Chapter – 50
“ဟင်းလင်းပြင်ကိုးခု”
ရဲရှောင်မှာ လုံးဝသတိပြန်လည်လာသောအခါ ပထမဆုံး သူလုပ်မိသည့် အရာမှာ သူ၏ စိတ်တွင်း မှ ဟင်းလင်းပြင်ကြီးအတွင်းသို့ သွားကြည့်မိခြင်း ဖြစ်သည်။ ဟင်းလင်းပြင်ကြီး အခြေအနေ ကောင်း မကောင်း စစ်ဆေးကြည့်ရန်ပင် ဖြစ်၏။
ဟင်းလင်းပြင်ကြီး၏ တွန်းကန်လိုက်ခြင်းကို ခံလိုက်ရသောနေ့က သူ၏ ဟင်းလင်းပြင်ကြီး ပျက်ဆီး သွားတော့မယောင်ကို ဖြစ်ခဲ့ခြင်းဖြစ်သည်။ အဆိုးရွားဆုံးအခြေအနေမှာ ဟင်းလင်းပြင်ကြီး ပျက်ဆီးသွား နိုင်သည့် အခြေအနေပင်ဖြစ်ပါသည်။ ထိုကဲ့သို့သာ ဖြစ်ပါက ရဲရှောင်အတွက် လုံးဝ ထိုးနှက်ချက်ကြီး တစ်ခုကဲ့သို့ ဖြစ်သွားစေပါလိမ့်မည်။
ထိုအချိန်တွင် သူမည်သည့်နေရာသို့ ရောက်ရှိနေသနည်း ဆိုတာကို သူဂရုမစိုက်မိသေးပေ။ အသက်ရှင်နေသေးသည်ပင်လျှင် ကံကောင်းသည်ဟု ယူဆရမည် မဟုတ်ပါလား။
သူဟင်းလင်းပြင်ကြီးအတွင်း ၀င်ရောက်သွားသည့်အခါ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် အံ့အား သင့်သွားသည်။
(ဒါ . . . ငါ့ရဲ့ ဟင်းလင်းပြင်ကြီးရော ဟုတ်ရဲ့လား . . .)
ပျက်ဆီးပြိုလဲနေခြင်းမရှိဘဲ အသစ်တဖန် တည်ဆောက်ပြီးကာစကဲ့သို့ ဖြစ်နေ၍ ဖြစ်သည်။
တည်ဆောက်ထားမှုအား အသေးစိတ် ဖော်ပြရန်တော့ အများကြီးမလိုပေ။ ပြောင်းလဲမှုများစွာ ပြောင်းလဲသွားခြင်း မဟုတ်သော်လည်း သူ၏ ဟင်းလင်းပြင်ကြီးတွင် ယခုအခါ အကန့် ၉ ကန့် ရှိနေပြီ ဖြစ်သည်။
ဥမှာ ထိုအကန့် ၉ ကန့်၏ အလယ်ဗဟိုတွင် ရှိလေသည်။
အရှေ့၊ အနောက်၊ ဘယ်၊ ညာ၊ အပေါ် . . . စသည့် အကန့် ၉ ကန့်သည် တိတိကျကျ ပိုင်းဖြတ် ထားသလို ရှိနေသည်။ တစ်ကန့်စီတွင် အရောင်တစ်ရောင်စီ ဖြစ်နေသဖြင့် ဟင်းလင်းပြင် ၉ ခုဟုပင် ဆိုရမည်ဖြစ်သည်။
ပထမဆုံးဟင်းလင်းပြင်တွင် မရဏကျောက်တုံး ရှိနေပြီး အပြာရောင်ချီဓာတ်များ ထွက်ပေါ်နေ လျက် ရှိသည်။ ထိုဟင်းလင်းပြင်တွင် ချီဓာတ်များမှာ အပြည့်ရှိနေခြင်းတော့ မဟုတ်ပေ၊ ဟင်းလင်းပြင်ကြီး တစ်ခုလုံး၏ ၁ ရာခိုင်နှုန်းပင် မရှိသေးပါချေ။
