Chapter – 48
“ဟင်းလင်းပြင်ကြီး၏ပြောင်းလဲမှု”
ကွမ်ဝမ်ရှန်နှင့် စာရင်းကိုင်တို့လည်း စိတ်တွင်းမှ –
(တော်တော် လည်တဲ့လူ . . . ကိုယ့်ရုပ်ကိုယ်လည်း ပြန်ကြည့်ပါဦး မယူချင်ဘူးသာ ပြောနေတာ။ ပါးစပ်က နားရွက်တက်ချိတ်တော့မယ် . . .)
သို့သော် အပြင်ပိုင်းမှာတော့ ကွမ်ဝမ်ရှန်မှ ပြာပြာသလဲ အမူအရာဖြင့် –
“မလိုပါဘူး မလိုပါဘူးဗျာ . . . ကျေးဇူးပြုပြီးတော့ ငါတို့ စိတ်မကောင်းဖြစ်အောင် မလုပ်ပါနဲ့”
(လုပ်မလား။ မင်းတို့ဒီလိုလက်ဆောင်မျိုး ၁၀ ခါလောက်ပေးရင် ငါက ပိုတောင် ကြိုက်သေးတယ်။ ဘယ်တော့မှ ငြင်းဖြစ်မှာ မဟုတ်ဘူး . . .)
ရဲရှောင် စိတ်ထဲမှ တွေးနေမိခြင်းဖြစ်သည်။ သို့သော်လည်း လက်တွေ့တွင်မူ –
“ငြင်းရင်လည်း ရိုင်းရာ ကျတော့မှာပေါ့။ ဒါပေမဲ့ လက်ခံဖို့ကျတော့လည်း ရှက်စရာလို ခံစားနေရလို့ လေ . . .”
သူ၏ လက်များကို ပွတ်သပ်ရင်း ပြောလိုက်သည်။ ဆက်လက်၍ –
“ခင်ဗျားတို့နဲ့ထိုက်လို့ ဆေးလုံးတွေကို ခင်ဗျားတို့ ပိုင်ဆိုင်ရတာပါ။ ကျုပ်နဲ့ မဆိုင်ပါဘူးဗျာ။ နောင်ကြီးကွမ် ကျုပ်တို့က တကယ့် မိတ်ဆွေကောင်းတွေပေါ့ဗျာ ဟားဟား . . .”
ကွမ်ဝမ်ရှန်၏ ပခုံးအား ပြောနေရင်းဖြင့် ရိုက်ချလိုက်လေသည်။
ကွမ်ဝမ်ရှန်လည်း စိတ်ထဲမှ –
(ငါသိပါတယ်။ ငါမင်းကို နားလည်တယ်။ ဒီလိုလက်ဆောင်တွေ မပေးရင်တော့ ငါ့ကို အခုလို မိတ်ဆွေအဖြစ် အသိအမှတ်ပြုတယ်တွေဘာတွေ လုပ်မှာလည်း မဟုတ်ပါဘူး . . .)
