Switch Mode

Chapter – 369

အခန်း (၃၆၉) အနန္တကပ်ဘေးနှင့် ကံကြမ္မာ၊ ကောင်းကင်ဧကရာဇ်၏ ဆုံးဖြတ်ချက်
ငါးရက်ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ရဲ့ သက်တမ်းက ထပ်ပြီးတော့ လျော့ကျသွားပါတယ်။ သက်တမ်း လျော့ကျနှုန်းက ကြောက်စရာကောင်းလှအောင် လျင်မြန်ပေမဲ့ ဟန်ကျွယ်က ဂရုမစိုက်ပါဘူး။ ပြဿာနာ ဒီထက် ပိုမတက်အောင် ဇုထူကို ဒုက္ခပေးနိုင်ရင် ပိုကောင်းတယ် မဟုတ်ပါလား။
ဇုထူက အနန္တကပ်ဘေးရဲ့ နောက်ဆုံးအနိုင်ရသူ မဟုတ်တော့တဲ့အတွက် သူ သေသွားရင်တောင် ယေဘုဘျ အခြေအနေကို ပြောင်းလဲစေမှာ မဟုတ်ပါဘူး။
တခြားတစ်ဖက်မှာတော့…။
ဟန်ကျွယ်ရဲ့ ကျိန်စာတိုက်မှုကြောင့် ဇုထူခံစားနေရတဲ့ ကျိန်စာစွမ်းအားက ပိုပြင်းထန်လာပါတယ်။ ဒါကြောင့် ဇုထူဟာ သူ့ရဲ့ ကျိန်စာစာအုပ်ကို အောက်ချပြီး ဟန်ကျွယ်ရဲ့ ကျိန်စာစွမ်းအားကို ခုခံပါတယ်။
‘သေစမ်း… ငါ့ ကျိန်စာစာအုပ်က တော်‌တော် ဆင်းရဲတာပဲ၊ အမှောင်သခင်ကြီး မပြောနဲ့၊ ကောင်းကင်ဧကရာဇ်ကိုတောင် ပြဿာနာတက်အောင် ကျိန်စာ မတိုက်နိုင်ဘူး’
ဇုထူဟာ စိတ်တိုသွားသလို ပဟေဠိလည်း ဖြစ်သွားပါတယ် ‘အမှောင်သခင်ကြီးရဲ့ ကျိန်စာစာအုပ်က ဘယ်ကနေ လာတာလဲ’
အင်မော်တယ်ကမ္ဘာမှာ ရှိနေတဲ့ အမှောင်သခင်ကြီးတွေက ရန်သူတွေကို ကျိန်စာတိုက်တဲ့အတွက် အနန္တကပ်ဘေးရဲ့ ရောင်ဝါကိုတောင် ပြောင်းလဲသွားစေပါတယ်။ ဒီကြားထဲ အမှောင်သခင်ကြီး အစစ်ကလည်း အမှောင်ထဲမှာ ပုန်းပြီး ရန်သူတွေကို အသည်းအသန် ကျိန်စာတိုက်နေပါတယ်။
ဒါကြောင့် ဇုထူဟာ သူ့ရန်သူက ဘယ်သူလဲဆိုတာ မခန့်မှန်းနိုင်တော့ပါဘူး။ ဇုထူဟာ စိတ်တိုတိုနဲ့ပဲ ကျိန်စာစွမ်းအားကို ခုခံပါတယ်။
လေးငါးခြောက်ရက် ကြာပေမဲ့ အမှောင်သခင်ကြီးရဲ့ ကျိန်စာကို မရပ်သေးတဲ့အတွက် ဇုထူဟာ စပြီးတော့ ထိတ်လန့်လာပါတယ်။ နောက်ပြီး ဇုထူခံစားနေရတဲ့ ကျိန်စာစွမ်းအားက အရင်ကထက် ပိုပြင်းလာပါတယ်။
