အခန်း (၃၆၇) အသက် ငါးထောင်၊ ဇုထူ၏ ကြောက်လန့်မှု
ဟန်ကျွယ်ဟာ စာအိတ်တွေကို ဖတ်ပြီးတဲ့အခါမှာ ရန်သူတွေကို ကျိန်စာ ဆက်တိုက်ပါတယ်။ အင်မော်တယ်ကမ္ဘာရဲ့ အခြေအနေက ဘယ်လိုတွေပဲ ပြောင်းလဲပြောင်းလဲ ဟန်ကျွယ်က ဘေးကနေ ရပ်ကြည့်သူပါ။ မိုးပြိုရင်တောင် ဝင်ပါမှာ မဟုတ်ပါဘူး။ ဟန်ကျွယ် စာအိတ်တွေကို ဖတ်တာကလည်း အပျင်းပြေပါ။
တစ်လကြာတဲ့အခါမှာတော့ ကျိန်စာတိုက်ပြီးသွားတဲ့အတွက် ဟန်ကျွယ်ဟာ ဆက်ကျင့်ကြံပါတယ်။ ဟန်ကျွယ်ရဲ့ ပစ်မှတ်က မူလဆန်းကြယ် နတ်စွမ်းအားနှစ်ပါးကို အမြန်ဆုံး ရောက်ဖို့ပါ။ ဟန်ကျွယ်ရဲ့ ခန့်မှန်းချက်အရ မူလဆန်းကြယ် နတ်စွမ်းအားနှစ်ပါးကို နောက်ထပ် အများဆုံး နှစ်တစ်ရာအတွင်း အဆင့်တက်နိုင်မှာပါ။ ဟန်ကျွယ်ရဲ့ ဒီကျင့်ကြံမှုအလျင်က တခြားသူတွေနဲ့ နှိုင်းယှဉ်မယ်ဆိုရင် အလွန့်အလွန် လျင်မြန်လွန်းတယ်လို့ ပြောလို့ရပါတယ်။
၁၇ နှစ် ကြာပြီးနောက်။
ကျင့်ကြံခြင်းလိုဏ်ဂူထဲမှာ တရားထိုင်နေတဲ့ ဟန်ကျွယ် မြင်ကွင်းရှေ့မှာ စာကြောင်းသုံးကြောင်း ပေါ်လာပါတယ်။
[သင်သည် အသက် ၅,၀၀၀ ပြည့်ပြီ ဖြစ်သောကြောင့် သင့်ဘဝတွင် နောက်ထမ်း ခြေတစ်လှမ်း ထပ်လှမ်းလိုက်ပါပြီ။ သင့်တွင် အောက်ပါရွေးချယ်မှုများ ရှိသည်။]
[၁။ ချက်ချင်း ဘုံပျံတက်၍ ကံတရား အထောက်အပံ့အတွက် တိုက်ခိုက်ပါ။ သင်သည် အပျက်အစီးများ အကြားမှ ထိုးထွက်လာပြီး ကောင်းကင်ဘုံများအား တုန်လှုပ်စေလိမ့်မယ်။ ဆုလာဘ်အဖြစ် ကောင်းကင်တာအို အပိုင်းအစ တစ်စ၊ ကောင်းကင်တာအို စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံး၊ ဆန်းကြယ်စွမ်းအား တစ်ပါးနှင့် အကောင်းစား ရတနာတစ်ပါးအား ရရှိမည်။]
[၂။ သိုသိုသိပ်သိပ် ဆက်ကျင့်ကြံပါ။ ဆုလာဘ်အဖြစ် မဟာတာအို အပိုင်းအစ တစ်စနှင့် ကောင်းကင်တာအို စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံးအား ရရှိမည်။]
ဟန်ကျွယ်ဟာ စိတ်ထဲမှာ ကျိန်ဆဲလိုက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အနန္တကပ်ဘေး စကတည်းက စနစ်ရဲ့ ရွေးချယ်မှုဆုလာဘ်တွေက ကပ်ဘေးထဲဝင်တဲ့ဘက်မှာ ပိုများနေလို့ပါပဲ။
