Switch Mode

Chapter – 370

အခန်း (၃၇၀) ကောင်းကင်ဧကရာဇ်၏ သေခြင်းတရား၊ အနန္တကပ်ဘေး၏ လားရာ
ကောင်းကင်ဧကရာဇ်နဲ့ အတန်ကြာ စကားပြောဆိုပြီး နောက်မှာတော့ ဟန်ကျွယ်ဟာ တာအိုဆေးလုံး ဆယ်လုံး လက်ခံလိုက်ပါတယ်။ ဆေးလုံးလက်ခံမဲ့ နေရာကတော့ ထုန်ကျန့်ကမ္ဘာ အရင်တုန်းက တည်ရှိခဲ့တဲ့ ဟင်းလင်းပြင်မှာပါ။
ဟန်ကျွယ်ဟာ ဆေးလုံးလက်ခံဖို့ လျူပေ့ကို လွှတ်လိုက်ပါတယ်။
အခုလက်ရှိမှာ ကျို့ယိုငရဲရဲ့ နံရံက အလွန်တရာမှ အားနည်းတဲ့အတွက် လွီပုဟာ အားသုံးပြီး အတင်းထွက်လို့ရပါတယ်။ ဒါ့အပြင် လျူပေ့က ဟန်ကျွယ်လို သတိကြီးပြီး ကြောက်တက်တဲ့ စရိုက်ရှိတာကြောင့် ပြဿနာဖြစ်မှာကို စိုးရိမ်စရာ မလိုပါဘူး။
လျူပေ့ ထွက်သွားတဲ့နောက် ဟန်ကျွယ်ဟာ ဆက်ကျင့်ကြံပါတယ်။
ဒီမုန်တိုင်းက ဟန်ကျွယ်ကို အနန္တကပ်ဘေးက ဘယ်လောက်ထိ ကြောက်ဖို့ကောင်းလဲဆိုတာ သိရှိသွားစေပါတယ်။ ဒါကြောင့် ဟန်ကျွယ်ဟာ အနန္တကပ်ဘေးကို ရင်ဆိုင်ဖို့အတွက် ဒီထက်စွမ်းအားကြီးဖို့ လိုအပ်နေပါပြီ။
‘ဒီရန်သူတွေက တော်တော် အစွမ်းထက်တာပဲ၊ ငါ သူတို့ကို တိတ်တိတ်လေး သတ်ပစ်ဖို့ဆိုတာ မဖြစ်နိုင်ဘူးနဲ့ တူတယ်’ ဟန်ကျွယ်ဟာ စိတ်ထဲမှာ သက်ပြင်းချလိုက်ပြီး ဇုထူနဲ့ ဟောင်တျန်ကို နည်းနည်း လေးစားသွားပါတယ်။
အထူးသဖြင့် ဇုထူပါ။ ဇုထူဟာ ကိုယ့်ကိုကိုယ် သေကြောင်းကြံပြီး ကောင်းကင်ဧကရာဇ်ကို အသူရာချောက်ထဲ ဆွဲချခဲ့ပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် ဇုထူက ပြတ်သားပြီ ရက်စက်တယ်ဆိုတာ ထင်ရှားပါတယ်။
ဒါပေမဲ့ ဇုထူသေသွားတဲ့အတွက် ရှန်နန်းတော်က ကျိန်းသေပေါက် ဖရိုဖရဲ ဖြစ်မှာပါ။ ရှန်နန်းတော်နဲ့ နတ်ဆိုးရုံးတော်ရဲ့ ဖရိုဖရဲ ဖြစ်မှုဟာ နဂိုကတည်းက ရှုပ်ယှက်ခတ်နေတဲ့ အင်မော်တယ်ကမ္ဘာကို အဆင်း ဘီးတပ်ပေးလိုက်သလိုပါပဲ။
ရုတ်တရက်ဆိုသလို ဟန်ကျွယ်ခေါင်းထဲကို အကြံတစ်ခု ဝင်လာပါတယ် ‘ငါ ကောင်းကင်ဧကရာဇ်ရဲ့ အနာဂတ်ကို တွက်ချက်သင့်လား..’
