Switch Mode

Chapter – 47

မချိပြုံးပြုံးနေသည့် နောင်ကြီးဖန်

Chapter – 47
“မချိပြုံးပြုံးနေသည့်နောင်ကြီးဖန်”

ရှီယူတစ်ယောက် သူ့တဘ၀လုံးတွင် ယခုဆေးလုံးကို ရရှိမှသာ ကျင့်ကြံမှုအဆင့် တိုးတက်နိုင်မည့် အခွင့်အရေးကို ရရှိမည် ဖြစ်သည်။
ဆေးလုံးတစ်လုံးမှ သူ့ကို မျှော်လင့်ချက်များစွာ ပေးနိုင်မည်ဖြစ်သည်။ သို့သော်လည်း အာမတော့ မခံနိုင်ပါချေ။
အကယ်၍ ဆေးလုံး ၂ လုံးသာ ရှိမည် ဆိုပါက မျှော်လင့်ချက်ကို ၂ ဆ ထားနိုင်မည် မဟုတ်ပါလား။
ရှောင်မိုယန် သက်ပြင်းတစ်ချက် ချလိုက်၏။
ဖေးယွမ်ဆေးလုံး၏ တန်ဖိုးကို သတ်မှတ်မည် ဆိုပါက ငွေစ ၅ သောင်းလောက်သာ အများဆုံး တန်ကြေးရှိတာ ဖြစ်သည်။ သို့သော်လည်း ဆေးတိမ်တိုက်ရှိသည့် ဖေးယွမ်ဆေးလုံးကတော့ လူတိုင်းကိုပင် ရူးသွပ်သွားစေခဲ့သည် မဟုတ်ပါလား။ ယခုအခါ ဆေးနှုန်းမှာ ၂၂ သိန်းခွဲပင် ရောက်ရှိ လာခဲ့ပြီဖြစ်ပြီး ဆေးတစ်လုံးတည်း၏ တန်ဖိုးအနေဖြင့် အတော်များပြားသည့် ပမာဏသို့ ရောက်ရှိနေပြီဟု သတ်မှတ်၍ရနိုင်ပါသည်။
ထိပ်တန်းအဆင့် ဆေးလုံးတစ်လုံးပင် ထိုမျှလောက်ထိ တန်ဖိုကြီးမြင့်မည် မဟုတ်ပေ။
သို့သော်လည်း ယခုဆေးလုံးသည် ဆေးပညာရှင်တိုင်းအတွက် အောင်မြင်မှုများ ဖြစ်ပေါ်စေနိုင် မည့် မျှော်လင့်ချက်များအား ပေးစွမ်းနိုင်ပါသည်။
ဂိုဏ်းကြီးတစ်ဂိုဏ်းလုံး၏ အနာဂတ်နှင့်ပင် သက်ဆိုင်၍ နေပါဦးမည်။
နောက်ဆုံးဆေးလုံးအား အပြိုင်အဆိုင် လေလံဆွဲသူများသည် လွင့်မြောတိမ်တိုက်ဂိုဏ်းနှင့် ပခုံးချင်း ယှဉ်နိုင်သူများသာ ဖြစ်ကြပါသည်။ သူတို့အကြားတွင် ကွာခြားမှုများ အနည်းငယ် ရှိမည် ဆိုလျှင်တောင် သိပ်ပြီး ပြောပလောက်သည့် ကွာဟမှုမျိုး မဟုတ်ပါချေ။ ယခုဆေးလုံးအား ရရှိသွားပြီး အကျိုးရှိအောင် အသုံးချနိုင်မည် ဆိုပါက လွင့်မျောတိမ်တိုက်ဂိုဏ်းထက်ပင် သာလွန်သွားစေနိုင်မည် မဟုတ်ပါလား။
ထိုကဲ့သို့ ဖြစ်သွားမည် ဆိုပါက လွင့်မျောတိမ်တိုက်ဂိုဏ်းအတွက် ကြီးစွာသော နစ်နာဆုံးရှုံးမှုမျိုး ဖြစ်စေမည် ဖြစ်သည်။ ရှောင်မိုယန်လည်း အတွေးနယ်ချဲ့နေမိလေ၏။
တခဏမျှ စဉ်းစားလိုက်ပြီးနောက် အခန်းနံပါတ် ၁၇ ရှိရာသို့ လှမ်းကြည့်လိုက်သည်။
(ပြဿနာက ဒီဖန်ဇီလင်ဆိုတဲ့လူပဲ . . . သူသာ နောက်ထပ် ဆေးလုံးတွေ ထုတ်ပေးနိုင်ဦးမယ်ဆို အတော်ကောင်းမှာ။ ဒီဆေးလုံးတွေက သူကိုယ်တိုင်လုပ်တာလား၊ မတော်တဆ သူရခဲ့တာများလား မသိဘူး . . .)
