Chapter – 49
“ဖမ်းမိခြင်းပေလော”
မိုးပြာရောင်ဝတ် မိန်းကလေးမှ နူးညံ့စွာ ပြုံးလိုက်ပြီး –
“အလျင်လိုစရာ မလိုပါဘူး။ ငါတို့ ချန်နိုင်ငံတော်ကို လာတယ်ဆိုတာ ဒီက ပြည်သူတွေရဲ့ အခြေအနေနဲ့ နိုင်ငံရဲ့ အနေအထားကို လာလေ့လာတာလေ။ အဓိက အကြောင်းရင်းကတော့ မင်းညီ မင်းသားတွေ အချင်းချင်း ဖြစ်နေကြတဲ့ တိုက်ပွဲတွေကို သိချင်လို့ပေါ့ . . .”
“ဒါကြောင့်ပဲ ငါတို့ ဒီကို ရောက်နေတာလေ . . .”
“ငါတို့က အပြာရောင် လေနိုင်ငံတော်ကလေ။ ငါတို့သာ ဒီနိုင်ငံတော်ကို လွှမ်းမိုးမှု ရချင်တယ်ဆိုရင် အရေးကြီးတဲ့ ရှုထောင့်တိုင်းကို ပစ်ပယ်ထားလို့ မရဘူး။ သေချာ ဂရုတစိုက်နဲ့ လေ့လာရမယ် . . .”
မိုးပြာရောင်ဝတ် မိန်းကလေးမှာ ပြောပြောဆိုဆိုနှင့် လမ်းချိုးတစ်ခုတွင်းသို့ ၀င်သွားပါတော့သည်။
သူမ ထောင့်ချိုးသို့ ၀င်လိုက်စဉ်မှာပင် အံ့သြလွန်း၍ ပါးစပ်မှ “အို” ဟူ၍ အသံထွက်သွားမိသည်။ သူမနောက်မှ လူများလည်း ရဲရှောင် လစ်နေရာ နေရာသို့ ပြေးသွားကာ ကြည့်လိုက်ကြလေ၏။
“ဒီလူ . . .”
မိုးပြာရောင်ဝတ် မိန်းကလေး၏ အမူအယာ ပြောင်းလဲသွားသည်။
“ဒီလူက . . . လေလံပွဲက လူမဟုတ်လား . . . ဆေးလုံးတွေရဲ့ ပိုင်ရှင်လေ . . .”
သက်လတ်ပိုင်းအရွယ် မိန်းမမှ အနားကပ်ကြည့်ပြီးနောက် ရဲရှောင်ဖြစ်ကြောင်း သေချာသွားဟန် ဖြင့် –
“ဟုတ်တယ် . . . ဒီလူရဲ့ အချိုးအစားနဲ့ ပုံပန်းသဏ္ဍာန်အရ ဒီလူက ဖန် လို့ခေါ်တဲ့ လူပဲ ဖြစ်ရမယ်”
မိုးပြာရောင်ဝတ် မိန်းကလေး ရင်ခုန်သွားပြီးနောက် ပတ်ဝန်းကျင်ကို တစ်ချက် ဝေ့ကြည့်ရင်း –
“ဒီလူက တိုက်ခိုက်ခံထားရတာ ဖြစ်မယ် . . .”
ထို့နောက် သူမ၏လက်ဖြင့် ရဲရှောင်၏ လည်ပင်းကို စမ်းလိုက်ရင်း –
“အသက်ရှိသေးတယ်ဟ အသက်ရှူနေသေးတယ် . . .”
သူမလည်း ချက်ချင်းပင် မတ်တတ်ရပ်လိုက်ပြီးနောက် –
“ဒေါ်လေးဟွာ . . . ရထားလုံးတစ်စီး မြန်မြန် သွားစီစဉ်ပါ။ ဘယ်သူမှ မမြင်ပါစေနဲ့။ ဒီလူကို ချန်နိုင်ငံတော်က ကျွန်မတို့ အိမ်တော်ကို ခေါ်သွားရမယ်။ ဒီလူက . . . ကျွန်မအထင်သာ မှန်မယ်ဆိုရင် နောက်ပိုင်း ကျွန်မတို့အတွက် အသုံးဝင်မဲ့ လူတစ်ယောက် ဖြစ်လာလိမ့်မယ် . . .”
