အခန်း (၃၇၆) အမှောင်ထုရဲ့ အိပ်မက်ဆိုး၊ ဟန်ကျွယ်ရဲ့ တာအိုဘွဲ့
အချိန်တစ်ခု အရောက်မှာတော့ ဟန်ကျွယ်ဟာ သူလိုချင်တဲ့ မဟာအဂ္ဂတာအို ဆန်းကြယ်စွမ်းအားကို ဖန်တီးနိုင်သွားပါတယ်။ ဟန်ကျွယ်ဟာ မျက်လုံးတွေကို ဖြည်းညင်းစွာ ဖွင့်လှစ်လိုက်ပါတယ်။ ဟန်ကျွယ်ရဲ့ မျက်လုံးတွေဟာ ခရမ်းရောင် ဖြစ်နေပါတယ်။
“ဒီဆန်းကြယ်စွမ်းအားကို အမှောင်ထုရဲ့ အိပ်မက်ဆိုးလို့ ခေါ်မယ်” ဟန်ကျွယ်ဟာ သူ့ဘာသာ ရေရွတ်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ ဒီဆန်းကြယ်စွမ်းအားကိုသုံပြီး သူ့ရန်သူတွေရဲ့ အိပ်မက်ဆိုး ဖြစ်ချင်တာပါ။
မဟာတာအို တည်ရှိနေသမျှ ကာလပတ်လုံး ဟန်ကျွယ်ဟာ အမှောင်ထုရဲ့ အိပ်မက်ဆိုးကို အသုံးပြုပြီး အိပ်မက်တွေ ပေးပို့လို့ရပါတယ်။ တစ်ချိန်တည်းမှာပဲ ဟန်ကျွယ်ဟာ တခြားသူတွေရဲ့ တွက်ချက်မှုကို ဟန့်တားနိုင်ပြီး ကံတရားရဲ့ သက်ရောက်မှုကို မခံရပါဘူး။
တဖက်လူရဲ့ ကျင့်ကြံမှုက အလွန်နိမ့်ပါးမယ်ဆိုရင်တော့ ဟန်ကျွယ်ဟာ အိပ်မက်ထဲကနေ တစ်ဖက်လူကို အသေသတ်နိုင်ပါတယ်။ ဒီဆန်းကြယ်စွမ်းအားက ရိုးရိုးတန်းတန်း ဆန်းကြယ်စွမ်းအား မဟုတ်ပါဘူး။ မဟာတာအို ဆန်းကြယ်စွမ်းအားပါ။
သတိကြီးလွန်းတဲ့ ဟန်ကျွယ်ဟာ သူ့ဆန်းကြယ်စွမ်းအားကို စိတ်မချသေးတာကြောင့် ကောင်းကင်လျှို့ဝှက်ချက် တွက်ချက်မှု လုပ်ဆောင်ချက်ကို မေးလိုက်ပါတယ် “တာအိုပညာရှိတွေက ငါ အမှောင်ထုရဲ့ အိပ်မက်ဆိုး အသုံးပြုတာကို သတိထားမိမှာလား”
[သက်တမ်း ၁ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
‘ဆန်းကြယ်စွမ်းအား အကြောင်းမေးတာ ဘယ်လိုလုပ်ပြီး သက်တမ်းသုံးဖို့ လိုရတာလဲ’ ဟန်ကျွယ်ဟာ စိတ်ထဲမှာ ကျိန်ဆဲလိုက်ပါတယ်။ ဟန်ကျွယ်ဟာ ဒီကောင်းကင်လျှို့ဝှက်ချက် တွက်ချက်မှု လုပ်ဆောင်ချက်က ဘယ်လိုအလုပ်လုပ်လဲဆိုတာ အခုထိ နားမလည်နိုင်သေးပါဘူး။
‘ထားလိုက်ပါတော့… ၁ ဘီလီယံတည်းဟာကိုး’
ဟန်ကျွယ်ဟာ ဆက်တွက်ဖို့ ရွေးချယ်လိုက်ပါတယ်။
[ကောင်းကင်တာအိုပညာရှိသည် မတွက်ချက်နိုင်ပါ။ သို့သော် သင်သည် မဟာတာအိုပညာရှိ၏ အိပ်မက်သို့ သွားလည်ပတ်မည်ဆိုလျှင် တွက်ချက်ခံရနိုင်သည်။ တာအိုပညာရှိအောက်ရှိ သက်ရှိများ၏ အိပ်မက်ထဲသို့ လည်ပတ်မည်ဆိုလျှင် မည်သည့် တာအိုပညာရှိမျှ တွက်ချက်၍ မရနိုင်ပါ။]
‘အား… မဟာတာအိုပညာရှိ ဆိုပါလား..’
