Chapter – 55
“ကျွန်မလုပ်ပါ့မယ်”
“နောင်ကြီးဖန် . . . ရှင်ရူးနေတာတော့ မဟုတ်ပါဘူးနော် . . .”
၀မ်ရမ်ချူးချူး မျက်နှာပျက်ယွင်းစွာဖြင့် မေးလိုက်သည်။
“ဘာ . . .”
ရဲရှောင်မှာ အံ့သြဟန်ဖြင့် အသံထွက်လိုက်မိသည်။ သူ၏ မျက်လုံးများကအစ အလွန်ရိုးသား ဖြူစင်နေပါသည်။
“ရှင် . . .”
၀မ်ရမ်ချူးချူး သွေးအန်မတတ် ဖြစ်သွားသည်။
“ရှင်က ယောကျာ်းနဲ့ မိန်းမကြားက ကွာခြားချက်ကို မစဉ်းစားမိဘူးလား။ ရှင်ပြောပုံတွေက . . . ကျွန်မ ဘယ်လိုလုပ်ပြီး . . .”
သူမအနေဖြင့် ဆက်၍ ပြောဆိုရန် အလွန်ရှက်နေပုံပင်။
ရဲရှောင်လည်း နောက်ဆုံးမှာတော့ နားလည်သွားဟန်ဖြင့် –
“ဒါ . . .”
ရဲရှောင် တခဏမျှ ဆွံ့အသွားသည်။ ရုတ်တရက်ဆိုသလို ရှက်သွားသလိုလည်း ခံစားလိုက်ရလေ၏။ ထို့ကြောင့် ချောင်းတစ်ချက် နှစ်ချက်ခန့် ဟန့်လိုက်ပြီး –
“ငါ . . . ငါဒီကိစ္စနဲ့ ပတ်သက်ပြီး တောင်းပန်ပါတယ်။ အဟွတ် . . . ငါသိပ်ပြီး မစဉ်းစားလိုက်မိဘူး။ ငါ့ကို ခွင့်လွှတ်ပေးပါ။ ငါ့တဘ၀လုံးမှာ ဘယ်မိန်းကလေးကိုမှ မထိခဲ့ . . . အဲဒါကြောင့် ဒီလိုမျိုး မတွေးတောမိဘဲ ပြောလိုက်မိတာပါ။ ငါထင်နေတာက မင်းလည်း ပညာရှင်တစ်ယောက်ပဲဆိုတော့ ဒီလောက်ကို ဘာမှ မဖြစ်ဘောက်ဘူး ထင်လို့ပါ . . .”
ရဲရှောင် ရှက်ရှက်ဖြင့် ရှင်းပြလိုက်သည်။
ယခုကဲ့သို့ အထစ်ထစ်အငေါ့ငေါ့ဖြစ်ခြင်းသည် ရှောင်ဧကရာဇ်အဖို့ ပထမဆုံးအကြိမ်ပင်ဖြစ်ပြီး ပထမဆုံးအကြိမ် ရှက်ရွံ့မိခြင်းလည်း ဖြစ်ပါသည်။
သူ့အနေဖြင့် အမှန်တိုင်းပင် သူ့ခံစားချက်ကို ပြောလိုက်ခြင်းဖြစ်ပြီး လိမ်ညာ၍ ပြောဆိုလိုက်မည် ဆိုပါက ပို၍ပင် ဆိုးသွားနိုင်သည် မဟုတ်ပါလား။
ရဲရှောင်မှာ ထိုရှုထောင့်ကို လုံးဝ မတွေ့မိခဲ့ချေ။
(ငါက မင်းရဲ့ ဒုက္ခကို ကယ်တင်ပေးဖို့ ပြောတာပါ . . .)