သက်လတ်ပိုင်းအရွယ်မိန်းမလည်း လျင်မြန်စွာပင် ထွက်သွားပြီးနောက် ရထားလုံးတစ်စီးအား လိုက်ရှာပါတော့သည်။
ထိုအချိန်တွင် မိုးပြာရောင်ဝတ် မိန်းကလေးမှာ သူမ၏ ခြေထောက်ဖြင့် ရဲရှောင်၏ ခန္ဓာကိုယ်အား သုံးချက်မျှ ခပ်ဆတ်ဆတ် ကန်ကြည့်ုလိုက်သည်။ “ဖတ် ဖတ် ဖတ်” ဟု အသံမြည်သွားပြီး ရဲရှောင်၏ အဓိက သွေးကြောဆုံမှတ် နေရာများအား ပိတ်လိုက်ခြင်းဖြစ်သည်။ ယခုအခါ ရဲရှောင်အနေဖြင့် မေ့နေသည် ဖြစ်စေ၊ သတိရသည်ဖြစ်စေ၊ အကြောပိတ် ခံလိုက်ရသဖြင့် သူ၏ အစွမ်းများအား ထုတ်သုံးနိုင်ဦးမည် မဟုတ်ပေ။
ထို့နောက် သူမ၏လက်ထဲမှ ဆေးလုံးတစ်လုံးအား ရဲရှောင်၏ ပါးစပ်တွင်းသို့ ထည့်ပေးလိုက်သည်။ အနက်ရောင် လက်ကိုင်ပဝါ တစ်ထည်အား ထုတ်ယူလိုက်ပြီးနောက် ရဲရှောင်၏ မျက်နှာအား အုပ်ထားလိုက်ပြီး –
“ဦးလေးဇို . . . သူ့ကို ရှင့်ရဲ့ ကျောပေါ်မှာ ထမ်းလိုက်။ သေချာဂရုစိုက်ဦးနော်၊ သူများတွေလည်း သူ့မျက်နှာကို မမြင်သွားစေနဲ့ဦး . . .”
“ကောင်းပါပြီ၊ မိန်းကလေး . . .”
ဦးလေးဇို ဆိုသူမှာလည်း ရိုကျိုးစွာ အမိန့်နာခံလိုက်ပြီးနောက် ရဲရှောင်အား မလိုက်ပြီး ကျောထက်သို့ ထမ်းလိုက်ပါတော့သည်။
မိုးပြာရောင်ဝတ် မိန်းကလေးမှာ သူ့လက်တစ်ဖက်ဖြင့် ရဲရှောင်၏ ခန္ဓာကိုယ်အား ရှာဖွေကြည့်လေ သည်။ ရဲရှောင်၏ အ၀တ်အစားများအတွင်း ရှာကြည့်ပြီးနောက် စိတ်ရှုပ်သွားဟန်ဖြင့် –
“ငွေစအနည်းငယ်လောက်ကလွဲပြီး ဘာမှ မရှိပါလား . . . ကြည့်ရတာ ဒီဆေးလုံးပိုင်ရှင်ကတော့ အလုခံလိုက်ရပြီ ထင်တယ်။ ကြွားလုံးထုတ်သလို လုပ်ခဲ့မှတော့ တစ်ယောက်ယောက်က သူ့ဆီက လုသွား မှာပေါ့ . . . ဒါပေမဲ့ သူ့ကိုလုပ်တဲ့လူက ဘာလို့ ဒီမှာ ကျန်ခဲ့တဲ့ ငွေစတွေကိုကျတော့ ယူမသွားရတာလဲ။ ဒီငွေစလောက်ဆိုရင်လည်း နည်းတဲ့ ပမာဏတော့ မဟုတ်ပါဘူး။ ငွေမမက်တဲ့ လူမို့လို့လား . . . ဘာကြောင့်ပါလိမ့် . . .”
“ဒါမှမဟုတ် ဖြစ်နိုင်တာက လုသွားသူတွေက မော်တယ်ကမ္ဘာက မဟုတ်လို့များလား . . .”
“ဘယ်သူတွေများ ဖြစ်နိုင်မလဲ . . .”
