အခန်း (၃၇၄) ကျယ်ကျောင်းတော် ကျို့ယိုငရဲသို့ ဝင်ခြင်း၊ နတ်ဆိုးမျိုးနွယ်စု၏ ကောင်းကင်ရုံးတော်
“ဒီကပ်ဘေးမှာ ရှင်းဟုန်ရွှမ် သေမလားဆိုတာကို ငါ သိချင်တယ်” ဟန်ကျွယ်ဟာ ကောင်းကင်လျှို့ဝှက်ချက် တွက်ချက်မှု လုပ်ဆောင်ချက်ကို မေးလိုက်ပါတယ်။
ရှင်းဟုန်ရွှမ်က ဟန်ကျွယ် ပထမဆုံး သိကျွမ်းခဲ့တဲ့ ကျင့်ကြံသူပါ။ မကြာခဏဆိုသလိုလည်း ဟန်ကျွယ်ကို ကျင့်ကြံဖို့ ရင်းမြစ်တွေ ပေးခဲ့ပါတယ်။ ဟန်ကျွယ်ဟာ ဒီကျေးဇူးတွေကို ဘယ်တော့မှ မမေ့ပါဘူး။
ရှင်းဟုန်ရွှမ်ထက် ပိုချောပိုလှတဲ့ မိန်းမတစ်ယောက် ပေါ်လာရင်တောင် ဟန်ကျွယ်ရင်ထဲက ရှင်းဟုန်ရွှမ်နေရာဟာ ပြောင်းလဲသွားမှာ မဟုတ်ပါဘူး။
[သက်တမ်း ၁၀ သန်း ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
ဟန်ကျွယ်အဖို့ သက်တမ်း ဆယ်သန်းလေးနဲ့ ကိုယ့်ချစ်ရတဲ့ မိန်းမရဲ့ အနာဂတ်ကို တွက်ချက်ရမှာက အရမ်းတန်ပါတယ်။
စာလုံးလေးလုံး ဟန်ကျွယ်ရှေ့မှာ ပေါ်လာပါတယ်။
[သူသေလိမ့်မယ်။]
ဟန်ကျွယ်ဟာ ရင်ထဲမှာ ခုလုခုလု ဖြစ်သွားပါတယ်။
“သူ့ကို ဘယ်သူသတ်မှာလဲ” ဟန်ကျွယ်ဟာ ဆက်မေးလိုက်ပါတယ်။
[သက်တမ်း ၁၀ သန်း ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
ဟန်ကျွယ်ဟာ ခေါင်းမူးသွားပြီး မြင်ကွင်းတစ်ခုဆီ ရောက်သွားပါတယ်။
ဟန်ကျွယ် မျက်လုံးဖွင့်လိုက်တဲ့အခါ အသေရေတင့်တယ်တဲ့ ခန်းမတစ်ခုကို ရောက်နေတာ တွေ့လိုက်ရပါတယ်။ ရှင်းဟုန်ရွှမ်ဟာ နဂါးနဲ့ဖီးနစ် ခြယ်မှုန်းထားတဲ့ ရွှေရောင်ဝတ်ရုံကို ဝတ်ရုံပြီး နဂါးပလ္လင်ပေါ်မှာ ထိုင်နေပါတယ်။
ပြန်လည်မွေးဖွားပြီးနောက် ရှင်းဟုန်ရွှမ်က ပိုလှပလာပါတယ်။ ရှင်းဟုန်ရွှမ်ရဲ့ မျက်ခုံးတွေဟာ အေးစက်ပြီး စူးရှလှပါတယ်။ ဒါ့အပြင် ဧကရာတစ်ပါးလိုမျိုး ဘာမထီတဲ့ရောင်ဝါလည်း ရှိနေပါတယ်။ ရှင်းဟုန်ရွှမ်ဟာ နီရဲတဲ့နှုတ်ခမ်းရှိပြီး သူ့ရဲ့ ပိတုန်းရောင် ဆံနွယ်တွေကို သေသပ်လှပစွာ ထုံးဖွဲ့ထားပါတယ်။
ရှင်းဟုန်ရွှမ်ဟာ ခန်းမတံခါးဝကို စိုက်ကြည့်နေတုန်းမှာပဲ မိန်းမတစ်ယောက် ခန်းထဲကို ဝင်လာပါတယ်။
‘ဒါ ဝူတောက်ကျန့် မဟုတ်ဘူးလား… မဟုတ်ဘူး… ဒါ ထိုက်စုတျန်ပဲ’ ဟန်ကျွယ်ဟာ မျက်စိမှေးလိုက်ပါတယ်။
