အခန်း (၃၅၉) ကောင်းကင်တာအို ကုသိုလ်ကံ၊ ရှကျဲ့မျိုးနွယ်စု
ဟန်ကျွယ်ဟာ မုန့်ပေါ်ရဲ့ ရောင်ဝါကို ခံစားလိုက်ရပေမဲ့ အနည်းငယ် မတူကွဲပြားနေတာကို သတိထားမိလိုက်ပါတယ်။
‘ပြန်လည်မွေးဖွားခြင်း ရောင်ဝါ… ဒါ ဧကရီဟုတ်ထိုပဲ’
‘ဒီသက်ရှိတွေက ဧကရီဟုတ်ထို ဖန်တီးထားတဲ့ သက်ရှိတွေလား’
“အား… မင်းက ဘယ်လိုဖြစ်ပြီး ဒီရောက်နေတာလဲ” အမျိုးသမီးအသံတစ်သံဟာ ဟန်ကျွယ် နားထဲဝင်လာပါတယ်။ ဒီအသံက မုန့်ပေါ်ရဲ့အသံနဲ့ ဆင်တူပေမဲ့ ပိုငယ်ရွယ်ပြီး ပိုချိုမြပါတယ်။
ဟန်ကျွယ်ဟာ သူ့နတ်အာရုံကို တစ်ဖက်လူက သိသွားပြီ ဖြစ်တာကြောင့် မဖုံးကွယ်တော့ဘဲ မေးလိုက်ပါတယ် “စီနီယာ မုန့်ပေါ်လား”
“မုန့်ပေါ်က သေသွားပြီ၊ အခု မင်း ငါ့ကို ဧကရီဟုတ်ထိုလို့ ခေါ်နိုင်တယ်” ဧကရီဟုတ်ထိုရဲ့အသံဟာ နူးညံပျော့ပျောင်းပြီး မောက်မာခြင်း လုံးဝ မရှိပါဘူး။
ဟန်ကျွယ်ဟာ စိုးရိမ်ကြောက်လန့်ခြင်း မရှိတော့ဘဲ ပြောလိုက်ပါတယ် “ဧကရီဟုတ်ထို… တွေ့ရတာ ဝမ်းသာပါတယ်” ဧကရီဟုတ်ထိုရဲ့ ကျင့်ကြံမှုက မသိဖြစ်နေသေးတဲ့အတွက် အနည်းဆုံး ကောင်းကင်ဘဝဂ်အဆင့်မှာရှိတယ်။
“မှော်မျိုးနွယ်စုက လူဘယ်နှယောက် မင်းနဲ့အတူရှိလဲ” ဧကရီဟုတ်ထိုက မေးလိုက်ပါတယ်။
ဟန်ကျွယ်နဲ့ ဧကရီဟုတ်ထိုဟာ နတ်အာရုံနဲ့ ဆက်သွယ်နေတာ ဖြစ်တဲ့အတွက် သူတို့နှစ်ယောက်ရဲ့ စကားကို တခြားဘယ်သူမှ မကြားနိုင်ပါဘူး။
ဟန်ကျွယ်က ပြန်ဖြေလိုက်ပါတယ် “နှစ်ယောက်တည်းပါ၊ သူတို့ကို တွေ့ချင်လို့လား”
“မလိုဘူး၊ ဒီအတိုင်းပဲ မေးကြည့်တာ၊ ဒီသက်ရှိတွေက ငါအသစ် ဖန်တီးထားတဲ့ မျိုးနွယ်စုပဲ၊ သူတို့ကို နာမည် ဘယ်လိုပေးသင့်တယ် ထင်လဲ” ဧကရီဟုတ်ထိုက အပြုံးနဲ့ မေးလိုက်ပါတယ်။ ဧကရီဟုတ်ထိုရဲ့ သာမန်ကာလျှံကာ အမေးကြောင့် ဟန်ကျွယ်ဟာ ဧကရီဟုတ်ထိုနဲ့ ပိုရင်းနှီးသွားတယ်လို့ ခံစားလိုက်ရပါတယ်။