မှော်ကျောက်ဖရုံရှိသည့် ဟင်းလင်းပြင်မှာတော့ ချီဓာတ်များမှာ ဖြည့်နေရုံသာ ရှိနေသေးသည်။
ဘယ်ဘက်အခြမ်းမှ ဟင်းလင်းပြင်တွင် ဆေးပင်များစွာ ပေါက်ရောက်နေသည်။ အပင်များမှ မိုးပြာရောင်ချီဓာတ်ဓာတ်များ ထုတ်လွှတ်လျက်ရှိပြီး ၎င်းဟင်းလင်းပြင်မှာလည်း ပြည့်ဝခြင်း မရှိသေးပါပေ။
မိုးတိမ်သဲကျောက်ရှိသည့် နောက်ထပ်ဟင်းလင်းပြင်တွင်တော့ ယခုအခါ ဟာလာဟင်းလင်းကို ဖြစ်နေလေသည်။ သို့သော်လည်း တခြားသော လုံးဝဘာမှ မရှိသည့် ဟင်းလင်းပြင်များနှင့် နှိုင်းယှဉ်မည် ဆိုလျှင်တော့ သာသည်ဟု ဆိုရပေမည်။ အဘယ်ကြောင့်ဆိုသော တခြားသော ဟင်းလင်းပြင် ၅ ခုတွင် မည်သည့်ပစ္စည်းမျှကို ရှိမနေလို့ပါပဲ။
“ဒြပ်စင် ၉ ခု ကမ္ဘာ . . .”
ထိုစကားလုံးများသည် ရဲရှောင်၏ စိတ်တွင်း ရုတ်တရက်ဆိုသလို ပေါ်လာခြင်းဖြစ်သည်။
ဟင်းလင်းပြင် တစ်ခုစီ၏ အတွင်း လေထဲတွင် ပျံ့လွင့်နေသည့် မတူညီသော စကားလုံးများကို ရဲရှောင် တွေ့လိုက်ရသည်။
“ကောင်းကင် ဟင်းလင်းပြင် . . .”
“မြေကြီး ဟင်းလင်းပြင် . . .”
“ရွှေ ဟင်းလင်းပြင် . . .”
“သစ်သား ဟင်းလင်းပြင် . . .”
“မီး ဟင်းလင်းပြင် . . .”
“ရေ ဟင်းလင်းပြင် . . .”
“ဝိညာဉ်တော် ဟင်းလင်းပြင် . . .”
“ယန် ဟင်းလင်းပြင် . . .”
“ယင် ဟင်းလင်းပြင် . . .”
ဟင်းလင်းပြင် ကိုးခုပင် ဖြစ်သည်။
မရဏ ကျောက်တုံးသည် ကောင်းကင် ဟင်းလင်းပြင်တွင်ရှိသည်၊ မှော်ကျောက်ဖရုံသည် ဝိညာဉ် တော် ဟင်းလင်းပြင်တွင်ရှိ၍ ကျင့်ကြံခြင်းသစ်ရွက်ပင်နှင့် တခြားသော ဆေးပင်များမှာ သစ်သားဟင်းလင်း ပြင် အတွင်းတွင် ရှိပါသည်။ မိုးတိမ်သဲကျောက်မှာမူ ရွှေဟင်းလင်းပြင်တွင် ရှိလေ၏။
ကျန်ရှိနေသည့် ဟင်းလင်းပြင်များတွင်မူ မည်သည့်အရာမျှ ရှိမနေချေ။ လက်ရှိအချိန်တွင် ထိုဟင်း လင်းပြင်များနှင့် ပတ်သက်၍ ရဲရှောင် မည်သည့်ပစ္စည်းမျှ မစုဆောင်းမိရသေးတာ ဖြစ်သည်။