ထိုက်စုတျန်ဟာ အနက်ရာင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး အစိမ်းရောင် ကျောက်စိမ်းဓားကို ကိုင်စွဲထားပါတယ်။ သူ့မျက်နှာမှာတော့ ဘာခံစားချက်မှ မတွေ့မြင်နိုင်ပါဘူး။
ရှင်းဟုန်ရွှမ်က မေးလိုက်ပါတယ် “ဒါ သူ လိုချင်တာလား”
ထိုက်စုတျန်က မျက်နှာသေနဲ့ ပြန်ဖြေပါတယ် “နင်က ကပ်ဘေးထဲ ဝင်လိုက်ပြီဆိုတော့ သူက ကံတရားကို ဖြတ်တောက်ဖို့ ဆုံးဖြတ်လိုက်ပြီ၊ နင် သူ့ဆန္ဒကို ငြင်းဆန်မလို့လား”
ထိုက်စုတျန်ရဲ့ စကားကြောင့် ရှင်းဟုန်ရွှမ်ဟာ မျက်မှောင်ကြုတ်သွားပြီး မျက်နှာတစ်ခုလုံး ညိုးကျသွားပါတယ်။ အဲဒီနောက် ရှင်းဟုန်ရွှမ်ဟာ အသက်တစ်ချက် ပြင်းပြင်းရှူလိုက်ပြီး တည်ကြည်တဲ့မျက်နှာနဲ့ ဆုံးဖြတ်ချက် ချလိုက်ပါတယ် “ငါ ဒီနေရာကို ရောက်လာတာ သူ့ကြောင့်ပဲ၊ သူက ငါ့ကို သေစေချင်ရင် ငါသေပေးမယ်”
ရှင်းဟုန်ရွှမ်ဟာ မျက်လုံးမှိတ်လိုက်ပါတယ် “လုပ်တော့”
ထိုက်စုတျန်ဟာ လက်မြှောက်ပြီး ကျောက်စိမ်းဓားကို ဝှေ့ယမ်းလိုက်ပါတယ်။ ဓားအလင်းတန်း လင်းလက်သွားချိန်မှာပဲ ဟန်ကျွယ်ရှေ့က မြင်ကွင်းတစ်ခုလုံး ကွဲကျေသွားပါတယ်။
ဟန်ကျွယ်ရဲ့ သိစိတ်ဟာ အစစ်အမှန်ကို ပြန်ရောက်သွားပါတယ်။ ဟန်ကျွယ်ဟာ သူမြင်ခဲ့ရတဲ့ မြင်ကွင်းက အခုမဖြစ်သေးမှန်း သိပေမဲ့ ရင်ထဲမှာ ဘယ်လိုမှ နေလို့မကောင်းပါဘူး။
‘ထိုက်စုတျန်က ဝူတောက်ကျန့်ယောင်ဆောင်ပြီး ရှင်းဟုန်ရွှမ်ကို ငါ့နာမည်နဲ့ သတ်မှာလား’
‘ခွေးမ… နင်ကများ ရာရာစစ…’
‘တော်သေးတယ်၊ ငါ ကြိုပြီး စစ်ဆေးလိုက်လို့၊ မဟုတ်လို့ ဒီအတိုင်းသာ တကယ်ဖြစ်ခဲ့ရင် ငါ ရင်ကွဲရမှာ’
‘ငါ ဒီခွေးမကို အသက်ရှင်ခွင့်ပေးလို့ မဖြစ်ဘူး’
ဟန်ကျွယ်ဟာ ထိုက်စုတျန်ကို ဆယ်နှစ်တစ်ကြိမ် ကျိန်စာတိုက်ရမဲ့ စာရင်းထဲ ထည့်လိုက်ပါတယ်။
’ကြည့်ရတာ ငါ ကပ်ဘေးထဲ မဝင်ရင် ငါ့ဘေးနားက လူတွေကို သေဆုံးစေမဲ့ပုံပဲ’ ဟန်ကျွယ်ဟာ ဒီကောက်ချက်ကြောင့် တော်တော်လေး စိတ်ဖိစီးသွားပါတယ်။
ဟန်ကျွယ်ဟာ ကပ်ဘေးထဲ မဝင်ပေမဲ့ ကောင်းကင်ကို ဆန်ကျင့်တိုက်ခိုက်နေရတုန်းပါ။ ဒါက စွမ်းအားကြီး ကျင့်ကြံသူတွေ မရှောင်လွဲနိုင်တဲ့ ဒုက္ခတစ်ခုပဲ ဖြစ်ပါလိမ့်မယ်။
