အခန်း (၃၇၅) ကပ်ဘေးသခင်တစ်ရာကျော်
သိလန်တျန်ရဲ့ စကားကို ကြားလိုက်ရတဲ့ ဟန်ကျွယ်ဟာ ကောင်းကင်ဧကရာဇ်ကို ဆက်သွယ်ချင်သွားပါတယ်။ ဒါပေမဲ့ ကောင်းကင်ဧကရာဇ်က သူ့ကို မဆက်သွယ်ဖို့ ပြောထားတာကြောင့် ဟန်ကျွယ်ဟာ လက်လျှော့လိုက်ပါတယ်။
ဟန်ကျွယ်ဟာ ပြိုလဲသွားတဲ့ နတ်ဆိုးရုံးတော်က ကောင်းကင်ရုံးတော်အသစ် တည်ထောင်ပြီး လက်ရှိကောင်းကင်ရုံးတော်ကို စိန်ခေါ်လိမ့်မယ်လို့ ထင်မထားခဲ့ပါဘူး။ ရုတ်တရက်ဆိုသလို ဟန်ကျွယ်ဟာ အနန္တကပ်ဘေးမှာ နောက်ဆုံးအနိုင်ရသူကို စစ်ဆေးချင်သွားပါတယ်။
‘ဒီတစ်ခါ အနိုင်ရသူက နတ်ရွှေကျီးကန်းမိသားစုများ ဖြစ်သွားမလား..’
ဟန်ကျွယ်ဟာ ခေါင်းခါလိုက်ပါတယ် ‘မဖြစ်သေးဘူး… အနန္တကပ်ဘေးမှာ နောက်ဆုံးအနိုင်ရသူတိုင်းကို ငါနဲ့ မတည့်တိုင်း ဒုက္ခလိုက်ပေးနေရင် အနန္တကပ်ဘေးက ပိုပိုပြီး ရှုပ်ထွေးလာလိမ့်မယ်၊
‘ထားလိုက်ပါတော့… ငါ့ဘေးနားကလူတွေ လုံခြုံရင် တော်ပါပြီ’
ဟန်ကျွယ်ဟာ ကျန်းယီကိုတောင် ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘာမှ မမေးမြန်းဖြစ်တော့ပါဘူး။ တော်ကြာ အနန္တကပ်ဘေးကို ဂရုစိုက်လွန်းလို့ အမှောင်သခင်ကြီးလာဆိုပြီး ကျန်းယီက သံသယဝင်သွားရင် မကောင်းပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ တာအိုပညာရှိတွေ ကပ်ဘေးထဲ ဝင်လာတဲ့အတွက် ဒီတာအိုပညာရှိတွေထဲမှာ သက်ရှိအားလုံးရဲ့ အတွေးကို ဖတ်နိုင်တဲ့ အစွမ်းမရှိဘူးလို့ ဘယ်သူမှ အာမမခံနိုင်ပါဘူး။
အချိန်တွေ ကုန်ဆုံးသွားပြီး နှစ် ၂၀ ကြာတဲ့အခါမှာတော့ ကျယ်ကျောင်းတော်ရဲ့ နတ်မင်းအဆင့် ကျင့်ကြံသူအချို့ဟာ ကျို့ယိုငရဲကို လျှောက်ကြည့်ကြပါတယ်။ သူတို့တွေဟာ တိတ်ဆိတ်ကျွန်းကိုတောင် ဖြတ်သွားကြပါတယ်။ ဒါပေမဲ့ တိတ်ဆိတ်ကျွန်းက သေးငယ်ပြီး တာအိုစက်ကွင်း ရှိနေတာကြောင့် သူတို့တွေ တိတ်ဆိတ်ကျွန်းကို ရှာမတွေ့သွားကြပါဘူး။