ထို့နောက်မှာတော့ ဟင်းလင်းပြင်များ အတွင်းမှ စာလုံးများ ပေါ်လာသည်ကို ရဲရှောင် တွေ့လိုက်ရ သည်။ ချက်ချင်းဆိုသလိုပင် ခရမ်းရောင်တိမ်တိမ်များကဲ့သို့ ချီဓာတ်များအဖြစ် ပျောက်ကွယ်သွားလေ သည်။ ထိုစာလုံးများမှာ –
“ဒြပ်စင်ကိုးခု စုဆုံရင် ကမ္ဘာကြီးကို ဗြောင်းပြန်လှန်နိုင်မယ်၊ မိုးကောင်းကင်ကြီးကို အုပ်စိုးနိုင်မယ်”
အထွေအထူး စဉ်းစားနေစရာ မလိုချေ။ ရဲရှောင် ဆိုလိုရင်းကို ကောင်းစွာ သိလေသည်။
ဟင်းလင်းပြင်များအား အပြည့်အ၀ အသုံးချနိုင်ရန်အတွက် ရဲရှောင်အနေဖြင့် ဟင်းလင်းပြင်ကိုးခုမှ ဒြပ်စင်ချီဓာတ်များကို စုစည်းရမည်ဖြစ်သည်။ ထိုအခါ သူ့အတွက် နှိုင်းဆ၍ မရနိုင်သော စွမ်းအားများကို ရရှိလိမ့်မည်ဟု ဆိုလိုသည်ပင် မဟုတ်ပါလား။
ဟင်းလင်းပြင်ကိုးခုအား မတူညီသော ဒြပ်စင်ချီဓာတ် ၉ ခု ထည့်သွင်းနိုင်မည် ဆိုပါက မိုးကောင်းကင်ကြီးအား အုပ်စိုးသူအဖြစ်ပင် ဖြစ်လာနိုင်မည် ဖြစ်သည်။
ဟင်းလင်းပြင်အတွင်းမှ ပစ္စည်းများကို ကြည့်ရင်း သူ့တကိုယ်လုံး ပင်လယ်သမုဒ္ဒရာအတွင်း ပြုတ်ကျသွားသလို ခံစားလိုက်ရသည်။
(ဒီဟင်းလင်းပြင်တွေက ငါ့ကို သေအောင်သတ်နေတာထင်တယ်။ ဒီလောက် ရတနာတွေ အများကြီး ငါဘယ်ကနေ သွားရှာရမှာလဲ။ ကောင်းကင်နယ်ပယ် တစ်ခုလုံးက ရတနာတွေတောင် ဒီဟင်းလင်းပြင်တွေ အကုန်ပြည့်အောင် မလုံလောက်လောက်ဘူးထင်တယ် . . .)
ထိုစဉ် သူ့ပတ်ဝန်းကျင်မှ ခပ်တိုးတိုး အသံများကို ကြားလိုက်ရသည်။
ရဲရှောင်လည်း ချက်ချင်းဆိုသလိုပင် ဟင်းလင်းပြင်ကြီးအတွင်းမှ ပြန်လည် ထွက်ခွာလာရင်း ပတ်ဝန်းကျင်ကို စတင် စူးစမ်းလိုက်ပါတော့တယ်။ သူ၏ စိတ်တွင်းမှ –
(ဒုက္ခပါပဲ . . . ဟင်းလင်းပြင်တွေကလည်း အများကြီး၊ တစ်ခုချင်းစီကလည်း အရမ်းကျယ်ပြန့် တယ်။ ဒါတွေကို ပြည့်အောင် ဘယ်လောက်တောင် ဖြည့်ရမလဲ မသိဘူး . . .)
ထိုအချိန်မှာပင် အပြင်ဘက်မှ မိန်းကလေး တစ်ဦး၏ အသံကို ကြားလိုက်ရသည်။
“သူနာကျင်မှုတွေကို ကျော်ဖြတ်တာ အောင်မြင်သွားပြီ ထင်တယ်။ ဒီလူက တကယ်ကို ကြံ့ခိုင်တဲ့ လူပဲ။ တနေ့လုံး တညလုံး သူခံစားခဲ့ရတာတောင် ဘာမှ မဖြစ်သလိုပဲ . . .”