ဒီအဖြစ်ကြောင့် ဟန်ကျွယ်ဟာ နိုးနိုးကြားကြား ဖြစ်သွားပါတယ်။ ဧကရီဟုတ်ထိုက ပိုပြီးတော့ ရင်းရင်းနှီးနှီး ဆက်ဆံလေလေ အန္တရာယ်များလေလေပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ဧကရီဟုတ်ထိုရဲ့ ကျင့်ကြံမှုက ဟန်ကျွယ်ထက် ပိုမြင့်နေလို့ပါ။ နောက်ပြီး ဧကရီဟုတ်ထိုက သာမန်စွမ်းအားကြီးပုဂ္ဂိုလ်လည်း မဟုတ်ပါဘူး။
ဟန်ကျွယ်ဟာ အသက်ပြင်းပြင်း ရှူသွင်းပြီး ပြောလိုက်ပါတယ် “ဒီကိစ္စက ဧကရီဟုတ်ထို ကိုယ်တိုင်ပိုင် ဆုံးဖြတ်သင့်ပါတယ်၊ ကျွန်တော်က ဘယ်လိုလုပ်ပြီး စည်းကျော်ရဲမှာလဲ”
“ရပါတယ်၊ ပြောမှသာ ပြောပါ၊ မင်းပြောတဲ့ နာမည်က သင့်တော်လား သင့်မတော်ဘူးလားဆိုတာ ငါ ကြည့်ချင်သေးတယ်”
ဟန်ကျွယ်ဟာ တိတ်ဆိတ်သွားပါတယ် ‘သူ့စကားက တော်တော်ကို ယုတ္တိမရှိတာပဲ၊ သူက ငါ့ကို ဒီမျိုးနွယ်စုအသစ်နဲ့ ချည်နှောင်ချင်နေတာလား’
ဟန်ကျွယ်ဟာ ဒီသက်ရှိတွေကို နာမည်ပေးလိုက်မယ်ဆိုရင် အနာဂတ်မှာ ဒီမျိုးနွယ်စုနဲ့ ကျိန်းသေပေါက် ရေစက်ရှိလာမှာပါ။ ဒါပေမဲ့ ငြင်းပြန်ရင်လည်း ဧကရီဟုတ်ထိုကို အပြစ်ပြုမိရာကျသွားမှာပါ။
‘ခင်ဗျားပြောတော့ ကျုပ်နောက်ခံ လုပ်ပေးမယ်ဆို… အခုကျ ဘယ်လိုဖြစ်ပြီး ကျုပ်ကို ဒုက္ခပေးချင်နေတရတာလဲ’ ဟန်ကျွယ်ဟာ ဧကရီဟုတ်ထိုကို မကျေမနပ် ဖြစ်သွားပါတယ်။
ဒီအချိန်မှာပဲ ဧကရီဟုတ်ထိုက အပြုံးနဲ့ ပြောလိုက်ပါတယ် “မင်းက ကံတရား ဆက်စပ်မှာကို ကြောက်နေသေးတာလား၊ မင်း ကျင့်ကြံတာက ပြန်လည်မွေးဖွားခြင်းတာအို၊ ငါက ပြန်လည်မွေးဖွားခြင်း စက်ဝန်းကို ဖန်တီးသူ၊ မင်းနဲ့ငါကြားမှာ ကံတရား ဆက်စပ်တာက ကြာခဲ့ပြီ၊ ဒီမျိုးနွယ်စုကို နာမည်ပေးလိုက်လို့ ထူးပြီး ခြားနားမသွားပါဘူး”
“ဧကရီနဲ့ လွမ်ဟွေ အင်မော်တယ်ဧကရာဇ်က ဘယ်လိုပတ်သက်လဲ” ဟန်ကျွယ်က မေးလိုက်ပါတယ်။
“သူက မူလလမ်းစဉ်ကနေ သွေဖယ်သွားတဲ့ ကလေးတစ်ယောက်ပဲ၊ ဟိုးအရင်တုန်းက ငါ ပြန်လည်မွေးဖွားခြင်း စက်ဝန်းကို တည်ဆောက်ခဲ့တယ်၊ ပြန်လည်မွေးဖွားခြင်း စက်ဝန်း ပြီးသွားတော့ အသက်ငွေ့လေးတစ်ခု ပေါ်လာတယ်၊ အဲဒီအသက်ငွေ့လေးကနေ သူ ဖြစ်လာတာပဲ၊ ဒါပေမဲ့ သူက အရမ်းစွမ်းအားကြီးတော့ ပြန်လည်မွေးဖွားခြင်း စက်ဝန်းကနေ လွတ်မြောက်ချင်တယ်၊ ဒါတင်မကသေးဘူး၊ သူက ပြန်လည်မွေးဖွားခြင်း စက်ဝန်းကိုတောင် စိုးမိုးချင်တာ၊ နှစ်တွေလည်း ကြာပြီဆိုတော့ သူဘာလိုချင်လဲ ဘာတွေလုပ်နေလဲဆိုတာ ငါ မခန့်မှန်းတက်တော့ဘူး”
ဧကရီဟုတ်ထိုရဲ့စကားက ဟန်ကျွယ်ကို လန့်သွားစေပါတယ် ‘ဒီလိုဆိုရင် လွမ်ဟွေ အင်မော်တယ်ဧကရာဇ်က ဧကရီဟုတ်ထိုရဲ့ သားလို့ ပြောလို့ရတာပေါ့’
ဟန်ကျွယ်ဟာ လက်ချောင်းသုံးပြီး ချက်ချင်း တွက်ချက်ကြည့်တဲ့အခါ သူနဲ့ လွမ်ဟွေ အင်မော်တယ်ဧကရာဇ်ကြားမှာ ရေစက်ရှိနေတာကို တွေ့လိုက်ရပါတယ်။
ကံတရားရဲ့ နက်နဲသိမ်မွေ့မှုကြောင့် ဧကရာဇ်အဆင့် ရောက်မှသာ ကံတရားရဲ့ သဲလွန်စကို တွက်ချက်နိုင်ပြီး နတ်မင်းအဆင့်ကို ရောက်မှာသာ ကိုယ်နဲ့ ပတ်သက်တဲ့ ကံတရားအားလုံးကို တွက်ချက်နိုင်ပါတယ်။ ဒီဆက်စပ်နေတဲ့ ကံတရားထဲမှာ ကိုယ့်ထက် စွမ်းအားကြီးတဲ့လူ ပါရင်တော့ တစ်မျိုးပေါ့။
ဟန်ကျွယ်နဲ့ ပြန်လည်မွေးဖွားခြင်းတာအိုက ရေစက်ရှိနှင့်ပြီးပါပြီ။ ဒါကြောင့် ဟန်ကျွယ်အနေနဲ့ အခုမှ စိုးရိမ်နေလည်း အပိုပါပဲ။
ဟန်ကျွယ်က ခပ်တိုးတိုး ပြောလိုက်ပါတယ် “ကျွန်တော်တို့တွေ ရှကျဲ့မျိုးနွယ်စုလို့ ခေါ်ရင်ရော… သူတို့က ကျို့ယိုငရဲမှာ အကြာကြီးနေမှာဆိုတော့ ကပ်ဘေးနဲ့ လောကကြီးထဲ ဝင်မှာ မဟုတ်ဘူး”
ကပ်ဘေးထဲ မဝင်ဘူး။
လောကကြီးထဲ မဝင်ဘူး။
ဟန်ကျွယ်ဟာ ဒီအချက်နှစ်ချက်ကို အလေးအနက် ထားပြီး ပြောလိုက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရှကျဲ့ဆိုတဲ့နာမည်ကို ဒီအချက်နှစ်ချက်ပေါ် မူတည်ပြီး ပေးထားတာကြောင့်ပါ။ တစ်ချိန်ချိန်မှာ ရှကျဲ့မျိုးနွယ်စုက ဒီနာမည်ရဲ့ မူလရည်ရွယ်ချက်ကို ဆန့်ကျင်ခဲ့မယ်ဆိုရင် ကောင်းကင်တာအို အပြစ်ပေးတာကို ခံရမှာပါ။ အဲဒီအချိန်ကျရင် ဟန်ကျွယ်ဟာ ဒီအချက်ကို အကြောင်းပြုပြီး ရှကျဲ့မျိုးနွယ်စုနဲ့ မပတ်သက်လို့ ရပါတယ်။