ပြဿနာ ဖြေရှင်းနိုင်မည့် နည်းလမ်းမှလွဲ၍ တခြားသော အကြောင်းအရာများအား သူမစဉ်းစား မိလိုက်ခြင်းပင် ဖြစ်၏။
၀မ်ရမ်ချူးချူးပင် အူကြောင်ကြောင် ဖြစ်သွားလေသည်။ ရယ်လည်း ရယ်ချင်သွားမိသည်။ အသက် ၃၀ ကျော်လောက် ရှိမည့် ဖန်ဇီလင်မှ လူငယ်လေးတစ်ဦးကဲ့သို့ ရှက်ရွံ့ဟန် ဖြစ်နေသည် မဟုတ်ပါလား။
ယခုကဲ့သို့ ရှက်ရွံ့ဟန်၊ အူကြောင်ကြောင် ဟန်ပန်မျိုးမှာ ဟန်ဆောင်၍ လုပ်ရန် မလွယ်ကူပေ။ ထို့ကြောင့်ပင် ၀မ်ရမ်ချူးချူး ရဲရှောင် ဟန်ဆောင်နေခြင်း မဟုတ်တာကို သိနေပါသည်။
(ကြည့်ရတာ ဒီလူက ဆေးလုပ်တဲ့ နေရာမှာပဲ အာရုံစိုက်ထားခဲ့တဲ့အတွက် အိမ်ထောင်ပြုတာ ဘာညာလည်း ရှိပုံ မပေါ်ဘူး။ ယောကျာ်းနဲ့မိန်းမကြားက ကိစ္စလောက်လေးကိုတောင် မသိဖြစ်နေတာပဲ)
၀မ်ရမ်ချူးချူးလည်း စဉ်းစားလိုက်မိသည်။
(သူပြောပုံအရ သူအခုကိစ္စကို တကယ်ပဲ မစဉ်းစားမိတာနေမှာ။ သူသာ နဂိုကတည်းက စဉ်းစားမိခဲ့ ရင် အခုလောက်ထိ ရှက်နေမှာ မဟုတ်ဘူး။ ငါကပဲ အတွေးမှားတွေ တွေးနေမိသူလို ဖြစ်နေတယ် . . .)
၀မ်ရမ်ချူးချူး ငြိမ်၍ စဉ်းစားနေမိပါသည်။
(ဒီဖန်ဇီလင်ဆိုတဲ့လူက ဉာဏ်လည်းများတယ်၊ ကျင့်ကြံမှုလည်းကောင်းတယ်။ ဆေးပညာမှာလည်း ထိပ်တန်းပဲ။ သူ့ရဲ့ ခန္ဓာကိုယ် ဖွဲ့စည်းမှုကလည်း အရမ်းကို ကြံ့ခိုင်တယ်။ လူတွေရဲ့ သဘောသဘာဝကို လည်း နှံ့နှံ့စပ်စပ်သိနေတယ်။ ဒါပေမဲ့ ဘာကြောင့်များ အခုလို ကိစ္စလေးကိုတောင် နားမလည်နိုင်ရတာလဲ)
၀မ်ရမ်ချူးချူး စဉ်းစားရင်း ခေါင်းရှုပ်လာလေ၏။
သူမအရှေ့ရှိလူမှာ လျို့ဝှက်မှုများဖြင့် ပြည့်နေသလိုလည်း ခံစားလိုက်ရ၏။
“ဟုတ်ပြီ . . . ငါတောင်းပန်တယ်နော်။ ဒါပေမဲ့ အခုကိစ္စက မင်းရဲ့ အသက်နဲ့ အနာဂတ် အောင်မြင်မှုအပေါ် အများကြီး မူတည်နေတယ် . . .”