ဟန်ကျွယ်ဟာ သက်ပြင်းချလိုက်ပြီး ကျိန်စာ ဆက်တိုက်ပါတယ်။ တစ်လကြာတဲ့အခါမှာတော့ ကျိန်စာတိုက်ပြီးသွားတဲ့အတွက် ဟန်ကျွယ်ဟာ ဆက်လက်ကျင့်ကြံပါတယ်။
မျက်တောင်တစ်ခတ်အတွင်း နှစ် ၁၂ ကုန်ဆုံးသွားပါတယ်။
အချိန်မရှိဘူးထင်ရတဲ့ ကျို့ယိုငရဲဟာ နောက်ဆုံးမှာတော့ ကသောင်းကနင်း စဖြစ်လာပါတော့တယ်။ မှောင်မိုက်တဲ့နေရာတစ်ခုမှာ တွင်းကြီးတစ်ခု ပေါ်လာပြီး လူတစ်ယောက်ပြီးတစ်ယောက် ထွက်ပေါ်လာပါတယ်။ ဒီလူတွေလက်ထဲမှာလည်း ကျွန်းကြီးတွေကို ကိုင်ထားပါတယ်။
ဟန်ကျွယ်လည်း ဒီလူတွေကြောင့် နိုးနိုးကြားကြား ဖြစ်သွားပါတယ်။ ဟန်ကျွယ်တင် မကပါဘူး။ စန့်ရှီ၊ ကျန်းယီနဲ့ တခြားသူတွေလည်း ကြီးမားတဲ့ရောင်ဝါတစ်ခု ထွက်ပေါ်လာတာကို ခံစားမိပါတယ်။
“ဘယ်သူမှ ဒီကျွန်းကနေ ထွက်မသွားနဲ့၊ နတ်အာရုံကိုလည်း မဖြန့်ကျက်ကြနဲ့” ဟန်ကျွယ်ဟာ ညွှန်ကြားချက် ချက်ချင်းထုတ်ပြန်လိုက်ပါတယ်။ ဟန်ကျွယ်ကိုယ်တိုင်လည်း ရုတ်တရက်ပေါ်လာတဲ့ လူတွေကို နတ်အာရုံနဲ့ မစစ်ဆေးပါဘူး။
‘အဲဒါ ဘယ်သူတွေလဲ’ ဟန်ကျွယ်ဟာ ကောင်းကင်လျှို့ဝှက်ချက် တွက်ချက်မှု လုပ်ဆောင်ချက်ကို မေးလိုက်ပါတယ်။
[သက်တမ်း သန်း ၁၀၀ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
[ကျယ်ကျောင်းတော်]
‘ကျယ်ကျောင်းတော်လား’ ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ်။
တစ်ချိန်တည်းမှာပဲ…။
ဟင်းလင်းပြင်မှာ ဟွမ်ဇွမ်တျန်ဟာ ကျင်းတျန်ကုန်းနောက်ကနေ ဘေးဘီဝန်းကျင်ကို စိတ်ဝင်တစား လိုက်ကြည့်နေပါတယ်။
ကျင်းတျန်ကုန်းဟာ အလင်းရောင်တွေ ဖြာထွက်နေတဲ့ အလံနီတစ်ခုကို ကိုင်ဆောင်ထားပါတယ်။ ဒီအလံနီက ထွက်ပေါ်လာတဲ့ အလင်းရောင်ဟာ ကျယ်ကျောင်းတော် တပည့်အကုန်လုံးအတွက် အကုသိုလ်ကံကို ကာကွယ်ပေးထားပါတယ်။
ကျင်းတျန်ကုန်းက မနေနိုင်ဘဲ ချီးကျူးလိုက်ပါတယ် “ဇွမ်တျန်… မင်းအကြံက မဆိုးဘူး၊ ကျို့ယိုငရဲမှာ ဘယ်သူမှ မရှိဘူး၊ ငါတို့ကျယ်ကျောင်းတော် ဒီနေရာမှာ နေဖို့ သင့်တော်တယ်”
ဟွမ်ဇွမ်တျန်က လေးစားစွာ ပြန်ပြောလိုက်ပါတယ် “ဒုဂိုဏ်းချုပ်က အတော်ဆုံးပါ၊ ဒုဂိုဏ်းချုပ်မှာသာ အကုသိုလ်ကံကို ခွဲခြားဟန့်တားနိုင်တဲ့ အကောင်းစား ရတနာ မရှိဘူးဆိုရင် ကျွန်တော့်အကြံက အလုပ်ဖြစ်မှာ မဟုတ်ပါဘူး”
