Switch Mode

Chapter – 22

မဖိတ်ခေါ်ပဲ ရောက်လာသူ

Chapter – 22 မဖိတ်ခေါ်ပဲ ရောက်လာသူ

လမ်းမှာ တိတ်ဆိတ်ငြိမ်းချမ်းနေသည်။ ချူဖုန်းသည် လမ်းကြားလေးမှတစ်ဆင့် ရွာအရှေ့ဘက်အစွန်းပိုင်း၌ရှိနေသည့် သူ၏အိမ်သို့ လျှောက်လာလိုက်သည်။ သူ့အိမ်သည် သစ်ခွတောအုပ်ကြီး၏ မျက်နှာချင်းဆိုင်၌ ရှိနေသည်ပင်။

နွားဝါ ဒုက္ခရောက်နေမလား… ဤအတွေးသည် သူ နွားဝါကို တစ်ကောင်တည်း ထားခဲ့သည့်အချိန်တိုင်း တွေးမိသည့်အတွေးပင်ဖြစ်သည်။ နွားပေါက်သည် စည်းမျဉ်းစည်းကမ်းများကို လိုက်နာခြင်းမရှိသည့်သူပင် ဖြစ်ပြီး သူ၏ လုပ်ရပ်တိုင်းမှာ ဘောင်ကျော်နေတတ်သည်။ လူစိမ်းလာလျှင် သူ့ကို အိမ်ထဲတွင် ပုန်းနေရန် ထပ်ခါထပ်ခါ မှာကြားထားသော်လည်း နွားဝါသည် သူပြောသည့်အတိုင်း လုပ်လိမ့်မည်ဟု သူမထင်။

သူ၏ရွှေရောင်အမွေးများမှာ မြင်သူတိုင်း၏ မျက်လုံးထဲတွင် တောက်ပနေပြီး အရာအားလုံးမှာ ထူးဆန်း နေမည်ပင်။

ခြံဝင်းထဲတွင် တိတ်ဆိတ်နေသည်။ လူအော်သံများ၊ နွားအော်သံများ မကြားရ၍ ချူဖုန်း စိတ်အေးသွားသည်။

သူ မျက်မှောင်ကြုတ်ကာ ခြံဝင်းထဲ ဝင်လာလိုက်သည်။ သူ မည်သူ့ကိုမှ မတွေ့ရသေး။ တစ်ယောက်ယောက်က သူ့ကို ရှာနေသည်မဟုတ်ဘူးလား… သူတို့ အမြန်ကြီးတော့ ပြန်မသွားလောက်ဘူး…

ဆက်သွယ်ရေးလမ်းကြောင်းအားလုံး ပြတ်တောက်နေပြီး တစ်နေရာမှ တစ်နေရာသို့ သွားလာရာတွင် ဒုက္ခကြုံနိုင်သလို သေဘေးနှင့်လည်း ကြုံနိုင်သည့် ယခုကဲ့သို့သောအချိန်တွင် မည်သူကများ သူနှင့်တွေ့ချင်နေသနည်း…သူအလွန် သိချင်နေသည်။

ယခုတစ်ခေါက်တော့ သူ ထိုလူများနှင့် မလွဲချင်။ သူတို့ကို တွေ့ချင်သည်။

ရုတ်တရက် ဒုတိယထပ် ဝရန်တာတွင် လူတစ်ယောက်၏ အရိပ်ထွက်ပေါ်လာသည်။ အရိပ်မှာ လူငယ်တစ်ယောက်ပုံပင်။ သူ အမြင်မှားနေသည်ဟု ထင်မိသော်လည်း ထိုလူ ဝရန်တာသို့ ထွက်လာသည်။ သူသည် ချူဖုန်းကို ငုံ့ကြည့်လာသည်။

ချူဖုန်းသည် နည်းနည်း စိတ်ပျက်သွားသည်။ သူ ဤလူကို တစ်ခါမှ မတွေ့ဖူး။ ယခုကဲ့သို့ုသူ့ခွင့်ပြုချက်မရှိပဲ အိမ်ထဲသို့ ဝင်နေခြင်းမှာ အတော်လေး ရိုင်းပျလှသည်ပင်။

