Chapter – 21 နွား မိစ္ဆာ လက်ဝှေ့ထိုးခြင်း
ထိတ်လန့်မှုနှင့်အံ့သြမှုကြောင့် ချူဖုန်း လူသေတစ်ယောက်လို ရပ်နေမိသည်။ သူ့မျက်လုံးများသည် လက်ဝှေ့ထိုး လေ့ကျင့်နေသော နွားပေါက်ထံ၌သာ ရှိနေပြီး သူ၏ လက်စွမ်းရည်ကြောင့် အံ့အားသင့်နေရသည်။
နွားဝါသည် သူ၏ နောက်ခြေထောက်၂ချောင်းပေါ်တွင် တည်ငြိမ်စွာ၊ အိန္ဒြေရှိစွာဖြင့် မတ်တပ်ရပ်နေသည်။ သူ့ခြေလှမ်းကို ရှေ့နောက်ပြောင်းသောအခါတွင်လည်း သေသပ်မြန်ဆန်ကာ အားပြင်းသည့်အပြင် ကြည့်ကောင်းနေသည်။ ဤသည်မှာ နွားတစ်ကောင် လုပ်နိုင်သင့်သည့် အရာ မဟုတ်ချေ။
ချူဖုန်း ဘေးမှ ကြည့်ကာ အလွန်အမင်း လေးစားအံ့အားသင့်နေသည်။
နွားဝါသည် ချူဖုန်းအား တစ်ချက်လှမ်းကြည့်လိုက်သော်လည်း သူ့လှုပ်ရှားမှုများ ရပ်မသွား။ နွားပေါက်၏ မျက်နှာတွင် မောက်မာမှုကို အနားကွပ်ထားသော သဘင်သည် အကြည့်မျိုး ရှိသည်။ သူသည် နဂိုကတည်းက ဟိတ်ကြီးဟန်ကြီးသူ ဖြစ်ပြီး မာနလည်းကြီးသည်ပင်။ ထို့နောက် နွားပေါက်သည် ရုတ်တရက် လက်ကို အားပိုထည့်လိုက်လေ၏
သူ့ခန္ဓာကိုယ်သည် ပြိုင်ဘက်ကင်းစွာ သွက်လက်ဖျက်လက်နေသည်။ ရံဖန်ရံခါတွင် သူ၏လက်ဝှေ့ထိုးပုံမှာ ငှက်တစ်ကောင်က သူ၏သားကောင်း အင်းဆက်များကို ထိုးသုတ်ပုံနှင့် တူနေသည်။ ရံဖန်ရံခါတွင် သူ့လက်သီးကို အားအပြည့်ဖြင့် အပေါ်ကို ထိုးလိုက်သည်။ အကွက်တိုင်းတွင် နားကန်းစေနိုင်လောက်သော မိုးခြိမ်းသံကို ကြားရပြီး အနီးပတ်ဝန်းကျင်ကို ကြောက်မက်ဖွယ်ကောင်းသော လေထုဖြင့် ပြည့်နှက်နေစေသည်။
ချူဖုန်း ထိတ်လန့်တကြား နောက်ပြန်ဆုတ်သွားသည်။ အဝေးက ကြည့်လျှင်ပင် ဤသည်မှာ အလွန်အားပြင်းသည့် ထိုးချက်များဖြစ်ကြောင်း သိနိုင်သည်ပင်။
နွားဝါ ရွှင်မြူးနေသည်။ သူသည် လက်ဝှေ့ထိုးလေ့ကျင့်ခန်း၏ နောက်ဆုံးအကွက် အနေဖြင့် ကိုယ်လက်ဖြေလျော့ကာ တိုက်ခိုက်မည့်ပုံစံကို လုပ်လိုက်သည်။ သို့သော် ချူဖုန်းကို နောက်တစ်ခေါက် လှမ်းကြည့်လိုက်သည့်အချိန် ချူဖုန်း၌ ကတိပေးထားသည့် ဖုန်းပါမလာသည်ကို သတိထားမိသောအခါ သူ့မျက်နှာ တောင့်တင်းသွားလေသည်။
နွားပေါက်သည် လက်ဝှေ့ထိုးခြင်းကို ချက်ချင်း ရပ်တန့်လိုက်ကာ ချူဖုန်းကို ကျောခိုင်းသွားလေ၏။
နွားပေါက် ရုတ်တရက် ရပ်တန့်လိုက်သောကြောင့် ချူဖုန်း အံ့အားသင့်သွားရသည်။ သူသည် ထိုအမိုက်စား လက်ဝှေ့ထိုးနည်းပုံစံကို ကြည့်မဝသေး။
ထို့နောက် နွားဝါ၏ တစ်ခုခုကို သေချာသိချင်လို၍ သူ့အား ခဏခဏ ခိုးကြည့်နေသော အကြည့်အား တွေ့လိုက်ရသည့်အချိန်တွင် ချူဖုန်း သဘောပေါက်သွားသည်။
ဒီကောင်က ဟိုဖုန်းအကြောင်းကို စဥ်းစားနေတာပဲ..