သူတို့တွေ တိတ်ဆိတ်ကျွန်းကို ရှာမတွေ့သမျှ ကာလပတ်လုံး ဟန်ကျွယ်ဟာ သူတို့ကို မရှိဘူးလို့ပဲ သဘောထားပါတယ်။
ဒါပေမဲ့ ဟန်ကျွယ်ကို အနှောင့်အယှက် ဖြစ်စေတာ တစ်ခုတော့ ရှိပါတယ်။ အဲဒါကတော့ စွမ်းအားကြီးပုဂ္ဂိုလ်တွေ ပေါ်လာတဲ့အတွက် ဟန်ကျွယ်ဟာ တိတ်ဆိတ်ကျွန်း အပြင်ဘက်က အကုသိုလ်ကံကို အရင်လို မစုပ်ယူရဲတော့ပါဘူး။
ဒီနေ့မှာတော့ ဟန်ကျွယ်ဟာ ကျင့်ကြံအားထုတ်တာရပ်ပြီး ကြမ္မာဆိုးစာအုပ်ကို ထုတ်ယူကာ ရန်သူတွေကို ကျိန်စာတိုက်ရင်း စာအိတ်တွေကို စစ်ဆေးလိုက်ပါတယ်။
[သင့်မြေးတပည့် ဖန်းလျန်၏ ဝိညာဉ်သည် ခန္ဓာကိုယ်သို့ ပြန်ရောက်လာပြီး ကျင့်ကြံမှုများစွာ တိုးတက်ကာ ဧကရာဇ်အဆင့်သို့ တက်လှမ်းသွား၏။]
[သင့်မိတ်ဆွေ ဂျိရှင်းရှန်သည် နတ်ရွှေကျီးကန်းမိသားစု၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၇၈၂၀
[သင့်မိတ်ဆွေ ဟွမ်ဇွမ်တျန်သည် ကျိန်စာတိုက်ခံခဲ့ရ၏။]
[သင့်မိတ်ဆွေ ကောင်းကင်ဧကရာဇ်သည် နတ်ဘုရားရွေးချယ်ခုံကို အသက်သွင်းပြီး လောကဦး အင်မော်တယ် နတ်ဘုရားများ၏ ကောင်းကင်ဝိညာဉ်ကို လွှတ်ပေးလိုက်သည်။]
[သင့်တပည့် လုံဟောင်သည် နဂါးစစ်မျိုးနွယ်စု၏ ကံတရား အထောက်အပံ့ကို ရရှိပြီး ကျင့်ကြံမှုများစွာ တိုးတက်သွား၏။]
[သင့်မိတ်ဆွေ ထိုက်စုတျန်သည် နတ်ဆိုးမျိုးနွယ်စု၏ ကောင်းကင်ရုံးတော်သို့ ဝင်ရောက်သွားသည်။]
[သင့်မိတ်ဆွေ တာအိုအရှင်သခင်သည် ပဋိပက္ခရုပ်ခန္ဓာ နိုးထပြီး သွေးစည်း ပြောင်းလဲသွား၏။]
[သင့်တပည့် စုချီသည် နတ်အစွမ်း တိုးပွားသွားသောကြောင့် ကြမ္မာဆိုးလည်း အားကောင်းသွား၏။]
အကုန်လုံးက အခွင့်အရေးတစ်ခုမဟုတ် တစ်ခု ရကြတာချည်းပါပဲ။ ပြောရမယ်ဆိုရင် လူတိုင်းရဲ့ အခြေအနေက ဝတ္ထုတစ်ပုဒ်စီ ရေးလို့ရပါတယ်။
‘ဒါက ဇာတ်လိုက်တွေရဲ့ တိုက်ပွဲလား..’ ဟန်ကျွယ်ဟာ အနန္တကပ်ဘေး ထိပ်ဆုံးကို ရောက်ရင် ဘာဖြစ်လာမလဲဆိုတာတောင် သိချင်လာပါတယ်။
‘ပါရမီရှင်တွေရဲ့ တိုက်ပွဲလား.. ဒါမဟုတ် နတ်ဘုရားတွေ ကျဆုံးခန်းလား..’