ရဲရှောင် လေလံခန်းမမှ ထွက်လာခဲ့သည်။ ရတနာကဲ့သို့ အဖိုးတန် ပစ္စည်းများနှင့် ပြည့်နှက်နေသော အိတ်များကို ဆွဲရင်း လေလံခန်းမ၏ အနောက်ဘက်မှ ထွက်လာခဲ့သည်။ ထို့နောက် လေလံခန်းမမှ စီစဉ်ပေးထားသော ဝေါယာဉ်ဖြင့် သူ၏ အိမ်သို့ အကျိုးအမြတ်များစွာကို ပိုက်လျက် ပြန်ရန် ပြင်လိုက်ပါတော့သည်။
အကျိုးအမြတ်များစွာကို ရရှိသည် ဆိုသည်မှာ ချဲ့ကားပြောဆိုနေခြင်း မဟုတ်ပေ။ သူသည် ဆေးပစ္စည်းများစွာနှင့် မရဏကျောက်တုံး၊ မိုးတိမ်သဲကျောက်တို့ကိုပင် ရရှိခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် အတော်ကို အကျိုးအမြတ်ရခဲ့သည်ဟု ဆိုနိုင်ပါသည်။
ရွှေစငွေစများကတော့ ရဲရှောင်တွင် အလျှံပယ်ကို ရှိနေပြီဖြစ်သည်။
သူ၏ကိုယ်တွင်းရှိ ဟင်းလင်းပြင်ကြီးမှ အဆိုပါ ရွှေငွေများအား စုပ်ယူနိုင်မည် မဟုတ်ပေ။
ငွေစများစွာ ပိုင်ဆိုင်၍ ကြွယ်ဝချမ်းသာသူ တစ်ဦးအဖို့ အရာရာတွင် အဆင်ပြေ ချောမွေ့စေနိုင်မည်မှာ အသေအချာပါပင်။ ငွေသည်ပင်လျှင် ဒုတိယဘုရားသခင် မဟုတ်ပါလား။ သို့သော်လည်း ထိုကဲ့သို့ ငွေစများစွာ ပိုင်ဆိုင်သူများအဖို့ တခြားလူများထက် ပို၍ အန္တရာယ်များနေမည်မှာ အသေအချာပါပင်။
ထို့ကြောင့် ရဲရှောင်လည်း ငွေစ ၅ သောင်းလောက်သာ ထုတ်ယူလာခဲ့ပြီး ကျန်သည့် ငွေစများအား လေလံခန်းမတွင် ထားခဲ့ပါသည်။
ကွမ်ဝမ်ရှန်မှလည်း ထိုကဲ့သို့ ထားခဲ့ရန် သဘောတူညီခဲ့သည်။ တကယ်တော့ ထိုကဲ့သို့ ထားခဲ့ခြင်း ကိုပင် ပျော်ရွှင်စွာဖြင့် လက်ခံထားပေးခဲ့တာ ဖြစ်သည်။ သူ၏ စိတ်တွင် တွေးနေမိသည်မှာ –
(ဒီလိုငွေစတွေ အများကြီး ထားခဲ့တယ် ဆိုမှတော့ နောက်အခါတွေ မလာစရာ အကြောင်း မရှိတော့ဘူးပေါ့ . . .)
လူနှစ်ယောက်ထမ်းသည့် ဝေါယာဉ်မှာ လမ်းအသွယ်သွယ်ကို ဖြတ်သန်းလာပြီးနောက် ဝေါယာဉ် ထမ်းသည့် လူ ၂ ဦးမှာ တစ်ခုခု မှားယွင်းနေကြောင်း သတိထားမိသွား၏။
ဝေါယာဉ်ကြီးဟာ အလွန်ကို ပေါ့ပါးသွားပြီး လူမရှိတော့သလို ဖြစ်သွားသဖြင့် သတိထားမိသွားခြင်း ဖြစ်သည်။
သူတို့လည်း ဝေါယာဉ်အား ရပ်လိုက်ပြီးနောက် အတွင်းသို့ သွားကြည့်လိုက်သောအခါ မူလက ဝေါယာဉ်ပေါ် ထိုင်လိုက်လာသည့် လူမှာ ရုတ်တရက် ပျောက်ဆုံးနေကြောင်း တွေ့လိုက်ကြရပါတော့ သည်။ ဝေါယာဉ်ထမ်းသမား နှစ်ဦးလည်း တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်ကြပြီး သရဲအခြောက်ခံရသလား ဟူ၍ပင် ထင်သွားကြလေတော့၏။
. . . . . .
