အခန်း (၃၆၀) အနာဂတ်ဟန်ကျွယ်
ကောင်းကင်တာအို ထိန်းချုပ်ခံရတာက မကောင်းတာတော့ မဟုတ်ပါဘူး။ သက်ရှိအားလုံးက ဟန်ကျွယ်လို နတ်မင်းအဆင့်ကို အလွယ်တကူ ရောက်နိုင်တာ မဟုတ်ပါဘူး။ သူတို့တွေ ဆယ်ဘဝ ဘဝပေါင်းတစ်ရာ ဘဝပေါင်းတစ်ထောင် ဘဝပေါင်း တစ်သောင်း ကြိုးစားရင်တောင် နတ်မင်းအဆင့်ကို ရောက်ဖို့က တက်မရှိဘဲ သမုဒ္ဒရာထဲ ရွက်လွှင့်ရသလိုပါပဲ။ ကောင်းကင်ဘဝဂ်၊ တာအိုပညာရှိအတုနဲ့ တာအိုပညာရှိ အဆင့်တွေကတော့ ပြောမနေပါနဲ့တော့။
ဒီလိုအခြေအနေမျိုးမှာ ကောင်းကင်တာအိုကို ဖိနှိပ်ဖို့က ၉၉.၉၉၉… ရာခိုင်နှုန်းကို မဖြစ်နိုင်တာပါ။ စကြာဝဠာအပြင်ဘက်မှာ ဘာရှိနေလဲဆိုတာ သေမျိုးတွေ မခန့်မှန်းနိုင်သလိုပဲပေါ့။
စွမ်းအားက အကန့်အသတ်ကို ရောက်သွားတဲ့အခါမှာ သူကကြီးတယ် သူကငယ်တယ်ဆိုပြီး ခွဲခြားဖို့ မဖြစ်နိုင်တော့ပါဘူး။ တာအိုပညာရှိတွေတောင် အတိုင်းအဆမရှိ စွမ်းအားကြီးပြီး သေခြင်းတရား ကင်းမဲ့နေရင် သူတို့ကို ဖိနှိပ်တဲ့ တည်ရှိမှုတွေက ဘယ်လောက် အစွမ်းထက်လိုက်မလဲ။
ဟန်ကျွယ်တောင် မခန့်မှန်းရဲပါဘူး။
ဟန်ကျွယ်က စပ်စုလိုက်ပါတယ် “ကုသိုလ်ကံကို မမှီခိုဘဲ တာအိုကိုရရှိသွားတဲ့ စွမ်းအားကြီးပုဂ္ဂိုလ်တွေ မရှိဘူးလား”
“မင်းရဲ့ ခန္ဓာကိုယ်မှာ ကံတရား မဟာတာအိုရဲ့ ရောင်ဝါရှိတယ်ဆိုတော့ မဟာအန္တိမခန်းမကို ရောက်ခဲ့ပြီးပြီပေါ့၊ ဘိုးဘေးရှီတျန်က အဲဒီထဲက တစ်ယောက်ပဲ”
ဧကရီဟုတ်ထိုရဲ့ စကားက ဟန်ကျွယ်ကို ပါးစပ်အဟောင်းသား ဖြစ်သွားစေပါတယ် ‘ဘိုးဘေးရှီတျန်က အဲဒီလောက်တောင် အထင်ကြီးဖို့ ကောင်းတာလား’
ဟန်ကျွယ်က ထပ်မေးလိုက်ပါတယ် “အဲဒါဆို တာအိုဘိုးဘေးကရော”
ဧကရီဟုတ်ထိုဟာ ပြုံးလိုက်ပါတယ် “တာအိုဘိုးဘေးလား… သူက ကျင့်ကြံမှုလမ်းစဉ်မှာ ကျိန်းသေပေါက် ထိပ်ဆုံးတည်ရှိမှုတစ်ခုပဲ၊ ဟိုးအရင်ကတည်းက သူက ကောင်းကင်တာအိုနဲ့ ပေါင်းစပ်ခဲ့ပြီးပြီ၊ ပြောရမယ်ဆိုရင် တာအိုဘိုးဘေး ပေါ်မလာတာ လွန်ခဲ့တဲ့ အနန္တကပ်ဘေး ငါးခုကတည်းကပဲ၊ တာအိုဘိုးဘေးကို တာအိုပညာရှိတွေတောင် ခြေရာခံနိုင်တာ မဟုတ်ဘူး”
ဟန်ကျွယ်ဟာ တာအိုဘိုးဘေးအကြောင်းကို ပိုသိချင်သွားပါတယ် ‘တာအိုဘိုးဘေး ပေါ်မလာတာ အနန္တကပ်ဘေး ငါးခုတောင် ရှိပြီဆိုတော့ ကောင်းကင်ဧကရာဇ်က တာအိုဘိုးဘေးနဲ့ ဘယ်လိုတွေ့တာလဲ’
