Switch Mode

Chapter – 56

မင်းရဲ့ အဝတ်အစားတွေကို ချွတ်လိုက်ပါ

Chapter – 56
“မင်းရဲ့အ၀တ်အစားတွေကိုချွတ်လိုက်ပါ”

“ကျွန်မ လုပ်ပါ့မယ် . . .”
၀မ်ရမ်ချူးချူး အံကြိတ်လျက် ထပ်ပြောလိုက်သည်။ သူမ၏ အသံမှာ တုန်ရီနေသလို ရှိသော်လည်း စိတ်ပိုင်းဖြတ်ထားပြီးဟန်ပင်။ ခေါင်းကို မော့ကာဖြင့် ရဲရှောင်အား စိုက်ကြည့်လိုက်ပြီး –
“နောင်ကြီးဖန် . . . ရှင်ပြောတာသာ အမှန်ဆိုရင် ကျွန်မတို့ သဘောတူညီချက်လေးတစ်ခု လုပ်ကြတာပေါ့။ ရှင်လုပ်နိုင်ခဲ့မယ်ဆိုရင် ကျွန်မရှင့်ကို ဘာမှ ဒုက္ခမပေးတော့ဘူး။ အဖိုးတစ်ယောက်လိုကို ဆက်ဆံမယ်။ ဒီလိုမှ မဟုတ်ရင် . . .”
၀မ်ရမ်ချူးချူး အံတစ်ချက် ကြိတ်လိုက်ပြန်သည်။
“ရှင်ကျွန်မကို လိမ်တာပြီး ရည်ရွယ်ချက်ရှိရှိ ကျွန်မကို အခွင့်အရေး ယူတာ ဆိုရင်တော့ ဖန်ဇီလင်ဆိုတဲ့ ရှင်လည်း သေခြင်းတရားနဲ့ မိတ်ဆက်သွားရလိမ့်မယ် . . .”
သူမ၏ အသံမှာ အလွန်ကို ကြောက်စရာ ကောင်းနေပါသည်။
ရဲရှောင် မကျေနပ်ဟန်ဖြင့် အေးစက်စက်ပင် –
“ငါက ငါ့ဘ၀ကို ရင်းပြီး မင်းရဲ့ဗိုက်ကို ထိဖို့ပဲ ကြံရဦးမယ်ပေါ့ . . . မင်းဘယ်လိုများ စဉ်းစားလိုက် တာလဲ . . .”
၀မ်ရမ်ချူးချူးမှာ အလွန်ဒေါသထွက်နေပြီး သူမ၏ ရင်ဘတ်မှာလည်း နိမ့်လိုက်မြင့်လိုက်ဖြင့် ဖြစ်နေကာ အံကြိတ်ထားလျက် ရှိနေပါသည်။ ရဲရှောင်ကိုလည်း မီးဝင်းဝင်းတောက်သည့် မျက်လုံးများဖြင့် စိုက်ကြည့်လျက် ရှိနေလေ၏။
“မင်းဘာကြည့်နေတာလဲ . . .”
ရဲရှောင် အော်လိုက်သည်။
“မင်းလုပ်မှာလား မလုပ်ဘူးလား။ မြန်မြန်ပြောတော့ . . .”
“လုပ်ပါ့မယ် . . .”
၀မ်ရမ်ချူးချူး အံကြိတ်လျက်ပင် အဖြေပေးလိုက်သည်။
“အဲဒီတော့ မင်းက ကုသချင်တယ်ပေါ့ . . . ဒါဆိုလည်း ပြင်ဆင်လိုက်တော့လေ . . .”
ရဲရှောင် စိတ်မရှည်သလို ပြောလိုက်သည်။
“မင်းရဲ့ လူတွေကို အပြင်မှာ စောင့်ကြည့်နေခိုင်း။ ပြတင်းပေါက်တွေ အကုန်လုံးကို ပိတ်လိုက်။ ဒီနေရာကို သီးသန့်နေရာတစ်ခုလို ဖြစ်အောင်လုပ်။ ဘာတွေစောင့်နေတာလဲ မြန်မြန်လုပ်လေ . . .”