ရဲရှောင် လမ်းမပေါ် လျှောက်လှမ်းနေခြင်းဖြစ်ပြီး သူ၏ ခြေထောက်နှင့်မြေကြီးမှာ ထိသည်ဟုပင် သူမထင်တော့ချေ။ အလွန်ကို ပျော်ရွှင်နေပြီး အဘယ်ကြောင့်ဆိုသော် သူ၏ ဒုတိယဘ၀တွင် ငွေကြေး အမြောက်အများကို ပိုင်ဆိုင်နေရပြီဖြစ်ပြီး လေလံပွဲမှ ပစ္စည်းများသည်လည်း သူ့ကို အလွန်အံ့သြစေသည့် အရာများ ဖြစ်လို့ပါပဲ။ မူလက ထင်မြင်ခဲ့သည်မှာ လေလံဆွဲသည် ဆေးပစ္စည်းများအနက် ၂ ခုလောက်သာ ဟင်းလင်းပြင်ကြီးမှ စုပ်ယူနိုင်လိမ့်မည်ဟူ၍ ဖြစ်ပြီး သို့သော်လည်း တကယ်တမ်းမှာတော့ ဆေးပစ္စည်း ၇ ခု အနက် ၄ ခုမှာ ဟင်းလင်းပြင်ကြီး၏ စုပ်ယူသွားခြင်းကို ခံလိုက်ရပြီး အမြစ်ပင် တွယ်နေပြီ ဖြစ်သည်။
ကျန်ရှိနေသည့် ပစ္စည်း ၃ မျိုးကတော့ အဆင့်အနည်းငယ် နိမ့်နေပြီး ရဲရှောင်အတွက် အသုံးမ၀င်သလို ဖြစ်နေပြီ ဖြစ်သည့်အတွက် ကောင်းသည့်အပိုင်းများကိုသာယူ၍ စားလိုက်ကာ ကျန်အစိတ်အပိုင်း များအား လွှတ်ပစ်လိုက်ပြီ ဖြစ်သည်။
သူ့ကို အံ့အားသင့်စေသည့် ပစ္စည်းတစ်ခု ရှိနေပါသည်။ မိုးတိမ်သဲကျောက်အား ဟင်းလင်းပြင်ကြီးမှ စုပ်ယူသွားခြင်းကြောင့် ဖြစ်သည်။ ထိုအချိန် ၎င်းပစ္စည်း၏ အသုံးဝင်ပုံကို သေချာမသိ သေးသော်လည်း ဟင်းလင်းပြင်ကြီးမှ လက်ခံနိုင်နေသဖြင့် တန်ဖိုးရှိသည့် အရာဆိုတာကို အသေအချာ သိသွားလေတော့၏။
အရင်က အကြိမ်ပေါင်းများစွာ လေလံ အဆွဲခံခဲ့ရသည့် မရဏကျောက်တုန်းမှာတော့ ၎င်း၏ ပိုင်ရှင် အစစ်အမှန်ကို စောင့်မျှော်နေသည့်အလား ချက်ချင်းဆိုသလိုပင် သူ၏ ဟင်းလင်းပြင်ရှိရာသို့ ၀င်ရောက် သွားလေသည်။ မှော်ကျောက်ဖရုံတုန်းကလိုပင် ဖြစ်သည်။
အကျိုးသက်ရောက်မှုအနေဖြင့်ဆိုသော် မရဏကျောက်တုံးသည် မှော်ကျောက်ဖရုံထက် အဆပေါင်းများစွာ ပို၍ အစွမ်းထက်လေသည်။
မရဏကျောက်တုံး ဟင်းလင်းပြင်ထဲသို့ ၀င်ရောက်သွားပြီးနောက် ချက်ချင်းဆိုသလို အပြာရောင် ချီဓာတ်များ ထွက်ပေါ်လာသည်။ မှော်ကျောက်ဖရုံတုန်းကတော့ ပူပြင်းသည့် ချီဓာတ်များသာ ထွက်ပေါ်ခဲ့ တာ ဖြစ်လေသည်။
ထိုစွမ်းအင်နှစ်ခုသည် ဆန့်ကျင်ဘက်ဖြစ်သော်လည်း တကယ်ကိုပင် ပေါင်းစပ်၍ တည်ရှိနေတာ ဖြစ်၏။