ချူဖုန်း စိတ်ရှုပ်သွားသော်လည်း ထိုလူငယ်ကတော့ တည်ငြိမ်ကာ တိတ်ဆိတ်နေဆဲ ဖြစ်ပြီး သူ့ကို ခပ်တည်တည်ဖြင့် မတန်သလို ငုံ့ကြည့်နေသေးသည်။

“မင်း ဘယ်သူလဲ” ချူဖုန်း မေးလိုက်သည်။ ဒါက ဦးလေးလျိုပြောတဲ့ လူငယ်တွေထဲက တစ်ယောက်လား… သို့သော် ချူဖုန်း သူ့ကို မည်သည့်နေရာ၌ တွေ့ဖူးမှန်း စဉ်းစားမရဖြစ်နေသည်။

“ကျွောကျွင်းပါ” ထိုလူငယ် ပြန်ဖြေလိုက်သည်။ ထိုလူငယ်သည် ဆံပင်တိုနှင့်ဖြစ်ပြီး သူ၏မျက်လုံးများမှာ အရောင်တောက်ပနေသည်။ သူ့ကို ရုပ်ရည်ချောမောသူဟု သတ်မှတ်၍မရသော်လည်း လူငယ်တစ်ဦးအနေဖြင့် သူ့ဟာနှင့်သူကြည့်ရအဆင်ပြေနေသည်ကိုတော့ မငြင်းနိုင်။ သူသည် လျင်မြန်သွက်လက်ပြီး ကြမ်းတမ်းပုံပေါ်သည်။

သူသည် သာမန်လူမဟုတ်ကြောင်း မြင်သူတိုင်း သိနိုင်သည်။ သူသည် အထူးအဖွဲ့ဝင် သို့ စစ်တပ်မှ ထွက်လာသည့်သူနှင့်တူသည်။

သို့သော် ဤသည်မှာ အပြင်ပန်းပုံစံသာ။ သူ့အနားတွင်တော့ မာန်မာနကြီးသည့်လေထုသာ ဝန်းရံထားပြီး သူ့ကို အမိန့်ပေးလျှင် လက်ခံမည့်ပုံ မပေါ်။

“ငါ မင်းကို မသိဘူး” ချူဖုန်း သူ့ကို စိုက်ကြည့်နေသည်။

“အခု သိသွားပြီ မဟုတ်လား” ကျွောကျွင်း ပြောလာသည်။ သူသည် ချူဖုန်း၏ ခန္ဓာကိုယ်မှ တစ်ခုခုကို ရှာဖွေနေသကဲ့သို့ ချူဖုန်းအား စိုက်ကြည့်နေလေသည်။

ထိုလူစိမ်းထံမှ ဤကဲ့သို့ဆက်ဆံခံနေရသည့်အတွက် ချူဖုန်း ထိုလူကို ရွံမုန်းလာသည်။ ဤသည်မှာ သူ့အိမ်ဖြစ်သော်လည်း ထိုလူကတော့ သူ့ကိုယ်သူကို ဧည့်သည်မှန်း မေ့နေပုံ ရသည်။

“ငါနဲ့ ပြောစရာ မရှိရင် ဒီကနေ ထွက်သွား.. ငါပြောပြီးပြီးဆိုပေမယ့် ငါ ထပ်ပြောမယ်၊ ငါ မင်းကို မသိဘူး… အဲဒီတော့ ထွက်သွားပေးပါ” ချူဖုန်း ထွက်သွားရန် အမိန့်ပေးလိုက်သည်။

“ငါလည်း ဒီလို စုတ်ပြတ်သတ်နေတဲ့နေရာမျိုးမှာ နေချင်တယ်လို့များ ထင်နေတာလား.. တစ်ယောက်ယောက်က မင်းကို လာကြည့်ခိုင်းထားလို့ လာတာ” ကျွောကျွင်း ပြောသည်။

“ဘယ်သူက လာကြည့်ခိုင်းတာလဲ..”

