Chapter – 54
“ရှင်ယောကျာ်းတစ်ယောက်မဟုတ်ဘူးလား”
၀မ်ရမ်ချူးချူးမှ အေးစက်စက်ဖြင့် –
“မော်တယ်ကမ္ဘာမှာ ဒီလိုထူးခြားတဲ့ ကျင့်စဉ်မျိုး ဘယ်လိုလုပ်ပြီး ရှိမှာလဲ . . .”
ရဲရှောင်မှ မထူးခြားဟန်ဖြင့် –
“တကယ်လို့ မိန်းကလေးချူးချူး လေ့ကျင့်တဲ့ ကျင့်စဉ်က မင်းကယ်တင်ဖို့ ကြိုးစားတဲ့လူရဲ့ ကျင့်စဉ်နဲ့ အတူတူပဲဆိုရင် မင်းလည်း နောက်ပိုင်း ဒီပြဿနာမျိုးကို ရင်ဆိုင်ရမှာ အသေအချာပဲ . . .”
ရှောင်ဧကရာဇ် မိန်းကလေးအား ခြေဆုံးခေါင်းဆုံးကြည့်ကာ ပြောလိုက်သည်။
၀မ်ရမ်ချူးချူး ကြက်သီးများပင် ထသွားမိပြီး သူမကိုယ်သူမလည်း ပြန်လည်၍ ငုံ့ကြည့်ရင်း ဒေါသတကြီးဖြင့် –
“ရှင်ဘာကြည့်နေတာလဲ . . .”
“မင်းရဲ့ ခန္ဓာကိုယ်ကို ကြည့်နေတာလေ။ လက်ရှိအခြေအနေအရ မိန်းကလေးချူးချူးရဲ့ အားအင်၊ အသွေးအသားနဲ့ အရိုးတွေရဲ့ ဖွဲ့စည်းတည်ဆောက်ပုံအရ နှစ်တစ်ထောင်မှာ တစ်ယောက်တောင် မြင်ရခဲတဲ့ ပါရမီရှင်မျိုးပဲ။ မင်းရဲ့ သူများထက် ထူးခြားနေတဲ့ အရာကတော့ မင်းမှာ သန့်စင်တဲ့ ယင်ခန္ဓာကိုယ် ရှိနေတာပေါ့ . . .”
ရဲရှောင်မှ ဆက်လက်၍ –
“မင်းက တကယ်ထူးချွန်တဲ့ ပါရမီရှင် တစ်ယောက်ပါ”
၀မ်ရမ်ချူးချူးမှာ ရဲရှောင်၏ အကြည့်ကြောင့် ဒေါသထွက်လျက် ရှိနေသည်။ ထိုကဲ့သို့ ဒေါသထွက် သည့် တချိန်တည်းမှာပဲ အံ့သြတုန်လှုပ်လျက်လည်း ရှိနေပါသည်။
(သူက ငါ့ရဲ့ ကျင့်စဉ်စွမ်းအားတွေနဲ့ ခန္ဓာကိုယ် တည်ဆောက်ပုံကိုတောင် သိနေပါလား)
“ဒါပေမဲ့ နည်းနည်းတော့ စိတ်ပျက်စရာ ကောင်းတယ်”
ရဲရှောင် တခဏမျှ နားလိုက်ပြီး ဆက်လက်၍ –
“မင်းရဲ့ ပါရမီ၊ မင်းရဲ့ အရည်အချင်းနဲ့ ကျင့်ကြံမှုကြောင့် လျင်လျင်မြန်မြန်ပဲ တိုးတက်သွားလိမ့် မယ်။ ဒါပေမဲ့ မင်းမြန်မြန်တိုးတက်လေ သေဖို့နီးလာလေပဲ။ မင်းကိုငါက ဂုဏ်ယူပါတယ်ပဲ ပြောရမလား၊ ဒါမှမဟုတ် ဘယ်လိုပြောရမလဲ ဆိုတာကိုတောင် မသိတော့ပါဘူး . . .”