‘ဘာပဲဖြစ်ဖြစ် အရမ်းအန္တရာယ်များတော့ ကျိန်းသေတယ်’
ဟန်ကျွယ်ဟာ သူ့အရည်အချင်းက ပြိုင်ဘက်ကင်းပေမဲ့ ကပ်ဘေးထဲဝင်လိုက်ရင် သူ့ကိုယ်သူတောင် ကာကွယ်နိုင်မှာ မဟုတ်ဘူးလို့ ခံစားလိုက်ရပါတယ် ‘တော်သေးတယ်… ငါ ကပ်ဘေးထဲ မဝင်ဘဲ အေးအေးဆေးဆေး ကျင့်ကြံဖို့ ရွေးချယ်ခဲ့လို့’
[ကပ်ဘေးသခင် တစ်ရာကျော်သွားသဖြင့် သင့်တွင် အောက်ပါရွေးချယ်မှုများ ရှိသည်။]
[၁။ ကပ်ဘေးထဲသို့ ချက်ချင်း ဝင်ရောက်ပြီး ကပ်ဘေးသခင် ဖြစ်လာပါ။ ဆုလာဘ်အဖြစ် ဆန်းကြယ်စွမ်းအား တစ်ပါးနှင့် မဟာတာအိုအပိုင်းအစ တစ်စအား ရရှိမည်။]
[၂။ ကပ်ဘေးထဲ မဝင်ဘဲ သိုသိုသိပ်သိပ် ကျင့်ကြံပါ။ ဆုလာဘ်အဖြစ် မဟာတာအို အပိုင်းအစ တစ်စအား ရရှိမည်။]
‘တစ်ရာကျော်တောင်… များလှချည်လား..’ ဟန်ကျွယ်ဟာ စိတ်ထဲမှာ လန့်သွားပါတယ်။ ဟန်ကျွယ်ဟာ သူ့မိတ်ဆွေ တစ်ယောက်ပြီး တစ်ယောက် ကပ်ဘေးသခင် ဖြစ်လာတာက တိုက်ဆိုက်မှုတစ်ခုလို့ ထင်ထားခဲ့တာပါ။ အခုလိုမျိုး ကပ်ဘေးသခင်က တစ်ရာကျော်နေလိမ့်မယ်လို့ လုံးဝ ထင်မထားခဲ့ပါဘူး။
ဟန်ကျွယ်ဟာ ကောင်းကင်တာအိုအထက်မှာ ရပ်နေတဲ့ စွမ်းအားကြီးပုဂ္ဂိုလ်တစ်စုကို မြင်ယောင်မိလိုက်ပါတယ်။ သူတို့တွေဟာ သက်ရှိအကုန်လုံးကို ကျားခုံလုပ်ပြီး ကပ်ဘေးသခင်တွေကို နယ်ရုပ်အဖြစ် အသုံးပြုကြပါတယ်။ ကျားတစ်စေ့ချလိုက်တိုင်းမှာ အနန္တကပ်ဘေးဟာ မုန်တိုင်းထန်သွားပါတယ်။
ဟန်ကျွယ်ဟာ ကပ်ဘေးသခင် မဖြစ်ချင်တဲ့အတွက် နံပါတ်နှစ်ကို ရွေးချယ်လိုက်ပါတယ်။ ဒီရွေးချယ်မှုကြောင့် ရလာတဲ့ မဟာတာအိုအပိုင်းအစ တစ်စကိုပါ ထပ်ပေါင်းလိုက်ရင် ဟန်ကျွယ်မှာ မဟာတာအိုအပိုင်းအစ ကိုးစ ထပ်ပြည့်သွားပါပြီ။ ဟန်ကျွယ်ဟာ မဟာတာအို အပိုင်းအစ ကိုးစကို ပေါင်းစပ်ပြီး မဟာအဂ္ဂတာအို ပညာရပ်ကို သိမြင်နားလည်နိုင်ပါတယ်။