“ခေါင်းဆောင် . . . ကျုပ်တို့ စွန့်စားမှု လုပ်မှဖြစ်မယ်ထင်တယ်နော် . . .”
ရှီယူ အသံမှာ စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နေပြီး စိတ်စောနေဟန်လည်း ရှိနေသည်။
ရှောင်မိုယန်လည်း သက်ပြင်းတစ်ချက် ချလိုက်ပြီး လေးနက်တည်ကြည်သော အသံဖြင့် –
“၃၁ သိန်းခွဲ . . .”
ထိုပမာဏသည် ဂိုဏ်း၏ ရန်ပုံငွေ တ၀က်ထက်ကျော်လောက်ထိကို သုံးစွဲလိုက်ခြင်း ဖြစ်သည်။ ယခုဈေးနဲ့ပင် အနိုင်မရရှိဘူး ဆိုပါက သူ့အနေဖြင့် အရှုံးပေးရန်သာ ရှိပါတော့သည်။
ယခုထက်ပို၍ ဂိုဏ်း၏ ရန်ပုံငွေများအား သုံးစွဲလိုက်မည် ဆိုပါက အကယ်၍ မတော်တဆမှုတစ်ခုခု ကြုံတွေ့ခဲ့မည် ဆိုပါက ဂိုဏ်း၏ လုပ်ငန်းဆောင်တာများအား ကောင်းမွန်စွာ လည်ပတ်စေနိုင်တော့မည် မဟုတ်ပေ။
ရှောင်မိုယန်လည်း စိတ်ထဲမှ တွေးနေမိသည်မှာ –
(ဒီမော်တယ်ကမ္ဘာကြီးမှာ ငွေသာရှိမယ်ဆိုရင် ပိုပြီးတော့ . . . )
လူတိုင်းလည်း ထိုကဲ့သို့ မြင့်မားလှသည့် ဈေးခေါ်မှုကို ကြားလိုက်ကြရသောအခါ သူတို့ကိုယ်သူတို့ နားကြားမှားသလားဟုပင် ထင်မှတ်သွားကြလေ၏။
“ဆေးတစ်လုံးတည်းကို . . .”
“၃၁ သိန်းခွဲတောင် . . .”
“တကယ်ကို ထူးဆန်းလိုက်တာ . . .”
လူအများစုလည်း ခေါင်းငုံ့သွားကြပြီး စိတ်ပျက်အားငယ်သွားကြဟန်ဖြင့် ရှိနေကြလေ၏။ ငွေကြေး ရှိသူသာလျှင် အနိုင်ရသည့် လောကကြီးပါလား ဟူ၍လည်း တွေးနေမိကြပါတော့သည်။
နောက်ဆုံးဆေးလုံးအား လုနေကြသည့် ဂိုဏ်းများ၊ မျိုးနွယ်စုများမှာ ရှောင်မိုယန်မှ မတ်တတ်ရပ်၍ မူလက ၂၂ သိန်းခွဲဖြင့် နောက်ဆုံးဈေး ဖြစ်နေသော ဆေးလုံးများအား ၉ သိန်းထိ တိုးမြင့်လိုက်ကာ ၃၁ သိန်း ဖြစ်သွားစေခဲ့သည့်အတွက် အားလုံး မတတ်နိုင်ကြတော့ပဲ အရှုံးပေးလိုက်ကြရလေတော့၏။
အကယ်၍ ယခုထပ်ပို၍ ဈေးပိုပေးလိုက်မည် ဆိုပါက လွင့်မျောတိမ်တိုက်ဂိုဏ်းအား လူရှေ့သူရှေ့ တွင် စိန်ခေါ်လိုက်သကဲ့သို့ပင် ဖြစ်သွားစေမည် ဆိုတာကိုလည်း အားလုံး သဘောပေါက်မိကြလေသည်။
ပျားအုံကို တုတ်ဖြင့်ထိုးရမည့် အလုပ်မျိုးအား မည်သူမျှ မလုပ်ချင်ကြပေ။
“မူဇီဟိလို အရူးတွေ ဒီကမ္ဘာပေါ်မှာ တကယ်ကို ရှားမယ်လို့ ထင်ထားတာ အခုတော့ . . .”