‘ဘိုးဘေးရှီတျန်လိုမျိုး တာအိုဖြတ်ကျော် ဆရာကြီးတွေလား… ဒါမှမဟုတ် တာအိုဘိုးဘေးလိုမျိုးလား..’
ဟန်ကျွယ်ဟာ ဒီကိစ္စကို ရှင်းရှင်းလင်းလင်း နားမလည်နိုင်ပါဘူး။ ဒါပေမဲ့ ကိစ္စမရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဟန်ကျွယ်က တာအိုပညာရှိရဲ့ အိပ်မက်ထဲကို သွားလည်ဖို့ မစီစဉ်ထားလို့ပါပဲ။ ဒါကြောင့် ဟန်ကျွယ်မှာ ဘာကြောက်စရာမှ မရှိပါဘူး။
ဟန်ကျွယ်ရဲ့ သက်တမ်းက ရှည်လျားတယ်ဆိုပေမဲ့ စိတ်ထင်တိုင်း လျှောက်လုပ်လို့မရပါဘူး။ ဘယ်လောက်ပဲ ချမ်းသာချမ်းသာ အဖြုန်းကြမ်းရင် တစ်ခဏအတွင်း ငမွဲပြန်ဖြစ်သွားမှာပါ။ ဟန်ကျွယ်ဟာ သူ့သက်တမ်းကို ကြည့်လိုက်တဲ့အခါ မဟာတာအို ဆန်းကြယ်စွမ်းအားကို သိမြင်နားလည်ဖို့အတွက် ငါးနှစ်ကြာတာကို တွေ့သွားပါတယ်။
ဟန်ကျွယ်ဟာ သူ့ဆန်းကြယ်စွမ်းအားကို ဘယ်သူနဲ့ စမ်းသပ်ရင်ကောင်းမလဲဆိုတာ စဉ်းစားပါတယ်။
‘အို… ဟုတ်သားပဲ၊ ကျယ်ကျောင်းတော်က ကျို့ယိုငရဲထဲ ဝင်လာတာဆိုတော့ ကျင်းတျန်ကုန်းနဲ့ အရင်ဆုံး စမ်းသပ်ရမယ်’
တစ်ခဏ အနားယူပြီးတဲ့ အခါမှာတော့ ဟန်ကျွယ်ဟာ အမှောင်ထုရဲ့ အိပ်မက်ဆိုးကို စတင် အသုံးပြုလိုက်ပါတယ်။ ကျင်းတျန်ကုန်းရဲ့ ရုပ်သွင်က စိတ်ထဲမှာ ပေါ်လာတာကြောင့် ဟန်ကျွယ်ဟာ ကျင်းတျန်ကုန်း အိပ်မက်ထဲ ဆွဲသွင်းလိုက်ပါတယ်။
တာအိုဘုံကျောင်းအတွင်းမှာ တရားထိုင်ပြီး ကျင့်ကြံအားထုတ်နေတဲ့ ကျင်းတျန်ကုန်းရဲ့ သိစိတ်ဟာ လေလွင့်သွားပါတယ်။ ကျင်းတျန်ကုန်း သတိဝင်လာတဲ့အခါမှာတော့ တောင်ထိပ်တစ်ခုပေါ် ရောက်နေတာကို တွေ့လိုက်ရပါတယ်။ ကျင်းတျန်ကုန်းရဲ့ ဘေးနားမှာလည်း စိမ်းစိုတဲ့ တောတောင်မြစ်ချောင်းတွေ ရှိနေပြီး လေပြေလေညင်းက တသုန်သုန် တိုက်ခိုက်လျက် ရှိပါတယ်။
ကျင်းတျန်ကုန်းဟာ အံအားသင့်သွားပါတယ် ‘ဒါ ဘယ်နေရာလဲ’
ကျင်းတျန်ကုန်းဟာ စိုက်ကြည့်ခံနေရတယ်လို့ ခံစားရတာကြောင့် နောက်လှည့်ကြည့်လိုက်တဲ့အခါ အရိပ်နက်တစ်ခုကို တွေ့လိုက်ရတဲ့အတွက် ကောင်းကင်ပေါ် ခုန်တက်မိသား ဖြစ်သွားပါတယ်။