“ဒီနောက်ကွယ်မှာ မသိနိုင်တဲ့ အင်အားစုကြီးတွေများ ရှိနေမလား . . .”
“နားလည်နိုင်တဲ့ အတိုင်းအတာထက်ကို ကျော်သွားပြီ . . . စိတ်ဝင်စားဖို့တော့ ကောင်းသား . . .”
အတွေးပေါင်းစုံ တွေးနေသည့် အချိန်မှာပင် သူမ၏လက်ဝါး နွေးခနဲ ဖြစ်သွားသည်ကို ခံစားလိုက်ရ သည်။ ထိုအပူဓာတ်မှာ ရဲရှောင်ထံမှ ထွက်နေသည် ဆိုတာကိုလည်း ကောင်မလေး ရိပ်မိသွားလေ၏။
ချက်ချင်းပဲ ကောင်မလေးမှာ ဓာတ်လိုက်သွားသလိုဟန်ဖြင့် လက်ကို ပြန်ရုပ်လိုက်သည်။ သူမ၏ မျက်နှာကိုတော့ ပဝါဖြင့် အုပ်ထားသဖြင့် သူမ၏ မျက်နှာအမူအရာအား မမြင်နိုင်ချေ။ သို့သော်လည်း လည်ပင်းထိကို နီရဲနေသဖြင့် သူမမျက်နှာလည်း နီရဲနေမည်ဆိုတာ သေချာပါသည်။
သူမတစ်စုံတစ်ခုအား စဉ်းစားလိုက်မိပြီးနောက် သူမကိုယ်သူမ မကျေမနပ် ဖြစ်သွားလေသည်။
(ငါကလည်းငါပဲ . . . ဘာလို့ စိတ်လွတ်သလို ဖြစ်သွားပါလိမ့်။ ယောကျာ်းတစ်ယောက်ရဲ့ အ၀တ်အစားအောက်ကို ငါ့လက် အတော်ကြာကြာ ထားမိသွားတာပဲ . . .)
(ဟမ့် . . . ဒီလူရဲ့ အနံ့အသက်က ငါမကြိုက်တဲ့ အနံ့အသက်မျိုးတော့ မဟုတ်ဘူး။ မော်တယ် ကမ္ဘာရဲ့ အညစ်အကြေးတွေကို သန့်စင်ထားတဲ့ ခန္ဓာကိုယ်က အနံ့မျိုးပဲ . . .)
(သူ့မှာ ဒီလို သန့်စင်တဲ့ ခန္ဓာကိုယ်မျိုး ရှိတယ်ဆိုကတည်းက သူက ထိပ်တန်းအဆင့် ပညာရှင် တစ်ယောက်ထင်တယ်။ ဒါဆို သူ့ဆီက လုသွားတဲ့လူက သူ့ထက်ကို အဆင့်မြင့်တဲ့ ပညာရှင်ပဲ ဖြစ်ရမယ်။ ခြေရာလက်ရာတောင် မကျန်ခဲ့ဘူး။ ဘာဒဏ်ရာမှလည်း မတွေ့ဘူး . . .)
(အဲဒါဆို လုယက်သူက အနည်းဆုံးတော့ မြေကြီးအဆင့် ၆ လောက်က ပညာရှင်ပဲ ဖြစ်မယ်။ ပိုပြီး တိကျတဲ့ အဖြေကို ရဖို့ကတော့ ဒီလူ နိုးတဲ့အချိန်ထိ စောင့်ရမှာပဲ။ အဲဒါမှ သူ့ရဲ့ အဆင့်ကို ကောင်းကောင်း သိနိုင်မှာပေါ့ . . .)