‘ဒါမှမဟုတ် ကောင်းကင်ဧကရာဇ်က တာအိုဘိုးဘေးကို တစ်ခါမှ မမြင်ဖူးဘဲ ကောင်းကင်ရုံးတော်ရဲ့ အမွေအနှစ်ကနေ ကောင်းကင်ရုံးတော်နောက်မှာ တာအိုဘိုးဘေးက ရှိနေတာကို သိထားတာလား’
‘ဟုတ်တယ်… ဒါ အဖြစ်နိုင်ဆုံးပဲ၊ ဒီပုံအဆိုင်းဆိုရင် ငါ့အရှင်မင်းကြီး လေလုံး တော်တော်ထွားပုံပဲ’
ကပ်ဘေးမစခင်တုန်းက ကောင်းကင်ဧကရာဇ်ဟာ နတ်ဆိုးရုံးတော်နဲ့ ကျယ်ကျောင်းတော်ကို ဖျက်ဆီးချင်တယ်လို့ ဟန်ကျွယ်ကို ပြောခဲ့ပါတယ်။ ဒါပေမဲ့ နောက်ဆုံးမှာတော့ ရန်သူကနေ မိတ်ဆွေတွေ ဖြစ်သွားပါတယ်။
“မင်းသူတို့ကို ထွက်တွေ့ချင်သေးလား” ဧကရီဟုတ်ထိုက မေးလိုက်ပါတယ်။
“ထားလိုက်ပါတော့၊ သူတို့ဘာသာ ကျင့်ကြံပါစေ၊ ကျွန်တော် သူတို့ကို သိပ်ပြီး မျှော်လင့်မထားဘူး”
“ကောင်းပြီလေ၊ ကျို့ယိုငရဲမှာ ပြဿနာတက်ရင် ငါ မင်းကို ကျိန်းသေပေါက် ကူညီမှာပါ၊ မစိုးရိမ်ပါနဲ့”
စကားအဆုံးမှာပဲ ဧကရီဟုတ်ထိုရဲ့ ရောင်ဝါဟာ လုံးဝပျောက်ကွယ်သွားပါတယ်။ ဟန်ကျွယ်ဟာ နတ်အာရုံကို ပြန်သိမ်းလိုက်ပြီး အတွေးနက်သွားပါတယ်။
ဒီနေ့အဖြစ်အပျက်က ဟန်ကျွယ်အတွက် တော်တော်လေး အဓိပ္ပာယ်ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကောင်းကင်တာအို ကုသိုလ်ကံနဲ့ ပထမဆုံးအကြိမ် ထိတွေ့ခွင် ရလိုက်လို့ပါပဲ။ နောက်ပြီး ဒီအဖြစ်အပျက်ကနေ ဟန်ကျွယ်ဟာ ကောင်းကင်တာအိုနဲ့ တာအိုပညာရှိတွေ အကြောင်းကို နည်းနည်းပါးပါး နားလည်သွားပါတယ်။
ဒီအချိန်မှာပဲ…။
ကျယ်လောင်တဲ့ အသံတစ်သံကို ဟန်ကျွယ် ကြားလိုက်ရပါတယ် “ကောင်စုတ်လေး… နောက်ဆုံးတော့ ငါ မင်းကို ရှာတွေ့ပြီ၊ မင်း ပုန်းနိုင်အုန်းမလား ကြည့်ရသေးတာပေါ့”
“ဝုန်း…”
တိတ်ဆိတ်ကျွန်းရဲ့ အစီအရင်ဟာ တိုက်ခိုက်ခံလိုက်ရပါတယ်။ တိုက်ခိုက်သူက ပန်ရှင်းပါ။ ပန်ရှင်းဟာ တိတ်ဆိတ်ကျွန်းထဲ ထိုးဖောက်ဝင်ဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။
ဟန်ကျွယ်ဟာ ဒေါသထွက်သွားပါတယ် ‘ဒီကောင် ဦးနှောက်ထဲမှာ ဘာတွေ ရှိနေတာလဲ’ ဟန်ကျွယ်ဟာ ပန်ရှင်းကို ရင်ဆိုင်ဖို့ ချက်ချင်းပဲ လွီပုကို စေလွှတ်လိုက်ပါတယ်။
မှောင်မိုက်တဲ့ ဟင်းလင်းပြင်မှာ တိတ်ဆိတ်ကျွန်း အစီအရင်ကို တိုက်ခိုက်နေတဲ့ ပန်ရှင်းရှေ့ကို ရုပ်သွင်တစ်ခု ရုတ်တရက် ရောက်လာပါတယ်။ ဒီရုပ်သွင်က လွီပုပါ။