၀မ်ရမ်ချူးချူးမှာ လုံးဝကို ဆွံ့အလျက် ရှိနေပါသည်။
(ဒီလူက စကားလည်း ကောင်းကောင်း ပြောတတ်တာပဲ . . .)
၀မ်ရမ်ချူးချူး၏ ပုံစံမှာ ရေခဲတမျှကို အေးစက်စက် ဖြစ်နေသည်။ ပြုံးပင် မပြုံးနိုင်တော့ပဲ –
“နောင်ကြီးဖန် . . . ကျွန်မ ရှင့်ပါးစပ်ကနေ ကြားချင်တဲ့ စကားတစ်ခွန်းရှိတယ်။ ရှင့်မှာ လက်တွေ့ကျတဲ့ ဖြေရှင်းနိုင်စွမ်း ရှိလား မရှိဘူးလား . . .”
သူမဆိုလိုချင်သည်မှာ သူမအနေဖြင့် ယခုကဲ့သို့ သူမသေမည့်ကိစ္စများအား ပြောဆိုနေခြင်းကို နားမထောင်ချင်ဟု ပြောချင်နေခြင်းပင် ဖြစ်သည်။
“မင်းကဘာလို့ စိတ်မရှည်နိုင် ဖြစ်နေရတာလဲ . . . ငါကအခု မင်းရဲ့ ပြဿနာကို သေချာရှင်းပြ ပေးနေတာလေ။ ပြဿနာတစ်ခုက ဖြေရှင်းချက်မရှိဘဲနဲ့ ငါက ဘယ်လိုပြေလည်အောင် လုပ်ပေးနိုင်မှာလဲ။ ကောင်းပြီ . . . ရိုးရိုးလေးပဲ သွားကြတာပေါ့။ ဒီပြဿနာရဲ့ အဖြေက ငါကျင့်ကြံနေတဲ့ ကျင့်စဉ်အပေါ်မှာ အများဆုံး မူတည်နေတယ် . . .”
ရဲရှောင် ပြောလိုက်သည်။ ဆက်လက်၍ –
“ငါက ဆေးပညာရှင်တစ်ယောက် . . . အဲဒါကြောင့် ငါဆေးလုပ်တဲ့ နေရာမှာ အသုံးပြုတဲ့ မီးက တခြားလူတွေနဲ့ မတူဘူး။ အဲဒါကြောင့်ပဲ ဒဏ္ဍာရီလာ ထူးခြားအစွမ်းထက်တဲ့ ဆေးလုံးတွေကို လုပ်နိုင်တာ။ နောက်ပြီး ဆေးပညာဒဏ္ဍာရီအရ ငါ့ရဲ့မီးက ခရမ်းရောင်ကောင်းကင်မီးတောက်လေ”
“ခရမ်းရောင်ကောင်းကင်မီးတောက် ဟုတ်လား . . .”
၀မ်ရမ်ချူးချူး မျက်မှောင်ကြုတ်လျက် မေးလိုက်သည်။
(ဒီလိုမီးမျိုးက တကယ်ရော တည်ရှိနေလို့လား . . . ဒဏ္ဍာရီတစ်ခုပဲ မဟုတ်ဘူးလား . . .)
ရဲရှောင်မှာ ဆေးပညာဒဏ္ဍာရီဟူသည့် စကားကို တည်ငြိမ်သော လေသံဖြင့်ပင် ပြောလိုက်ခြင်း ဖြစ်သည်။ ဆက်လက်၍ –
“ခရမ်းရောင်ကောင်းကင်မီးက ကမ္ဘာမှာ နံပါတ် ၁ ကောင်းကင်မီးပဲ . . . ဆေးလုပ်ရတဲ့ မီးတောက်တွေရဲ့ ဖခင်ဆိုလည်း မမှားဘူး။ ငါသာ ပါရမီမပါဘူး၊ ကံမကောင်းခဲ့ဘူးဆိုရင် ဒီလိုမီးကို ပိုင်ဆိုင်နိုင်မှာ မဟုတ်ဘူး။ တနည်းအားဖြင့် ကမ္ဘာပေါ်မှာ ဒီလိုမီးတောက်မျိုး ပိုင်ဆိုင်တဲ့လူ နောက်တစ်ယောက် လုံးဝကို မရှိဘူး . . .”
“ရှင်ပြောတာက သေချာလို့လား . . .”
၀မ်ရမ်ချူးချူး မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
“ငါနဲ့ အဆင့်တူရှိတဲ့ တခြားလူတစ်ယောက် ရှိမယ်ဆိုရင် ဒီမယ် မိန်းကလေးချူးချူး . . .”
ရဲရှောင် လုံးဝကို ယုံကြည်မှုရှိသည့် ဟန်ပန်လုပ်လိုက်သည်။ ထို့နောက် တည်ကြည်ပြတ်သားသော လေသံဖြင့် –
“ငါ . . . ဖန်ဇီလင် မင်းနဲ့ အခု လောင်းကြေးစားကြေးတစ်ခုတောင် လုပ်လိုက်ချင်သေးတယ်။ ငါ့လိုလူ နောက်တစ်ယောက် ရှိမယ်ဆိုရင် င့ါတဘ၀လုံး မင်းကို ဆေးလုပ်ပေးရင်းနဲ့ ကုန်ဆုံးစေရမယ်လို့ ငါကျိန်ပြောဝံ့တယ်။ အနည်းဆုံးတော့ တစ်လကို တစ်ကြိမ်၊ တစ်ကြိမ်ကို ၁၀ လုံးလောက်ပေါ့။ အားလုံးကလည်း ဆေးတိမ်တိုက်ပါတဲ့ ဆေးလုံးတွေပဲ လုပ်ပေးမှာနော် . . .”
၀မ်ရမ်ချူးချူး ရဲရှောင်အား အကဲခတ်သလို ကြည့်နေမိလေသည်။
ထိုကဲ့သို့သော ခိုင်မာပြတ်သားသည့် စကားများကြောင့် သူမနှလုံးသားပင် တုန်သွားတာကို ခံစားမိလိုက်၏။
ရဲရှောင်ပြောခဲ့သည့် စကားများအနက် “အားလုံးကလည်း ဆေးတိမ်တိုက်ပါတဲ့ ဆေးလုံးတွေပဲ” ဆိုသည့် စကားများမှာ လူတိုင်း၏ သွေးများကိုပင် ဆူပွက်သွားစေနိုင်လောက်သည် မဟုတ်ပါလား။
ခရမ်းရောင်ကောင်းကင်မီးမှာ တကယ်ကိုပင် ရှိနေတာဖြစ်ကြောင်း သူမ ယုံချင်သလိုလို ဖြစ်လာပါသည်။
“ရှင်က ဒီလောက်ထိ ပြောနေမှတော့ ကျွန်မ ဘယ်လို မယုံနိုင်ဘဲ နေပါတော့မလဲ . . .”
၀မ်ရမ်ချူးချူး ပြောလိုက်သည်။
“ဒါဆို ရှင့်ရဲ့ ခရမ်းရောင်ကောင်းကင်မီးတောက်ကို ကျွန်မကြည့်လို့ ရနိုင်မလား။ မျက်မြင်တွေ့ရ တော့ ပိုပြီး ယုံကြည်နိုင်တာပေါ့။ ရှင့်အနေနဲ့ ဒီလောက်တောင်းဆိုမှုလေး လောက်ကိုတော့ ဖြည့်ဆည်း ပေးနိုင်လောက်မယ် ထင်ပါတယ် . . .”
ရဲရှောင်မှ ခပ်တည်တည်ပင် –
“စိတ်မကောင်းဘူး . . . ငါ့ရဲ့မီးတောက်က မမြင်နိုင်ဘူး ဒါပေမဲ့ ခံစားသိရှိနိုင်ပါတယ် . . .”
“အဲဒီလို ထူးခြားနေတာကြောင့်ပဲ ငါက အရမ်း ယုံကြည်ချက် ရှိနေရတာပေါ့ . . .”
ရဲရှောင် အေးအေးဆေးဆေးပင် ပြောလိုက်ပြန်ပါသည်။ ဆက်လက်၍ –
“ငါပြောတဲ့ ကျင့်စဉ်ကို မင်းကျင့်နေတာ အဆင့်တစ်ခုထိ ရောက်နေပြီလို့တော့ ငါထင်ပါတယ်။ အဲဒါကြောင့် မင်းအနေနဲ့ သိပ်မကြာခင်မှာ မှင်ရောင်အားဖြည့် ကြာပန်းပင်ကို လိုအပ်တော့မယ် ဆိုတာ သေချာတယ်။ ဒီလိုလုပ်ကြရအောင် . . . ငါက ဒီမှာအခုပဲ မင်းရဲ့ ပြဿနာကို ဖြေရှင်းပေးလိုက်မယ်။ မင်းအရင်အစမ်းသပ်ခံကြည့်လိုက်ပေါ့။ ငါလုပ်ပြီးသွားရင် မင်းကြာပန်းပင်ကို လိုတော့မှာ မဟုတ်ဘူး ဆိုတာကို အာမခံပါတယ်။ နောက်တစ်ခေါက်မှသာ ကျောက်စိမ်းအားဖြည့် ကြာပန်းပင်ကို လိုလာမှာပေါ့။ မင်းကိုယ်တိုင် စမ်းကြည့်လိုက်တော့ မင်းလည်း သံသယ ကင်းသွားနိုင်မှာ မဟုတ်လား . . .”
၀မ်ရမ်ချူးချူးမှ အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ရင်း –
“တကယ်လား . . .”
သူမသည် တခြားသော အဆင့်တူများနှင့် ယှဉ်လျှင် အလွန်ကို ပါရမီထူးချွန်သူဟု ဆိုနိုင်ပါသည်။ သူမ၏ ကျင့်ကြံမှုမှာ အလွန်ကို မြန်ဆန်လှပြီး သူမထက်အရင် ကျင့်ကြံသူများထက်ပင် ပိုမို၍ သာလွန်နေပြီ ဖြစ်ပါသည်။
သို့သော်လည်း ရဲရှောင် ဖော်ပြပုံအရ သူမမြန်မြန်ကျင့်ကြံနိုင်လေ သူမအတွက် အန္တရာယ်နှင့် နီးကပ်လေလေပင် မဟုတ်ပါလား။
သူများတွေအဖို့ ယခုသူမကဲ့သို့ အဆင့်သို့ ရောက်ရှိရန် နှစ်ပေါင်း ၃၀၀ လောက် ကြာမြင့်နိုင်မည် ဖြစ်ပြီး သူမကတော့ ၁၀ နှစ်လောက်သာ ကြာမြင့်ခဲ့တာ ဖြစ်၏။
ယခုရဲရှောင်ပေးလိုက်သည့် အတွေးသည် သူ့အား ညပေါင်းများစွာ အိပ်မက်ဆိုးများ မက်စေနိုင် တော့မည် ဖြစ်သည်။
မှင်ရောင်အားဖြည့် ကြာပန်းမှာ အလွယ်တကူ ရှာဖွေတွေ့ရှိနိုင်သည့် အရာမျိုးလည်း မဟုတ်ချေ။
အလွန်ကို ရှားပါးလှပြီး ရတနာတစ်ခုဆိုလည်း မမှားပါချေ။
သူမအနေဖြင့် မည်သည့်နေရာမှ ရရှိနိုင်ပါမည်နည်း . . .
တကယ့်ကို ပြဿနာ တစ်ခုပါပင်။
သူမအရှေ့ရှိ လူကသာ သူမ၏ ပြဿနာများအား ဖြေရှင်းနိုင်လိမ့်မည်ဟု တွေးလိုက်မိသည်။ ရဲရှောင်အား ဖမ်းဆီးပြီးနောက် အတင်းအကြပ်ဆေးများ ပြုလုပ်ခိုင်းတာထက်စာလျှင် ယခုကဲ့သို့ မိတ်ဆွေအဖြစ် လက်ခံလိုက်ခြင်းမှာ ပို၍ ကောင်းမွန်မည် မဟုတ်ပါလား။
“သေချာတာပေါ့ . . . အစစ်အမှန်ပဲ . . .”
ရဲရှောင် စိတ်သက်သာရာ ရသွားသလို ခံစားလိုက်ရ၏။ သူ့အနေဖြင့် အန္တရာယ်ရှိသည့် အခြေအနေမှ တ၀က်လောက် ကျော်ဖြတ်နိုင်သွားပြီဟု ဆိုနိုင်သည် မဟုတ်ပါလား။
၀မ်ရမ်ချူးချူး ညင်သာစွာ ပြုံးလိုက်ပြီး ချက်ချင်းဆိုသလို ရဲရှောင်၏ ခန္ဓာကိုယ်မှ အကြောများအား ဖွင့်ပေးလိုက်ပါသည်။ ရဲရှောင်မှ ရုတ်တရက် သူ့ခန္ဓာကိုယ်အတွင်းမှ စွမ်းအားများ ပြန်လည် ရရှိလိုက်သလို ခံစားလိုက်ရပြီး နေလို့ကောင်းသွားလေသည်။ ယခုမှသာ သူလွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်ပြီ ဖြစ်၏။
သူ၏ ကျင့်စဉ်များ ပုံမှန်အတိုင်း လည်ပတ်နိုင်သွားပြီ ဖြစ်သဖြင့် ပုံမှန်အခြေအနေသို့ ပြန်ရောက်သွားပါပြီ။
၀မ်ရမ်ချူးချူး ညင်သာစွာ ပြုံးလိုက်ပြီး –
“နောင်ကြီးဖန် . . . ရှင့်ကို အစောပိုင်းက အမှားလုပ်မိတဲ့အတွက် တောင်းပန်ပါတယ်။ ကျွန်မကို ယုံပေးပါ။ ကျွန်မ အစကတည်းက လုပ်ခဲ့တာတွေ အားလုံးက ရှင်နဲ့ မိတ်ဆွေ ဖြစ်ချင်လို့ပါ။ တခြား ရည်ရွယ်ချက်မျိုး လုံးဝ မရှိပါဘူး . . .”
“ဒါပေါ့ . . . ငါမင်းကို ယုံကြည်ပါတယ် . . .”
ရဲရှောင် အရိုးသားဆုံးဟန်ဖြင့် ပြုံးပြလိုက်သည်။ သူမလိမ်ကြောင်း သူ့မျက်ဝန်းများမှ သက်သေ ပြနေသလိုပါပင်။
ထိုအချိန် သူတွေးနေမိသည်မှာတော့ –
(ငါသာ မင်းကို တကယ်ယုံလိုက်ရင် ကမ္ဘာပေါ်မှာ အရူးမိုက်ဆုံး လူတစ်ယောက် ဖြစ်သွားမှာပေါ့)
၀မ်ရမ်ချူးချူးလည်း ရဲရှောင်အပေါ် စိတ်ကောင်းဝင်လာဟန်ပါပဲ။ သူမ၏ အစေခံများအား စားသောက်စရာများကို မှာကြားလိုက်ပြီး ရဲရှောင်ကို အဖိုးတစ်ယောက်ကဲ့သို့ ဆက်ဆံလိုက်သလိုပါပင်။
၀ရန်တာတစ်ခု . . .
လေပြေလေညှင်းလေးများ . . .
အစိမ်းရောင် သစ်ပင်များ . . .
အနီရောင် ပန်းလေးများ ရှိသည့် နေရာတွင် ယောကျာ်းတစ်ဦးနှင့် မိန်းမတစ်ဦးတို့သည် မျက်နှာချင်းဆိုင် ထိုင်နေကြလေ၏။ လေပြေလေညှင်းလေးများ တိုက်ခတ်နေမှုကြောင့် အ၀တ်အစားများ ဟာလည်း လွင့်မြောလျက် ရှိနေသည်။
တကယ်ကို လှပအသက်ဝင်လှသည့် မြင်ကွင်းတစ်ခုဖြစ်ပြီး ကဗျာတစ်ပုဒ်ပင် ဆက်၍ ရနိုင်ပါသည်။
သို့သော်လည်း ထိုမြင်ကွင်းကို အရုပ်ဆိုး အကျည်းတန်စေသည့် အရာမှာ ထိုင်နေကြသည့် ၂ ယောက်လုံး၏ မျက်နှာတွင် ဟက်ဟက်ပက်ပက် နှစ်လိုဖွယ်ဟန်ပန်မျိုး ရှိမနေလို့ပါပဲ။
“နောင်ကြီးဖန် . . . ဒီပြဿနာကို ဘယ်လို ဖြေရှင်းမှာလဲ။ ကျွန်မကို နည်းနည်းလောက် ပြောပြ ပေးပါဦး။ အဲဒါမှ ကျွန်မလည်း ပြင်ဆင်စရာရှိတာ ပြင်ဆင်လို့ရမှာပေါ့။ အနည်းဆုံးတော့ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်မှုမျိုးပဲ ဖြစ်ဖြစ်လေ . . .”
၀မ်ရမ်ချူးချူး ခွက်ကို ကိုင်မြောက်လိုက်ရင်း ပြုံးလျက် ပြောလိုက်သည်။
ရဲရှောင် ချောင်းတစ်ချက်ခန့် ဟန့်လိုက်ပြီး –
“ဘာမှ ပြင်ဆင်နေစရာ မလိုပါဘူး။ လုပ်ငန်းစဉ်က ရှင်းရှင်းလေးပါ။ မင်းအနေနဲ့ တကိုယ်လုံးကို သက်တောင့်သက်သာဖြစ်အောင် လုပ်ပြီး စွမ်းအင်တွေကို လည်ပတ်နေလိုက်။ ငါကတော့ ငါ့ရဲ့ ခရမ်းရောင်ကောင်းကင်မီးတောက်ကို ငါ့လက်ကတဆင့် အသုံးပြုပြီးတော့ စွမ်းအင်သိုလှောင်ရာ နေရာရှိတဲ့ ဗိုက်ပေါ်ကို တင်ထားမှာပေါ့။ မင်းကျင့်စဉ်က မလိုအပ်တဲ့ ဘေးထွက်ဆိုးကျိုးတွေလည်း တဖြည်းဖြည်းနဲ့ သန့်စင်ပျောက်ကွယ်သွားလိမ့်မယ်”
၀မ်ရမ်ချူးချူးအား စိုက်ကြည့်လိုက်ပြီး ဆက်လက်၍ –
“မင်းရဲ့ ကျင့်ကြံမှုက အနေအထားတစ်ခုထိ ရောက်နေပြီဆိုတာ ငါသိတယ်။ ဒါပေမဲ့ ကောင်းကင် အဆင့်မှာတော့ မဟုတ်သေးဘူးမလား။ ဒီလိုဆိုရင် မင်းရဲ့ကျင့်ကြံမှုကနေ မလိုလားအပ်တာတွေကို ၃၆ ခါလောက် ဖယ်ထုတ်လိုက်ရင်ရပြီ။ အဲဒါဆိုရင် နောက်ပိုင်း မင်းအေးအေးဆေးဆေး ဆက်ပြီး ကျင့်ကြံလို့ ရပြီလေ။ နောက်တဆင့် မတက်ခင်ထိ ဘာဆိုးကျိုးမှ ဖြစ်စေမှာ မဟုတ်တော့ဘူး။ နောက်တဆင့်ကတော့ ကျောက်စိမ်းအားဖြည့်ဆေးပင်ကို သုံးရမှာပေါ့လေ။ ငါ့ရဲ့ ကုသမှုက သက်ရောက်မှုတစ်ခုတော့ ရှိမှာပါ။ မင်းကိုယ်တိုင် အစမ်းသပ်ခံရမှာဆိုတော့ မင်းကိုငါ အရူးမလုပ်ဘူးဆိုတာ မင်းသိနိုင်မှာပေါ့ . . .”
ရဲရှောင်မှာ လုပ်ငန်းစဉ်အား ရှင်းပြနေသဖြင့် ၀မ်ရမ်ချူးချူး မျက်နှာတပြင်လုံး ရဲရဲနီနေသည်ကို သတိမပြုမိခဲ့ချေ။ တကယ်တော့ မိန်းကလေးမှာ အလွန်ရှက်နေတာဖြစ်ပြီး မျက်နှာတင်မက လည်ပင်းများပင် ရဲရဲနီလျက် ရှိနေပါသည်။
သူမ၏ မျက်လုံးလေးများဟာလည်း မဟူရာကျောက်လေးများ ကဲ့သို့ပါပင်။
(ကျွန်မရဲ့ တကိုယ်လုံးကို ဖြေလျော့ထားပြီး ရှင့်လက်က ကျွန်မရဲ့ ဗိုက်ပေါ် . . .)
(ဒါ . . . ဒါ . . .)
၀မ်ရမ်ချူးချူး သေချင်စိတ်ပင် ပေါက်သွားမိ၏။
(ရှင်က ဘာမှမဖြစ်သလိုတောင် ပြောနေသေးတယ်။ မိန်းကလေးတစ်ယောက်ရဲ့ သိက္ခာ ဆိုတာကို ရော ထည့်မတွက်မိဘူးလား။ မိန်းမတစ်ယောက်ရဲ့ဗိုက်က ယောကျာ်းတစ်ယောက် အလွယ်တကူ ကိုင်နိုင်တဲ့နေရာလို့များ ရှင်ထင်နေတာလား . . .)
သနားစရာ ရဲရှောင်မှာ သူ၏ ၂ ဘ၀လုံးတွင် လူပျိုစစ်စစ်အဖြစ် နေထိုင်ခဲ့ရသူ ဖြစ်သည်။ ထိုကဲ့သို့ သော အသေးအမွှား အချက်အလက်လောက်ကို ဂရုမထားမိပါချေ။ ထို့ကြောင့် ဘာမှမဖြစ်သလို ဆက်၍ ပြောနေမိခြင်းဖြစ်၏။
“သာမန်အားဖြင့်တော့ မင်းသာ ကောင်းကင်အဆင့်ကို ရောက်ပြီးသားဆိုရင် အချိန်က ပိုပြီးတောင် ကြာဦးမယ်။ အနည်းဆုံးတော့ ၉၉ ခါလောက် သန့်စင်ရမှာပဲ။ နောက်ပြီး ငါ့ရဲ့ ခရမ်းရောင်ကောင်းကင် မီးတောက်ကို ငါ့လက်နှစ်ဖက်လုံးကနေ ထုတ်ဖို့လိုတယ်။ တစ်ဖက်က မင်းရဲ့ စုပ်ယူနိုင်တဲ့ နေရာဖြစ်တဲ့ စွမ်းအင်သိုလှောင်ရာ နေရာရယ် နောက်တစ်ဖက်ကတော့ မင်းရဲ့ တွန်းကန်အားကို ဖြစ်ပေါ်စေနိုင်တဲ့ မြီးညှောင်ရိုးရယ်ကိုပေါ့။ တစ်ဖက်က တွန်းမယ်၊ တစ်ဖက်က ဆွဲမယ်။ ငါ့လက်နှစ်ဖက်လုံးက စည်းချက်ကျကျ လှုပ်ရှားနေရမှာ။ ဒါဆိုရင် မင်းရဲ့ခန္ဓာကိုယ်ထဲက အအေးဓာတ်တွေကို လုံးဝ ဖယ်ရှားသွားစေလိမ့်မယ် . . .”
