Chapter – 53
“ငါကုသနိုင်တယ်၊ ငါ့ကိုတောင်းပန်ပါ”
“ဒါနဲ့ မိန်းကလေးချူးချူး မင်း အသက်ဝင်ကြာပန်းရဲ့ ကန့်သတ်ချက် တစ်ခုကို သိလား။ အဲဒီ ကြာပန်းက အပျိုစင်စစ်စစ်ရဲ့ ခန္ဓာကိုယ်ကိုပဲ သက်ရောက်မှု ရှိတာလေ . . .”
ရဲရှောင် တစ်ချက်ပြုံးလိုက်ပြီး ဆက်လက်၍ –
“တော်တော်တော့ ကိုးလိုးကန့်လန့် ဖြစ်တာပဲ။ မိန်းမတစ်ယောက်က ဒီလို အသက်ဝင်ကြာပန်းကို သုံးရတော့မဲ့ အဆင့်ရောက်နေပြီဆိုရင် သူ့အနေနဲ့ နှစ်ပေါင်း ၃၀၀၀ လောက် အသက်ရှည်နေမှာပဲ။ အဲဒီအချိန်ထိ သူက အပျိုစင်ပဲ ဖြစ်ရမယ်ဆိုတော့ သူကံကောင်းတာလား၊ ကံဆိုးတာလား မပြောတတ် တော့ပါဘူး ဟားဟား . . .”
၀မ်ရမ်ချူးချူးလည်း ဆက်လက်၍ သည်းခံနိုင်စွမ်း မရှိတော့ပုံပါပင်။ ချက်ချင်းပင် ခုန်ထလိုက်ကာ ရဲရှောင်၏ အ၀တ်စများအား ဆုပ်ကိုင်လိုက်သည်။ ရဲရှောင်လည်း မြေပြင်ပေါ်မှ အနည်းငယ်ပင် ကြွသွားပါ တော့သည်။ ကောင်မလေးမှ အံကြိတ်၍ လေသံတီးတိုးဖြင့် –
“ရှင်က ရယ်နိုင်သေးတယ်ပေါ့။ နောက်တစ်ခါ ထပ်ရယ်ကြည့်လိုက်လေ။ ဘာဖြစ်မလဲဆိုတာ စောင့်ကြည့်လိုက် . . .”
သူမ၏ မျက်လုံးများတွင် သတ်ဖြတ်လိုသော အငွေ့အသက်များအပြည့်ဖြင့် ဒေါသလည်း အတော် ထွက်နေဟန်ပါပင်။
ရဲရှောင်၏ တကိုယ်လုံးတွင် အားမရှိတော့သလို ဖြစ်နေပြီး အသက်ရှူရန်ပင် ခက်ခဲနေသည့် အခြေအနေ ဖြစ်နေပါသည်။ သို့သော်လည်း ဆက်လက်၍ပင် ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပြီး –
“ဟားဟားဟား . . . ငါရယ်တယ်ကွာ . . . ဘာလို့ မရယ်ရဲရမှာလဲ။ မိန်းကလေးချူးချူးရဲ့ ဒေါသက တကယ်ကြောက်စရာ ကောင်းတာပဲ။ မင်းက ငါ့ကို သတ်ဝံ့လို့လား . . .”
၀မ်ရမ်ချူးချူးလည်း မုန်းတီးမှု အပြည့်ပါသော မျက်ဝန်းများဖြင့် ကြည့်လို့ နေလေ၏။ သူမ၏ မျက်ဝန်းများကို ကြည့်မည် ဆိုပါက စိတ်ရှုပ်ထွေးမှုများကို အတိုင်းသား မြင်နိုင်ပါသည်။
အသက်ကို ပြင်းထန်စွာ ရှူရှိုက်နေသဖြင့် သူမ၏ ရင်အစုံမှာလည်း မြင့်လိုက်နိမ့်လိုက် ဖြစ်နေသည်။ ပင်လယ်ရေလှိုင်းများ ထနေသလို ဖြစ်နေပြီး ထိုမြင်ကွင်းမှာ အလွန်ကို ဖမ်းစားနိုင်လွန်းလှ ပါသည်။
ကောင်မလေး၏ ကိုင်မြောက်ထားခြင်းအား ခံထားရသော ရဲရှောင်မှာ ကောင်မလေး၏ ရင်သားများအား ကြည့်လိုက်ရင်း –
“မိန်းကလေး ချူးချူးက တကယ်ကို ရက်ရောတဲ့ မိန်းမလှလေးပဲ . . . တကယ်ကို လိုက်ဖက်တင့် တယ်တဲ့ ရင်သားလေးတွေ ရှိတယ်နော် . . .”