အရိပ်နက်ကို အနက်ရောင်မြူခိုးတွေ လွှမ်းမိုးထားတဲ့အတွက် ကိုယ်ပုံပန်းသဏ္ဍာန်နဲ့ ခရမ်းရောင် မျက်လုံးတစ်စုံကိုပဲ တွေ့မြင်နိုင်တာကြောင့် အလွန်ထူးဆန်းပြီး အလွန်ကြောက်ဖို့ ကောင်းပါတယ်။
ကျင်းတျန်ကုန်းက သတိကြီးကြီးနဲ့ မေးလိုက်ပါတယ် “ခင်ဗျားက ဘယ်သူလဲ”
အရိပ်နက်က အေးအေးဆေးဆေး ပြောလိုက်ပါတယ် “မကြောက်ပါနဲ့၊ ငါက မင်းကို ဒုက္ခမပေးပါဘူး၊ နောက်ပြီး ဒါက အိပ်မက်တစ်ခုပဲ” ဟန်ကျွယ်ဟာ အသံကို အမှောင်သခင်ကြီးနာမည်နဲ့လိုက်အောင် ခပ်ကြီးကြီး ခပ်ဩဩ ပြောင်းပြီး ပြောလိုက်ပါတယ်။
‘အိပ်မက်…’ ကျင်းတျန်ကုန်းဟာ ထိတ်လန့်သွားပါတယ် ‘ငါက ကျင့်ကြံမှု ဘယ်အဆင့်ကို ရောက်နေပြီလဲ၊ ဘယ်လိုလုပ်ပြီး အိပ်မက်မက်နိုင်မှာလဲ…’
‘ဒါ ဒီလူရဲ့ ဆန်းကြယ်စွမ်းအားပဲ ဖြစ်ရမယ်၊ သူက ငါ့ကို အိပ်မက်ထဲ ဆွဲသွင်းလိုက်တာ ဖြစ်ရမယ်’
[ကျင်းတျန်ကုန်းသည် သင့်အား မုန်းတီးသွားပါပြီ။ လက်ရှိ မုန်းတီးမှု: ကြယ်နှစ်ပွင့်။]
ဟန်ကျွယ်ဟာ ဒီအသိပေးချက်ကို ဂရုမစိုက်ဘဲ ကျင်းတျန်ကုန်းကို ဆက်ပြီးတော့ စိုက်ကြည့်ပါတယ်။ ကျင်းတျန်ကုန်းဟာ အရိပ်နက်ကို တိုက်ခိုက်ချင်ပေမဲ့ သူ့ဝိညာဉ်စွမ်းအားကို လုံးဝ ထုတ်သုံးလို့မရဘူး ဆိုတာကို တုန်လှုပ်ချောက်ချားစွာ တွေ့ရှိလိုက်ရပါတယ်။
အမှောင်ထုရဲ့ အိပ်မက်ဆိုးထဲမှာ တစ်ဖက်လူရဲ့ ကျင့်ကြံမှုအဆင့်က ဟန်ကျွယ်ရဲ့ ကျင့်ကြံမှုအဆင့်ထက် မမြင့်မားရင် မဟာတာအို ဆန်းကြယ်စွမ်းအားရဲ့ ဖိနှိပ်မှုကြောင့် တစ်ဖက်လူဟာ ဟန်ကျွယ်ကို လုံးဝ တိုက်ခိုက်နိုင်မှာ မဟုတ်ပါဘူး။ ဒါဟာ မဟာတာအို ဆန်းကြယ်စွမ်းအားရဲ့ တစ်မူထူးခြားတဲ့ အစွမ်းတစ်ပါးပါ။
ကျင်းတျန်ကုန်းဟာ အတတ်နိုင်ဆုံး ကြိုးစားပြီး စိတ်ငြိမ်အောင် လုပ်လိုက်ပါတယ်။ အဲဒီအခါမှာ တစ်ဖက်လူက သူ့ကို တိုက်ခိုက်လိုစိတ်မရှိဘဲ စကားပြောချင်နေတာကို ရှာတွေ့သွားပါတယ်။