ပန်ရှင်းဟာ လွီပုကို တွေ့လိုက်တယ်ဆိုရင်ပဲ မျက်လုံးပြူးသွားပြီး ချက်ချင်း နောက်ဆုတ်လိုက်ပါတယ်။ အဲဒီနောက် မျက်နှောင်တစ်ခုလုံး မည်းမှောင်သွားပြီး အံကြိတ်ကာ မေးလိုက်ပါတယ် “ဇုထူ… မင်း ဒီကို ဘယ်လိုလုပ်ပြီး ရောက်နေတာလဲ”
လွီပုဟာ မျက်နှာသေနဲ့ စကားတစ်လုံးမှ မပြောဘဲ တိုက်ခိုက်လိုက်ပါတယ်။
ကြီးမားကျယ်ပြန့်တဲ့ ဝိညာဉ်စွမ်းအားနှစ်ပါး ထိတွေ့တိုက်ခိုက်မှုကြောင့် ကျို့ယိုငရဲရဲ့ ဟင်းလင်းပြင်ကို တုန်ခါသွားပြီး အဆုံးမရှိတဲ့ အကုသိုလ်ကံတွေကို နဂါးတစ်ကောင်လို လှုပ်ခါသွားစေပါတယ်။
ပန်ရှင်းက အော်ပြောလိုက်ပါတယ် “မင်းက တကယ်ကို ဒီမှာ ပုန်းနေတာပဲ၊ ငါ မင်းနဲ့ ဆက်ပြီး မကစားတော့ဘူး” စကားအဆုံးမှာပဲ ပန်ရှင်းဟာ ခြေကုန်သုတ် ပြေးပါတော့တယ်။
ဟန်ကျွယ်ဟာ ပန်ရှင်းကို ကြည့်ပြီး ပြောစရာစကား မရှိတော့ပါဘူး ‘ဒီပန်ရှင်းက တော်တော် သူရဲဘောကြောင်တာပဲ’
ဟန်ကျွယ်ဟာ အသွင်တူလက်ရည်စမ်းပွဲကို သုံးပြီး ပန်ရှင်းရဲ့ ကျင့်ကြံမှုကို ပုံတူကူးပြီးပါပြီ။ ပန်ရှင်း ထွက်သွားတာ သေချာမှ ဟန်ကျွယ်ဟာ လွီပိုကို ပြန်ခေါ်ပြီး ကိုယ်တိုင် အသွင်တူလက်ရည်စမ်းပွဲထဲ ဝင်ကာ ပန်ရှင်းနဲ့ တိုက်ခိုက်ပါတယ်။
ဟန်ကျွယ်ဟာ သူ့အစွမ်းကို စမ်းသပ်ချင်လို့ ပန်ရှင်းနဲ့ တိုက်ခိုက်တာ ဖြစ်ပါတယ်။
အစပိုင်းမှာတော့ ပန်ရှင်းဟာ ကမ္ဘာဖျက်ကြာနက်ကို မထိုးဖောက်နိုင်တာကြောင့် ဟန်ကျွယ်ကို ဒဏ်ရာရအောင် မလုပ်နိုင်ပါဘူး။ ဒါပေမဲ့ လေးငါးမိနစ် အကြာမှာတော့ ပန်ရှင်းဟာ ကမ္ဘာဖျက်ကြာနက်ရဲ့ ခံစစ်ကို ထိုးဖောက်ဖြိုခွဲပြီး ဟန်ကျွယ်ကို တစ်ချက်တည်း သတ်ပစ်လိုက်ပါတယ်။
‘ဟ… ဒီငကြောက်က ဇုထူထက်တောင် စွမ်းအားကြီးနေပါ့လား၊ ဒါဆိုရင် သူက ဇုထူကို တွေ့တာနဲ့ ဘာဖြစ်လို့ တန်းပြေးရတာလဲ၊ ဇုထူမှာ နောက်ခံတစ်ခုခု ရှိနေလို့လား’
ဟန်ကျွယ်ဟာ အနာဂတ်ကို တွက်ချက်ကြည့်တုန်းက ဇုထူနဲ့ နွီဝါနန်းတော် ဆက်စပ်နေတာကို တွေ့ခဲ့ရတာကြောင့် ဇုထူကို နွီဝါနန်းတော်ကို ထောက်ပံ့နေတာလို့ ကောက်ချက် ချလိုက်ပါတယ်။