‘အမှောင်သခင်ကြီးက ငါ့ကို သတ်ဖို့ ဆုံးဖြတ်ထားပြီးပြီလား… ဒါ ကောင်းကင်ဧကရာဇ်နဲ့ ကျိန်းသေပေါက် ဆက်နွှယ်နေရမယ်… ခွေးမသား ကောင်းကင်ဧကရာဇ်’
ဇုထူဟာ ကောင်းကင်ဧကရာဇ်နောက်မှာ ဘယ်သူရှိနေလဲဆိုတာကို ပဟေဠိ ဖြစ်သွားပါတယ်။
‘ကောင်းကင်ဧကရာဇ်နောက်မှာ တာအိုပညာရှိ ရှိနေတာလား’
ဇုထူဟာ မျက်စိသူငယ်အိမ် ကျယ်သွားပါတယ် ‘တာအိုပညာရှိများလား… နွီဝါနန်းတော်ရဲ့ တာအိုပညာရှိကတောင် ငါ့ကို ကူညီသေးတာပဲ၊ တခြားတာအိုပညာရှိတွေ ပေါ်မလာဘူးလို့ ဘယ်သူက အာမံခံနိုင်မှာလဲ’ ဇုထူဟာ တွေးလေလေ အထိတ်တလန့် ဖြစ်လေလေပါပဲ။
ဒီအချိန်မှာပဲ ဇုထူရဲ့ ဝိညာဉ်စွမ်းအားဟာ အထိန်းအကွပ်မဲ့လာပြီး ဇုထူရဲ့ခန္ဓာကိုယ်ကို စဒုက္ခပေးပါတာကြောင့် ဇုထူကို တော်တော်လေး မသက်မသာ ဖြစ်သွားစေပါတယ်။
ဒါပေမဲ့ ဒီနှိပ်စက်မှုက ရပ်မသွားပါဘူး။
နေ့တစ်ဝက် အကြာမှာတော့…။
“ဝေါ့…”
ဇုထူဟာ လုံးဝတောင့်မခံနိုင်တော့ သွေးနှစ်တစ်လုတ် အန်ထုတ်လိုက်ပါတယ်။ ဒါ့အပြင် ဇုထူရဲ့ မျက်လုံးတွေကနေ သွေးစထွက်လာပြီး သူ့ခန္ဓာကိုယ်ပေါ်က ဒဏ်ရာတွေဟာလည်း ပိုဆိုးလာပါတယ်။ ဒါပေမဲ့ ဝိညာဉ် ဒဏ်ရာမရသေးတဲ့အတွက် သိပ်မဆိုးသေးဘူးလို့လည်း ပြောလို့ရပါတယ်။
ဇုထူဟာ အမှောင်သခင်ကြီး ကျိန်စာတိုက်တာကို ဘယ်လိုဖြေရှင်းရမလဲဆိုတာ ခေါင်းခြောက်အောင် စဉ်းစားပါတယ် ‘ဒီပုံအတိုင်းဆို အမှောင်သခင်ကြီးက ငါ့ကို အချိန်အကြာကြီး ကျိန်စာတိုက်မဲ့ပုံပဲ၊ ငါ သေမှာ ထိုင်စောင့်နေလို့ မဖြစ်ဘူး’
ရုတ်တရက်ဆိုသလို ဇုထူဟာ အကြံတစ်ခု ရသွားပြီး သက်ရှိအားလုံးကြားအောင် အော်ပြောလိုက်ပါတယ်။
“ကောင်းကင်ဧကရာဇ်… ခင်ဗျားက ရက်စက်ပြီး နှလုံးသားမဲ့တဲ့လူပဲ၊ ခင်ဗျားက ငါ့ရှန်နန်းတော်ရဲ့ တပည့်ဘီလီယံချီကို ကျိန်စာတိုက်ပြီး ငါတို့ကို မိစ္ဆာတွေလို စွပ်စွဲရဲတယ်၊ ငါက အမှောင်သခင်ကြီး ဘယ်သူလဲဆိုတာ သိချင်လို့ စမ်းသပ်လိုက်တာ၊ ခင်ဗျား ထပ်ပြီးတော့ ဖုံးကွယ် မထားနိုင်တော့ပါဘူး”