ဟန်ကျွယ်ဟာ ကျင့်စဉ်ရှိပြီးပြီမို့ ဒီတစ်ခါတော့ ဆန်းကြယ်စွမ်းအား တစ်ပါးကို သိမြင်နားလည်အောင် လုပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။
ဟန်ကျွယ်ဟာ ကောင်းကင်ဧကရာဇ်နဲ့ နွီဝါက ဆန်းကြယ်စွမ်းအားသုံးပြီး အိပ်မက်ထဲ ဝင်လာတာကို သတိရသွားတာကြောင့် အိပ်မက်ထဲ ဝင်နိုင်တဲ့ ဆန်းကြယ်စွမ်းအားကို လိုချင်သွားပါတယ်။ ဒီလို အိပ်မက်ထဲ ဝင်နိုင်တဲ့ ဆန်းကြယ်စွမ်းအားကိုသာ ရသွားမယ်ဆိုရင် ဟန်ကျွယ်ဟာ သူ့ရဲ့ အမှောင်သခင်ကြီးဆိုတဲ့ နာမည်ကို အသုံးပြုဖို့ လွယ်ကူသွားပါပြီ။
ဒီဆန်းကြယ်စွမ်းအားက ကံတရားရဲ့ သက်ရောက်မှုကို မခံရသလို တာအိုပညာရှိတွေကလည်း ရှာမတွေ့နိုင်ရင် အကောင်းဆုံးပဲ မဟုတ်ပါလား။
‘မဟာတာအို အသိဉာဏ် လင်းလက်မှုနဲ့ဆိုရင် တာအိုပညာရှိတွေကို ဖိနှိပ်နိုင်တဲ့ ဆန်းကြယ်စွမ်းအားကို ငါ ဖန်တီးနိုင်လောက်ပါတယ်’ ဒီအတွေးနဲ့အတူ ဟန်ကျွယ်ရဲ့ သိစိတ်ဟာ ထူးခြားဆန်းကြယ်တဲ့ အခြေအနေတစ်ခုကို ဝင်ရောက်သွားပါတယ်။
စိတ်ဝိညာဉ်နန်းတော်။
ကောင်းကင်ဧကရာဇ်ဟာ စာလိပ်တစ်လိပ်ကို ကိုင်ကြည့်နေရင်း တစ်စုံတစ်ခုကို ခံစားမိတာကြောင့် အပြင်ဘက်ကို လှမ်းကြည့်လိုက်တဲ့အခါ ခန်းမအပြင်ဘက်က ကောင်းကင်ယံမှာ ပန်းချီးကားတစ်ချပ်လို လှပတဲ့ ခရမ်းရောင် အလင်းတန်းတွေ ထွက်ပေါ်လာတာကို တွေ့လိုက်ရပါတယ်။
ကောင်းကင်ဧကရာဇ်ဟာ မျက်မှောင်ကြုတ်သွားပြီး ရေရွတ်လိုက်ပါတယ် “နောက်ထပ် စွမ်းအားကြီးပုဂ္ဂိုလ် ပေါ်လာပြန်လာပြီ”
ဒီလိုအံဖွယ်ဖြစ်ရပ်မျိုးက သာမန် ပါရမီရှင်တစ်ယောက်ကြောင့် မဖြစ်ပေါ်နိုင်ပါဘူး။ ထူးခြားထက်မြက်တဲ့ အရည်အချင်းအပြင် စွမ်းအားကြီးမားတဲ့ ကျင့်ကြံမှုအဆင့် ရှိဖို့လည်း လိုအပ်ပါတယ်။
ဒီလိုအံဖွယ်ဖြစ်ရပ်မျိုးက လွန်ခဲ့တဲ့ နှစ်တစ်ထောင်တုန်းကလည်း ဖြစ်ပေါ်ခဲ့ဖူးပါတယ်။