“ဒီလိုစွမ်းအားက တကယ်ကို အံ့သြစရာပဲ . . .”
“ဘယ်သူကများ ဒီလိုလုပ်လိုက်တာလဲဆိုတာ သိချင်လိုက်တာ . . .”
“ဟုတ်တယ် . . . ဒီလို ရက်စက်တဲ့ နည်းလမ်းက တကယ် ကြောက်ဖို့ ကောင်းတာပဲ . . .”
“အင်း . . . ရေနည်းနည်းလောက် ယူလာခဲ့ပေးပါဦး . . . သူ့ကို အသေခံခိုင်းလို့ မဖြစ်ဘူး။ သူသာ ရေဓာတ်ခမ်းခြောက်ပြီး သေသွားရင် တကယ် ရယ်စရာဟာသကြီးတစ်ခု ဖြစ်သွားမယ် . . .”
“ကောင်းပါပြီ . . .”
ထို့နောက်မှာတော့ ခြေသံအချို့ကို သူကြားလိုက်ရသည်။
အပြန်အလှန် ပြောဆိုသံများမှ ရဲရှောင် အတော်များများကို နားလည်လိုက်သည်။ စိတ်တွင်းမှ –
(ပထမဆုံးအနေနဲ့ . . . ငါက ငါ့အိမ်ငါရောက်နေတာ မဟုတ်ဘူး၊ ဒုတိယအချက်က ဒီ မိန်းမ နှစ်ယောက်က ငါ့ကို တိုက်ခိုက်ခံထားရတယ်လို့ ထင်နေတယ်။ တတိယအချက်က ငါ့ရဲ့ ပုံစံ အစစ်အမှန် မပေါ်သေးဘူး။ စတုတ္ထ အချက်က ဒီကောင်မလေးက ငါ့ကို ကယ်ခဲ့ပေမဲ့ ကောင်းတဲ့ ရည်ရွယ်ချက်တော့ ရှိပုံမရဘူး၊ ဘာလို့လဲဆိုတော့ ငါ့ရဲ့ အကြောတွေ အပိတ်ခံထားရတယ်။ အဲဒါကြောင့် ခြုံပြောရရင် ငါက ဒီမှာ အဖမ်းခံထားရသလို ဖြစ်နေတာများလား . . .)
တချိန်တည်းမှာပဲ သူဟာ အနည်းငယ် စိတ်သက်သာရာ ရသွားသည်။ သူခံစားခဲ့ရသည့် ဝေဒနာ များသည် အလွန်ကို ကြောက်မက်ဖွယ် ကောင်းလှသည်။ ထိုကဲ့သို့ ခံစားနေရချိန်တွင် လုံးဝ အကာအကွယ်မဲ့သလို ဖြစ်နေပြီး သိုင်းပညာရှင်တစ်ဦးပင် မဆိုထားနှင့် သာမန်လူတစ်ဦးပင် သူ့ကို အသာလေး သတ်နိုင်မှာ ဖြစ်ပါသည်။ မိန်းကလေး၏ ရည်ရွယ်ချက် ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ သူ့အသက်ကို ကယ်တင်ပေးခဲ့ခြင်းကြောင့် ကျေးဇူးကြွေးတော့ တင်သွားပြီဖြစ်သည်။
သူဟာ ယခုအခါ ဖန်ဇီလင်ကဲ့သို့ ပုံစံပြောင်းထားခြင်းဖြစ်ပြီး အကယ်၍ ထိုပြောင်းလဲမှုအား ပြန်လည်၍ ပယ်ဖျက်ချင်သည် ဆိုပါက သူ၏ ကျင့်စဉ်များကို ပြုလုပ်ရန် လိုအပ်ပေသည်။
တကယ်တော့ သူသတိလစ် မေ့မြောနေစဉ် မည်သူမျှသာ သူ့ကို ဂရုမပြုမိဘူး ဆိုပါက သူ၏ နဂိုရုပ်သွင်သို့ အလိုလို ပြောင်းလဲသွားမည်ဖြစ်သည်။