သို့သော် မှော်ကျောက်ဖရုံ၏ စွမ်းအင်မှာ ကျန်တစ်ခုလောက် အားမကောင်းသည်မှာ သိသာလှပါ သည်။ ထိုစွမ်းအင် အပြာရောင်ရေခဲချီဓာတ်နှင့် ပေါင်းစပ်၍ ရှိနေနိုင်ခြင်းမှာ သူစားသုံးခဲ့သည့် ဆေးပင်များ၏ အာနိသင်ကြောင့်ပင်ဖြစ်၏။ ထိုကဲ့သို့ အထောက်အကူပြုစေနိုင်သည့် အရာများအား စားသုံးခဲ့သည့်တိုင် အပြာရောင်ချီဓာတ်လောက် အားမကောင်းတာတော့ အမှန်ပါပင်။
ထို့ကြောင့်ပင် ဟင်းလင်းပြင်ကြီး၏ အပူချိန်မှာ တဖြည်းဖြည်းဖြင့် ကျဆင်းလာပါတော့သည်။
ဟင်းလင်းပြင်ကြီးမှာ စွမ်းအင်များ ပြောင်းလဲမှု ဖြစ်ပေါ်နေသည်မှအပ ကျန်သော လုပ်ဆောင်ချက် များမှာ ရပ်တန့်လုနီးပါး ဖြစ်နေပါပြီ။
ဆေးပစ္စည်းများ၏ စွမ်းအင်များသည် ဥ၏အောက်သို့ တိုးဝင်နေခြင်းဖြစ်ပြီး စွမ်းအင်အများစုအား အဆိုပါ ဥမှ စုပ်ယူနေခြင်း ဖြစ်သည်။ ရဲရှောင်ဝင်ရောက်ခဲ့ဖူးသည့် ဥမင်အဆုံးတွင် ခရမ်းရောင် ပန်းကန်ပြားတစ်ချပ် ရှိနေသည်။ ထိုပန်းကန်ပြားပေါ်မှာတော့ ဆေးလုံးများကို သူတွေ့လိုက်ရလေ၏။
ရဲရှောင်လည်း အနားတိုး၍ ကြည့်လိုက်သောအခါ ပျော်ရွှင် ၀မ်းမြောက်သွားလေသည်။
ယခုဆေးလုံးများသည်လည်း ဆေးတိမ်တိုက်ရှိသည့် အရည်အသွေး ကောင်းမွန်လှသည့် ဆေးလုံး များပင် ဖြစ်သည်။ ထူးခြားသည့် ဆေးလုံးများဖြစ်ကြပြီး စုစုပေါင်း ၁၀ လုံးတိတိ ရှိနေသည်။ ၁၀ လုံးအနက် ၈ လုံးမှာ ဖေးယွမ်းဆေးများဖြစ်ကြပြီး ကျန် ၂ လုံးမှာ ခရမ်းရောင်တောက်ပနေသည့် ဆေးများပဲ ဖြစ်ကြသည်။
အရိုးသန့်စင်ဆေးလုံးများပင် ဖြစ်လေ၏။
ဖေးယွမ်ဆေးထက် တစ်ဆင့်ပိုမြင့်သည့် ဆေးလုံးများပင် ဖြစ်သည်။
ပညာရှင်ကြီးတစ်ဦးဖြစ်သည့် ရဲရှောင်မှာ အကြည့်တစ်ချက်နှင့်ပင် ဆေးလုံးများအား မှတ်မိသွားခြင်း ဖြစ်လေသည်။
အရိုးသန့်စင်ဆေးသည် ခန္ဓာကိုယ်၏ အညစ်အကြေးများအား သန့်စင်စေရန်အတွက် အရိုးများ၊ ကြွက်သားများမှတဆင့် သန့်စင်ပေးသော ဆေးလုံးပင်ဖြစ်၏။
ထိုကဲ့သို့သော ဆေးလုံးအား အသုံးပြုနိုင်သည့် ပညာရှင်များအဖုိ့ ကံကောင်းသည်ဟုပင် ဆိုနိုင်လေသည်။
ကံကောင်းသည် ဆိုသည်မှ အပြောသက်သက် တစ်ခု မဟုတ်ချေ။ ပညာရှင်တစ်ဦးမှ အရိုးသန့်စင်ဆေးလုံး ၁၀ လုံးလောက်ကိုသာ အသုံးပြုလိုက်မည် ဆိုပါက ၎င်းတို့၏ အသွေးများ အသားများမှာ ပိုမို၍ ကြံ့ခိုင်အစွမ်းထက်လာမည်မှာ အသေအချာပင်။ မည်သည့်ကျင့်စဉ်ကို ကျင့်ကြံသူ ဖြစ်စေ အားတ၀က်လောက် စိုက်ရုံဖြင့် အကျိုးရလဒ်မှာ ၂ ဆ လောက် ရရှိစေမှာပင် ဖြစ်၏။ ထိုကဲ့သို့သော အခြေအနေအား ကံကောင်းသည်ဟု ဆိုနိုင်သည် မဟုတ်ပါလား။