ထိုကဲ့သို့ ပြောနေရင်းဖြင့် ရဲရှောင် မိန်းကလေးအား တစ်ချက်ခိုးကြည့်လိုက်သည်။
“မင်းတခြားတော့ ဘာမှမစိုးရိမ်ပါနဲ့။ ငါမင်းအပေါ်မှာ စိတ်ဝင်စားမှု ရှိနေမှာ မဟုတ်ဘူး”
ရဲရှောင်ပြောချင်သည်မှာ –
(ငါကမင်းကို ကုသမှာဖြစ်တဲ့အတွက် ကုသခွင့်ပေး။ ငါတို့လည်း မိတ်ဆွေတွေ ဖြစ်လာမယ်။ ငါမင်းအကြောင်းတွေကိုလည်း အများကြီး စိတ်မ၀င်စားဘူး။ အဲဒါကြောင့် ငါ့ကို ဘာမှစိုးရိမ်မနေနဲ့)
သို့သော်လည်း ထိုကဲ့သို့ ပြောနေချိန်တွင် သူသည် မိန်းကလေးအား သေချာစိုက်ကြည့်၍ ပြောခြင်းမဟုတ်ဘဲ ခိုးကြည့်ပြီးသာ ပြောလိုက်ခြင်းဖြစ်သည်။
၀မ်ရမ်ချူးချူးမှာ အနည်းငယ် ဒေါသထွက်သွားသည်။
(ရှင်က ကျွန်မကို ခိုးကြည့်ပြီးလည်း ပြောသေးတယ်။ စိတ်ဝင်စားမှု မရှိဘူးတဲ့လား . . .)
“ရှင်ဆိုလိုချင်တာက ကျွန်မက ရုပ်ဆိုးတယ်ပေါ့လေ။ ရှင့်ကိုတောင် မဆွဲဆောင်နိုင်ဘူးပေါ့ ပြောတာပေါ့ ဟုတ်လား . . .”
၀မ်ရမ်ချူးချူး ရှက်ရွံ့သည့်စိတ်ကိုပင် မေ့ပျောက်ကာ အံကြိတ်လျက် ပြောလိုက်သည်။ မျက်နှာမှာ လည်း ပျက်ယွင်းလျက် ရှိပါသည်။
“မဟုတ်ပါဘူး . . . မဟုတ်ပါဘူး . . .”
ရဲရှောင်လည်း သူစကားပြော အနည်းငယ် မှားသွားပြီ ဆိုတာကို သိလိုက်သည်။ ချက်ချင်းပင် လက်များခါပြလိုက်ပြီး ပြာပြာသလဲ အမူအယာဖြင့် –
“မဟုတ်ဘူးနော် . . . မဟုတ်ဘူး . . . ငါက မင်းရုပ်ဆိုးတယ်လို့ ပြောချင်တာ . . . မဟုတ်ပါဘူး မှားလို့ မင်းက ရုပ်ဆိုးနေတာ မဟုတ်ဘူးလို့ ပြောချင်တာပါ။ မိန်းကလေးချူးချူး ငါရှင်းပြပါရစေဦး။ မင်းငါဆိုလိုချင်တာကို သိတယ်မလား ပြောစမ်းပါ . . . မင်း သိတယ်လို့ငါထင် . . . အား . . .”
ရှောင်ဧကရာဇ် အယောင်ယောင်အမှားမှားကို ဖြစ်နေပါသည်။
၀မ်ရမ်ချူးချူးမှာ ဒေါသကို မထိန်းနိုင်တော့ဘဲ အရှေ့ရှိ စွပ်ပြုတ်များဖြင့် လှမ်းပက်လိုက်ပါတော့ သည်။
ရဲရှောင်လည်း စွပ်ပြုတ်များကို သုတ်လိုက်ရင်း ဒေါသတကြီးဖြင့် –
“မင်းက ဘာဖြစ်နေတာလဲ . . .”