ယခုအခါ ဦးလေးဇိုဆိုသူမှာ ရဲရှောင်အားထမ်းရင်း လမ်းကြားထဲမှ ထွက်လာပြီ ဖြစ်သည်။ ရဲရှောင်၏ မျက်နှာကိုတော့ အနက်ရောင် လက်ကိုင်ပဝါ တစ်ထည်ဖြင့် အုပ်ထားဆဲပင်။
မနီးမဝေးမှ ရထားလုံးတစ်စီး ရောက်ရှိလာပြီး ရပ်တန့်လိုက်သည်။
သက်လတ်ပိုင်းအရွယ်မိန်းမဖြစ်သူမှာ ရထားလုံးဘေးမှ လျှောက်လာလေ၏။
မိုးပြာရောင်ဝတ် မိန်းကလေးမှ ချက်ချင်းပင် ရဲရှောင်ကိုဆွဲကာ ရထားလုံးတွင်းသို့ ၀င်ရောက် သွားလေ၏။ သူမနောက်မှာမှ သက်လတ်ပိုင်းအရွယ် မိန်းမ လိုက်ဝင်လာလေသည်။
ဦးလေးဇိုမှာတော့ သူမတို့နောက်မှ လိုက်မ၀င်လာချေ။ ရွှေပြားတစ်ပြားအား ရထားလုံးမောင်းသူ ကို ပစ်ပေးလိုက်ပြီးနောက် –
“ငါတို့ ရထားလုံးကို ယူသွားမယ် . . .”
ထို့နောက်တွင်တော့ ချက်ချင်းဆိုသလိုပင် ရထားလုံး မောင်းသူ နေရာသို့ ခုန်တက်လိုက်ပြီး ကြာပွတ်အား ကိုင်ဆွဲလိုက်သည်။ မြင်းအား အော်သံတစ်ချက်ပေးလိုက်ပြီးနောက် ရထားလုံးလည်း လျင်မြန်စွာပင် ထွက်ခွာသွားပါတော့သည်။
ဦးလေးဇိုမှာ ရထားလုံးမောင်သူ နေရာတွင် အကျအနထိုင်၍ ရထားလုံးအား ကျင်လည်စွာ မောင်းနှင်နေလေ၏။ သူ၏ ပုံစံမှာ နှစ်ပေါင်းများစွာ ရထားလုံးမောင်းခြင်း အလုပ်အား လုပ်ကိုင်ခဲ့သည့် ရထားလုံးမောင်းသမားနှင့်ပင် တူနေပါသေးသည်။
ဘက်စုံတော်သည့် လူတစ်ဦးဖြစ်ပြီး လိုအပ်လျှင် လိုအပ်သလို လုပ်နိုင်စွမ်းလည်း ရှိနေပါသည်။
ထိုကဲ့သို့သော အစွမ်းအစမှာ တကယ်ပင် အံ့သြစရာ ကောင်းလှပါသည်။
ရထားလုံး အတော်ဝေးဝေးသို့ ရောက်ရှိသွားသည့်တိုင် ရထားလုံးပိုင်ရှင်ဖြစ်သူမှ အိပ်မက်မက် နေသလို ကြောင်ငေး၍ ရပ်နေဆဲပါပင်။
“ရထားလုံးအဟောင်းကြီးတစ်ခုကို ရွေပြားတစ်ပြားနဲ့ လဲချင်တဲ့ လူတစ်ယောက် ရှိနေလိမ့်မယ်လို့ ငါမထင်ထားခဲ့မိဘူး။ ဒီရွှေပြားက အနည်းဆုံးတော့ ငါ့ရထားလုံးလိုမျိုး အစီး ၃၀ လောက် ၀ယ်လို့ရမယ်။ ဒီနေ့တော့ ငါတကယ် ကံကောင်းတာပဲ။ မိုးနတ်မင်းက ငါ့ကို မစလိုက်ပြီ . . .”
ရထားလုံးမောင်းသူလည်း နောက်ဆုံးမှာတော့ ရေရွတ်လိုက်ရင်း အိပ်မက်မှ လန့်နိုးလာသူလို ဖြစ်နေပါသည်။ ထို့နောက်မှာတော့ ရွှေပြားအား သူ့အိတ်ထဲသို့ ထည့်လိုက်ပြီး သူ့အိမ်သို့ ပျော်ရွှင်စွာ ပြန်သွားပါတော့သည်။ ပါးစပ်မှလည်း တတွတ်တွတ်ဖြင့် –
“ဟုတ်ပြီ . . . ငါနောက်ထပ် ရထားလုံး ၀ယ်ရမယ်။ ဒီကရမဲ့ ငွေစတွေနဲ့ ငါအများကြီး လုပ်လို့ရပြီ။ ငါ့မိန်းမအတွက်လည်း အ၀တ်အစား အသစ်တွေ ၀ယ်ပေးနိုင်တော့မယ်။ သူ့မှာလည်း သနားစရာ ကောင်းပါတယ်။ ငါနဲ့ရကတည်းက နှစ်ပေါင်းများစွာ တခါမှ ကောင်းကောင်းမွန်မွန် မနေခဲ့ရရှာဘူး။ ငါ့သားနဲ့သမီးကိုလည်း အစားကောင်းအသောက်ကောင်းတွေ ၀ယ်ကျွေးရဦးမယ်။ နောက်ပြီး သူတို့ အတွက်လည်း အ၀တ်အစားသစ်တွေ ၀ယ်ပေးရမှာပေါ့ . . . အခုတော့ ငါ့ကလေးတွေ ကျောင်းနေရတော့ မှာပေါ့ . . .