“ကောင်းကင်တာအိုဗုဒ္ဓနဲ့ နတ်ဆိုးဧကရာဇ် ပျက်စီးပြီးနောက်မှာ ကောင်းကင်ဧကရာဇ်ရဲ့ ကျိန်စာတိုက်မှုကြောင့် ငါက သေလုမျောပါး ဖြစ်နေပြီ၊ သက်ရှိအားလုံး နားထောင်ကြ… ကောင်းကင်ဧကရာဇ်က ဒီလိုနည်းလမ်းမျိုးနဲ့ ကံတရား အထောက်အပံ့ကို တိုက်ခိုက်တဲ့အတွက် လူကောင်း မဟုတ်ဘူး၊ ဒါကြောင့် ကောင်းကင်ရုံးတော်သာ စကြဝဠာမှာရှိတဲ့ အနန္တကမ္ဘာကို စုစည်းလိုက်ရင် အမှောင်ခေတ် ရောက်လာလိမ့်မယ်”
ဇုထူဟာ သူ့ဝိညာဉ် အပိုင်းအစ တစ်စကို အမှောင်ထုထဲ စေလွှတ်လိုက်ပြီး သူ့ရုပ်နာမ် နှစ်ပါးစလုံးကို ကိုယ်တိုင် ဖျက်ဆီးပစ်လိုက်ပါတယ်။
တိတ်ဆိတ်ကျွန်း၊ ကျင့်ကြံခြင်းလိုဏ်ဂူ။
ဟန်ကျွယ်ရဲ့ သက်တမ်းဟာ ဘီလီယံ ၃၀ ကျော် ကုန်ဆုံးသွားတာကြောင့် ဟန်ကျွယ်ရဲ့ သိစိတ်လည်း ရောင်ဝါးဝါး ဖြစ်လာပါတယ်။ ဒါပေမဲ့ ဟန်ကျွယ် မေ့လဲခါနီးမှာပဲ ဇုထူရဲ့အသံကို ကြားလိုက်ရပါတယ်။ ဒါကြောင့် ဟန်ကျွယ်ဟာ ကျိန်စာတိုက်တာကို ချက်ချင်းရပ်လိုက်ပြီး စိတ်သက်သာရာ ရသွားပါတယ်။
‘ခွီးတဲ့မှပဲ… ဒီအတိုင်းဆို ဘီလီယံ ၁၀၀ သုံးဖြုန်းဖို့က မဖြစ်နိုင်သေးဘူးပဲ’
ဟန်ကျွယ်ဟာ သက်တမ်း ဆုံးရှုံးတာ ၁၅ ဘီလီယံကျော်ကတည်းက ခေါင်းမူးလာပြီး ပျို့အန်ချင်သလိုလို အိမ်သာပဲ သွားချင်သလိုလို နေရထိုင်ရခက်လာတာပါ။
ဒီအချိန်မှာပဲ…။
ကျို့ယိုငရဲမှာ ‌ရွှေရောင်မိုး ရွာကျလာပါတယ်။ အမှောင်ထဲ ကျသွားတဲ့ ရွှေရောင်မိုးကတော့ အကုသိုလ်ကံတွေ ဝါးမြိုတာကို ခံလိုက်ရပါတယ်။ ဒီဖြစ်ရပ်ကြောင့် တိတ်ဆိတ်ဂိုဏ်းက လူအားလုံး အံဩတကြီး ဖြစ်သွားကြပါတယ်။
“ဇုထူလည်း သေသွားပြီလား..”
“နောက်ထပ် ကောင်းကင်ဘဝဂ်ကျင့်ကြံသူ ကျဆုံးတာပဲ၊ ဒီကပ်ဘေးက ပိုပိုပြီး ကြောက်ဖို့ကောင်းလာပြီ”
“ကောင်းကင်ဧကရာဇ်က အမှောင်သခင်ကြီးလား..”
