Chapter – 52
“မှင်ရောင်အားဖြည့်ကြာပန်းနှင့်လွတ်မြောက်ရန်ကြိုးပမ်းမှု”
သူ၏ချီဓာတ်များအား လည်ပတ်ရန် ပြင်ဆင်မှာပဲ ကောင်မလေးမှ အကြောပိတ်လိုက်သဖြင့် ကောင်းစွာ မလည်ပတ်နိုင်တော့ပေ။ အကယ်၍ ထိုကဲ့သို့ ချီဓာတ်များ အနည်းငယ်သာ လည်ပတ်၍ ရနေတာကိုသာ ကောင်မလေး သိသွားမည် ဆိုပါက ထပ်မံ၍ အကြောများ ပိတ်နေဦးမည်မှာ အမှန်ပါပင်။ ထိုအခါ သူကြိုးစားထားသမျှသည် သဲထဲရေသွန်သကဲ့သို့ ဖြစ်သွားမှာပင် ဖြစ်သည်။
ရဲရှောင်သည် သူနိုးနေသည်ကတည်းက လွတ်မြောက်ရန် အကြံထုတ်နေခဲ့တာ ဖြစ်သည်။
သို့သော်လည်း ယခုတိုင်အောင် မလွတ်မြောက်နိုင်သေးပေ။ သူ၏ချီဓာတ်များသည် အလွန် အစွမ်းထက်သော်လည်း အကြောများ ပိတ်ထားသဖြင့် ကောင်းစွာ မလည်ပတ်နိုင် ဖြစ်နေရခြင်း ဖြစ်သည်။ သူ့အတွက် လွတ်မြောက်ရန်အထိ ဆိုလျှင်တော့ အချိန်များစွာ ကြာမြင့်မည်ပဲ ဖြစ်၏။
၀မ်ရှန်ချူးချူးသည် နူးညံ့သိမ်မွေ့ဟန်ရှိပြီး အသံမှာလည်း ချိုသာလှပါသည်။ သို့သော် သူမအနေဖြင့် ရဲရှောင်အား လုံးဝမလွှတ်ပေးဟု ဆုံးဖြတ်ထားပုံပါပင်။
“နောင်ကြီးဖန် . . . ရှင့်မှာ စိတ်ရောဂါ တစ်ခုခုများ ရှိနေတာလား . . .”
၀မ်ရမ်ချူးချူးမှာ သူမ၏ ပုံစံအတိုင်း ချိုသာနူးညံ့စွာဖြင့် မေးလိုက်သည်။
ရဲရှောင်မှ ပြုံးလိုက်ရင်း –
“အခုချိန် ငါ့မှာ စိတ်ရောဂါ ရှိမရှိက အရေးကြီးနေတာလား။ အရေးကြီးတဲ့အချက်က ငါ မင်းရဲ့ ထိန်းချုပ်မှုအောက်ကို ရောက်နေတာပဲ။ နောက်ပြီး မင်းက င့ါကို လွှတ်ပေးမဲ့ ပုံစံလည်း မရှိဘူး။ ကြည့်ရတာ မင်းငါ့ကို ကယ်ခဲ့တဲ့ အချိန်ကတည်းက ဒီလိုပဲ ဆုံးဖြတ်ချက် ချခဲ့ပုံ ရတယ် . . .”
၀မ်ရမ်ချူးချူးမှ ချိုသာစွာ ပြုံးလိုက်ပြီး –
“နောင်ကြီးဖန် . . . ရှင်လုပ်ခဲ့တဲ့ ထူးခြားအစွမ်းထက်တဲ့ ဆေးလုံးတွေက မော်တယ်ကမ္ဘာမှာရှိတဲ့ တခြားအလားတူ ဆေးလုံးတွေထက် အများကြီး သာတယ်လို့ ပြောခဲ့တယ်လေ။ အဲဒီလို လူတစ်ယောက်ဆီက တစ်ခုခု သင်ယူနိုင်ခွင့်ကို လွဲချော်သွားလို့ ဘယ်ဖြစ်မလဲ။ အဲဒါကြောင့် ကျွန်မ စဉ်းစားနေတာက ရှင့်ကို အပြာရောင်လေ နိုင်ငံတော်ကို ခေါ်သွားမလားလို့လေ။ ဒီခရီးစဉ်မှာ ရှင့်ရဲ့ အခြေအနေကို ကြည့်ပြီး ကောင်းကောင်းလိုက်မလား အနှိပ်ဆက်ခံပြီး လိုက်မလားဆိုတာတော့ ကွဲသွား မှာပေါ့ . . .”