“အ . . .”
၀မ်ရမ်ချူးချူးလည်း အလန့်တကြားဖြစ်သွားပြီး ရဲရှောင်အား အားပြင်းပြင်းဖြင့် တွန်းထုတ်လိုက်၏။ ထို့နောက် သူမ၏ အ၀တ်အစားများအား သေသေသပ်သပ် ၀တ်ဆင်လိုက်သည်။
ရဲရှောင်၏ တကိုယ်လုံး လွင့်ထွက်သွားပြီးနောက် ပေ ၆၀ လောက် အကွာသို့ ရောက်ရှိကာ ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားလေ၏။ ဒဏ်ရာအပြင်းအထန် ရရှိထားရာမှ ပြန်လည်သက်သာခါစဖြစ်ပြီး သူ၏ အကြောများကိုလည်း ပိတ်ဆို့ထားခြင်း ခံထားရတာ ဖြစ်လေသည်။ ယခုလို ပြင်းထန်စွာ ကိုင်ပေါက် ခံလိုက်ရသောအခါ ရဲရှောင်တစ်ယောက် နာကျင်မှုဒဏ်ကို အလူးအလဲ ခံစားလိုက်ရပါသည်။ သို့သော်လည်း သူကတော့ ရယ်မောနေတုန်းပါပင်။
“ဒီလို မြင်ကွင်းလေးတွေ မြင်ရတာ နုပျိုသွားသလိုတောင် ခံစားရတယ်။ ဟူး . . . ငါသေမယ် ဆိုရင်တောင် သေပျော်ပါပြီလေ ဟားဟား . . .”
၀မ်ရမ်ချူးချူးတစ်ယောက် လည်ပင်းထိပင် ရှက်ရွံ့မှုကြောင့် ရဲရဲနီလျက် ရှိသည်။ ရဲရှောင်အား ခပ်စိမ်းစိမ်း စိုက်ကြည့်ရင်း အတော်လည်း ဒေါသထွက်နေပုံပါပင်။ ချက်ချင်းပင် ရဲရှောင်အား တစစီ လုပ်ပစ်ချင်နေပြီ ဖြစ်၏။
သို့သော်လည်း ၀မ်ရမ်ချူးချူး တခဏမျှ စဉ်းစားဟန် ပြုလိုက်ပြီးနောက် ချိုသာစွာ ပြန်လည် ပြုံးလိုက်ပြီးနောက် –
“နောင်ကြီးဖန် . . . ရှင်က တော်တော် မနှစ်မြို့စရာ ကောင်းတဲ့လူပဲ။ အခု ကျွန်မတောင် ရှင့်ကို သတ်ချင်နေမိပြီ . . .”
သူမအနေဖြင့် ဒေါသထွက်လျက် သူ့ကို သေသည့်တိုင် ရိုက်နှက်မည် ဆိုလျှင်တောင်မှ အံ့သြမိမည် မဟုတ်ပေ။ အလွန်ဆုံး အနည်းငယ် ထိတ်လန့်သလောက်သာ ဖြစ်မည် ဖြစ်သည်။ သို့သော်လည်း ယခုကဲ့သို့ ရှက်ရွံ့ဟန်ဖြင့် ပြုံးပြီး ပြောဆိုလိုက်မှုကြောင့် ရဲရှောင် ဆံပင်များပင် ထောင်ချင်သလို ဖြစ်သွားလေ၏။
(ဒီကောင်မလေးက ဒီလောက် အချိန်တိုလေး အတွင်းမှာကို စိတ်လျော့ချနိုင်တယ်ဟ။ သာမန်လူ တော့ မဟုတ်လောက်ဘူး။ ဒီမော်တယ်ကမ္ဘာက ဘယ်လိုနေရာမျိုးပါလိမ့်။ နေရာတိုင်းမှာ ဒီလို သာမန်မဟုတ်တဲ့ မိန်းကလေးတွေ ဘာလို့ ပေါ်ပေါ်လာရတာပါလိမ့် . . . ပထမ ချူးအာ ရောက်လာတယ်။ အခုက စိတ်တည်ငြိမ်ပြီး ဉာဏ်ပြေးပုံရတဲ့ ၀မ်ရမ်ချူးချူး ပေါ်လာပြန်ပြီ။ ငါက ရှောင်ဧကရာဇ်ဘ၀နဲ့ ဗဟုနသုတတွေ ပြည့်စုံတယ် ဆိုပေမဲ့ ဒီလို အံ့သြစရာကောင်းတဲ့ မိန်းမတွေကို မမြင်ဘူးသေးဘူး . . .)
