ကြာသွားပါတယ်။
ဒီအတောအတွင်း ဟန်ကျွယ်ရဲ့ ကျင့်ကြံမှုက များစွာတိုးတက်လာခဲ့သလို ဟန်ကျွယ်ကို ခေါင်းကိုက်စေမဲ့ ကိစ္စတစ်ခုလည်း ဖြစ်ပျက်ခဲ့ပါတယ်။ အဲဒါကတော့ ရှန်နန်းတော်အပြင် ကျို့ယိုငရဲကို နောက်ထပ် အင်အားစုတစ်စု ထပ်ရောက်လာတာပါ။ ဟန်ကျွယ်ဟာ သက်တမ်း ၁၀ သန်းသုံးပြီး တွက်ချက်ကြည့်တဲ့အခါမှာတော့ အသစ်ရောက်လာတဲ့ အင်အားစုက ရှေးဟောင်းမျိုးနွယ်စုဖြစ်တဲ့ ပြဒါးငှက်မျိုးနွယ်စုမှန်း သိလိုက်ရပါတယ်။
ဟန်ကျွယ်ဟာ ပြဒါးငှက်မျိုးနွယ်စုကြောင့် အတိတ်ကို ပြန်တွေးမိလိုက်ပါတယ်။
အတိတ်မှာတုန်းက ဟန်ကျွယ်ဟာ ပြဒါးငှက်တစ်ကောင်ကြောင့် ဘုံပျံမတက်ရဲခဲ့ပါဘူး။ ဒါပေမဲ့ အဲဒီပြဒါးငှက်က သူ့မျိုးနွယ်စုဝင်တွေ လက်ထဲမှာပဲ သေဆုံးသွားပြီမို့ ဒီရန်ငြိုးက ကျေသွားပြီလို့ ပြောလို့ရပါတယ်။
တကယ်တော့ ဟန်ကျွယ်ကို ခေါင်းကိုက်စေတာက ပြဒါးငှက်မျိုးနွယ်စု မဟုတ်ပါဘူး။ ကျို့ယိုငရဲထဲကို နောက်ထပ် အင်အားစုတွေ တစ်စုပြီးတစ်စု ထပ်ရောက်လာပြီး နောက်ထပ်စစ်မြေပြင်တစ်ခု ဖြစ်လာမှာကို စိုးရိမ်နေတာပါ။
ကျို့ယိုငရဲမှာ အင်အားစုတွေ များလာတာနဲ့အမျှ စကားများ ရန်ဖြစ် တိုက်ခိုက်တာတွေကလည်း အလိုလို တိုးလာပါတယ်။
အင်မော်တယ်ကမ္ဘာက အနန္တကပ်ဘေးကြောင့် တဖြည်းဖြည်း အကုသိုလ်ကံတွေ ပြည့်နှက်လာတဲ့အတွက် အနာဂတ်မှာ ကျို့ယိုငရဲနဲ့ သိပ်ကွာမှာ မဟုတ်တော့ပါဘူး။ ဒါကြောင့် ကျို့ယိုငရဲမှာ ပုန်းအောင်းတာက အင်အားစုတွေအတွက် အကောင်းဆုံးသော ရွေးချယ်မှုပါ။
‘ကြည့်ရတာ ငါ နေရာသစ် ရှာရတော့မယ်နဲ့တူတယ်’
ဟန်ကျွယ်ဟာ နေရာသစ်ရှာဖို့ ကိုယ်တိုင်သွားလို့ မရတာကြောင့် လျူပေ့ကို နေရာသစ်ရှာခိုင်းဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒါကြောင့် ဟန်ကျွယ်ဟာ လျူပေ့ကို ကျင့်ကြံခြင်းလိုဏ်ဂူထဲခေါ်ပြီး အကျိုးအကြောင်း ရှင်းပြလိုက်ပါတယ်။
ဟန်ကျွယ်စကားကို ကြားလိုက်ရတဲ့ လျူပေ့ဟာ မျက်မှောင်ကြုတ်သွားပြီး ချီတုံချတုံ ဖြစ်သွားပေမဲ့ နောက်ဆုံးမှာတော့ နေရာသစ်သွားရှာဖို့ လက်ခံလိုက်ပါတယ်။ လျူပေ့ဟာ ဟန်ကျွယ်ရဲ့ အမိန့်ကို မလွန်ဆန်နိုင်ပါဘူး။ ဒါပေမဲ့ ဟန်ကျွယ်ရဲ့ စရိုက်ကို အမွေဆက်ခံခဲ့ရတာကြောင့် အန္တရာယ်ဆို အရမ်းကြောက်တက်ပါတယ်။