ရဲရှောင် ရယ်မောလိုက်ပြီး –
“မိန်းကလေး ချူးချူး . . . မင်းက ငါ့ကို ခြိမ်းခြောက်နေတာလား။ ဒီရက်တွေမှာ ခံစားခဲ့ရတဲ့ နာကျင်မှုတွေကိုတောင် ဘယ်လိုခံခဲ့သလဲဆိုတာ မင်းလဲ သိမှာပါ . . .”
မိန်းကလေးလည်း ထိုစကားကို ကြားလိုက်သောအခါ တခဏမျှ ကြောင်ငေးသွားသည်။
(ဟုတ်သားပဲ . . . ဒီလူက ပုံစံကြည့်တော့သာ သာမန်လို ထင်ရတာ။ သူ့ရဲ့ အရိုးတွေက သံမဏိ အလား တော်တော် မာတယ် . . .)
ရဲရှောင်မှာ နာကျင်မှုကြောင့် မေ့မြောနေစဉ်မှာပင် အသံတစ်ချက် မထွက်ခဲ့ပေ။ ထို့ကြောင့် ယခုလို ရုပ်ပိုင်းဆိုင်ရာ နှိပ်စက်ခြင်းဖြင့် ခြိမ်းခြောက်နိုင်မည်မဟုတ်ဟု သူမ သိလိုက်ပါတော့သည်။
“ရှင်ပြောတာ မှန်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် နောင်ကြီးဖန် အပြာရောင်လေနိုင်ငံတော်ကို လိုက်ရမဲ့ ကိစ္စကိုတော့ ရှောင်လွှဲနိုင်မှာ မဟုတ်ဘူး . . .”
၀မ်ရမ်ချူးချူး ပြုံးလျက် ပြောလိုက်သည်။ ဆက်လက်၍ –
“နောင်ကြီးဖန်ရဲ့ အဆင့်က ထိပ်တန်းပဲဆိုတော့ မလိုလားအပ်တဲ့ ဖြစ်ရပ်မျိုးတွေ မဖြစ်ရလေအောင် နောက်ထပ် အကြောနှစ်ချက်လောက် ပိတ်လိုက်ရင် မကောင်းဘူးလား . . .”
ရဲရှောင် သက်ပြင်းချလျက် စိတ်ထဲမှ –
(ထင်တဲ့အတိုင်းပဲ . . . သူက ငါ့အစီအစဉ်တွေကို ကြိုမြင်နေသလိုပါပဲလား . . .)
ရဲရှောင် တစ်ချက် ပြုံးလိုက်ပြီး –
“ငါက မလုပ်ပါနဲ့လို့များ ပြောနိုင်လို့လား . . .”
“ပြောတာတော့ ပြောနိုင်ပါတယ်။ ကျွန်မကတော့ လုပ်ကို လုပ်ရမှာပဲ . . .”
၀မ်ရမ်ချူးချူး ရယ်မောလိုက်သည်။ သူမ၏ လက်များမှာလည်း လေကဲ့သို့ လျင်မြန်သော အဟုန်ဖြင့် ရဲရှောင်၏ ကျောကုန်းမှ အကြော သုံးခုအား ပိတ်လိုက်ပါတော့သည်။
နည်းနည်းချင်း လည်ပတ်၍ ရနေသည့် သူ၏ ချီဓာတ်များမှာ ထပ်မံ၍ ပိတ်ဆို့ ဟန့်တားခြင်း ခံလိုက်ရပါပြီ။ ထို့ကြောင့် သူကြိုးစားအားထုတ်ခဲ့သည့် အားစိုက်မှုဟာလည်း အလကားကို ဖြစ်သွားရလေတော့၏။
ရဲရှောင် သက်ပြင်းချရင်း –
“ဒါက မင်းနေရာဆိုတော့ ငါ့စကားတွေက ဘယ်လိုလုပ်ပြီး ထိရောက်မှာလဲ . . . ဒါနဲ့ . . . မှင်ရောင်ကြာပန်းအားဖြည့်ပင်ရော . . . မင်းမှာ ဒီပန်းကိုရဖို့ အများကြီး အားစိုက်ထားရတာ။ ဒါပေမဲ့ ဘယ်လို အသုံးပြုရမလဲဆိုတာကို မင်းသိတာရော တကယ်သေချာရဲ့လား . . . လူတိုင်းကတော့ ကိုယ့်ရည်ရွယ်ချက်ကိုယ် ရှိမှာပေါ့လေ . . .”