ဧကရီဟုတ်ထိုက ပြုံးလိုက်ပါတယ် “ရတယ်လေ၊ အခုအချိန်ကစပြီး ဒီသက်ရှိတွေက ရှကျဲ့မျိုးနွယ်စုပဲ၊ ရှကျဲ့မျိုးနွယ်စုက ကပ်ဘေးထဲ မဝင်သလို လောကကြီးထဲလည်း မဝင်ဘူး၊ တကယ်လို့ သူတို့တွေ ဒီအချက်နှစ်ချက်ကို ဆန့်ကျင်ခဲ့မယ်ဆိုရင် ကောင်းကင်တာအို ဖျက်ဆီးတာကို ခံရလိမ့်မယ်”
“ခြိမ်း…”
မိုးခြိမ်းသံ ကျယ်လောင်စွာ ထွက်ပေါ်လာပြီး ရှကျဲ့မျိုးနွယ်စုထက်မှာ ကောင်းတာအို မိုးကြိုးတိမ်တိုက်တွေ စုစည်းလာပါတယ်။
ဟန်ကျွယ်ဟာ စိတ်ထဲမှာ နည်းနည်းတော့ အံဩတကြီး ဖြစ်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဧကရီဟုတ်ထိုက ဒီလောက်ထိ ပြတ်သားလိမ့်မယ်လို့ ထင်မထားခဲ့လို့ပါပဲ။ ကြည့်ရတာ ဧကရီဟုတ်ထိုတစ်ယောက် မှော်မျိုးနွယ်စုမှာ သင်ခန်းစာ ကောင်းကောင်း ရခဲ့ပုံပါပဲ။
ဒီအချိန်မှာပဲ…။
တိတ်ဆိတ်ကျွန်း အထက်မှာလည်း မိုးကြိုးတိမ်တိုက်တွေ ပေါ်လာပါတယ်။ ဟန်ကျွယ်ဟာ အကြီးအကျယ် မျက်နှာသွားပါတယ် ‘သွားပြီ… ငါ့နေရာ ပေါ်သွားပြီ’
ဟန်ကျွယ်ဟာ တိတ်ဆိတ်ကျွန်းကို ချက်ချင်း ထိန်းချုပ်ပြီး ထွက်ပြေးပါတယ်။ ဒါပေမဲ့ ကောင်းကင်တာအို မိုးကြိုးတိမ်တိုက်တွေက ဟန်ကျွယ်နောက်ကို ထပ်ကြပ်မကွာ လိုက်ပါတယ်။ တိတ်ဆိတ်ကျွန်း ဘယ်သွားသွား နောက်ကနေလိုက်ပြီး အလျင်ကလည်း တိတ်ဆိတ်ကျွန်းရဲ့ အလျင်နဲ့ ထပ်တူပါပဲ။
ဒီအဖြစ်ကြောင့် ဟန်ကျွယ်လည်း ထွက်ပြေးတာကို ချက်ချင်း လက်လျှော့လိုက်ပါတယ်။ ဒီအချိန်မှာပဲ ကောင်းကင်တာအို မိုးကြိုးတိမ်တိုက်တွေဟာ ထက်ခြမ်းကွဲသွားပြီး ရွှေရောင်အလင်းတန်း ဆင်းသက်လာပါတယ်။ ဒီအလင်းတန်းဟာ တာအိုစက်ကွင်း အစီအရင်ကို ထိုးဖောက်ပြီး ဝီရိယတောင်ပေါ် ကျဆင်းလာပါတယ်။ အဲဒီနောက် ကျောက်တုံးတွေကို ထိုးဖောက်ပြီး ဟန်ကျွယ်ကိုယ်ပေါ်ကို ဆင်းသက်သွားပါတယ်။
ဖူစန်းသစ်ပင်အောက်မှာရှိတဲ့ တိတ်ဆိတ်ဂိုဏ်းတပည့်တွေဟာ မှင်သက်သွားကြပါတယ်။
“ကောင်းကင်တာအို ကုသိုလ်ကံ၊ ဒါ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ” ငရဲနက်နတ်ဆိုးသခင်ဟာ မျက်လုံးပြူးသွားပါတယ်။
