အခန်း (၃၇၃) ညှို့ဓာတ် မဟာတာအို၊ ကောင်းကင်ဧကရာဇ်လောင်းလျာ
“ဒီအတောအတွင်း အင်အားစုတစ်စုက ကျို့ယိုငရဲကို ပစ်မှတ်ထားလာတယ်၊ အဲဒါကြောင့် မင်းကို သတိလာပေးတာ”
“သူတို့နောက်ခံကို ဧကရီသိလား”
“မသိဘူး၊ အဲဒါကြောင့်လည်း ငါ မင်းကို သတိလာပေးတာ၊ ဒီအတောအတွင်း ကောင်းကင်လျှို့ဝှက်ချက်က ဖရိုဖရဲ ဖြစ်နေတယ်၊ ငါ့အထင် တာအိုပညာရှိတစ်ပါးပါးက လှုပ်ရှားလိုက်ပြီနဲ့တူတယ်၊ ဒီအနန္တကပ်ဘေးက ပိုပြီးတော့ ရှုပ်ထွေးလာတော့တယ်”
ဟန်ကျွယ်က တအံတဩ မေးလိုက်ပါတယ် “ဧကရီလည်း တာအိုပညာရှိပဲမလား၊ ဘယ်သူ လုပ်တယ်လို့ ထင်လဲ”
“ငါက တာအိုပညာရှိလို့ မင်းကို ဘယ်သူပြောလဲ၊ ငါက ပြန်လည်မွေးဖွားခြင်းကို အမှီပြုပြီး မသေဆုံးနိုင် မပျက်စီးနိုင်တာ၊ တာအိုသီးနေရာမှာ တာအိုပညာရှိနဲ့ ဘယ်လိုမှ မယှဉ်နိုင်ဘူး”
ဧကရီဟုတ်ထိုရဲ့ စကားကြောင့် ဟန်ကျွယ်ဟာ တုန်လှုပ်သွားပါတယ် ‘ငါက ငါ့နောက်ခံကို တော်တော် အထင်ကြီးခဲ့တာပဲ’
“ဒါပေမဲ့ တာအိုပညာရှိက ငါ့ကို ပစ်မှတ်ထားဖို့ မလွယ်လှဘူး” ဧကရီဟုတ်ထိုရဲ့ လေသံဟာ ယုံကြည်မှုအပြည့်ပါပဲ။
ဟန်ကျွယ်က မေးလိုက်ပါတယ် “ဒီလောကမှာ တာအိုပညာရှိတွေ မမြင်နိုင်တဲ့ နေရာ ဒါမှမဟုတ် ဝိညာဉ်ရတနာတွေ ရှိလား”
“ရှိတာပေါ့၊ ကျို့ယိုငရဲနဲ့ အမှောင်တားမြစ်နယ်မြေလိုမျိုး နေရာတွေကို တာအိုပညာရှိတွေက တိုက်ရိုက် မမြင်နိုင်ဘူး၊ တာအိုပညာရှိတွေက ကောင်းကင်တာအိုကိုပဲ ချောင်းကြည့်နိုင်တာ၊ နောက်ပြီး တာအိုပညာရှိတွေ ချောင်းကြည့်တာကို ခုခံနိုင်တဲ့ ကောင်းကင်တာအို အကောင်းစား ရတနာတွေလည်း ရှိတယ်၊ အကျဉ်းချုံးပြီး ပြောရရင် တာအိုပညာရှိတွေက အကြွင်းမဲ့ တန်ခိုးကြီးမားတယ် ဆိုပေမဲ့ စိတ်ထင်တိုင်း မလှုပ်နိုင်ဘူး”
ဧကရီဟုတ်ထိုရဲ့ စကားကြောင့် ဟန်ကျွယ်ဟာ စိတ်သက်သာရာ ရသွားပါတယ်။ တကယ်လို ဟန်ကျွယ်ရဲ့ တာအိုစက်ကွင်းသာ တာအိုပညာရှိတွေ ထိုးဖောက် မမြင်နိုင်တာဆိုရင် တာအိုပညာရှိတွေက ဟန်ကျွယ်ကို အမှောင်သခင်ကြီးမှန်း သိသွားကြမှာပါ။