‘နေပါအုန်း… သူက…’
ကျင်းတျန်ကုန်းဟာ မျက်လုံးပြူးသွားပြီး ခန္ဓာကိုယ်တစ်ခုလုံး ကြက်သီးမွေးညင်း ထသွားပါတယ် ‘ဒီလူက တစ်ကိုယ်လုံး နက်မှောင်ပြီး တော်တော်လေး လျှို့ဝှက်ဆန်းကြယ်တာဆိုတော့ အမှောင်သခင်ကြီးများလား’
“ဒီက တာအိုရောင်းရင်းက အမှောင်…”
ဟန်ကျွယ်ဟာ ဖြတ်ပြောလိုက်ပါတယ် “မင်း ဘာလိုချင်လဲ”
ဟန်ကျွယ်ဟာ တစ်ဖက်လူရဲ့ နှလုံးသားကို သိမ်းပိုက်ချင်တဲ့အတွက် ဒီမေးခွန်းကို ကောက်ကာငင်ကာ မေးလိုက်တာပါ။
ကျင်းတျန်ဟာ ဟန်ကျွယ်ရှေ့မှာ ဆင်းသက်ပြီး ချက်ချင်း ဒူးထောက်ကာ ပြောလိုက်ပါတယ် “ကျွန်တော် အမှောင်သခင်ကြီးဆီမှာ အမှုထမ်းလိုပါတယ်၊ ကျွန်တော်အသက်ကို အမှောင်သခင်ကြီးအတွက် စွန့်လွှတ်နိုင်ပါတယ်”
[ကျင်းတျန်ကုန်းသည် သင့်အား မျက်နှာသာပေးမှု ရှိလာပါပြီ။ လက်ရှိ မျက်နှာသာပေးမှု: ကြယ်ငါးပွင့်။]
‘အင်း… တစ်ခါတည်း ကြယ်ငါးပွင့်ပါလား… ဘာတွေ ဖြစ်ကုန်တာလဲ’
ဟန်ကျွယ်ဟာ မှင်သက်သွားပါတယ် ‘ဒီကောင်ကလည်း အမှောင်သခင်ကြီးကို ယုံကြည်တဲ့သူ တစ်ယောက်လား’ ဒီအတွေးကြောင့် ဟန်ကျွယ်ဟာ ကျင်းတျန်ကုန်းဟာ သေချာကြည့်လိုက်တဲ့အခါ ကျင်းတျန်ကုန်းရဲ့ မျက်လုံးတွေက အရူးအမူး ဖြစ်နေတာကို တွေ့လိုက်ရပါတယ်။
ဟန်ကျွယ်က မေးလိုက်ပါတယ် “ကျယ်ကျောင်းတော်က ဘာကြံနေတာလဲ”
ကျင်းတျန်ကုန်းဟာ တစ်စက္က့န်တောင် မတုံ့ဆိုင်းဘဲ ပြန်ဖြေပါတယ် “ကျွန်တော်တို့က ကပ်ဘေးကို ရှောင်လွှဲချင်ရုံပါ၊ ဒါပေမဲ့ ကျွန်တော်ကိုယ်တိုင်က သခင်ကြီးရဲ့ ငယ်သားပဲ ဖြစ်ချင်ပါတယ်၊ အခုလက်ရှိ အင်မော်တယ်ကမ္ဘာမှာ တာအိုပညာရှိတွေကလွဲရင် သခင်ကြီးက ကျွန်တော် အလေးစားရဆုံးပါ၊ သခင်ကြီးက အမှောင်ထဲကနေ လက်တစ်ချက် ဝှေ့ယမ်းရုံနဲ့ အင်မော်တယ်ကမ္ဘာကို ဝရုန်းသုန်းကား ဖြစ်အောင် လုပ်နိုင်တယ်၊ ထိပ်သီးအင်အားစုလေးစုကလည်း သခင်ကြီးလေးချက်နဲ့ တော်တော်လေး ဒုက္ခရောက်သွားကြတယ်၊ ဒီလိုအရည်အချင်းက ပြီးခဲ့တဲ့ အနန္တကပ်ဘေးမှာ ပေါ်ထွန်းခဲ့တဲ့ ကပ်ဘေးသခင်တွေထက် အများကြီး ပိုသာပါတယ်”