ထို့ကြောင့် အရိုးသန့်စင်ဆေးသည် အခြေခံကောင်းစွာ မရှိသော ပညာရှင်များအတွက် အလိုအပ် ဆုံးနှင့် အလိုချင်ဆုံးဆေးပင် ဖြစ်သည်။
အရိုးသန့်စင်ဆေးသည် ချင်းရန်နယ်ပယ်ခေါ် ကောင်းကင်နယ်ပယ်တွင် သာမန်အဆင့်မျှသာ ရှိသော်လည်း ဟန်းရန်ခေါ် မော်တယ်ကမ္ဘာတွင်တော့ တန်ဖိုးရှိသည့် ဆေးလုံးတစ်လုံးပင် ဖြစ်၏။ ဂိုဏ်းကြီးများတွင်ပင် အဆိုပါ ဆေးလုံး အများအပြား မရှိကြချေ။ ထူးချွန်ထက်မြက်ပြီး အားကိုးရသည့် အတွင်းစည်း ဂိုဏ်းသားများသာ သုံးခွင့်ရကြတာ ဖြစ်၏။
သာမန် ဂိုဏ်းသားများအဖို့ ထိတွေ့ခွင့်ပင် မရရှိကြပေ။ အသုံးပြုခွင့်ကတော့ ပို၍ပင် ဝေးပါသေး သည်။
(ငါ့ရဲ့ ဟင်းလင်းပြင်ကြီးက ဒီလို အရိုးသန့်စင်ဆေးကိုတောင် ထုတ်နိုင်နေပြီ . . .)
ရဲရှောင် တိုးတက်လာမှုအား ကြည့်ရင်း ကျေနပ်နေမိသည်။
ထို့နောက်မှာတော့ ဆန်းကြယ်သည့် ဥအား အာရုံစိုက်၍ ကြည့်လိုက်၏။
ထိုဥမှ စွမ်းအင်များ စုပ်ယူနေမှုမှာ အလွန်ပင် ကြောက်စရာ ကောင်းလှသည်။
ရဲရှောင် မျက်မှောင်ကြုတ်လိုက်ပြီးနောက် ဥအား ကြည့်လိုက်ပြီး တခဏမှာပင် တစ်ခုခုကို တွေ့မိသွားသည်။ ဥပေါ်တွင် ထူးခြားဆန်းကြယ်လှသည့် အကြောပုံစံ အရေးအကြောင်းများ ပေါ်နေခြင်း ပင် ဖြစ်၏။ ဥ၏ အရွယ်အစားမှာလည်း အရင်အခေါက်များထက်ကို ပို၍ ကြီးနေပြီဖြစ်သည်။ သို့သော်လည်း ထိုကဲ့သို့ ဖြစ်နေခြင်းသည် ပုံရိပ်ယောင်အား မြင်နေရသကဲ့သို့ အမြင်လှည့်စားမှု တစ်ခုသာ ဖြစ်ကြောင်း ရဲရှောင် သံသယ ဖြစ်သွား၏။
အကယ်၍ ပုံရိပ်ယောင်သာ မဟုတ်ဘူး ဆိုပါက ဥ၏ အရောင်မှာ ပုံမှန်ထက် တောက်ပနေစရာ အကြောင်းမရှိချေ။
အဆိုပါ ပြောင်းလဲမှုများမှလွဲ၍ ကြီးကြီးမားမား ပြောင်းလဲသွားခြင်းမျိုး ရှိမနေဘဲ ပုံမှန်အတိုင်းပင် ဖြစ်သည်။
ရဲရှောင် ဥအား ကြည့်နေပြီး အံကြိတ်၍ –
“အသုံးမကျတဲ့ဥ . . . မင်းဘယ်တော့များ အကောင်ပေါက်မှာလဲ . . . မင်းစုပ်ယူဖို့အတွက် ဘယ်လောက်ထိ တန်ဖိုးရှိတဲ့ ပစ္စည်းတွေကို လိုနေဦးမှာလဲ . . .”