“အဲဒီတော့ . . .”
ရဲရှောင်လည်း သူ့ခန္ဓာကိုယ်ပေါ်မှ ဖုန်များအား ခါလိုက်ရင်း မတ်တတ်ထရပ်လိုက်သည်။ ထော့နဲ့ ထော့နဲ့ဖြင့် လမ်းလျှောက်နေရသော်လည်း စိတ်ဆိုးသည့် ဟန်ပန်မျိုး မရှိပါချေ။ ပြုံးလျက်ပင် –
“မင်းက ငါ့ကို မသတ်ရဲတာတော့ တကယ်စိတ်ပျက်စရာပဲ . . .”
၀မ်ရမ်ချူးချူးမှ စိတ်ရှုပ်ထွေးသော အကြည့်ဖြင့် ကြည့်လိုက်ရင်း –
“ရှင်ဘယ်သူလဲ . . . ဘယ်သူလဲ ပြောပါတော့ . . .”
“ငါက ဆေးပညာရှင်တစ်ယောက်လေ . . . ဆေးပညာရှင်တစ်ယောက်က မင်းသိတဲ့ အရာထက် ပိုသိတယ်လေ။ အထူးသဖြင့် ဆေးပညာနဲ့ ပတ်သက်ရင်ပေါ့ . . .”
ရဲရှောင် စိတ်မပါလက်မပါဟန်ဖြင့် ပြောလိုက်၏။
“နောက်ပြီး တိုက်ဆိုင်တာ တစ်ခုက မင်းကလည်း ဒီနယ်ပယ်နဲ့ ပတ်သက်ပြီး အကူအညီ တောင်းစရာ ရှိနေပုံပဲ။ အဲဒါကြောင့် င့ါကို မသတ်ရဲတာပေါ့ . . .”
၀မ်ရမ်ချူးချူးဟာ အိနြေ္ဒသိက္ခာအပြည့်ဖြင့် မော်တယ်ကမ္ဘာတွင် လူဝင်ဆန့်ဆန့် နေထိုင်ခဲ့သူ တစ်ဦးပါ။ သို့သော်လည်း ဖန်ဇီလင်၏ အပြုအမူများကြောင့် ဒေါသများ မထိန်းနိုင်အောင်ဖြစ်ကာ မဆင်မခြင် အပြုအမူများ ပြုလုပ်ခဲ့မိပါသည်။
ပြုလုပ်ခဲ့မိပြီးသည့် ကိစ္စများအား ပြန်လည်ပြင်ဆင်ရန် မဖြစ်နိုင်တော့ပါချေ။
အကူအညီမဲ့ အင်အားမရှိသည့် အကျဉ်းသားတစ်ဦးအား လုပ်ချင်သလို လုပ်ခြင်းဟာ တကယ်ကို ရှက်ရွံ့ဖွယ်ရာ လုပ်ရပ်တစ်ခုပင် မဟုတ်ပါလား။
ဖော်ပြရန် ခက်ခဲသော်လည်း အတော်မနှစ်မြို့စရာ အခြေအနေမှန်း သိသာလှပါသည်။
“ရှင်က ဘာကို ဆိုလိုချင်တာလဲ . . .”
