Switch Mode

Chapter – 51

ဝမ်းရမ်ချူးချူးထံမှ လွတ်မြောက်ရန် ကြိုးစားခြင်း

Chapter – 51
“၀မ်ရမ်ချူးချူးထံမှလွတ်မြောက်ရန်ကြိုးစားခြင်း”

ရှောင်ဧကရာဇ်သည် မိန်းမသားများအား မထိခဲ့မကိုင်ခဲ့ဖူးပေ၊ အဘယ်ကြောင့်ဆိုသော် သူကျင့်ကြံခဲ့သည့် ကျင့်စဉ်ကြောင့်ပင်ဖြစ်၏။ မိန်းမကြမ်း မကျေဟု ဆိုရမလိုပါပင်။
သူပြောခဲ့သည့် စကားလုံးများမှာ အယောင်ယောင် အမှားမှားဖြင့် အခြေအမြစ် မရှိသကဲ့သို့ ဖြစ်နေလေသည်။ သူ့ကိုယ်သူ ဘာတွေပြောခဲ့မိမှန်းပင် နားမလည်နိုင် ဖြစ်ခဲ့၏။
မိုးပြာရောင်ဝတ် မိန်းကလေးမှာ အစပိုင်းတွင် ပြာယာခတ်သကဲ့သို့ ဖြစ်မနေသော်လည်း သူမ၏ လက်အား ကိုင်လိုက်သည်နှင့် စိတ်ထဲ စနိုးစနှောင့်တော့ ဖြစ်သွားခဲ့သည်။ တကိုယ်လုံးပင် ဖိန်းတိန်းရှိန်း တိန်း ဖြစ်သွားခဲ့တာဖြစ်ပြီး ရှက်ရွံ့ခြင်းကို ခံစားခဲ့ရလေသည်။ ရဲရှောင်မှာတော့ ထိုအခြေအနေများအား သတိမပြုခဲ့မိပါချေ။
စိတ်ထဲကပါ၍ဖြစ်စေ မပါ၍ဖြစ်စေ သူလုပ်ခဲ့သည့် လုပ်ရပ်သည် မိန်းကလေး တစ်ဦးအဖို့ ရှက်ရွံ့စရာ ဖြစ်သွားခဲ့သည် မဟုတ်ပါလား။
ရဲရှောင်လည်း သူ့အမှားသူ သိသွားသဖြင့် နှုတ်မှ အနည်းငယ် ညည်းညည်းညူညူသာ လုပ်၍ နေလိုက်လေ၏။ သူသည် အမှားပါသွားပြီး လူမှုရေး နားမလည်သလို ဖြစ်သွားခဲ့သော်လည်း ဖြတ်ထိုးဉာဏ်မှာတော့ အလွန်ကောင်းသူတစ်ဦး ဖြစ်သဖြင့် အခြေအနေကို ပြန်လည် ထိန်းသိမ်းရန် အတွက် အကြံထုတ်လျက် ရှိနေသည်။
မိုးပြာရောင်ဝတ် ကောင်မလေးသည် စိတ်ဆိုးမာန်ဆိုးဖြင့် တစ်ခုခု ပြောရန် ပြင်လိုက်သော်လည်း ရဲရှောင်ပုံစံမှာ အားနည်းသည့်ပုံမျိုး ပေါက်သွားသည်ကို သူမြင်လိုက်ရသည်။ သူမအနေဖြင့် ရဲရှောင် ဟန်ဆောင်နေသည်ကို သိသော်လည်း စိတ်ရှုပ်ရမည့်အစား ရယ်ချင်သလိုပင် ဖြစ်သွားမိလေ၏။
(တော်လောက်ပြီ . . . ရှက်ရမ်းရမ်းမနေနဲ့တော့ . . .)
သူမ ခြေကိုဆောင့်ကာဖြင့် မတ်တတ်ရပ်လိုက်ပြီး ရေခွက်ကို ယူကာ လေသံခပ်မာမာဖြင့် –
“ရေထသောက်လိုက် . . .”