ဒီအချိန်မှာပဲ ခန်းမထဲကို လူတစ်ယောက် ပျံသန်းလာပါတယ်။ ဒီလူက ရှန်စစ်သူကြီးပါ။ ရှန်စစ်သူကြီးဟာ လက်ရာမြောက်လှတဲ့ ငွေရောင်ချပ်ဝတ်ကို ဝတ်ဆင်ထားပြီး မီးလျှံလိုနီရဲတဲ့ ဝတ်ရုံရှည်ကို ဆင်မြန်းထားပါတယ်။ ခေါင်းမှာဆောင်းထားတဲ့ သရဖူရဲ့ ဖီးနစ်တောင်ပံကလည်း လေထဲမှာ လူးလွန့်နေပါတယ်။
ရှန်စစ်သူကြီးဟာ ကောင်းကင်ဧကရာဇ်ကို ရိုသေစွာ ဦးညွှတ်လိုက်ပါတယ် “အရှင်မင်းကြီး… နဂါးစစ်မျိုးနွယ်စုက လုံဟောင်ရဲ့ နဂါးရုံးတော်ကို ဝင်ရောက်မယ်လို့ ကြော်ငြာလိုက်ပြီ၊ နဂါးစစ်မျိုးနွယ်စုတင် မဟုတ်ဘူး၊ တခြားပင်လယ်နတ်ဆိုးတွေကလည်း နဂါးရုံးတော်ထဲ ဝင်သွားကြတယ်၊ သူတို့အင်အားက တစ်ခဏချင်း ကြီးထွားလာပြီ”
ကောင်းကင်ဧကရာဇ်ဟာ မျက်စိမှေးလိုက်ပါတယ် “နဂါးရုံးတော်… ဒီကောင်လေးက နဂါးမျိုးနွယ်စုကို သိမ်းသွင်းနိုင်လောက်အောင်တော့ ဉာဏ်ကောင်းသားပဲ”
ရှန်စစ်သူကြီးက မေးလိုက်ပါတယ် “အရှင်မင်းကြီး… သူတို့ကို ရှင်းပစ်ချင်လား၊ ကျွန်တော်တို့တွေ ဒီအခွင့်အရေးကို အသုံးချပြီး သူတို့ကို တစ်ခါတည်း ဖျက်ဆီးလိုက်လို့ရတယ်”
“မလိုဘူး… ကောင်းကင်ရုံးတော်က တစ်ခုတည်း အင်အားကြီးနေရင် ကောင်းတဲ့ကိစ္စ မဟုတ်ဘူး”
“ကျယ်ကျောင်းတော်က နောက်ဆုတ်သွားပြီ၊ သူတို့အကုန်လုံးက ကျို့ယိုငရဲမှာ သွားပုန်နေကြတယ်၊ ချန်ကျောင်းတော်ရဲ့ သဘောထားကလည်း အရင်လို သေသေချာချာ မရှိတော့ဘူး”
“တာအိုဂိုဏ်းရဲ့ ဒီကျောင်းတော်နှစ်ခုက ရည်မှန်းချက်ကိုယ်စီ ရှိကြတယ်၊ ဘာပဲဖြစ်ဖြစ် ကောင်းကင်ရုံးတော်က ရှန်နန်းတော်နဲ့ နတ်ဆိုးရုံးတော်ကို အနိုင်ရသွားပြီဆိုတော့ သူတို့တွေ သွားချင်ရင် သွားခွင့်ပြုလိုက်ပါ၊ မဟုတ်ရင် သူတို့ကျေးဇူးကို ပြန်ဆပ်ဖို့က မလွယ်ဘူး”
ရှန်စစ်သူကြီးဟာ ခေါင်းညိတ်လိုက်ပါတယ်။
ကောင်းကင်ဧကရာဇ်က မေးလိုက်ပါတယ် “အရင် ကောင်းကင်ဧကရာဇ်ဟောင်းတွေကို မင်း မြင်ဖူးလား..”
