Switch Mode

Chapter – 356

အခန်း (၃၅၆) လွီပု
ဟန်ကျွယ်ဟာ စာအိတ်တွေကို ဖတ်ပြီးတဲ့နောက် တအံတဩ ဖြစ်သွားရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဟန်ကျွယ်ရဲ့ မိတ်ဆွေအများစုက ကျင့်ကြံမှုတွေ ထိုးတက်လာတာကို လူမှုဆက်ဆံရေးကနေ တွေ့လိုက်ရလို့ပါပဲ။ ဒီအထဲမှာ ကောင်းကင်ရုံးတော်က အင်မော်တယ်တွေလည်း ပါပါတယ်။
‘ကောင်းကင်ရုံးတော်က ကပ်ဘေးတွေ အကြိမ်ကြိမ် ရင်ဆိုင်ခဲ့ရတယ် မဟုတ်လား၊ ဘယ်လိုလုပ်ပြီး ကျင့်ကြံမှုတွေ ဒီလောက် ထိုးတက်ကုန်တာလဲ၊ မဟုတ်မှလွဲရော အရည်အချင်းမရှိတဲ့သူတွေ သေကုန်ကြလို့လား’
ဟန်ကျွယ်ဟာ လူမှုဆက်ဆံရေးထဲက သူ့မိတ်ဆွေ အင်မော်တယ်တွေကို ကရုဏာသက်တဲ့ မျက်လုံးနဲ့ ကြည့်လိုက်ပါတယ် ‘ဒီလူတွေလည်း နယ်ရုပ် ဖြစ်လာအုန်းမှာပဲ’
တစ်လကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ ဆက်လက်ကျင့်ကြံ အားထုတ်ပါတယ်။
အပြင်ဘက်မှာရှိတဲ့ အကုသိုလ်ကံဟာ တိတ်ဆိတ်ကျွန်းမှာ စုစည်းလာပြီး ကြီးမားတဲ့ ဝဲကတော့တစ်ခု ဖြစ်ပေါ်လာပါတယ်။
ပြောစရာရှိတာဆိုလို့ တိတ်ဆိတ်ကျွန်းရဲ့ အတွင်းအာကာသက ပိုပိုကျယ်ဝန်းလာတာပါ။ အခုဆိုရင် တိတ်ဆိတ်ကျွန်းထဲမှာ သမုဒ္ဒရာတောင် ရှိနေပါပြီ။ ဒီသမုဒ္ဒရာက ငရဲပြည်မှာတုန်းက စုပ်ယူခဲ့တဲ့ နွေဦးရေစင်တွေ စုစည်းပြီး ဖြစ်ပေါ်လာတာပါ။ နောက်ပြီး ဒီသမုဒ္ဒရာရဲ့ အရွယ်အစားက ထုန်ကျန့်ကမ္ဘာထက်တောင် ကြီးမားပါသေးတယ်။
တိတ်ဆိတ်ကျွန်းရဲ့ တပည့်တွေဟာ သူတို့ရဲ့ ဆန်းကြယ်စွမ်းအား အသီးသီးကို နွေဦးသမုဒ္ဒရာထက်မှာ မကြာခဏခ စမ်းသပ်လေ့ရှိကြပါတယ်။ ဖူစန်းသစ်ပင်ကလည်း ပေပေါင်းတစ်သောင်းကျော်ထိ ကြီးထွားလာပြီး တကယ့် နတ်သစ်ပင် ဖြစ်လာပါတယ်။
ပြောရမယ်ဆိုရင် အခုလက်ရှိ တာအိုစက်ကွင်းက ကိုယ်ပိုင်ကမ္ဘာတစ်ခုလိုပါပဲ။ ခြောက်ကပ်နေတဲ့ ကျွန်းမြေမှာတောင် ပန်းပင်တွေ စတင်ပေါက်ရောက်လာတဲ့အတွက် အံဖွယ်ဖြစ်ရပ်လို့ ပြောလို့ရပါတယ်။