ကျန်တဲ့ငွေစတွေကိုတော့ အရမ်းသုံးနေလို့ မဖြစ်ဘူး။ တတ်နိုင်သမျှ ဒီထက်ပွားများလာအောင် လုပ်ရမယ်။ ငါ့ကလေးတွေရဲ့ အနာဂတ်ကို ငါ့လို ရထားလုံးမောင်းသမား အဖြစ်နဲ့ အချိန်ကုန်ခံခိုင်းလို့ မဖြစ်ဘူး။ သူတို့ နောင်ရေးအတွက်လည်း စဉ်းစားရမှာပေါ့ . . .”
ရထားလုံးမောင်းသမားလည်း ပြုံးရွှင်သော မျက်နှာထားဖြင့် သူစိတ်ကူးထားသည်များအား တတွတ်တွတ်ဖြင့် ရေရွတ်နေပါတော့သည်။
. . . . . .
ရဲရှောင်၏ ခန္ဓာကိုယ် ဆတ်ခနဲ လှုပ်လာသည်။ ထိုအချိန်တွင် သူသည် သတိလစ်နေသော်လည်း သူ၏ ခန္ဓာကိုယ်မှာတော့ လှုပ်နေပါသေးသည်။ သူ၏ အသွေးများ အသားများအားလုံး အချိန်မရွေး ပေါက်ကွဲထွက်တော့မလိုကို ဖြစ်နေပါတော့သည်။
သူ၏ စိတ်ဝိညာဉ်နှင့် အသိစိတ်ပင်လယ်တစ်ခုလုံး ပျက်ဆီးတော့မလိုဖြစ်နေပြီး တကိုယ်လုံးသည် လည်း နာကျင်မှုများကို အဆက်မပြတ် ခံစားနေရလေသည်။
သူ၏ မျက်နှာတွင်တော့ မျက်မှောင်ကြုတ်ထားလျက်ရှိပြီး ပါးစပ်မှာတော့ တင်းတင်းစေ့ထားလျက် ရှိသည်။ အသံတစ်သံမှကို ထွက်မနေပါချေ။
မိုးပြာရောင်ဝတ် မိန်းကလေးမှာ ရဲရှောင်အား ရထားလုံး ခုံပေါ်တွင် လှဲလျက် အနေအထားဖြင့် ချထားခြင်းဖြစ်ပြီး ရဲရှောင်၏ တကိုယ်လုံး တွန့်တွန့်သွားတာကို မြင်နေရသည်။ သူ၏ ခန္ဓာကိုယ်အတွင်း ပိုးကောင်များ လျှောက်သွားသလို ခံစားနေရသလို ဖြစ်နေပြီး ရဲရှောင် မည်မျှထိ အခံရခက်နေမည် ဆိုသည်ကို ကောင်မလေး ကောင်းစွာ ရိပ်စားမိနေပါသည်။ သူမသည်လည်း သက်ပြင်းချလျက်သာ ရှိနေပါတော့သည်။
“လုယက်သွားတဲ့လူက ဘယ်လိုများ လုပ်ခဲ့တာပါလိမ့် . . . တော်တော် လူမဆန်တာပဲ။ အကြာကြီး သတိလစ်နေပြီး နာကျင်မှုတွေကိုလည်း ဆက်တိုက် ခံစားနေရတဲ့ပုံ . . . နည်းအမျိုးမျိုးနဲ့လည်း စမ်းသပ်ပြီးသွားပြီ ဒါပေမဲ့ ဘာမှ မလုပ်နိုင်ခဲ့ဘူး . . . ဘယ်လို နည်းလမ်းသုံးသွားသလဲ ဆိုတာကိုတောင် ရှာမတွေ့နိုင် ဖြစ်နေပါလား . . .”