မန်ဝူဖိန် သက်ပြင်းချရင်း ပြုံးလျက် ပြောလိုက်သည်။
အပြာရောင်မိုးတိမ်ဂိုဏ်းသည် လွင့်မျောတိမ်တိုက်ဂိုဏ်းနှင့် ပြိုင်ဘက်များ ဖြစ်ကြပြီး ယခုကဲ့သို့ ရှောင်မိုယန်မှ နောက်ဆုံးဆေးလုံးအား ရရန် သေချာသလို ဖြစ်သွားသည်ကို တွေ့လိုက်ရသောအခါ ချက်ချင်းပင် လေလံပွဲမှ ထွက်ခွာသွားလေတော့၏။
အကြိတ်အနယ် လေလံပွဲကြီးမှာ ယခုအခါမှာတော့ အဆုံးသတ်ပြီ ဖြစ်သည်။ ထိုအချိန် လူတိုင်းမှ ဖန်ဇီလင်နှင့် ရင်းနှီးမှုယူရန် ကြိုးစားမည်ဟု တွေးလိုက်မိပြီး နှုတ်ဆက်ရန် လှည့်ကြည့်လိုက်သည့် အချိန်မှာပင် ဖန်ဇီလင်မှာ သူ၏ နေရာတွင် ရှိမနေတော့ချေ။
သူသည် အစောကြီးကတည်းက ထွက်ခွာသွားခဲ့ဟန်ရှိပြီး အရိပ်အယောင်ပင် မမြင်ရတော့ပါပေ။
မိုးပြာရောင်ဝတ်မိန်းကလေး ၀မ်ရမ်၊ ၀တ်စုံဖြူဝတ်မိန်းကလေး ချူးအာနှင့် ရှောင်မိုယန်တို့ အားလုံးလည်း အံ့သြသွားကြပါတော့သည်။
“ဒီလူက တခြားလူတွေ အကုန်လုံးကို ဂရုမစိုက်ပဲ နေနိုင်လောက်အောင် အဆင့်အတန်း မြင့်မားတဲ့ လူ ဖြစ်ပါလျက်နဲ့ ဘာလို့ အစောကြီး ပျောက်သွားရတာပါလိမ့် . . . သူ့ကို မြောက်ပင့်ပြီး နှုတ်ဆက်ကြမှာ ကိုတောင် မလိုချင်ဘူးနဲ့တူတယ် . . .”
. . . . . .
ရဲရှောင်သည် မွှေးပျံ့လှသည့် လက်ဖက်ရည်တစ်ခွက်ကို သောက်နေရင်း လေလံခန်းမ၏ အထူး သီးသန့်ခန်းအတွင်း အေးဆေးသက်သာစွာ ထိုင်နေလျက် ရှိသည်။
လေလံပွဲမှာ ပြီးဆုံးသွားပြီဖြစ်ပြီး ယခုအချိန်သည် သူရသင့်ရထိုက်သည့် ပမာဏများကို ရယူရန် အတွက် စောင့်ဆိုင်းနေခြင်းပင် ဖြစ်သည်။
(မူမျိုးနွယ်က ဘာဆက်လုပ်မလဲဆိုတာ ငါသိချင်လိုက်တာ . . .)
ရဲရှောင် စဉ်းစားနေမိသည်။
(သူတို့ပြဿနာနဲ့ သူတို့တောင် ပတ်လည်ရိုက်နေမှာပါ . . .)