ကြည့်ရတာတော့ ဟန်ကျွယ် စွမ်းအားကြီးလာတာနဲ့အမျှ တာအိုစက်ကွင်းကလည်း ကောင်းကင်ဘုံ ၃၃ ဘုံလိုမျိုး ပြင်ညီတစ်ခု ဖြစ်တည်လာနိုင်ပါတယ်။
မျက်တောင်တစ်ခတ်အတွင်း နောက်ထပ် ဆယ်နှစ် ကုန်ဆုံးသွားပါတယ်။
ဟန်ကျွယ်ရဲ့ ကျင့်ကြံမှုကလည်း ထပ်တိုးတက်သွားပါတယ်။ ဒါပေမဲ့ နတ်မင်းအဆင့်က ကျယ်ပြန့်လွန်းတဲ့အတွက် အဆင့်တက်ဖို့ဆိုရင် ဟန်ကျွယ်လို ကျင့်ကြံမှုအလျင် မြန်ဆန်တဲ့လူတောင် အချိန်အတော်ကြာအောင် ကျင့်ကြံရအုန်းမှာပါ။
ဟန်ကျွယ်မှာလည်း ရည်မှန်းချက် ကြီးကြီးမားမား မရှိပါဘူး။ နှစ်တစ်ထောင်အတွင်း ဒုတိယအဆင့်ကို ရောက်ချင်ရုံပါ။ ဒီလိုဆိုရင် ဟန်ကျွယ်မှာ ကောင်းကင်ဘဝဂ်အဆင့်ကို နှစ်တစ်သောင်းအတွင်း ရောက်ရှိဖို့ မျှော်လင့်ချက် ရှိသွားပါပြီ။ အဲဒီအချိန်မှာ အနန္တကပ်ဘေးက ပြီးချင်မှ ပြီးအုန်းမှာပါ။
“တာအိုရောင်းရင်း… ကျုပ်တို့တွေ စကားပြောလို့ရမလား” တိတ်ဆိတ်ကျွန်းကို လွှမ်းမိုးသွားတဲ့ အေးစက်တဲ့အသံကြောင့် အားလုံးနီးပါး ထိတ်လန့်သွားကြပါတယ်။
ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်ပြီး တိတ်ဆိတ်ကျွန်းပတ်လည်က ရန်သူတွေကို စစ်ဆေးလိုက်ပေမဲ့ ရန်သူတစ်ယောက်မှ မတွေ့ရပါဘူး။
‘ဒါ… ဖြစ်နိုင်တာက…’
ဟန်ကျွယ်ဟာ တစ်စုံတစ်ခုကို တွေးမိသွားပြီး ချက်ချင်း မတ်တတ်ရပ်လိုက်ပါတယ်။
“သခင်… အဲဒီအသံက သခင်ကို ခေါ်နေတာလား” ဝူတောက်ကျန့်က စပ်စုလိုက်ပါတယ်။ တစ်ဖက်လူက ဟန်ကျွယ်ကို တရင်းတနှီး ဆက်ဆံတဲ့အတွက် ဝူတောက်ကျန့်ဟာ ကြောက်လန့်ခြင်း မရှိပါဘူး။
ဟန်ကျွယ်ဟာ တစ်ခဏ တုံ့ဆိုင်းသွားပြီးနောက် ဝူတောက်ကျန့်ကို ပြောလိုက်ပါတယ် “တခြားသူတွေကို အေးအေးဆေးဆေး ဆက်ကျင့်ကြံဖို့ ပြောလိုက်”
အဲဒီနောက် ဟန်ကျွယ်ဟာ မျက်စိမှိတ်လိုက်ပြီး အသံလာရာဆီ နတ်အာရုံကို စေလွှတ်လိုက်ပါတယ်။ မကြာခင်မှာပဲ ဟန်ကျွယ်ရဲ့ နတ်အာရုံဟာ လောကဦးယွမ်ဖီးနစ်ဆီ ရောက်သွားပါတယ်။ အမှောင်ထုထဲမှာ လောကဦးယွမ်ဖီးနစ်က မကောင်းမှုအားလုံးရဲ့ ရင်းမြစ်လို ကြောက်မက်ဖွယ် ကောင်းလှပါတယ်။
ဟန်ကျွယ်က မေးလိုက်ပါတယ် “ဘာကိစ္စလဲ”