မိန်းကလေးမှ စိတ်မပါသောဟန်ဖြင့် –
“ကျွန်မ အဲဒီအပင်ကို မှားပြီး ဖြုန်းတီးသလို ဖြစ်သွားတယ် ဆိုရင်တောင်မှ လွှတ်ပဲ ပစ်လိုက်မှာ၊ နောင်ကြီးဖန်ရဲ့ အကူအညီကို မယူပါဘူး . . . စိတ်အေးအေးထားပါ ရှင်စိတ်ပူရမဲ့ ကိစ္စ မဟုတ်ဘူး . . .”
နောက်ထပ် လွတ်မြောက်ရေး လမ်းကြောက်တစ်ခုမှာလည်း ပိတ်ဆို့သွားရပြန်ပြီဖြစ်၏။
သို့သော်လည်း ရဲရှောင်မှာ စိတ်မလျော့သေးချေ။ ပြုံးလျက် –
“ဘယ်လိုသုံးရမှန်း မသိတဲ့ ပစ္စည်းတစ်ခုကို မင်းရလိုက်တယ် ဆိုတာ လုံးဝ ဖြုန်းတီးသလိုဖြစ်တဲ့ ကိစ္စပဲ . . . မင်းအနေနဲ့ ဖြုန်းတီးသလိုဖြစ်ပြီး လွှတ်ပစ်လိုက်ရင်လည်း တကယ်စိတ်မကောင်းစရာပဲပေါ့။ မိန်းကလေးချူးချူး . . . မင်းဒီပန်းအတွက် အများကြီး အကုန်အကျခံထားရတာ တစ်ယောက်ယောက်ရဲ့ အသက်ကို ကယ်ဖို့မလား။ ဒါပေမဲ့ တခါတရံမှာ ဆေးပင်ကို ဆုံးရှုံးသွားတာထက် အသုံးမတတ်ရင် လူနာရဲ့အသက်ကို ဆုံးရှုံးသွားစေနိုင်တယ်ဆိုတာကိုလည်း သတိထားပေါ့ . . .”
၀မ်ရမ်ချူးချူးမှာ ထိုစကားကို ကြားသောအခါ မကျေမနပ် အသံတစ်ခု ခပ်တိုးတိုး လုပ်လိုက်၏။ သူမအနေဖြင့် ရဲရှောင်၏ စကားများကို လက်မခံဟန်ပါပင်။
ရဲရှောင်မှာတော့ မိန်းကလေး၏ အပြုအမူများကို လျစ်လျူရှုကာဖြင့် ဆက်လက်၍ –
“ဒါပေမဲ့ ဒီဆေးပင်ရဲ့ အဓိက အသုံးဝင်ပုံကို ပြောရမယ်ဆို ဒီအပင်က ဒဏ်ရာတွေကို သက်သာစေဖို့ မဟုတ်ဘူး။ အသက်ကယ်ဖို့အတွက်ပဲ . . .”
၀မ်ရမ်ချူးချူး၏ မူလက ချိုသာသော အပြုံးမှာ အေးစက်စက် ဖြစ်သွားပြီး –
“အဲဒီတော့ ဘာဖြစ်သလဲ . . . နောင်ကြီးဖန်က တကယ် ဗဟုသုတနဲ့ ပြည့်စုံတာပဲ။ ဆေးပင်တွေရဲ့ သွင်ပြင်လက္ခဏာတွေ အသုံးဝင်ပုံတွေ အကုန်သိနေတယ်နော် . . .”
“ငါ့ကို မြောက်မနေပါနဲ့တော့ . . .”
