Switch Mode

Chapter – 362

အခန်း (၃၆၂) ကျန်းယီအမြင်ပြောင်းခြင်း
ဆက်တွက်မယ်။
ဟန်ကျွယ်ဟာ ချက်ချင်းဆိုသလိုပဲ ခေါင်းမူးလာတာကြောင့် မျက်စိတ်မှိတ်လိုက်ပါတယ်။ မျက်စိ ပြန်ဖွင့်လိုက်တဲ့အခါမှာ‌တောာ့ ဟန်ကျွယ်ဟာ မှောင်မည်းတဲ့ နန်းတော်တစ်ခုကို ရောက်သွားပါတယ်။
ခန်းမထဲမှာ လူတစ်ယောက် ထိုင်နေပါတယ်။ ဒီလူက တန်လန်သခင်ပါ။
တန်လန်သခင်ဟာ အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး နက်မှောင်တဲ့ ဆံပင်တွေကို ဒီအတိုင်းချထားပါတယ်။ တန်လန်သခင်ရဲ့ မျက်နှာကတော့ ဘီလူးမ သံပရာချဉ်ကိုက်ထားသလို အလွန့်အလွန် ရုပ်ဆိုးလွန်းလှပါတယ်။ တန်လင်သခင်ဟာ ကျင့်ကြံအားထုတ်ရင်း လက်ပုံစံကို ဆက်တိုက် ပြောင်းလဲနေပါတယ်။
ဒီအချိန်မှာပဲ တန်လန်သခင်ရဲ့ရှေ့မှာ လွမ်ဟွေအင်မော်တယ်ဧကရာဇ် ပေါ်လာပါတယ်။ လွမ်ဟွေ အင်မော်တယ်ဧကရာဇ်ဟာ တိထိုက်ပိုင်ရဲ့ အသွင်အပြင်တိုင်း ရှိပါသေးတယ်။
တန်လန်သခင်ဟာ ချက်ချင်းဒူးထောက်ပြီး ခြေသုတ်ပုဆိုး မြွေစွယ်ကျိုးတဲ့မျက်နှာနဲ့ အရိုအသေပေးလိုက်ပါတယ်။
လွမ်ဟွေ အင်မော်တယ်ဧကရာဇ်က ပြောလိုက်ပါတယ် “ငါ ပြုစုပြိုးထောင်ထားတဲ့ ပါရမီရှင်နှစ်ယောက်က ကပ်ဘေးထဲ ဝင်သွားပြီ၊ မင်း ဒီမှာပဲ ထိုင်မနေနဲ့တော့၊ သူတို့ကို သွားကာကွယ်ချည်၊ မင်းကို သူတို့တွေ သတိမထားမိစေနဲ့”
တန်လန်သခင်ဟာ ချက်ချင်းပဲ ပြန်ဖြေလိုက်ပါတယ် “ရပါတယ်”
လွမ်ဟွေ အင်မော်တယ်ဧကရာဇ်ဟာ ညာလက်ကို ဖြန့်လိုက်တဲ့အခါ ခရမ်းရောင် နတ်ကျောက်စိမ်း ပေါ်လာပါတယ်။ လွမ်ဟွေ အင်မော်တယ်ဧကရာဇ်ဟာ ခရမ်းရောင် နတ်ကျောက်စိမ်းကို တန်လန်သခင်ဆီ ကမ်းပေးပြီး ပြောလိုက်ပါတယ် “ဒီရတနာက မင်းအတွက်ပဲ”
တန်လန်သခင်ဟာ ကျေနပ်အံအားသင့်သွားပြီး လွမ်ဟွေ အင်မော်တယ်ဧကရာဇ်ကို ချက်ချင်းပဲ ကျေးဇူးတင်စကား ဆိုပါတယ်။ လွမ်ဟွေ အင်မော်တယ်ဧကရာဇ် ပျောက်ကွယ်သွားတဲ့အခါ တန်လန်သခင်ဟာ ခရမ်းရောင် နတ်ကျောက်စိမ်းကို သိမ်းလိုက်ပြီုး ဆက်ကျင့်ကြံပါတယ်။
အဲဒီနောက် မြင်ကွင်းတစ်ခုလုံး ကွဲကျေသွားပြီး ဟန်ကျွယ်ရဲ့ သိစိတ်လည်း အစစ်အမှန်ကို ပြန်ရောက်သွားပါတယ်။
ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ် ‘ဒါလေးပဲလား… သက်တမ်း ဆယ်သန်းက ဒါလေးပဲ ရတာလား’ ဟန်ကျွယ်ဟာ အလိမ်ခံရသလို ခံစားလိုက်ရတာကြောင့် စိတ်ထဲ မသက်မသာ ဖြစ်သွားပါတယ်။
ဟန်ကျွယ်ဟာ ထိုက်စုတျန်ကိုတော့ မကြည့်ရဲပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ တာအိုပညာရှိက တစ်ခုခုလုပ်ထားမှာကို ကြောက်လို့ပါပဲ။
‘ဘာပဲဖြစ်ဖြစ် ဒီအချိန်မှာ သူတို့နှစ်ယောက်က အရမ်းအားနည်းသေးတယ်၊ ငါ့ကို ဘာမှမလုပ်နိုင်သေးဘူး၊ သူတို့နှစ်ယောက်ကို အခွင့်အရေးကြီးမရခင် သတ်နိုင်ရင် ပြီးတာပဲ၊ နောက်ပြီး ငါ ဒီအခြေအနေကို အစောကြီး ပြောင်းလဲလို့ မဖြစ်ဘူး၊ မဟုတ်ရင် သူတို့ထက် စွမ်းအားကြီးတဲ့လူတွေ ပေါ်လာမှ ခက်ကုန်မယ်’
ဟန်ကျွယ်ဟာ ကပ်ဘေးထဲ မဝင်တဲ့အတွက် ဟန်ကျွယ် လုပ်သမျှ အရာအားလုံးဟာ သူများအတွက် ဖြစ်ကုန်မှာပါ။ တရုတ်ဆိုရိုးစကားအရဆိုရင် သူများကို မင်္ဂလာဝတ်စုံ ချုပ်ပေးနေသလိုပါပဲ။ ဒါကြောင့် ဟန်ကျွယ်ဟာ ခေါင်းထဲက အတွေးတွေကို ရှင်းထုတ်ပြီး ဆက်လက်ကျင့်ကြံပါတယ်။
ဟန်ကျွယ်ဟာ မူလဆန်းကြယ် နတ်စွမ်းအားနှစ်ပါးကို အမြန်ဆုံး ပိုင်ဆိုင်ချင်နေပါပြီ။ နတ်မင်းအဆင့်က စွမ်းအားကြီးတယ်ဆိုပေမဲ့ တာအိုပညာရှိရှေ့မှာ ပုရွက်ဆိတ်နဲ့ ဘာမှမခြားပါဘူး။ ဒါကြောင့် ဟန်ကျွယ်ဟာ သူ့စွမ်းအားကို ဆက်တက် တိုးတက်နေအောင် ကြိုးစားမှာပါ။
မျက်စိတစ်မှိတ်အတွင်း နှစ် ၃၀ ကုန်ဆုံးသွားပါတယ်။
ဟန်ကျွယ်ရဲ့ ကျင့်ကြံမှုကလည်း ဆက်တိုးလာပါတယ်။ နတ်မင်းအဆင့်က မူလဆန်းကြယ် နတ်စွမ်းအားကို လေ့ကျင့်တာ ဖြစ်တဲ့အတွက် ဝိညာဉ်စွမ်းအားလိုပါပဲ။ ဒါပေမဲ့ အင်မော်တယ်ချီက နတ်မင်းအဆင့်မှာ အသုံးမဝင်တော့ပါဘူး။ ဒါကြောင့် နတ်မင်းအဆင့် ကျင့်ကြံသူတွေဟာ အင်မော်တယ်ချီထက် အဆင့်မြင့်တဲ့ စွမ်းအင်ကို လိုအပ်ပါတယ်။
ဟန်ကျွယ်ဟာ အကုသိုလ်ကံကို စုပ်ယူပြီး ကျင့်ကြံနိုင်တဲ့အတွက် ကျင့်ကြံမှုအလျင်က လျော့ကျမသွာတာပါ။ မဟုတ်ရင် ဟန်ကျွယ် ကျင့်ကြံမှုက ခရုလောက်တောင် ရှေ့ရောက်မှာ မဟုတ်ပါဘူး။