လောကဦးယွမ်ဖီးနစ်ဆီက အသံထွက်ပေါ်လာပါတယ် “တာအိုရောင်းရင်းက အကုသိုလ်ကံကို စုပ်ယူနိုင်တယ်ဆိုတော့ တကယ်ကို အထင်ကြီးဖို့ ကောင်းပါပေတယ်”
“တာအိုရောင်းရင်းက ကျုပ်ရဲ့ အကူအညီကို လိုတာလား”
“ဟုတ်တယ်”
“ဒါဆို ကျုပ်က ဘာရမှာလဲ၊ တာအိုရောင်းရင်းက လွတ်သွားပြီးတော့မှ ကျုပ်ကို ပြဿနာရှာရင် ဘယ်လိုလုပ်မလဲ”
“ငါတို့ကြားမှာ ဘာရန်ငြိုးရန်စမှာလည်း မရှိဘူး၊ ဘာကိစ္စနဲ့ ကျုပ်က တာအိုရောင်းရင်းကို ပြဿနာရှာရမှာလဲ၊ တာအိုရောင်းရင်းသာ ကျုပ်ကို ကယ်တင်ပေးမယ်ဆိုရင် ကျုပ်က တာအိုရောင်းရင်းအပေါ် အသက်တစ်ချောင်း အကြွေးတင်သွားပြီ၊ အနာဂတ်မှာ တာအိုရောင်းရင်း အန္တရာယ်ကြုံရင် ကျုပ် ကျိန်းသေပေါက် ကူညီမှာပါ”
“ကောင်းပြီလေ၊ ဒါပေမဲ့ အခုလောလောဆယ် ကျုပ်က ဆန်းကြယ်စွမ်းအား လေ့ကျင့်နေတာဆိုတော့ တာအိုရေင်းရင်းကို လာမကူညီနိုင်သေးဘူး၊ အချိန်နည်းနည်းစောင့်အုန်း”
“ဘယ်လောက် စောင့်ရမှာလဲ”
“နှစ်တစ်သိန်းလောက်ပါပဲ”
“ရတယ်” ရှေးဟောင်း ယွမ်ဖီးနစ်ဟာ ကျေနပ်အားရသွားပါတယ်။
ဟန်ကျွယ်ကတော့ ဆွံအသွားပါတယ် ‘ကြည့်ရတာ ဒီဖီးနစ်က အချုပ်ခံထားရတာ အတော်ကြာပြီထင်တယ်၊ နှစ်တစ်သိန်းကို ဘာမဟုတ်တဲ့ အချိန်လေးလိုပဲ’
ဟန်ကျွယ်က လေးလေးနက်နက် ပြောလိုက်ပါတယ် “ဒါဆို ကိစ္စပြီးပြီ၊ ကျူပ်ကိစ္စပြီးတာနဲ့ တာအိုရောင်းရင်းဆီ လာခဲ့မယ်၊ ဒီကြားထဲတော့ စိတ်ရှည်လက်ရှည် စောင့်ပါ”
[လောကဦးယွမ်ဖီးနစ်သည် သင့်အား မျက်နှာသာပေးမှု ရှိလာပါပြီ။ လက်ရှိ မျက်နှာသာပေးမှု: ကြယ်သုံးပွင့်။]
“ကျေးဇူးပါပဲ တာအို‌ရောင်းရင်း”
လောကဦးယွမ်ဖီးနစ်ရဲ့ ကျေးဇူးတင်စကားကို ကြားလိုက်ရတဲ့ ဟန်ကျွယ်ဟာ ဘာမှ ပြန်မပြောတော့ဘဲ နတ်အာရုံကို ပြန်သိမ်းလိုက်ပါတယ်။
ကျင့်ကြံခြင်းလိုဏ်ဂူထဲမှာ ဝူတောက်ကျန့် ရှိမနေတော့ပါဘူး။ ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်ပြီး သေချာ စဉ်းစားလိုက်ပါတယ်။