ထို့နောက်မှာတော့ သူစိုက်ပျိုးထားမိသည့် အပင်များ ပေါက်ရာဘက်သို့ လှည့်ကြည့်သည်။ ချက်ချင်းပင် ရင်ခုန်သွားလေသည်။
သူစိုက်ပျိုးခဲ့သည့် မိုးပြာရောင်ကောင်းကင်ပင်မှာ အတော်ကြီးကို မြင့်မားနေပြီဖြစ်သည်။ ပင်စည်မှာ ပန်းကန်လုံးကြီးတစ်လုံးလောက်ကို ထူပြီး အမြင့်မှာလည်း ပေ ၅၀ လောက်နီးပါးကို ရှိနေပြီ ဖြစ်၏။ အပင်အုပ်ဆိုင်းထားသည့် အကျယ်အ၀န်းမှာလည်း ပေ ၃၀ လောက်ကို ရှိနေတာဖြစ်သည်။
အစိမ်းရောင်အရွက်များ အားလုံးသည် လင်းလတ်နေသလိုကို တောက်ပလျက်ရှိပြီး အရောင်မှာလည်း သာမန်ထက်ကို နုသည့် အစိမ်းနုရောင်လိုလို မိုးပြာရောင်လိုလိုကို ဖြစ်နေပါတော့သည်။
မိုးပြာရောင်ကောင်းကင်ပင်ကြီးတစ်ပင်အဖြစ် ရောက်ရှိနေပြီးဖြစ်ကာ ကျင့်ကြံခြင်းသစ်ရွက် အဖြစ် ပြောင်းလဲတော့မည့် အစောပိုင်းအဆင့်သို့ပင် ရောက်ရှိနေပြီဖြစ်သည်။
ရဲရှောင်မှာ အချိန်တိုင်းလိုလို ပြုံး၍ပင် နေပါတော့သည်။
သူမကြာသေးခင်က ရရှိခဲ့သည့် ဆေးပင်လေးခုမှာလည်း ဟင်းလင်းပြင်ကြီး၏ အရှေ့၊ အနောက်၊ တောင်နှင့် မြောက် အရပ်လေးမျက်နှာတွင် အမြစ်တွယ်၍ ပေါက်နေကြပါပြီ။ ယခုကဲ့သို့ ဟင်းလင်းပြင်ကြီး အတွင်း စိုက်ပျိုးသည့်အခါ ပိုမို၍ပင် ရှင်သန်ပေါက်ရောက်နိုင်ကြောင်းကိုလည်း ရဲရှောင် သတိပြုမိလိုက် ၏။
ရဲရှောင် သူရရှိနိုင်မည့် အကျိုးအမြတ်များအကြောင်း စဉ်းစားလိုက်မိသောအခါ တုန်လှုပ်၍ပင် သွားမိလေသည်။
မိုးပြာရောင်ကောင်းကင်ပင်အား သူစတင် ရရှိခဲ့စဉ်က အပင်၏ သက်တမ်းမှာ နှစ် ၉ ထောင် လောက်ပဲ ရှိသေးတာဖြစ်ပြီး အသွင်ပြောင်းရန်အတွက် နှစ်ပေါင်းများစွာ လိုသေးတာပဲ ဖြစ်ပါသည်။ သို့သော်လည်း ယခုသူ၏ ဟင်းလင်းပြင်အတွင်းသို့ ရောက်ရှိသည်မှာ ငါးရက် ခြောက်ရက်ပင် ရှိနေပါသေး သည်။ အသွင်ပြောင်းခြင်းအဆင့်သို့ပင် ရောက်ရှိနေပြီ မဟုတ်ပါလား။ အစောပိုင်းအဆင့်ကို ရောက်ရှိနေပြီ ဖြစ်သဖြင့် ရွက်နုများထွက်သည့်အဆင့်အား ကျော်လွန်နေပြီပင် ဖြစ်သည်။