၀မ်ရမ်ချူးချူး အသက်တစ်ချက် ရှူသွင်းလိုက်ရင်း ပြုံးကာ မေးလိုက်၏။
“ပထမဆုံး အနေနဲ့ ငါ့ရဲ့ အကြောတွေကို ဖွင့်ပေးပါ။ အခုလို အကြောပိတ်ခံထားရတာ ငါတကယ် နေလို့ မကောင်းဘူး . . .”
ရဲရှောင် ခပ်တည်တည်ပင် ပြောလိုက်သည်။
“ငါ့ရဲ့ ကျင့်စဉ်ကို မြန်မြန်သုံးဖို့ လိုအပ်နေပြီ။ အဲဒါမှ ငါ့ဒဏ်ရာတွေကနေ သက်သာသွားနိုင်မှာ”
ထိုကဲ့သို့ ပြောပြီးသည်နှင့် ၀မ်ရမ်ချူးချူး၏ အဖြေကို မစောင့်တော့ဘဲ ဆက်လက်၍ –
“ဒါနဲ့ . . . မင်းကယ်တင်ဖို့ ကြိုးစားနေတဲ့ လူရဲ့ ဆယ်နှစ်စာ ဒုက္ခကို မှင်ရောင်အားဖြည့် ကြာပန်းနဲ့ပဲဖြစ်ဖြစ် ကြာပန်း မပါပဲနဲ့ပဲဖြစ်ဖြစ် ငါကယ်တင်ပေးနိုင်တယ်နော် . . .”
၀မ်ရမ်ချူးချူး၏ မျက်လုံးများ တစ်ချက် လတ်သွားပြီးနောက် နှုတ်ခမ်းများကို ကိုက်ရင်း –
“တကယ်လား . . . ဆယ်နှစ်ကြာပြီးရင်ရော ဘာဆက်ဖြစ်မှာလဲ . . .”
“ဟဲဟဲ အဲဒါကတော့ ငါ့အပေါ်မှာ မူတည်တာပေါ့ . . .”
ရဲရှောင် ပခုံးတစ်ချက်တွန့်ရင်း ပြောလိုက်သည်။ ဆက်လက်၍ –
“မင်းမှာအခုရှိနေတဲ့ မှင်ရောင်အားဖြည့်ကြာပန်းပင်က မီးခိုးရောင်ဘက်ကို သန်းနေပြီဆိုတာ ငါသိတယ်။ ပြောရမယ်ဆိုရင် အဲဒီကြာပန်းပင်က ကျောက်စိမ်းအားဖြည့်ကြာပန်းကို ပြောင်းခါနီးပြီ”
“ဒါပေမဲ့ ဒီပြောင်းလဲမှုက မြန်နေတယ်လို့ ပြောနိုင်ပေမဲ့ အနည်းဆုံးတော့ နှစ်ပေါင်း ၁၀၀ ကနေ ၂၀၀ လောက် လိုအပ်မှာပဲ။ ဒါပေမဲ့ မင်းကတော့ နောက်ထပ် ၁၀ နှစ်ပဲ အချိန်ရမယ်။ မင်းအနေနဲ့ ဒီကြာပန်းကို ၁၀ နှစ်အတွင်း ကျောက်စိမ်းအားဖြည့် ကြာပန်းအဖြစ် မပြောင်းလဲနိုင်ဘူးဆိုရင် မင်းကယ်တင်ဖို့ ကြိုးစားနေတဲ့လူလည်း သေဖို့ပဲရှိမယ် . . .”
“တနည်းအားဖြင့် ပြောရရင် ငါကမင်းကို မှင်ရောင်အားဖြည့်ကြာပန်းမပါဘဲ ၁၀ နှစ်စာ ဒုက္ခကို ကူညီခဲ့မယ် ဆိုရင်တောင်မှ နောက် ၁၀ နှစ်ကြာရင် ဒီဒုက္ခကို ပြန်ခံစားရမှာပဲ။ ဘာလို့လဲဆိုတော့ မင်းလည်း ၁၀ နှစ်အတွင်း ကျောက်စိမ်းအားဖြည့်ကြာပန်းအဖြစ် ပြောင်းနိုင်မှာ မဟုတ်ဘူးလေ”
ရဲရှောင် လက်ချောင်းများအား ဆန့်ထုတ်လိုက်ရင်း ဆက်လက်၍ –
“ပြောရမယ်ဆိုရင် မင်းက ငါနဲ့တွေ့တဲ့အတွက် ကံကောင်းတယ်လို့ ပြောရမယ်။ ဘာလို့လဲ ဆိုတော့ ငါက ဒီပြဿနာကို ဖြေရှင်းနိုင်တယ်လေ . . .”