ထိုအခါ သူ၏ လျို့ဝှက်ချက်များနှင့် သူရုပ်လည်း လူအများ သိရှိသွားမည်ဖြစ်သည်။
သို့သော်လည်း မိုးပြာရောင်ဝတ် မိန်းကလေးမှ အကြောများ ပိတ်လိုက်သဖြင့် ထိုကဲ့သို့ မဖြစ်တော့ ဘဲ ဖန်ဇီလင် အဖြစ်နဲ့သာ ရှိနေခြင်းဖြစ်သည်။ အဆိုးထဲက အကောင်းဟုပင် ပြောရမလိုပင်။
ကံဆိုးသည့် အချက်တစ်ချက်မှာ ထိုကဲ့သို့ အကြောပိတ်ခံလိုက်ရသဖြင့် ရဲရှောင်ခံစားရသည့် နာကျင်မှုများမှာ ပုံမှန်ထက်ကို အဆပေါင်းများစွာ ပြင်းထန်သွားစေခဲ့ပါသည်။ သို့သော်လည်း ထိုကဲ့သို့ နာကျင်စွာ ခံစားရခြင်းသည် သူ့လျို့ဝှက်ချက်များ ပေါ်သွားခြင်းထက် စာလျှင်တော့ တော်သေးသည်ဟု ဆိုရမည် မဟုတ်ပါလား။
ရဲရှောင်လည်း ခပ်ညည်းညည်း အသံပြုလိုက်ရင်း သူ့မျက်လုံးများအား ဖြည်းညင်းစွာ ဖွင့်ကြည့် လိုက်လေသည်။ သူ၏ အမြင်များ ဝေဝါးနေပြီး သေချာ စူးစိုက်ကြည့်နေရသည်။
ထိုအခိုက် မိုးပြာရောင်ဝတ် မိန်းကလေး သူ့အနား လျှောက်လာပြီး နှစ်သိမ့်ပေးသည့် အသံမျိုးဖြင့် –
“ရှင်နိုးပြီလား . . .”
ရဲရှောင်လည်း သူမကို သေချာကြည့်လိုက်သည့်အခါ လေလံပွဲတုန်းက သူနှင့် မှင်ရောင်ကြာပန်း အားဖြည့်ပင်အား ပြိုင်၍ လေလံဆွဲခဲ့သော ကောင်မလေးမှန်း သိသွားပါတော့သည်။ ထိုအခါ အနည်းငယ် စိတ်သက်သာရာ ရသွားသလို သူခံစားလိုက်ရသသည်။ လေသံတီးတိုးဖြင့် –
“မိန်းကလေး . . . မင်းဖြစ်နေတာကိုး . . . ငါ . . . ငါဘယ်ရောက်နေတာလဲ။ မင်းက ငါ့ကို ကယ်တင်လာတာလား . . .”
မိုးပြာရောင်ဝတ် မိန်းကလေးမှ ပြုံးလိုက်ရင်း နူးညံ့သော အသံဖြင့် –
“ဒီလောက်လေးကို ထည့်ပြောမနေပါနဲ့။ နောင်ကြီးဖန် ဒါတွေ စိတ်ထဲ ထားမနေပါနဲ့တော့ . . .”
ရဲရှောင်မှာ တကယ်ကို ကျေးဇူးတင်နေဟန်မျိုး ပြုလုပ်လိုက်ပြီး ချက်ချင်းပင် မိန်းကလေး၏ လက်အား လှမ်းကိုင်လိုက်ကာ –
“မိန်းကလေး . . . မင်းက ငါ့အသက်ကို ကယ်တင်ပေးခဲ့တယ်။ မင်းလုပ်လိုက်တဲ့ လုပ်ရပ်က ငါ့ကို ဒုတိယအကြိမ် မွေးဖွားပေးလိုက်သလိုပါပဲ။ မင်းရဲ့ ကြင်နာမှုကို ငါအမြဲတမ်း အမှတ်ရနေပါ့မယ် . . .”