ရဲရှောင်မှာ ရှက်ရွံ့နေသဖြင့် အားနည်းချင်ယောင် ဆောင်နေဆဲပင်ဖြစ်သည်။
ကောင်မလေးမှာတော့ တွေးမိလေ စိတ်ဆိုးလေ ဖြစ်လာပုံပါပင်။
(ရှင်က ကျွန်မကို အခွင့်အရေးလည်း ယူသေးတယ်။ အခုကျတော့ သေတော့မလို လုပ်နေပြန်ပြီ။ ရှင့်ဟာရှင် လုပ်နိုင်နေပြီ ဖြစ်ရဲ့နဲ့ ကျွန်မက ရှင့်ကို ရေတိုက်တာကို ခံချင်နေသေးတာလား . . .)
ရှောင်ဧကရာဇ်လည်း ထပ်မံ၍ ဟန်မဆောင်ချင်တော့သဖြင့် ရေကို ယူ၍ သောက်လိုက်ပါတော့ သည်။
. . . . . .
“နောင်ကြီးဖန် . . . ရှင့်ကို ဘယ်သူလုပ်လိုက်တာလဲ။ ဒီလိုဖြစ်အောင် ဘယ်လို နည်းလမ်းတွေနဲ့ များ တိုက်ခိုက်ခဲ့တာလဲ . . .”
ကောင်မလေး လက်ဖက်ရည်ခွက်ကိုကိုင်လျက် ပြုံးကာ မေးလိုက်၏။
ယခုအခါ သူမ၏ မျက်နှာအား ဖုံးအုပ်ထားသည့် ပဝါစအား ဖယ်ရှားလိုက်ပြီ ဖြစ်သဖြင့် သူမ၏ ပကတိရုပ်သွင်ကို ထုတ်ဖော်ပြသလိုက်ပြီး ဖြစ်၏။
ရဲရှောင်မှ လေသံခပ်ဖျော့ဖျော့ဖြင့် –
“ငါစမပြောခင်မှာ ငါ့ကို အကြောပိတ်ထားတာကနေ ပြန်ဖွင့်ပေးလို့ ရမလား . . . အဲဒါဆို ငါလည်း မြန်မြန် ပြန်ကောင်းလာနိုင်လိမ့်မယ် . . .”
ကောင်မလေး နူးညံ့စွာ ပြုံးလိုက်ပြီး –
“ရှင်ဘယ်လိုများ ပြောလိုက်တာလဲ နောင်ကြီးဖန် . . . ရှင်က ပညာရှင်တစ်ယောက်လေ။ ကျွန်မသာ ရှင့်ကို လွှတ်ပေးလိုက်မယ်ဆိုရင် နဂါးကို ပင်လယ်ထဲချပေးလိုက်တာနဲ့ မတူပေဘူးလား။ ကျားကို တောထဲ လွှတ်ပေးလိုက်တာနဲ့ မတူနေဘူးလား . . . ကျွန်မက အားအင်ချိနဲ့တဲ့ မိန်းကလေး တစ်ဦးပါ။ အဲဒီလို လုပ်လိုက်တာ ကျွန်မအတွက် အန္တရာယ်တွေကို ဖိတ်ခေါ်သလိုဖြစ်မှာပေါ့ ဟုတ်တယ် မလား . . .”
ရဲရှောင် သက်ပြင်းချလိုက်ပြီး –
“မင်းအနေနဲ့ ငါ့ရန်ကနေ ကာကွယ်ဖို့အတွက် အစောင့် ၂ ယောက်လဲ ရှိတာပဲလေ။ မင်းက ဘာတွေ စိုးရိမ်နေတာလဲ . . . တကယ်ကို မလိုအပ်ဘူးလေ . . .”
“ဒါတော့ဒါပေါ့လေ . . . ဒါပေမဲ့ မော်တယ်ကမ္ဘာမှာက အသက်ရှင်နေသမျှ ကာလပတ်လုံး သတိလက်လွတ်မနေတာ အကောင်းဆုံးပဲ။ သတိထားနေမှသာ အသက်ရှည်ရှည် နေနိုင်မှာလေ . . .”