ဒီအချိန်မှာပဲ ဟန်ကျွယ်ဟာ သူအနာဂတ်ကို မတွက်ချက်ကြည့်တာ အတော်ကြာပြီဆိုတာကို ရုတ်တရက် သတိရသွားပါတယ်။ အဲဒါကြောင့် ဟန်ကျွယ်ဟာ အနာဂတ်ကို တွက်ချက်ကြည့်ဖို့ ဆုံးဖြတ်ုလိုက်ပါတယ်။
“ဒီအနန္တကပ်ဘေးမှာ အကျိုးအမြတ် အများဆုံးရမဲ့လူကို ငါ သိချင်တယ်”
ဟန်ကျွယ်ဟာ အမြင်အရ ကပ်ဘေးပြီးဆုံးရင် အနိုင်ရတဲ့သူက တစ်ယောက်တည်း မဖြစ်နိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတာ့ အနိုင်ရတဲ့သူမှာ မိတ်ဆွေတွေ လက်အောက်ငယ်သားတွေ ရှိနေလို့ပါပဲ။ ဒါ့အပြင် လူတစ်ယောက် တာအိုသိမြင်ရင် သူ့အိမ်က ကြောင်နဲ့ခွေးလည်း ကောင်းကင်ပေါ် တက်တယ်လို့ အဆိုရှိတယ် မဟုတ်ပါလား။
[သက်တမ်း တစ်ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
‘များလှချည်လား’
ဟန်ကျွယ်ဟာ စိတ်ထဲမှာ စောဒက တက်လိုက်ပေမဲ့ ဆက်တွက်ဖို့ ရွေးချယ်လိုက်ပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ ခေါင်းမူးပြီး မျက်လုံးတွေ ဝေဝါးသွားပါတယ်။
ဟန်ကျွယ် မျက်လုံး ပြန်ဖွင့်လိုက်တဲ့အခါမှာတော့ အနာဂတ် ကောင်းကင်ကို မြင်တွေ့လိုက်ရပါတယ်။ ဟန်ကျွယ် ဘေးနားမှာ စိမ်းစိုနေတဲ့ တောတောင်တွေနဲ့ တသွင်သွင်စီးဆင်းနေတဲ့ မြစ်ချောင်းတွေ ရှိနေတာကြောင့် သဘာဝရှုခင်းက ပန်းချီကားတစ်ချပ်လို လှပနေပါတယ်။
ဟန်ကျွယ်ဟာ ဒီမြင်ကွင်းကြောင့် သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပါတယ်။ အရင်တစ်ခေါက် ကမ္ဘာပျက်တဲ့ မြင်ကွင်းတွေနဲ့ နှိုင်းယှဉ်ရင် ဒီမြင်ကွင်းက အကောင်းဆုံးလို့ ပြောလို့ရပါတယ်။
‘ကြည့်ရတာ ငါ လောကကြီးကို ကယ်တင်နိုင်ခဲ့ပုံပဲ’
‘အို… သက်ရှိတွေ၊ မင်းတို့တွေ မုန်းတီးတဲ့ အမှောင်သခင်ကြီးက မင်းတို့ကို ကယ်တင်ခဲ့တာနော်’ ဟန်ကျွယ်ဟာ သူ့ကိုယ်သူ အလွန်တရာ မြင့်မြတ်တယ်လို့ ခံစားလိုက်ရပါတယ်။
ဒီအချိန်မှာပဲ…။
ဟန်ကျွယ်ဟာ လူနှစ်ယောက်ကို လှမ်းမြင်လိုက်ရပါတယ်။ ဒီလူနှစ်ယောက်ကို ကြည့်ပြီး ဟန်ကျွယ်ဟာ မျက်လုံးပြူးသွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီလူနှစ်ယောက်က ဟန်ကျွယ်နဲ့ ဝူတောက်ကျန့် ဖြစ်နေလို့ပါပဲ။
အနာဂတ်က ဟန်ကျွယ်ဟာ အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး အလွန်တရာမှာ ချောမောလှပါတယ်။ ဒါ့အပြင် လှုပ်ရှားမှုတိုင်းကနေ ဖြာထွက်လာတဲ့ ရောင်ဝါက ကောင်းကင်ဧကရာဇ်ထက်တောင် ကြောက်ဖို့ကောင်းပါတယ်။