၀မ်ရမ်ချူးချူးမှာ မတ်တတ်ရပ်လျက်ပင်ရှိနေပြီး တစ်လက်မမျှပင် မရွေ့သေးချေ။ ခြေထောက်နှင့် ကြမ်းပြင်အား ကော်နှင့် ကပ်ထားသလိုကို ဖြစ်နေလေသည်။
“မင်းဘာတွေ စဉ်းစားနေပြန်တာလဲ . . . မြန်မြန်စီစဉ်စရာရှိတာတွေ စီစဉ်တော့လေ . . .”
ရဲရှောင် ထူးဆန်းသလို ခံစားနေရသည်။
“မင်းလုပ်စရာရှိတာ လုပ်ပြီးရင် ဒီကို ပြန်လာခဲ့။ မြန်မြန်သွားလုပ်တော့။ မြန်မြန်စလိုက်တော့ မြန်မြန်ပြီးတာပေါ့ မင်းဘာလို့ အခုထိ ရပ်နေသေးတာလဲ . . .”
၀မ်ရမ်ချူးချူး အံကြိတ်လျက် အသက်တစ်ချက် ရှူသွင်းလိုက်သည်။ ထို့နောက်မှာတော့ အခန်းတွင်းမှ ထွက်သွားပါတော့သည်။
တခဏအကြာတွင် အစောင့်များ လျှောက်လာသံအား ကြားလိုက်ရသည်။ ယခုနေရာအား သေချာစောင့်ကြပ်ရမည် ဖြစ်ကြောင်း မှာကြားနေသံများကိုလည်း ကြားနေရပါသေးသည်။
“ဒီ ပေ ၅၀၀ ပတ်ချာလည်ကို လုံးဝပိတ်ထား။ ဘယ်သူမှ အနားမကပ်စေနဲ့။ အနားကပ်လာတဲ့လူ မှန်သမျှ သတ်သာပစ် . . .”
၀မ်ရမ်ချူးချူးလည်း မှာကြားစရာ ရှိသည်များ မှာကြားပြီးနောက် ခေါင်းလေးငုံ့ကာဖြင့် အခန်းတွင်း ပြန်ဝင်လာပါတော့သည်။
“ပြီးပြီလား . . .”
ရဲရှောင် မေးလိုက်သည်။
“ပြီးပြီ . . .”
၀မ်ရမ်ချူးချူး တုန်ရီသော လေသံလေးဖြင့် ပြန်ဖြေလိုက်သည်။
“ဒါဆိုလည်း စကြမယ်လေ။ ဘာစောင့်နေသေးတာလဲ . . .”
ရဲရှောင် တစ်ချက် အကဲခတ်လိုက်ပြီးနောက် ဆက်လက်၍ –
“အ၀တ်အစားတွေ ချွတ် . . .”
၀မ်ရမ်ချူးချူး ခန္ဓာကိုယ် တစ်ချက် တုန်သွားပြီး မျက်နှာလည်း ဖြူရော်ရော် ဖြစ်သွားသည်။ သူမ၏ မျက်လုံးများမှာလည်း နားမလည်နိုင်ဟန်ဖြစ်နေပြီး ရဲရှောင်အား ကြည့်နေလေ၏။ ယခုကဲ့သို့ ပုံစံလေးမှာ အလွန်ပင် ဆွဲဆောင်မှု ရှိလှပါသည်။
ရဲရှောင် အိပ်ယာအား သေသပ်အောင် လုပ်လိုက်ပြီးနောက် ပြန်လှည့်ကြည့်လိုက်သော အခါတွင်လည်း ၀မ်ရမ်ချူးချူးမှာ မတ်တတ်ရပ်လျက်ပင် ရှိနေပါသေးသည်။ ထို့ကြောင့် ရဲရှောင် မျက်မှောင် ကြုတ်လိုက်ပြီး –
“ဘာတွေ ဖြစ်နေရပြန်ပြီလဲ။ မင်း ကုသမှုကို ခံယူမှာလား မခံယူဘူးလား။ မင်းခံယူချင်တယ်ဆိုရင် အ၀တ်အစားတွေ ချွတ်လိုက်လေ။ မင်းက ဒီမှာလာပြီး အချိန်ဖြုန်းနေတာပဲ။ ဒါပေမဲ့ ငါကတော့ အချိန်ပုပ်သွားရပြီကွ။ ငါ့မိသားစုက ငါ့ကို စိုးရိမ်နေတော့မယ်။ ဖြစ်နိုင်သမျှ မြန်မြန်ပြန်မှရမယ်။ မင်းကို မြန်မြန်ကုသပေးပြီး ငါပြန်ပါရစေတော့။ ဟူး . . . ဘာလို့ ဒီလို အူကြောင်ကြောင် လုပ်နေရတာလဲကွာ . . . မင်းက တိကျပြတ်သားပုံပါပဲ အခုကျမှ ဘယ်လိုတွေ ဖြစ်နေရတာလဲ . . .”