ကျင်းတျန်ကုန်းဟာ ရယ်မောလိုက်ပါတယ်။
ကျယ်ကျောင်းတော် တပည့်တွေဟာ ကျို့ယိုငရဲထဲကို တဖွဲဖွဲ ရောက်ရှိလာပါတယ်။ သူတို့တွေဟာ ကျို့ယိုငရဲထဲကို နက်နက်ရှိုင်းရှိုင်း မဝင်ဘဲ ကျွန်းမျိုးစုံကို အောက်ချလိုက်ပါတယ်။ ပြီးတဲ့အခါမှာတော့ ကျယ်ကျောင်းတော်ရဲ့ အကြီးအကဲတွေဟာ အစီအရင်မျိုးစုံ စတင်လုပ်ဆောင်ပါတယ်။
ကျင်းတျန်ကုန်းက ရုတ်တရက် မေးလိုက်ပါတယ် “ဇွမ်တျန်… ကျယ်ကျောင်းတော်က ဒီကပ်ဘေးကို အနိုင်ရနိုင်တယ်လို့ ထင်လား”
“ကျယ်ကျောင်းတော်က တာအိုပညာရှိရဲ့ဂိုဏ်းဆိုတော့ ကပ်ဘေးကို အနိုင်ရဖို့ အခွင့်အရေး ရှိပါတယ်၊ ဒါပေမဲ့ ကျွန်တော့်အထင် နောက်ကပ်ဘေးမှ ဝင်တာ ပိုကောင်းလိမ့်မယ် ထင်တယ်၊ အခုကပ်ဘေးမှာ လျှို့ဝှက်ဆန်းကြယ်တဲ့ အမှောင်သခင်ကြီးနဲ့ အင်အားကြီးမားတဲ့ ကောင်းကင်ရုံးတော် ရှိနေတော့ ကျယ်ကျောင်းတော် ကပ်ဘေးထဲ မဝင်တာ အကောင်းဆုံး ဖြစ်လိမ့်မယ်”
ကျင်းတျန်ကုန်းဟာ ခေါင်းညိတ်ပြီး မေးလိုက်ပါတယ် “အမှောင်သခင်ကြီးကို မင်း ဘယ်လိုထင်လဲ..”
‘ထပ်မေးပြန်ပြီလား..’ ဟွမ်ဇွမ်တျန်ဟာ စိတ်ထဲမှာ ကျိန်ဆဲလိုက်ပါတယ်။ ကျင်းတျန်ကုန်း အမှောင်သခင်ကြီး ယုံကြည်လေးစားတာက လူတိုင်းအသိပါ။
‘ဂိုဏ်းချုပ်က ဘယ်လိုလုပ်ပြီး ဒီလိုလူမျိုးကို ဒုဂိုဏ်းချုပ် လုပ်ခိုင်းရဲတာလဲ..’ ဟွမ်ဇွမ်တျန်ဟာ ဒီမေးခွန်းရဲ့ အဖြေကို စဉ်းစားမရပါဘူး။ ဒါ့အပြင် ကျယ်ကျောင်းတော် တစ်ခုလုံးက ငတုံးတွေလည်း ဟွမ်ဇွမ်တျန် ခံစားလိုက်ရပါတယ်။
“အမှောင်သခင်ကြီးရဲ့ အစွမ်းအစကို တကယ်ကို စံတင်လောက်ပါတယ်၊ သူက လူလုံးထွက်မပြဘဲ စွမ်းအားကြီးပုဂ္ဂိုလ် တော်တော်များများကို သတ်ပစ်ခဲ့တာဆိုတော့ တကယ့်ကို အံမခန်းပုဂ္ဂိုလ်ပဲ၊ ဒါပေမဲ့ သူ့ရည်ရွယ်ချက်က ဘာလဲဆိုတာကို တစ်ယောက်မှ မသိဘူး၊ အဲဒါကြောင့် ကျယ်ကျောင်းတော် အနေနဲ့ သတိကြီးကြီး ထားသင့်တယ်” ဟွမ်ဇွမ်တျန်က အလေးအနက် ပြောလိုက်ပါတယ်။
ကျင်းတျန်ကုန်းဟာ ပြုံးလိုက်ပါတယ် “အမှောင်သခင်ကြီးက ကျို့ယိုငရဲထဲမှာ ပုန်းနေလိမ့်မယ်လို့ မင်း မထင်ဘူးလား..”