‘လောကဦးယွမ်ဖီးနစ်က တာအိုစက်ကွင်းကို ရှာတွေ့သွားပြီဆိုပေမဲ့ ဒီကောင်က လောလောဆယ်မှာ လှုပ်ရှားလို့ မရသေးဘူး၊ ဒီတော့ ငါ ဒီကောင်ကို လောလောဆယ်မှာ လျစ်လျူရှုထားတာ အကောင်းဆုံးပဲ’
ဟန်ကျွယ်ဟာ ကျင့်ကြံခြင်းလိုဏ်ဂူကို သီးခြားခွဲထုတ်လိုက်ပြီး ဝူတောက်ကျန့်ကို ပြန်လာမခံပါဘူး။ ပြီးတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို ထုတ်ယူပြီး ရန်သူတွေကို ကျိန်စာတိုက်ရင်းနဲ့ စာအိတ်တွေကို စစ်ဆေးလိုက်ပါတယ်။
ကောင်းကင်ရုံးတော်၊ နတ်ဆိုးရုံးတော်နဲ့ ကျယ်ကျောင်းတော်ရဲ့ စစ်ပွဲက စတင်ခဲ့ပြီ ဖြစ်တာကြောင့် ဟွမ်ဇွမ်တျန်တောင် နတ်ဆိုးတွေ တိုက်ခိုက်တာကို ခံနေရပါတယ်။
ဟန်ကျွယ်ဟာ ဒီအခွင့်အရေးကို အသုံးချပြီး နတ်ဆိုးဧကရာဇ်ကို သတ်ရင်းကောင်းမလား တွေးလိုက်ပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ဟာ နတ်ဆိုးရုံးတော် ပျက်စီးသွားရင် ကောင်းကင်ရုံးတော်က လူတိုင်းရဲ့ ပစ်မှတ် ဖြစ်လာမှာကိုလည်း စိုးရိမ်နေပါသေးတယ်။
ကောင်းကင်ရုံးတော်သာ အင်အားစုအသီးသီးရဲ့ တိုက်ခိုက်မှုကို ခံရရင် အခြေအနေ လုံးဝကောင်းမှာ မဟုတ်ပါဘူး။ ဟန်ကျွယ်ဟာ ကောင်းကင်ရုံးတော်က အနန္တကပ်ဘေးမှာ အနိုင်ရဖို့ မျှော်လင့်မထားပါဘူး။ အနန္တကပ်ဘေးမှာ ကောင်းကင်ရုံးတော် ရှင်သန်ကျန်ရစ်ရင်ပဲ တော်ပါပြီ။
ဟန်ကျွယ်ဟာ နတ်ဆိုးဧကရာဇ်ကို သတ်ပစ်ဖို့အတွက် အချိန် နည်းနည်း ထပ်စောင့်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဟန်ကျွယ်ရဲ့ စိတ်ထဲမှာ ဇုထူက နတ်ဆိုးဧကရာဇ်ထက် ပိုပြီးတော့ အနန္တရာယ်များပါတယ်။
[တာအိုစက်ကွင်း အစောင့်အား အောင်မြင်စွာ ပွားယူပြီးပါပြီ။ ကျေးဇူးပြု၍ နာမည်မှည့်ပါ။]
ဟန်ကျွယ်ဟာ သူ့မြင်ကွင်းထဲမှာ ရုတ်တရက် ပေါ်လာတဲ့ အသိပေးချက်ကြောင့် မျက်ခုံးပင့်တက်သွားပါတယ် ‘နောက်ဆုံးတော့ ရောက်လာပြီပဲ’
ဟန်ကျွယ်ဟာ ချက်ချင်းပဲ နာမည်ပေးလိုက်ပါတယ် “လွီပု”
ချက်ချင်းဆိုသလိုပဲ ဟန်ကျွယ်ရဲ့ မျက်လုံးကနေ တောက်ပတဲ့ ခရမ်းရောင်ခြည်တန်းတစ်ခု ထွက်ပေါ်လာပြီး ဟန်ကျွယ်ရှေ့မှာ စုစည်းကာ ဇုထူနဲ့ တစ်ပုံစံတည်းတူတဲ့ ရုပ်သွင်တစ်ခု ဖြစ်ပေါ်လာပါတယ်။