အင်မော်တယ်ချီက သုံးစားမရပေမဲ့ ပုကျိုးနတ်ပန်းက ထုတ်လွှတ်တဲ့ ရှန်တျန်ချီကတော့ နတ်မင်းအဆင့်အတွက် သင့်လျော်ပါတယ်။ ဒါပေမဲ့ ပုကျိုးနတ်ပန်းက တစ်ပင်တည်း ဖြစ်တဲ့အတွက် ဟန်ကျွယ် လိုသလောက် ထုတ်မပေးနိုင်ရှာပါဘူး။ ဒါကြောင့် ဟန်ကျွယ်ဟာ ပုကျိုးနတ်ပန်းကို ဆက်ကြီးထွားလာဖို့ ပြုစုပြိုးထောင်ပေးပြီး ကျင့်ကြံဖို့အတွက် အသုံးမပြုတာပါ။
ပြောစရာရှိတာဆိုလို့ မုန့်ပေါ်ပေးခဲ့တဲ့ ပြန်လည်ရှင်သန်ခြင်း လီလီပန်းက တော်တော်လေး ပွားလာပါပြီ။ အခုဆိုရင် လီလီပန်းပင်တွေက ကျင့်ကြံခြင်းလိုဏ်ဂူ အပြင်ဘက်ကိုတောင် ရောက်နေပါပြီ။ ဒါပေမဲ့ ဟန်ကျွယ်ဟာ လီလီပန်းတွေ တိုးပွားလာတာကို မရပ်တန့်ဘဲ ဆက်တိုးပွားစေပါတယ်။
တိတ်ဆိတ်ကျွန်းရဲ့ အင်မော်တယ်ချီက ပုံမှန် တိုးတက်လို့ နေပါတယ်။ ဟန်ကျွယ် စွမ်းအားကြီးမားလာသလိုပဲ တခြားတပည့်တွေကလည်း စွမ်းအားကြီးလာကြပါတယ်။ ဒီအထဲမှာ လီယောင်က မဟာညီညွတ်မှု ရွှေအင်မော်တယ် နောက်ဆုံးအဆင့်ကို ရောက်နေပြီး ချူရှီရန်ပဲ သူနဲ့ ယှဉ်နိုင်ပါတယ်။ မုရုံချီနဲ့ လွီဟွာရွှီကတော့ လီယောင်နဲ့ ချူရှီရန်ထက် တစ်ဆင့်နိမ့်နေပါသေးတယ်။
ပန်ရှင်းကလည်း ဟန်ကျွယ်ကို ထပ်ပြီးတော့ လာမရှာပါဘူး။ ဒါကြောင့် ဟန်ကျွယ်ဟာ ကျင့်ကြံအားထုတ်တာကလွဲရင် ရှကျဲ့မျိုးနွယ်စုကို အာရုံစိုက်ပါတယ်။
ရှကျဲ့မျိုးနွယ်စုဟာ ကျို့ယိုငရဲရဲ့ ထောင့်တစ်နေရာမှာ စုဝေးနေကြပါတယ်။ မြေကြီးလည်းမရှိ အစားအစာလည်း မရှိ ရန်သူလည်း မရှိတဲ့အတွက် ရှကျဲ့မျိုးနွယ်စုဟာ ကျင့်ကြံတာနဲ့ပဲ အချိန်ကုန်ဆုံးရပါတယ်။
ဟန်ကျွယ်ဟာ ရှကျဲ့မျိုးနွယ်စုက မှော်မျိုးနွယ်စုလိုမျိုး သန်မာတဲ့ ရုပ်ခန္ဓာရှိပြီး ပဓာနဝိညာဉ်ကလည်း လူသားမျိုးနွယ်စုလိုမျိုး ဖြစ်နေတာကို တွေ့လိုက်ရပါတယ်။ ပြောရမယ်ဆိုရင် ရှကျဲ့မျိုးနွယ်စုက စန့်ရှီနဲ့ မတူဘဲ ထူလင်းအာနဲ့ ပိုတူပါတယ်။ သူတို့တွေဟာ လူသားမျိုးနွယ်စုနဲ့ မှော်မျိုးနွယ်စုရဲ့ အရည်အချင်းကောင်းတွေကို ပြည့်စုံစွာ ပေါင်းစပ်ထားတာ ဖြစ်တဲ့အတွက် အလားအလာ အများကြီး ရှိပါတယ်။