“မြင်ဖူးပါတယ်၊ ဟောင်တျန်လည်း ဒီအထဲမှာပါတယ်”
“မင်းကို ဘယ်သူရွေးချယ်လိုက်တာလဲ”
“သိကျွင်း”
“အို…”
ကောင်းကင်ဧကရာဇ်ဟာ မဆိုစလောက် မျက်နှာအမူအရာ ပြောင်းလဲသွားပြီး မျက်တောင်တစ်ချက် ခတ်လိုက်ပါတယ်။
ရှန်စစ်သူကြီးက ဆက်ပြောပါတယ် “သိကျွင်းက ကျွန်တော်ကို ဆန်းကြယ်စွမ်းအားတစ်မျိုး သင်ပေးပြီး ဒီကပ်ဘေးက တာအိုပညာရှိတွေရဲ့ ပထမဆုံးကစားပွဲ ဖြစ်လာလိမ့်မယ်လို့ ပြောလိုက်တယ်၊ ကောင်းကင်ရုံးတော် မပျက်စီးဘူးဆိုရင် အနိုင်ရတယ်လို့ ပြောလို့ရတယ်တဲ့”
ကောင်းကင်ဧကရာဇ်ဟာ အတွေးနက်သွားပါတယ်။
“သိကျွင်းက ပြောလိုက်သေးတယ်… အရှင်မင်းကြီး တာအိုနားထောင်ဖို့ ခေါ်လာတဲ့ ဟန်ကျွယ်က မသိကိန်းတစ်ခုတဲ့၊ အရှင်မင်းကြီး ဒါကို ကောင်းကောင်းမွန်မွန် ဆုပ်ကိုင်မိဖို့ မျှော်လင့်ပါတယ်တဲ့” စကားပြောပြီးတဲ့အခါမှာ ရှန်စစ်သူကြီးလည်း သူ့စကားကို ပြန်ဆင်ခြင်လိုက်ပါတယ်။
ကောင်းကင်ဧကရာဇ်က ပြုံးလိုက်ပါတယ် “ငါ အဲဒါကို သိပြီးပြီ၊ သိကျွင်း သင်ပေးလိုက်တဲ့ ဆန်းကြယ်စွမ်းအားကို မင်း ကောင်းကောင်းမွန်မွန် လေ့ကျင့်ပြီး ကောင်းကင်နတ်ဘုရား စစ်သူကြီးလိုမျိုး စွမ်းအားကြီးမားလာအောင် လုပ်တော့၊ ငါက မင်းကို အယုံကြည်ဆုံးပဲ၊ ငါ စိတ်မပျက်ရပါစေနဲ့”
“ကျွန်တော် နားလည်ပါပြီ”
ရှန်စစ်သူကြီး လက်ချင်းယှက် ဦးညွှတ်ပြီး ခန်းမထဲကနေ ထွက်သွားပါတယ်။
ကောင်းကင်ဧကရာဖ်ဟာ ခန်းမအပြင်ဘက်က ခရမ်းရောင်မြူခိုးတွေကို ကြည့်ပြီး ရယ်မောလိုက်ပါတယ် “ဖရိုဖရဲ ပိုဖြစ်ရင် ပိုကောင်းတယ်၊ ဒါမှ ငါ့အတွက် အေးချမ်းအောင်လုပ်နိုင်ဖို့ အခွင့်အရေးရှိမှာ”
တစ်ချိန်တည်းမှာပဲ အင်မော်တယ်ကမ္ဘာရဲ့ အင်အားစုအသီးအသီးဟာ ကောင်းကင်တာအို အံဖွယ်ဖြစ်ရပ်ကြောင့် ရုတ်ရုတ်သဲသဲ ဖြစ်သွားကြပါတယ်။ အင်မော်တယ်ကမ္ဘာတင် မကပါဘူး။ စကြဝဠာထဲက ကမ္ဘာအားလုံး ဒီအံဖွယ်ဖြစ်ရပ်ကို တွေ့မြင်နိုင်ကြပါတယ်။
ငရဲပြည်နဲ့ ကျို့ယိုငရဲကလူတွေတောင် ဒီအံဖွယ်ဖြစ်ရပ်ကို မြင်တွေ့ကြရပါတယ်။