“နွားဝါ ခုနက မင်းအတွက် နောက်ဆုံးပေါ် ဖုန်းတစ်လုံး ရွေးပေးထားတယ်.. အဲဒီဖုန်းက တော်တော်လေးမိုက်ပြီး အဆင့်မြင့်တဲ့ပုံပေါ်တယ်.. ငါ ပိုက်ဆံမလောက်လို့ အိမ်ကို ပိုက်ဆံပြန်လာယူတာ.. မင်း မကြာခင် အဲဒီဖုန်းကို ရစေရမယ်”
နွားဝါ သေချာနားထောင်နေသည်။ ချူဖုန်း၏ စကားကို ကြားသည့်အခါ သူ့မျက်နှာပေါ်တွင် ပျော်ရွှင်ကျေနပ်သော အပြုံး ပေါ်လာလေ၏။ သူ့မျက်နှာပေါ်တွင် လှောင်ပြောင်ရွဲ့ပြုံးသော အပြုံးအစား အမှန်တကယ် ပျော်ရွှင်၍ပြုံးသော အပြုံးမျိုး ပေါ်လာသည်မှာ အလွန်ရှားပါးလှသည်။
“လက်တွေ့ဆန်ပြီး အတော်လေးတွက်ချက်တတ်တဲ့ ကောင်ပဲ” ချူဖုန်းသည် သူ့ကိုယ်သူ တွေးလိုက်သည်။
ထို့နောက် နွားဝါသည် သူ့လက်ဝှေ့ကို တစ်ဖန် ပြန်ထိုးလေသည်။ သို့သော် သူ၏လှုပ်ရှားမှုများမှာ သေချာလက်ဝှေ့ထိုးသည့် ပုံစံမျိုးထက် အပျော်သဘောဖြင့် လုပ်နေသည့်ပုံမျိုး ဖြစ်သည်။ ထို့နောက် ဒီလက်ဝှေ့အစမ်းထိုးခြင်း၏ နောက်ဆုံးပိတ်ပုံစံအနေဖြင့် အဖြူရောင်မြူခိုးများကို ရှူထုတ်လိုက်လေ၏။
ချူဖုန်း ပြောစရာ စကားမဲ့သွားရသည်။ “ဟန်ဆောင်နေစရာ လိုလို့လား.. အပေါ်ယံဆန်တဲ့ကောင်”
“မူး…”
နွားပေါက်သည် သူ့လုပ်ရပ်ကို ဝန်မခံသေးပဲ ချူဖုန်းကို ဖုန်းသွားဝယ်ရန် အော်ဟစ်နေ
ချူဖုန်း ဘာမှ မပြောပဲ နောက်လှည့်ကာ ထွက်သွားလိုက်သည်။ သူသည် မိုင်တစ်ဝက်သာ ဝေးသော ပစ္စည်းအဟောင်းဆိုင်သို့ တန်းသွားလိုက်ကာ “ဦးလေးလျို ကျွန်တော့်ကို ဦးလေးဆိုင်မှာ ရှိတဲ့ ရှေးအကျဆုံးနဲ့ အပေါဆုံး ဖုန်းပေးပါ” ဆိုင်ထဲသို့ ဝင်ပြီးသည်နှင့် ဆိုင်ရှင်ကို ချက်ချင်း ခေါ်လိုက်သည်။
“ချူဖုန်းလား.. မင်း ဘယ်တုန်းက ပြန်ရောက်တာလဲ” ဦးလေးလျိုသည် သူ၏ အဝေးမှုန်မျက်မှန်ကို လက်သန်းဖြင့် နှာခေါင်းပေါ်သို့ ထိုးလိုက် ချူဖုန်းအား ဖော်ရွေသော အပြုံးဖြင့် ကြည့်လိုက်သည်။
“လွန်ခဲ့တဲ့ ၃ ၄ရက်က ပြန်ရောက်တာဗျ.. မတွေ့တာ အတော်ကြာပြီနော် … ဦးလေး အဆင်ပြေလားဗျ” ချူဖုန်းလည်း အပြုံးဖြင့် နှုတ်ဆက်လိုက်သည်။
“အဆင်ပြေတယ်… ဒါနဲ့ ဒီဖုန်းအဟောင်းကို ဘာလုပ်မလို့လဲ.. ခုခေတ် လူငယ်တွေက အသစ်ကိုပဲ ကြိုက်ကြတာ မဟုတ်လား” ဦးလေးလျို အံ့သြနေသည်။