ရဲရှောင်တစ်ယောက် ၀မ်ရမ်ချူးချူး ဒေါသတကြီးဖြင့် ထွက်သွားသဖြင့် နောက်ကျောကိုသာ မြင်တွေ့ရပါတော့သည်။
သူမ၏ ခြေလှမ်းတိုင်းဟာလည်း ပြင်းထန်လှသဖြင့် အတော်ကြီး ဒေါသထွက်နေတာကို သိနိုင်ပါသည်။
သူတို့သည် အေးဆေးသက်သာစွာ စကားပြောဆိုနေကြပြီး ကဗျာဆန်စွာ ထိုင်နေခဲ့ကြသော်လည်း ယခုအခါမှာတော့ ထိုအခြေအနေနှင့် လုံးဝပြောင်းပြန် ဖြစ်သွားခဲ့ပါသည်။ စွပ်ပြုတ်အရည်များမှာ ရဲရှောင်၏ မျက်နှာမှ အင်္ကျီပေါ်သို့ စီးကျနေလျက်ရှိပြီး အတော်ကို ပုံပျက်ပန်းပျက် ဖြစ်သွားခဲ့လေ၏။
ရဲရှောင်မှာ ထိုနေရာမှာတင် အချိန်အတော်ကြာ ထိုင်နေမိပြီး စကားတစ်လုံးမှ မဟချေ။
ထို့နောက် ခေါင်းကို ခါယမ်းလိုက်ပြီး သက်ပြင်းချကာ –
(မင်းဘာလို့များ ဒီလောက်ထိ စိတ်ဆတ်ရတာလဲ . . . ငါပြောချင်တာက ငါတို့အားလုံးက ကျင့်ကြံသူတွေဖြစ်တယ်လေ။ အဲဒီလောက်ထိတောင် မင်းနားမလည်နိုင်တာကို ငါအံ့သြမိတယ်။ ငါက မင်းကို ကူညီဖို့ ကြိုးစားနေတဲ့လူ။ မင်းကတော့ ငါ့ကို အခုလိုမျိုး ဆက်ဆံလိုက်တယ်။ မင်းကို လက်ထပ်မဲ့ ယောကျာ်းကတော့ ကံဆိုးတာပဲ။ လက်ထပ်မဲ့လူကလည်း မျက်စိကန်းနေတဲ့လူပဲ ဖြစ်မယ် . . .)
စကားတစ်ခွန်းမျှ ပြောခြင်းမရှိဘဲ ရဲရှောင် အခန်းတွင်းသို့ ပြန်သွားကာ အ၀တ်အစားများ လဲလှယ် လိုက်သည်။ သူ့အနေဖြင့် ရေပင်ချိုးချင်နေတာ ဖြစ်သော်လည်း ထိုကဲ့သို့ အေးအေးဆေးဆေး ရေချိုးနေနိုင်မည့် အခြေအနေမျိုး မရှိသေးချေ။
(ယောကျာ်းတစ်ယောက်က ဘယ်တော့မှ မိန်းမတစ်ယောက်ကို စိတ်လိုက်မာန်ပါ လုပ်မှာ မဟုတ်ဘူး)
ရဲရှောင် တွေးနေမိသည်။
(ငါနိုင်နိုင်ခြေမရှိတဲ့ မိန်းမမျိုးကိုဆို ပိုဆိုးတာပေါ့ . . .)
. . .
ထိုအချိန်မှာပဲ ၀မ်ရမ်ချူးချူးတစ်ယောက် လက်ကိုနောက်ပစ်လျက် အေးဆေးစွာဖြင့် လမ်းလျှောက်လာသည်။ ချိုသာစွာ ပြုံးလိုက်ရင်း –
“နောင်ကြီးဖန် . . . ရှင့်ကိုကျွန်မ ခုနတုန်းက ကိစ္စအတွက် တောင်းပန်ပါတယ် . . .”
ရဲရှောင် သက်ပြင်းတစ်ချက်ချလိုက်ပြီးနောက် ခပ်အေးအေးပင် –
“ဟုတ်ပါပြီ . . . မိန်းကလေးချူးချူး မင်းတကယ်လို့ မင်းရဲ့ ကျန်းမာရေးကို ဂရုမစိုက်ဘူးဆိုရင်၊ မင်းဒီထက်ပိုပြီး အသက်မဆက်ချင်တော့ဘူးဆိုရင် ငါ့ကို မင်းဖမ်းထားတဲ့ လူတစ်ယောက်လို ဆက်ပြီး ဆက်ဆံပေါ့။ ငါဘယ်လောက်ထိ ခေါင်းမာတဲ့ လူလဲဆိုတာ မင်းလည်း သိပါတယ်။ မင်းရဲ့ ရောဂါကို ကုသပေးဖို့ င့ါဆီက မျှော်လင့်မနေနဲ့တော့။ မိတ်ဆွေတွေ ဖြစ်လာဖို့ဆိုရင်တော့ ဝေးရောပေါ့ . . .”