‘ဟုတ်သားပဲ… ငါ အမြဲတမ်း ကပ်ဘေးကိုပဲ ဂရုစိုက်နေလို့ မရဘူး၊ ကောင်းကင်ဧကရာဇ်ကို ကယ်ဖို့လည်း လုပ်ရမယ်’
ဟန်ကျွယ်ဟာ ချက်ချင်းပဲ ကောင်းကင်လျှို့ဝှက်ချက် တွက်ချက်မှု လုပ်ဆောင်ချက်ကို သုံးလိုက်ပါတယ် “ကောင်းကင်ဧကရာဇ် ဘယ်လိုသေသွားလဲဆိုတာ ငါ သိချင်တယ်”
[သက်တမ်း သန်း ၅၀၀ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
ဟန်ကျွယ် မြင်ကွင်းတစ်ခုလုံး ဝေဝါးသွားပြီး ဟန်ကျွယ်ရဲ့ သိစိတ်ဟာ မြင်ကွင်းတစ်ခုဆီ ဆွဲသွင်းခံလိုက်ရပါတယ်။
ဟန်ကျွယ် မျက်လုံး ပြန်ဖွင့်လိုက်တဲ့အခါ တောက်ပလင်းထိန်တဲ့ ခန်းမတစ်ခုထဲ ရောက်နေတာကို တွေ့လိုက်ရပါတယ်။ ခန်းမဟာ အမိုးမရှိတဲ့အတွက် အပေါ်ကို မော့ကြည့်လိုက်မယ်ဆိုရင် အပြာရောင် ကောင်းကင်နဲ့ အဖြူရောင် တိမ်တိုက်တွေကို မြင်တွေ့နိုင်ပါတယ်။
ဆံပင်တွေ ရှုပ်ပွနေတဲ့ ကောင်းကင်ဧကရာဇ်ဟာ ပလ္လင်ပေါ်မှာ ထိုင်နေပြီး ပြင်းပြင်းထန်ထန် အသက်ရှူနေပါတယ်။
ဟန်ကျွယ်ရဲ့ အကြည့်ဟာ ခန်းမဝက ရုပ်သွင်တစ်ခုဆီ ရောက်သွားတဲ့အခါမှာတော့ မျက်မှောင်ကြုတ်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီရုပ်သွင်က…။
“ကောင်းကင်ဧကရာဇ်… ကောင်းကင်ရုံးတော်က ပိုင်ရှင်ပြောင်းဖို့ အချိန်တန်ပြီ” အေးစက်လှတဲ့ အသံတစ်သံ ထွက်ပေါ်လာပြီး ခန်းမဝက ရုပ်သွင်ဟာ ခန်းမထဲ လျှောက်ဝင်လာပါတယ်။
‘လုံဟောင်… ဟောင်တျန်က သူ့ခန္ဓာကိုယ်ကို အပိုင်သိမ်းလိုက်ပြီလား’
ကောင်းကင်ဧကရာဇ်ဟာ လုံဟောင်ကိုကြည့်ပြီး အေးစက်စွာ ပြောလိုက်ပါတယ် “ကျေးဇူးမသိတက်တဲ့သား… မင်းက ကိုယ့်ခမည်းတော်ကိုတောင် ပြန်သတ်ချင်တာလား..”
ဝတ်ရုံနက်ကို ဝတ်ဆင်ထားတဲ့ လုံဟောင်ဟာ တည်တည်ငြိမ်ငြိမ် ပြန်ဖြေပါတယ် “ကျွန်‌တော် ခမည်းတော်ကို အခွင့်အရေးတစ်ခု ပေးပြီးပြီ၊ ဒါပေမဲ့ ခမည်းတော်က ဘာဖြစ်လို့ ကောင်းကင်ဧကရာဇ် နေရာကို ကျွန်တော်ဆီ မလွှဲအပ်ချင်ရတာလဲ၊ ကျွန်တော့်အစား ရှန်စစ်သူကြီးကို ဘာလို့ ရွေးချယ်ရတာလဲ..”