‘ဒါ ငါ့ကို ကပ်ဘေးထဲ မဝင် ဝင်အောင် ဖြားယောင်းနေတာပဲ’
‘ကပ်ဘေးက ဒီလောက်အန္တရာယ်များတာကိုး… ဘာလို့ ကပ်ဘေးထဲ ဝင်ရမှာလဲ၊ ဒီအတိုင်း အေးအေးချမ်းချမ်း ဆက်ကျင့်ကြံတာက အကောင်းဆုံးပဲ’
ဟန်ကျွယ်ဟာ တာအိုဘိုးဘေးလိုမျိုး ထိပ်ဆုံးကိုရောက်မှ ကျင့်ကြံရာကနေ ထွက်ချင်တာပါ။ ဒါမှ ကပ်ဘေးတစ်ခုလုံးကို တစ်ယောက်တည်း အစွမ်းနဲ့ ဖိနှိပ်နိုင်မှာပါ။
‘ဒီခေတ်က ငါ့ခေတ် မဟုတ်ဘူး၊ င့ါခေတ်က နောက်ကပ်ဘေးပဲ’
ဟန်ကျွယ်ဟာ စိတ်ထဲမှာ တွေးလိုက်ပြီး နံပါတ်နှစ်ကို ရွေးချယ်လိုက်ပါတယ်။
[မဟာတာအို အပိုင်းအစ တစ်စနှင့် ကောင်းကင်တာအို စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံး ရရှိခြင်းအတွက် ဂုဏ်ယူပါသည်။]
ဟန်ကျွယ်ဟာ မဟာတာအို ကိုးစပြည့်ဖို့ နောက်တစ်စပဲ လိုပါတော့တယ်။
ကောင်းကင်တာအို စိတ်ဝိညာဉ်ကျောက်တုံးကိုတော့ ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို အဆင့်မြှင့်တင်ဖို့ အသုံးပြုလိုက်ပါတယ်။
ဟန်ကျွယ်ဟာ ကပ်ဘေးထဲ မဝင်တဲ့အတွက် တိုက်ခိုက်တဲ့ ရတနာတွေကို မလိုအပ်ပါဘူး။ ဒါကြောင့် ကြမ္မာဆိုးစာအုပ်ကိုပဲ အဆင့်မြှင့်တင်တာ ဖြစ်ပါတယ်။ ကြမ္မာဆိုးစာအုပ်က စစ်ပွဲတစ်ပွဲရဲ့ အခြေအနေကို ပြောင်းလဲနိုင်စွမ်း ရှိပါတယ်။ ကောင်းကင်ရုံးတော်နဲ့ နတ်ဆိုးရုံးတော်ရဲ့ စစ်ပွဲကို ကြည့်ပါ။
ကောင်းကင်တာအို စိတ်ဝိညာဉ်ကျောက်တုံးနဲ့ ကြမ္မာဆိုးစာအုပ် ပေါင်းစပ်သွားတဲ့အခါမှာ အနက်ရောင် ဖြာထွက်လာပြီး ဟန်ကျွယ်မျက်နှာကို လာဟပ်ပါတယ်။ ကျင့်ကြံခြင်းလိုဏ်ဂူ တစ်ခုလုံးကို အနက်ရောင်တွေ လွှမ်မိုးသွားတာကြောင့် နတ်ဆိုးလိုဏ်ဂူလို့ ကြောက်မက်ဖွယ် ကောင်းသွားပါတယ်။
ခုနစ်ရက် ကြာတဲ့အခါမှာတော့…။
[ကြမ္မာဆိုးစာအုပ်သည် နတ်မင်းအဆင့် စိတ်ဝိညာဉ်ရတနာမှ နတ်မင်းအဆင့် အကောင်းစားရတနာ အဖြစ်သို့ အဆင့်မြှင့်တက်သွား၏။]
နတ်မင်းအဆင့် အကောင်းစားရတနာ။