“အခု ဘယ်သူက ကောင်းကင်ရုံးတော်ကို တိုက်ခိုက်ရဲတော့မှာလဲ..”
“တော်သေးတယ်၊ ငါတို့တွေ ပုန်းနေလို့… မဟုတ်ရင် ငါတို့လည်း ဒုက္ခရောက်မှာ ကျိန်းသေတယ်”
“ကျန်းယီ… မင်းတို့ နတ်‌ရွှေကျီးကန်း မိသားစုက ကောင်းကင်ရုံးတော်ကိုတော့ မတိုက်ခိုက်လောက်ပါဘူးနော်..”
လူတိုင်းဟာ စကားပြောရင်း ရယ်မောနေကြပေမဲ့ ကျန်းယီရဲ့ မျက်နှာကတော့ တော်တော်လေးကို ရုပ်ဆိုးသွားပါတယ်။ ကျန်းယီဟာ နတ်ရွှေကျီးကန်း မိသားစုရဲ့ အကြီးအကဲတွေဆီကနေ ကောင်းကင်ရုံးတော်ကို တိုက်ခိုက်မဲ့အကြောင်း တကယ်ကြားခဲ့တာပါ ‘သူတို့တွေ လိမ္မာပါးနပ်ဖို့ မျှော်လင့်ရတာပဲ၊ နို့မဟုတ်ရင်…’
‘ခွီးတဲ့မှပဲ… အမှောင်သခင်ကြီးက တကယ်ကြီး ကောင်းကင်ဧကရာဇ်လား.. အံဩစရာ မရှိတော့ပါဘူး’
ကျန်းယီဟာ ကြောက်ရွံ့မှုကြောင့် တုန်လှုပ်သွားပါတယ်။ ကျန်းယီဟာ ကောင်းကင်ဧကရာဇ်နဲ့ တွေ့တိုင်း ခန္ဓာကိုယ်တစ်ခုလုံး ထိုးဖောက်မြင်ခံရတယ်လို့ ခံစားရတာချည်းပါပဲ။
တိတ်ဆိတ်ဂိုဏ်းသားတွေက အမှောင်သခင်ကြီးကို ချီးမွမ်းနေပေမဲ့ ဟန်ကျွယ်ကတော့ စိတ်ထဲမှာ အရမ်းလေးလံသွားပါတယ်။ အကြောင်းအရင်း တစ်ချို့ကြောင့် ဟန်ကျွယ်ဟာ တစ်စုံတစ်ခု မှားယွင်းနေတယ်လို့ ခံစားလိုက်ရပါတယ်။ ဟန်ကျွယ် ဒီလိုခံစားရတာရဲ့ အဓိက အကြောင်းအရင်းက ဇုထူရဲ့ စကားကြောင့်ပါ။
နတ်ဆိုးဧကရာဇ်နဲ့ ကောင်းကင်တာအိုဗုဒ္ဓရဲ့ သေခါနီး နောက်ဆုံးစကားက ဒေါသတွေ မုန်းတီးမှုတွေနဲ့ ပြည့်နှက်နေတာပါ။ ဒါပေမဲ့ ဇုထူရဲ့ နောက်ဆုံးစကားကတော့ ဒီလိုမဟုတ်ပါဘူး။
‘ဒီဇုထူက သေချင်ယောင် ဆောင်တာလား..’