ဒီစကားကြောင့် ဟွမ်ဇွမ်တျန်ရဲ့ မျက်နှာတစ်ခုလုံး မည်းမှောင်သွားပါတယ် ‘အမှောင်သခင်ကြီးသာ ကျို့ယိုငရဲမှာရှိနေရင်…’ ဟွမ်ဇွမ်တျန်ဟာ ဆက်မတွေးရဲတော့ပါဘူး။
“မပုန်းလောက်ဘူး ထင်တာပဲ…” ဟွမ်ဇွမ်တျန်ဟာ ဟန်လုပ်ပြုံးပြီး အဖြေပေးလိုက်ပါတယ် ‘အမှောင်သခင်ကြီး ကျို့ယိုငရဲမျာ မရှိပါစေနဲ့၊ ငါ အေးအေးဆေးဆေး ကျင့်ကြံချင်သေးတယ်’
ကျင်းတျန်ကုန်းဟာ မပွင့်တပွင့် ပြုံးလိုက်ပြီး ဘာမှ ထပ်မပြောဘဲ ကျယ်ကျောင်းတော် တပည့်တွေကို ကြည့်လိုက်ပါတယ်။
အရာအားလုံးဟာ ခပ်မြန်မြန်ပဲ ငြိမ်သက်သွားပါတယ်။ ကျယ်ကျောင်းတော် တပည့်တွေဟာ ကျို့ယိုငရဲထဲမှာ လျှောက်မသွားရဲပါဘူး။ နောက်ပြီး သူတို့နေရာက တိတ်ဆိတ်ကျွန်းနဲ့ အလှမ်းဝေးတာကြောင့် ဟန်ကျွယ်ကို အနှောင့်အယှက် မဖြစ်စေပါဘူး။
တိတ်ဆိတ်ဂိုဏ်းက လူတိုင်းဟာ ကျို့ယိုငရဲကို ဘယ်သူတွေ ရောက်လာလဲဆိုတာ သိချင်နေကြပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ဟာ သူတို့တွေ နတ်အာရုံဖြန့်ကျက်မှာကို လုံးဝ တားဆီးပိတ်ပင်ထားပါတယ်။ အဲဒါကြောင့် သူတို့တွေဟာ အချင်းချင်းပဲ ဆွေးနွေးနိုင်ကြပါတယ်။
ကျယ်ကျောင်းတော်က သူ့ကို မသက်ရောက်မှန်း ကျိန်းသေတော့မှ ဟန်ကျွယ်ဟာ သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်ပါတယ်။
‘ငါ ဘာလို့ မကောင်းတာ တစ်ခုခု ဖြစ်တော့မယ်လို့ ခံစားနေရတာလဲ’
ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ် ‘အနာဂတ်မှာ တခြားအင်အားစုတွေကလည်း ကပ်ဘေးကို ရှောင်ရှားဖို့အတွက် ကျို့ယိုငရဲဆီ လာကြမှာလား…’
‘ခွီးတဲ့မှပဲ… သူတို့တွေ အကုသိုလ်ကံကို မကြောက်ကြဘူးလား’
ဟန်ကျွယ်လည်း ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘာမှမတက်နိုင်တာကြောင့် ထုံးစံအတိုင်း ဆက်ပြီးတော့ ကျင့်ကြံအားထုတ်ပါတယ်။
ရက်ကို လစား၊ လကို နှစ်စားနဲ့ နှစ်ငါးဆယ် ကုန်ဆုံးသွားပါတယ်။ နှစ်ငါးဆယ်ဟာ သေမျိုးတွေအတွက် ဘဝတစ်ခု ဆိုပေမဲ့ ဂူအောင်းကျင့်ကြံတဲ့ ကျင့်ကြံသူတွေ အတွက်တော့ မျက်စိတစ်မှိတ်ပဲ ရှိပါတယ်။
ဒီနေ့မှာတော့ ဟန်ကျွယ်ဟာ ကျင့်ကြံအားထုတ်တာ ရပ်ပြီး ရန်သူတွေကို ကျိန်စာတိုက်ရင်းနဲ့ စာအိတ်တွေကို စစ်ဆေးလိုက်ပါတယ်။