လွီပုဟာ ဒူးတစ်ဖက်ထောက်ပြီး လက်သီးဆုပ်လိုက်ပါတယ် “တာအိုအရှင်သခင်ကို ဂါရဝပြုပါတယ်”
‘တာအိုအရှင်သခင်…’
“အင်း… အပြင်မှာ နေစရာတစ်ခုရှာပြီး နေချည်” ဟန်ကျွယ်က ညွှန်ကြားလိုက်ပါတယ်။
ဟန်ကျွယ်ဟာ စနစ်ဆီကနေ တာအိုစက်ကွင်း အစောင့်တွေက အသိဉာဏ်မရှိတဲ့ အရုပ်တွေလို သိထားပါတယ်။ ဒီတာအိုစက်ကွင်း အစောင့်တွေက တာအိုစက်ကွင်းကို ကာကွယ်ဖို့နဲ့ ဟန်ကျွယ်စကားကို နားထောင်ဖို့ပဲ သိပါတယ်။ ကျန်တာ ဘာမှမသိပါဘူး။
ဒါကြောင့် လွီပုဟာ ဟန်ကျွယ်ရဲ့ အမိန့်အတိုင်း ချက်ချင်း မတ်တတ်ရပ်ပြီး အပြင်ထွက်သွားပါတယ်။ ကျင့်ကြံခြင်းလိုဏ်ဂူ အပြင်ဘက်ကို ရောက်တဲ့အခါမှာတော့ တိတ်ဆိတ်ဂိုဏ်းတပည့်တွေက လွီပုကို ဝိုင်းကြည့်ကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လွီပုရဲ့ ရောင်ဝါက တော်တော်လေးကို ကြောက်ဖို့ကောင်းလို့ပါ။
“ဒီလူက ဘယ်သူလဲ” ငရဲနက်နတ်ဆိုးသခင်ဟာ မျက်မှောင်ကြုတ်သွားပြီး တစ်နေရာရာမှာ မြင်ဖူးတယ်လို့ ခံစားလိုက်ရပါတယ်။
စန့်ရှီဟာ လွီပုကိုကြည့်ပြီး မျက်လုံးပြူးသွားပါတယ် “ရှန်နန်းတော်က ဇုထူ… ဒါ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ…”
တခြားသူတွေကတော့ အံအားသင့်သွားပါတယ် ‘ဇုထူက ဘယ်သူလဲ’
လွီပုဟာ ဘယ်သူ့ကိုမှ ဂရုမစိုက်ဘဲ နွေဦးသမုဒ္ဒရာထဲ ခုန်ဆင်းလိုက်ပါတယ်။
ဒီအချိန်မှာပဲ ကျင့်ကြံခြင်းလိုဏ်ဂူထဲကနေ ဟန်ကျွယ်ရဲ့အသံ ထွက်ပေါ်လာပါတယ် “သူ့နာမည်က လွီပုပဲ၊ အခုအချိန်ကစပြီး သူက တာအိုစက်ကွင်းကို စောင့်ကြပ်လိမ့်မယ်၊ မင်းတို့တွေ သူ့ကို မနှောင့်ယှက်ကြနဲ့၊ သူလည်း ကျင့်ကြံဖို့လိုတယ်”
ဟန်ကျွယ်ဟာ သူ့တပည့်တွေက လွီပုနဲ့စကားပြောပြီး လွီပုရဲ့နောက်ခံကို ရှာတွေ့သွားမှာ စိုးရိမ်တဲ့အတွက် အခုလိုညွှန်ကြားလိုက်တာပါ။
ဟန်ကျွယ်ရဲ့စကားကြောင့် တိတ်ဆိတ်ဂိုဏ်းတပည့်တွေဟာ ရုတ်ရုတ်သဲသဲ ဖြစ်သွားပြီး အရင်တစ်ခေါက်တုန်းက ကြားခဲ့ရတဲ့အသံကို ပြန်တွေးမိသွားပါတယ်။