“ကျွန်မ မှားသွားပါတယ် . . .”
၀မ်ရမ်ချူးချူး ချိုသာစွာ ပြုံးလျက် မေးလိုက်သည်။
“နောင်ကြီးဖန် . . . ရှင်က သဘောကောင်းတဲ့ လူတစ်ယောက်ပါ။ ခုနက ကိစ္စလောက်ကို ဂရုမစိုက်လောက်ပါဘူး။ ကျွန်မကို နားလည်ပေးမယ် မလား . . .”
ရဲရှောင် စိတ်ဆိုးမာန်ဆိုး အမူအယာဖြင့် –
“ငါက သဘောကောင်းတဲ့လူ ဟုတ်မဟုတ်ဆိုတာ မင်းက ဘယ်လိုသိလဲ။ ငါကိုယ်တိုင်တောင် ငါသဘောကောင်းမကောင်း မသိဘူး။ ငါက ဂရုမစိုက်ဘူး ဟုတ်လား . . . ဂရုစိုက်တယ် ငါသိပ်ကို ဂရုစိုက်တယ် . . .”
၀မ်ရမ်ချူးချူး အံ့သြသွားသည်။
(ဒီလူက မိန်းကလေး တစ်ယောက်ရှေ့မှာတောင် တော်တော် သဘောထားသေးသိမ် ပြနေတာပဲ။ ဘယ်လိုလူမျိုးပါလိမ့် . . .)
၀မ်ရမ်ချူးချူးမှ ယခုလို ၂ ခါ ၃ ခါ တောင်းပန်နေပြီ ဖြစ်သဖြင့် ရဲရှောင်လည်း သူမအား ဆက်လက်၍ မူမနေသင့်ဟု စဉ်းစားလိုက်မိသည်။ သူ့ဘက်မှ ဖိပြောနိုင်သည့်အချိန် ကုန်ဆုံးပြီဟု ဆိုရမည် ဖြစ်သည်။ ထပ်မံ၍ စိတ်လိုက်မာန်ပါ ပြော၍ အဆင်မပြေလောက်တော့ချေ။
ယခုမိန်းကလေးမှ ထပ်မံ၍ စိတ်ဆိုးသွားမည် ဆိုပါက သူ့အနေဖြင့် အကျဉ်းသား ပြန်ဖြစ်သွားနိုင် သည် မဟုတ်ပါလား။
၀မ်ရမ်ချူးချူးမှာ မျက်နှာငယ်လေးဖြင့် ကြည့်နေလေသည်။
(ငါဘာလုပ်ရမလဲ . . . ငါ့အသက်ကိုတော့ ငါမနှမြောပါဘူး။ ငါသေမယ် ဆိုရင်တောင်မှ ဘာမှ ၀မ်းနည်းမနေဘူး။ ဒါပေမဲ့ ငါ့ကို သမီးအရင်းလေး တစ်ယောက်လို ဆက်ဆံခဲ့ပြီး အလွန်လေးစားချစ်ခင်ရတဲ့ ငါ့ရဲ့ဆရာအတွက် ငါဘာလုပ်သင့်လဲ . . .
အခွင့်အရေးက ငါ့ရှေ့မှာ ရောက်နေပြီ။ ငါတစ်ခုခု လုပ်မှကို ဖြစ်မယ်။
ငါသာ အခွင့်အရေးရတုန်း မယူလိုက်ဘူးဆိုရင် ဒီလူ လိမ်မလိမ်ဆိုတာကိုလည်း ငါသိနိုင်တော့မှာ မဟုတ်ဘူး။
အကယ်၍ ငါလုပ်လိုက်မယ် ဆိုလျှင်လည်း ငါ့ရဲ့ ဂုဏ်သိက္ခာ အတွက်ကရော . . .)