ဒီအကြောင်းကြောင့်လည်း လျူပေ့က ပုန်းအောင်းဖို့ အကောင်းဆုံးနေရာကို ရှာနိုင်လိမ့်မယ်လို့ ဟန်ကျွယ်က ယုံကြည်ထားတာပါ။ ဟန်ကျွယ်ဟာ လျူပေ့ကို ဆင့်ခေါ်ပညာရပ် သင်ပေးလိုက်ပါတယ်။ ဒီလိုသင်ပေးလိုက်တဲ့အတွက် လျူပေ့အန္တရာယ်ကြားထဲရောက်ရင် ဟန်ကျွယ်က သွားကယ်လို့ရပါပြီ။
ဆင့်ခေါ်ပညာရပ်ကို တတ်မြောက်ပြီးနောက် လျူပေ့ဟာ ရင်ထဲက အလုံးကြီးကျသွားပြီး အဲဒီနေ့မှာပဲ တိတ်ဆိတ်ကျွန်းကနေ ထွက်ခွာသွားပါတယ်။
ဟန်ကျွယ်ကတော့ ကျိန်စာတိုက်ရင်းနဲ့ စာအိတ်တွေကို စစ်ဆေးလိုက်ပါတယ်။
ဒီအတောအတွင်း ရှင်းဟုန်ရွှမ်နဲ့ ရွှမ်ချင်းကျွင်းဟာ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ဦးရဲ့ လမ်းညွှန်တာကို ရရှိခဲ့ပါတယ်။ ဒီအဖြစ်ကြောင့် ဟန်ကျွယ်ဟာ တစ်ခုခု မှားနေပြီလို့ ခံစားလိုက်ရပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ အတန်ကြာ စဉ်းစားချင့်ချိန်ပြီးနောက် သူတို့နှစ်ယောက်ကို အိပ်မက်တစ်ခုပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။
ဒီအိပ်မက်ကို အမှောင်သခင်ကြီးရဲ့ အိပ်မက်နဲ့မတူအောင် ဟန်ကျွယ်ဟာ အသေးစိတ်ကအစ ပြောင်းလဲပါတယ်။
တစ်လကြာသွားတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ ပထမဆုံး ရှင်းဟုန်ရွှမ်ကို အိပ်မက်ထဲကနေ သွားလည်ပါတယ်။ သူတို့နှစ်ယောက် အိပ်မက်ထဲမှာ တွေ့ဆုံကြတဲ့အခါ ရှင်းဟုန်ရွှမ်ဟာ ဟန်ကျွယ်ကို တွေ့လိုက်ရလို့ ကျေနပ်အံအားသင့်သွားပါတယ်။
ဒါပေမဲ့ ရှင်းဟုန်ရွှမ်ဟာ သတိမလွတ်ဘဲ မေးလိုက်ပါတယ် “ယောက်ျား… ကျွန်မမှာ အခွင့်အရေးတစ်ခုရှိတယ်၊ သွားစမ်းကြည့်ကြမလား”
ဟန်ကျွယ်ဟာ ဆွံအသွားပါတယ်။
“မသွားဘူး”
ဒီတော့မှ ရှင်းဟုန်ရွှမ်ဟာ ကလေးငယ်တစ်ဦးပမာ ဟန်ကျွယ်ကို ပြေးဖက်လိုက်ပါတယ်။ ဟန်ကျွယ်ရဲ့ အိပ်မက်က စစ်မှန်လွန်းတဲ့အတွက် ရှင်းဟုန်ရွှမ်ဟာ ဟန်ကျွယ်ရဲ့ ခန္ဓာကိုယ်အပူချိန်ကိုတောင် ခံစားနိုင်ပါတယ်။
“မင်း ပြန်လာပါလား၊ မင်း ကပ်ဘေးထဲမှာ သေသွားမှာကို ငါ ကြောက်တယ်” ဟန်ကျွယ်ဟာ လိုရင်းကို တန်းပြောလိုက်ပါတယ်။