ရဲရှောင် ပြုံးလျက် ပြောလိုက်သည်။
“ငါသိချင်တာက မင်းငွေကုန်ကြေးကျ အများကြီးခံပြီး ၀ယ်ထားတဲ့ ဆေးပင်က တကယ်ပဲ မင်းအဖေရဲ့ အသက်ကို ကယ်တင်ဖို့လား . . .”
“ကျွန်မရဲ့အဖေက နေမကောင်းဖြစ်နေတယ်လေ။ ဒီကြာပန်းကလွဲပြီး တခြားဘာမှ မကယ်တင် နိုင်တော့ဘူး . . .”
မိန်းကလေးမှ နူးညံ့စွာ ပြောလိုက်ပါတယ်။
ရဲရှောင်မှ ခပ်လှောင်လှောင်ဟန်ဖြင့် –
“ဟဲဟဲ . . . မိန်းကလေးချူးချူးရဲ့ အမူအရာကတော့ တကယ်အံ့မခမ်းပဲ။ ဒါပေမဲ့ ငါကတော့ မယုံတာခက်တယ် . . .”
၀မ်ရမ်ချူးချူးမှ မျက်မှောင်ကြုတ်၍ –
“နောင်ကြီးဖန်က ဘာကို မယုံတာလဲ . . .”
“ငါမယုံတာက မင်းရဲ့အဖေကို ဒီကြာပန်းသုံးပြီး ကုပေးမယ် ဆိုတာကိုပဲ။ ဘာလို့လဲဆိုတော့ ကြာပန်းရဲ့အာနိသင်က ဝိညာဉ်ကို ဖမ်းဆုပ်ထားနိုင်ပြီးတော့ အသက်ကယ်တင်နိုင်တာ။ ဒါပေမဲ့ မိန်းမတွေကိုပဲ အကျိုးသက်ရောက်စေတယ်။ ယောကျာ်းတစ်ယောက်ရဲ့အသက်ကို ဘယ်လိုမှ မကယ်နိုင် ဘူး။ အဲဒါကြောင့် မိန်းကလေးချူးချူးက ဒီကြာပန်းနဲ့ မင်းအဖေအသက်ကို ကယ်တင်မယ်ဆိုတာ ငါကတော့ ဘယ်လိုမှ မယုံနိုင်ဘူး။ မင်းကိုငါ အစကတည်းက မယုံခဲ့တာပဲ။ ဒါပေမဲ့ ငါသိချင်တာက ငါပြောတဲ့ စကားတွေကို မင်းယုံမယုံ ဆိုတာကိုပဲ . . .”
ချူးချူးမှာ ပြုံးနေတုန်းပါပဲ။ သို့သော်လည်း သူမ၏အပြုံးများဟာ အေးစက်စက် ဖြစ်နေပါတယ်။ နှုတ်ခမ်းတစ်ချက် တွန့်သွားပြီး –
“ဟိုးအရင်ကတည်းက အခုထိ ကြာပန်းအားဖြည့်ပင်ဟာ အံ့သြစရာ အစွမ်းတွေနဲ့ ကောင်းကင်ဘုံ က ဆေးပင်လိုမျိုး နာမည်ကျော်ခဲ့တယ်။ နောင်ကြီးဖန်ရဲ့အပြောက မှန်မမှန်ဆိုတာ ကျွန်မ ဘယ်လို သိနိုင်မှာလဲ။ ကျွန်မ ဒီလို ကောလဟလတွေ အများကြီး ကြားခဲ့ဖူးပြီးသားပါ . . .”
ရဲရှောင်မှ လက်ဖက်ရည်ခွက်ကို ကောက်ကိုင်လိုက်ပြီး တစ်ငုံသောက်လိုက်တယ်။ ထို့နောက် ဆက်လက်၍ –
“ဟိုးကာလတွေ ကတည်းက ဒီလိုမျိုးတွေ နာမည်ကျော်ခဲ့တာ မှန်ပါတယ်။ ဒါပေမဲ့ ဒီမော်တယ် ကမ္ဘာမှာ ဒီကြာပန်းကိုသုံးပြီး အသက်ကယ်နိုင်ခဲ့တဲ့လူ တစ်ယောက်မှ မရှိသေးဘူးလို့ ငါထင်တယ်။ ငါသိသလောက်တော့ တကယ်ကောင်းမွန်တဲ့ ဆေးပင်ဖြစ်ပေမဲ့ အသုံးမတတ်တော့ သေကြတာတွေ များတယ် . . .”