(ဘယ်လိုပဲဖြစ်ဖြစ် ဒီမုန်တိုင်းအိမ်တော်က တော်တော် အစွမ်းထက်မဲ့ ပုံပါပဲ)
ရဲရှောင်မျက်မှောင်ကြုတ်၍ တွေးနေမိ၏။
ထိုကဲ့သို့ တွေးနေစဉ်မှာပင် ကွမ်ဝမ်ရှန်တစ်ယောက် စာရင်းကိုင်တစ်ယောက်နှင့်အတူ ၀င်လာ လေ၏။
သူတို့နှစ်ယောက် ရဲရှောင်ကို တွေ့လိုက်ကြသည့်အခါ ခေါင်းနှင့်မြေကြီး ထိလုမတတ် ဦးညွတ် လိုက်ကြလေသည်။
ရဲရှောင်၏ ဖေးယွမ်ဆေး ၁၀ လုံးမှာ လေလံခန်းမအတွက် စုစုပေါင်း ၁၅၃ သိန်းထိ ရရှိ စေနိုင်ခဲ့သည်။
ထိုကဲ့သို့သော ပမာဏမှာ သူတို့အိပ်မက်ပင် မမက်ခဲ့ဖူးသည့် ပမာဏပင် ဖြစ်သည်။
ကောင်းကင်ထိ တိုးထွက်နေသည့် ရွှေတောင်ကြီးကိုပင် ၀ယ်ယူရစေနိုင်မည့် ပမာဏဟုပင် သူတို့ တွေးနေမိလေသည်။
“နောင်ကြီးဖန် . . .”
ကွမ်ဝမ်ရှန် ရဲရှောင်အနားသို့ လျှောက်လာရင်း ခေါ်လိုက်သည်။ ဆက်လက်၍ –
“ငါ့တဘ၀လုံးမှာ ဒီလောက်ထိ တစ်ခါမှ အကျိုးအမြတ် မရခဲ့ဖူးဘူး။ တကယ်ကို အံ့သြစရာ ကောင်းလိုက်တာ သိန်း ၁၅၀ ကျော်တောင် ရတယ်လေ . . .”
ရဲရှောင်မှာမူ ခပ်ဖျော့ဖျော့ ပြုံးလျက်ပင် –
“ဪ ဟုတ်လား . . .”
ထို့နောက် ဆက်လက်၍ –
“တကယ်ပဲ အများကြီး ရတာပေါ့နော် . . .”
ကွမ်ဝမ်ရှန်လည်း လက်များကို ပွတ်သပ်ရင်း –
“ဟုတ်တာပေါ့ . . . ဒီတစ်ခေါက်မှာ ငါတို့က သခင်ကြီးဖန်ရဲ့ ဆေး ၁၀ လုံးကို ရောင်းပေးရတဲ့အတွက် ငါတို့ဘက်က အကျိုးအမြတ်အနေနဲ့ ၂၀ ရာခိုင်နှုန်း ယူပါမယ်။ ဒါပေမဲ့လည်း နောင်ကြီးဖန်အတွက် သိန်း ၁၂၀ ကျန်ပါသေးတယ် . . .”
ရဲရှောင် မပြုံးချင်ပြုံးချင်ဖြင့်ပင် ခေါင်ညိတ်လျက် –
“ဪ သိန်း ၁၂၀ တောင် အများကြီးပေါ့နော် . . .”
ကွမ်ဝမ်ရှန် တစ်ခုခုတော့ မှားနေပြီ ဆိုတာကို သိလိုက်သည်။ ထို့ကြောင့် ချက်ချင်းပင် –
“နောင်ကြီးဖန် . . . မကျေနပ်တာ တစ်ခုခုများ ရှိနေတာလား . . .”
“မရှိဘူး . . . မရှိပါဘူး . . .”
ရဲရှောင် ပြုံးလျက် ပြန်ပြောလိုက်သည်။ ဆက်လက်၍လည်း –
“ကျုပ်လေလံပွဲမှာ ရခဲ့တဲ့ ပစ္စည်းတွေ ပေးစမ်းပါဦး . . . တန်ဖိုးကတော့ ဒီထဲကပဲ ဖြတ်လိုက်ပေါ့”
ကွမ်ဝမ်ရှန်လည်း –
“ရပါတယ် . . . ရပါတယ် . . . ပြောနေစရာမှ မဟုတ်တာ . . .”