ကျွောကျွင်း ပြန်မဖြေပါ။ သူသည် ချူဖုန်းကို တစ်ပတ်ပတ်ကြည့်လိုက်လေ၏။ သူသည် မည်သူ့ကိုမှ ဂရုမစိုက်သလို စိတ်တိုင်းကျ ပြုမူနေသည်။ ချူဖုန်း ခြံဝင်းထဲကို ဝင်လာတည်းက ဤလူသည် ချူဖုန်းကို ဆန်းစစ်နေပြီး ယခု သူ၏အကြည့်မှာ ပို၍ ကြောက်စရာ ကောင်းလာသည်။

“မင်းက သူတို့ထက် နည်းနည်း ပိုချောတာပဲ ရှိတယ်… ကျန်တာ ဘာမှ ထူးခြားတာ မရှိဘူး” ကျွောကျွင်း ကောက်ချက်ချလိုက်သည်။

“မင်းကိုယ်မင်း ဘာကောင်ထင်နေတာလဲ…” ချူဖုန်း ပို၍ ပို၍ ရွံမုန်းလာသည်။ ဤသည် သူတို့ ပထမဆုံးအကြိမ် တွေ့ဆုံခြင်းဖြစ်ပြီး မည်သူမှ တစ်ယောက်အကြောင်းတစ်ယောက် မသိသေး။ သို့သော် ဤလူက သူ့အား ဤကဲ့သို့ကောက်ချက်ချနေသည်။

“သိပ်ပြီး စိတ်တိုမနေနဲ့ .. ငါ အမှန်အတိုင်းပြောတာ… မင်းကို မျက်နှာသာပေးချင်လို့ မင်းကို ‘သာမန်’လို့ ပြောပေးတာ ” ကျွောကျွင်းသည် သူပြောနေသည့် ဝေဖန်မှုများကို ထိန်းပြောရမှန်းမသိ။ သူသည် ချူဖုန်း၏ မျက်လုံးကို စိုက်ကြည့်ကာ “မင်းလိုလူမျိုးတွေက အရမ်းကို သာမန်ဆန်လွန်းလို့ ဘယ်နေရာမှ အသုံးမဝင်ကြဘူး.. အခုကမ္ဘာကြီးက ပြောင်းလဲနေပြီ.. အားလုံး စီစဥ်ထားသလိုသာ ဖြစ်လာရင် မင်းက လူမှုအသိုင်းအဝိုင်းရဲ့ အောက်ခြေတန်းစားပဲ ဖြစ်လာမှာ.. မင်းက မြက်ပင်တစ်ပင်သာသာပဲ”

“မင်း ရူးနေပြီလား” ထိုလူ၏ စော်ကားမှုများမှာ ချူဖုန်းကို အဆုံးစွန်သို့ တွန်းပို့လိုက်သည်ပင်။ သူကိုယ်တိုင်ပင် ဂိုဏ်းတစ်ခုခု၏ လက်အောက်ငယ်သားတစ်ယောက်သာ ဖြစ်ပုံပေါ်သော်လည်း အာဏာရှိ အကြီးအကဲတစ်ဦးလို ပြောဆိုပြုမူနေသည်။

“ဒီကနေ ထွက်သွားလိုက်စမ်း..” ချူဖုန်း ခြံတံခါးပေါက်ဝကို လက်ညှိုးထိုးပြလိုက်သည်။

“ထွက်သွားရမယ်ဟုတ်လား” ကျွောကျွင်း၏ မျက်လုံးထဲတွင် ရန်လိုမှုများ ပြည့်နှက်လာသည်။ သူ၏ နေလောင်နေသော မျက်နှာနှင့် ကြမ်းတမ်းနေသည့်ဆံပင်တို့မှာ သူ့ကို ခေါင်းမာသည့်ပုံစံ ပေါက်စေသည်။

“မင်းက ဘာမို့လို့ ငါ့ကို ဒီလို လာပြောနေတာလဲ” သူသည် အံ့သြစွာဖြင့် ခေါင်းယမ်းလိုက်သည်။

“မင်းကိုယ်မင်း ဘာကောင် ထင်နေတာလဲ .. မင်း ဘာမို့လို့ မှတ်နေလို့ ငါ့အိမ်ရှေ့မှာ လာရမ်းကားနေတာလဲ..” ချူဖုန်း အတတ်နိုင်ဆုံး စိတ်ကို တည်ငြိမ်အောင် ထိန်းထားသည်။ ဤလူကို မထိခိုက်အောင် အတတ်နိုင်ဆုံး ကြိုးစားနေသည်ပင်။