“ကောင်းကင်ဧကရာဇ်နေရာက အစွမ်းပေါ်မူတည်တာ မဟုတ်ဘူး၊ ပရိယာယ်နဲ့ ဩဇာအာဏာအပေါ် မှီတည်နေတာ၊ မင်းနဲ့ ဟောင်တျန်က အရမ်းရင်းနှီးတယ်၊ မင်းက သူ့ရဲ့ ရုပ်သေးရုပ် ဖြစ်နေပြီးပြီ၊ နောက်ပြီး ပြီးခဲ့တဲ့ကပ်ဘေးမှာ မင်း ကံတရား အထောက်အပံ့ အများကြီး ရခဲ့တယ်ဆိုပေမဲ့ ရန်သူတွေလည်း အများကြီး ရခဲ့တယ်၊ ဒီတော့ မင်းသာ ကောင်းကင်ရုံးတော်ရဲ့ အရှင်သခင် ဖြစ်လာရင် ကောင်းကင်ရုံးတော်ကို ဒီထက် စည်ပင်သာယာဝပြောအောင် ဘယ်လိုလုပ်ပြီး စွမ်းဆောင်နိုင်မှာလဲ”
“ဟမ်… ခမည်းတော်က ကျွန်တော်ကို မယုံကြည်တာပါ၊ ခမည်းတော် ယုံကြည်တာက ရှန်စစ်သူကြီး၊ ကောင်းကင်နတ်ဘုရား စစ်သူကြီးနဲ့ ကျွန်တော်ရဲ့ ဆရာသခင်မလား၊ ခမည်းတော် ကျွန်တော်ကို မယုံကြည်တာက ဟောင်တျန်ကို ကြောက်လို့မလား၊ ခမည်းတော်က ဟောင်တျန်ထက် သာလွန်တဲ့ အောင်မြင်မှုတွေကို လိုချင်တာမလား”
လုံဟောင်ရဲ့ အသံက မလိုလားမှုတွေ မနာလိုဝန်တိုမှုတွေ ပြည့်နှက်နေတာကြောင့် နားထောင်နေတဲ့ ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ် ‘ထွီ… ဒီကောင်စုတ်လေး လွမ်းလွှဲသွားပြီပဲ’
ဒါပေမဲ့ ဟန်ကျွယ် သေချာတွေးကြည့်တဲ့အခါမှာတော့ လုံဟောင် ကောင်းကင်ဧကရာဇ် ဖြစ်ချင်တာက မမှားဘူးလို့ ခံစားလိုက်ရပါတယ်။ ကောင်းကင်ဧကရာဇ်နေရာကို မရလို့ လုံဟောင် မပျော်မရွှင် ဖြစ်တာက ဖြစ်သင့်ပါတယ်။
ဒါပေမဲ့ ရှန်စစ်သူကြီးရဲ့ ကောင်းကင်ရုံးတော်အပေါ် အကျိုးဆောင်မှုတွေက အများကြီးပါ။ ကောင်းကင်ဧကရာဇ်ရဲ့ အယုံကြည်ရဆုံး လူတစ်ယောက်လို့ ပြောရင် မှားမယ် မထင်ပါဘူး။ ဒါကြောင့် ကောင်းကင်ဧကရာဇ်နေရာကို ရှန်စစ်သူကြီး ရထိုက်ပါတယ်။ ကောင်းကင်ဧကရာဇ်နေရာက သားစဉ်မြေးဆက် ဆက်ခံရမယ်လို့ ဘယ်သူကမှ သတ်မှတ်မထားပါဘူး။
ကောင်းကင်ဧကရာဇ် နေရာနဲ့ ပတ်သက်ပြီး ဟန်ကျွယ်ဟာ ဘယ်သူ့ဘက်မှာ မရွေးချယ်ချင်ပါဘူး။ ဒါပေမဲ့ လုံဟောင်က ဒီကိစ္စကြောင့် သူ့အဖေကို သတ်မယ်ဆိုရင်တော့ တော်တော်လေး များသွားပါပြီ။