ဒါပေမဲ့ အပြင်ဘက်က ကောင်းကင်တာအို အံဖွယ်ဖြစ်ရပ်ကတော့ အစစ်အမှန်ပါ။ အတု မဟုတ်ပါဘူး။ ဟန်ကျွယ်ဟာ ချက်ချင်းဆိုသလိုပဲ သူ့ကိုယ်သူ အပြစ်တင်လိုက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ စနစ်ကို မေးလို့ရရဲ့သားနဲ့ ကိုယ့်ဘာသာ ခန့်မှန်းနေလို့ပါ။
“ဇုထူက သေသွားပြီလား”
[သက်တမ်း ၁ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
[ဝိညာဉ်တစ်စ ကျန်ရှိနေသေးသည်။]
ဒီအဖြေကြောင့် ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ် ‘ဒီဇုထူက အနန္တကပ်ဘေးမှာ နံပါတ်တစ်ပုဂ္ဂိုလ်လို့ မပြောရဘူး၊ မနိုင်ဘူးထင်တာနဲ့ တန်းပြေးတာပဲ၊ ပြေးတာတောင် ကောင်းကင်ဧကရာဇ်ကို ပြဿနာ ရှာသွားသေးတယ်၊ ဒီတစ်ခါတော့ ကောင်းကင်ဧကရာဇ်နဲ့ ကောင်းကင်ရုံးတော် ပြဿနာ အကြီးကြီးတက်ပြီ’
အင်မော်တယ်ကမ္ဘာရဲ့ ထိပ်သီးအင်အာားစုလေးစုမှာ အင်အားစုသုံးစု ပြိုကွဲပြီး ကောင်းကင်ရုံးတော်ပဲ ကျန်ရှိပါတော့တယ်။ ဟန်ကျွယ်သာ ကပ်ဘေးထဲဝင်တဲ့ တခြားအင်အားစုကဆိုရင် ကျိန်းသေပေါက် ကောင်းကင်ရုံးတော်ကို ပစ်မှတ်ထားမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ ကောင်းကင်ရုံးတော် မပြိုလဲရင် ကံတရား အထောက်အပံ့အတွက် တိုက်ခိုက်လို့ရမှာ မဟုတ်လို့ပါပဲ။
ဟန်ကျွယ်ဟာ စိတ်နည်းနည်း တိုးသွားပါတယ် ‘ငါ လုပ်လိုက်တာက ကောင်းကင်ဧကရာဇ်ကို ဒုက္ခရောက်သွားစေတာလား’
‘မဟုတ်ဘူး… ငါ ကောင်းကင်ဧကရာဇ်ကို ကူညီတာ၊ ကောင်းကင်ဧကရာဇ်ကို ဒုက္ခရောက်အောင် လုပ်တာက ဇုထူပဲ၊ ဇုထူက ရှုံးမဲမဲပြီး ကောင်းကင်ဧကရာဇ်ကို ဒုက္ခတွင်းထဲ ဆွဲချလိုက်တာပဲ’
ဒီအတွေးကြောင့် ဟန်ကျွယ်ဟာ ဒေါသချောင်းချောင်း ထွက်သွားပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ဟာ ကျိန်စာတိုက်တာ များလွန်းတဲ့အတွက် ခေါင်းမူးနေတာကြောင့် အနားယူလိုက်ရပါတယ်။
နတ်မင်းအဆင့် စွမ်းအားကြီးပုဂ္ဂိုလ်က ခေါင်းမူးတယ်ဆိုတဲ့ သတင်းသာ ပျံ့နှံ့သွားရင် လူရယ်စရာ ဖြစ်မှာပါ။ ဒီအချက်က ဘာကိုပြနေလဲဆိုတာ ကျိန်စာတိုက်ဖို့ ပေးဆပ်ရတဲ့ တန်ဖိုးက အလွန်တရာ ကြီးလေးတယ်ဆိုတာပါပဲ။ ကြမ္မာဆိုးစာအုပ်ကြောင့်သာ မဟုတ်ရင် ဟန်ကျွယ်ဟာ အခုလိုမျိုး အလွယ်တကူ ကျိန်စာတိုက်ရဲမှာ မဟုတ်ပါဘူး။