“ငါ ဒီကိုလာတာ မင်းကြောင့်ပဲလို့ ထင်နေလား.. တိုင်ဟန်းတောင်တန်းက ခမ်းနားတဲ့တောင်တန်းဒေသပဲ.. ကမ္ဘာ့အထင်ကရတောင်တန်းဆိုလည်း မမှားဘူး.. အခုတလော ကမ္ဘာကြီးက ထင်မှတ်မထားတဲ့ ရတနာတွေနဲ့ ပြည့်နှက်နေတာ.. ဒါကြောင့် ငါ့အချိန်တွေက အရမ်းအဖိုးတန်တယ်.. ငါ တကယ်လေးစားရတဲ့သူကြောင့်သာ မဟုတ်ရင် ဒီလိုနေရာအစုတ်အပြတ်မျိုးကို ငါက ဘာလို့လာမှာလဲ.. ငါလေးစားရတဲ့ လူအိုကြီးက တောင်းဆိုလို့ လာကြည့်ပေးရတာ” ကျွောကျွင်းက အေးစက်စွာ ပြန်ပြောလိုက်သည်။

“မင်း အခုသွားလို့ရပြီ.. ငါ့ကို လာကြည့်စရာ မလိုဘူး” ချူုဖုန်း သူ့ကို မျက်မှောင်ကြုတ်ပြီး ကြည့်လိုက်သည်။ ဤကဲ့သို့ လာကြည့်သည်ကို လက်ခံမည့်အစား စက်ဆုပ်ဖွယ်ကောင်းသော အမှောင်ထုထဲတွင်သာ ပုပ်သိုးပြီးသေလိုက်ချင်သည်။

ချူဖုန်း ထိုလူကို ထပ်ပြီး ဂရုစိုက်မနေတော့ပဲ အပေါ်ထပ်စာကြည့်ခန်းသို့ တက်သွားလိုက်သည်။ အခန်းထဲတွင် ချူဖုန်း စာရေးနည်းသင်ပေးထား၍ နွားဝါ ရေးကျင့်ထားသော စာရွက်များရှိပြီး ဤနေရာမှာ ကျွောကျွင်း ကျုးကျော်လာသည့်နေရာပင် ဖြစ်သည်။

ကျွောကျွင်း ချူဖုန်းကို လှောင်ရယ်လိုက်သည်။ “အခု ကမ္ဘာကြီး ဘယ်လိုဖြစ်နေပြီလဲ မင်း မသိဘူးလား.. အေးလေ မင်းလို လူနေမှုအဆင့်အတန်းရဲ့ အောက်ဆုံးမှာ ရောက်နေတဲ့ လူတွေက ဒီလိုအပြောင်းအလဲတွေနဲ့ လိုက်လျောညီထွေ ဖြစ်မှာမဟုတ်ဘူး .. ပြောင်းလဲမှုတွေက ဘယ်လောက်ပဲ သိသာသိသာ ဖြစ်ပျက်သွားပြီးတော့မှသာ မင်းတို့ သိကြလိမ့်မယ်.. ပြီးတော့ မင်းနဲ့ငါနဲ့ ဘယ်လောက်ကွာခြားလဲဆိုတာ မင်းဘယ်တော့မှ သိမှာမဟုတ်ဘူး”

သူသည် ချူဖုန်းနောက်ကို လိုက်သွားကာ စာကြည့်ခန်းထဲ ဝင်သွားလေ၏။ သူ့စိတ်တိုင်းကျပင် လုပ်နေတော့သည်။

“ငါ မင်းကို ထပ်ပြောမယ်… အခုချက်ချင်း…ထွက်သွား” ချူဖုန်းသည် သည်းခံသင့်သလောက် သည်းခံပြီးသွားပြီ ဖြသောကြောင့် သူ အော်ပြောလိုက်သည်။