၀မ်ရမ်ချူးချူး၏ မျက်နှာဟာ လုံးဝ အေးစက်တောင့်တင်းသွားသလိုပါပင်။
ရဲရှောင်မှ သူမ၏ အမူအယာများအား သတိမပြုမိဟန်ဖြင့် ဆက်လက်၍ –
“ရောဂါကို ဒီကြာပန်းသုံးပြီး ကုလို့ ရသွားမယ် ဆိုရင်တောင်မှ နောက် နှစ်အနည်းငယ် ကြာတဲ့ အခါ ရုတ်တရက် အဆိပ်မိပြီး သေဆုံးသလိုတွေ ဖြစ်လိမ့်မယ်။ ဒါတွေက ဘေးထွက်ဆိုးကျိုးအဖြစ် ခံစားရတာပဲ . . .”
၀မ်ရှန်ချူးချူးမှာ စကားပင် ပြန်မပြောနိုင်အောင် ဖြစ်နေပါပြီ။
“အကြောင်းအရင်းကတော့ ရှင်းပါတယ် . . . ဒီကြာပန်းဆေးပင်က အေးစက်တဲ့ ဓာတ်တစ်မျိုးရှိ တယ်လေ။ နတ်ဘုရားအစွမ်းလိုမျိုး ရောဂါကို ယူပစ်သလို ပျောက်သွားစေနိုင်ပေမဲ့ အဲဒီအေးခဲစေတတ်တဲ့ စွမ်းအင်က လူနာရဲ့ ခန္ဓာကိုယ်ထဲမှာ ကျန်ခဲ့တယ်။ အဲဒီလို ရောဂါဟာ လုံးဝ မြင်နိုင်စွမ်း မရှိပေမဲ့ အထဲမှာ လှိုက်စားသလို ဖြစ်နေတယ်။ တဖြည်းဖြည်းနဲ့ လူနာက သေဆုံးသွားမှာပေါ့ . . . ဒီလို ထူးဆန်းတဲ့ သက်ရောက်မှုမျိုးကို ကျော်ဖြတ်ပြီး အသက်ရှင်သန်နိုင်တဲ့လူ မော်တယ်ကမ္ဘာမှာ မရှိသေးဘူး။ အဲဒါ ကြောင့် နောက်ဆုံး ဒီကြာပန်းသုံးတဲ့ လူမှန်သမျှ သူတုိ့ရဲ့ သွေးကြောတွေ အေးခဲပြီး သေဆုံးကြရတာပဲ”
“တကယ်တော်လိုက်တာ . . .”
၀မ်ရှန်ချူးချူးမှာ လက်ခုပ်တီးလျက် ချီးကျူးလိုက်ပါသည်။
“အခုတော့ ကျွန်မရှင့်ကို ထိပ်တန်းအဆင့် ဆေးပညာရှင်တစ်ယောက် ဆိုတာကို ယုံစပြုလာပြီ”
“ဒါပေမဲ့ မိန်းကလေး ချူးချူးက ငါ့ပြောတာတွေကို ကြားပေမဲ့လည်း သိပ်ပြီး မအံ့သြသလိုပါပဲ”
ရဲရှောင် ပြောလိုက်သည်။
“ဒါဆိုရင်တော့ မိန်းကလေးရဲ့ လူနာ ဒီလို ထူးစွမ်းတဲ့ အအေးဓာတ်ကို သေချာပေါက် ကာကွယ်နိုင် မယ်ဆိုတာကို မိန်းကလေးက ယုံကြည်ချက် ရှိနေတာဖြစ်ရမယ်။ ဒါပေမဲ့ မော်တယ်ကမ္ဘာတစ်ခုလုံးမှာ ဒီလိုလုပ်နိုင်တဲ့လူ တစ်ယောက်မှ မရှိသေးဘူး။ အဲဒါကြောင့် မင်းကယ်တင်ချင်တဲ့လူဆိုတာ ငါခန့်မှန်း ကြည့်လိုက်မယ်။ ဒီလူနာက ကောင်းကင်ပေါ်က ဖြစ်မယ်ထင်တယ် . . .”
သူ၏စကားလုံးများသည် မိုးကြိုးသွားကဲ့သို့ပင် မိန်းကလေး၏ရင်အား တိုက်ရိုက်ထိမှန်ခဲ့လေသည်။ သူမ၏ခန္ဓာကိုယ် တစ်ချက်တုန်သွားပြီး ရဲရှောင်အား မျက်မှောင်ကြုတ်လျက် လှမ်းကြည့်လိုက်သည်။ ထို့နောက်မှာတော့ သူမ၏မျက်နှာတွင် အဓိပ္ပါယ်ပါသော အပြုံးတစ်ခု ပြုံးလိုက်ပြီး အကြည့်များမှာလည်း စူးရှသွားသလိုပါပင်။
“ဒီလူက ကောင်းကင်ပေါ်ကဆိုရင် ငါ့ရဲ့ ခန့်မှန်းချက်တွေက လွဲလောက်မယ် မထင်ဘူး . . .”
ရဲရှောင်မှာ ဘာမှမထူးခြားသလို ဟန်ပန်ဖြင့်ပင် ပြောလိုက်လေ၏။ ဆက်လက်၍ –
“ဒါပေမဲ့ ငါ့ရဲ့ ခန့်မှန်းချက်တွေသာ မှန်နေမယ်ဆိုရင်တော့ မိန်းကလေးချူးချူး အနေနဲ့ လူတစ်ယောက်ရဲ့ အသက်ကို ကယ်တင်ဖို့ လိုအပ်နေပြီ။ ဒီလူက မင်းရဲ့ အဖေလည်းမဟုတ်ဘူး အမေလည်း မဟုတ်နိုင်ဘူး။ မိန်းမတစ်ဦးဆိုတာကတော့ သေချာတယ် . . .”
“ရှင်က ဘာလို့ ဒီလိုပြောရတာလဲ . . .”
၀မ်ရမ်ချူးချူး၏ မျက်နှာသည် ဖြူရော်ရော်ဖြစ်နေပြီ ဖြစ်လေသည်။
“ဘာလို့လဲဆိုတော့ ဒီလူက ကောင်းကင်ပေါ်က ဖြစ်တယ် ဆိုရင်တောင်မှ ဒီကြာပန်းကို အသုံးပြုနိုင်တဲ့ လူက မိန်းမပဲ ဖြစ်မယ်ဆိုတာ ငါသိပြီးသားကိုး . . .”
ရဲရှောင် ရယ်သွေးသွမ်းလျက် ပြောလိုက်၏။
“နောက်ပြီး . . . သူက သူ့ခန္ဓာကိုယ်ကို ဒီကြာပန်းနဲ့ ကုသချင်တယ်ဆိုရင်တောင် နောက်ထပ် လိုအပ်ချက် ရှိသေးတယ် . . .”
ရဲရှောင်မှာ ကြည်လင်ပြတ်သားသည့် အသံဖြင့် တစ်လုံးခြင်း ပြောနေလေသည်။
“ဒီမိန်းမက လုံးဝ အပျိုစစ်စစ် တစ်ယောက် ဖြစ်ရမယ်။ မိန်းမတွေရဲ့ ဓာတ်က ယင်ဓာတ်လေ။ အဲဒါကြောင့် သူတို့က သေချာပေါက် အအေးဓာတ်ကို ပြယ်ပျောက်စေနိုင်တယ်။ အဲဒါဆိုရင်တောင်မှ ဆိုးကျိုးက ကျန်နေသေးတယ်။ အအေးဓာတ်က နောက်ဆုံးမှာ ပေါက်ကွဲသွားမယ်ဆိုရင် သေဆုံးနိုင်ခြေပါ ရှိသေးတယ်။ ယင်ဓာတ်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတဲ့ အပျိုစစ်စစ်တွေသာ ဒီလို အအေးခဲနိုင်ဆုံး ဓာတ်ကို ခြေဖျက်နိုင်လိမ့်မယ် . . .”
“ဒါပေမဲ့ . . . ဒီလို အပျို စစ်စစ် ဖြစ်မှရမဲ့ မိန်းမတစ်ဦးမှာ ဘယ်လိုမှ ရင်သွေးဆိုတာ မရှိနိုင်ဘူးလေ။ မဖြစ်နိုင်ဆုံး အရာပေါ့။ အဲဒါကြောင့် မင်းရဲ့ အမေလည်း သေချာပေါက် မဟုတ်ဘူးဆိုတာ ပြောလို့ရတယ်။ ဒီလို အဖေလည်းမဟုတ် အမေလည်းမဟုတ်တဲ့ လူတစ်ယောက်ကို မင်းက အားတွေ စိုက်ထုတ်ပြီး ကယ်ဖို့ ကြိုးစားတယ်ဆိုတော့ အဖြေက ရှင်းနေပါပြီ . . .”
၀မ်ရမ်ချူးချူးမှာ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားပြီး သူမ၏ လျို့ဝှက်ချက်များ ပေါ်လာ၍ မခံချိမခံသာ ဖြစ်နေဟန်ပါပင်။ သူမ၏ ရင်အစုံသည် အသက်ရှူသံ ပြင်းပြင်းကြောင့် နိမ့်လိုက်မြင့်လိုက် ဖြစ်နေပြီး –
“ဆက်ပြောပါဦး . . .”
ရဲရှောင်မှာ သူ့အဖြေများ မှန်ကန်နေပြီဟု ယုံကြည်ချက် ရှိသွားသည်။
ပုံမှန်အတိုင်း မထူးခြားသလိုဟန်ဖြင့် –
“ဒီမိန်းမက အနည်းဆုံးတော့ ကျွမ်းကျင်အဆင့် ပညာရှင် တစ်ယောက် ဖြစ်လိမ့်မယ် . . .”
“ဒီလိုသာ မဟုတ်ဘူးဆိုရင် ဘယ်လိုမှ ဒီလောက်ထိ ဗဟုသုတ ကြွယ်ဝမှာ မဟုတ်ဘူး။ မင်းလို သူ့ရဲ့ အမွေဆက်ခံမဲ့လူတောင် သိနေသေးတာပဲမလား . . .”
ရဲရှောင်မှာ မျက်လုံးများ မှေးစင်းလျက် အကဲခတ်လိုက်သည်။ ယခုမိန်းကလေး၏ မျက်စိ ဒေါက် ထောက်၍ ကြည့်နေခြင်းမှ သူလွတ်မြောက်နိုင်မည် မဟုတ်ပေ။ ထို့ကြောင့် ရဲရှောင်လည်း သူ၏ သိမ်မွေ့နက်နဲလှသည့် အတွေ့အကြုံများဖြင့် အမှန်တရားဖြင့် အနီးစပ်ဆုံး တူညီနေသော ခန့်မှန်းချက်များ အား ပြောဆိုရင်း လွတ်မြောက်နိုင်မည့် နည်းလမ်းကို ဖန်တီးနေခြင်းသာ ဖြစ်၏။
ယခုနေ့မတိုင်မီထိ ရှောင်ဧကရာဇ်သည် ယခုကဲ့သို့ မိန်းကလေးတစ်ဦး၏ အထိန်းချုပ်ခံဘ၀သို့ ရောက်ရှိလိမ့်မည်ဟု ဘယ်တုန်းကမှ မတွေးထားခဲ့မိချေ။ ယခုလို အခြေအနေမှ လွတ်မြောက်ရန်သာ အကြံထုတ်လျက် ရှိနေတာ ဖြစ်ပါသည်။
အမွေးဆက်ခံမဲ့လူဟု ပြောလိုက်သော်အခါ ၀မ်ရမ်ချူးချူး၏ ခန္ဓာကိုယ် တစ်ချက် တုန်သွားပြန် ပါသည်။ နှုတ်ခမ်းကို ကိုက်လျက် သူမမျက်နှာသည်လည်း အေးစက်မာကြော လာပါတော့သည်။
“နောက်ပြီး မင်းကသူ့ကို ကြာပန်းကြွေးလိုက်မယ် ဆိုရင်တောင်မှ သူ့ရဲ့လက်ရှိ ရောဂါကနေ တခဏတာပဲ ကယ်တင်နိုင်လိမ့်မယ်။ မင်းကယ်တင်မဲ့မိန်းမရဲ့ နောက်ထပ်အသက်ရှင်နိုင်မဲ့ သက်တမ်းက အများဆုံး နောက်ထပ် ၁၀ နှစ်ပဲ။ ၁၀ နှစ်ကျော်သွားရင် သူလည်း သေဆုံးရမှာ။ ဒီမှင်ရောင်အားဖြင့်ကြာပန်းထက် ပိုပြီးအဆင့်မြင့်တဲ့ ကျောက်စိမ်းအားဖြည့်ကြာပန်းကို ၁၀ နှစ်အတွင်း ရအောင် ရှာနိုင်မှသာ သူအသက်ဆက်ရှင်သန် နိုင်လိမ့်မယ်။ မင်းကနေပြီး ကျောက်စိမ်းအားဖြည့်ကြာပန်း ကို ပေးနိုင်မယ်ဆိုရင် သူ့ရဲ့သက်တမ်းက နောက်ထပ် နှစ် ၅၀၀ ဆွဲဆန့်နိုင်မယ်။ အဲဒီလို နှစ် ၅၀၀ ပြီးသွား ပြန်ရင်လည်း မင်းနောက်ထပ် တဆင့်မြင့်တဲ့ ကျောက်စိမ်းအသက်ဝင်ကြာပန်းကို ရှာဖို့ လိုလာပြန်ရော။ အဲဒါမှသာ သူ့ရဲ့ သေဘေးကို ဖြတ်ကျော်နိုင်လိမ့်မယ် . . .”