သူမ၏ ၀မ်းဗိုက်အား ယောကျာ်းတစ်ဦးမှ ထိမည့်အကြောင်း စဉ်းစားမိသောအခါ သူမတကိုယ်လုံး ကြက်သီးထသွားသလို ခံစားလိုက်ရ၏။
သူမသည် အလွန် လိမ်မာပါးနပ်ပြီး အရည်အချင်းရှိသည့် သူတစ်ဦး ဖြစ်နေသည့်တိုင် ယခုကိစ္စ အတွက် မစဉ်းစားတတ်အောင် ဖြစ်နေပါပြီ။
“မင်းရဲ့ ကျင့်ကြံမှုအဆင့်ကို ငါမေးမယ်ဆိုရင် မင်းစိတ်ဆိုးမလား . . .”
ရဲရှောင် စကားစလိုက်သည်။
ယခုအချိန်အခါသည် တိတ်ဆိတ်နေရမည့် အချိန်မျိုး မဟုတ်ချေ။ ထို့ကြောင့် ရဲရှောင်လည်း ယောကျာ်းလေးဖြစ်သည့် သူမှ စတင်ပြောမှ သင့်မည်ဟု စဉ်းစားလိုက်မိလို့ပင် ဖြစ်၏။
၀မ်ရမ်ချူးချူးမှ –
“မြေကြီးအဆင့် ၉ ပါ . . .”
“အဟွတ် . . .”
ရဲရှောင် အံ့သြလွန်း၍ တံတွေးပင် သီးသွားလေသည်။
(ဘယ်လိုတောင်လဲ . . . ဒီလိုကောင်မလေးက မြေကြီးအဆင့် ၉ တဲ့လား . . . ငါသူ့ကို မတိ်ုက်ခိုက်ခဲ့မိတာ ကံကောင်းတာပဲ။ ဒီလိုမှ မဟုတ်ရင် သူ့လက်တစ်ချောင်းတည်းနဲ့ကို ငါသေသွား လောက်တယ်။ ငါကအခုမှ မြေကြီးအဆင့် ၁ ပဲ ရှိသေးတာ . . .)
“မင်းက တကယ့်ကို ပါရမီရှင်ဲ . . .”
ရဲရှောင် ပြောလိုက်သည်။
“တကယ်တော့ လွယ်လွယ်လေးပါ။ မင်းရဲ့ ဂုဏ်သိက္ခာကို အရမ်းကြီး ဂရုစိုက်နေမယ်ဆိုရင် ဒါမှမဟုတ် မင်းကယ်တင်မဲ့လူက မင်းအတွက် သိပ်ပြီး အရေးမကြီးလှဘူး ဆိုရင်လည်း ငါတို့ နောက်ထပ် နှစ်နည်းနည်းလောက် ထပ်စောင့်ကြည့်ကြတာပေါ့။ အဲဒီအခါ နောက်ထပ် အခွင့်အရေးတစ်ခု ပေါ်ချင်လည်း ပေါ်လာမှာပေါ့လေ . . .”
၀မ်ရမ်ချူးချူးမှ –
“ရှင်က ဘာကို ဆိုလိုတာလဲ . . . ဘာအခွင့်အရေးလဲ . . .”
ရဲရှောင်မှ –
“မင်းက အဆင့်မြင့် ပညာရှင်တစ်ယောက်ဖြစ်မှာ ကျိန်းသေတယ်။ ဒါပေမဲ့ မင်းအနေနဲ့ မှင်ရောင် အားဖြည့် ကြာပန်းပင်ကို အသုံးပြုရမဲ့ အဆင့်ရောက်ဖို့အတွက်တော့ နှစ်အတော်များများ လိုဦးမှာပဲ။ အဲဒီအချိန် မင်းတစ်ယောက်ယောက်နဲ့ အိမ်ထောင်ကျရင်လည်း ကျနေမှာပေါ့။ အဲဒီအခါ မင်းယောကျာ်းနဲ့ ငါ့ဆီကို အတူတူလာခဲ့လေ။ မင်းယောကျာ်းပါနေတော့ မင်းလည်း ငါ့ကို သိပ်ပြီးစိုးရိမ်စရာ မလိုသလို မင်းသိက္ခာလည်း အဲလောက်ကြီး မကျတော့ဘူးပေါ့ . . .”
၀မ်ရမ်ချူးချူး မျက်လုံးပြူးသွားသည်။ ဒေါသထွက်လာပြီး ကျယ်လောင်သော အသံဖြင့် –
“ရှင်ပြောချင်တာက ကျွန်မ လက်ထပ်လိုက်ရင် ကျွန်မရဲ့ သိက္ခာက အရေးမကြီးတော့ဘူးပေါ့လေ။ ဖန်ဇီလင် . . . ရှင်ဘာတွေ လာလာပြောနေတာလဲ။ ကျွန်မကို အရူးလုပ်နေရတာ ရှင်တော်တော် ပျော်နေတယ်ပေါ့ . . .”
ရဲရှောင် မျက်လုံးပြူးသွားပြီး ဆွံ့အသွားသည်။
(ဘာလဲဟ . . . မင်းကငါ့ကို ဘယ်လိုပြောစေချင်နေတာလဲ . . . အခုနေငါတို့ လုပ်ငန်းစမယ် ဆိုရင် မင်းရဲ့ သိက္ခာနဲ့အရှက်က အနည်းနဲ့အများတော့ ပိုပြီး သက်ရောက်မှု ရှိမှာပဲလေ။ မင်းက တိုးတက်ချင်တယ် အသက်ရှင်ချင်သေးတယ်လည်း ပြောနေသေးတယ်။
ငါက နောက်ထပ် မင်းအတွက် သင့်တော်မဲ့ နည်းလမ်းတစ်ခုကို စဉ်းစားပေးနေတာကို မင်းက လက်မခံချင်ပြန်ဘူး။ စိတ်တောင် တိုပြနေသေးတယ်။
မင်းရဲ့ ဂုဏ်သိက္ခာကို အဲဒီလောက်ထိ ထည့်တွက်ချင်နေရင်လည်း အသေပဲ ခံလိုက်ပါတော့လား။ အနည်းဆုံးတော့ ငါလည်း အခုလို ဘေးကြပ်နံကြပ် အခြေအနေ မဖြစ်တော့ဘူး။ ငါ့မှာ စကားတစ်လုံး ပြောဖို့အရေး အမှားပါမှာစိုးတော့ ရန်သူတစ်သန်းလောက်နဲ့ တိုက်ပွဲတိုက်နေရသလိုကို ဖြစ်နေပြီ . . . တော်တော် အာရုံနောက်ဖို့ကောင်းတယ် . . .)
“ကျွန်မ လုပ်ပါ့မယ် . . .”
၀မ်ရမ်ချူးချူး အသက်ပြင်းပြင်း တစ်ချက်ရှူရင်း ပြောလိုက်သည်။
သူမ၏ စိတ်အတွင်းမှာတော့ –
(ဒါက ကျွန်မရဲ့ ပုံသဏ္ဍာန်အစစ်အမှန် မဟုတ်သေးဘူး။ ကျွန်မရဲ့ မျက်နှာအမှန်လည်း မဟုတ်ဘူး။ နောက်ပြီး ဆရာ့အတွက် ထပ်ပြီး အချိန်ကုန်ခံလို့ကလည်း မဖြစ်တော့ဘူး။
ကျွန်မက သူ့ရဲ့ အမွေဆက်ခံသူတစ်ယောက် . . . ဒီလောက်လေးအတွက်နဲ့ အခွင့်အရေးကောင်း တစ်ခုကို လက်လွတ်ခံလို့ ဖြစ်မလား . . . ကျွန်မဘက်က နစ်နာသွားမယ် ဆိုရင်တောင်မှ ရှိပါစေတော့။ တတ်မှ မတတ်နိုင်တော့တာ . . .)