“အရူးပဲ” ကျွောကျွင်းမျက်နှာပေါ်မှ အကြည့်မှာ အေးစက်သွားသည်။ “မင်းလို အရူးတွေက ဘာမှ မသိကြဘူး”

ထို့နောက် အထင်သေးသော အကြည့်ဖြင့် ပြောလိုက်သည်၊ “မင်း ကံကောင်းလို့ ဟိုတစ်ယောက်နဲ့ သိခွင့်ရခဲ့တာ၊.. ပြီးတော့ အခု ဟိုတစ်ယောက်က မင်းနဲ့ အတူရှိခဲ့တဲ့ အတိတ်ကို တန်ဖိုးထားတယ်ဆိုလို့ မင်း ငါလိုလူမျိုးနဲ့ စကားပြောနေရတာ.. ဒါပေမဲ့ နောင်ဘယ်လိုဖြစ်လာမလဲဆိုတာ ဘယ်သူကသိမှာလဲ.. မင်းက မေ့ပျောက်ခံရတဲ့ အတိတ်ဖြစ်သွားတာနဲ့ မင်းက ကန္တာရထဲက သဲမှုန့်တစ်မှုန့်လို ဖြစ်သွားမှာ.. နတ်ဘုရားနဲ့ သူတောင်းစား ဘာကွာလဲ မင်းသိလား.. ဆယ်ကျော်သက်အရွယ်မှာ မင်း သူနဲ့တွေ့ခဲ့တယ်.. မင်းသူနဲ့ ခဏနေခဲ့ရပေမယ့် သူနဲ့တောင် ရင်ဘောင်တန်းပြီး မလျှောက်နိုင်ဘူး .. ဒါပေမဲ့ မင်းရဲ့ အဖြစ်မရှိတဲ့ ဦးနှောက်ထဲမှာတော့ ဒါကြီးကို အမြဲတမ်း စွဲနေတော့မှာ”

ချူဖုန်းသည် သူစကားပြောနေတာကို တည်တည်ငြိမ်ငြိမ်သာ ကြည့်နေပြီး‌နောက် “ပြောလို့ ပြီးပြီလား.. ပြီးရင် ခုချက်ချင်း ထွက်သွားလိုက်တော့…”

“ငါ့ကို အော်ဆဲမနေနဲ့.. ခုထိ နားမလည်သေးဘူးလား.. မင်းနဲ့ ငါနဲ့ ကြားက ကွာခြားချက်အ* မင်းခုလိုမျိုး ငါ့ကို အော်နေတာကိုက အပြစ်ပဲ.. ဒါက မင်းငါ့ကို စော်ကားနေတာပဲ” ကျွောကျွင်းက အေးစက်စွာ ပြောလိုက်သည်။

ထို့နောက် သူသည် ချူဖုန်းကို ကြည့်ကာ “အထုပ်သွားပြင်.. ငါနဲ့ မြို့ကို လိုက်ခဲ့ရမယ်..”

ချူဖုန်းသည် အံ့ကြိတ်ကာ သူ၏ဒေါသကို ထိန်းချုပ်လိုက်သည်။ “ငါတို့က ဘာလို့ အဲဒီကို သွားရမှာလဲ” သူ စိတ်ပြန်ငြိမ်သွားသည့်အချိန်မှ ချူဖုန်းမေးလိုက်သည်။ ဤလူ၏ အစီအစဥ်ကို ပိုသိရအောင် သူ့ဒေါသကို ကြိုးစား ထိန်းလိုက်သည်။

“ငါက တိုင်ဟန်းတောင်တန်းကို လေ့လာဖို့ တာဝန်ကျတဲ့ လေ့လာရေးအဖွဲ့က.. အခု ငါတို့လူတွေက မြို့ထဲမှာ နားနေကြတာ.. တစ်ယောက်ယောက်က မင်းကို အသက်ရှင်အောင် ကယ်ပေးဆိုလို့.. ဒါက ငါ့အလုပ်ဆိုတော့ မင်းလုံခြုံပြီးအန္တရာယ်ကင်းအောင်လို့ ငါအစွမ်းကုန် လုပ်ပေးရမှာပဲ” ကျွောကျွင်းက တည်ငြိမ်စွာ ပြောလိုက်သည်။