လျှပ်တပြတ်အတွင်း ဖြစ်သွားသဖြင့် မိန်းကလေးမှာ ဘာမှပင် လုပ်ချိန် မရလိုက်ပေ။ သေအံ့ဆဲဆဲ ဖြစ်ခဲ့သည့် လူတစ်ယောက်မှ ယခုလောက်ထိ လျင်မြန်စွာဖြင့် သူမလက်အား ဖမ်းဆုပ်နိုင်လိမ့်မည်ဟု မထင်မှတ်ထားခဲ့မိချေ။ သူမလက်တခုလုံး နွေးထွေးသည့် လက်ဝါးဖြင့် အုပ်ကိုင်လိုက်ခြင်းကို ခံစားလိုက်ရ ပါတော့သည်။
မည်သည့် ယောကျာ်းသားမျှ မထိတွေ့ မကိုင်တွယ်ဖူးသည့် သူမ၏ လက်ကလေးမှာ ယခုအခါမှာ တော့ တင်းကြပ်စွာ ဆုပ်ကိုင်ထားခြင်းကို ခံထားရပြီဖြစ်၏။
ချက်ချင်းပင် မျက်နှာတခုလုံး ပူခနဲဖြစ်သွားပြီး ရှက်ရွံ့သွားမှုနှင့်အတူ စိတ်ထဲမှာလည်း ဒေါသ အနည်းငယ် ထွက်သွားပါတော့သည်။ သူမ၏ လက်များကို ရုန်းထွက်ချင်နေပြီဖြစ်သော်လည်း ပြုံးလျက် ပင် –
“နောင်ကြီးဖန် . . . ရှင်ကတော့ မြောက်နေပြန်ပါပြီ။ ဒီလောက်က ဘာမှ မဟုတ်ပါဘူး . . .”
ရဲရှောင်ကတော့ သူမ၏လက်အား ကိုင်ထားရင်း လွှတ်မည့်ဟန်မျိုး မရှိပေ။ သက်ပြင်း တစ်ချက် ချလိုက်ရင်း –
“မိန်းကလေး . . . မင်းက တကယ်ကို ကြင်နာတတ်တဲ့ နှလုံးသား ရှိပြီးတော့ ငါ့ကို အသက် အန္တရာယ်ကနေ ကယ်တင်ပေးခဲ့တယ်။ အဲဒါတောင်မှ ကျေးဇူး အတင်မခံ ဖြစ်နေတယ်။ မင်းရဲ့ စိတ်ဓာတ်ကိုတော့ လေးစားသွားပြီ။ ဒါပေမဲ့ ငါကလည်း ကျေးဇူးကြွေးကို မသိတတ်တဲ့ လူတစ်ယောက် မဟုတ်ဘူးလေ . . .”
သူမ၏ လက်အား ပို၍ တင်းကြပ်စွာ ဆုပ်ကိုင်ရင်း ဆက်လက်၍ –
“မင်းက တကယ်ကို ကြင်နာတတ်တဲ့ မိန်းကလေး၊ ရဲဝံ့ပြီး နူးညံ့တဲ့ မိန်းကလေးလည်း ဖြစ်တယ်။ မင်းကို ချီးကျူးနေရင်တော့ ပြီးမှာကို မဟုတ်တော့ပါဘူး . . .”