“ဒီလိုပဲ အကြောင်းရှိလို့ပါ.. အသစ်ပုံပေါက်ပြီး ကြည့်လို့လှရင် ဘယ်လောက်မော်ဒယ်နိမ့်နိမ့် ကိစ္စမရှိဘူး” ချူဖုန်း အလေးအနက်ပြောလိုက်သည်။
“ဒါက အဟောင်းဆိုင်ဆိုပေမယ့် မော်ဒယ်နိမ့်တဲ့ဟာ ဝယ်ချင်တဲ့သူတော့ သိပ်မရှိဘူး.. အဲဒီတော့ မော်ဒယ်နိမ့်တာက နည်းနည်းပဲ ရှိတယ်” ဦးလေးလျို ပြောလိုက်သည်။
သူသည် သေတ္တာနှင့် ဗီဒို အကုန်လုံးကို မွှေနှောက်ရှာဖွေပြီး သူ့ထံ၌ ရှိသမျှ အကုန် ယူလာသည်။ နောက်ဆုံးတွင်တော့ သူတို့ဖုန်းအချို့ကို ရှာတွေ့သွားသည်။ ဤပစ္စည်းများသည် ရှေးဆန်သည့်ပစ္စည်းများ စုဆောင်းသည့်သူမှလွဲ၍ အခြားသူတော်ရုံမဝယ်သော ပစ္စည်းများ ဖြစ်သည်။ “မဟုတ်ရင် ကောင်းကောင်း အလုပ်မလုပ်တဲ့ ပစ္စည်းကို ပိုက်ဆံပေးဝယ်ပြီး ဘာလုပ်မှာလဲ” ဦးလေးလျို ပြောသည်။
ဖုန်းအကြီးတစ်လုံးကို ချူဖုန်း သဘောကျသွားသည်။ အသစ်ပုံပေါက်ပြီး စက်ပေါ်တွင် အလက်အလက်များ ပါသည်။
“ဒါပဲ .. ကျွန်တော် ဒါယူမယ်”
“အေး ဒါက အသစ်ပုံပေါက်ပေမယ့် သူ့ရဲ့ လုပ်ဆောင်ချက်တွေက ငါယူလာပေးတဲ့ အခြားဟာတွေလောက် မကောင်းဘူး” ဦးလေးလျို ပြောသည်။
“ရတယ် အဆင်ပြေတယ်.. ဒါဆို လုံလောက်ပြီ၊ အသစ်ပုံစံပေါက်ဖို့ပဲ လိုတာ” ချူဖုန်းသည် ခိုင်မာစွာ ပြောသည်။
ဦးလေးလျိုမှာ အနည်းငယ် ပြောစရာ စကားမဲ့သွားသည်။ သို့သော် သူ ဘာမှမတတ်နိုင်။
သူသည် ချူဖုန်းက ဖုန်းဖိုး ရှင်းရန် ပိုက်ဆံထုတ်နေစဥ် ဦးလေးလျိုတားလိုက်သည်။ “ရတယ်.. ဒီစက်အဟောင်းက တော်တော် နေရာရှုပ်နေတာ.. မင်းကို ပေးလိုက်တာ ပိုကောင်းပါတယ်.. ဒီတိုင်းယူသွားလိုက်.. ပေးမနေနဲ့တော့”
“ဟုတ်ပြီဗျာ နောက်တစ်ခေါက် ကျွန်တော်လာရင် သောက်စရာအရက်အချို့ ဝယ်ခဲ့မယ်” ချူဖုန်းသည် သူ့ကိုယ်သူ အပြင်လူဟု မသတ်မှတ်တော့ပဲ ဦးလေးလျိုပေးသည်ကို ကျေနပ်စွာ ယူလိုက်သည်။
“အိုး ဒါနဲ့ ပြောဖို့မေ့နေတယ်.. မင်း မြို့မှာ မရှိတုန်းက မင်းကို လူတစ်ချို့ လာရှာသေးတယ်”
ချူဖုန်း ထွက်သွားရန် လုပ်နေချိန်တွင် ဦးလေးလျို ဤအကြောင်းကို ပြောလာသည်။