“လေ့လာရေးအဖွဲ့လား.. ယောကျ်ားတစ်စုလား” ချူဖုန်း အံ့သြသွားရသည်။

“ကျေးဇူးတင်ပေမယ့် ငါဒီမှာ အဆင်ပြေတယ်.. မြို့ထဲကို ပြောင်းဖို့ အစီအစဉ်မရှိသေးဘူး” ချူဖုန်းသည် သူ၏တောင်းဆိုချက်ကို ငြင်းဆိုလိုက်ပြီး ထပ်မေးလိုက်သည်၊ “ဘယ်လိုယောကျ်ားသားတွေနဲ့ ဘယ်လိုလေ့လာရေးအသင်းကလဲ”

သူ့စိတ်ထဲတွင် ဖြစ်နိုင်ချေရှိသော ထင်မြင်ချက်အချို့ကို တွေးထားသော်လည်း ထိုထင်မြင်ချက်များ မှန်မမှန် သိချင်သည်။

“သာမန်လူတစ်ယောက်အနေနဲ့ မင်းမသိသင့်တဲ့ အရာတွေကို မသိတာ ပိုကောင်းမယ်.. မင်းရှိသင့်တဲ့နေရာမှာနေပြီး ဘဝက စီစဥ်တာကို လက်ခံလိုက်.. စပ်စုချင်တဲ့စိတ်ကို ကိုယ့်ဘာသာကိုယ် သိမ်းထားလိုက်” ကျွောကျွင်းသည် စိတ်မရှည်တော့၍ အထက်စီးဆန်သော အပြုအမူဖြင့် ပြောလိုက်သည်။

“မင်းအခု ထွက်သွားလိုက်တော့.. ငါ မင်းနဲ့ လိုက်ခဲ့မယ်” ချူဖုန်းသည် စာကြည့်ခန်းမှ ထွက်လာသည်။

“မင်းကိုယ်မင်း အကြမ်းခံတဲ့ကောင်လို့ ထင်နေတာလား.. မင်းကို လာခေါ်ဖို့ တခြားလူတွေကို ခေါ်လိုက်ရမှာလား” ကျွောကျွင်း ခြိမ်းခြောက်လိုက်သည်။

“ဟမ်..”

ကျွောကျွင်းသည် ချူဖုန်း၏ အိပ်ခန်းကို ဖြတ်သွားရင်း အမှတ်မထင် အနက်ရောင်ဓားမြောင်ကို တွေ့လိုက်သည်။ ခဏ ရပ်ကြည့်ပြီးနောက် ဓားရှိရာဆီ သွားလိုက်လေသည်။

“ဓားကို မထိနဲ့” ချူဖုန်းသည် ကျွောကျွင်းနောက်မှ လိုက်လာကာ သူ မကိုင်ခင် ဓားကို လှမ်းယူလိုက်သည်။

“ရှေးကျတဲ့ ပုံကိုကြည့်ရင် ဒီဓားက လုံးဝ ထူးခြားတဲ့ လက်နက်တစ်ခုပဲဖြစ်ရမယ်.. မင်း မတော်တဆ တွေ့ခဲ့တာလား.. ငါ့ကို ပေး… ငါကြည့်ချင်တယ်” ကျွောကျွင်း သူ့အသံကို နှိမ့်လိုက်ကာ စိတ်ဝင်စားသောပုံဖြင့် ပြောလိုက်သည်။ သူ၏တောင်းဆိုသည့်အသံမှာ အမိန့်ပေးသောလေသံနှင့်ပင် တူတော့မည်။

ဤဓားမှာ နွယ်ပင်များနှင့် တွဲလောင်းချိတ်ခံထားရသော ရှေးခေတ်လူသေထံမှ ယူလာသော ဓားမြောင်ပင်ဖြစ်သည်။