“ရှင်က ဖြေရှင်းနိုင်တယ် ဟုတ်လား . . . ဒါဆို ရှင်က ကြာပန်းကို မြန်မြန်ပြောင်းလဲသွားအောင် လုပ်နိုင်တယ်လို့ ပြောချင်တာပေါ့ . . .”
၀မ်ရမ်ချူးချူး ရဲရှောင်အား တောက်ပသော မျက်ဝန်းအစုံဖြင့် ကြည့်လိုက်ရင်း မေးလိုက်၏။
“ဒါပေမဲ့ အခုလိုသာ ငါဆက်ပြီး အကြောပိတ်ခံထားရရင် ဘယ်လိုလုပ်ပြီး လုပ်ပေးနိုင်တော့မှာလဲ။ ငါသိပြီးသား နည်းလမ်းကိုတောင်မှ ပြန်စဉ်းစားနိုင်မှာ မဟုတ်ဘူး . . .”
ရဲရှောင်လည်း ခပ်မာမာပင် ပြောလိုက်သည်။
(ငါကုသပေးနိုင်တယ်။ ဒါပေမဲ့ မင်းငါ့ကို ဒီလိုနည်းနဲ့ ဆက်ပြီး ဆက်ဆံနေမယ် ဆိုရင်တော့ ငါလုပ်ပေးမှာ မဟုတ်ဘူး။ ငါ့ကို တောင်းပန်လိုက်စမ်းပါ . . .)
ရဲရှောင် တွေးနေမိတာပင် ဖြစ်သည်။
၀မ်ရမ်ချူးချူးလည်း သူမ၏ အမုန်းတရားများအား အံကြိတ်လျက် ထိန်းချုပ်လျက် ရှိသည်။
ရဲရှောင်မှ ပုံမှန်လိုပင် လက်ဖက်ရည်ခွက်အား ကိုင်မြောက်လိုက်ရင်း –
“ဒီလက်ဖက်ရည်က မဆိုးဘူးနော်။ မင်းက ပိုသောက်သင့်နေပြီထင်တယ် မိန်းကလေး ချူးချူး”
၀မ်ရမ်ချူးချူး အောက်နှုတ်ခမ်းအား ကိုက်ရင်း ရဲရှောင်အား ကြည့်နေလေ၏။ ရုတ်တရက် ဖြတ်ခနဲ ပြုံးလိုက်ပြီးနောက် ညင်သာသော အသံဖြင့် –
“နောင်ကြီးဖန် . . . ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မက အခု ရှင့်ရဲ့ အသက်ကို ကယ်ထားတာပါ။ ရှင့်ကို ဒီရက်တွေထဲမှာ ရေတိုက်လိုက်ရ၊ ဆေးဝါးတွေ တိုက်ကျွေးလိုက်ရ၊ ပြုစုလိုက်ရ လုပ်ပေးခဲ့တာလေ။ ရှင်က အဲဒီလိုလုပ်ပေးခဲ့တဲ့ မျက်နှာလေးကိုတောင် မထောက်ချင်ဘူးလား နောင်ကြီးဖန် . . .”
ရဲရှောင်မှာ သိပ်စိတ်မ၀င်စားဟန်ဖြင့် –
“မင်းပြောတာတွေကို ငါလက်မခံဘူး မိန်းကလေးချူးချူး . . . မင်းရဲ့ ပြောစကားထဲမှာ ငါ့ကမင်းကို မျက်နှာသာပေးဖို့ တွန်းအားပေးနေသလို သဘောမျိုး ပါနေတယ်။ နောက်ပြီး မင်းက ငါ့အသက်ကို ကယ်တင်ခဲ့တယ်ဆိုတာ ဘယ်လိုများ ပြောလိုက်တာလဲ။ ဟိုလူက ငါ့ကို သတ်ချင်တဲ့ ဆန္ဒ ရှိမနေဘူး။ သူသာသတ်ချင်ရင် သူ့အဆင့်နဲ့ သူ့အစွမ်းနဲ့ ငါခုခံနိုင်မှာတော့ မဟုတ်ဘူး အဲဒီနေရာမှာတင် အကြိမ် ၈၀၀ လောက် သေပြီးနေပြီ . . .”