ရှင်းဟုန်ရွှမ်ဟာ မှင်သက်သွားပါတယ် “မိန်းမတော့ အဲဒီလိုမတွေးဘူး၊ မိန်းမက ရွမ်လိန့်ဧကရာဇ်ရဲ့ ကံတရား အထောက်အပံ့ကို ရထားလို့ ကပ်ဘေးကို ရှောင်ရှားနိုင်တယ်”
“မင်း အဲဒါကို ဘယ်လိုရထားတာလဲ”
“လူသားမျိုးနွယ်စုရဲ့ အဂ္ဂပြည်အသီးသီး စုရုံးပြီး ရှေးလွန်ခဲ့တဲ့ လူသားမျိုးနွယ်စုဧကရာဇ်တွေရဲ့ အမွေအနှစ်ကို ဆက်ခံဖို့ ပါရမီရှင် ရွေးချယ်ကြတယ်၊ အဲဒီပါရမီရှင်တွေထဲမှာ မိန်းမလည်း ပါသွားတယ်၊ လူသားတွေက ကောင်းကင်တာအိုရဲ့ ကလေးတွေဆိုတော့ ကပ်ဘေးက ဘယ်လိုပဲဖြစ်လာဖြစ်လာ လူသားမျိုးနွယ်စုက ပျက်စီးမှာ မဟုတ်ဘူး၊ ယောက်ျား… မိန်းမအတွက် မစိုးရိမ်ပါနဲ့၊ မိန်းမ မသေပါဘူး၊ ကပ်ဘေးထဲ မဝင်မိအောင် မိန်းမ အကောင်းဆုံး ကြိုးစားမှာပါ”
ရှင်းဟုန်ရွှမ်ဟာ သူပြန်မသွားလိုတဲ့အကြောင်း အကျိုးအကြောင်းနဲ့ ဆင်ခြင်ပေးပါတယ်။
ဟန်ကျွယ်ဟာ ရှင်းဟုန်ရွှမ်ကို နားလည်ပါတယ်။ ဟန်ကျွယ်လိုမျိုး လူတိုင်း ဂူအောင်းကျင့်ကြံဖို့က မဖြစ်နိုင်ဘူး မဟုတ်ပါလား။ တချို့လူတွေအတွက် အခွင့်အရေးက ဂူအောင်းကျင့်ကြံတာထက် အရေးပိုကြီးပါတယ်။
“ဒါဆိုလည်း မင်း ကိုယ့်ကိုကိုယ် ဂရုစိုက်နေ၊ အနာဂတ်မှာ ငါ ကိုယ်တိုင် မင်းရှေ့ ပေါ်လာပြီး မင်းကို သေခိုင်းရင်တောင် မယုံနဲ့ကြားလား၊ ဘာအကြာင်းကြောင့်ပဲဖြစ်ဖြစ် ငါက မင်းကို သေခိုင်းဖို့ တောင်းဆိုမှာ မဟုတ်ဘူး” ဟန်ကျွယ်ဟာ အလေးအနက် ပြောလိုက်ပါတယ်။
ရှင်းဟုန်ရွှမ်ဟာ ဟန်ကျွယ်စကားကို နားလည်ပါတယ် “တစ်ယောက်ယောက် ယောက်ကျားကို ဒုက္ခပေးချင်လို့လား..”
“ငါ့ကို ဒုက္ခပေးချင်တဲ့လူ မရှိဘူးလို့ ဘယ်သူက အာမခံနိုင်မှာလဲ” ဟန်ကျွယ်ဟာ သာမန်ကာလျှံကာ ပြန်ဖြေလိုက်ပါတယ်။
ရှင်းဟုန်ရွှမ်က ပြန်မလာချင်တဲ့အတွက် ဟန်ကျွယ်ဟာ ဘာမှထပ်ပြီးတော့ မပြောတော့ပါဘူး။
ဒါပေမဲ့ ရှင်းဟုန်ရွှမ်ဟာ ဟန်ကျွယ်ကို တင်းကျပ်စွာ ပွေ့ဖက်ပြီး ရယ်ကျဲကျဲနဲ့ ပြောလိုက်ပါတယ် “ယောက်ျားနဲ့ မိန်းမပဲ ဒီအိပ်မက်ကို သိနိုင်တာ ဟုတ်တယ်မလား”
ဟန်ကျွယ်ဟာ တစ်ခုခုမှားနေပြီလို့ ခံစားလိုက်ရပါတယ် ‘ဒီကောင်မလေး ဘာလိုချင်ပြန်ပြီလဲ’
ရှင်းဟုန်ရွှမ်ဟာ ဟန်ကျွယ်ကို မြေကြီးပေါ် တွန်းလှဲပြီး အဝတ်အစားတွေချွတ်ကာ ကောင်းဘွိုင်မလေး လုပ်ပါတော့တယ်။