အနာဂတ်က ဝူတောက်ကျန့်ဟာ ရေခဲလိုအေးစက်နေပြီး ဟန်ကျွယ်နဲ့ ရင်ဘောင်တန်းပြီး လျှောက်လာပါတယ်။ လက်ရှိအချိန် တိတ်ဆိတ်ကျွန်းမှာရှိနေတဲ့ ဝူတောက်ကျန့်နဲ့ အနာဂတ်က ဝူတောက်ကျန့်ဟာ မိုးနဲ့မြေလိုပါပဲ။
သူတို့နှစ်ယောက်ဟာ တောင်တစ်ဝက်ကို လျှောက်သွားပြီး လောကကြီးကို ကြည့်လိုက်ပါတယ်။
အနာဂတ် ဝူတောက်ကျန့်က မေးလိုက်ပါတယ် “ရှင့်ရဲ့ ဆန်းကြယ်စွမ်းအားက ဘယ်အချိန်ထိ ခံမှာလဲ”
အနာဂတ် ဟန်ကျွယ်က အပြုံးနဲ့ ဖြေပါတယ် “အနှိုင်းမဲ့ပဲ”
“ငါ့ ဆန်းကြယ်စွမ်းအားနဲ့ သက်ရှိအားလုံးကို လှောင်ပိတ်ထားတာဆိုတော့ အခုငါက ကောင်းကင်တာအိုပဲ…. အခုအချိန်ကစပြီး ကောင်းကင်တာအိုကို ငါ အုပ်ချုပ်မယ်၊ သက်ရှိအကုန်လုံး အနန္တကပ်ဘေးကို ထပ်ပြီးတော့ ရင်ဆိုင်စရာ မလိုတော့ဘူး၊ ငါ မကြိုက်တဲ့သက်ရှိက လွဲရင်ပေါ့”
ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ် ‘ငါ အနာဂတ်မှာ အဲဒီလောက်တောင် ဘဝမြင့်သွားတာလား… နောက်ပြီး အဲဒီဆန်းကြယ်စွမ်းအားကရော ဘယ်လိုစွမ်းအားမျိုးမို့လို့ သက်ရှိအားလုံးကို လှောင်ပိတ်ထားနိုင်ရတာလဲ၊ အဲဒီဆန်းကြယ်စွမ်းအားက ငါ့ဝိညာဉ်ထဲမှာရှိနေတဲ့ လောကဦးကမ္ဘာလား’
‘မဟုတ်သေးဘူး… တစ်ခုခုတော့ မှားနေပြီ၊ ငါက ဒီလိုလူစားမျိုး မဟုတ်ဘူး၊ ဒီလူက ငါ လုံးဝ မဖြစ်နိုင်ဘူး’
ဟန်ကျွယ်ဟာ တော်တော်လေး ကြောက်သွားပါတယ် ‘ငါ ခန္ဓာကိုယ် အပိုင်သိမ်းခံလိုက်ရတာလား’
“အဲဒီတာအိုပညာရှိတွေ မရှိတော့ဘူး၊ ဒါပေမဲ့ ကောင်းကင်တာအို နေရာကို ဝင်ယူဖို့က မလွယ်ဘူးလို့ ခံစားနေရတယ်၊ မဟုတ်ရင် အတိတ်မှာတုန်းက တခြားသူတွေ လုပ်ပြီးနေလောက်ပြီ” အနာဂတ် ဝူတောက်ကျန့်က မျက်မှောင်ကြုတ်ပြီး ပြောလိုက်ပါတယ်။
အနာဂတ် ဟန်ကျွယ်ဟာ အထင်အမြင်သေးစွာ ပြုံးပြီး ပြောလိုက်ပါတယ် “ကပ်ဘေးပြီးကတည်းက မင်းနဲ့ငါရယ် အင်မော်တယ်ကမ္ဘာမှာ ငါ ထိန်းချုပ်ထားတဲ့ သက်ရှိတွေကလွဲရင် ကျန်တဲ့လူတွေ အကုန်လုံးက သေသွားပြီ၊ ဘယ်သူက ငါတို့ကို ခြိမ်းခြောက်နိုင်မှာလဲ၊ ကောင်းကင်တာအိုက နိယာမအစု သက်သက်ပဲ”
ဝူတောက်ကျန့်ဟာ ခေါင်းခါလိုက်ပါတယ်။