လုံဟောင်ဟာ ကောင်းကင်ဧကရာဇ်ဆီကို တစ်လှမ်းချင်း ချဉ်းကပ်ပြီး အေးစက်စွာ ပြောလိုက်ပါတယ် “ခမည်းတော်… ဒါ နောက်ဆုံးအကြိမ် ခေါ်တာပဲ၊ ပြီးခဲ့တဲ့ ကပ်ဘေးမှာ အမှောင်သခင်ကြီးကြောင့်ရဲ့ ကူညီမှုကြောင့်သာ မဟုတ်ရင် ကောင်းကင်ရုံးတော်က ပျက်စီးသွားတာ ကြာပြီ၊ ခင်ဗျားက ကောင်းကင်ဧကရာဇ် နေရာမှာ ထိုင်ဖို့ လုံလောက်တဲ့ အစွမ်းမရှိဘူး”
လုံဟောင်ဟာ ရုတ်တရက် လက်မြှောက်ပြီး ကောင်းကင်ဧကရာဇ်ဆီ ဝှေ့ယမ်းလိုက်ပါတယ်။ လုံဟောင်ရဲ့ ဝိညာဉ်စွမ်းအားဟာ ရွှေနဂါးအသွင် ပြောင်းလဲသွားပြီး ကောင်းကင်ဧကရာဇ်ဆီ ပျံသန်းကာ ချိန်းကြိုးလိုမျိုး ရစ်ပတ်နှောင်ဖွဲ့လိုက်ပါတယ်။
အဲဒီနောက် ရွှေနဂါးဟာ ပါးစပ်ဟပြီး ကောင်းကင်ဧကရာဇ်ရဲ့ ဝိညာဉ်ကို စုပ်ယူပါတော့တယ်။ ကောင်းကင်ဧကရာဇ်ဟာ မရုန်းကန်ပါဘူး။ ရုန်းကန်ဖို့လည်း အင်အား မရှိတော့ပါဘူး။
ကောင်းကင်ဧကရာဇ်ဟာ ဖြည်းညင်းစွာ မျက်လုံးမှိတ်လိုက်ပါတယ် “ဟင်း… ကောင်းကင်တာအို ဆိုတာက နည်းနည်းကြီးတဲ့ နယ်ရုပ်ပဲ၊ မင်း ကောင်းကင်ဧကရာဇ် ဖြစ်လာရင် ကျိန်းသေပေါက် နောင်တရလိမ့်မယ်”
မြင်ကွင်းတစ်ခုလုံး ကွဲကျေသွားပါတယ်။
‘ဒီအတိုင်းဆို ကောင်းကင်ဧကရာဇ်က လုံဟောင်လက်ထဲမှာ သေမှာပေါ့’ ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်ပြီး စောစောတုန်းက မြင်ကွင်းတစ်ခုလုံးကို သေသေချာချာ ပြန်သုံးသပ်လိုက်ပါတယ်။
‘ကောင်းကင်ဧကရာဇ်ရဲ့ စကားအရ လုံဟောင်က ပြီးခဲ့တဲ့ကပ်ဘေးမှာ ရန်သူတွေ အများကြီး ရခဲ့တယ်ဆိုတော့ ကောင်းကင်ရုံးတော်နဲ့ ကောင်းကင်ဧကရာဇ်က ဒီအနန္တကပ်ဘေးမှာ ရှင်သန်နိုင်ခဲ့တာပေါ့… ဒါ သတင်းကောင်းပဲ’ ဟန်ကျွယ်ဟာ မပြုံးဘဲ မနေနိုင်ပါဘူး။
ဟန်ကျွယ်ဟာ ဒီအဖြစ်အပျက်ကနေ အနန္တကပ်ဘေးရဲ့ လားရာက ထပ်ပြီး ပြောင်းလဲသွားပြီဆိုတာကို သိလိုက်ပါတယ် ‘ဇုထူရဲ့ ထောင်ချောက်က တကယ် စွမ်းအားကြီးတာပဲ၊ အနန္တကပ်ဘေးရဲ့ အခြေအနေကို ပြောင်းလဲနိုင်တယ်’