ဧကရီဟုတ်ထိုက ဟန်ကျွယ်ကို စနောက်လိုက်ပါတယ် “မင်းမှာ ကောင်းကင်တာအို အကောင်းစား ရတနာ ရှိနေတာလား၊ ငါ ရှကျဲ့မျိုးနွယ်စု ဘယ်မှာရှိနေလဲဆိုတာတောင် တွက်ချက်လို့မရဘူး”
ဟန်ကျွယ်ဟာ ခြောက်ခြောက်ကပ်ကပ် ရယ်မောရုံကလွဲပြီး ဘာမှပြန်မဖြေပါဘူး။ ပြန်ဖြေလို့လည်း မရပါဘူး။ ဟန်ကျွယ်မှာက ကောင်းကင်တာအို အကောင်းစား ရတနာတစ်ခုပဲ ရှိနေတာမှ မဟုတ်တာ။ ကြည့်ရတာတော့ ကမ္ဘာဖျက်ကြာနက်မှာ ဟန်ကျွယ် မသိသေးတဲ့ လုပ်ဆောင်ချက်တွေ ရှိနေသေးပုံပါပဲ။
“ဧကရီ မစိုးရိမ်ပါနဲ့၊ ရှကျဲ့မျိုးနွယ်စုကို ကျွန်တော် ကာကွယ်မှာပါ”
“တကယ်တော့ မင်း အပုန်းကောင်းမယ်ဆိုရင် သူတို့တွေ မင်းကို ရှာတွေ့မှာ မဟုတ်ဘူး”
“ကျွန်တော်က အပုန်းကောင်းတယ်”
“အင်း…”
ဧကရီဟုတ်ထိုဟာ မီးခိုးငွေ့အဖြစ် လွင့်ပါးပျောက်ကွယ်ပြီး မရေမတွက်နိုင်တဲ့ ကြယ်ပွင့်လေးတွေအဖြစ် ပြန့်ကျဲသွားပါတယ်။
ဟန်ကျွယ်လည်း နတ်အာရုံကို ပြန်ရုတ်သိမ်းလိုက်ပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ သူ့နေရာ ပေါ်သွားမှာစိုးတဲ့အတွက် တိတ်ဆိတ်ကျွန်းကို နေရာထပ်ရွှေ့ပါတယ်။
နှစ်နာရီကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ ကောင်းကင်လျှို့ဝှက်ချက် တွက်ချက်မှု လုပ်ဆောင်ချက်ကို သုံးလိုက်ပါတယ် “ငါက အမှောင်သခင်ကြီးဆိုတာကို သိတဲ့လူ ဒီလောကမှာရှိလား.. ဒီအထဲမှာ တာအိုပညာရှိတွေလည်း ပါတယ်”
[သက်တမ်း ၁ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
‘အား… ငါ့အကြောင်း ငါတွက်တာကို ဘယ်လိုဖြစ်ပြီး သက်တမ်းကုန်ရတာလဲ… တာအိုပညာရှိတွေ ပါသွားလို့လား..’
ဟန်ကျွယ်ဟာ ဆက်တွက်မယ်ကို ရွေးချယ်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ ဒီကိစ္စကို ရှင်းရှင်းလင်းလင်း မသိရရင် စိတ်အေးလက်အေး ကျင့်ကြံနိုင်မှာ မဟုတ်ပါဘူး။
[မရှိပါ။]
ဟန်ကျွယ်ဟာ ဒီအဖြေကို မြင်လိုက်ရတဲ့အခါမှာ သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပါတယ်။