ဟင်းလင်းပြင်ကြီးအတွင်း ကြီးထွားရှင်သန်မှုနှုန်းမှာ အပြင်နှင့်ယှဉ်ပါက ကြောက်မခမ်းလိလိပါပင်။
ထိုကဲ့သို့ ဖြစ်ရခြင်းကို ဖြေရှင်းပြရန်မှာ လွယ်ကူသော ကိစ္စတော့ မဟုတ်ချေ။ တိကျသေချာသော လေ့လာစမ်းစစ်မှုတစ်ခု လုပ်မှသာ သိရှိနိုင်မည်ဖြစ်သည်။
ရဲရှောင် အပျော်လွန်ပြီး သူ၏ ဟင်းလင်းပြင်ကြီးအတွင်းမှ ဆေးပင်များ တိုးတက်နှုန်းကို စဉ်းစား နေစဉ်မှာပဲ ရုတ်တရက် ဟင်းလင်းပြင်ကြီး တုန်ခါလာသည်ကို ခံစားလိုက်ရသည်။ အတော်ကို ကြောက်မက်ဖွယ်ရာ ခံစားမှုတစ်ခုဖြစ်ပြီး ဟင်းလင်းပြင်ကြီးတစ်ခုလုံး ပျက်ဆီးသွားမတတ်ကို ဖြစ်နေခြင်း ဖြစ်၏။
ကြောက်မက်ဖွယ် ဖိအားများသည် ဘက်ပေါင်းစုံမှ ၀င်ရောက်လာသည်။
ထိုဖိအားများသည် ဟင်းလင်ပြင်ကြီး၏ အလယ်သို့ စုဆုံ၍ သက်ရောက်နေခြင်းဖြစ်၏။
ရဲရှောင် ဘာမှ မလုပ်လိုက်နိုင်ခင်မှာပဲ ဟင်းလင်းပြင်ကြီးမှ သူ့ကို လွင့်ထွက်သွားစေလိုက်သည်။
ထိုကဲ့သို့ ဖြစ်ခြင်းမှာ သူ့အတွက် ပထမဆုံး အကြိမ်တော့ မဟုတ်ပေ။ သို့သော် ယခုအကြိမ်မှာမူ အရင်တခေါက်ထက်ကို ပိုမို၍ အားပြင်းထန်နေခြင်း ဖြစ်သည်။
ရဲရှောင် အထိန်းအကွပ်မဲ့သလိုဖြစ်နေပြီး ပင်လယ်ပြင်အတွင်း ကြီးမားသော လှိုင်းလုံးကြီးများ အတွင်း ကျရောက်နေသကဲ့သို့ပင် ဖြစ်နေလေ၏။ မူးဝေလာပြီး အန်ချန်သလိုပင် ဖြစ်လာကာ ကမ္ဘာကြီး တစ်ခုလုံး ချာချာလည်သလို ခံစားနေရသည်။ သူ့ကိုယ်သူပင် မထိန်းချုပ်နိုင်လောက်အောင် ဖြစ်လာခြင်း ဖြစ်၏။
“ဘာ . . . ဘာတွေ ဖြစ်နေတာလဲ . . .”