‘မဟုတ်ဘူး… ဇုထူ ထောင်ချောက်က စွမ်းအားကြီးတာ မဟုတ်ဘူး၊ ငါက စွမ်းအားကြီးတာ’
ဟန်ကျွယ်ဟာ စိတ်ထဲမှာ ကျေနပ်သွားပါတယ်။ ကပ်ဘေးပြီးသွားရင် ဟန်ကျွယ်က အခုထက် စွမ်းအားပိုကြီးနေမှာ ကျိန်းသေပါတယ်။ အဲဒီအချိန်ကျရင် ဟန်ကျွယ်က လုံဟောင်ကို ကိုယ့်အဖေ ကိုယ်ပြန်မသတ်မိအောင် ဟန့်တားမှာပါ။
ရုတ်တရက်ဆိုသလို ဟန်ကျွယ်ဟာ တစ်စုံတစ်ခုကို တွေးမိသွားပါတယ် ‘ကောင်းကင်ဧကရာဇ်က ငါကျတော့ တော်တော်လေး ယုံပြီး ရင်းမြစ်တွေလည်း ပေးတယ်၊ ဒါပေမဲ့ ဘာဖြစ်လို့ သူ့သားကျတော့ ဒီလောက်တောင် တင်းကြပ်ရတာလဲ၊ ဒီလိုဖြစ်ရတာ ဘာကြောင့်လဲ’
“ကောင်းကင်ဧကရာဇ်က ငါ့ကို ဘာလို့ ကောင်းကောင်းမွန်မွန် ဆက်ဆံရတာလဲ”
[သက်တမ်း ၂ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
‘၂ ဘီလီယံတောင်လား’ ဟန်ကျွယ်ဟာ လန့်သွားပါတယ်။ ဟန်ကျွယ် တွက်ချက်ခဲ့သမျှထဲမှာ အမြင့်ဆုံးက တစ်ဘီလီယံပါ။ အခု ၂ ဘီလီယံဆိုတော့ ဇုထူထက် စွမ်းအားကြီးတဲ့ တည်ရှိမှုတစ်ခု ပါဝင်ပတ်သက်နေပါပြီ။
‘တာအိုပညာရှိများလား..’
ဟန်ကျွယ်ဟာ ချက်ချင်းပဲ ဆက်တွက်ဖို့ ရွေးချယ်လိုက်ပါတယ်။ ကောင်းကင်ဧကရာဇ်နောက်မှာ ဘယ်သူရပ်နေလဲဆိုတာ ဟန်ကျွယ် မြင်ချင်ပါသေးတယ်။
ကောင်းကင်ဧကရာဇ်က သူ့ကို ကောင်းကောင်းမွန်မွန် ဆက်ဆံတယ်ဆိုပေမဲ့ ဟန်ကျွယ် သတိကြီးကြီးမထားဘဲ မနေနိုင်ပါဘူး။ ကောင်းကင်ဧကရာဇ်ရဲ့ နောက်ဆုံးစကားအရ ‌ကောင်းကင်တာအိုတောင် နည်းနည်းကြီးတဲ့ နယ်ရုပ်ဆိုတော့ ဟန်ကျွယ်လို လူကတော့ ပြောမနေပါနဲ့။
ဟန်ကျွယ်ရဲ့ သိစိတ်ဟာ ခန်းမတစ်ခုကို ရောက်သွားပါတယ်။ ဒီခန်းမဟာ အလွန်တရာ ကျယ်ဝန်းသလို အလွန်လည်း မှောင်မိုက်ပြီး နှိုင်းယှဉ်စရာဆိုလို့ မဟာအန္တိမခန်းမပဲ ရှိပါတယ်။
ကောင်းကင်ဧကရာဖ်ဟာ ဖျာတစ်ခုရှေ့မှာ ဒူးထောက်နေပါတယ်။ ဒါပေမဲ့ ဖျာပေါ်မှာ ဘယ်သူမှ မရှိတဲ့အတွက် တစ်ခုခုတော့ ထူးနေပါပြီ။