သက်တမ်း မသုံးရင်တောင် ဟန်ကျွယ်ရဲ့ ကျိန်စာတိုက်မှုကို နတ်မင်းအဆင့် ကျင့်ကြံသူတွေ တောင့်ခံနိုင်မှာ မဟုတ်တော့ပါဘူး။ သက်တမ်းသုံးပြီး ကျိန်စာတိုက်ရင်တော့ နတ်မင်းအဆင့် ကျင့်ကြံသူတွေ မရဏလမ်း မြန်းရမှာ သေချာသလောက် ရှိနေပါပြီ။
ဟန်ကျွယ်ဟာ အရင်ဆုံး စမ်းသပ်တဲ့အနေနဲ့ ဇုထူကို ကျိန်စာတိုက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဇုထူကလွဲရင် တခြားရန်သူတွေက ကြမ္မာဆိုးစာအုပ်ရဲ့ အစွမ်းကို စမ်းသပ်ဖို့ အဆင်မပြေလှပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ တချို့က ကျင့်ကြံမှုမမြင့်လို့ပါ။ တချို့ကျပြန်တော့လည်း သေအောင်ကျိန်စာတိုက်ဖို့ အဆင်မပြေလို့ပါ။
ကျိန်စာတိုက်လို့ ငါးရက် ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ရဲ့ သက်တမ်းဟာ စတင်လျော့ကျ လာပါတယ်။
တခြားတစ်ဖက်မှာတော့ ရှန်နန်းတော်ထဲက ဇုထူဟာ ဟန်ကျွယ်ရဲ့ ကျိန်စာကို ခုခံနေပါတယ်။ ဇုထူဟာ ကျိန်စာစွမ်းအားက အရင်ကထက် ပိုပြင်းထန်လာတဲ့အတွက် လန့်သွားပါတယ်။
‘ကျိန်စာစွမ်းအားက ထပ်ပြင်းလာတာလား၊ ဒါ ငါ့အတွင် သတင်းဆိုးပဲ၊ အမှောင်သခင်ကြီးက ကောင်းကင်တာအိုဗုဒ္ဓနဲ့ နတ်ဆိုးဧကရာဇ်ကို ရှင်းပစ်ပြီးလို့ မြားဦးကို ငါ့ဘက် လှည့်လာတာလား… ဟမ်… မင်း ဘာလုပ်နိုင်လဲဆိုတာ ကြည့်ကြတာပေါ့’
ဇုထူဟာ အမှောင်သခင်ကြီးက သူ့ထက် စွမ်းအားကြီးတယ်ဆိုတာကို မယုံကြည်ပါဘူး။ ဒီအချိန်မှာပဲ ကျိန်စာစွမ်းအားက ဆက်ပြီးတော့ ပြင်းထန်လာပါတယ်။ ဒီလိုနဲ့ လေးနာရီကြာတဲ့အခါမှာတော့ ဇုထူဟာ မျက်နှာအကြီးအကျယ် ပျက်သွားပြီး တစ်စုံတစ်ခု မှားယွင်းလာတာကို သတိထားမိလိုက်ပါတယ်။ ဒါကြောင့် ဇုထူဟာ ရွေးချယ်စရာ မရှိဘဲ ကျိန်စာစွမ်းအားကို အင်တိုက်အားတိုက် ခုခံရပါတော့တယ်။