သေချာပြန်တွေးကြည့်မယ်ဆိုရင် ဟန်ကျွယ်ဟာ တာအိုစက်ကွင်းထဲကနေပဲ ကျိန်စာတိုက်ခဲ့တာပါ။ ကျိန်စာတိုက်တဲ့ ရန်သူတွေ စွမ်းအားကြီးလာသလို တာအိုစက်ကွင်းကလည်း မကြာခဏ အဆင့်မြှင့်တင်မှုကြောင့် ပိုပို အားကောင်းလာတာပါ။ ဟန်ကျွယ် တာအိုပညာရှိရဲ့ နယ်ရုပ်ကို ကျိန်စာစတိုက်တဲ့အခါမှာ ဟန်ကျွယ်က ကျို့ယိုငရဲထဲ ရောက်နေပါပြီ။ ဒါကြောင့် တာအိုပညာရှိတွေက ကျိန်စာရင်းမြစ်ကို တွက်ချက်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။
ဒီမတိုင်ခင်မှာ တာအိုပညာရှိတွေက အမှောင်သခင်ကြီးကို တွက်ချက်ဖို့ ဘာအကြောင်းမှ မရှိပါဘူး။ ဒီလိုမဟုတ်လည်း တာအိုပညာရှိတွေက ဟန်ကျွယ်ကို သိပြီးသား ဖြစ်နေပြီး အမှောင်သခင်ကြီးနဲ့ မဆက်စပ်မိတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဟန်ကျွယ်နဲ့ အမှောင်သခင်ကြီးရဲ့စရိုက်က မိုးနဲ့မြေလို ကွာခြားတယ် မဟုတ်ပါလား။
ဟန်ကျွယ်ဟာ သူ့အကြောင်းကို တာအိုပညာရှိတွေ မသိသေးတဲ့အတွက် စိတ်ကောင်းဝင်သွားပါတယ်။
အဲဒီနောက် ဟန်ကျွယ်ဟာ သူ့ဓားတာအို ဆန်းကြယ်စွမ်းအားတွေကို စပြီးတော့ တိုးမြှင့်ပါတယ်။ နှစ်ဝက်အတွင်းမှာပဲ ဟန်ကျွယ်ဟာ ဓားတာအို ဆန်းကြယ်စွမ်းအားတွေကို နတ်မင်းအဆင့် ကန့်သတ်စည်းထိ ရောက်အောင် တိုးမြှင့်နိုင်လိုက်ပေမဲ့ ကောင်းကင်ဘဝဂ်အဆင့်ကိုတောင် မထိနိုင်သေးပါဘူး။
ဟန်ကျွယ်သာ ဓားတာအို ဆန်းကြယ်စွမ်းအားတွေကို ကောင်းကင်ဘဝဂ်အဆင့်ထိ ရောက်အောင် တိုးမြှင့်ချင်ရင် ဓားတာအိုမြစ် အဆုံးမှာ ရှိနေတဲ့ လီတောက်ခုံးကို အနိုင်ယူရမှာပါ။ ဒါပေမဲ့ လီတောက်ခုံးက ကျိုးကြောင်းမဆီလျော်အောင်ကို အစွမ်းထက်လွန်းပါတယ်။
အသွင်တူ လက်ရည်စမ်းပွဲထဲမှာ ဟန်ကျွယ်ဟာ မူလဆန်းကြယ် နတ်စွမ်းအား ခြောက်ပါးရှိတဲ့ ကျင့်ကြံသူနဲ့ ရင်ဆိုင်တိုက်ခိုက်နိုင်နေပါပြီ။ ဒါပေမဲ့ လီတောက်ခုံးကို ရင်ဆိုင်ရတဲ့အခါမှတော့ ဘယ်လိုနည်းနဲ့မှ အနိုင်မယူနိုင်သေးပါဘူး။
ရွမ်လိန့်ကျောင်းတော် တပည့်နှစ်ယောက်ရဲ့ စွမ်းအားချင်း ကွာဟမှုက မိုးနဲ့မြေလိုပါပဲ။ ဟန်ကျွယ်ဟာ ရွမ်လိန့်ကျောင်းတော် ဂိုဏ်းချုပ်က လီတောက်ခုံး ဘဝမြင့်ပြီး စိတ်ထင်ရာ လျှောက်လုပ်မှာစိုးတဲ့အတွက် လီရွှမ်အောက်ကို နှောင်ကြိုးအဖြစ် ချည်ထားတယ်လို့တောင် သံယဝင်လာပါတယ်။