ဟန်ကျွယ်ရဲ့ သိစိတ်ဟာ အစစ်အမှန်ကို ပြန်ရောက်သွားပါတယ်။ အိပ်မက်ထဲမှာ အချိန်အတော်ကြာခဲ့ပေမဲ့ အပြင်မှာတော့ နေ့ဝက်ပဲ ရှိပါသေးတယ်။ ဟန်ကျွယ်ဟာ အိပ်မက်ထဲကနေ ထွက်မလာခင် နောက်တစ်ခါ သူနဲ့တွေရင် ဆင့်ခေါ်ပညာရပ်ကိုသုံးပြီး အတုလား အစစ်လားဆိုတာ ခွဲခြားဖို့ ရှင်းဟုန်ရွှမ်ကို မှာခဲ့ပါသေးတယ်။ အနန္တကပ်ဘေးမှာ သတိကြီးကြီးထားတာ ပိုကောင်းတယ် မဟုတ်ပါလား။
ရှင်းဟုန်ရွှမ်ဟာ ဟန်ကျွယ်စကားကို ချက်ချင်းပဲ လက်ခံလိုက်ပါတယ်။ တစ်ချိန်တည်းမှာပဲ ရှင်းဟုန်ရွှမ်ဟာ ဆင့်ခေါ်ပညာရပ်ရဲ့ စွမ်းအားကို နားလည် သဘောပေါက်သွားပါတယ်။
‘ဒီပညာရပ်က ယောက်ျားကို ဆင့်ခေါ်လို့ ရတာကိုး… ဒီလိုမှန်းသာ စောစောကသိခဲ့ရင်…’ ရှင်းဟုန်ရွှမ်ဟာ နောင်တရသွားပါတယ်။ ဟန်ကျွယ်ကို ဆင့်ခေါ်နိုင်မှန်းသာသိရင် ရှင်းဟုန်ရွှမ်ဟာ ဟန်ကျွယ်ကို ဆင့်ခေါ်ပြီး မကြာခဏ စားပစ်မှာပါ။
အဲဒီနောက် ဟန်ကျွယ်ဟာ ရွှမ်ချင်းကျွင်းရဲ့ အိပ်မက်ထဲကို သွားလည်ပါတယ်။ ရွှမ်ချင်းကျွင်းကလည်း ပြန်လာဖို့ ငြင်းဆန်တဲ့အတွက် ဟန်ကျွယ်ဟာ သတိကြီးကြီးထာဖို့ပဲ မှာလိုက်ရပါတယ်။
ဟန်ကျွယ်နဲ့ ရွှမ်ချင်းကျွင်းဟာ အိပ်မက်ထဲမှာ အတန်ကြာအောင် စကားပြောကြပါတယ်။ ရွှမ်ချင်းကျွင်းဟာ အမှောင်ဂိုဏ်းနဲ့ အမှောင်သခင်ကြီး အကြောင်းကို ဝေဆာနေအောင်ပြောပြီး ကပ်ဘေးပြီးရင် ဟန်ကျွယ်အတွက် အမှောင်ဂိုဏ်းထဲဝင်ဖို့ ကူညီမယ်လို့လည်း ဆိုပါတယ်။
ဟန်ကျွယ်ဟာ ဒီကိစ္စကြောင့် တော်တော်လေး ဆွံအသွားပေမဲ့ ကြည့်ကောင်းအောင် ပြန်ပြောလိုက်ပါတယ် ‘ငါက ငါ့ကိုယ်ငါ ကြာခိုနေတာလား… အဟွတ်… မဟုတ်သေးပါဘူး၊ ရွှမ်ချင်းကျွင်းက အမှောင်သခင်ကြီးကို လေးစားရုံပဲ၊ သူ့စိတ်က မပြောင်းသေးဘူး’
ရွှမ်ချင်းကျွင်းဟာ ရှင်းဟုန်ရွှမ်လိုမျိုး ဟန်ကျွယ်ကို မြေကြီးပေါ် တွန်းလှဲပြီး ကောင်းဘွိုင်မလေး မလုပ်ပါဘူး။ အိပ်မက်ပြီးဆုံးသွားတဲ့အခါ ဟန်ကျွယ်ဟာ ဆက်ပြီးတော့ ကျင့်ကြံ အားထုတ်ပါတယ်။
သက်ရှိအများစုရဲ့ မျက်လုံးထဲမှာ အနန္တကပ်ဘေးက ကမ္ဘာပျက်သလိုပါပဲ။ ဒါပေမဲ့ သက်ရှိအချို့ရဲ့ မျက်လုံးထဲမှာတော့ အနန္တကပ်ဘေးက မဟာအခွင့်အရေးကြီးတစ်ခုပါ။ ဒါက အရည်အချင်းရှိသူနဲ့ သာမန်လူတွေရဲ့ အမြင်ကွာခြားချက်ပါ။