နောက်နေ့မှာတော့ ဇုထူဟာ သူအချိန်ကြာကြီး ပြင်ဆင်ခဲ့ရတဲ့ ဝိညာဉ်ရတနာကို ထုတ်ယူလိုက်ပါတယ်။ ဒီရတနာက အနီရောင်ကြာပန်း ဖြစ်ပါတယ်။ ဇုထူဟာ အနီရောင်ကြာပန်းကို ဝမ်းဗိုက်ရှေ့မှာ ကိုင်ထားလိုက်တဲ့အခါ အနီရောင်ကြာပန်းကနေ အနီရောင်ချီတွေ ထွက်ပေါ်လာပြီး ဇုထူရဲ့ ခန္ဓာကိုယ်ထဲ ဝင်သွားပါတယ်။ ဒါတောင် ဇုထူရဲ့ မျက်နှာက သေခါနီးလူနာလို သွေးဆုတ်နေပါတယ်။
ကျင့်ကြံခြင်းလိုဏ်ဂူထဲက ဟန်ကျွယ်ရဲ့ မျက်လုံးတွေဟာ သွေးလို နီရဲနေပါတယ်။ ဟန်ကျွယ်ဟာ သက်တမ်း ရှစ်ဘီလီယံ ဆုံးရှုံးသွားပြီ ဖြစ်တဲ့အတွက် နောက်ထပ် နှစ်ဘီလီယံ ကုန်ရင် ကျိန်စာတိုက်တာ ရပ်ဖို့ ဆုံးဖြတ်ထားပါတယ်။
ဟန်ကျွယ်ဟာ သက်တမ်း ပိုသုံးမိမှာ စိုးတဲ့အတွက် ကိုယ်ရေးအကျဉ်းကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေပါတယ်။
နှစ်နာရီကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို အောက်ချလိုက်ပါတယ်။ ဟန်ကျွယ် လေပူတစ်ချက် မှုတ်ထုတ်ပြီး ရေရွတ်လိုက်ပါတယ် “ခံစားလို့ ကောင်းလိုက်တာ”
ကြမ္မာဆိုးစာအုပ်က အဆင့်မြှင့်တက်သွားတာ ဖြစ်တဲ့အတွက် ဇုထူ တစ်ခုခုဖြစ်လိမ့်မယ်လို့ ဟန်ကျွယ် ယုံကြည်ထားပါတယ်။
တခြားတစ်ဖက်မှာတော့…။
ဇုထူဟာ မနေနိုင်ဘဲ သွေးတစ်လုတ် အန်ထုတ်လိုက်ပါတယ်။ ဇုထူဟာ သူ့ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းအချို့ကို ညာလက်နဲ့ ဖိပြီး ပြင်းထန်တဲ့ ဝိညာဉ်စွမ်းအားကို ထိန်းချုပ်ဖို့ ကြိုးစားပါတယ်။
‘ခွီးတဲ့မှပဲ… သူ့ကျိန်စာက ဘယ်လိုလုပ်ပြီး ဒီလောက်တောင် ပြင်းထန်ရတာလဲ၊ သူ့ ကျင့်ကြံမှုက ငါ့ထက် မြင့်နေလို့လား၊ ဒါမှမဟုတ် အထူးနည်းလမ်းကို သုံးနေတာလား’
ဇုထူဟာ အံကြိတ်လိုက်ပြီး ဒေါသချောင်းချောင်း ထွက်သွားပါတယ်။ အချိန်အကြာကြီး ကျိန်စာတိုက်တာက ကျိန်စာတိုက်တဲ့လူကို တန်ပြန်ထိခိုက်စေပါတယ်။ ဒါကြောင့် ပုံမှန်အခြေအနေမှာ လူတစ်ယောက်ကို တစ်ရက်ထက် ပိုပြီး ကျိန်စာတိုက်လေ့ မရှိပါဘူး။ ဒါပေမဲ့ အမှောင်သခင်ကြီးရဲ့ ကျိန်စာကတော့ ဆယ်ရက်တောင် ကြာပါတယ်။
‘ငါသာ ဒီရက်ထဲ တိုက်ခိုက်နေရရင် ဘယ်လိုဖြစ်သွားမလဲ’
ဇုထူဟာ အမှောင်သခင်ကြီးရဲ့ စွမ်းအားကို ပထမဆုံးအကြိမ် ကြောက်ရွံ့ထိတ်လန့်သွားပါတယ်။