ရဲရှောင်အနေဖြင့် လေလံပွဲတွင် ပစ္စည်းအတော်များများကို ရရှိခဲ့သော်လည်း သူရရှိခဲ့သည့် ပစ္စည်း တန်ဖိုးမှာ စုစုပေါင်းမှ ၂၅ သိန်းခွဲလောက်သာ ရှိပါသည်။
သာမန်အခြေအနေတွင်တော့ ထိုပမာဏသည် အလွန်ပင် များပြားလှသည့် ပမာဏဟု ဆိုနိုင်သည်။
သို့သော်လည်း သူရရှိခဲ့သည့် သိန်း ၁၂၀ နှင့် ယှဉ်လိုက်မည်ဆိုပါက စာဖွဲ့လောက်သည့် ပမာဏ မဟုတ်ပါချေ။
ယခုအခါ ကွမ်ဝမ်ရှန်လည်း တစ်ခုခု မှားယွင်းနေပြီ ဆိုတာကို သတိပြုမိသွားလေသည်။
“နောင်ကြီးဖန်ရဲ့ အပြုံးကတစ်မျိုးပဲ။ မဟုတ်ဘူး ဒါ မချိပြုံးပြုံးနေတာ . . .”
ကွမ်ဝမ်ရှန် စိတ်ထဲမှ ရေရွတ်လိုက်မိသည်။
သာမန်လူတစ်ယောက်ဆိုပါက ယခုကဲ့သို့ ငွေကြေးများစွာ ရရှိမည် ဆိုပါက ၀မ်းသာလွန်း၍ ခုန်ပေါက်၍ပင် နေလိမ့်မည် ဖြစ်သည်။ ယခု ရဲရှောင်မှာတော့ မတုန်မလှုပ်ဖြင့် ငူငူငိုင်ငိုင်ကြီး ဖြစ်နေသည် မဟုတ်ပါလား။
ကွမ်ဝမ်ရှန်တစ်ယောက် နားမလည်နိုင်အောင်ပင် ဖြစ်နေလေ၏။
ရဲရှောင်မှာ စိတ်အလိုမကျ ဖြစ်နေသည့် ပုံစံမျိုးဖြင့် ရှိနေလေသည်။ သို့သော်လည်း ထုတ်ဖော် ပြောဆိုခြင်းတော့ မရှိပေ။ သူလုပ်စရာရှိ ရစရာရှိသည့် ကိစ္စများကိုသာ လောပေးလျက် ရှိသည်။ ကွမ်ဝမ်ရှန်မှာလည်း အနေရခက်လျက် ရှိပါသည်။ ထို့ကြောင့် ရဲရှောင်ပြောသည့် အချက်များကို လုပ်ဆောင်ပေးရင်း မည်သည့်အရာများ မှားယွင်းနေသနည်းဟု တွေးတောနေမိလေ၏။
ရဲရှောင်ကတော့ သူ့မျက်နှာတွင် ခပ်ဖျော့ဖျော့ အပြုံးတစ်ခုသာ ပြုံးထားလျက် ရှိလေသည်။ တင်ပျဉ်ခွေထိုင်လျက် စာရင်းကိုင်မှ တွက်ချက်ပေးနေသည်ကို ကြည့်လျက်ရှိသည်။
ပေသီးခေါက်သံမှာ တဒေါက်ဒေါက်ဖြင့် အလွန်ကို ဆူညံလှပေသည်။
ကွမ်ဝမ်ရှန်မှာတော့ စိတ်ထဲ အတွေးများစွာ ယောက်ယတ်ခပ်လျက် ရှိလေသည်။
(ဘယ်အရာကများ ဒီလူကို မကျေမနပ် ဖြစ်နေစေတာပါလိမ့် . . .)