၀မ်ရမ်ချူးချူးမှာ ရဲရှောင်ထက် အများကြီး အစွမ်းထက်သူ တစ်ဦးဖြစ်သည်။ သို့သော်လည်း ယခုအခါမှာတော့ ရဲရှောင်အား မလွန်ဆန်ရဲသလို ဖြစ်နေလေ၏။
ယခုချိန်ထိတိုင်အောင် သူမ၏ဂိုဏ်းတွင်ဖြစ်စေ၊ အိမ်တွင်ဖြစ်စေ မည်သည့်ယောကျာ်းသားနှင့်မျှ လက်ပွန်းတတီး မရှိခဲ့ဖူးချေ။ သူမ၏ လက်များကိုပင် မည်သူမျှ ကိုင်တွယ်ဖူးခြင်း မရှိသေးပါဘူး။
ချန်နိုင်ငံတော်သို့ ခရီးထွက်လာသည့်အခါမှသာ မမျှော်လင့်စွာပင် သူမ၏ လက်အား အကြိမ်များစွာ ထိတွေ့ကိုင်တွယ်ခံရသည့်အပြင် ယခုအခါတွင်လည်း ကိုယ်လုံးတီးဖြင့် အကိုင်ခံရဦးမည် ဖြစ်ပါသည်။ အဆိုးရွားဆုံးသော အချက်မှာ ထိုကဲ့သို့ ကိုင်တွယ်ခွင့်ရရန် သူမကိုယ်တိုင် အ၀တ်အစားများ အား ချွတ်ပေးရမှာ ဖြစ်လို့ပင်ဖြစ်၏။
သူမရှေ့ရှိလူမျိုးအား သူမဘ၀တွင် တခါမျှ မတွေ့မိခဲ့ဖူးချေ။
ယခုကဲ့သို့ တွေ့ကြုံရတော့မည် ဆိုသောအခါ သွေးပင် အန်ချင်သလိုလို ဖြစ်နေပါသည်။
သူမ၏ လက်များမှ ဖြည်းညှင်းစွာဖြင့် အ၀တ်အစားများအား ကိုင်လိုက်သည်။ သို့သော်လည်း ချွတ်ပစ်ဖို့ရန်ကိုတော့ မ၀ံ့မရဲ ဖြစ်လို့ နေပါသည်။
ရဲရှောင် မျက်မှောင်ကြုတ်သွားသည်။ စိတ်လည်း မရှည်တော့ချေ။
(ဒီအ၀တ်အစားလေး ချွတ်တဲ့ ကိစ္စလောက်ကို မိန်းကလေးတွေ ဘာလို့များ အခုလောက်ထိ ဒုက္ခများသလို ဖြစ်နေသလဲဆိုတာ ငါနားမလည်နိုင်တော့ဘူး။ ငါသိသလောက်တော့ အ၀တ်အစားချွတ်တာ တစ်စက္ကန့်လောက်ပဲ ကြာတာပါ။ မင်းကတော့ ရသလောက်ကို အချိန်ဖြုန်းနေတော့ တာပဲ။ ဒါပေမဲ့ ငါကတော့ အချိန်မဖြုန်းချင်တော့ဘူး . . .)
ရဲရှောင်လည်း ကျယ်လောင်စွာဖြင့် –
“မင်းအခုလို မလုပ်နိုင်ဘူးလား။ အ၀တ်အစားလေး ချွတ်တာများကွာ ဘာများခက်ခဲနေလို့လဲ။ မင်းညမအိပ်ခင်ဆိုလည်း ချွတ်အိပ်တယ်မလား။ အဲဒီလောက် မခက်ခဲဘူး ဟုတ်တယ်မလား . . .”
၀မ်ရှန်ချူးချူး ရှက်ရွံ့သွားပြီး ဒေါသတကြီးဖြင့် –
“ကျွန်မက မိန်းကလေးလေ . . .”