“ကျွန်တော့်ကိုလား” ချူဖုန်း အံ့အားသင့်သွားရသည်။ “ကျွန်တော့်ကို ဘယ်သူက လာရှာမှာလဲ” အကယ်၍ သူ့အတန်းဖော် သို့မဟုတ် သူငယ်ချင်းသာ ဆိုလျှင် သူ့တို့မလာခင် သူ့ကို ဖုန်းခေါ်မည်ပင်။
“သူတို့ကို ကြည့်ရတာ ငါ့အတွက် ထူးခြားနေတယ်… အဲဒီထဲမှာ ချစ်ဖို့ကောင်းတဲ့ မိန်းကလေးတစ်ယောက်လည်း ပါတယ်” ဦးလေးလျို ပြောပြလိုက်သည်။
ချူဖုန်းသည် မေးခွန်းပေါင်းများစွာဖြင့် ဆိုင်မှ ထွက်လာသည်။ သူ့ကို လာရှာသည့်သူမှာ ဘယ်သူဖြစ်မှန်း အတိအကျ မသိ ဖြစ်နေသည်။
“နွားဝါ ကြည့်.. ဒီမှာ မင်းအတွက် နောက်ဆုံးပေါ် ဖုန်း ဝယ်လာတယ်.. ဒါက ငါသုံးနေတာထက် ၁၀ဆ ပိုကောင်းလိမ့်မယ်လို့ ငါအာမခံတယ်.. ” ခြံဝင်းထဲ ရောက်သည်နှင့် ချူဖုန်း အော်ပြောလိုက်သည်။
နွားဝါသည် ချက်ချင်းပင် အမြန်ပြေးလာလေ၏။ သူ၏ နောက်ခြေထောက်များဖြင့် အမြန်ပြေးလာကာ ရှေ့ခြေထောက်ဖြင့် ဖုန်းကို ဆွဲယူလိုက်သည်။ ထို့နောက် ထိုစက်ကို အသေအချာကြည့်နေလေသည်။
နွားပေါက်သည် ချူဖုန်းသုံးနေသည့် ဖုန်းကို လှမ်းကြည့်ကာ သူ့လက်ထဲရှိ ဖုန်းနှင့် နှိုင်းယှဥ်လိုက်သည်။ သူ့မျက်နှာပေါ်တွင် လှောင်ပြောင်နေကျ အပြုံး ချက်ချင်းပေါ်လာကာ ချူဖုန်းလက်ထဲရှိ စက်ကို လှောင်ပြောင်နေသည်။
“မင်းက စိတ်ထားကောင်းတဲ့ကောင် မဟုတ်ဘူးပဲ.. မင်းကို အကောင်းတကာ့ အကောင်းဆုံး ဝယ်လာပေးတာတောင် ငါက မင်းလှောင်တာ ခံနေရဦးမှာလား… အင်း ထားပါတော့ ငါက သဘောထားကြီးတဲ့လူ ဆိုတော့ မင်းနဲ့ ပြိုင်ငြင်းမနေတော့ဘူး .. အမြန်လုပ်.. မင်းလုပ်နေတဲ့ လက်ဝှေ့ထိုးပုံစံကို ဘယ်လိုလေ့ကျင့်ရလဲ ငါ့ကိုသင်ပေး” ချူဖုန်း တိုက်တွန်း ပြောဆိုလိုက်သည်။
နွားဝါသည် သူ့ကို ပြန်မဖြေပဲ ဖုန်းကို ကျောက်တုံးစားပွဲပေါ်တွင် တင်ကာ မျက်နှာပြင်ကို သူ့ ရှေ့ခြေထောက်ဖြင့် ထိုးကြည့်နေသည်။
သို့သော် တစ်ခဏကြာတွင် သူ ဒေါသပေါက်ကွဲထွက်လာလေ၏။ အဘယ်ကြောင့်ဆိုသော် ဖုန်းသည် ဘာတစ်ခုမှ အလုပ်မလုပ်။
သူသည် နောက်လှည့်ကာ ချူဖုန်းကို ဒေါသတကြီး စိုက်ကြည့်လိုက်လေသည်။
“အားမသွင်းရသေးဘူး” ချူဖုန်း ပုံမှန်အသံဖြင့်ပင် ပြောလိုက်သည်။
“မူး..”