ကောင်မလေး ချိုသာစွာပြုံးလျက် ပြောလိုက်သည်။
ရဲရှောင် မည်မျှပင် လွှတ်ပေးရန် တောင်းဆိုပါစေ ကောင်မလေးကတော့ သူ့အကြောတွေကို ဖွင့်ပေးမည့်ပုံ မရှိချေ။
(ဒီကောင်မလေးက နူးနူးညံ့ညံ့နဲ့ သဘောကောင်းသလိုသာ ထင်ရတာ ဒါပေမဲ့ အတွင်းစိတ်က တော့ အတော်ပြောရခက်ပြီး ခေါင်းမာတာပဲ။ သူဘယ်လောက်ပဲ ယုံယုံ လွယ်လွယ်နဲ့ ဆုံးဖြတ်ချက် ချပြီးသား ကိစ္စကို ပြောင်းလဲတတ်ပုံ မရဘူး . . .)
ရဲရှောင် ကောင်မလေးနှင့် ပတ်သက်ပြီး တွေးနေမိသည်။
“ဟူး . . . ငါကလည်း တဘ၀လုံး မိန်းမတွေနဲ့ ပတ်သက်ခဲ့ဖူးခြင်း မရှိတော့ မိန်းမတွေရဲ့ အတွေးကို နားမလည်ဘူး ဖြစ်နေတယ်။ သူက ငါ့အသက်ကို ကယ်တင်ခဲ့တယ်။ အဲဒါတောင်မှ ငါ့အန္တရာယ်ကနေ ကင်းအောင်ဆိုပြီး သတိထားနေတယ်ဆိုတာ ဖြစ်သင့်လို့လား . . . ငါ့ကို ကျေးဇူး မသိတတ်တဲ့ ကောင်လို့များ ထင်နေတာလား . . .”
ရဲရှောင် စိတ်ဓာတ်ကျဟန်ဖြင့် တွေးနေမိ၏။
“နောင်ကြီးဖန် . . . ရှင်လေလံပွဲကနေ ဘယ်လိုဖြစ်ပြီး မြန်မြန်ဆန်ဆန်ထွက်သွားတာလဲ ဆိုတာရယ်၊ ဘယ်လို အရာတွေနဲ့ ကြုံတွေ့ခဲ့ရသလဲ ဆိုတာရယ်ကို မပြောရသေးဘူးနော် . . .”
ကောင်မလေး ပြုံးကာ ပြောလိုက်ပြန်သည်။ သူမ၏ လက်များအား လက်ကိုင်ပုဝါဖြင့် သုတ်လျက် ရှိသည်။
သူမပုံစံမှာ ယောကျာ်းတစ်ဦးမှ သူမ၏ လက်အား ကိုင်တွယ်ခဲ့ခြင်းအား ဘ၀င်မကျခြင်း ဖြစ်နေ သေးပုံပါပဲ။
“ငါကံဆိုးတာလို့ပဲ ပြောရတော့မှာပေါ့ . . .”
ရဲရှောင်မှာ ခံစားချက်ပါပါဖြင့် ပြောလိုက်ပြီးနောက် သက်ပြင်းတစ်ချက် ချလိုက်၏။ ဆက်လက်၍ –
“လေလံပွဲမှာတုန်းက ငါပစ္စည်းအများကြီးကို ရခဲ့တယ်လေ။ ငါကတော့ တတ်နိုင်သမျှ အိမ်မြန်မြန် ပြန်ပြီး ဆေးလုပ်တော့မယ်ပေါ့ . . . နောက်ပြီး ငါနဲ့အတူ ငွေစတွေကလည်း အများကြီး ပါနေတော့ ဘာရယ်မဟုတ်ဘူး လူတွေရှုပ်ရှုပ်နဲ့ မပြန်ချင်လို့ အရင်စောပြန်သွားရတာပဲ . . . ဒါပေမဲ့ ၀တ်ရုံဖြူဝတ်ပြီး မျက်နှာဖုံးစွပ်ထားတဲ့ လူတစ်ယောက်နဲ့ လမ်းချိုးတစ်ခုမှ တွေ့လိုက်ရတယ် . . .”