[ကြမ္မာဆိုးစာအုပ်: နတ်မင်းအဆင့် အကောင်းစား ရတနာ၊ သက်ရှိများအား ကျိန်စာတိုက်နိုင်ပြီး တစ်ဖက်လူဆီသို့ ကြမ္မာဆိုးအား သယ်ဆောင်ပေး၏။ တစ်ချိန်တည်း၌ တစ်ဖက်လူမှ ကျိန်စာတိုက်သူက စစ်ဆေးတွက်ချက်၍ မရနိုင်ပေ။]
ကျိန်စာတိုက်တဲ့လူကို တစ်ဖက်လူ မသိနိုင်တာက ဟန်ကျွယ်လို သိုသိုသိပ်သိပ် ကျင့်ကြံချင်သူအတွက် နတ်ဘုရားပေးတဲ့ ဆုလာဘ်ပါပဲ။
တစ်လကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ အကောင်းအတိုင်း ပြန်ဖြစ်သွားတဲ့အတွက် ကောင်းကင်တာအိုတိုကင်ကို ထုတ်ယူပြီး ကောင်းကင်ဧကရာဇ်နဲ့ ဆက်သွယ်ကာ အကျိုးအကြောင်း မေးမြန်းလိုက်ပါတယ်။
ကောင်းကင်ဧကရာဇ်ဟာ ဟန်ကျွယ်ရဲ့ အမေးကြောင့် ပြုံးသွားပါတယ် “ဘာကြောက်စရာ ရှိလို့လဲ၊ အဲဒါက ပိုတောင် ကောင်းသေးတယ်၊ ငါက သက်ရှိအားလုံး ငါ့ကို ကြောက်လန့်စေချင်တာ၊ ဒီကပ်ဘေးကို အဆုံးသတ်ဖို့က အနန္တကမ္ဘာကို စုစည်းနိုင်မှပဲ ရမယ်၊ သူတို့တွေ ငါ့ကို ကြောက်လေလေ ငါ့ကို ရင်မဆိုင်ရဲလေလေပဲ”
ဟန်ကျွယ်ဟာ ဆွံအသွားပါတယ် ‘ငါကတော့ စိုးရိမ်လိုက်ရတာ… သူကတော့ ဒီရလဒ်ကို တော်တော် သဘောခွေ့နေတယ်’
“အရှင်းမင်းကြီး… သတိထားတာက မမှားပါဘူး၊ အင်မော်တယ်ကမ္ဘာမှာ တခြားပုန်းအောင်းနေတဲ့ စွမ်းအားကြီး ရန်သူတွေလည်း ရှိနိုင်တာပဲ၊ ဥပမာပေးရရင် ဟောင်တျန်နဲ့ လွမ်ဟွေ အင်မော်တယ်ဧကရာဇ်လိုမျိုးပေါ့” ဟန်ကျွယ်က ကောင်းကင်ဧကရာဇ်ကို သတိပေးလိုက်ပါတယ်။
ကောင်းကင်ဧကရာဇ်က ကောင်းကင်ရုံးတော်ရဲ့ အရှင်သခင် ဖြစ်တာကြောင့် အလင်းထဲမှာ ရှိနေပါတယ်။ ဒါကြောင့် အလွယ်တကူ ထောင်ချောက်ထဲ ကျနိုင်ပါတယ်။
“ငါ သိပါတယ်၊ တကယ်တော့ ငါလည်း အင်မော်တယ်ကမ္ဘာကို မစုစည်းချင်ပါဘူး၊ ဒါပေမဲ့ အခု အခြေအနေတွေက ပြောင်းလဲသွားပြီဆိုတော့ ငါ နောက်ဆုတ်လို့ မရတော့ဘူး၊ အခက်အခဲတွေကို ထိပ်တိုက်ရင်ဆိုင်ဖို့ပဲ ရှိတော့တယ်၊ ကောင်းကင်ရုံးတော် တစ်ခုလုံးကလည်း အင်မော်တယ်ကမ္ဘာ တစ်ခုလုံး ငါ စုစည်းတာကို မျှော်လင့်စောင့်စားနေကြတာ၊ ငါ ရပ်ဖို့ မဖြစ်နိုင်တော့ဘူး”