ရှေးကျလှတဲ့ အသံတစ်သံ ထွက်ပေါ်လာပါတယ် “ကောင်းကင်တာအိုရဲ့ အနန္တကပ်ဘေးက သာမန်ကပ်ဘေးလေးပဲ၊ မဟာတာအိုရဲ့ အနန္တကပ်ဘေးကသာ အဓိကပ်ဘေးကြီးပဲ၊ ကောင်းကင်ရုံးတော်ကို ကောင်းကင်တာအိုက ထောက်ပံ့ပေးထားတယ်ဆိုပေမဲ့ ကောင်းကင်တာအိုက မျက်နှာမလိုက်ဆုံးပဲ၊ ဒါကြောင့် အင်မော်တယ်တွေအနေနဲ့ သက်ရှိအားလုံးကို အုပ်ချုပ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး၊ ဒါက အင်မော်တယ်တွေအတွက် စမ်းသပ်မှုတစ်ခုပဲ၊ ကောင်းကင်ရုံးတော်ရဲ့ မျှော်လင့်ချက်က နောက်အနန္တကပ်ဘေး မဟုတ်ဘူး၊ အဲဒီနောက်ကနေ ကပ်ပါလာတဲ့ဟာပဲ”
ကောင်းကင်ဧကရာဇ်ဟာ နက်နက်နဲနဲ စဉ်းစားလိုက်ပါတယ်။ အတန်ကြာတဲ့အခါမှာတော့ ကောင်းကင်ဧကရာဇ်ဟာ မော့ကြည့်ပြီး မေးလိုက်ပါတယ် “ကျွန်တော်လား… ဒါမှမဟုတ် တခြားသူတွေလား”
“တခြားသူတွေ”
“ကျေးဇူးပြုပြီး ကျွန်တော်ကို အလင်းပြပါ တာအိုပညာရှိ”
“သေမျိုးကမ္ဘာကပဲ”
“သေမျိုးကမ္ဘာက…” ကောင်းကင်ဧကရာဇ်ဟာ သူ့ဘာသာ ရေရွတ်ရင်း တစ်စုံတစ်ခုကို တွေးတောမိသွားပါတယ်။
အဲဒီနောက် မြင်ကွင်းတစ်ခုလုံး ကွဲကျေသွားပါတယ်။
ဟန်ကျွယ်လည်း မျက်လုံး ပြန်ဖွင့်လိုက်ပါတယ် ‘တာအိုပညာရှိရဲ့ စကားကြောင့်ကိုး… ဒါကြောင့် ကောင်းကင်ဧကရာဇ်က ငါတင်မဟုတ်ဘဲ သေမျိုးကမ္ဘာကနေ လာတဲ့ ရှန်စစ်သူကြီးကိုလည်း ဒီလောက် ကောင်းနေတာ’
‘ကောင်းကင်ဧကရာဇ်က လုံဟောင်ကို မရွေးချယ်တာ အံဩစရာ မရှိတော့ပါဘူး’
ဟန်ကျွယ်ဟာ တာအိုပညာရှိက ဘယ်သူလဲဆိုတာကို ဆက်ပြီး မစစ်ဆေးပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ တချို့အရာတွေက များများမသိလေ ကောင်းလေ မဟုတ်ပါလား။
ဟန်ကျွယ်ဟာ တာအိုပညာရှိတွေကို အရမ်းသတိထားတာကြောင့် တာအိုပညာရှိတွေနဲ့ နည်းနည်းလေးတောင် မပတ်သက်ချင်ပါဘူး။ ဟန်ကျွယ်ဟာ ခေါင်းထဲက အတွေးတွေကို ရှင်းထုတ်လိုက်ပြီး ဆက်လက် ကျင့်ကြံပါတယ်။
ဒီလိုနဲ့ မျက်စိတစ်မှိတ်အတွင်း နှစ် ၅၀ ကုန်ဆုံးသွားပါတယ်။