“မျက်နှာဖုံးစွပ်ထားတဲ့ ၀တ်ရုံဖြူနဲ့လူ ဟုတ်လား . . .”
မိုးပြာရောင်ဝတ် မိန်းကလေး မျက်မှောင်ကြုတ်သွား၏။
“သူက ရှင့်ဆီကသာ လုယူမယ်လို့ အစီအစဉ်ချထားရင် ဘာလို့ အဖြူရောင်ကို ၀တ်ထားရတာလဲ။ အဖြူရောင်ကြီး ၀တ်ထားတော့ သိသာထင်ရှားနေမှာကို သူမကြောက်ဘူးလား။ သိသာထင်ရှားချင်တယ် ဆိုရင်လည်း ဘာလို့ မျက်နှာဖုံးက စွပ်ထားရသေးတာလဲ။ တကယ်ကို မတွေးတတ်အောင်ပဲ . . .”
“အဓိကကတော့ သူပဲပေါ့ . . .”
ရဲရှောင်မှာ စဉ်းစားနေရင်းဖြင့် ပြောလိုက်လေသည်။
(ဒီကောင်မလေးက တကယ်ကို စေ့စပ်သေချာတာပဲ . . .)
ထို့နောက် ဆက်လက်၍ –
“အဲဒီလူက သူ့လက်ကို ဝေ့ယမ်းလိုက်တာနဲ့ အပြာရောင်အလင်းတန်းတစ်ခု ငါ့မျက်နှာဆီ တည့်တည့်ကို လာထိတာပဲ။ ငါလည်း မခုခံနိုင်လိုက်ဘူးလေ။ အတော် အစွမ်းထက်တယ် . . .”
“အပြာရောင် အလင်းတန်း ဟုတ်လား . . .”
မိုးပြာရောင်ဝတ် ကောင်မလေးသည် သေချာသွားစေရန်အတွက် သူမ သံသယရှိသော အပိုင်းအား အတည်ပြုရန် မေးလိုက်သည်။ ဆက်လက်၍ –
“ဘယ်လိုမျိုး အပြာရောင် အလင်းတန်းလဲ . . .”
ရဲရှောင်မှာ တခဏမျှ ကြောင်ငေးသွားပြီး –
“အန်း . . . ဘယ်လိုမေးချင်တာလဲ . . .”
မိန်းကလေးမှ –
“ဘယ်လိုအပြာရောင်လဲလို့ မေးတာ။ အပြာရင့်လား၊ မိုးပြာရောင်လား၊ စိမ်းပြာရောင်လား၊ အပြာနု လားလို့မေးတာ . . .”
ရဲရှောင်မှာ လေးလေးနက်နက် စဉ်းစားလိုက်သလို အမူအရာ လုပ်လိုက်ပြီး –
“မိုးပြာရောင်ဖြစ်မယ် ထင်တယ် . . .”