“မင်းနဲ့ ကောင်းကင်ရုံးတော်ရဲ့ ဆက်ဆံရေးကနေ ဘယ်လိုရှိလဲ…”
ကျင်းတျန်ကုန်းဟာ တုံ့ဆိုင်းတုံ့ဆိုင်းနဲ့ မေးလိုက်ပါတယ် “သခင်ကြီးကရော ကောင်းကင်ရုံး…”
“ကောင်းကင်ရုံးတော်မှာ ကောင်းကင်တာအိုရဲ့ ကံတရား အထောက်အပံ့ ရှိတယ်၊ အခုလောလောဆယ် ငါ သူတို့ကို ရန်မစချင်သေးဘူး၊ ဒါပေမဲ့ မကြာခင်မှာ ငါ သူတို့ကို တိုက်ခိုက်မှာ…” ဟန်ကျွယ်ဟာ မောက်မာစွာ ပြောလိုက်ပါတယ်။
ကျင်းတျန်ကုန်းဟာ ရင်ထဲမှာ စိတ်လှုပ်ရှားသွားပါတယ် ‘ငါ ထင်တဲ့အတိုင်းပဲ’
ကျင်းတျန်ကုန်းဟာ အမှောင်သခင်ကြီးက ကောင်းကင်ရုံးတော်က မဟုတ်ဘူးလို့ သံသယဝင်နေတာ ကြာပါပြီ။ ဘာဖြစ်လို့လဲဆိုတော့ ကောင်းကင်ရုံးတော်က အားနည်းလွန်းလို့ပါ။
“ကျယ်ကျောင်းတော်နဲ့ ကောင်းကင်ရုံးတော်ရဲ့ ပူးပေါင်းမှုက လိုတာကိုယ်စီ ယူကြတာပါ၊ ကျွန်တော်တို့က ကောင်းကင်ရုံးတော်ကို ကူညီလိုက်တဲ့အတွက် ကောင်းကင်ဧကရာဇ်ကလည်း နတ်ဘုရားရွေးချယ်ခုံထဲမှာ ဖိနှိပ်ခံထားရတဲ့ ကျယ်ကျောင်းတော်က ထိပ်သီးကျင့်ကြံသူတွေရဲ့ ဝိညာဉ်ကို လွှတ်ပေးလိုက်တယ်၊ အခု ကျွန်တော်တို့က ကောင်းကင်ရုံးတော်ကို ထပ်ပြီးတော့ မကူညီတော့ဘူး” ကျင်းတျန်ကုန်းက အလေးအနက် ပြန်ဖြေပါတယ်။
ဟန်ကျွယ်ဟာ ကျင်းတျန်ကုန်းက ဆက်ပြီးတော့ စမ်းသပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ် “မင်းမှာ ကျိန်စာတိုက်နိုင်တဲ့ စာအုပ်လည်း ရှိတယ်၊ မင်းသာ ငါ့နေရာမှာဆိုရင် နောက်ထပ် ဘယ်သူ့ကို ကျိန်စာတိုက်မလဲ”
ကျင်းတျန်ကုန်းဟာ လေးလေးနက်နက် စဉ်းစားလိုက်ပါတယ်။ အတန်ကြာမှ ကျင်းတျန်ကုန်းဟာ ခေါင်းမော့ပြီး ပြောလိုက်ပါတယ် “ငရဲပြည်ပါ၊ ဇုထူ သေသွားပြီးကတည်းက အင်မော်တယ်ကမ္ဘာတစ်ခုလုံးမှာ ပြည့်နေတဲ့ အငြိုးကြီးစိတ်ဝိညာဉ်တွေက ငရဲပြည်မှာ သွားပုန်းနေတယ်၊ သူတို့ကို ငရဲမင်းနဲ့ ရှန်နန်းတော်တပည့်တွေက ထိန်းချုပ်ထားတယ်၊ ဒီအင်အားက အတော်ကြီးတယ်၊ ကျွန်တော်တို့တွေ သူတို့ကို အားနည်းအောင် မလုပ်ဘူးဆိုရင် အင်မော်တယ် ကောင်းကင်ရုံးတော်နဲ့ နတ်ဆိုး ကောင်းကင်ရုံးတော် အားနည်းသွားတဲ့အခါမှာ သူတို့က အနန္တကမ္ဘာကို သိမ်းကျုံး လွှမ်းမိုးသွားလိမ့်မယ်”
“ကောင်းပြီ… ငါ ဒီတာဝန်ကို မင်းလက်ထဲ အပ်ထားခဲ့မယ်၊ အခုအချိန်ကစပြီး မင်းက ငါ့နောက်လိုက်ပဲ၊ ငါ့နောက်လိုက်ဖြစ်ဖို့ မင်းမှာ ဆန္ဒရှိရဲ့လား”
ကျင်းတျန်ကုန်းဟာ ပထမတော့ ကြက်သေသေသွားပါတယ်။ အဲဒီနောက် ဝမ်းသာအားရ ဖြစ်သွာပြီး ချက်ချင်းပဲ သဘောတူ လိုက်ပါတယ်။
ဟန်ကျွယ်ဟာ ဘာမှထပ်မမေးတော့ဘဲ ဆန်းကြယ်စွမ်းအားကို ရုတ်သိမ်းလိုက်ပါတယ်။
ကျင်းတျန်ကုန်း တစ်ခဏကြောင်သွားပြီမှ အိပ်ရာကနေ နိုးသွားပါတယ်။ အစစ်အမှန်ကို ပြန်ရောက်နေတာ တွေ့လိုက်ရတဲ့အတွက် ကျင်းတျန်ကုန်းဟာ သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပါတယ်။
ကျင်းတျန်ကုန်းဟာ လေးစားတဲ့မျက်ဖြစ်သွားပါတယ် ‘အမှောင်သခင်ကြီးလို့ မပြောရဘူး… သူ့ဆန်းကြယ်စွမ်းအားက တကယ်ကို အထင်ကြီးဖို့ ကောင်းတာပဲ’
အဲဒီနောက် ကျင်းတျန်ကုန်းဟာ စိတ်လှုပ်ရှားလာပါတယ် ‘ဟုတ်တယ်… စိတ်ရင်းအမှန်က အလုပ်ဖြစ်တယ်၊ အခုအချိန်ကစပြီး ငါက အမှောင်သခင်ကြီးရဲ့ နောက်လိုက်ပဲ’
‘ငါသာ ကြိုးကြိုးစားစား အလုပ်လုပ်မယ်ဆိုရင် အမှောင်သခင်ကြီးက ငါ့ကို ကောင်းကောင်းမွန်မွန် ဆက်ဆံပြီး ကျယ်ကျောင်းတော်ကိုလည်း ထောက်ပံ့ပေးလောက်တယ်’
အနန္တကပ်ဘေးမှာ ကျရှုံးခဲ့တာကြောင့် ကျယ်ကျောင်းတော်ဟာ အလွန်ကြီးမား များပြားတဲ့ ကံတရား အထောက်အပံ့ကို ဆုံးရှုံးခဲ့ရပါတယ်။ ဒါကြောင့် ကျင်းတျန်ကုန်းဟာ ကျယ်ကျောင်းတော် တစ်ဖန်ပြန်ပြီးတော့ အင်အားကြီးမားလာဖို့အတွက် နောက်ခံရှာဖို့ လိုပါတယ်။