လီရွှမ်အောက် ရှိနေတဲ့အတွက် လီတောက်ခုံးက စိတ်လိုက်မာန်ပါ မလုပ်ရဲပါဘူး။ ဒါပေမဲ့ ကံတရားကို ဖြတ်တောက်နိုင်တဲ့ လီတောက်ခုံးရဲ့ အစွမ်းကိုလည်း မေ့ထားလို့ မရပါဘူး။
ဟန်ကျွယ်ဟာ ဓားတာအို ဆန်းကြယ်စွမ်းအားတွေကို တိုးမြှင့်ပြီးနောက် ဘာအစွမ်းတွေ ထပ်တိုးလို့ ရသေးလဲဆိုတာကို တခြားရှုထောင့်ကနေ စဉ်းစားလိုက်ပါတယ်။
ဟန်ကျွယ်ဟာ အင်မော်တယ်ဧကရာဇ်ရဲ့ မျိုးဆက်ဖြစ်တာအပြင် တခြား ကံတရား အထောက်အပံ့ သုံးခုလည်း ရှိနေပါသေးတယ်။
[ပြိုင်ဘက်ကင်း စစ်သည်တော်: အင်မော်တယ်ရုပ်ရည်၊ ထိပ်တန်းဆွဲဆောင်မှု]
[ကံကြမ္မာဓါးရူး: ထိပ်တန်း ဓါးပညာပါရမီ၊ ထိပ်တန်း ဓါးပညာနားလည်မှု]
[ကိုယ်ရွှေ့ပညာရပ်: ထိပ်တန်း ကိုယ်ရွှေ့ပညာပါရမီ]
ဟန်ကျွယ်ဟာ ဆွဲဆောင်နိုင်စွမ်းနဲ့ ကိုယ်ရွှေ့ပညာရပ်တွေကို တိုးတက်ဖွံဖြိုးအောင် လုပ်နိုင်တယ်လို့ ခံစားလိုက်ရပါတယ်။ ကိုယ်ရွှေ့ပညာရပ်ကတော့ နာမည်အတိုင်း ရွေ့လျားတဲ့ ဆန်းကြယ်စွမ်းအား ဖြစ်တဲ့အတွက် သိမြင်နားလည်ဖို့ မခက်ပါဘူး။
ထိပ်တန်း ဆွဲဆောင်မှုကလည်း သိပ်ခက်တာတော့ မဟုတ်ပါဘူး။ ဟန်ကျွယ်ဟာ ဒီဉာဏ်ကွန့်မြူးမှုကို ဧကရီဟုတ်ထိုဆီကနေ ရခဲ့တာပါ။
ဟန်ကျွယ်ဟာ ဧကရီဟုတ်ထိုက မြင်တာနဲ့ သဘောကျ နှစ်သက်သွားပါတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် ဧကရီဟုတ်ထိုက တော်တော်လေး ဆွဲဆောင်မှုကောင်းတယ်ဆိုတာ သိနိုင်ပါတယ်။ ဧကရီဟုတ်ထိုက ဘယ်လိုပဲကျင့်ကြံပါစေ ဆွဲဆောင်မှုကောင်းတာကတော့ ပျောက်မသွားပါဘူး။
ဒါ့အပြင် မှော်မျိုးနွယ်စုမှာ ရှင်သန်ကျန်ရစ်တဲ့လူက ဧကရီဟုတ်ထိုတစ်ပါးပဲ ရှိတာပါ။ ကံတရားနဲ့ ပြန်လည်မွေးဖွားခြင်းကလွဲရင် တခြားအကြောင်းအရင်းလည်း ရှိနိုင်ပါတယ်။
‘ငါသာ ငါ့ဆွဲဆောင်မှုကို အဆုံးစွန်ထိရောက်အောင် လုပ်နိုင်ရင် လူတိုင်းက ငါ့ကို မျက်နှာသာပေးကြမှာပဲ၊ အဲဒီအချိန်ကျရင် ငါက ပြိုင်ဘက်ကင်း ဖြစ်မသွားဘူးလား..’