“ဒါ ငါ့ပစ္စည်း… ငါ့ဘာသာငါ ဘယ်လိုရရ မင်းအပူ မပါဘူး” ချူဖုန်း ငြင်းလိုက်သည်။

“ဓားကိုယ်ထည်က တကယ်မဆိုးဘူး… ပြီးတော့ သူ့မှာ ခေတ်ဟောင်းခံစားချက်မျိုး ရှိနေတယ်.. ဒီလိုလုပ်၊ ဒီဓားကို ငါတို့ပထမဆုံးတွေ့ဆုံတဲ့ အထိမ်းအမှတ်လက်ဆောင်အနေနဲ့ ငါ့ကိုပေးလိုက်.. မဟုတ်လည်း ဒီဓားက မင်းလို သာမန်လူလက်ထဲမှာ အပိုဖြစ်နေမှာ.. မင်းယူထားလည်း အကျိုးရှိမှာ မဟုတ်ဘူး”

သူ ကြောက်ရမည့်အရာ မရှိသောကြောင့် ကျွောကျွင်းသည် ယခုကဲ့သို့ စော်ကားသည့် စကားများပြောရာတွင် အနည်းငယ်မျှပင် တုန့်ဆိုင်းမှု မရှိ။ သူ့ကို ဖြစ်သည်။ သူ၏စကားလုံးများသည် တစ်ကိုယ်ကောင်းဆန်ကာ ကြားရသူကို နားခါးစေသည်။

ချူဖုန်းသည် တစ်ခွန်းမှ ပြန်မပြောပဲ သူ့ကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။

“ငါ့ကိုပေး..” ကျွောကျွင်း လက်ဆန့်ကာ ဓားမြှောင်ကို တောင်းနေသည်။

ချူဖုန်း သူ့ကို လျစ်လျူရှုထားလိုက်သည်။

ကျွောကျွင်းသည် တစ်ဆင့်ထပ်တက်ကာ အတင်းယူရန် ကြိုးစားလာသည်။ သူ ဤဓားကို မြင်လိုက်ကတည်းက ဤသည်မှာ ထူးခြားသော လက်နက်ဖြစ်ကြောင်း သူသိသည်။ မထိုက်တန်ဘူးလို့ သူသတ်မှတ်ထားသော လူ၏လက်ထဲတွင် ဤဓားကို သူဘယ်လိုလုပ် ထားခဲ့နိုင်မည်နည်း။

ဘုန်း…

ထိုအချိန်တွင် ချူဖုန်း၏ သည်းခံစိတ်မှာ လေထဲသို့ ပျောက်ကွယ်သွားသည်။ သူ ဆက်၍ သည်းမခံချင်တော့သဖြင့် ကျွောကျွင်း၏ ကျောက်ကပ်ရှိရာ နေရာကို လက်သီးဖြင့် ပြင်းထန်စွာ ထိုးလိုက်သည်။ ထိုးချက်ကြောင့် သူ၏ခန္ဓာကိုယ်မှာ ပုစွန်ခြောက်ကဲ့သို့ ကွေးသွားပြီး လူလည်း မိုးခြိမ်းသံနှင့်အတူ လေထဲသို့ လွင့်ထွက်သွားလေသည်။

နာကျင်မှုက သူ့မျက်နှာထက်၌ အတိုင်းသာ ပေါ်နေသည်။ သူ့မျက်နှာဖျော့တော့သွားကာ သူ ထိတ်လန့်သွားပုံ ပေါ်သည်။ အဖြစ်မရှိသည့် သာမန်လူသားတစ်ယောက်ဟု သူ သတ်မှတ်ထားသည့် လူကြောင့် သူ ထိခိုက်သွားသည်ကို မယုံကြည်နိုင်ဖြစ်နေလေသည်။ ဤထိုးချက်မှာ အလွန်အားပြင်းကြောင်း သူခံစားနေရသည်ပင်။

ထိုအချိန်တွင် ချူဖုန်း၏ခန္ဓာကိုယ်သည် အနည်းငယ်လင်းလက်တောက်ပလာကာ ရနံ့တစ်ခုလည်း သင်းပျံ့လာသည်။ အကယ်၍ ဤသည်သာ ရှေးခေတ်အချိန်၌ ဖြစ်ခဲ့သည်ဆိုလျှင် ချူဖုန်းကို သူတော်စင်ဟု သတ်မှတ်ကြလိမ့်မည်ပင်။

အပိုင်း ၂၂ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset