အခန်း (၃၅၅) ကံတရားမြစ်ထဲ ခုန်ချခြင်း
ခေါင်းမာလှတဲ့ ဟန်မင်ရဲ့ မျက်နှာကိုကြည့်ပြီး ဟန်ကျွယ်ဟာ နည်းနည်း မှင်သက်သွားပါတယ် ‘ဒီကောင်လေးက ငါနဲ့တော့ ဆင်တူသားပဲ၊ ဒါပေမဲ့ ငါ့လောက်တော့ မချောဘူး’
ဟန်ကျွယ်ဟာ ဟန်မင်က တိတ်ဆိတ်ကျွန်းမှာနေဖို့ ရွေးချယ်လိမ့်မယ်လို့ ထင်ထားခဲ့တာပါ။ အခုလိုမျိုး ခေါင်းမာလိမ့်မယ်လို့ ထင်မထားခဲ့ပါဘူး။ ဘာပဲဖြစ်ဖြစ် ဟန်ကျွယ်ဟာ ဟန်မင်ရဲ့ဆန္ဒကို ဖြည့်ဆည်းပေးမှာပါ။
ဟန်ကျွယ်က ပြောလိုက်ပါတယ် “ရတယ်၊ ဒါပေမဲ့ ဒီနှစ်ထဲမှာ ပြန်လည်မွေးဖွားခြင်း စက်ဝန်းက မတည်ငြိမ်ဘူးဆိုတော့ ပြန်မွေးဖွားဖို့ မလွယ်ဘူး၊ အချိန်နည်းနည်း စောင့်အုန်း” စကားအဆုံးမှာပဲ ဟန်ကျွယ်ဟာ ဟန်မင်ရဲ့ဝိညာဉ်ကို အင်္ကျီလက်စထဲ ဆွဲထည့်လိုက်ပါတယ်။
အစကနေ အဆုံးအထိ ဟန်မင်ရဲ့ မျက်နှာသာပေးမှုက လျော့ကျမသွားပါဘူး။ ဒါကိုကြည့်ခြင်းအားဖြင့် ဟန်မင်က ဟန်ကျွယ်ကို မမုန်းဘူးဆိုတာ သိနိုင်ပါတယ်။ ဒီအကြောင်းကြောင့်လည်း ဟန်ကျွယ်ဟာ ဟန်မင်ကို နည်းနည်း အထင်ကြီးသွားပါတယ်။
ဟန်ကျွယ်ဟာ ဟန်မင်က သူ့ကိုတွယ်ကပ်ပြီး ဝန်ထုပ်ဝန်ပိုး ဖြစ်စေလိမ့်မယ်လို့ ထင်ထားခဲ့တာပါ။ ဒီကြားထဲ ဟန်မင် အကြောင်းအရင်း မရှိဘဲ မျက်နှာသာပေးမှု တိုးလာတဲ့အတွက် ဟန်ကျွယ်ရဲ့ အမြင်ဟာ ပိုလို့တောင် ခိုင်မြဲသွားပါတယ်။
ဒါပေမဲ့ တကယ်တမ်းကျတော့ ဟန်ကျွယ်ဟာ ကိုယ့်ပါး ကိုယ်ပြန်ရိုက်လိုက်သလိုပါပဲ။ အကြောင်းအရင်းတချို့ကြောင့် ဟန်ကျွယ်ဟာ ကျိုးဖန်ကို တွေးမိသွားပါတယ်။
‘ဒီကောင်စုတ်လေးကလည်း ကျိုးဖန်လိုပဲ ဇာတ်လိုက်တစ်ယောက်လား… ဖြစ်နိုင်တယ်၊ ဒါကြောင့်မို့လည်း စွမ်းအားကြီးတဲ့ အစ်ကိုဆီမှာ အေးအေးဆေးဆေး မနေဘဲ ပြန်မွေးဖွားဖို့ ရွေးချယ်တာ ဖြစ်ရမယ်’
ဟန်ကျွယ်ဟာ ခေါင်းထဲက အတွေးတွေကို ရှင်းထုတ်လိုက်ပြီး ကောင်းကင်တာအိုတိုကင်ကို ထုတ်ယူကာ ကောင်းကင်ဧကရာဇ်နဲ့ ဆက်သွယ်လိုက်ပါတယ်။
“ဘာကိစ္စလဲ” ဒီတစ်ခါမှာတော့ ကောင်းကင်ဧကရာဇ်ဆီက ခပ်မြန်မြန်ပဲ စကားပြန်လာပါတယ်။
“ငရဲပြည်က ဖရိုဖရဲဖြစ်နေပြီ၊ ဒါပေမဲ့ ကျွန်တော် လူတစ်ယောက်ကို ပြန်မွေးဖွားစေချင်တယ်၊ အဲဒါ… ကောင်းကင်ရုံးတော်မှာ နည်းလမ်းရှိလား… မေးကြည့်တာ”
“နည်းလမ်း မရှိတာတော့ မဟုတ်ဘူး၊ ဒါပေမဲ့ အဲဒီလူက ဘယ်သူလဲ”
ဟန်ကျွယ်ဟာ ဖုံးကွယ်ခြင်းမရှိဘဲ သူနဲ့ ဟန်မင်ရဲ့ ဆက်ဆံရေးကို ပြောပြလိုက်ပါတယ်။ ဒီအထဲမှာ လွမ်ဟွေ အင်မော်တယ်ဧကရာဇ်ရဲ့ ကြံစည်မှု အကြောင်းလည်း ပါဝင်ပါတယ်။
ကောင်းကင်ဧကရာဇ်က ချီးကျူးလိုက်ပါတယ် “မင်းက သုံးစားမရတဲ့ ဆွေမျိုးဆက်ဆံရေးကြောင့် ဝန်ထုပ်ဝန်ပိုး ဖြစ်မခံဘူးပဲ၊ ငါ မင်းကို ယုံကြည်ရကျိုးနပ်တယ်”
ကောင်းကင်ဧကရာဇ်ရဲ့ အမြင်မှာ သေမျိုးကမ္ဘာရဲ့ ခံစားချက်တွေက ဘာမှမဟုတ်ပါဘူး။ ဟန်ကျွယ်နဲ့ ဟန်မင်လို ခံစားချက်မရှိတဲ့ ညီအစ်ကိုဆက်ဆံရေးဆို ပိုလို့တောင် ဆိုးပါသေးတယ်။
“ငါ မင်းကို ကူညီမယ်”
“ကျေးဇူးပါပဲ အရှင်မင်းကြီး၊ ဒါပေမဲ့ သူ့ကို မိသားစုကောင်းတစ်ခုမှာ ပြန်မွေးဖွားစေပါ၊ ကျွန်တော် သူ့စရိုက်ကိုတော့ လေးစားတယ်”
“ဟားဟား… မစိုးရိမ်ပါနဲ့၊ ဘာလုပ်ရမလဲ ငါသိပါတယ်၊ တကယ်တော့ မင်းတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကို ဖြတ်တောက်စရာ မလိုပါဘူး၊ မင်း အပုန်းကောင်းမယ်ဆိုရင် ဘာပြဿနာမှ တက်မှာ မဟုတ်ဘူး၊ ကျင့်ကြံတဲ့လမ်းမှာ မိတ်ဆွေရှိလေ ပိုကောင်းလေ မဟုတ်လား၊ တစ်ချိန်ချိန်ကျရင် သူက မင်းကိုတောင် ပြန်ကယ်ကောင်း ပြန်ကယ်နိုင်တယ်”
“အဲဒီလိုနေ့မျိုး ရောက်လာမှာကို ကျွန်တော် မလိုချင်ဘူး၊ အဲဒါက ကျွန်တော်မှာ လုံလောက်တဲ့ အစွမ်းအစ မရှိဘူးဆိုတာကို ပြနေတယ်”
“တော်စမ်းပါ၊ မင်း ငါ့ကို ကယ်ခိုင်းတုန်းက အဲဒီလို ဘာလို့မတွေးတာလဲ”
“အဟွတ်… အဟွတ်”
ဟန်ကျွယ်ဟာ ချောင်းဟန့်လိုက်ပြီး အရှက်မရှိတဲ့မျက်နှာနဲ့ ပြောလိုက်ပါတယ် “အရှင်မင်းကြီး ကျွန်တော့် အသက်ကို ကယ်ထားတဲ့အတွက် ကျွန်တော်ကလည်း ကောင်းကင်ရုံးတော်ကို ပြန်ကယ်ပေးမှာပါ”
ကောင်းကင်ဧကရာဇ်ဟာ နှာခေါင်းရှုံ့လိုက်ပါတယ် “ကောင်းပြီ အဲဒီကောင်လေးရဲ့ ဝိညာဉ်ကို ပို့လိုက်”
“ဒီတိုကင်နဲ့လား…”
“ဟုတ်တယ်၊ မင်းက နတ်မင်းအဆင့်ကို ရောက်နေပြီပဲ၊ မင်းရဲ့ နတ်အာရုံနဲ့ သူ့ဝိညာဉ်ကို ကာကွယ်ပြီး ငါ့ဆီပို့လိုက်၊ ဒီလိုလုပ်တာက သူ့ကို နည်းနည်း မသက်မသာ ဖြစ်စေတယ်ဆိုပေမဲ့ မင်း အင်မော်တယ်ကမ္ဘာကို ကိုယ်တိုင် မလာချင်ဘူးမလား”
“အရှင်းမင်းကြီးရဲ့ သတိပေးမှုအတွက် ကျေးဇူးပါပဲ”
“မင်းက တကယ်ကို မငြင်းဘူးပဲ၊ ကျိန်းသေပေါက် ငါ လူကြည့် မမှားဘူး”
ဟန်ကျွယ်ဟာ ပြုံးလိုက်ပြီး ဟန်မင်ရဲ့ ဝိညာဉ်ကို နတ်အာရုံနဲ့ ရစ်ပတ်ကာ ကောင်းကင်တာအိုတိုကင်ထဲ ပို့လိုက်ပါတယ်။ မကြာခင်မှာပဲ ကြီးမားတဲ့အင်အားတစ်ခုက ဟန်မင်ရဲ့ဝိညာဉ်ကို စုပ်ယူသွားပါတယ်။
ရုတ်တရက်ဆိုသလိုပဲ ဟန်ကျွယ်ဟာ ဘာအကြောင်းကြောင့်မှန်းမသိဘဲ မှိုင်တွေသွားပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ ရွေးချယ်မှုလုပ်တုန်းက ဟန်မင်ရဲ့ အမူအရာကို ပြန်တွေးမိလိုက်ပါတယ် ‘ငါ မှားသွားပြီလား’
‘ဘာမှားရမှာလဲ… ငါ မဟုတ်တာ ဘာမှမလုပ်ထားဘူး၊ ဘယ်သူမှ ငါ့တာအိုနှလုံးသားကို နှောင့်ယှက်လို့မရဘူး’
ဟန်ကျွယ်ရဲ့ မျက်လုံးတွေဟာ ပြတ်သားသွားပြီး ကောင်းကင်ဧကရာဇ်ကို ပြောလိုက်ပါတယ် “အရှင်မင်းကြီး… သူ့ကို အကောင်းဆုံးနည်းလမ်းနဲ့ ပြန်မွေးဖွားစေပါ၊ ထပ်ပြီးတော့ စွန့်ပစ်မခံရရင် အကောင်းဆုံးပဲ”
ဟန်ကျွယ်ဟာ ဟန်မင်ကို ပြိုလဲလုနီးဖြစ်နေတဲ့ အင်အားစုတစ်စုမှ ပြန်မမွေးဖွားစေချင်ပါဘူး။ မွေးတုန်းက ရွှေဇွန်းကိုက်ခဲ့ရပေမဲ့ ကြီးလာမှ တောင်းစားနေရမဲ့အဖြစ်မျိုးကို ဟန်ကျွယ် မမြင်ချင်ပါဘူး။
“ငါ နားလည်ပါတယ်” စကားအဆုံးမှာပဲ ကောင်းကင်ဧကရာဇ်ဟာ နတ်အာရုံကို ဖြတ်တောက်လိုက်ပါတယ်။
အဲဒီနောက် ဟန်ကျွယ်ဟာ မျက်စိတ်မှိတ်ပြီး ဆက်လက်ကျင့်ကြံပါတယ်။ ဒီတစ်ခေါက ကယ်တင်မှုမှာ ဟန်ကျွယ်ဟာ နတ်မင်းအဆင့်ရဲ့စွမ်းအားကို ခံစားလိုက်ရပါတယ်။ အတွေးတစ်ချက်နဲ့ ရန်သူအကုန်လုံး ပြာဖြစ်ကုန်တာက တကယ်ကို ကြီးမားလွန်းတဲ့ စွမ်းအားပါ။
ထွန်းတောက်တဲ့ နဂါးငွေ့တန်းတစ်ခုရဲ့ အောက်မှာ ကောင်းကင်ဧကရာဇ်ဟာ ရှည်လျားတဲ့ ရေခဲလှေကားပေါ်မှာ လျှောက်လှမ်းနေပါတယ်။ ကောင်းကင်ဧကရာဇ်ရဲ့ နောက်မှာတော့ ဝိညာဉ်တစ်ခု ပါလာပါတယ်။ ဒီဝိညာဉ်ကတော့ ဟန်မင်ပါ။
ဟန်မင်ဟာ ဘယ်သွားနေမှန်း မသိတဲ့အတွက် တော်တော်လေး ရင်ထိတ်နေပါတယ်။ ဒါကြောင့် ဟန်မင်ဟာ မနေနိုင်ဘဲ မေးလိုက်ပါတယ် “ကျွန်တော် စီနီယာရဲ့နာမည်ကို သိလို့ရမလား…”
ဟန်မင်ဟာ ကောင်းကင်ဧကရာဇ်ရဲ့ ခန္ဓာကိုယ်ကနေ ဖြာထွက်နေတဲ့ အလွန်အားကောင်းတဲ့ ဖိအားကြောင့် ဂရုတစိုက် မေးလိုက်ပါတယ်။
“ကောင်းကင်ဧကရာဇ်” ကောင်းကင်ဧကရာဇ်ဟာ နောက်လှည့်မကြည့်ဘဲ အဖြေပေးလိုက်ပါတယ်။
ဟန်မင်ဟာ ကြက်သေသေသွားပါတယ် ‘ကောင်းကင်ဧကရာဇ်’ ဟန်မင်ဟာ မျက်လုံး ပြူးသွားပါတယ် ‘ကောင်းကင်ဧကရာဇ်က ငါ ပြန်မွေးဖွားဖို့ ကူညီပေးမှာလား၊ ဟန်ကျွယ်က ကောင်းကင်ဧကရာဇ်နဲ့တောင် ယှဉ်နိုင်နေပြီလား’
ဒီအတွေးကြောင့် ဟန်မင်ဟာ စိတ်ပိုရှုပ်သွားပြီး နည်းနည်းတောင် နောင်တရသွားပါတယ် ‘ငါ ဟန်ကျွယ်ဘေးဖို့နေဖို့ ရွေးချယ်ခဲ့ရင် ကောင်းသား၊ အနည်းဆုံးတော့ အဲဒါက အခွင့်အရေးကြီးတစ်ခုပဲ’
ဒါပေမဲ့ ဟန်မင်ဟာ ဒီအတွေးကို ချက်ချင်းပဲ ငြင်းပယ်လိုက်ပါတယ် ‘သူတောင် စွမ်းအားကြီးပုဂ္ဂိုလ် ဖြစ်နိုင်သေးရင် ငါက ဘာလို့ မဖြစ်နိုင်ရမှာလဲ၊ သူ ငါ့ကို အထင်သေးမှာကို ငါ ခွင့်မပြုနိင်ဘူး’ ဟန်မင်ရဲ့ မျက်လုံးတွေဟာ ပြတ်သားသွားပါတယ် ‘တစ်နေ့မှာ ငါ သူ့လိုမျိုး စွမ်းအားကြီးရမယ်’
ကောင်းကင်ဧကရာဇ်နဲ့ ဟန်မင်ဟာ ရှေ့ဆက်လျှောက်တဲ့အတွက် မကြာခင်မှာပဲ ရေခဲလှေကားရဲ့အဆုံးကို ရောက်သွားပါတယ်။ ရေခဲလှေကားရဲ့ အဆုံးမှာ အလင်းရောင်တွေ တောက်ပနေတဲ့ ကြီးမားတဲ့ရေအိုင်ကြီးတစ်ခု ရှိနေပါတယ်။ ကြယ်ပင်လယ်က ရေမျက်နှာပြင်မှာ ရောင်ပြန်ဟပ်တဲ့အတွက် တလက်လက် တောက်ပပြီး လှပနေပါတယ်။
ကောင်းကင်ဧကရာဇ်ဟာ နောက်လှည့်ပြီး ပြောလိုက်ပါတယ် “ဒါက ကံတရားမြစ်ပဲ၊ ဒီထဲ ခုန်ဆင်းလိုက်ရင် မင်း လူသားအဖြစ် ပြန်မွေးဖွားလိမ့်မယ်”
ဟန်မင်ဟာ ကံတရားမြစ်ကိုကြည့်ပြီး အသက်ပြင်းပြင်း ရှူသွင်းလိုက်ပါတယ်။
ဟန်မင် ခုန်ဆင်းလုဆဲဆဲမှာ ကောင်းကင်ဧကရာဇ်က ရုတ်တရက် ပြောလိုက်ပါတယ် “သာမန် ပြန်မွေးဖွားတဲ့သူတွေက ဒီနေရာကို မလာနိုင်ဘူး၊ ငါ ကိုယ်တိုင်လည်း သူတို့ကို ဒီနေရာ ခေါ်မလာဘူး၊ မင်းမှာ အစ်ကိုကောင်း တစ်ယောက်ရှိနေတာကို ကျေးဇူးတင်ရမယ်၊ သူက မင်းကောင်းဖို့အတွက် လုပ်တာ၊ အတိတ်က ကံတရားတွေကို ဖြတ်တောက်လိုက်ရင် လွမ်ဟွေ အင်မော်တယ်ဧကရာဇ်က မင်းကို ရှာနိုင်တော့မှာ မဟုတ်ဘူး”
ဟန်မင်ဟာ မျက်မှောင်ကြုတ်ပြီး ချီတုံချတုံ ဖြစ်သွားပါတယ်။ ဟန်မင်ဟာ မေးစရာတွေ အများကြီး ရှိပေမဲ့ ဘယ်လိုမေးရမလဲ မသိပါဘူး။ ဟန်မင်ဟာ ငကြောက်လို့ အထင်ခံရမှာကို စိုးရိမ်နေတာပါ။
ကောင်းကင်ဧကရာဇ်က ဆက်ပြောပါတယ် “ငါ မင်းရဲ့ မှတ်ဉာဏ်တွေကို ကာကွယ်ပေးလိုက်မယ်၊ မင်း မိသားစုကောင်းတစ်ခုမှာ ပြန်မွေးဖွားရင် မင်းအစ်ကိုရဲ့ အရိပ်အောက်မှာ နေစရာ မလိုတော့ဘူး၊ မင်းက ပိုပြီးတော့ အင်အားကြီးမားလာနိုင်တဲ့ လူသစ်တစ်ယောက်ပဲ၊ တကယ်တော့ သွေးချင်းစပ်တာက အရေးမကြီးဘူး၊ ခံစားချက်ရှိမယ်ဆိုရင် ပြန်လည်မွေးဖွားခြင်း စက်ဝန်း ပြောင်းလဲသွားရင်တောင် ဆက်သွယ်မှုက တည်ရှိနေအုန်းမှာပဲ”
“အနာဂတ်မှာ မင်းစွမ်းအားကြီးလာရင် မင်းအစ်ကိုကို ကျေးဇူးဆပ်ဖို့ မမေ့နဲ့၊ သူ့ကြောင့်သာ မဟုတ်ရင် ငါမင်းကို ဒီနေရာထိ ကိုယ်တိုင်လိုက်မပို့ဘူး”
ဟန်မင်ဟာ အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး ကောင်းကင်ဧကရာဇ်ကို လေးလေးစားစား ခါးညွတ်ပြီး အရိုအသေပေးလိုက်ပါတယ်။ ပြီးတဲ့အခါမှာတော့ ကံတရားမြစ်ထဲ ခုန်ချလိုက်ပါတယ်။
ကောင်းကင်ဧကရာဇ် လက်ဝှေ့ယမ်းလိုက်တဲ့အခါမှာ ရေအိုင်မျက်နှာပြင်မှာ တောက်ပတဲ့ အလင်းရောင်တစ်ခု ပေါ်လာပါတယ်။ ကောင်းကင်ဧကရာဇ်ဟာ မျက်တောင်ခတ်ပြီး ရေရွတ်လိုက်ပါတယ် “ဒါက ကြည့်ကောင်းမဲ့ပွဲပဲ၊ မင်း ဘာလုပ်နိုင်မလဲဆိုတာကို ငါ ကြည့်ချင်သေးတယ်”
ဆယ်နှစ်ကြာပြီးနောက်။
ဟန်ကျွယ်ဟာ ကျင့်ကြံရာက နိုးလာပြီး ရန်သူတွေကို ကျိန်စာတိုက်ရင်း စာအိတ်တွေကို စစ်ဆေးလိုက်ပါတယ်။
[သင့်မိတ်ဆွေ လီတောက်ခုံးသည် ကျိန်စာတိုက်ခံခဲ့ရ၏။]
[သင့်မိတ်ဆွေ ဟန်မင်သည် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး၏ အကူအညီဖြင့် ကံတရားမြစ်သို့ ဝင်ရောက်ပြီး ကောင်းကင်တာအိုအစွမ်းဖြင့် ပြန်မွေးဖွားကာ ကံတရား အထောက်အပံ့ ပြောင်းလဲသွား၏။]
[သင့်မိတ်ဆွေ ဟွမ်ဇွမ်တျန်သည် ကျယ်ကျောင်းတော် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး၏ လမ်းညွှန်မှုကြောင့် ကျင့်ကြံမှု များစွာ တိုးတက်သွား၏။]
[သင့်မိတ်ဆွေ ကျန်းယီသည် ကျင့်ကြံမှုအတွင်း ကောင်းကင်တာအို၏ အဓိပ္ပာယ်အစစ်ကို သိမြင်နားလည်ပြီး ကျင့်ကြံမှုများစွာ တိုးတက်သွား၏။]
[သင့်မိတ်ဆွေ တာအိုအရှင်သခင်သည် မိစ္ဆာမျိုးနွယ်စု တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၄၂၀၀၆
[သင့်မြေးတပည့် ချူရှီရန်သည် ဘဝဟောင်းမှာ ဆန်းကြယ်စွမ်းအားနှင့် သူ့ဝိညာဉ်၏ နက်ရှိုင်းသော တစ်နေရာ၌ တည်ရှိသည့် အကောင်းစား ရတနာအား နိုးထစေပြီး ကံတရား အထောက်အပံ များစွာ အားကောင်းသွား၏။]
[သင့်မိတ်ဆွေ ဧကရီဟုတ်ထိုသည် လျှို့ဝှက်ဆန်းကြယ် မျိုးနွယ်စုတစ်စုအား ဖန်တီးပြီး ကောင်းကင်တာအို ကုသိုလ်ကံအား ရရှိသွား၏။]
[သင့်မိတ်ဆွေ ဂျိရှင်းရှန်သည် လျှို့ဝှက်ဆန်းကြယ် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး၏ ရွေးချယ်မှုကို ခံရပြီး ကံကြမ္မာ ပြောင်းလဲသွား၏။]
‘အား… ကောင်းကင်တာအိုအစွမ်းနဲ့ ပြန်မွေးဖွားတာလား… ကြည့်ရတာ မရိုးရှင်းဘူးပဲ’
ဟန်ကျွယ်ဟာ ဟန်မင်ရဲ့ရုပ်ပုံက မပြောင်းလဲသေးတဲ့အတွက် မှတ်ဉာဏ်တွေ မပျောက်ဆုံးသေးဘူးဆိုတာ သတိထားမိလိုက်ပါတယ် ‘ကောင်းကင်ဧကရာဇ်က သူ့မှတ်ဉာဏ်ကို တမင်သက်သက် မဖျက်တာလား’
ဟန်ကျွယ်ဟာ စာစောင်တွေကို ဆက်ဖတ်တဲ့အခါ ဒီနှစ်ထဲ ထူးဆန်းတဲ့ အဖြစ်အပျက်တွေ တော်တော်လေး များနေတာကို သတိထားမိလိုက်ပါတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။
Chapter – 355
? Views, Released on December 5, 2024