ဟန်ကျွယ်ဟာ ရှကျဲ့မျိုးနွယ်စုကို လက်ခံရင်ကောင်းမလား မကောင်းဘူးလားဆိုတာ ဆုံးဖြတ်ရ ခက်နေပါတယ်။ ရှကျဲ့မျိုးနွယ်စုက တစ်သောင်းလောက်ပဲရှိတဲ့အတွက် လူနည်းစုဆိုပေမဲ့ အနာဂတ်မှာ အင်အားကြီးမားတဲ့ အင်အားစုတစ်စု ကျိန်းသေပေါက် ဖြစ်လာမှာပါ။
‘နောက်ထပ် နှစ်တစ်ထောင်လောက် စောင့်ကြည့်အုန်းမယ်၊ တကယ်လို့ သူတို့သာ ကြိုးကြိုးစားစား ကျင့်ကြံတယ်ဆိုရင် ငါ သူတို့ကို လက်ခံမယ်’
ဟန်ကျွယ်ရဲ့ ဝိညာဉ်ထဲမှာ ထုန်ကျန့်ကမ္ဘာရှိနေတဲ့အတွက် နောက်ထပ် မျိုးနွယ်စုတစ်စု ထပ်ပေါင်းထည့်ဖို့က ဘာမှမခက်ပါဘူး။ ဒါပေမဲ့ ဟန်ကျွယ်ဟာ ရှကျဲ့မျိုးနွယ်စုက အထီးကျန်ဆန်မှုကို သည်းမခံနိုင်ဘဲ ပြဿနာရှာမှာကို စိုးရိမ်နေပါတယ်။
ဒီအချိန်မှာပဲ ဟန်ကျွယ်ဟာ ရွှေကျီးကန်းတိုကင်ကနေ ကျန်းယီရဲ့ နတ်အာရုံကို ခံစားလိုက်ရပါတယ်။ ဒါကြောင့် ဟန်ကျွယ်ဟာ ရွှေကျီးကန်းတိုကင်ကို ထုတ်ယူပြီး ကျန်းယီရဲ့ နတ်အာရုံနဲ့ ဆက်သွယ်လိုက်ပါတယ်။
“ငါ့ကို အခွင့်အရေးအကြောင်း မပြောနဲ့နော်” ဟန်ကျွယ်က အရင်ဆုံး ပိတ်ပြောလိုက်ပါတယ်။
ကျန်းယီက ဒေါသတကြီး ပြန်ပြောပါတယ် “မင်းက ငါ့ကို ဘယ်လိုလူ ထင်နေတာလဲ”
“အဲဒါဆို ဘာကိစ္စလဲ”
“ဒီလို… ငါ နတ်ရွှေကျီးကန်း မိသားစုကို ပြန်ရောက်တော့ မိသားစုတစ်ခုလုံး ပြောင်းလဲကုန်ပြီ၊ အကြီးအကဲတွေက ဘာဖြစ်ကုန်တယ် မသိဘူး၊ အကုန်လုံး ကပ်ဘေးထဲဝင်ပြီး အနန္တကမ္ဘာကို အုပ်ချုပ်ချင်နေတယ်၊ ဒီလိုသာ ဆက်သွားမယ်ဆိုရင် ငါ အေးအေးဆေးဆေး ကျင့်ကြံလို့ ရတော့မှာ မဟုတ်ဘူး”
ကျန်းယီဟာ ဒီကိစ္စကြောင့် တော်တော်လေး ဒုက္ခရောက်နေပါတယ်။ ကျန်းယီဟာ ဟန်ကျွယ်ရဲ့ ကျင့်ကြံမှုအဆင့်ကို သိပြီးကတည်းက အခွင့်အရေးအတွက် တိုက်ခိုက်ချင်စိတ် မရှိတော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတာ သက်စွန့်ဆံဖျား ကြိုးစားအားထုတ်ပြီး ကံတရား အ‌ထောက်အပံ့နဲ့ အခွင့်အရေးအတွက် တိုက်ခိုက်တာတောင် ဂူအောင်းရာက မထွက်တဲ့ ဟန်ကျွယ်ကို မမီလို့ပါပဲ။
ဒါကြောင့် ကျန်းယီရဲ့ အမြင်ဟာ လုံးဝကို ပြောင်းလဲသွားပါတယ် ‘သူပြောတာ မှန်တယ်၊ ငါတို့လို ပါရမီရှင်တွေက ကပ်ဘေးထဲ ဝင်စရာမလိုဘူး၊ ကပ်ဘေးထဲဝင်တာက သက်သက် အချိန်ဖြုန်းတာပဲ’