‘မဖြစ်ဘူး… ငါ သူ့ကို ရှာတွေ့မှ ဖြစ်မယ်’
‘ဒီအတောအတွင်း အမှောင်ဂိုဏ်းက ကောင်းကင်ရုံးတော်ကို သစ္စာခံလိုက်တာဆိုတော့ အမှောင်သခင်ကြီးက ကောင်းကင်ရုံးတော်မှာ ရှိနေတာလား’
ဇုထူဟာ တွေးလေလေ သူ့ခန့်မှန်းချက်က ဖြစ်နိုင်တယ်လို့ ခံစားလာရပါတယ်။
တာအိုဂိုဏ်းနဲ့ အမှောင်ဂိုဏ်းက ကောင်းကင်ရုံးတော်ကို ကူညီထောက်ပံ့ထားပါတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် လျှို့ဝှက်ဆန်းကြယ် အင်အားတစ်ခုက နောက်ကွယ်ကနေ ကောင်းကင်ရုံးတော်ကို အမြင့်တွန်းတင်နေတာ ထင်ရှားပါတယ်။
‘ငါသာ ကောင်းကင်ရုံးတော်ကို အနိုင်ယူလိုက်ရင် အမှောင်သခင်ကြီး ငြိမ်နေမှာ မဟုတ်လောက်တော့ဘူး၊ အမှောင်သခင်ကြီး ပေါ်လာတာနဲ့ ငါ့မှာ သတ်ပစ်ဖို့ နည်းလမ်းရှိတယ်’ ဒီအတွေးကြောင့် ဇုထူရဲ့ မျက်လုံးတွေဟာ အေးစက်သွားပါတယ်။
နှစ် ၂၀ ကြာပြီးနောက်။
ဟန်ကျွယ်ဟာ ကျင့်ကြံအားထုတ်တာရပ်ပြီး ထုံးစံအတိုင်း ဆယ်နှစ်တစ်ကြိမ် တာဝန်ကို ထမ်းဆောင်ပါတယ်။ သူ့အကျင့်အတိုင်း ဟန်ကျွယ်ဟာ ရန်သူတွေကို ကျိန်စာတိုက်ရင်း စာအိတ်တွေကို စစ်ဆေးလိုက်ပါတယ်။
[သင့်မိတ်ဆွေ ဂျိရှင်းရှန်သည် သင့်မိတ်ဆွေ လွမ်ဟွေ အင်မော်တယ်ဧကရာဇ် တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။]
[သင့်မြေးတပည့် ဖန်းလျန်သည် သင့်မိတ်ဆွေ လွမ်ဟွေ အင်မော်တယ်ဧကရာဇ် တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။]
[သင့်မိတ်ဆွေ လီတောက်ခုံးသည် လျှို့ဝှက်ဆန်းကြယ် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။]
[သင့်မိတ်ဆွေ ဟွမ်ဂျိဟောင်သည် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး၏ အမွေအနှစ်အား ဆက်ခံရရှိပြီး ဓားတာအို ပြောင်းလဲကာ ဧကရာဇ်အဆင့်သို့ ခြေလှမ်းတစ်ဝက် ဝင်ရောက်သွား၏။]
[သင့်တပည့် လုံဟောင်သည် ကံတရား မဟာတာအိုအား သိမြင်နားလည်ပြီး ကျင့်ကြံမှုများစွာ တိုးတက်သွား၏။]