ငရဲနက်နတ်ဆိုးသခင်ဟာ တာအိုစက်ကွင်းကို ကျော်ပြီး ကျို့ယိုငရဲထက်က ခရမ်းရောင်မြူခိုးတွေကို ကြည့်လိုက်ပါတယ် “ဟင်း… အနန္တကပ်ဘေးက အနန္တကပ်ဘေးပဲ၊ ပေါ်လာလိုက်တဲ့ စွမ်းအားကြီးပုဂ္ဂိုလ်တွေကလည်း လက်ချိုးရေလို့တောင် မရဘူး”
ကျန်းယီက အထင်အမြင်သေးတဲ့အသံနဲ့ ပြောလိုက်ပါတယ် “ကျုပ်ကို လုံလောက်တဲ့အချိန်သာပေး၊ ဒီအနန္တကပ်ဘေးမှာ အစွမ်းအထက်ဆုံး ဖြစ်လာစေရမယ်လို့ အာမခံတယ်”
ငရဲကြက်နက်က ဒေါသတကြီး ပြောလိုက်ပါတယ် “အရင်မျိုးဆက်ရဲ့ အစွမ်းအထက်ဆုံးလူက သေသွားပြီ၊ မင်းက သူ့ခြေလှမ်းအတိုင်း ဆက်လျှောက်ချင်လို့လား… ပြောမဲ့သာ ပြောရတာပါ၊ မင်းက မဟာလွတ်လပ်မှု နတ်ရွှေကျီး ရှန်ဧကရာဇ်ကိုတောင် မနိုင်သေးဘူး”
ရုတ်ခြည်းဆိုသလိုပဲ ကျန်းယီရဲ့ မျက်နှာဟာ ရှက်လွန်းလို့ ဖြူဖတ်ဖြူရော် ဖြစ်သွားပါတယ်။ ဒီကိစ္စက ကျန်းယီရဲ့နှလုံးသားထဲမှာ စိုက်ဝင်နေတဲ့ သံမှိုတစ်ချောင်းပါ။ ငရဲကြက်နက်ဟာ ဒီအကြောင်းကို သိသွားကတည်းက ကျန်းယီကို ဒီကြောင်းနဲ့ပဲ ကိုင်ပေါက်ပါတယ်။
မုရုံချီဟာ ရုတ်တရက် သက်ပြင်းချလိုက်ပါတယ် “ဟင်း… အင်မော်တယ်ကမ္ဘာက ဒီလောက်တောင် ဝရုန်းသုန်းကား ဖြစ်နေပြီပဲ၊ ဖန်းလျန်တစ်ယောက် ဘယ်လိုများနေမလဲ မသိဘူး…”
ဖန်းလျန်နာမည်ကို ကြားလိုက်ရတဲ့အခါမှာ တခြားတပည့်တွေလည်း သက်ပြင်းချလိုက်ပါတယ်။ သူတို့အကုန်လုံးဟာ ဖန်းလျန်ကို မုရုံချီနဲ့အတူ ပြန်မလာလို့ စိတ်ဆိုးနေကြတာပါ။
တစ်ချိန်တည်းမှာပဲ ကျင့်ကြံခြင်းလိုဏ်ဂူထဲက ဟန်ကျွယ်ဟာ မဟာအဂ္ဂတာအို ပညာရပ်ကို သိမြင်နားလည်နေတုန်းပါ။
မဟာတာအိုကို အာရုံခံနိုင်မှုအောက်မှာ မြောက်များလှတဲ့ အတွေးအခေါ် အသိဉာဏ်တွေဟာ ဟန်ကျွယ်ရဲ့ စိတ်ထဲမှာ စုစည်းပြီး ဟန်ကျွယ် လိုချင်တဲ့ ဆန်းကြယ်စွမ်းအား ဖြစ်ပေါ်လာပါတယ်။ ဒီဆန်းကြယ်စွမ်းအားက ရှုပ်ထွေးပြီး လျှို့ဝှက်ဆန်းကြယ်လွန်းတဲ့အတွက် ဟန်ကျွယ်ဟာ ဒီဆန်းကြယ်စွမ်းအားထဲ နှစ်ဝင်သွားပါတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။
Chapter – 375
? Views, Released on December 6, 2024