ဟန်ကျွယ်ဟာ တံခါးတစ်ခု ပွင့်သွားပါတယ်။
အဲဒီတံခါးကတော့ ညှို့ဓာတ် မဟာတာအိုပါ။
ငါးနှစ်ကြာသွားတဲ့ အခါမှာတော့ ဟန်ကျွယ်ဟာ နတ်အရိပ်သိုင်းကို အမြင့်ဆုံးထိရောက်အောင် တိုးမြှင့်လိုက်ပါတယ်။
[နတ်အရိပ်သိုင်း: တိုက်ပွဲအတွင်း၌ အလျင်နှင့် တုံ့ပြန်မှုအား တိုးမြှင့်ပေးနိုင်ပြီး နတ်အရိပ်များ ခွဲထုတ်ကာ ရန်သူအား ဝေခွဲမရဖြစ်စေ၏။ အနန္တကမ္ဘာကိုလည်း တိုက်ရိုက် ခရီးနှင်နိုင်သောကြောင့် အလွန်တရာ စွမ်းအားကြီးမာလှ၏။]
ဟန်ကျွယ်ဟာ နတ်အရိပ်ပေါင်း တစ်ထောင် ခွဲထုတ်နိုင်သွားပါပြီ။ ဒီနတ်အရိပ်တွေက ဟန်ကျွယ် ခန္ဓာကိုယ်စစ်က ထုတ်လွှတ်တဲ့ ရောင်ဝါနဲ့ တစ်ထပ်တည်းမို့ တိုက်ပွဲအတွင်းမှာ ပြိုင်ဘက်ကို အသာလေး စိတ်ရှုပ်ထွေးအောင် လုပ်နိုင်ပါတယ်။
ဟန်ကျွယ်ဟာ နတ်အရိပ်သိုင်းကို အသွင်တူ လက်ရည်စမ်းပွဲထဲမှာ စမ်းသပ်ပြီးပါပြီ။
ကမ္ဘာဖျက်ကြာနက်ပါ ထပ်ပေါင်းလိုက်ရင် ဟန်ကျွယ်က နတ်မင်းအဆင့်မှာ ပြိုင်ဘက်ကင်း ဖြစ်နေပါပြီ။
ကောင်းကင်တာအို အကောင်းစား ရတနာကို မသုံးမပြုရင်တော့ မူလဆန်းကြယ် နတ်စွမ်းအား ခြောက်ပါး အောက်မှာရှိတဲ့ ဘယ်သူမှ ဟန်ကျွယ် ပြိုင်ဘက် မဟုတ်ပါဘူး။ မူလဆန်းကြယ် နတ်စွမ်းအား ခြောက်ပါး ကျင့်ကြံသူနဲ့ ကောင်းကင်တာအို အကောင်းစားရတနာ မပါဘဲ တိုက်ခိုက်ရင်တောင် ဟန်ကျွယ်ဟာ အချိန်တစ်ခုအထိ ဆွဲထားနိုင်ပါတယ်။
ဟန်ကျွယ်ရဲ့ ပန်းတိုင်က ကောင်းကင်ဘဝဂ် ကျင့်ကြံသူနဲ့ တာအိုပညာရှိတွေ သူ့ကို ချောင်းကြည့်လို့မရအောင် အတက်နိုင်ဆုံး ကမ္ဘာဖျက်ကြာနက်ကို အသုံးမပြုဖို့ပါ။ ဒါပေမဲ့ ရန်သူကို တစ်ချက်တည်း သတ်နိုင်ရင်တော့ ဟန်ကျွယ်က ကမ္ဘာဖျက်ကြာနက်ကို သုံးမှာပါ။ ဟန်ကျွယ်ရဲ့ လှုပ်ရှားမှုက လျင်မြန်မယ်ဆိုရင် တခြားလူတွေ ရှာတွေ့မှာကို ကြောက်စရာ မလိုပါဘူး။
အဲဒီနောက် ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို ထုတ်ယူပြီး ရန်သူတွေကို ကျိန်စာတိုက်ရင်းနဲ့ စာအိတ်တွေကို စစ်ဆေးလိုက်ပါတယ်။
[သင့်မိတ်ဆွေ ဟွမ်ဇွမ်တျန်သည် ချန်ကျောင်းတော် တပည့်များ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၄၈၀
[သင့်မိတ်ဆွေ ဂျိရှင်းရှန်သည် နတ်ဆိုးများ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၄၂၂၁၀၃
[သင့်မြေးတပည့် ဖန်းလျန်သည် ဆန်းကြယ်စွမ်းအားတစ်မျိုးကို အသုံးပြု၍ ဝိညာဉ်ဖြင့် လောကဦးကမ္ဘာသို့ ခရီးနှင်၏။]