“ဒီလိုမှ မဟုတ်ရင်တော့ သူဘယ်လောက်ပဲ ကျင့်ကြံမှုအဆင့်မြင့်တွေ ရောက်နေပါစေ အသက်ဝင်ကြာပန်းကို မစားနိုင်ဘူးဆိုရင် သူ့ရဲ့ ကြမ္မာဆိုးကို ရှောင်လွှဲနိုင်မှာ မဟုတ်ဘူး။ သွေးကြောတွေ အကုန်ခဲပြီး သေလိမ့်မယ်လေ . . .”
“ငါသိသလောက်တော့ လူတိုင်းပေါ့ ယောကျာ်းပဲဖြစ်ဖြစ် မိန်းမပဲဖြစ်ဖြစ် ပညာရှင်ပဲဖြစ်ဖြစ် ရိုးရိုးလူပဲဖြစ်ဖြစ် မှင်ရောင်အားဖြည့်ကြာပန်းကို စားတဲ့လူတိုင်း နောက်အဆင့်မြင့်တာကို မစားနိုင်ရင် သေချာပေါက် အသက်ဆုံးရှုံးရမှာ။ အသက်ကို ကယ်တင်ပေးနိုင်တဲ့ တစ်ခုတည်းသောအရာက ကျောက်စိမ်းအသက်ဝင် ကြာပန်းပဲ . . .”
“အမှန်တိုင်း ပြောရရင် မှင်ရောင်အားဖြည့် ကြာပန်းက ရှားပါးတယ် ဆိုပေမဲ့ မင်းအနေနဲ့ အင်တိုက် အားတိုက် ရှာနိုင်ရင် တွေ့နိုင်ဦးမယ်။ အနည်းဆုံးတော့ အခုမင်းမှာတောင် တစ်ခု ရှိနေပြီးပြီမလား။ ကျောက်စိမ်းအားဖြည့်ကြာပန်းကတော့ မော်တယ်ကမ္ဘာတစ်ခုလုံးမှာတောင် လက်ငါးချောင်းမပြည့်ဘူး”
ရဲရှောင်တခဏမျှ နားလိုက်ပြီး ဆက်လက်၍ –
“မင်းက ကံကောင်းထောက်မပြီး ကျောက်စိမ်းအားဖြည့် ကြာပန်းကို တွေ့သွားတယ် ဆိုရင်တောင်မှ နောက်ထပ် အသက်ဝင်ကြာပန်းကို ဘယ်လိုရှာမလဲ။ ငါသိတာတော့ ဟိုးနှစ်ပေါင်းများစွာ ကနေ အခုချိန်ထိ ကောင်းကင်နယ်ပယ်မှာရော ကမ္ဘာမြေပြင်မှာပါ အဲဒီအပင်က တစ်ပင်တည်း ရှိတယ်။ တစ်ပင်တည်းပဲ . . .”
၀မ်ရမ်ချူးချူး၏ မျက်နှာအမူအယာမှာလည်း ချက်ချင်းပင် လှုပ်လှုပ်ရှားရှား ဖြစ်သွားပါလေတော့ သည် . . .။