ဟန်ကျွယ်ရဲ့ ကျင့်ကြံမှုက ပုံမှန်တိုးတက်လို့ လာပါတယ်။ ဒီအတောအတွင်း ဟန်ကျွယ်ဟာ စာအိတ်တွေကို အထူးအာရုံစိုက်ပါတယ်။
ဇုထူရဲ့ ကိုယ့်ကိုကိုယ် သေကြောင်းကြံပြီး ကောင်းကင်ဧကရာဇ် အပေါ်လွှဲချတာ သိပ်အလုပ်ဖြစ်ပုံ မပေါ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကောင်းကင်ရုံးတော်က ဒီနှစ်တွေမှာ အေးချမ်းနေပြီး ရန်သူတွေ တိုက်ခိုက်တာကို မခံရလို့ပါပဲ။ ကောင်းကင်ဧကရာဇ်ကို ဟန်ကျွယ် မေးကြည့်တဲ့အခါ ကောင်းကင်ရုံးတော်က ရှန်နန်းတော်ရဲ့ နယ်မြေတွေကို စသိမ်းပိုက်နေပြီဆိုတာ သိလိုက်ရပါတယ်။
ဇုထူ ထွက်ပြေးတာက ကောင်းကင်ဧကရာဇ်ကို တော်တော်လေး အကူအညီ ဖြစ်သွားစေပါတယ်။ ဟန်ကျွယ် ဘာဆက်ဖြစ်မလဲတော့ မပြောတက်ပါဘူး။ ဒါပေမဲ့ ကိစ္စကြီးကြီးတစ်ခု ဖြစ်ပျက်တော့မယ်လို့တော့ ဆဋ္ဌမအာရုံကနေ သိနေပါတယ်။
အခုအတိုင်း ဆက်သွားမယ်ဆိုရင်တော့ ကောင်းကင်ရုံးတော်က အင်မော်တယ်ကမ္ဘာကို စုစည်းနိုင်တော့မှာပါ။ စိုးရိမ်စရာဆိုလို့ မဟာမိတ်တွေ သစ္စာဖောက်မှာကိုပဲ ကြောက်စရာရှိပါတယ်။
ဟန်ကျွယ်ဟာ ကောင်းကင်ရုံးတော်အတွက် စဉ်းစားနေတာကို ရပ်လိုက်ပြီး ဆက်ကျင့်ကြံပါတယ်။ ဒါပေမဲ့ တစ်နေ့မှာတော့ ဟန်ကျွယ်ဟာ ကျိန်စာတိုက်တာ ခံလိုက်ရပါတယ်။
‘ကြည့်ရတာ ဒီကပ်ဘေးက ပြီးမဲ့ပုံ မပေါ်သေးဘူး’
ဟန်ကျွယ်ဟာ စိတ်ထဲမှာ ကျိန်ဆဲလိုက်ပြီး သူ့ကို ဘယ်သူ ကျိန်စာတိုက်နေလဲဆိုတာ တွက်ချက်ကြည့်လိုက်ပါတယ်။ ချက်ချင်းဆိုသလိုပဲ ဟန်ကျွယ်ဟာ မှောင်မိုက်တဲ့ လိုဏ်ဂူတစ်တစ်ဂူထဲမှာ ဝတ်ရုံဖြူ ဝတ်ဆင်ထားတဲ့ ယောက်ျားတစ်ယောက်က စာအုပ်တစ်အုပ်ကိုင်ပြီး ကျိန်စာတိုက်နေတာကို တွေ့လိုက်ရပါတယ်။
ဒီဝတ်ရုံဖြူယောက်ျားက အလွန်တရာမှာ ရုပ်ဆိုးလှပါတယ်။ ဒီရုပ်ဆိုးလှတဲ့ ယောက်ျားဟာ ဟန်ကျွယ်ရဲ့ အနာဂတ်တွက်ချက်မှုထဲမှာ ဟန်ကျွယ်အဖြစ် ရုပ်ဖျက်ထားတဲ့ တန်လန်သခင်ပါ။
မြန်မာပြည် ငြိမ်းချမ်းပါစေ။

Comment

Leave a Reply

Options

not work with dark mode
Reset