“ဒါနဲ့ နောက်ထပ် အရေးကြီးတဲ့ အရာတစ်ခု ကျန်သေးတယ်။ မင်းက ဘာဆိုဘာမှ မ၀တ်ထားရဘူးနော်။ အနည်းဆုံးတော့ မင်းရဲ့ စွမ်းအင်သိုလှောင်ရာ နေရာရယ် မြီးညှောင်ရိုး နေရာရယ်ကို မဖုံးထားရဘူး။ ဒီလိုမှမဟုတ်ရင် အအေးဓာတ် စီးဆင်းမှုက ပြောင်းပြန်ဖြစ်သွားလိမ့်မယ်။ အဲဒီလိုဖြစ်သွားတာနဲ့ မင်းလည် သေမှာပဲ။ မင်းလည်း ပညာရှင်တစ်ယောက်ပဲ ငါအများကြီး ရှင်းပြနေစရာ မလိုဘူးမလား . . .”
ရဲရှောင်လည်း ပြောစရာရှိတာတွေ ပြောပြီးနောက် ၀မ်ရမ်ချူးချူး၏ မျက်နှာကို မော့ကြည့်လိုက် သည့် အခါမှာတော့ မျက်နှာတခုလုံး ရဲတောက်နေတာကို မြင်တွေ့လိုက်ရလေ၏။ သူမ၏ လည်ပင်းများထိ ကို ရဲနေတာဖြစ်ပြီး ရဲရှောင်အား ဝါးစားတော့မတတ်ကို ကြည့်နေတာ ဖြစ်ပါသည်။
“ဘာဖြစ်နေတာလဲ . . . မင်းနားမလည်တာ တစ်ခုခုများ ပါသွားလို့လား . . .”
ရဲရှောင် စိတ်ရှုပ်ထွေးသွားဟန်ဖြင့် မေးလိုက်လေ၏။
“ဘာဖြစ်နေတာလဲ ဟုတ်လား . . . ရှင်က ဘာဖြစ်နေတာလဲလို့ မေးတယ်သေးတယ်ပေါ့ . . .”
၀မ်ရမ်ချူးချူး နောက်ဆုံးမှာတော့ ပေါက်ကွဲပါချေပြီ။
“ဖန်ဇီလင် . . . ရှင်ကျွန်မကို ပြောစမ်းပါ။ ရှင်က ယောကျာ်းတစ်ယောက် ဟုတ်လား မဟုတ် ဘူးလား . . .”
ရဲရှောင် တခဏမျှ ကြောင်သွားပြီး –
“အင်း . . . အဲဒါက မင်းကြည့်ပြီး မပြောနိုင်ဘူးလား။ ငါက သက်သေပြရဦးမှာလား . . .”
၀မ်ရမ်ချူးချူး ပြောချင်သည်မှာ ရှင်က ယောကျာ်းတစ်ယောက် ဟုတ်လားမဟုတ်ဘူးလားဟု မေးချင်တာထက် ကျွန်မက မိန်းမတစ်ယောက်လေဟု ပြောချင်တာပင် ဖြစ်၏။
သို့သော်လည်း သူမထပ်၍ ဘာမှ မမေးမြန်းခင်မှာပင် ရဲရှောင်မှ ပြန်လည်မေးခွန်းထုတ်လိုက်ခြင်း ကြောင့် ၀မ်ရမ်ချူးချူး ခဏတာ ဆွံ့အသွားမိလေသည်။
စိတ်ရှုပ်ထွေးပြီး နားမလည်နိုင်သည့် ပုံစံဖြင့်ပင် အပြစ်ကင်းစင်သလိုမျိုးကို ကြည့်ရှုနေပါသေးသည်။
၀မ်ရမ်ချူးချူး သွေးအန်ချင်သလိုပင် ဖြစ်သွားပါလေတော့သည် . . .။