“မင်းက မိန်းကလေး ဟုတ်တယ်လေ။ ငါသိသားပဲ။ ငါ့ကို ရှင်းပြနေစရာ မလိုပါဘူး။ ဘယ်သူမှ မင်းလောက် ယောင်ခြောက်ဆယ်လုပ်ပြီး အချိန်ဖြုန်းနေမှာ မဟုတ်ဘူး။ မင်းကတော့ အ၀တ်လေး ချွတ်ဖို့ အရေးကို လုပ်နေတာ မပြီးတော့ဘူး . . .”
ဆက်လက်၍လည်း အထင်သေးသလို ဟန်ဖြင့် –
“မင်းအသက်ကို ကယ်တင်နိုင်ဖို့အတွက် မင်းလုပ်ရမဲ့ တစ်ခုတည်းသော အလုပ်က အ၀တ်အစားတွေကို ချွတ်လိုက်ဖို့ပဲ။ မင်းဘာလို့ အခုလို ဝေ့လည်ကြောင်ပတ် လုပ်နေသလဲ စဉ်းစားမရတော့ဘူး။ ဘာဖြစ်နေတာလဲ။ မင်းရဲ့ အ၀တ်အစားတွေက မင်းကိုယ်တိုင် မချွတ်နိုင်တော့ လောက်အောင်ကို ချွတ်ရခက်ခဲနေလို့လား။ အဲဒါဆိုလည်း ငါကူညီပေးရမလား . . .”
(ရှင်က ကျွန်မကို ကူပြီး အ၀တ်ချွတ်ပေးမယ် ဟုတ်လား . . .)
၀မ်ရမ်ချူးချူး မျက်လုံးပြူးသွားသည်။
မိန်းကလေး တစ်ယောက်၏ စိတ်နေသဘောထားကို လုံးဝမသိသည့် လူတစ်ဦးနှင့် ကြုံနေရသဖြင့် သူမလည်း ဘာဆက်ပြောရမှန်းကိုမသိ ဖြစ်နေလေသည်။ မိန်းကလေးတစ်ယောက်၏ အရှက်သိက္ခာ ဆိုတာကိုလည်း သိမည့်ပုံ မရှိချေ။
(ကျွန်မက အ၀တ်ကို ကိုယ့်ဟာကိုယ် မချွတ်တတ်ပဲ နေပါ့မလား။ အရူးပဲ . . .)
(ဘယ်လိုမျိုး ပတ်ဝန်းကျင်မျိုးမှာ ဒီလူ ကြီးပြင်းလာသလဲကို မသိပါဘူး။ တကယ့် အူကြောင်ကြောင်လူပဲ . . .)
၀မ်ရမ်ချူးချူး စိတ်ရှုပ်သလို ခံစားနေရသည်။
အကယ်၍ ရဲရှောင်သာ နှစ်ဘ၀ အသက်ရှင်နေထိုင်သူမှန်း သိခဲ့မည် ဆိုပါက သူမအံ့သြလွန်း၍ သေသွားနိုင်ပါသည်။ ရဲရှောင်မှာ အရင်ဘ၀က ပြိုင်ဘက်ကင်းသည့် ရှောင်ဧကရာဇ်တစ်ဦးပင် မဟုတ်ပါလား။
သို့သော်လည်း ရဲရှောင်မှာ အရင်ဘ၀ကတည်းက သူကျင့်ကြံသည့် ကျင့်စဉ်ကြောင့် လူပျိုစစ်စစ် အဖြစ်သာ ရှိနေပါသေးသည်။ သူတတ်နိုင်သလောက် မိန်းကလေးများနှင့် ဝေးဝေးက ရှောင်ခဲ့တာလည်း ဖြစ်လေ၏။
မည်သည့် မိန်ကလေးနားကိုမျှ ကပ်ရန် မကြိုးစားခဲ့ဖူးချေ။ ထိုကဲ့သို့ နီးနီးကပ်ကပ်သာ နေထိုင် လိုက်မည် ဆိုပါက သူ့ကျင့်စဉ် ပျက်ပြားသွားနိုင်သည် မဟုတ်ပါလား။
ထို့ကြောင့်ပင် ရဲရှောင်မှာ ယောကျာ်းနှင့် မိန်းမကြားမှ ကိစ္စရပ် ဟူသမျှကို မသိရှိသူတစ်ဦး အဖြစ် ရှင်သန်အရွယ်ရောက်လာခဲ့ခြင်းပင် ဖြစ်လေ၏။
“ရှင် ဟိုဖက်လှည့် . . .”