နွားဝါသည် “အကောင်းတကာ့အကောင်းစား” ဖုန်းကို ဂရုတစိုက် မ ယူကာ ချူဖုန်း၏ အရှေ့ကို ယူလာပြီး ချက်ချင်း အားသွင်းပေးရန် ပြောသည်။
ချူဖုန်းက ဖုန်းကို စားပွဲပေါ် သို့ ဖြစ်ကလတ်ဆန်း ပစ်တင်လိုက်ပြီး ကြုံရာအားသွင်းကြိုးဖြင့် အားသွင်းလိုက်သည်ကို မြင်လိုက်ရသောအခါ သူ၏မျက်လုံးများ ကျွတ်ထွက်မတတ်ပင် ဖြစ်သွားသည်။
သူ့မျက်နှာပေါ်ရှိ အကြည့်မှာ ချူဖုန်းကို ဤ’အဆင့်မြင့်’ ပစ္စည်းကို သေချာဂရုစိုက်ပြီး မပျက်စီးစေအောင် ကိုင်ဖို့ ပြောသည့် အကြည့်ပင်။ တစ်ချိန်တည်းမှာပင် သူသည် ချူဖုန်း၏ ဖုန်းကို မျက်စောင်းထိုး ကြည့်လာသည်။
နွားဝါသည် အားသွင်းနေသည့် အချိန်အတွင်း ဖုန်းကို အားရပါးရ ထိုးကြည့်နေ၏။ သို့သော် ခဏကြာသောအခါ ဖုန်းမျက်နှာပြင်ပေါ်ရှိ စာလုံးများကို သူ နားမလည်၍ အခက်အခဲဖြစ်လာသည်။ ဤကိစ္စကြောင့် သူ၏စိတ်ဝင်စားမှု လျော့မသွားသော်လည်း လူသားဘာသာစကားကို နားမလည်ခြင်းမှာ သူ့အတွက် ကြီးမားသော အတားအဆီးဖြစ်လာသည်။
နွားဝါ ချုဖုန်းဆီ ရောက်လာသည်။ နွားဝါ ဘာကိုဆိုလိုချင်မှန်း နားလည်နိုင်ရန် ချူဖုန်း အချိန်အတော်ယူလိုက်ရသည်။
“မင်း ဘာလိုချင်တာလဲ.. ငါ့ ဖုန်းက အဆက်အသွယ်တွေကို မင်းထဲ ထည့်ချင်လို့လား.. ထွက်သွားစမ်း” ရှေ့တစ်ခေါက်က နွားပေါက် လုပ်ထားသည့် ပြဿနာကို ပြန်စဥ်းစားမိတိုင်း ချူဖုန်း ဒေါသထွက်လာသည်။
နွားဝါသည် မိုင်ထောင်ချီအဝေးက လူတွေ တစ်ဦးနှင့်တစ်ဦး သက်တောင့်သက်သာ ဆက်သွယ်ပြောဆိုနိုင်သည့် လုပ်ဆောင်ချက်ကို အလွန်စိတ်ဝင်စားနေသည်။
သို့သော် ချူဖုန်းထံမှ အဆက်အသွယ်စာရင်းများကို မရနိုင်မှန်းသိသည့်အချိန်တွင်တော့ ဗီဒီယိုသတင်းတင်ပြချက်များနှင့် သတင်းအချက်အလက်များ ကြည့်နိုင်သည့်နည်းလမ်းကိုသာ မေးလိုက်တော့သည်။
“မင်းသာ စကားလုံးတွေ၊ စာလုံးတွေကို သိရင် အားလုံးက ပိုလွယ်မှာ.. ငါတို့ ပြောတဲ့စကားတွေကို နားလည်ရင် ဖုန်းသုံးတာ၊ သတင်းစာဖတ်တာနဲ့ ဗီဒီယိုကြည့်တာတွေက မင်းအတွက် ပြဿနာဖြစ်မှာမဟုတ်ဘူး” ချူဖုန်းသည် နွားပေါက်ကို နည်းစနစ်ကျကျ သင်ကြားပေးလိုသည်။ သူ့ကို ရေးတတ်၊ ဖတ်တတ်အောင် သင်ပေးခြင်းရန် အရင်ကတည်းက သူစဥ်းစားထားပြီးသားပင်။