သူ၏ အသံတွင် မသေချာသလို အငွေ့အသက်များ ပါဝင်နေလေသည်။
ကောင်မလေးလည်း အနည်းငယ် မျက်လုံးပြူးသွားပြီးနောက် သူမ၏ အစောင့် ၂ ယောက် ရှိရာဘက်သို့ လှမ်းကြည့်လိုက်၏။ ထို့နောက် အံ့သြဟန်ဖြင့် –
“မိုးပြာရောင် . . . ဒါဆို သူက ကောင်းကင်အဆင့်ရဲ့ အလယ်အလတ်တန်းစား ပညာရှင်ပေါ့”
အစောင့် ၂ ယောက်မှာလည်း ရုပ်သေးရုပ် ၂ ရုပ်အလား တိတ်တဆိတ်ပင် ရပ်နေကြလေ၏။
ရဲရှောင်မှာ မော်တယ်ကမ္ဘာ၏ အပြာရောင်နှင့် ပတ်သက်ပြီး အဆင့်သတ်မှတ်ချက်များအား သိရှိထားပြီးဖြစ်သည်။ အဆင့်အား ၉ ဆင့် ပိုင်းခြားထားခြင်းပင် ဖြစ်၏။
အပြာနုသည် အဆင့် ၁ နှင့် အဆင့် ၂ ကို ကိုယ်စားပြုပြီး မူလအဆင့်ဟု သတ်မှတ်ထားသည်။ မိုးပြာရောင်မှာ အလယ်အလတ်အဆင့်ဟု သတ်မှတ်ထားပြီး အဆင့် ၃ နှင့် ၄ အား ကိုယ်စားပြု၏။ အပြာရင့်အား အဆင့်မြင့်ဟု သတ်မှတ်ထားခြင်းဖြစ်ကာ ထိုအဆင့်တွင် အဆင့် ၅ နှင့် ၆ တို့ ပါဝင်လေ သည်။ စိမ်းပြာရောင်မှာမူ ထိပ်ဆုံးအဆင့်ဖြစ်ပြီး ကောင်းကင်အဆင့်၏ မဟာအဆင့် ပညာရှင်ဟု သတ်မှတ်ထားကြခြင်းပင် ဖြစ်၏။
အကယ်၍ ခရမ်းပြာရောင်သာ ဖြစ်နေမည် ဆိုပါက ထိုပညာရှင်သည် အစွမ်းထက်ဆုံး ပညာရှင်ဟု သတ်မှတ်ရမည်ဖြစ်ပြီး ကောင်းကင်နယ်ပယ်သို့ တက်ရောက်တော့မည့်ဆဲဆဲ ပညာရှင်ဟု ဆိုနိုင်ပေသည်။
သို့သော်လည်း ထိုကဲ့သို့သော ပညာရှင်များမှာ အများကြီး မရှိချေ။ လူရှေ့သူရှေ့သို့လည်း ပေါ်လာလေ့ မရှိကြပါချေ။
မော်တယ်ကမ္ဘာတွင် မိုးပြာရောင်ချီဓာတ်ရှိသည့် ပညာရှင်များကတော့ မကြာခဏဆိုသလို တွေ့မြင်နိုင်သည်။ သူတို့၏ အဆင့်မှာလည်း သာမန်တော့ မဟုတ်ကြပါချေ။
မိုးပြာရောင်မိန်းကလေးမှ ရုတ်တရက် မျက်မှောင်ကြုတ်လိုက်ပြီး –
“နောင်ကြီးဖန် . . . လုယက်တဲ့လူက ပညာရှင်ကြီးတစ်ယောက် ဖြစ်တဲ့အတွက် နာမည်မရှိတဲ့ အညတရတစ်ယောက်တော့ မဟုတ်နိုင်ဘူး။ သူနဲ့အရင်က ရန်ငြိုးတွေဘာတွေ ရှိခဲ့ဖူးသေးလား . . .”
ရဲရှောင်မှာ ရိုးရိုးသားသား ပုံစံမျိုးဖမ်း၍ ချက်ချင်းပင် ခေါင်းခါယမ်း၍ –
“ငါက ဆေးပညာမှာပဲ ဘ၀ကို မြုပ်နှံထားတဲ့ လူတစ်ယောက်လေ။ ဒီလို သိုင်းလောကနဲ့ ပတ်သက်ပြီး တစ်ခါမှ ပတ်သက်ခဲ့ဖူးတာ မရှိဘူး။ ငါ့မှာသာ ငွေစတွေ ရှိသေးတယ် ဆိုရင် ငါ့ရဲ့ ဆေးလုံးတွေကို လေလံပွဲမှာ လာရောင်းမှာ မဟုတ်ဘူး။ အဲဒီလိုမျိုး ပညာရှင်မျိုးနဲ့ တခါမှ မဆုံခဲ့ဖူးပါဘူး”
“တကယ်ကို ထူးဆန်းတာပဲ . . .”