စန့်ရှီနဲ့ သွမ့်ဟုန်ချန်လည်း ပါးစပ်အဟောင်းသား ဖြစ်သွားပါတယ်။
ချူရှီရန်ကတော့ မျက်မှောင်ကြုတ်သွားပြီး ရေရွတ်လိုက်ပါတယ် “ဆရာဘိုးဘိုး ဘာလုပ်နေတာလဲ”
မုရုံချီက တအံတဩ မေးလိုက်ပါတယ် “ဒဏ္ဍာရီလာ ကောင်းကင်တာအို ကုသိုလ်ကံလား၊ ဆရာဘိုးဘိုးက ကျင့်ကြံခြင်းလိုဏ်ဂူထဲမှာ အမြဲတမ်းနေတာ မဟုတ်ဘူးလား၊ ဘယ်လိုလုပ်ပြီး ကောင်းကင်တာအို ကုသိုလ်ကံကို ရသွားတာတုန်း”
တခြားတပည့်တွေလည်း ကောင်းကင်တာအို ကုသိုလ်ကံအကြောင်းကို သိချင်သွားပါတယ် ‘ကောင်းကင်တာအို ကုသိုလ်ကံက တော်တော် စွမ်းအားကြီးပုံပဲ’
တစ်ချိန်တည်းမှာပဲ ကောင်းကင်တာအို ကုသိုလ်ကံကို ရရှိလိုက်တဲ့ ဟန်ကျွယ်ဟာ သေခါနီးလူနာလို့ ရင်တုန်နေပါတယ်။ ဒါပေမဲ့လည်း ရွှေရောင်အလင်းတန်းဟာ ဟန်ကျွယ်ရဲ့ ကျင့်ကြံမှုကို တိုးတက်သွားစေပါတယ်။
[ပထမဆုံးအကြိမ် ကောင်းကင်တာအို ကုသိုလ်ကံကို ရရှိခြင်း ဖြစ်သည့်အတွက် သင့်တွင် အောက်ပါရွေးချယ်မှုများ ရှိသည်။]
[၁။ ကောင်းကင်တာအို ကုသိုလ်ကံအား စုပ်ယူ၍ ကောင်းကင်တာအို ထိန်းချုပ်မှုအား ခံယူပါ။ ဆုလာဘ်အဖြစ် ဆန်းကြယ်စွမ်းအားတစ်ပါးကို ရရှိမည်။]
[၂။ ကောင်းကင်တာအို ကုသိုလ်ကံအား ဖိနှိပ်၍ ကိုယ်ကျိုးအတွက် အသုံးပြုပါ။ ဆုလာဘ်အဖြစ် ကောင်းကင်တာအို အပိုင်းအစ တစ်စအား ရရှိမည်။]
ဟန်ကျွယ်ဟာ မျက်လုံးပြူးသွားပြီး ကောင်းကင်တာအို ကုသိုလ်ကံ ကျင့်ကြံမှုအဖြစ် ပြောင်းလဲနေတာကို ချက်ချင်း ရပ်ကာ ကြယ်ပင်လယ်ထဲထည့်ပြီး ချိပ်ပိတ်လိုက်ပါတယ်။ ပြီးတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ လေပူတစ်ချက် မှုတ်ထုတ်လိုက်ပါတယ်။
‘ငါ ရှကျဲ့မျိုးနွယ်စုကို နာမည်ပေးလိုက်လို့ ဒီကောင်းကင်တာအို ကုသိုလ်ကံကို ရတာလား’
သက်ရှိတွေအတွက် ကောင်းကင်တာအို ကုသိုလ်ကံကို ခုခံဖို့က အတော်ကို ခက်ခဲတဲ့အရာပါ။ ဘာဖြစ်လို့လဲဆိုတော့ ကောင်းကင်တာအို ကုသိုလ်ကံကို ကျင့်ကြံမှုအဖြစ် ပြောင်းလဲတာက နှစ်ပေါင်းများစွာ ကျားကုတ်ကျားခဲ ကျင့်ကြံရတာထက် အများကြီး ပိုသာနေလို့ပါပဲ။