“ဘာ . . . မင်း ဘာပြောလိုက်တာလဲ . . . မင်း လုပ်မယ် ဟုတ်လား . . .”
ရဲရှောင် မိန်းကလေး၏ စကားများကို ကြားသောအခါ တုန်လှုပ်သွားသည်။
သူသည် အထူးစွမ်းအင် ၂ မျိုးအား လေ့ကျင့်နေသူတစ်ဦး ဖြစ်၏။ အပူစွမ်းအင်နှင့် အအေးစွမ်းအင် ဖြစ်ပြီး ထိုစွမ်းအင်များအား သူလိုသလို ထိန်းချုပ်နိုင်သည်အထိ ကျွမ်းကျင်နေပြီလည်း ဖြစ်သည်။
သူပြောခဲ့သည့် ခရမ်းရောင်ကောင်းကင်မီးတောက် ဆိုသည်မှာ အလိမ်အညာ တစ်ခုတော့လည်း မဟုတ်ချေ။ ၀မ်ရမ်ချူးချူး၏ ကိုယ်တွင်းမှ အအေးဓာတ်များအား သူ၏ အပူချီဓာတ်သုံးကာ ကုသမည် ဖြစ်ပြီး ထိုအပူချီဓာတ်မှာ သူ့ကိုယ်အတွင်းရှိ ရှေးဦးခရမ်းရောင်ချီဓာတ်မှ ထုတ်ယူရမည်ဖြစ်၏။ ထို့ကြောင့် ခရမ်းရောင်ကောင်းကင်မီး ဟု ခေါ်ဆိုခြင်းမှာ မှားသည်ဟုတော့ မဆိုနိုင်ပေ။
နာမည်မှာ အတုဖြစ်သည်ဟု ဆိုနိုင်သော်လည်း ရဲရှောင်ပြောခဲ့သည့် ဆေးလုပ်ရာတွင် အသုံးပြုရသော ခရမ်းရောင်ကောင်းကင်မီးတောက်မှာ စကြ၀ဠာအတွင်း အစွမ်းထက်ဆုံး ကျင့်စဉ်ဖြစ်သည့် ရှေးဦးခရမ်းရောင်ချီဓာတ်ကျင့်စဉ်မှ ချီဓာတ်လောက် အစွမ်းထက်မည် မဟုတ်ပေ။
ထိုကျင့်စဉ်မှာ တခြားသော ကျင့်စဉ်များထက် သာလွန်ကောင်းမွန်သော ချီဓာတ်ကျင့်စဉ်တစ်ခုပင် ဖြစ်၏။
ထို့ကြောင့် ရဲရှောင်အနေဖြင့် သူသေချာပေါက် ကုသနိုင်လိမ့်မည်ဟုသာ ယုံကြည်နေမိသည်။ သူအသုံးပြုရမည့် အခြေအနေပေါ်တွင်သာ မူတည်မည်ဖြစ်သည်။
သို့သော်လည်း ဂုဏ်သိက္ခာကို အလွန်အလေးထားသော မိန်းကလေးတစ်ယောက်၊ မလုပ်နိုင် သဖြင့် စိတ်ဆိုးဒေါသထွက်ကာ သူ့ကိုပင် စွပ်ပြုတ်ဖြင့် ပက်ခဲ့သည့် မိန်းကလေးတစ်ယောက်မှာ ယခုကဲ့သို့ “လုပ်ပါ့မယ်” ဟူသော စကားကို ပြောလိမ့်မည်ဟု ရဲရှောင် လုံးဝ မထင်ထားခဲ့တာပဲ ဖြစ်ပါတော့သည် . . .။