ကောင်းကင်ဧကရာဇ်ရဲ့ လေသံက တည်ငြိမ်လွန်းလှပါတယ်။ ကောင်းကင်ဧကရာဇ် အသံထဲမှာ စိတ်လေးတာ ချီတုံချတုံတွေ မရှိဘဲ ပြတ်သားလွန်းတဲ့ ဆုံးဖြတ်ချက်တစ်ခုပဲ ရှိနေပါတယ်။ တောင်ပေါ်မှာ ကျားရှိမှန်း သိရဲ့သားနဲ့ ဆက်တက်ဖို့ ရွေးချယ်လိုက်တာပါ။
ဟန်ကျွယ်ဟာ စိတ်ထဲမှာ သက်ပြင်းချလိုက်ပါတယ် ‘ငါက ကောင်းကင်ရုံးတော်ကို ကယ်တင်ချင်ရုံပါ… ဘယ်လိုဖြစ်ပြီး ကောင်းကင်ရုံးတော်က နွှံထဲ ပိုပိုနစ်သွားရတာလဲ… ဒါက အနန္တကပ်ဘေးလား… ဒါမှမဟုတ် ကံကြမ္မာလား’
ဟန်ကျွယ်ဟာ တိတ်ဆိတ်သွားပါတယ် ‘ငါက အနန္တကပ်ဘေးထဲကို ဝင်ပြီးနေပြီလား’ ဒီအတွေးကြောင့် ဟန်ကျွယ်ဟာ အနည်းငယ် စိတ်လေးသွားပါတယ် ‘ထားလိုက်ပါတော့… ဘာပဲဖြစ်ဖြစ် ငါ့လိပ်ပြာ ငါလုံတယ်၊ နောက်ဆုံးကျလို့ တခြားနည်းလမ်း မရှိရင်တော့ ငါ့ကိုယ်ငါပဲ ကာကွယ်ရမှာပေါ့’
ဟန်ကျွယ်ရဲ့ မျက်လုံးတွေဟာ ပြတ်သားသွားပါတယ် ‘ကောင်းကင်ဧကရာဇ်က နောက်ဆုတ်လို့ မရမှတော့ အနိုင်ရအောင် ကူညီတာပေါ့ကွာ’
ဒီအချိန်မှာပဲ ကောင်းကင်ဧကရာဇ်ရဲ့အသံ ထပ်မံ ထွက်ပေါ်လာပါတယ် “ဒီအ‌တောအတွင်း ရွမ်လိန့်ကျောင်းတော်ကကနေ မြင့်မြတ်တဲ့ဆေးလုံးတွေ ပို့လိုက်တယ်၊ ဒီအထဲမှာ နတ်မင်းအဆင့် ကျင့်ကြံသူတွေကို ကူညီနိုင်တဲ့ တာအိုဆေးလုံးတွေ ပါတယ်၊ မင်း လိုချင်လား.. မင်းလိုချင်ရင် ငါ ဆယ်လုံး ပေးမယ်”
“ရပါတယ်… ကောင်းကင်ရုံးတော်က အင်မော်တယ်တွေ အတွက်ပဲ ထားလိုက်ပါ၊ အရှင်မင်းကြီး ကျွန်တော်ကို ဒီဆေးလုံးတွေ ပေးရင်တောင် ကျွန်တော်က အရှင်မင်းကြီးကို ကူညီနိုင်မှာ မဟုတ်ဘူး၊ အလကား ဖြုန်းတီးရာ ကျနေပါလိမ့်မယ်”
“ဘာမှမဖြစ်ဘူး၊ မင်းက ငါ့ဘက်မှာရှိတယ်ဆိုတာ ငါ ကျိန်းသေသိတယ်၊ ဒါပေမဲ့ သူတို့ကတော့ ငါ့ဘက်မှာ ၁၀၀ ရာခိုင်နှုန်းအပြည့် ရှိနေတာ မဟုတ်ဘူး”
မြန်မာပြည် ငြိမ်းချမ်းပါစေ။

Comment

Leave a Reply

Options

not work with dark mode
Reset