၀မ်ရမ်ချူးချူး မျက်နှာရဲလျက် ပြောလိုက်သည်။
“မင်းကတော့ တကယ့် ပြဿနာပဲ . . . အဲဒီလောက်တောင် ရှက်နေရင်လည်း မြီးညှောင့်ရိုး နေရာကို ငါ့လက် မတင်ထားတော့ဘူး။ အချိန်တော့ နည်းနည်း ပိုကြာသွားမှာပေါ့”
ရဲရှောင် သက်ပြင်းချလိုက်သည်။ စကားအများကြီး ပြန်ပြောမနေတော့ဘဲ တဖက်သို့သာ လှည့်လိုက်လေတော့၏။
သူ့နောက်ဘက်တွင် အ၀တ်အစားများ ချွတ်နေသလို အသံကို ကြားလိုက်ရသည်။ တခဏအကြာမှာတော့ မည်သည့်အသံကိုမျှ မကြားရတော့ချေ။
အတော်လေး ကြာသည့်တိုင် မည်သည့်အသံမှ မကြားရတော့သဖြင့် ရဲရှောင်လည်း မျက်မှောင်ကြုတ်လျက် စိတ်မရှည်တော့ဟန်ဖြင့် –
“မင်းပြီးပြီလား . . .၊ လုပ်ငန်းစမှာလား မစဘူးလား မြန်မြန်ပြော . . .”
၀မ်ရမ်ချူးချူးမှာ ရဲရှောင်အား တစစီ လုပ်ပစ်ချင်နေပြီ ဖြစ်၏။ သို့သော်လည်း တုန်ရီသော အသံဖြင့် –
“ရပြီ . . . ရှင့်ရဲ့ . . . ရှင့်ရဲ့ လက်ကို ပေးပါ . . .”
(မိန်းမတွေကတော့ တကယ့် ပြဿနာတွေ . . .)
ရဲရှောင်သက်ပြင်းတစ်ချက် ချလိုက်သည်။ ကျောခိုင်းလျက် အနေအထားဖြင့်ပင် လက်အား နောက်သို့ ဆန့်ထုတ်ပေးလိုက်၏။
ထိုကဲ့သို့ လက်ဆန့်ထုတ်လိုက်သည်နှင့် သူ့လက်အား သေးသွယ်သော လက်လေးမှ လာကိုင်သည်ကို ခံစားလိုက်ရသည်။ ထိုလက်လေးဟာ တုန်နေလျက်ရှိပြီး ရဲရှောင်၏ လက်အား ဆုပ်ကိုင်ထားပါတော့သည်။
တခဏအကြာမှာတော့ နူးညံ့ချောမွေ့သည့် မျက်နှာပြင်တစ်ခုကို သူစမ်းလိုက်မိသည်။ နွေးထွေးသော ခံစားမှုတစ်ခုကိုပါ ခံစားလိုက်ရလေ၏။
တခဏအကြာမှာတော့ အရေပြားတစ်ခုဖြစ်မှန်း သူသိလိုက်သည်။
သူ့လက်မှ နွေးထွေးမှုကြောင့် ရဲရှောင် မခံစားဖူးသော အထိအတွေ့ကို ခံစားမိနေပါတော့သည်။
ထိုအချိန် ရဲရှောင်လည်း သူ၏ စိတ်ဝိညာဉ်ပါ တုန်ရီလာသလို ခံစားလိုက်ရသည်။ ဖော်မပြနိုင်သော ခံစားမှုမျိုးပါပင်။
သူ့ကိုယ်တွင်းမှ စိတ်ဆန္ဒတစ်ခု ဖြစ်ပေါ်လာသလိုလည်း ခံစားလိုက်မိသည်။ သူ့လက်အား ထိုနွေးထွေးသည့် အရေပြားပေါ်မှ ဘယ်တော့မှ မဖယ်ရှားချင်တော့အောင် ဖြစ်နေပြီး တကိုယ်လုံး လေထဲ မြောလွင့်နေရသလို ပေါ့ပါးနေသည်ကိုလည်း ခံစားလိုက်ရ၏။
တခဏအကြာ ထူးခြားလှသည့် အထိအတွေ့အပြင် မိန်းကလေး တစ်ဦး၏ ကိုယ်သင်းရနံ့လေးပါ သူ့နှာခေါင်းထဲ တိုးဝင်လာပြန်သည်။ ထိုအခိုက် သူသည် အဆိပ်မိသွားသလိုပင် ခံစားလိုက်ရပြီး အိပ်မက်ကမ္ဘာအတွင်း လမ်းလျှောက်နေရသည့် လူတစ်ဦးကဲ့သို့ပါပင်။
သူ့နောက်ရှိ သူကိုင်တွယ်ခွင့်ရသည့် ခန္ဓာကိုယ်မှာလည်း တုန်ခါနေလျက် ရှိသည်။ ၀မ်ရမ်ချူးချူးမှ တုန်ရီသော အသံဖြင့် –
“ရှင် . . . ရှင် . . . ဘာလို့ စမလုပ်သေးတာလဲ . . .”