ဒီအတောအတွင်း အင်မော်တယ်ကမ္ဘာဟာ တည်ငြိမ်နေပြီး တိုက်ပွဲတွေ သိပ်မရှိပါဘူး။ ဒါပေမဲ့ အခွင့်အရေးတွေကတော့ အရင်လို ပေါများတုန်းပါပဲ။
ဖန်းလျန်ရဲ့ ဝိညာဉ်ကို လောကဦးကမ္ဘာကနေ အခုထိ ပြန်မရောက်လာသေးပါဘူး။ ဟန်ကျွယ်ဟာ ဖန်းလျန် ဘာလုပ်နေတာလဲဆိုတာကို နားမလည်နိုင်ပါဘူး။ ဒါပေမဲ့ သူ့ကျင့်ကြံမှုကို မသက်ရောက်တဲ့အတွက် ဟန်ကျွယ်ဟာ အားအားယားယား သွားမတားပါဘူး။
ဒီအချိန်မှာပဲ…။
ဒေါသတကြီး အော်ဟစ်သံကို ကြားလိုက်ရပါတယ် “နတ်ရွှေကျီးကန်း မိသားစုရဲ့ ခေါင်းဆောင်ဖြစ်တဲ့ ငါ သိလန်တျန်က အနန္တကမ္ဘာရှိတဲ့ နတ်ဆိုးတွေကို စုစည်းပြီး နတ်ဆိုးတွေရဲ့ ကောင်းကင်ရုံးတော်ကို ပြန်အသက်သွင်းလိုတယ်၊ ကောင်းကင်ရုံးတော်က ငါတို့နတ်ဆိုးဘိုးဘေးတွေ ပုကျိုးနတ်တောင်မှာ တည်ထောင်ခဲ့ကြတာ၊ အင်မော်တယ်တွေက ငါတို့နာမည်ကို ယူသုံးပြီး ငါတို့နတ်ဆိုးတွေကို သတ်ဖြတ်ခဲ့တာပဲ၊ ဒီရန်ငြိုးက ကမ္ဘာမကျေဘူး”
“နတ်ဆိုးမျိုးနွယ်စုရဲ့ ကလေးတွေ ငါ မင်းတို့ကို အင်မော်တယ်ကမ္ဘာမှာ စောင့်နေမယ်၊ ငါတို့တွေ အတူပူးပေါင်းပြီး နတ်ဆိုးတွေရဲ့ ဂုဏ်ကျက်သရေကို ပြန်လည် ရယူကြရအောင်”
ဟန်ကျွယ်ဟာ ဒီအသံကြောင့် မှင်သက်သွားပါတယ် ‘နတ်ရွှေကျီးကန်း မိသားစုက ကောင်းကင်ရုံးတော်ကို တိုက်ခိုက်ဖို့အတွက် နောက်ထပ် ကောင်းကင်ရုံးတော်တစ်ခု တည်ထောင်ချင်တာလား..’
‘ဘာတွေ ဖြစ်ကုန်တာလဲ..’
ကျင့်ကြံခြင်းလိုဏ်ဂူ အပြင်ဘက်။
တိတ်ဆိတ်ကျွန်းက လူတိုင်းဟာ ကျန်းယီကို မျက်နှာအမူအရာ အမျိုးမျိုးနဲ့ ကြည့်လိုက်ကြပါတယ်။ ကျန်းယီလည်း ကသိကအောက် ဖြစ်သွားပြီး သူ့ဘာသာ ပြောလိုက်ပါတယ် “မိသားစုခေါင်းဆောင်က ဒါကို ဘယ်လိုလုပ်ပြီး အတည်ယူရတာလဲ… ဒါက ပုံပြင်တစ်ပုဒ်လို ငါ ပြောပြီးသားဟာကိုး…”
ငရဲနက်နတ်ဆိုးသခင်က စပ်စုလိုက်ပါတယ် “ဘာပုံပြင်လဲ၊ နတ်ဆိုးတွေ ကောင်းကင်ရုံးတော်ကို တကယ်တည်ထောင်ခဲ့တဲ့ ပုံပြင်လား”
“အဟွတ်… အဟွတ်… အဲဒါ ခင်ဗျားတို့ဂိုဏ်းချုပ် ကျုပ်ကို ပြောပြခဲ့တဲ့ ပုံပြင်ပဲ… အဲဒါ ကျုပ်က သူတို့ကို ပြန်ပြောပြလိုက်တာ…”
တိတ်ဆိတ်ဂိုဏ်းသားများ : “…..”
မြန်မာပြည် ငြိမ်းချမ်းပါစေ။
Chapter – 374
? Views, Released on December 6, 2024