ကောင်မလေးမှာ မျက်မှောင်ကြုတ်၍ အလေးအနက် တွေးတောလျက် ရှိ၏။ ရဲရှောင်၏ ဖော်ပြ ချက်များ အတွင်းမှ သဲလွန်စရှာရန် ကြိုးစားနေပုံပင်။
မိုးပြာရောင်ဝတ် မိန်းကလေးသည် ရဲရှောင်၏ စကားများကို သံသယ မရှိချေ။ ပါရမီမပါဘဲ ဆေးပညာတွင် ဖွဲမရှိဘဲ ထူးခြားအစွမ်းထက်သည့် ကမ္ဘာ့အဆင့် ဆေးလုံးများကို မလုပ်နိုင်ဘူးဆိုတာ သူမ သိနေသည်။
ထိုကဲ့သို့ ရဲရှောင်၏ စကားများအား ယုံကြည်နေခြင်းကြောင်းပင် သူမအဖို့ ပို၍ သဲလွန်စ ရှာမရ ဖြစ်စေခဲ့တာဖြစ်၏။
ရဲရှောင် ရေတစ်ခွက်လုံး ကုန်အောင် သောက်လိုက်မိသည်။ သူယခုအချိန်တွင် ရေအလွန် ဆာနေတာပဲ ဖြစ်၏။
သူတချိန်လုံး ချွေးများ ထွက်ခဲ့ရပြီး ကံကောင်း၍သာ ချွေးထွက်လွန်၍ ရေဓာတ်ဆုံးရှုံးခြင်း မဖြစ်ခဲ့ ခြင်းပင်။ ထို့ကြောင့်ပင် ရေအလွန်ဆာနေခြင်းဖြစ်၏။
“နောက်တော့ ဘာဆက်ဖြစ်လဲ . . .”
ကောင်မလေးလည်း ဆက်လက်၍ မေးမြန်းလိုက်လေသည်။
“အင်း . . . နောက်တော့ ငါရခဲ့တဲ့ ပစ္စည်းတွေ အကုန်လုံး ပါသွားတော့တာပဲ . . .”
ရဲရှောင် သက်ပြင်းတစ်ချက် ချလိုက်သည်။ ထို့နောက် ဆက်လက်၍ –
“အခုငါ့ကို တချိန်တည်းမှာ လူ တစ်သောင်းလောက် ထိုးလိုက်သလို ခံစားနေရတယ်။ မင်းနဲ့ အခုလို စကားထိုင်ပြောနေရတာကိုက တကယ်ပင်ပန်းတယ်လေ . . .”
ကောင်မလေးမှ ယဉ်ကျေးစွာ ပြုံးလိုက်ပြီး –
“တကယ်ကို မလွယ်ကူခဲ့တာပဲ . . .”
ရဲရှောင်မှ –
“မင်းရဲ့နာမည်ကို မေးမယ်ဆိုရင် မင်းစိတ်ဆိုးမလား . . . မင်းက ငါ့ကို ဒီနေ့ ကယ်တင်ပေးခဲ့တဲ့ အတွက် တနေ့ကျ ကျေးဇူးပြန်ဆပ်မှာပါ . . .”
ကောင်မလေး တခဏမျှ စဉ်းစားလိုက်ပြီးနောက် –
“ရပါတယ်။ အဲဒီလောက်ထိ စိတ်ထဲ မထားပါနဲ့။ ကျွန်မရဲ့ မျိုးရိုးနာမည်က ၀မ်ရမ်ပါ။ နောင်ကြီးဖန် ကတော့ ကျွန်မကို မိန်းကလေး ချူးချူးလို့ ခေါ်နိုင်တယ် . . .”
“ချူးချူး . . . တော်တော် လှတဲ့ နာမည်လေးပဲ။ အလှပဂေးလေးလို့ ပြောရမှာပေါ့ . . .”