ယခုပြဿနာသည် ပေါ့သေးသေးဟု ယူဆ၍ မရပေ။ ဖန်ဇီလင်သည် သူတို့၏ ငွေတွင်းကြီးလို ဖြစ်နေပြီး အကယ်၍ ဖန်ဇီလင်ကိုသာ စိတ်ကျေနပ်မှု မရှိစေဘူး ဆိုပါက လေလံခန်းမအတွက် ကြီးစွာသော နစ်နာမှုကြီးပင် မဟုတ်ပါလား။
“ရပါပြီ . . . လေလံဆွဲထားတဲ့ ပစ္စည်းတန်ဖိုးတွေ နှုတ်လိုက်ပြီးတဲ့အခါ နောင်ကြီးဖန် အနေနဲ့ ၇၅ သိန်းနဲ့ ၅ သောင်း ရပါမယ် . . .”
စာရင်းကိုင်မှာ ချွေးဒီးဒီးကျအောင် တွက်ချက်ပြီးနောက် ရသည့်အဖြေအား ပြောပြလိုက်သည်။
“အုပ်ချုပ်ရေးပိုင်းကို ပေးရမဲ့ အခွန်ကိုတော့ ကျွန်တော်တို့ဘက်က ပေးမှာပါ။ ဒါကလည်း သခင်ကြီးကွမ်ရဲ့ အစီအစဉ်ပါ . . .”
“မလိုပါဘူး . . . ဒီလောက် ငွေပမာဏ နည်းနည်းလေးလောက်နဲ့ လေလံခန်းမကို ဒုက္ခ မပေးချင် တော့ပါဘူး . . .”
ရဲရှောင် ခပ်ရွဲ့ရွဲ့လေး ပြောလိုက်လေသည်။
“ငါ့မှာ ငွေစတွေ အများကြီး ရှိနေတာပဲ။ နောက်ပြီး ဆေးလုံးတွေကလည်း ငါ့အတွက် အသုံးဝင် တော့တဲ့ ပစ္စည်းတွေ မဟုတ်တဲ့အတွက် ထုတ်ရောင်းခဲ့တာပေါ့။ အဲဒါကြောင့် အခွန်ကို မင်းတို့ဘက်က ပေးစရာ မလိုပါဘူး။ နောက်ပြီး မင်းတို့ကလည်း ဒီလောက် ကြိုးစားပမ်းစား လုပ်တာတောင် ရတာက နည်းနည်းလေးမလား . . .”
“ဆေးလုံးတွေ . . .”
ကွမ်ဝမ်ရှန် ခေါင်းထဲ လတ်ခနဲ ဖြစ်သွားသည်။ နောက်ဆုံးမှာတော့ ဖန်ဇီလင်အား စိတ်မချမ်းမသာ ဖြစ်စေခဲ့သည့် အကြောင်းရင်းအား သူတွေ့ရှိသွားခဲ့လေသည်။
(ငါသိပြီ . . . ဒီလူ စိတ်မချမ်းမသာ ဖြစ်နေရတာက အခု ဆေးလုံး ၁၀ လုံးကို ရောင်းလို့ ရတဲ့ငွေက သိန်း ၁၅၀ ကျော်တောင် ရှိခဲ့တယ်။ တကယ်ကို မြင့်မားတဲ့ ဈေးနှုန်းပဲ။ ဒါပေမဲ့ သူက ငါတို့ခန်းမက ဆေးလုံး ၅ လုံးအတွက် ၅ သိန်းပဲ ရခဲ့တာကိုး . . .
လေလံပွဲကရတဲ့ ဈေးအတိုင်း ပျမ်းမျှ တွက်ကြည့်မယ်ဆိုရင် ဒီဆေးလုံးငါးလုံးကို အနည်းဆုံး ငွေစ ၇၅ သိန်းလောက်နဲ့ ရောင်းလို့ရမှာ အသေအချာပဲ။
ငွေစ ၅ သိန်းနဲ့ ငွေစ ၇၅ သိန်း နှိုင်းယှဉ်ကြည့်မယ်ဆိုရင် တကယ်ကို ကွာခြားတဲ့ ပမာဏပဲပေါ့။
ဒီလို ဆုံးရှုံးမှုကို သူသူကိုယ်ကိုယ် ဘယ်ကျေနပ်နိုင်ပါ့မလဲလေ သူအခုလို မကျေမနပ် ဖြစ်နေတာ လည်း အပစ်ဆိုဖွယ်တော့ မရှိပါဘူး . . .)