ရဲရှောင် မျက်လုံးများ ပိတ်လိုက်ပြီးနောက် သူကြုံတွေ့နေရသည့် ဒုက္ခမှ သက်သာရာ ရစေရန် ကြိုးစားလိုက်သည်။ သို့သော်လည်း မအောင်မြင်ခဲ့ပါချေ။ ထို့နောက် အနီးနားရှိ လမ်းချိုးတစ်ခု အတွင်းသို့ ၀င်ရောက်သွားကာ မှီစရာ တစ်ခုခု ရှိလိုရှိငြား ရှာလိုက်မိ၏။ သို့သော်လည်း သွားပင် မသွားနိုင်တော့ချေ။ ယခုအခါ ခေါင်းနှင့်မြေကြီး ထိလုမတတ် ဖြစ်နေပြီး လေးဘက်ထောက်၍ သွားနေရပြီဖြစ်၏။
ထိုကဲ့သို့ ခံစားမှုမျိုးအား အရင်က တစ်ခါမျှ မဖြစ်ဖူးခဲ့ချေ။ သူ၏ ယခင်ဘ၀တွင်ရော၊ ယခုဘ၀တွင် ရောမှာပါ ကြုံတွေ့ခဲ့ရခြင်း မရှိပါ။
သူ၏ ခေါင်းတွင်း အတွေးများ ပလုံစီနေပြီး လက်ရှိအချိန်တွင် သူ၏ ဝိညာဉ်တော်ချီဓာတ်များ စုပ်ယူခြင်း ခံနေရသလို ခံစားနေရသည်။ အရူးတစ်ယောက်ကဲ့သို့ပင် စိတ်လွတ်ချင်သလို ဖြစ်နေပြီဖြစ်သည်။
သူ၏ ဝိညာဉ်တော် ချီဓာတ်များသည် လုံးဝကို ကျဆင်းသွားပြီး ရဲရှောင် လုံးဝ မထိန်းနိုင်တော့ချေ။ မြေပြင်ပေါ်သို့ လဲကျသွားပါတော့သည်။
ထိုကဲ့သို့ လဲမကျခင်တွင် သူ၏ ခေါင်းတွင်း အတွေးတစ်ခုသာ တွေးမိခဲ့လေ၏။
“တော်သေးတယ် . . . ငါ ဖန်ဇီလင်ပုံစံ ဖြစ်နေသေးလို့ပေါ့။ ငါ့ကို ဘယ်သူမှ ရဲရှောင်အနေနဲ့ မရိပ်မိလောက်ပါဘူး . . .”
. . . . . .
သို့သော်လည်း အရာရာတိုင်းသည် ဆုတောင်းထားသလိုတော့ မဖြစ်နိုင်ချေ။
ရဲရှောင်လဲကျသွားသည့် အချိန်မှာပဲ လူအချို့ ထိုနေရာသို့ လျှောက်လာကြလေသည်။
ရှေ့ဆုံးမှ ဦးဆောင်လာသူမှာ မိုးပြာရောင်ဝတ် မိန်းကလေးဖြစ်ပြီး သူမ၏ အနောက်တွင်တော့ လူနှစ်ယောက် ပါရှိပါသည်။ တစ်ဦးမှာ သက်လတ်ပိုင်းအရွယ် ယောကျာ်းတစ်ဦးဖြစ်ပြီး နောက်တစ်ဦးမှာ တော့ သက်လတ်ပိုင်းအရွယ် မိန်းမတစ်ဦးပင် ဖြစ်သည်။
“မိန်းကလေး . . . ကျွန်မတို့ ပြန်သင့်ပြီ ထင်တယ်နော် . . .”
သက်လတ်ပိုင်းအရွယ် မိန်းမ ပြောလိုက်သည်။
မိုးပြာရောင်ဝတ် မိန်းကလေး၏ မျက်နှာအား ပိုးပဝါတစ်ခုဖြင့် ဖုံးအုပ်ထားလေသည်။ ထိုမိန်းကလေးမှာ ရဲရှောင်နှင့် ကြာပန်းအားဖြည့်ပင်အား ယှဉ်ပြိုင်၍ လေလံဆွဲခဲ့သည့် မိန်းကလေးပင် ဖြစ်ပါတော့သည် . . .။