ထင်ထားသည့်အတိုင်း နွားဝါသည် ဝမ်းသာအားရ ခေါင်းငြိမ့်ပြလာသည်။ သူက ဒီကမ္ဘာကို ထူးဆန်းသော ရည်ရွယ်ချက်ဖြင့်လာခြင်း ဖြစ်သော်လည်း အကယ်၍ သူသာ လူများ စကားပြောဆက်သွယ်ရာတွင် သုံးသည့် စကားလုံးများကို ခွဲခြားသိနိုင်လျှင် လုပ်ရကိုင်ရ ပိုအဆင်ပြေမည် ဖြစ်သည်။
“မင်းက ငါ့ကို လက်ဝှေ့ထိုးနည်း သင်ပေး.. ငါက မင်းကို ဘာသာစကား သင်ပေးမယ်” ချူဖုန်း ယုံကြည်ချက်အပြည့်ဖြင့် ပြောလိုက်သည်။
နွားဝါသည် သူ့ကို မယုံသင်္ကာကြည့်ပြီးနောက် အော်ဟစ်လာလေသည်။ ကြည့်ရသည်မှာ ချူဖုန်းက ဤကဲ့သို့လုပ်ချင်၍ ကြိုတင်ပြင်ဆင်ထားသည်ကို အပြစ်တင်ပြောဆိုနေပုံ ရသည်။
“ဘယ်လိုပဲ ဖြစ်ဖြစ် ဒါက မင်းအတွက် ပိုအကျိုးရှိတဲ့ အပေးအယူပဲ.. ငါက ဒီကမ္ဘာကြီးကို အန္တရာယ်များတဲ့ အရှုပ်အထွေးပုံကြီးလို့ပဲ မြင်တယ်.. အဲဒီတော့ ငါ အသက်ရှင်ဖို့အတွက် လက်ဝှေ့ကို သင်ရမယ်.. ငါ အသက်ရှည်ရှည် နေနိုင်မှ မင်းကိုလည်း ခွန်းလွန်တောင်ပေါ်က ထူးဆန်းတဲ့ ချုံပုတ်ပင်လေးကို ကူရှာပေးနိုင်မှာ” ချူဖုန်း ပြောလိုက်သည်။
နောက်ဆုံးတွင် နွားဝါသည် သဘောတူသည့်အနေဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။
လာသည့် ၃ ရက်လုံးတွင် ချူဖုန်းသည် ဤလက်ဝှေ့ထိုးနည်းပုံစံကို လေ့ကျင့်နေခဲ့သည်။ လက်ဝှေ့အချက်တိုင်းကို တူညီသော အားပြင်းဖြင့် ထိုးရန် လိုသည့်အတွက် ဤပညာကို တတ်မြောက်ရန် ခက်ခဲလှသည်။
ယခင်က သူသည် အလွတ်တိုက်ရည်ခြင်းကို လေ့ကျင့်ဖူးသည်။ သေချာ စနစ်တကျ လေ့ကျင့်ထားခြင်းမဟုတ်သော်လည်း ကောင်းကောင်း တိုက်ခိုက်နိုင်သည်။ သို့သော် ယခု နွားဝါနှင့် ကျင့်နေသည့် လက်ဝှေ့ထိုးနည်းမှာ သူ ယခင်ကၐ ကျင့်ခဲ့ဖူးသည်နှင့် လုံးဝ ကွာခြားသည်။ လက်ဝှေ့တစ်ချက်ထိုးလိုက်တိုင်း သူ့လက်သီးကို ထူးဆန်းကာ ဆန်းကြယ်သော အားဖြင့် ကာထားသလို ခံစားနေရသည်။
အထူးသဖြင့် နွားဝါ လုပ်ခိုင်းသည့်အတိုင်း အသက်ရှူလေ့ကျင့်ခန်းနှင့် တွဲလုပ်လျှင် တစ်ခါတစ်ရံ သူ၏လက်သီးချက်မှ နားကန်းစေနိုင်သော မိုးခြိမ်းသံများကို ထွက်ပေါ်လာသည်။
ချူဖုန်း အံ့အားသင့်နေရပြီး ဤလေ့ကျင့်မှုကို လုံးဝ ကြွေသွားသည်။