သို့သော်လည်း ပြဿနာမှာ ဆေးလုံး ၅ လုံးအား ရောင်းချခဲ့ကြခြင်းမှာ သဘောတူညီမှုအရ ဖြစ်ပြီး ပြီးခဲ့သောကိစ္စတစ်ခုလည်း ဖြစ်သည်။ ဒါ့အပြင် စီးပွားရေးက စီးပွားရေးပင် မဟုတ်ပါလား။ ရဲရှောင်အနေဖြင့် ဘာမှပြောနိုင်မည် မဟုတ်တော့ပေ။ ထို့ကြောင့် ခပ်မဆိတ်သာ နေခြင်း ဖြစ်လေ၏။
သို့သော်လည်း ထိုကဲ့သို့ ဆိတ်ဆိတ်နေခြင်းသည် ရှောင်ဧကရာဇ်အဖို့ ငွေစ သိန်း ၇၀ ဆုံးရှုံးရမှု အပေါ် ကျေနပ်နေ၍တော့ မဟုတ်ပါချေ။။
လင်းပါအို လေလံခန်းမသည် လေလံဆွဲပေးရသည့် တာဝန်ကို ယူထားရခြင်းဖြစ်ပြီး သူတို့အနေဖြင့် ပစ္စည်းပိုင်ရှင်ထံမှ ၂၀ ရာခိုင်နှုန်းကို ၀န်ဆောင်ခအဖြစ် ကောက်ခံယူလေ့ ရှိကြလေသည်။ ထို့ကြောင့်ပင် ရဲရှောင်၏ ဆေးလုံး ၁၀ လုံးအတွက် ငွေစ သိန်း ၃၀ ၀န်ဆောင်ခ ရရှိခဲ့ခြင်း ဖြစ်လေ၏။
“ခဏလေး စောင့်ပါဦး . . .”
ကွမ်ဝမ်ရှန် ဖြစ်နေသည့် ပြဿနာအပေါ် နားလည်သွားသော်လည်း ယခုပြဿနာအား ဖြေရှင်း နိုင်သည့် အခွင့်အာဏာ သူ့ထံတွင် ရှိမနေချေ။
သူယခု နားလည်မိသည့် အချက်မှာ သူ့အနေဖြင့် ဖန်ဇီလင်အား စိတ်ကျေနပ်မှု မရှိစေလိုက်ဘူး ဆိုပါက ဖန်ဇီလင်အနေဖြင့် ဘာမှ ထုတ်ဖော်မပြောဘူး ဆိုတာကို သူသိနေသည်။ ထိုကဲ့သို့ ထုတ်ဖော် မပြောပေမဲ့ နောက်အခါများလည်း လင်းပါအို လေလံခန်းမသို့ ဘယ်တော့မှ မလာရောက်နိုင်တော့ ဆိုတာကိုပါ သူတွေးနေမိလေ၏။
သူ့အနေဖြင့် ယခုအခေါက်တွင် ငွေစများစွာ ရရှိခဲ့သည်မှာ မှန်သော်လည်း စိတ်ကျေနပ်မှု မရှိသည့် နေရာသို့ နောက်တစ်ခါ လာဖို့ဆိုတာ မဖြစ်နိုင်လောက်တော့ပေ။
အချိန်များဟာ လျင်မြန်စွာ ကုန်ဆုံးနေပြီး ရဲရှောင်မှာမူ ကွမ်ဝမ်ရှန်ကိုစောင့်ရင်း လက်ဖက်ရည် ၂ အိုးပင် ကုန်ဆုံးသွားပြီ ဖြစ်၏။ ထိုအချိန်မှာပဲ ကွမ်ဝမ်ရှန်တစ်ယောက် နဖူးမှ ချွေးများကို သုတ်လိုက်ရင်း ရဲရှောင်ထံ ပြန်ရောက်ရှိလာလေ၏။ ထို့နောက် တစ်ချက် ပြုံးလိုက်ပြီး –
“မြင်တဲ့အတိုင်းပဲ နောင်ကြီးဖန်ရေ ငါ့သဘောတစ်ခုတည်းနဲ့လည်း ပြီးတာ မဟုတ်တဲ့အတွက် ငါတို့ သူဌေးရဲ့ ညွှန်ကြားချက်ကို သွားနားထောင်ရသေးတယ်လေ . . .”