ရဲရှောင်မှာ ရုတ်တရက် အိပ်မက်မှ လန့်နိုးလာသကဲ့သို့ ခံစားလိုက်ရသည်။ လေသံတီးတိုးဖြင့် –
“မင်းကတော့လေ ငါ့ရဲ့ ကျင့်စဉ် လည်ပတ်မှုကို နှောက်ယှက်ရဲသေးတယ်။ ငါက မင်းကို ကုသဖို့ ကျင့်စဉ်တွေကို လည်ပတ်နေတာဟ . . .”
၀မ်ရမ်ချူးချူး တကိုယ်လုံး တုန်ရီနေသည်။ ယခုကဲ့သို့ အပျိုစင် မိန်းကလေးတစ်ဦးမှ ယောကျာ်းတစ်ဦး၏ အနားတွင် ကိုယ်လုံးတီးကဲ့သို့ ရှိနေရသည့် ခံစားမှုမှာ ဖော်ပြ၍ပင် ရနိုင်လောက်မည် မဟုတ်ပေ။
သို့သော်လည်း ရဲရှောင်ပါ တုန်ရီလျက် ရှိနေသည်ကို သူမ သတိပြုမိလိုက်၏။ သူမထက်ပင် ပိုမို၍ စိတ်လှုပ်ရှားနေဟန်ပင်။ သူမရယ်ချင်သလိုလည်း ဖြစ်နေလေတော့၏။
(ငါက မိန်းကလေးမို့ ယောကျာ်းလေးတစ်ယောက်နဲ့ ရင်ဆိုင်ရတဲ့အတွက် ကြောက်သလို ဖြစ်နေတာ သဘာဝပဲ ထားပါတော့။ သူက ယောကျာ်းကြီးဖြစ်ပြီး ဘာတွေ ကြောက်နေရတာလဲ။ ငါကပဲ သူ့ကို တစ်ခုခု လုပ်လိမ့်မယ်လို့ ထင်နေတာများလား။ ဒီလိုအခြေအနေမျိုးမှာ ငါက ဘာများသူ့ကို လုပ်ရမှာလဲ . . .”
အထူးသဖြင့် ရဲရှောင်မှ သူ၏ ကျင့်စဉ် လည်ပတ်မှုအား နှောင့်ယှက်သည်ဟု ပြောသည်ကို ကြားသောအခါ ရယ်ချင်သလိုပင် ဖြစ်သွားမိလေ၏။
(ကြည့်ရတာ ဒီဖန်ဇီလင်ဆိုတဲ့လူက တကယ် အရူးလိုပါပဲလား . . . ဘာဆိုဘာမှကို မသိတာပဲ”
၀မ်ရမ်ချူးချူးမှ –
“ရှင်က ဘာတွေ လုပ်နေမှန်းမှ မသိတာ။ အပိုတွေ မပြောဘဲ စမှာဖြင့် စလေ . . .”
သူမပြောပြီးသည့် အချိန်မှာပင် အပူစွမ်းအားတစ်မျိုး ဖန်ဇီလင်၏ လက်ဝါးမှ ထွက်လာလေသည်။ ထိုစွမ်းအားမှာ သူမ၏ ဗိုက်မှတဆင့် စွမ်းအင်သိုလှောင်ရာသို့ စီးဆင်းသွားလေ၏။
ထိုကဲ့သို့ အစွမ်းထက်လှသည့် စွမ်းအားကို ၀မ်ရမ်ချူးချူးကဲ့သို့ ထိပ်တန်းဂိုဏ်းကြီး၏ ပညာရှင် တစ်ယောက်ကိုပင် အံ့သြသွားစေမိပါသည်။ ဒါတောင်မှ သူမသည် ကျင့်စဉ်များစွာကို သိရှိနေသူ ဖြစ်နေပါသည်။
ယခုကဲ့သုိ့ သူမတစ်ခါမျှ မမြင်တွေ့ဖူးသည့် စွမ်းအားမှာ သူမ၏ စိတ်ဝိညာဉ်ကိုပင် ဖမ်းစားသွားမလားဟုပင် တွေးနေမိပါတော့သည်။
(ဒါ ခရမ်းရောင်ကောင်းကင်မီးဓာတ်လား . . .