ဟန်ကျွယ်ဟာ ရှင်းဟုန်ရွှမ်နဲ့ ရွှမ်ချင်းကျွင်းရဲ့ ဆုံးဖြတ်ကို မကြိုက်ဘူးဆိုပေမဲ့ စိတ်တော့ မဆိုးပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ လူတိုင်းမှာ ရည်မှန်းချက်ကိုယ်စီရှိတဲ့အတွက် အရာအရာကို လိုက်ထိန်းချုပ်ဖို့ဆိုတာ မဖြစ်နိုင်လို့ပါပဲ။
နောက်ပြီး ဟန်ကျွယ်ရဲ့ အရိပ်အောက်မှာနေတာက လုံခြုံတယ်ဆိုပေမဲ့ ကျင့်ကြံတဲ့နေရာမှာ နောက်ကောက်ကျန်နေခဲ့မှာ မြေကြီးလက်ခတ်မလွှဲပါဘူး။
ဟန်ကျွယ်ဟာ နောက်တစ်ဆင့်တက်ဖို့အတွက် အေးအေးဆေးဆေး ကျင့်ကြံချင်ပေမဲ့ နှောင့်ယှက်တဲ့လူကတော့ အမြဲတမ်း ရောက်လာပါတယ်။
လေးနှစ်အကြာ ပြဒါးငှက်မျိုးနွယ်စုရဲ့ နတ်မင်းအဆင့် ကျင့်ကြံသူတစ်ဦးဟာ တိတ်ဆိတ်ကျွန်းကို ရှာတွေ့သွားပါတယ်။
ပြဒါးငှက်ဟာ တစ်ကိုယ်လုံး မီးလျှံတောက်လောင်နေတဲ့ လူသားအသွင် ပြောင်းလဲလိုက်ပါတယ်။ ပြဒါးငှက်ဟာ မီးနတ်ဘုရားလိုမျိုး တိတ်ဆိတ်ကျွန်းကို စိုက်ကြည့်ပြီး ရေရွတ်လိုက်ပါတယ် “ကျို့ယိုငရဲမှာ ဘယ်လိုလုပ်ပြီး ကျောက်တုံးတစ်တုံး ရှိနေရတာလဲ၊ ငါ့နတ်အာရုံက ဒီကျောက်တုံးကို မထိုးဖောက်နိုင်ဘူး၊ ဒီကျောက်တုံးထဲမှာ လောကငယ်တစ်ခု ရှိနေတာလား”
နတ်မင်းအဆင့် ပြဒါးငှက်ဟာ ညာလက်မြောက်ပြီး မီးလျှံတွေနဲ့ တိတ်ဆိတ်ကျွန်းကို ပစ်ခွင်းလိုက်ပါတယ်။ တိတ်ဆိတ်ကျွန်းပေါ် ကျသွားတဲ့ မီးလျှံတွေဟာ အစီအရင်ရဲ့ စွမ်းအားကြောင့် လွှင့်ပါးပျောက်ကွယ်သွားပါတယ်။
ပြဒါးငှက်ဟာ သူ့ရှေ့ကမြင်ကွင်းကို မယုံကြည်တာကြောင့် ဆက်ပြီးတော့ တိုက်ခိုက်ပါတယ်။
တိတ်ဆိတ်ကျွန်းပေါ်က လူတိုင်းဟာ ကောင်းကင်ကနေ မီးလျှံတွေ ကျလာတာကို မြင်နိုင်ပါတယ်။ ဒါပေမဲ့ အစီအရင်ရဲ့ ဟန့်တားမှုကြောင့် မီးလျှံတွေဟာ မီးပန်းတွေဖြစ်ပြီး ပျောက်ကွယ်ကုန်ပါတယ်။ ဒီမြင်ကွင်းက တော်တော်လေးလှတာကြောင့် တိတ်ဆိတ်ဂိုဏ်းသားတွေဟာ ငေးကြည့်ကြပါတယ်။
“ဒီကောင်က အသက်ရှင်ရတာ ပင်ပန်းနေပြီလား မသိဘူး” ငရဲကြက်နက်က ကျိန်ဆဲလိုက်ပါတယ်။ အကြောင်းရင်းတချို့ကြောင့် ငရဲကြက်နက်ဟာ အပြင်ဘက်က ရောင်ဝါကို တစ်နေရာရာမှ တွေ့ဖူးတယ်လို့ ခံစားနေရပါတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။
Chapter – 378
? Views, Released on December 6, 2024