နွားဝါလည်း စာလုံးအနည်းငယ် လေ့လာပြီးပြီ ဖြစ်သည်။ သူသည် ဉာဏ်ရည်မြင့်သော သတ္တဝါဖြစ်သည့်အပြင် အတတ်လည်း မြန်သောကြောင့် ချူဖုန်း သူ့ကို လိုအပ်တာထပ် ပိုမသင်ပေးရဲ။ သူသည် သူတို့၏ တိုးတက်မှုနှေးပုံကို “အရင်က သင်ပြီးသားများကို ပြန်နွေးတာ” ဟု အကြောင်းပြခဲ့သည်။ ထို့ကြောင့် နွားဝါ စကားလုံးများကို လုံလောက်စွာ တတ်မြောက်သွားသည့်အချိန် သူ့အား လက်ဝှေ့ထိုးနည်းပုံစံ ဆက်မသင်ပေးပဲ ပျောက်သွားမည်ကို စိုးရိမ်စရာ မလိုတော့။
ထိုအချိန်တွင် ကျိုးကွမ်ကတော့ ရူးချင်ချင် ဖြစ်နေသည်။
နွားဝါ၏ ဖုန်းရှိ တစ်ခုတည်းသော အဆက်အသွယ်မှာ ကျိုးချွမ် ဖြစ်သောကြောင့် သူ ဆက်ချင်သည့် အချိန်တိုင်း ကျိုးချွမ်ကို ခေါ်လေသည်။
ရံဖန်ရံခါ မွန်းတည့်ချိန်ခေါ်သည်။ ရံဖန်ရံခါ ညသန်းခေါင် ခေါ်သည်။ ရံဖန်ရံခါ အရုဏ်ဦးချိန်တွင် ခေါ်သည်။ ဤသည်ကို ကြည့်ခြင်းဖြင့် နွားပေါက်သည် တမင်တကာဖြစ်စေ၊ မသိ၍ပဲဖြစ်စေ ကျိုးချွမ်ကို သူအားတိုင်း ဖုန်းခေါ်နေသည်မှာ သေချာသည်။ ဖုန်းခေါ်ပြီးလျှင်လည်း အော်သံ အချို့သာ ထွက်လာသည်။
“သေစမ်း သောက်နွား တစ်နေ့ ငါ မင်းကို လာပြီး သတ်ပစ်မယ်… ညသန်းခေါင်ကြီး ဖုန်းခေါ်တာက ထားလိုက်ပါတော့.. ငါ ခွင့်လွှတ်ပေးလို့ ရသေးတယ်.. ဒါပေမဲ့ ဘာလို့ အခုခေါ်နေတာလဲ.. အခုမှ မိုးလင်းခါနီးပဲရှိသေးတယ် … ပြီးတော့ ငါ အခုမှ အိပ်ပျော်ခါစပဲရှိသေးတာလေ … မင်းရဲ့ သောက်ပိုတွေကို ငါ သောက်ရမ်း စိတ်ညစ်လာပြီဟ”
ကျိုးချွမ်သည် စိတ်တိုသည်ထက်ပင် ပိုနေပြီဖြစ်သည်။ သို့သော် ကမ္ဘာကြီးက ဗရမ်းဗတာရှုပ်ထွေးနေသည့်အတွက် သူ ဖုန်းပိတ်ထား၍ မရ။ သူ့မိသားစုနှင့် သူ့သူငယ်ချင်းများသည် သူနှင့် ပြန်လာမဆုံတွေ့ရသေးတာကြောင့် သူတို့နှင့် အဆက်အသွယ်ရှိနေရန်အတွက် ဖုန်းကို လိုအပ်သည်။
“ငါ မင်းကို သတိပေးလိုက်မယ်.. မင်း ငါ့ကို ထပ်နှောင့်ယှက်ရင် ငါ အဲဒီကို လာပြီး မင်းကို စွပ်ပြုတ်လုပ်သောက်ပစ်မယ်” ကျိုးချွမ်သည် အလွန်ဒေါသထွက်နေသည်။
သို့သော် နွားဝါသည် ကျိုးချွမ် ဒေါသထွက်လေလေ ပျော်လေလေဖြစ်ကာ ကျိုးချွမ်ကို ဆက်တိုက် ပင် နှောင့်ယှက် နေလေ၏။
“ချူဖုန်း မင်းလုပ်ထားတဲ့ အရှုပ်ထုပ်ကို လာကြည့်ဦး … အား … တကယ်ပဲ…”
ကျိုးချွမ် ငိုချင်သော်လည်း မျက်ရည်ကထွက်မလာ။