ရဲရှောင် အသက်တစ်ချက် ရှူလိုက်ပြီးနောက် ဆက်လက်၍ –
“နောက်ပြီး ပြောစရာရှိသေးတာက တစ်ယောက်ယောက်သာ ငါ့ကို တွေ့လိုက်မယ်ဆိုရင် ငါ့ကို တကယ့် ဧည့်ကောင်းဆောင်ကောင်လို ဆက်ဆံမှာ အသေအချာပဲ။ ထူးခြားအစွမ်းထက်တဲ့ ဆေးလုံးတွေ ပြုလုပ်နိုင်တဲ့ ငါ့လို ပညာရှင်တစ်ယောက်ကို ဘယ်သူမှ အထင်သေးရဲမှာ မဟုတ်ဘူး။ မင်းက ငါ့ကို ရေလေး ဆေးလေးပဲ တိုက်ခဲ့တာလေ။ ဘာတွေများ ထူးပြီး လုပ်ပေးခဲ့တာ ရှိလို့လဲ . . . ဒီလောက်ကတော့ တခြားဘယ်သူမဆို လုပ်ပေးမဲ့ အရာတွေပဲဟာ။ သူတို့အနေနဲ့ ငါ့ကို အဘိုးတစ်ယောက်လို မဆက်ဆံဘူး ဆိုရင်တောင်မှ ငါ့ရဲ့ အကြောတွေကိုပိတ်ပြီး အခုလို အကျဉ်းသားတစ်ယောက်အဖြစ် ဆက်ဆံမှာ မဟုတ်ဘူး . . .”
“ရှင့်ကို အဖိုးတစ်ယောက်လို ဆက်ဆံရမယ် ဟုတ်လား . . .”
၀မ်ရမ်ချူးချူး မယုံကြည်နိုင်သော မျက်နှာဖြင့် ရဲရှောင်အား ကြည့်နေလေသည်။ သွေးပင် အန်ချင်သလို ဖြစ်သွားလေ၏။
(ကျွန်မကတော့ ရှင့်ကို ကယ်တင်ခဲ့ရတယ်။ အဲဒါကိုတောင် ရှင်က ကျေးဇူးမတင်ဘူး။ ဒါက ထားဦး၊ အခုရှင်က ရှင့်ကို အဖိုးတစ်ယောက်လို ဆက်ဆံခိုင်းနေပြန်ပြီ။ ရှင်က ဘယ်လိုလူမျိုးလဲ၊ အရှက် ဆိုတာကိုရော သိရဲ့လား မသိပါဘူး . . .)
၀မ်ရမ်ချူးချူး ပို၍ အားစိုက်၍ ပြုံးလိုက်ရင်း –
“နောင်ကြီးဖန် . . . ရှင့်ရဲ့ အဖြေကို အရင်ပြောပြပါ။ တကယ်သာ အလုပ်ဖြစ်မယ်ဆိုရင် ရှင့်ကို လွှတ်ပေးတဲ့အပြင် ကျွန်မတောင်းပန်ပေးပါဦးမယ်။ နောက်ပြီး ရှင့်ကို ဘယ်တော့မှ ထပ်ပြီး မချုပ်နှောင် ထားတော့ပါဘူး . . .”
“သေချာလား . . .”
ရဲရှောင် မျက်လုံးများ မှေးစင်းရင်း မေးလိုက်သည်။
“ကျွန်မ ကတိပေးပါတယ် . . .”
၀မ်ရမ်ချူးချူး ချက်ချင်းပင် ပြန်ပြောလိုက်၏။
“ဒါပေမဲ့ ငါကတော့ မင်းကို မယုံဘူး . . .”
ရဲရှောင် စိတ်အေးလက်အေး ပုံစံဖြင့် ပြောလိုက်သည်။
“ရှင် . . .”