အနာဂတ်ဟန်ကျွယ်က ပြုံးပြီးတော့ ဆက်ပြောပါတယ် “ဒါနဲ့ ငါတို့တွေ ကောင်းကင်ရုံးတော် တည်ထောင်ပြီး မင်းကို ကောင်းကင်ဧကရာဇ် လုပ်ခိုင်းမယ်”
ဝူတောက်ကျန့်ဟာ နှာခေါင်းရှုံ့လိုက်ပါတယ် “ဘာအဓိပ္ပာယ်မှ မရှိဘူး၊ ရှင် အဲဒီလူကို သတိထားတာ ပိုကောင်းလိမ့်မယ်၊ သူက ကောင်းကင်ရုံးတော်နဲ့ အရမ်းရင်းနှီးတယ်၊ ရှင်က ကောင်းကင်ရုံးတော်နဲ့ သူ့တပည့်တွေကို သတ်လိုက်တာဆိုတော့ သူက ကျိန်းသေပေါက် ရှင့်ကို လက်စားချေလိမ့်မယ်၊ သူက အခု အမှောင်ထဲမှာ ပုန်းနေတယ်ဆိုပေမဲ့ ရှင့်ကို အချိန်မရွေး ပြဿနာလာရှာနိုင်တယ်”
“ငါ သူ့အကြောင်းကို ကောင်းကောင်းသိတယ်၊ သူလို့ သေမှာကြောက်တဲ့လူက အခုအချိန်မှာ ငါ့ကို ရန်စရဲမှာ မဟုတ်ဘူး” အနာဂတ်ဟန်ကျွယ်ဟာ ခေါင်းခါပြီး ရယ်မောလိုက်ပါတယ်။
ဟန်ကျွယ်ဟာ တစ်စုံတစ်ခုကို သဘောပေါက်သွားပြီး ဆက်ကြည့်ဖို့ ပြင်နေစဉ်မှာပဲ မြင်ကွင်းက ကွဲကျေသွားပါတယ်။
သိစိတ်က ကျင့်ကြံခြင်းလိုဏ်ဂူကို ပြန်ရောက်တဲ့အခါမှာတော့ ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်ပြီး မျက်မှောင်ကြုတ်သွားပါတယ်။
‘အဲဒီကောင်က ဘယ်သူလဲ၊ သူတို့နှစ်ယောက်ရဲ့ စကားအရ ကောင်းကင်ရုံးတော်က ဖျက်ဆီးခံလိုက်ရတာလား၊ အမှောင်ထဲမှာ ပုန်းနေတဲ့လူက ငါကိုယ်တိုင်များလား’
‘ကျိန်းသေတာတစ်ခုကတော့ အဲဒီလူက ငါလုံးဝ မဖြစ်နိုင်ဘူး’
ဟန်ကျွယ်ဟာ ဒေါသထွက်သွားပါတယ် ‘ဘယ်လိုဖြစ်ပြီး နောက်ထပ် ပြဿနာတစ်ခု ပေါ်လာရတာလဲ၊ ဒီဟန်ကျွယ်အတုနဲ့ ဝူတောက်ကျန့်အတုက ဘယ်ကနေ ရောက်လာရတာလဲ’
ဟန်ကျွယ်ဟာ ကောင်းကင်လျှို့ဝှက်ချက် တွက်ချက်မှု လုပ်ဆောင်ချက်ကို ထပ်သုံးလိုက်ပါတယ် “ငါနဲ့ ဝူတောက်ကျန့် ဖြစ်လာမဲ့လူကို သိချင်တယ်”
[သက်တမ်း ၂ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
‘ဟင်… ဘယ်လိုဖြစ်ပြီး နှစ်ဆ ဖြစ်သွားတာလဲ’
ဟန်ကျွယ်ဟာ ပိုပြီးတော့ မျက်မှောင်ကြုတ်သွားပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ဟာ သူများအသုံးချတာကို မခံချင်တာကြောင့် အရာအားလုံးကို ထိုးဖောက်ကြည့်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။
ဆက်တွက်မယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။
Chapter – 360
? Views, Released on December 5, 2024