“ဘယ်လိုမျိုး စွမ်းအားကများ လူတစ်ယောက်ကို ဒီလိုဖြစ်စေနိုင်တာပါလိမ့် . . .”
“လုသွားတဲ့လူက တော်တော် ယုတ်မာတဲ့လူပဲ ဖြစ်မယ်။ လုယက်သွားရုံတင်မကဘူး ဒီလောက်ထိ ခံစားရအောင်တောင် တိုက်ခိုက်သွားသေးတယ်။ ဒီလို လုပ်ခဲ့မဲ့ အစား သတ်သာ သတ်သွားလိုက်ပါတော့ လား။ အဲဒါဆို သူလည်း အခုလို နာကျင်နေစရာ မလိုတော့ဘူး။ တော်တော် ဒေါသထွက်စရာပဲ . . .”
သက်လတ်ပိုင်းအရွယ် မိန်းမမှ ပြောလိုက်လေ၏။
သူမတို့အနေဖြင့် လူသတ်သမားများစွာအား မြင်တွေ့ခဲ့ဖူးပါသည်။ သူမတို့ကိုယ်တိုင်လည်း လူများစွာ သတ်ဖြတ်ခဲ့ကြဖူးပါသည်။
သို့သော်လည်း ယခုလို လူတစ်ယောက်အား မသေမရှင်ဖြစ်စေနိုင်သော တိုက်ခိုက်နည်းကို တစ်ခါမျှ မတွေ့မြင်ခဲ့ကြဘူးပေ။
တကယ်ကို အသက်ငင်နေသလို အခြေအနေ ဖြစ်နေသည် မဟုတ်ပါလား။
ယခုလောက်ထိ ရက်စက်သွားခြင်းမှာ မည်သည့် ရန်ငြိုးများ ရှိနေ၍လဲ ဆိုတာကိုပင် စဉ်းစားနေမိ ကြပါတော့သည်။
“ဒါပေမဲ့ . . . ဒီလူရဲ့ အရိုးတွေကလည်း တကယ်ကို မာတဲ့ပုံပဲ။ ဆေးလုံးတွေရဲ့ ပိုင်ရှင် ဖြစ်နေတာ လည်း အံ့သြစရာတော့ မရှိပါဘူး”
မိုးပြာရောင်ဝတ် မိန်းကလေး ပြုံးလျက် ပြောလိုက်သည်။
“သာမန်လူ မပြောနဲ့ အဆင့်မြင့် ပညာရှင်တောင်မှ ဒီလို သတိမေ့နေတဲ့ အနေအထားမှာ နာကျင်မှု တွေ ဆက်တိုက် ခံစားရမယ်ဆိုရင် ပါးစပ်ကတော့ အသံထွက်ပြီး အော်ဟစ်နေမှာပဲ . . . ဒါပေမဲ့ ဒီလူကတော့ အသံတစ်ချက် မထွက်ဘူး။ တကယ် ချီးကျူးစရာပဲ . . .”
သူမ စိတ်လိုလက်ရဖြင့်ပင် ချီးကျူးလိုက်သည်။ ထို့နောက် သက်ပြင်းချလိုက်ပြီး ဆက်လက်၍ –
“ဒီလောက်ထိ စိတ်ဓာတ် မာကြောနေပုံထောက်ရင် ဒီကမ္ဘာမှာ ဒီလူ မလုပ်နိုင်တဲ့ အလုပ်ကော ရှိပမလား . . . ဒီလို စိတ်ဓာတ်မျိုး မရှိရင် ထူးခြားအစွမ်းထက် ဆေးလုံးတွေကို သူလုပ်နိုင်ခဲ့မှာ မဟုတ်ဘူး။ ဒီလူသာ မရှိတော့ရင် လေလံပွဲမှာလည်း ဟိုလိုဆေးလုံးတွေ ထပ်ရှိလာမှာ မဟုတ်တော့ဘူးဆိုတာ အသေအချာပဲ . . .”