ရဲရှောင်မှ ခပ်အေးအေးပင် –
“သြော် ဟုတ်လား . . . ဘာညွှန်ကြားချက်လဲ . . .”
“အင်း . . . ငါတို့က ဟိုနေ့က နောင်ကြီးဖန်ဆီကနေ ဆေးလုံး ၅ လုံးကို အလွန်သက်သာတဲ့ဈေးနဲ့ ၀ယ်ယူခဲ့ကြတယ်။ အဲဒီအခြေအနေက နောင်ကြီးဖန်အပေါ် အမြတ်ထုတ်လိုက်သလို ဖြစ်သွားခဲ့တယ်လေ။ နောင်ကြီးဖန်က ကြင်နာတတ်ပြီး လူကြီးလူကောင်းဆန်တဲ့ လူတစ်ယောက် ဖြစ်တဲ့အတွက် ဒီကိစ္စကို ဘာမှ ထုတ်မပြောခဲ့ဘူး။ ဒါပေမဲ့လည်း ငါတို့ဘက်ကတော့ အနေရထိုင်ရ ခက်စေပါတယ် . . .”
ကွမ်ဝမ်ရှန်လည်း ရဲရှောင်၏ မျက်နှာရိပ်မျက်နှာကဲကို ကြည့်ရင်း ပြောလိုက်သည်။
“အင်း . . .”
ရဲရှောင် ခပ်လေးလေးပင် ပြန်ပြောလိုက်သည်။
“ဒီလိုလုပ်လိုက်ပါလား . . . နောင်ကြီးဖန် လေလံပွဲမှာ အနိုင်ရရှိထားတဲ့ ပစ္စည်းတွေကို ငါတို့ဘက်က လက်ဆောင်အနေနဲ့ ပေးလိုက်မယ်။ ဒီပစ္စည်းတွေအတွက် တစ်ပြားမှ မယူတော့ပါဘူး။ ဒါတွေက ဘာမှမဟုတ်တဲ့ အရာလေးတွေပါ။ အဲဒီတော့ မငြင်းပါနဲ့တော့နော် . . .”
ကွမ်ဝမ်ရှန် ပြောလိုက်သည်။
ရဲရှောင် စိတ်ထဲမှ –
(ဒီလိုတော့လည်း မဆိုးပါဘူး . . . မင်းတို့က ငါ့ကို သိန်း ၃၀ လောက် တန်ဖိုးရှိတဲ့ ပစ္စည်းတွေကို ပေးတာတောင် ဘာမှ မဟုတ်တဲ့ လက်ဆောင်လေးလို့ ပြောတယ်ပေါ့လေ။ နောက်ပြီး မငြင်းဖို့ပါ တစ်ခါ တည်း ပြောနေသေးတယ်။ တော်တော်လည်း တတ်နိုင်တဲ့လူတွေ . . .)
“အင်း ဟုတ်ပါပြီ။ သိပ်တော့ သင့်တော်မှန်ကန်တဲ့ နည်းမဟုတ်ဘူးပေါ့။ ဒါက ပြီးခဲ့တဲ့ ကိစ္စလည်း ဖြစ်နေတယ်လေ။ ကျုပ်ကတော့ ခင်ဗျားတို့ တောင်းဆိုမှုကို ငြင်းသင့်တယ်လို့ ခံစားနေရတယ် ဟား ဟား ဟား . . .”
သူ၏ မျက်နှာတွင် စိတ်ကျေနပ်သည့် အမူအယာ ပေါ်သွားသော်လည်း နှုတ်မှမူ အနည်းငယ် တုံ့ဆိုင်းသည့် လေသံမျိုးဖြင့် ပြောလိုက်ပါတော့သည် . . .။

Comment

Leave a Reply

Options

not work with dark mode
Reset