[သင့်မိတ်ဆွေ ကောင်းကင်ဧကရာဇ်သည် ကောင်းကင်ရုံးတော်ရှိ အင်မော်တယ်နှင့် နတ်ဘုရားများ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] X၂၈၀
[သင့်မိတ်ဆွေ ဟွမ်ဇွမ်တျန်သည် တာအိုပညာရှိတစ်ပါး၏ လမ်းညွှန်ပြသမှုကြောင့် ဆန်းကြယ်စွမ်းအား တစ်ပါးကို သင်ယူတတ်မြောက်သွားပြီး ကျင့်ကြံမှုနှင့် ကံတရား အထောက်အပံ့ နှစ်ခုစလုံး များစွာ တိုးတက်သွား၏။]
[သင့်မိတ်ဆွေ ကျိုးဖန်သည် အမှောင်ဂိုဏ်းသို့ ဝင်ရောက်သွားသောကြောင့် ကံတရား အထောက်အပံ့ ပြောင်းလဲသွား၏။]
ဟန်ကျွယ်ဟာ ဒီအတောအတွင်း ကျိန်စာတိုက်ခံရတာ မတွေ့တဲ့အတွက် ရွှယ်မင်းဟန်နဲ့ ဇုထူ ငြိမ်ချက်သား ကောင်းနေတယ်လို့ ခံစားလိုက်ရပါတယ်။
ဒီအချိန်မှာပဲ ဟန်ကျွယ်ဟာ ကောင်းကင်ဧကရာဇ် တိုက်ခိုက်တာ ခံရတာကို တွေ့သွားပါတယ်။ တိုက်ခိုက်တဲ့သူတွေကလည်း တခြားမဟုတ်ဘဲ အင်မော်တယ်နဲ့ နတ်ဘုရားတွေ ဖြစ်နေတဲ့အတွက် ကောင်းကင်ရုံးတော်ထဲမှာ သစ္စာဖောက် တော်တော်များတာပဲလို့ ဟန်ကျွယ် ခံစားလိုက်ရပါတယ်။ ကောင်းကင်ဧကရာဇ် အယုံကြည်ရဆုံး တိထိုက်ပိုင်တောင် လွမ်ဟွေ အင်မော်တယ်ဧကရာဇ် ဖြစ်နေမှာတော့ တစ်ခြားအင်မော်တယ်တွေ ၁၀၀ ရာခိုင်နှုန်း သစ္စာမရှိတာကလည်း အဆန်းတော့ မဟုတ်ပါဘူး။
ဟန်ကျွယ်ဟာ ကောင်းကင်ဧကရာဇ်ကို ယုံကြည်တာကြောင့် ကောင်းကင်ရုံးတော် အတွက် မစိုးရိမ်ပါဘူး။ ကောင်းကင်ဧကရာဇ်သာ သာမန်ဆိုရင် ကောင်းကင်ဧကရာဇ် ပလ္လင်ပေါ်မှာ ထိုင်နိုင်မှာ မဟုတ်ပါဘူး။
ဒါ့အပြင် ဟန်ကျွယ် အာရုံကို ဆွဲဆောင်လိုက်တာက ဟွမ်ဇွမ်တျန်ပဲ ‘ဒီကောင်က တာအိုပညာရှိနဲ့တောင် ဆက်သွယ်မိသွားပြီလား’
ဟန်ကျွယ်ဟာ နောက်ကျလို့ ဟွမ်ဇွမ်တျန်ကို တွေ့ရင် သတိကြီးကြီးထားဖို့ ဆုံးဖြတ်လိုက်ပါတယ်။ တာအိုပညာရှိရဲ့ နည်းလမ်းတွေက ခန့်မှန်းမရတဲ့အတွက် ဟွမ်ဇွမ်တျန်ကို ဘယ်လိုလုပ်မလဲဆိုတာ ဟန်ကျွယ် မသိပါဘူး။
တာအိုပညာရှိတွေက လောကကြီးထဲ ဝင်လို့မရပေမဲ့ နယ်ရုပ်တွေကိုတော့ ထိန်းချုပ်လို့ရပါတယ်။ ဥပမာပေးရရင် နွီဝါနန်းတော်လိုမျိုးပေါ့။