ဒီလို ထူးခြားလှတဲ့ စွမ်းအင်မျိုးက တကယ်ရှိနေတာပဲ . . .
ခံစားလို့ သက်တောင့်သက်သာ ရှိလိုက်တာ . . .)
၀မ်ရမ်ချူးချူးမှာ အပူဓာတ်ထုတ်လွှတ်မှုကြောင့် ပူလောင်သလို နာကျင်မှုများ ခံစားရလိမ့်မည်ဟု မျှော်လင့်ထားခဲ့မိသည် ဖြစ်သော်လည်း မည်သည့်နာကျင်မှုကိုမျှ မခံစားမိချေ။ အလွန်သက်တောင့်သက်သာ ဖြစ်သည့် ခံစားမှုကိုသာ ခံစားနေရတာ ဖြစ်ပါသည်။
သူမ၏ စိတ်ဝိညာဉ်တိုင်အောင် ခံစား၍ ကောင်းနေတာဖြစ်လေသည်။ ၀မ်ရမ်ချူးချူးမှာ တိကျပြတ်သား၍ စိတ်ဓာတ်ခိုင်မာသော မိန်းကလေးတစ်ဦး ဖြစ်သော်လည်း ယခုကဲ့သို့ ငြိမ့်ညောင်းလှသည့် ခံစားမှုမျိုးကို ခံစားရသောအခါ မရည်ရွယ်မိပါဘဲ ညည်းညူသံလေးများပင် ထွက်နေ ပါတော့သည်။
“အ . . .”
ရဲရှောင်မှာ အဆိုပါ ညည်းညူသံကို ကြားသောအခါ ဒေါသတကြီးဖြင့် –
“အရူးလိုပဲ . . . ဒီလို မြူဆွယ်တဲ့အသံမျိုး ထပ်ထွက်မလာစေနဲ့တော့ . . .”
၀မ်ရမ်ချူးချူးမှာ ရှက်ရွံ့သွားမိသလို ဖြစ်သွားသည်။ အဘယ်ကြောင့်ဆိုသော် သူမအနေဖြင့် စိတ်လွတ်သွားပြီး ညည်းညူသံမျိုး ထွက်သွားမိလို့ပါ။ ရဲရှောင်၏ စကားကို ကြားလိုက်ရသောအခါ စိတ်မဆိုးနိုင်တော့ပေ။ ဒါ့အပြင် အံ့သြသော လေသံဖြင့် –
“ဒါ . . . ခရမ်းရောင်ကောင်းကင်မီးဓာတ်လား . . . တကယ် အံ့သြဖို့ ကောင်းတာပဲ . . .”
ရဲရှောင်မှာ နူးညံ့ညင်သာစွာ ပြောလိုက်သည့် အသံလေးကို ကြားလိုက်ရသောအခါ တစ်ချက် တုန်သွားပြန်ပါသည်။ ဒေါသတကြီးဖြင့် –
“ပါးစပ်ပိတ်နေလိုက်တော့ . . .”
နှစ်ဦးလုံးမှာ အပျိုလူပျို စစ်စစ်များ ဖြစ်နေကြပြီး အတွေ့အကြုံ မရှိသည့် လူများပင် မဟုတ်ပါလား။ တခါတလေ ရဲရှောင်မှာ စိတ်လွတ်ချင်သလို ဖြစ်သွားပြီး အထိအတွေ့မှာ သာယာနေမိလေ၏။ သို့သော်လည်း ချက်ချင်းပင် စိတ်ကို ပြန်လည်ထိန်းကာဖြင့် ချီဓာတ်များအား ကောင်းစွာ လည်ပတ်စေနေ လိုက်ပါတော့သည် . . .။

Comment

Leave a Reply

Options

not work with dark mode
Reset