ကောင်မလေးမှာ သူမ၏ လက်များအား ရုန်းကန်ရန် ကြိုးစားသော်လည်း မအောင်မြင်ပြန်ချေ။ ရဲရှောင်၏ မြောက်ပင့် ပြောဆိုမှုများကိုသာ အဆက်မပြတ် ကြားနေရပါသည်။ သူမအနေဖြင့် အတင်းအကြမ်းလည်း မလုပ်ဝံ့ချေ။ အဘယ်ကြောင့်ဆိုသော် ယခုမှ နာကျင်မှုများ ပျောက်ကာစ လူတစ်ဦး အား ထပ်မံနာကျင်သွားမည်ကို စိုးရိမ်၍ ဖြစ်၏။ အကယ်၍ တစုံတစ်ခုသာ ဖြစ်သွားမည် ဆိုပါက သူမ ကယ်တင်ခဲ့ရသည်မှာ သဲထဲရေသွန်သကဲ့သို့ ဖြစ်သွားမည် မဟုတ်ပါလား။
ရယ်လည်းရယ်ချင်၊ စိတ်လည်းရှုပ်နေသည့် အသံမျိုးဖြင့် –
“နောင်ကြီးဖန် . . . ကျွန်မလက်ကို လွှတ်ပေးလို့ရမလား . . . ကျွန်မ ဒီလိုကြီး မနေတတ် . . .”
“အိုး . . . ဟုတ်သားပဲ။ ငါရိုင်းသလို ဖြစ်သွားတယ်။ တောင်းပန်ပါတယ်။ တောင်းပန်ပါတယ် . . .”
ရဲရှောင် ချက်ချင်းပင် လွှတ်ပေးလိုက်သည်။ သူ၏ လက်များအတွင်း နွေးထွေးမှုများ ကျန်ရစ်ခဲ့ သလိုကို သူခံစားလိုက်ရသည်။
သို့သော်လည်း ဒါကို သာယာနေသည်ဟု ထင်လျှင် အမှားကြီး မှားသွားမည် ဖြစ်ပေသည်။
ရဲရှောင်အနေဖြင့် မိန်းကလေးအား ပညာရှင်တစ်ဦး ဖြစ်လိမ့်မည်ဟု ခံစားမိနေပြီး အစွမ်းမှာလည်း မသေးလောက်ဟု ထင်မြင်နေမိတာပင် ဖြစ်သည်။ သူမ၏ အစွမ်းကိုလည်း ဖုံးကွယ်ထားချင်နေပုံပါပဲ။
သူမအား လူအများ အမြင်တွင် အားနည်းသည်ဟု ထင်ရအောင် ဟန်ဆောင်ထားခဲ့ခြင်း ဖြစ်သည်။
တကယ်တော့ မော်တယ်ကမ္ဘာတွင် သူမ၏ ဟန်ဆောင်မှုအား သိနေသော လူအများကြီးတော့ မရှိချေ။ သို့သော်လည်း ရဲရှောင်ကတော့ ရိပ်မိနေပါသည်။ သူဟာ ကောင်းကင်နယ်ပယ်ကြီးကိုပင် စိုးမိုး နိုင်ခဲ့သည့် ရှောင်ဧကရာဇ် အဖြစ် ရှင်သန်နေထိုင်ခဲ့ဖူးသူဖြစ်သဖြင့် ယခုကဲ့သို့ ဟန်ဆောင်မှုမျိုးအား သိမြင် နေခြင်းမှာ ထူးဆန်းအံ့သြဖွယ်ရာတော့ မဟုတ်ပါချေ။
သူမ၏ အစွမ်းများအား ထိန်းချုပ်ထားသော်လည်း ရဲရှောင်မှာ အာရုံခံမိနေပါသေးသည်။
ဓားရေးကျင့်ကြံသူ မဟုတ်ဘူးဆိုလျှင် ယခုကဲ့သို့ အစွမ်းမျိုး မရှိနိုင်ဟုလည်း ရဲရှောင် သိနေလေ သည်။