၀မ်ရမ်ချူးချူး၏ မျက်လုံးများ ပြူးကျယ်သွားလေသည်။
“မိန်းမတွေနဲ့ စိတ်ဓာတ်သေးသိမ်တဲ့ ယောကျာ်းတွေဟာ ယုံရခက်တယ်တဲ့ . . . မင်းက စိတ်ဓာတ် သေးသိမ်မသိမ် ဆိုတာကို ငါမသိပေမဲ့ မိန်းမတစ်ယောက် ဖြစ်တယ်ဆိုတာကိုတော့ ငါသေချာ သိပါသေး တယ် . . .”
ရဲရှောင် ပြုံးလျက် ပြောလိုက်သည်။ ဆက်လက်၍ –
“နောက်ပြီး မင်းက ငါ့ကို မင်းမျက်နှာ အစစ်အမှန်နဲ့တောင် လက်ခံတွေ့ဆုံတာ မဟုတ်ဘူးလေ။ ငါ့ကိုပြောစမ်းပါဦး . . . မင်းက မင်းကတိကို ဖောက်ဖျက်ခဲ့မယ် ဆိုရင်တောင်မှ ငါက ဘာလုပ်နိုင်မှာလဲ”
“မင်းင့ါရဲ့ ညွှန်ကြားချက်ကို လိုက်နာနိုင်မယ် ဆိုရင်တော့ ငါကလည်း အခွင့်အရေး ပေးရမှာပေါ့။ ငါပြောသလိုဆို မင်းလည်း ကံကောင်းမှုနဲ့ ကြုံတွေ့ရမှာပါ . . .”
ရဲရှောင် လက်များအား ဝေ့ယမ်းရင်း ပြောလိုက်သည်။
“မော်တယ်ကမ္ဘာက လူတွေက ရက်စက်ပြီး ကောက်ကျစ် စဉ်းလဲတတ်ကြတယ်လေ။ ငါ့ကိုယ်ငါ တော့ ဂရုစိုက်မှရမယ်။ ဘယ်လိုပဲဖြစ်ဖြစ် ငါကတော့ မဟုတ်တာ မလုပ်မဲ့ လူဆိုတာတော့ အာမခံနိုင်ပါ တယ်”
၀မ်ရင်ချူးချူး၏ ရင်အစုံဟာ ဒေါသကြောင့် နိမ့်လိုက်မြင့်လိုက် ဖြစ်လာပြန်ပါပြီ။ ဖန်ဇီလင်အား ဒေါသအပြည့်ပါသော မျက်ဝန်းများဖြင့် စိုက်ကြည့်နေမိသည်။ သူမ၏ ချိုသာသော အပြုံးများအား ဆက်လက်၍ မပြုံးပြနိုင်တော့ဘဲ –
“ကျွန်မက သာမန်မိန်းမတစ်ယောက်မှ မဟုတ်တာ။ သူများတွေနဲ့ လာယှဉ်မနေစမ်းပါနဲ့။ ကျွန်မက အပြာရောင်လေနိုင်ငံတော်ရဲ့ . . .”
တ၀က်တပျက်မှာပင် သူမ၏ စကားဟာ ရပ်တန့်သွားသည်။ သူမ၏ ပြောပုံအရ သူမ၏ ဇစ်မြစ် အမှန်ကိုပင် ထုတ်ဖော်လုမိနီးပါး ဖြစ်သွားခဲ့ပါသည်။ သူမ၏ ဒေါသများသည်လည်း ကြီးသထက်ကို ကြီးလာပြီ ဖြစ်ပါသည်။
“ရှင့်ရဲ့ ယုံကြည်မှုကိုရဖို့ ဘာလုပ်ပေးရမှာလဲ . . .”
“မပူပါနဲ့ . . . ငါ့လို တည်ကြည်တဲ့ လူတစ်ယောက်က မိန်းကလေးတစ်ယောက်ရဲ့ ဇီဇာကြောင်မှုမျိုး မရှိပါဘူး။ မင်းက ငါ့အပေါ် လိုက်လျောမှုမျိုး လုပ်ပေးမယ် ဆိုတာနဲ့ ငါကလည်း မင်းဘာလုပ်ရမလဲ ဆိုတာကို ပြန်ပြောပြမှာပေါ့ . . .”