ရထားလုံးသည် လမ်းတလျှောက် အရှိန်မှန်မှန်ဖြင့်သာ ရွေ့လျားလျက် ရှိနေလေသည်။ ချန်ရှင်းမြို့တော်၏ တောင်ဘက် ဂိတ်အနီးတွင် ရထားလုံးလည်း ရပ်သွားလေ၏။ သူတို့သည် အိမ်ကြီး တစ်အိမ် အရှေ့တွင် ရပ်လိုက်ကြခြင်း ဖြစ်ပေသည်။
ဦးလေးဇိုမှ အချက်ပြလိုက်သည့် အခါ တံခါးလည်း ပွင့်သွားလေ၏။
ရထားလုံးလည်း အတွင်းသို့ ၀င်ရောက်သွားပါတော့သည်။ ရထားလုံး ၀င်သွားပြီးသည်နှင့် တံခါးကြီးမှာလည်း ချက်ချင်းဆိုသလိုကို ပိတ်သွားလေ၏။
. . . . . .
ရဲရှောင်သည် သူပတ်ဝန်းကျင် အသစ်တစ်ခုသို့ ရောက်ရှိနေခြင်းဖြစ်ကြောင်း မသိသေးချေ။ လှိုင်းလေ ကြမ်းတမ်းသည့် ပင်လယ်ပြင်အတွင်း ရုန်းကန် လှုပ်ရှားနေရသလို ခံစားနေရတာဖြစ်ပြီး လှိုင်းကြီးများ တစ်လုံးပြီးတစ်လုံး သူ့ထံ တိုးဝင်နေသလို ဖြစ်နေလေ၏။ အချိန်မရွေး နစ်မြုပ် သေဆုံး သွားနိုင်မည့် အခြေအနေနှင့် ကြုံတွေ့နေရခြင်းပင် ဖြစ်ပေသည်။
ရဲရှောင်အနေဖြင့် သူ၏ စိတ်ကို တတ်နိုင်သမျှ ထိန်းထားရုံမှတပါး ဘာမှ မတတ်နိုင်ပေ။ အံကြိတ် လျက် နာကျင်မှုများအား ကြံ့ကြံ့ခံလျက် ရှိသည်။ အပြင်ဘက်တွင် မည်သည့်အရာများ ဖြစ်ပျက်နေသလဲ ဆိုတာကို သူစိတ်မ၀င်စားနိုင်ချေ။ လောလောဆယ် သူ၏ စိတ်ကိုသာ အတတ်နိုင်ဆုံး တည်ငြိမ်အောင် ကြိုးစားနေရလေ၏။
သူ့အား တစ်စုံတစ်ဦးမှ ခွေးလေးကြောင်လေးကဲ့သို့ မချီ၍ ဖမ်းခေါ်လာသည် ဆိုတာကိုပင် သူမသိသေးချေ။
ပြင်းထန်လှသော တုန်ခါမှုကြီးသည် အဆုံးသတ်ခါနီးသောအခါ ရဲရှောင်တကိုယ်လုံး နပန်းပွဲ ပွဲ ၇၀ လောက် သတ်လိုက်ရသလို ချွေးစေးများ ပြန်နေလေတော့၏။ မိုးပြာရောင်မိန်းကလေးမှ ဆေးလုံးများ၏ ပိုင်ရှင်အဖြစ် လေးစားသမှုဖြင့် ဂရုစိုက်ပေးမှုကြောင့်သာ မဟုတ်ပါက ရဲရှောင်တကိုယ်လုံး ချွေးအထွက် လွန်၍ပင် သေဆုံးသွားနိုင်ပေသည်။ တကယ်ပင် တုန်လှုပ်စရာ အနေအထားဖြင့် ကြုံတွေ့လိုက်ရခြင်းပင် ဖြစ်၏။
မိုးပြာရောင်ဝတ် မိန်းကလေး၏ ကယ်တင်ပေးမှုကြောင့်သာ ရှောင်ဧကရာဇ်တစ်ယောက် အသက်ဆက်နိုင်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုရမည်ဖြစ်လေတော့သည် . . .။