‘အဲဒီလူက ဆရာဘိုးဘိုးကို ဂါရဝလာပြုတာလား… ဒါ ဖြစ်နိုင်တယ်’ တိတ်ဆိတ်ဂိုဏ်း တပည့်တွေဟာ အတူထိုင်ပြီး ဆွေးနွေးကြပါတော့တယ်။
လွီပုရှိနေတဲ့အတွက် ဟန်ကျွယ်ဟာ ချက်ချင်းဆိုသလို စိတ်အမောတွေ ပြေလျော့သွားပါတယ်။ အခုအချိန်မှာ ဇုထူကိုယ်တိုင် ရောက်လာရင်တောင် ဟန်ကျွယ်ကို သတ်နိုင်မှာ မဟုတ်တော့ပါဘူး။
ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ်။ လုံးဝလုံခြုံပြီး အင်‌မော်တယ်ချီ ပေါကြွယ်ဝတဲ့နေရာက ဟန်ကျွယ်လိုချင်တဲ့ နေရာတစ်ခုပဲ မဟုတ်ပါလား။
ရှန်နန်းတော်။
တရားထိုင်နေတဲ့ ဇုထူဟာ ရုတ်တရက် မျက်လုံးဖွင့်လိုက်ပြီး မျက်မှောင်ကြုတ်သွားပါတယ်။ အဲဒီနောက် ဇုထူဟာ လက်ချောင်းတွေနဲ့ တွက်ချက်ကြည့်ပြီး ပိုလို့တောင် မျက်မှောင်ကြုတ်သွားပါတယ် ‘ဘာတွေ ဖြစ်နေတာလဲ၊ ဘာလို့ ငါ စိတ်လေးနေရတာလဲ’
ဇုထူဟာ တွေးလေလေ စိတ်လေးလေလေ ဖြစ်လာပြီး ကိစ္စကြီးတစ်ခုခု ဖြစ်ပျက်တော့မယ်လို့ ခံစားလိုက်ရပါတယ် ‘မဖြစ်ဘူး၊ ငါ ကောင်းကင်ဘုံ ၃၃ ဘုံမြောက်ကို သွားပြီး မေးရမယ်၊ ဒီကပ်ဘေးမှာ ဘာအမှားအယွင်းမှ ဖြစ်လို့ မရဘူး’
ဇုထူဟာ ချက်ချင်း ရှန်နန်းတော်ထဲကနေ အလျင်စလို ထွက်ခွာသွားပါတယ်။
အသက်ရှူကြိမ် လေးငါးကြိမ် အကြာမှာတော့ ဇုထူဟာ ကောင်းကင်ဘုံ ၃၃ ဘုံမြောက်က နွီဝါနန်းတော်ဆီ ရောက်သွားပါတယ်။ ဇုထူဟာ ဒူးထောက်လိုက်ပြီး မုခ်ဝကို မော့ကြည့်ကာ မေးလိုက်ပါတယ် “တာအိုပညာရှိ… ကျွန်တော်မှာ မေးစရာရှိတယ်”
အေးစက်တဲ့အသံတစ်သံဟာ နွီဝါနန်းတော်ထဲကနေ ထွက်ပေါ်လာပါတယ် “အနန္တကပ်ဘေးက စတင်ခဲ့ပြီ၊ မင်းဘာသာပဲ မှီခိုရလိမ့်မယ်”
“အနန္တကပ်ဘေးထက် သာလွန်တဲ့ ကံတရား ရှိလာရင်ရော..”
“မဖြစ်နိုင်တာ”
“တာအိုပညာရှိ… ကျေးဇူးပြုပြီး တွက်ချက်ကြည့်ပေးပါ” ဇုထူဟာ လေးနက်ပြတ်သားစွာ ပြောလိုက်ပါတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။

Comment

Leave a Reply

Options

not work with dark mode
Reset