၀မ်ရမ်ချူးချူး၏ မျက်နှာတွင် ဒေါသရိပ်များ သန်းသွားပြီး –
“ရှင်က ဘယ်လိုလူလဲ . . . ရှင့်ကိုကျွန်မက မိန်းကလေး ချူးချူးလို့ ခေါ်ခိုင်းတယ်လေ။ ချူးချူးလို့ ဘယ်သူက ခေါ်ခိုင်းလို့လဲ . . .”
ကောင်မလေး သူမလက်သုတ်ပြီးသည့် လက်ကိုင်ပုဝါအား ဘေးသို့ ပစ်ချလိုက်သည်။ ထို့နောက် တစ်ချက် ပြုံးလိုက်ပြီး –
“ဒါနဲ့ . . . ရှင်ပြောခဲ့ပုံအရ ရှင်က ရှင်ဝယ်ခဲ့တဲ့ ပစ္စည်းတွေနဲ့ အိမ်ပြန်ပြီး ဆေးမလုပ်လို့ဆို . . .”
ရဲရှောင်မှ ခေါင်းညိတ်လိုက်ပြီး –
“ဟုတ်တယ်လေ . . .”
“ဒါပေမဲ့ ကျွန်မပြောချင်တာက လေလံပွဲတုန်းက ရှင်ရောင်းခဲ့တဲ့ ဆေးလုံးတွေက ရှင်ကိုယ်တိုင် လုပ်တာ မဟုတ်ဘူးမလား . . .”
၀မ်ရမ်ချူးချူး မျက်လုံးများ မှေးစင်းရင်း ပြောလိုက်သည်။
“ဒါတွေက ကောလဟလတွေပါ။ တကယ်တော့ ပြိုင်ဘက်ကင်း ဆေးပညာရှင် တစ်ဦးပဲ။ ဒီလို ဆေးလုံးတွေကို ငါပဲလုပ်နိုင်တယ်။ ဘယ်သူမှ မလုပ်နိုင်ဘူး . . .”
ရဲရှောင် ချက်ချင်းပင် အာမခံဟန်ဖြင့် ပြောလိုက်သည်။
သို့သော်လည်း ကောင်မလေးထံမှ လှောင်သလိုလို ရယ်မောသံတစ်ခုသာ သူကြားလိုက်ရလေ၏။
“ဟက် ဟက် . . .”
၀မ်ရမ်ချူးချူး တစ်ချက် ရယ်လိုက်ပြီးနောက် အဓိပ္ပါယ်ပါပါ ပြုံးလိုက်သည်။ ထို့နောက် ခွက်ကို မြောက်ပြလိုက်ပြီး –
“ကဲ နောင်ကြီးဖန် . . . သောက်လိုက်ပါဦး . . .”
ရဲရှောင် ၀မ်ရမ်ချူးချူး ပစ်ချလိုက်သည့် လက်ကိုင်ပုဝါအား တစ်ချက်ကြည့်ုလိုက်သည်။ သူမ၏ လက်များကိုသာ အနည်းငယ် သုတ်ထားခြင်းဖြစ်သဖြင့် ညစ်ပေမှု သိပ်မရှိဘဲ အသုံးပြု၍ ရသေးသည်ဟု ဆိုနိုင်ပါသည်။ သို့သော်လည်း ယခုအခါမှာတော့ စွန့်ပစ်လိုက်ခြင်းကို ခံလိုက်ရပြီ မဟုတ်ပါလား။
သူ၏ စိတ်တွင်းမှာတော့ –
(ဒီကောင်မလေးက ထူးတော့ ထူးဆန်းတယ် အတော် အသန့်ကြိုက်ပုံပဲ . . .)