၄ရက်မြောက်နေ့တွင် နွားဝါ စကားလုံးအချို့ကို တတ်မြောက်သွားပြီ ဖြစ်သည်။ ချူဖုန်း မေးသောကြောင့် သူ ဤလက်ဝှေ့ထိုးနည်းပုံစံ၏ နာမည်ကို ချရေးလိုက်သည်။
စာလုံးများမှာ ရွဲ့စောင်းနေသော နေသော်လည်း ဖတ်၍ရသေးသည်။
“နွားမိစ္ဆာ လက်ဝှေ့” ချူဖုန်း အသံထွက်ဖတ်လိုက်သည်။
နွားဝါသည် ဂုဏ်ယူဝင့်ကြွားစွာဖြင့် ခေါင်းမော့ရင်ကော့ ထားပြီး သူ့မျက်လုံးများလည်း တောက်ပနေသည်။ နွားပေါက်သည် ဒီလက်ဝှေ့ထိုးနည်းပုံစံကို အလွန်ပင်ဂုဏ်ယူနေလေ၏။
“ခေတ်အောက်လိုက်တဲ့ နာမည်ကြီး..” ချူဖုန်း ပြောလိုက်သည်။
“မူး…”
နွားဝါ ဒေါသတကြီး အော်ဟစ်လိုက်သည်။ သူ၏ မိုးချိန်းသံကဲ့သို့သော အော်ဟစ်သံမှာ တစ်အိမ်လုံးကို တုန်ခါသွားစေခဲ့သည်။
“မင်း အိမ်မှာ နေခဲ့ .. ငါ လုပ်စရာရှိလို့ အပြင်သွားလိုက်ဦးမယ်” ချူဖုန်းသည် အိမ်အပြင်ကို အလျင်အမြန် ပြေးထွက်သွားပြီး အဖိုးကျောင်း၏ လက်နက်ရုံသို့ သွားလိုက်သည်။ သူ့ခန့်မှန်းချက်အရ သူမှာထားသည့် လေးနှင့် မြှားတို့ကို လုပ်ပြီးလောက်ပြီ ဖြစ်သည်။
သူ့အလုပ်ရုံ ရှေ့တွင် ဈေးဝယ်များစွာရှိနေသည်။ အရှုပ်အထွေး၊ ယောက်ယက်ခတ်မှုများကြားတွင် လူတိုင်းသည် ကိုယ့်ကိုယ်ကို ကာကွယ်ရန် လက်နက်တစ်ခုခု လိုချင်ကြသည်ပင်။
“ဟေး ကောင်လေး.. မင်းရဲ့ လေးနဲ့ မြှားကို လုပ်ပြီးတာ ကြာလှပြီ.. မင်း ဒီနေ့ မလာရင် ငါ ကိုယ်တိုင် မင်းဆီ လာပေးမလို့ စဥ်းစားနေတာ” အဖိုးအိုကျောက် ပြောသည်။
“ကျေးဇူးပါ အဖိုးကျောင်း.. ကျေးဇူးအများကြီးတင်ပါတယ်” ချူဖုန်း ပြုံး၍ ပြောလိုက်သည်။ အဖိုးအိုကျောင်း ပြင်ဆင်ပေးထားသည့် အထုပ်ကို မ ယူလိုက်သည်။ အထဲတွင် လေးနှင့်မြှား ပါဝင်သည့်အတွက် အထုပ်မှာ အနည်းငယ် ကြီးနေသည်ပင်။
သူ ပစ္စည်းအဟောင်းဆိုင်ရှေ့မှ ဖြတ်သွားသည့်အချိန်တွင် ဦးလေးလျို သူ့ကိုနှုတ်ဆက်လာသည်။ “ဟိုင်း ကောင်လေး… ဟိုတစ်ခေါက်က မင်းကို လာရှာတဲ့ လူငယ်တွေ မင်းအိမ်ဘက်သွားတာ တွေ့လိုက်တယ်.. ဒါပေမဲ့ လူအများကြီးတော့ မဟုတ်ဘူး”
ချူဖုန်း ထိတ်လန့်သွားရသည်။ သူတို့က ဘယ်သူတွေလဲ.. ပြီးတော့ ဘာလို့ ငါ့ကို လာရှာတာလဲ.. ခုလို လမ်းတွေ၊ ရထားလမ်းတွေ ပျက်နေတဲ့အချိန်မှာ ဘယ်သူက ဒီလောက်အဝေးကြီးကို လာရဲတာလဲ.. သူ့သံသယများ တဖြည်းဖြည်း များလာခဲ့သည်။
အပိုင်း ၂၁ ပြီး၏။