သို့သော်လည်း ရဲရှောင်မှာမူ သူမ၏ လက်အား သာယာမှုဖြင့် ကိုင်ချင်ယောင် ဆောင်လိုက်သည့် အချိန်တွင် ဓားရေးလေ့ကျင့်ထားခြင်းမျိုးအား သူမခံစားလိုက်ရချေ။
ဓားရေးတင်မဟုတ် မည်သည့် သိုင်းကျင့်စဉ်မျိုးကိုမျှ မကျင့်ကြံထားသလိုကို ဖြစ်နေခြင်း ဖြစ်သည်။
ထိုအချက်ဟာ တကယ်ကို ထူးဆန်းလှပြီး ဖြစ်ရိုးဖြစ်စဉ် ရှုထောင့်အား သွေဖည်နေသလို ဖြစ်နေလေသည်။
သူမ၏ အသားအရေ အရေပြားအား မည်မျှထိပင် ဂရုစိုက်နေပါစေ၊ သူမ၏ ခန္ဓာကိုယ်အား မည်မျှ ထိပင် သန့်စင်ထားပါစေ ဓားရေး သို့မဟုတ် ကျင့်စဉ် တစ်ခုခု ကျင့်ကြံထားသည့် အဖြစ်မျိုးကို ဖုံးကွယ်ထား၍ မရနိုင်ချေ။ ထိုကဲ့သို့ လေ့ကျင့်မှုများ လုပ်ပါက လက်တွင်တော့ ခြေရာလက်ရာ ကျန်စမြဲပင်ဖြစ်သည်။ ထိုကဲ့သို့ ခြေရာလက်ရာများအား သာမန်လူတစ်ဦး အနေဖြင့်ကတော့ သတိပြုမိ မည် မဟုတ်ပေ။ သို့သော်လည်း ပညာရှင်ကြီးများအဖို့ကတော့ အလွယ်တကူပင် သိရှိနိုင်မည် ဖြစ်လေ၏။
သို့သော်လည်း ယခုမိန်းကလေးသည် မည်သည့် ကျင့်စဉ်ကိုမျှ ကျင့်ကြံထားခြင်း မရှိသလို ဖြစ်နေခြင်းဖြစ်သည်။
ကောင်မလေး၏ လက်အား ကိုင်သည့်အချိန်ဟာ အကြာကြီး မဟုတ်သေးသော်လည်း သူမ၏ နှုတ်မှ လက်လွှတ်ရန် ဖွင့်ဟ တောင်းဆိုလာပြီ ဖြစ်သဖြင့် ရဲရှောင်လည်း မတတ်သာတော့ဘဲ လွှတ်ပေး လိုက်ရပါတော့သည်။
ရဲရှောင် လက်ကို လွှတ်လိုက်သည့်အချိန်မှပင် ရှက်အမ်းအမ်း ဖြစ်သွားသလို ခံစားလိုက်ရ၏။
သူသည် ရှောင်ဧကရာဇ် ဖြစ်ပြီး တဏှာရာဂ ကြီးမားသူတစ်ဦး မဟုတ်ချေ။ ကောင်မလေးမှ ထုတ်ဖော် ပြောဆိုလိုက်သည့်အခိုက် သူမည်မျှပင် စိတ်ထဲမှ ဟန်ဆောင်၍ ကိုင်နေသည်ပဲဆိုဆို ရှက်ရွံ့စိတ်ကြောင့် လည်ပင်းထိပင် နီရဲသွားလေတော့သည်။
ဒါ့အပြင် မိန်းကလေး ငယ်ငယ်ချောချောလေး၏ လက်မှာ ယောကျာ်းတစ်ဦးမှ ကိုင်ချင်သလို ကိုင်ခွင့်ရှိသော အရာတော့ မဟုတ်ပေ။ ထို့ကြောင့် လေသံတီးတိုးဖြင့် –
“ငါ . . . ငါ တောင်းပန်ပါတယ်။ မင်း . . . မင်းရဲ့လက်ကို . . . အကြာကြီး ကိုင် . . . ကိုင်ထားမိတဲ့ အတွက် ငါတကယ်ကို တောင်းပန်ပါတယ် . . .”
ရဲရှောင်တစ်ယောက် စိတ်ရင်းနဲ့ကို တောင်းပန်လိုက်မိလေပါတော့သည် . . .။