ဟန်ကျွယ်သာ ကောင်းကင်တာအို ကုသိုလ်ကံကို အကုန်လုံး စုပ်ယူလိုက်မယ်ဆိုရင် မူလဆန်းကြယ်စွမ်းအား နှစ်ပါးအဆင့်ကို တစ်ခါတည်း ထိုးဖောက်သွားမှာပါ။ ဒါပေမဲ့ ဟန်ကျွယ်ဟာ ကောင်းကင်တာအိုရဲ့ လက်အောက်ငယ်သား မဖြစ်ချင်ပါဘူး။
ကောင်းကင်တာအိုဗုဒ္ဓဟာ အကုသိုလ်ကံ များလွန်းတဲ့အတွက် ကောင်းကင်တာအို အပြစ်ပေးတာကို ခံရပြီး သေဆုံးသွားခဲ့ပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် အကုသိုလ်ကံက ကောင်းကင်တာအိုနဲ့ ဆက်စပ်နေတာ ထင်ရှားပါတယ်။
တစ်နည်းအားဖြင့် ပြောရရင် ကောင်းကင်တာအို ကုသိုလ်ကံဆိုတာက ကောင်းကင်တာအိုရဲ့ အလိုဆန္ဒကို လိုက်လျောတာ ဖြစ်ပြီး အကုသိုလ်ကံဆိုတာကတော့ ကောင်းကင်တာအိုတာအိုရဲ့ အလိုဆန္ဒကို ဆန့်ကျင်တာပါ။
ငါးမိနှစ်အကြာမှာတော့ ဟန်ကျွယ်ဟာ ကောင်းကင်တာအို ကုသိုလ်ကံကို ကြယ်ပင်လယ်မှာ ဖိနှိပ်နိုင်လိုက်ပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ ရှကျဲ့မျိုးနွယ်စုကို နတ်အာရုံနဲ့ စစ်ဆေးပြီး ပြောလိုက်ပါတယ် “ကျေးဇူပါပဲ ဧကရီဟုတ်ထို၊ မဟုတ်ရင် ကျွန်တော် ဒီကုသိုလ်ကံကို ရမှာ မဟုတ်ဘူး”
ဧကရီဟုတ်ထိုက အပြုံးနဲ့ ပြောလိုက်ပါတယ် “ရပါတယ်၊ အနာဂတ်မှာ ရှကျဲ့မျိုးနွယ်စုက ကျို့ယိုငရဲမှာ နေထိုင်လိမ့်မယ်၊ မင်း သူတို့ကို ဂရုစိုက်ပေးဖို့ ငါ မျှော်လင့်တယ်၊ မစိုးရိမ်ပါနဲ့၊ ငါ သူတို့ဆီ မကြာခဏ လာလည်မှာပါ၊ အခုအချိန်မှာ သူတို့အတွက် ကျို့ယိုငရဲက အန္တရာယ် အကင်းဆုံးပဲ၊ ဟို လောကဦးယွမ်ဖီးနစ်ကိုလည်း ငါ ပြောထားတယ်၊ နောက်တစ်ယောက်ကတော့ လွတ်လွတ်လပ်လပ် ခြေဦးတည့်ရာ လျှောက်သွားနေတဲ့လူဆိုပေမဲ့ သတ္တိမရှိတဲ့ ငကြောက်”
ဧကရီဟုတ်ထိုပြောတဲ့ ငကြောက်က ပန်ရှင်းမှန်း ဟန်ကျွယ် ခန့်မှန်း မိလိုက်ပါတယ်။