ဟန်ကျွယ် တွေးတောနေတုန်းမှာပဲ ကြီးကျယ်ခမ်းနားလှတဲ့ ဖိအားတစ်ခု ဆင်းသက်လာပြီး ကျို့ယိုငရဲတစ်ခုလုံးကို လွှမ်းမိုးသွားပါတယ်။ အဲဒီနောက် ချက်ချင်းဆိုသလိုပဲ အထက်စီးက ပြောဆိုတဲ့ ဟစ်ကြွေးသံတစ်ခု ထွက်ပေါ်လာပါတယ်။
“ကောင်းကင်တာအိုရဲ့ သက်ရှိအားလုံး… နားထောင်ကြ၊ ရှန်နန်းတော်က မိစ္ဆမျိုးနွယ်စု ထောက်ပံ့ထားတဲ့ ရုပ်သေးရုပ်တစ်ရုပ်ပဲ၊ သူတို့တွေ အင်အားကြီးလာတာနဲ့ သက်ရှိအားလုံးကို မျိုးတုံးသတ်ပစ်ဖို့ စီစဉ်ထားတယ်၊ ဒါကြောင့် ရှန်နန်းတော်ရဲ့ တပည့်တွေကို သတ်ပစ်မယ်ဆိုရင် ကုသိုလ်ကံကို ရရှိလိမ့်မယ်၊ မင်းတို့ရဲ့ အကျိုးဆောင်မှုအလိုက် ကောင်းကင်ရုံးတော်ကလည်း ဆုချီးမြှင့်မယ်၊ ရှန်နန်းတော်တပည့်တွေရဲ့ တိုကင်တွေကို ကောင်းကင်ရုံးတော်ဆီ ယူလာပြီး ဆုလက်ခံပါ၊ မင်းတို့တွေ နတ်ဘုရား ဒါမှမဟုတ် အင်မော်တယ် ဖြစ်နိုင်တယ်၊ ဒါ့အပြင် ကောင်းကင်တာအို ကုသိုကံကိုလည်း စံစားနိုင်မယ်”
“ဇုထူကို သတ်မယ်ဆိုရင် ကောင်းကင်ရုံးတော်က ဧကရာဇ်ဘွဲ့ ပေးအပ်ချီးမြှင့်မယ်”
ဒီအသံက ကောင်းကင်ဧကရာဇ်ရဲ့ အသံပါ။
ဟန်ကျွယ်ဟာ အံအားသင့်သွားပါတယ် ‘ဘာဖြစ်သွားတာလဲ၊ ကောင်းကင်ဧကရာဇ်က ဘာဖြစ်လို့ ဒီလို ကြော်ငြာရတာလဲ၊ ရှန်နန်းတော်နဲ့ စစ်ခင်းတော့မလို့လား’
ဟန်ကျွယ်ဟာ ရှန်နန်းတော်အတွက် သက်ပြင်းမချဘဲ မနေနိုင်ပါဘူး။ မိစ္ဆာမျိုးနွယ်စု ကျူးလွန်ထားတဲ့ အပြစ်တွေက များလွန်းတဲ့အတွက် ကောင်းကင်ဧကရာဇ်ရဲ့ ဒီကြော်ငြာချက်ဟာ ရှန်နန်းတော်ကို လောကတစ်ခုလုံးရဲ့ ရန်သူလုပ်လိုက်တာပါပဲ။
ဇုထူဟာ မိစ္ဆာမျိုးနွယ်စုက မဟုတ်ဘဲ ကျယ်ကျောင်းတော်ရဲ့ ဒုဂိုဏ်းချုပ်ဆိုတာကို ဟန်ကျွယ် သိပါတယ်။ ဒါပေမဲ့ ကျယ်ကျောင်းတော်မှာလည်း သစ္စာဖောက်တွေ အများကြီးဆိုတော့ အခုလက်ရှိ ဇုထူက ကျယ်ကျောင်းတော်ဘက်က မဖြစ်နိုင်ပါဘူး။ သူတို့တွေက ကမ္ဘာမကျေရန်သူတွေတောင် ဖြစ်နိုင်ချေ ရှိပါတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။
Chapter – 367
? Views, Released on December 6, 2024