ဒီနေရာမှာ အမှောင်သခင်ကြီးက အသင့်လျော်ဆုံး ဖြစ်နေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အမှောင်သခင်ကြီးဆီမှာ အကြောက်တရား မရှိလို့ပါပဲ။ အမှောင်သခင်ကြီးက ဘယ်သူကိုမှ မကြောက်လို့ ထိပ်သီးအင်အားစုရဲ့ ခေါင်းဆောင်တွေကို သေအောင်ကျိန်စာတိုက်တာ မဟုတ်ပါလား။
ဒါက ကျင်းတျန်ကုန်း အထင်ပါ။ တကယ့်အဖြစ်မှန်က သူထင်တာနဲ့ မိုးနဲ့မြေလို ခြားနားနေတာကိုတော့ ကျင်းတျန်ကုန်း မသိရှာပါဘူး။
ကျင့်ကြံခြင်းလိုဏ်ဂူထဲက ဟန်ကျွယ်ဟာ သက်ပြင်းချလိုက်ပါတယ် ‘အမှောင်သခင်ကြီးမှာ ဒီလောက်များတဲ့ ပရိသတ်တွေ ရှိလိမ့်မယ်လို့ ထင်မထားဘူး’
‘ငါက တစ်ခါမှ အပြင်မထွက်ဘဲနဲ့… ဘယ်လိုဖြစ်ပြီး ဒီလောက် ယုံကြည်သူတွေ များနေရတာလဲ’
ဒီလိုဖြစ်ရခြင်းရဲ့ အဓိအကြောင်းအရင်းက အကြံအစည်ရှိသူတွေဟာ အမှောင်သခင်ကြီးအပေါ် အပြစ်မျိုးစုံ ပုံချတဲ့အတွက် အမှောင်သခင်ကြီးဟာ ကောလဟာလထဲမှာ ပိုပိုပြီးတော့ စွမ်းအားကြီးလာပါတယ်။ ဒါကြောင့်လည်း ယုံကြည်သူတွေက ဒီရေအလား တိုးပွားလာတာပါ။
အမှောင်ထုရဲ့ အိပ်မက်ဆိုး ရှိနေတဲ့အတွက် ဟန်ကျွယ်ဟာ အမှောင်သခင်ကြီးနာမည်ကို အသုံးချလို့ ရသွားပါပြီ။ အမှောင်သခင်ကြီးနာမည်က အလွန်တရာ နာမည်ကျော်သလို အထင်ကြီးဖို့လည်း ကောင်းပါတယ်။
တာအိုကို ရရှိသွားတဲ့ လူအများစုဟာ သူတို့ရဲ့ အရင်နာမည်ကို စွန့်လွှတ်ပြီး သူတို့ရဲ့တာအိုဘွဲ့ကို ရွေးချယ်ကြပါတယ်။ ဟန်ကျွယ်ဟာ အမှောင်သခင်ကြီးဆိုတဲ့ နာမည်က မဆိုးဘူးလို့ ခံစားလိုက်ရပါတယ်။ ဘာပဲဖြစ်ဖြစ် အမှောင်သခင်ကြီးဆိုတဲ့ နာမည်က ပြန်လည်မွေးဖွားခြင်းဆိုတဲ့ နာမည်ထက် ပိုကောင်းတယ် မဟုတ်ပါလား။
ဟန်ကျွယ်ဟာ သူစွမ်းအားကြီးလာရင် အမှောင်သခင်ကြီးဆိုတဲ့နာမည်ကို ယူဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒါပေမဲ့ အမှောင်သခင်ကြီးရဲ့ ရန်သူတွေက ပိုပိုစွမ်းအားကြီးလာမှာကို ဟန်ကျွယ်တစ်ယောက် မသိခဲ့ပါဘူး။
မြန်မာပြည် ငြိမ်းချမ်းပါစေ။
Chapter – 376
? Views, Released on December 6, 2024