ဟန်ကျွယ်က စပ်စုလိုက်ပါတယ် “ကောင်းကင်တာအို ကုသိုလ်ကံက တော်တော် အသုံးဝင်လို့လား”
“အသုံးဝင်တာပေါ့၊ တာအိုပညာရှိ အများစုက ကုသိုလ်ကံကို မှီခိုပြီး အထက်တက်ကြတာ၊ ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ်အချို့လည်း ဒီအထဲမှာပါတယ်”
ဧကရီဟုတ်ထိုရဲ့စကားကြောင့် ဟန်ကျွယ်ဟာ သက်ပြင်းချလိုက်ပါတယ် ‘ငါ့စနစ်က တကယ်ကို လောကဦးပဋိက္ခက လာတာပဲ၊ ဒါကြောင့်လည်း ကောင်းကင်တာအိုထဲမှာရှိတဲ့ သက်ရှိတွေ အားလုံးထက် အဆင့်ပိုမြှင့်နေတာကို’
ကောင်းကင်တာအို ကုသိုလ်ကံကို မှီခိုပြီး တာအိုပညာရှိ ဖြစ်လာတဲ့လူက သက်ရှိအားလုံးရဲ့ အထက်မှာရှိနေတယ်ဆိုပေမဲ့ ကောင်းကင်တာအိုရဲ့ ထိန်းချုပ်မှုကို ခံထားရတာကြောင့် ကောင်းကင်တာအိုကနေ မလွတ်မြောက်နိုင်ပါဘူး။
ကောင်းကင်တာအို ပျက်စီးသွားမယ်ဆိုရင် တာအိုပညာရှိတွေလည်း ပျက်စီးသွားမှာပါ။ ဒါကြောင့် တာအိုပညာရှိတွေဟာ မဖြစ်ဖြစ်တဲ့နည်းနဲ့ ကောင်းကင်တာအိုကို ကာကွယ်ကြမှာပါ။ ဒါကို ကြည့်ခြင်းအားဖြင့် ကောင်းကင်တာအိုက ဘယ်လောက်ထိ ကြောက်ဖို့ကောင်းလဲဆိုတာ သိနိုင်ပါတယ်။
ကောင်းကင်တာအိုဟာ သက်ရှိတစ်ကောင်လို အသိဉာဏ်မရှိတဲ့အတွက် လူတစ်ယောက်ယောက်ကို ပစ်မှတ် မထားနိုင်ပါဘူး။ ဒါပေမဲ့ ကောင်းကင်တာအိုဟာ အားလုံးရဲ့ အထက်မှာ ရှိနေပြီး ဘယ်သူမှ သူ့ကို မလွန်ဆန်နိုင်ပါဘူး။
ဟန်ကျွယ်ဟာ တွေးလေလေ ကြောက်လေလေပါပဲ။ အကြောင်းအရင်း တချို့ကြောင့် ဟန်ကျွယ်ဟာ ကျင့်ကြံမှုလမ်းဆုံးကို ရောက်ရင် ကောင်းကင်တာအိုရဲ့ ရန်သူတောင် ဖြစ်သွားလိမ့်မယ်လို့ ခံစားလိုက်ရပါတယ်။
ဒါကလည်း ထူးဆန်းတာတော့ မဟုတ်ပါဘူး။ ဟန်ကျွယ်သာ ထာဝရအသက်ကို လိုချင်ရင် ပြိုင်ဘက်ကင်း ဖြစ်နေဖို့ လိုပါတယ်။ ပြိုင်ဘက်ကင်း ဖြစ်ဖို့ကလည်း ကောင်းကင်တာအို ထိန်းချုပ်မှုကနေ လုံးဝ လွတ်မြောက်နေမှပဲ ရပါလိမ့်မယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။
Chapter – 359
? Views, Released on December 5, 2024