ဟန်ကျွယ်က ပြောလိုက်ပါတယ် “ဒီလိုဆိုရင် နတ်ရွှေကျီးကန်း မိသားစုကနေထွက်ပြီး နေရာတစ်ခုရှာ ကျင့်ကြံအားထုတ်ချည်”
“လောကကြီးက အကျယ်ကြီးဆိုပေမဲ့ နေရာတိုင်းမှာ တိုက်ပွဲတွေချည်းပဲ၊ ငါ ဘယ်နေရာကို သွားရမှာလဲ၊ ကောင်းကင်ရုံးတော်ထဲတော့ ငါ မဝင်ချင်ဘူး” ကျန်းယီရဲ့လေသံဟာ ကူကယ်ရာမဲ့နေပါတယ်။
ဟန်ကျွယ်ဟာ ကျန်းယီစကားရဲ့ ဆိုလိုရင်းကို နားလည်တာကြောင့် နှာခေါင်းရှုံပြီး ပြောလိုက်ပါတယ် “အဲဒါဆိုရင် ရွေးချယ်စရာ မရှိတော့ဘူး၊ လူတိုင်းမှာ ကံကြမ္မာကိုယ်စီ ရှိကြတာပဲ၊ ဒီအတိုင်း လက်ခံလိုက်ပေါ့”
“ဟေ့ကောင်… မင်းက ငါ့ကို ဘာလို့ ဒီလောက်တောင် မုန်းနေရတာလဲ၊ အရင်တုန်းက နတ်ရွှေကျီး ရှန်ဧကရာဇ် မင်းနောက်လိုက်တုန်းက ငါ မင်းကို ကူညီခဲ့လို့ သေခါနီးသွားတာပဲ” ကျန်းယီရဲ့အသံဟာ ခါးသီးနေပါတယ်။
ဟန်ကျွယ်ဟာ ဒီကိစ္စကို မမေ့သေးတာကြောင့် ပြန်တွေးမိပြီး စိတ်ပျော့သွားပါတယ်။
အဲဒီနောက် ဟန်ကျွယ်ဟာ သေချာစဉ်းစားဆုံးဖြတ်ပြီး ပြောလိုက်ပါတယ် “ဒါဆိုလည်း ငါ့ဆီလာခဲ့၊ ဒါပေမဲ့ တစ်ခုတော့ရှိတယ်၊ ငါ့ဆီမှာဆိုရင် ငါ့စကား နားထောင်ရမယ်၊ ဘာစွန့်စားမှုမှ မလုပ်ရသလို စိတ်လိုက်မာန်ပါလည်း လုပ်လို့မရဘူး”
“ဟားဟား… ရတယ်၊ ကိစ္စမရှိဘူး၊ မင်း ဘယ်မှာလဲ”
ဟန်ကျွယ်ဟာ ကောင်းကင်လျှို့ဝှက်ချက် တွက်ချက်မှု လုပ်ဆောင်ချက်ကို တိတ်တဆိတ် အသုံးပြုလိုက်ပါတယ်။ “ကျန်းယီက ငါ့ကို အကောက်ကြံမှာလား”
[သက်တမ်း တစ်သန်း ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
[မရှိပါ။]
ဟန်ကျွယ်ဟာ စိတ်သက်သာရာ ရသွားပြီး ရုတ်တရက်ဆိုသလိုပဲ ကောင်းကင်လျှို့ဝှက်ချက် တွက်ချက်မှု လုပ်ဆောင်ချက်ကို အလိမ်ဖော်စက်အဖြစ် အသုံးပြုလို့ရမှန်း သဘောပေါက်သွားပါတယ်။ ဒီဟာက အနာဂတ်ကျရင် အသုံးဝင်လာမှာပါ။
“ကျို့ယိုငရဲမှာ”
“ဘာ…”
“မင်း လာမှာလား”
“မင်း ရူးသွားပြီလား” ကျန်းယီဟာ မျက်လုံးပြူးသွားပြီး ဟန်ကျွယ်က နောက်နေတယ်လို့ ခံစားလိုက်ရပါတယ်။