ရဲရှောင် ရေခွက်အား ပြန်ချလိုက်ပြီး ကြာကြာမကိုင်နိုင်လောက်အောင်ကို အားနည်းနေသကဲ့သို့ ဟန်ဆောင်လိုက်သည်။ လက်တုန်တုန်ရီရီဖြင့် ခွက်အား ပြန်ချလိုက်သဖြင့် ခွက်မှာ ကောင်မလေး ရှိရာဘက်သို့ လိမ့်သွားလေ၏။ သို့သော်လည်း ၀မ်ရမ်ချူးချူးမှာ အလျင်အမြန်ပင် ဖမ်းယူရန် ကြိုးစား လိုက်သည်။
သို့သော်လည်း ရဲရှောင်မှ သူမထက် လျင်မြန်စွာပင် ခွက်အား အရင်ဖမ်းလိုက်ပါသည်။ ထို့နောက် ရှက်ရွံ့ဟန် မျက်နှာထားဖြင့် –
“ငါ့ကို ခွင့်လွှတ်ပါ မိန်းကလေး ချူးချူး . . . ငါ့အသုံးပြုနေတဲ့ ပစ္စည်းကို သူများကိုင်တာ မကြိုက်လို့ပါ . . .”
“ရှင်က အသန့်ကြိုက်တဲ့လူလား . . .”
၀မ်ရမ်ချူးချူး ခေါင်းမော့ကာဖြင့် ပထမဆုံးအကြိမ်အဖြစ် စိတ်လိုလက်ရ မေးလိုက်ခြင်းဖြစ်၏။
ရဲရှောင်မှာ ယခုထိတိုင်အောင် ၀မ်ရမ်ချူးချူး၏ လှပလှသည့် မျက်ဝန်းများအား သတိမထားမိသေး ချေ။ သူမ၏ မျက်လုံးများသည် ပြာလဲကာ ကောင်းကင်နှင့် ပင်လယ်ကြီးအလား ရှိနေကာ စူးရှတောက်ပ လျက်လည်း ရှိပါသည်။ သူမ၏ မျက်တောင်မွှေးလေးများမှာလည်း ကော့ညွတ်လျက် ပါးလွှာသော ယပ်တောင်အသေးစားလေးများနှင့်ပင် တူနေပါသေးသည်။
“ဒီကောင်မလေးသာ ရုပ်ဖျက်ထားတာကို ဖယ်လိုက်မယ်ဆိုရင် အတော်ချောလောက်တယ်။ စုယဲ့ယွဲ့ ထက်တောင် ပိုပြီးတော့ ချောဦးမယ်ထင်တယ်။ ငါ့အထင်ပေါ့လေ . . .”
ရဲရှောင် စိတ်ထဲမှ တွေးနေမိ၏။
ထို့နောက် နှာခေါင်းတရှုံ့ရှုံ့လုပ်ရင်း –
“ဟုတ်တယ် . . . အခုငါက ငါကျင်လည်တဲ့နေရာမှာ မဟုတ်ဘူးလေ။ အဲဒါကြောင့် အကျင့်လို ဖြစ်နေတာကြောင့်ပါ။ တောင်းပန်ပါတယ် . . .”
၀မ်ရမ်ချူးချူး မျက်မှောင်ကြုတ်လိုက်ပြီးနောက် သက်ပြင်းတစ်ချက် ချလိုက်သည်။ ထို့နောက် သူမ ပစ်ချခဲ့သည့် လက်ကိုင်ပုဝါထံသို့ အကြည့်ရောက်သွားပြီး ထပ်မံ၍ မျက်မှောင်တစ်ချက် ကြုတ်သွားလေ၏။
ရဲရှောင်ထံသို့ ချက်ချင်းပင် ထိတ်လန့်သော မျက်ဝန်းအစုံဖြင့် လှမ်းကြည့်လိုက်ပြန်သည်။
ရဲရှောင်ကတော့ ခေါင်းကို ငုံ့လျက်သာ ရေသောက်လျက် ရှိနေ၏။ သူ့အနေဖြင့် ကောင်မလေး၏ အမူအယာများ ပြောင်းလဲနေပုံကို မသိကျိုးကျွန်ပြုသလို နေနေတာပဲ ဖြစ်ပါတော့သည် . . .။

Comment

Leave a Reply

Options

not work with dark mode
Reset