ရဲရှောင် သဘောကောင်းဟန်ဖြင့် ပြောလိုက်သည်။ ဆက်လက်၍ –
“ငါပြောတဲ့အတိုင်းကို မင်းလုပ်မယ်ဆိုရင် အားလုံး အဆင်ပြေမှာလို့ ပြောချင်တာပဲ . . .”
“ရှင် . . . ရှင် . . .”
၀မ်ရမ်ချူးချူးမှာ အလွန်အမင်းကို ဆွံ့အသွားသလို ဖြစ်သွားသည်။
သူမ၏အရှေ့မှ ဖန်ဇီလင်အား ကြည့်ရင်း ပေါက်ကွဲထွက်လာသည့် ဒေါသများအား ချုပ်တီးနေရခြင်း ဖြစ်၏။ နှစ်ရာပေါင်းများစွာ မလျှော်ဘဲထားသည့် ခြေအိတ်အစုံအား ရဲရှောင်၏ ရွံစရာ ပါးစပ်အတွင်းသို့ ထည့်ပစ်ချင်စိတ်များပင် ပေါက်လာပါသည်။
“ရှင်က ကျွန်မကို စိတ်မပူဖို့ ပြောဝံ့သေးတယ်ပေါ့ . . . တမင်များ ပြောလိုက်တာလား။ ရှင့်အပေါ် လိုက်လျောမှုမျိုးပဲ လုပ်ပေးရဦးမယ်။ တဆိတ်လေး လူပါးဝလွန်းရာ မကျဘူးလား . . . အဲဒါနဲ့များ ရှင့်ကိုယ်ရှင် ယောကျာ်းတစ်ယောက်လို့ ခံယူနေသေးတယ်။ တကယ်ရွံ့စရာကောင်းပြီး ရိုင်းစိုင်းတဲ့လူပဲ”
“ငါ့ရဲ့ ခန့်မှန်းချက်အရ . . .”
ရဲရှောင် ၀မ်ရမ်ချူးချူး၏ ဖြစ်ပျက်နေပုံကိုကြည့်ရင်း ဆက်လက်၍ –
“မင်းကယ်တင်ဖို့ ကြိုးစားနေတဲ့လူက ဒီလိုဒုက္ခကို ခံစားနေရတယ်ဆိုတာ သူကျင့်ကြံတဲ့ ကျင့်စဉ် ကြောင့် ဖြစ်မယ်ထင်တယ်။ ဒီကျင့်စဉ်ကလည်း မျိုးဆက်အဆင့်ဆင့်ကို လက်ဆင့်ကမ်းလာခဲ့ပုံပဲ။ ခြွင်းချက်တစ်ခုတော့ ရှိနေတယ်။ မှင်ရောင်အားဖြည့်ကြာပန်း၊ ကျောက်စိမ်းအားဖြည့်ကြာပန်းနဲ့ အသက်ဝင်ကြာပန်းကသာ ဒီပြဿနာကို ပြေလည်နိုင်စေတာပေါ့ . . .”
“ဒီကျင့်စဉ်က အပြစ်အနာအဆာ ရှိတယ် ဆိုပေမဲ့ အတော်ကြီးအစွမ်းထက်တယ်။ အဆင့်တက်ရ တာလည်း လွယ်ကူတယ်။ စစချင်း လေ့ကျင့်တဲ့ လူတောင်မှ အခြေအနေတစ်ခုကို ချက်ချင်း တန်းရောက် စေနိုင်တာမျိုးပေါ့ . . .”
ရဲရှောင်မှာ ၀မ်ရမ်ချူးချူး၏ မျက်နှာ ပျက်ယွင်းသထက် ပျက်ယွင်းလာသည်ကို မြင်တွေ့နေရသည်။
“ငါက မော်တယ်ကမ္ဘာက ကျင့်စဉ်အကြောင်းကို ပြောနေတာ မဟုတ်ဘူးဆိုတာကို မင်းလည်း ရိပ်စားမိမယ် ထင်ပါတယ် . . .”
ရဲရှောင် ဖြည်းညင်းစွာဖြင့် ပြောလိုက်ပါတော့သည် . . .။