ဟန်ကျွယ်ဟာ နှာခေါင်းရှုံ့လိုက်ပါတယ် “ဟင်း… ငါ့နေရာကို သူများတွေ လျှောက်မပြောနဲ့၊ မင်း တကယ်လာချင်ရင် ကျို့ယိုငရဲထဲဝင်လာဖို့ ကိုယ့်ဘာသာ နည်းလမ်းရှာ၊ မှတ်ထားချည်… သူများတွေကို လျှောက်မပြောနဲ့၊ ဒီအထဲမှာ မင်းမိသားစုဝင်တွေလည်း ပါတယ်၊ မဟုတ်ရင် ငါတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက ဒီမှာတင် အဆုံးသတ်ပြီပဲ”
“ကောင်းပြီ… မင်းစောင့်နေ”
စကားအဆုံးမှာပဲ ကျန်းယီဟာ နတ်အာရုံကို ဖြတ်တောက်လိုက်ပါတယ်။
ဟန်ကျွယ်ဟာ နတ်ရွှေကျီးကန်းတိုကင်ကို ပြန်သိမ်းပြီး သက်ပြင်းချလိုက်ပါတယ် ‘ကြည့်ရတာ ငါ့တိတ်ဆိတ်ဂိုဏ်းက ထပ်ပြီးတော အင်အားကြီးပြန်ပြီ၊ ဘာလိုလိုနဲ့ နတ်ရွှေကျီးကန်း မိသားစုရဲ့ နံပါတစ်ပါရမီရှင်တောင် တိတ်ဆိတ်ဂိုဏ်းထဲ ရောက်လာပြီပဲ’
ကျန်းယီဟာ ဟန်ကျွယ်ဆီ လာကျင့်ကြံမယ်ဆိုပေမဲ့ နတ်ရွှေကျီးကန်း မိသားစုကနေ အပြီးအပြတ် ထွက်ခွာမှာတော့ မဟုတ်ပါဘူး။ ဘာပဲဖြစ်ဖြစ် ဆက်ဆံရေးကောင်းရှိတာက မရှိတာထက်စာရင် အများကြီး အသုံးဝင်ပါတယ်။
အင်အားစုတစ်စုက ဘယ်လောက်ပဲစွမ်းအားကြီးကြီး ကံတရားတွေ မဆက်နွှယ်တာ မရှိပါဘူး။ နတ်ဆိုးရုံးတော်က ရှေးဟောင်းမျိုးနွယ်စု အများကြီးနဲ့ ဆက်စပ်နေသလို ကောင်းကင်ရုံးတော်ကိုလည်း တာအိုဂိုဏ်းက ထောက်ပံ့ပေးထားပါတယ်။ ရှန်နန်းတော်ကလည်း လူသားမျိုးနွယ်စုရဲ့ အဂ္ဂပြည်နဲ့ ဆက်စပ်နေသလို ဗုဒ္ဓဂိုဏ်းမှာလည်း ယုံကြည်ကိုးကွယ်သူတွေ မရေမတွက်နိုင်အောင် ရှိပါတယ်။
ဟန်ကျွယ်ဟာ ဆက်ပြီးတော့ ကျိန်စာတိုက်ပါတယ်။
ရန်သူအကုန်လုံးကို ကျိန်စာတိုက်ပြီးသွားမှာ ဟန်ကျွယ်ဟာ ဆက်ကျင့်ကြံ အားထုတ်ပါတယ်။
ဒီလိုနဲ့ လေးငါးခြောက်လ အကြာမှာတော့ ဧကရီဟုတ်ထို ရောက်လာပါတယ်။ ဧကရီဟုတ်ထိုရဲ့ ရောင်ဝါဟာ ကျို့ယိုငရဲတစ်ခုလုံးကို ပြည့်သွားပေမဲ့ ဧကရီဟုတ်ထိုဟာ စကားတစ်လုံးမှ မပြောပါဘူး။
ဟန်ကျွယ်ဟာ ဧကရီဟုတ်ထိုက သူ့ကို ရှာနေမှန်း သိလိုက်ပါတယ်။ ဒါပေမဲ့ တာအိုပညာရှိရဲ့ နတ်အာရုံတောင် တာအိုစက်ကွင်းကို မထိုးဖောက်နိုင်တဲ့အတွက် ဧကရီဟုတ်ထိုက ဟန်ကျွယ်ကို ရှာတွေ့ဖို့ဆိုတာ လုံးဝနီးပါး မဖြစ်နိုင်တဲ့ကိစ္စတစ်ခုပါ။
မြန်မာပြည် ငြိမ်းချမ်းပါစေ။

Comment

Leave a Reply

Options

not work with dark mode
Reset