[သင့်တပည့် လုံဟောင်သည် အထောက်အပံ့ဂိုဏ်းကို တည်ထောင်လိုက်သောကြောင့် ကံတရား အထောက်အပံ့ များစွား တိုးပွားသွား၏။]
[သင့်မိတ်ဆွေ ရှန်စစ်သူကြီးသည် ရှေးဟောင်း ကောင်းကင်ဧကရာဇ်၏ အမွေအနှစ်ကို ဆက်ခံရရှိပြီး ကျင့်ကြံမှုများစွာ တိုးတက်ကာ နတ်မင်းအဆင့်သို့ ရောက်ရှိသွား၏။]
[သင့်မိတ်ဆွေ ထိုက်စုတျန်သည် သေမျိုးကမ္ဘာသို့ သွားရောက်ပြီး ကပ်ဘေးသခင် ဖြစ်လာ၏။]
[သင့်တာအိုလက်တွဲဖော် ရှင်းဟုန်ရွှမ်သည် ရွမ်လိန့်ဧကရာဇ်၏ ကံတရား အထောက်အပံ့ကို ရရှိပြီး ကျင့်ကြံမှုများစွာ တိုးတက်သွား၏။]
[သင့်မိတ်ဆွေ လွမ်ဟွေ အင်မော်တယ်ဧကရာဇ်သည် နတ်ရွှေကျီးကန်း မိသားစု၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] X၂၀၄
ဟန်ကျွယ်ဟာ စာအိတ်တွေကို ဖတ်ရင်း တအံတဩ ဖြစ်သွားရပါတယ်။ စာစောင် အကုန်လုံးနီးပါးက အံဩစရာတွေချည်းပါပဲ။
‘ဒီကောင်လေး ဖန်းလျန်က လောကဦးကမ္ဘာကို နောက်တစ်ခါ ထပ်သွားပြန်ပြီ၊ သူ ဘာတွေ လုပ်နေတာလဲ..’
ဖန်းလျန်ရဲ့ မျက်နှာသာပေးမှု လျော့မသွားလို့သာ။ မျက်နှာသာပေးမှု လျော့သွားလို့ကတော့ ဟန်ကျွယ်ဟာ ဖန်းလျန်ကို ရန်သူလောင်းအဖြစ် ဆက်ဆံတော့မှာပါ။
‘လုံဟောင်က တကယ်ကြီး ဂိုဏ်းထောင်လိုက်တာလား… ကြည့်ရတာ သူက ကောင်းကင်ရုံးတော်ကို တကယ် ဆန့်ကျင်တော့မှာပဲ… ဒီဟောင်တျန်က အထင်ကြီးဖို့တော့ ကောင်းသားပဲ၊ လုံဟောင်ကို ဒီလိုဖြစ်လာအောင် လုပ်နိုင်တယ်’
‘ကောင်းကင်ဧကရာဇ်က ရှန်စစ်သူကြီးကို နောက်ကောင်းကင်ဧကရာဇ်လောင်းအဖြစ် တကယ် ထောက်ပံ့ပေးချင်ပုံပဲ၊ တစ်ခါတည်း နတ်မင်းအဆင့်ရောက်အောင် လုပ်ပေးလိုက်တယ်’ ဟန်ကျွယ်ဟာ ရှန်စစ်သူကြီးကို နည်းနည်းတောင် မနာလို ဖြစ်သွားပါတယ်။
အဲဒီနောက် ဟန်ကျွယ်ဟာ ထိုက်စုတျန်ကို သတိထားမိသွားပါတယ် ‘ဒီကောင်မ သေမျိုးကမ္ဘာကို ဆင်းသက်တာ အံဩစရာမရှိတော့ပါဘူး၊ ကံတရားကို ဆေးကြောပြီး ကပ်ဘေးထဲ ဝင်ချင်တာပဲ၊ ကြည့်ရတာ နွီဝါက ကျကျနန စီစဉ်ထားပုံပဲ’
ရှင်းဟုန်ရွှမ်ရဲ့ အကြောင်းကို မြင်တွေ့ရတဲ့အခါမှာတော့ ဟန်ကျွယ်ရဲ့ မျက်လုံးတွေဟာ သိမ်မွေ့ညင်သာသွားပြီး ပြုံးမိလိုက်ပါတယ် ‘သူ အခု ဘာတွေလုပ်နေလဲ မသိဘူး’
‘နေပါအုန်း… ထိုက်စုတျန်က ဘယ်လိုလုပ်ပြီး ကပ်ဘေးသခင် ဖြစ်သွားတာလဲ’ ဟန်ကျွယ်ဟာ တစ်စုံတစ်ခုကို တွေးမိပြီး မျက်နှာအကြီးအကျယ် ပျက်သွားပါတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။
Chapter – 373
? Views, Released on December 6, 2024